← Chapters

(extra 13 )

Vol. 13 Ch. 172

(extra 13 )

Vol. 13 Ch. 172

စုန့်လင်းချွမ် S City ကို ပြန်ရောက်ပြီးတဲ့နောက် ဆေးရုံမှာ အားလုံးကိုပြန်စစ်ဆေးခဲ့သေးသည်။ ခွဲစိတ်မှုမှာ အောင်မြင်ခဲ့ပြီး အခြေခံအားဖြင့် ကြီးကြီးမားမား ပြဿနာမရှိကြောင်း ဆရာဝန်က အတည်ပြုပေးခဲ့သည်။ ဒါပေမယ့် ကျိုးနေတဲ့အရိုးက ပြန်ကောင်းဖို့ဆိုရက်တစ်ရာလောက် အချိန်ယူရတာကြောင့် ဆေးရုံမှာတစ်လခွဲလောက်ဆက်နေဖို့ လိုသေးသည်။ ဒီအချိန်မှာ သူ့ရဲ့အလုပ်တွေအားလုံး နားထားရသည်။

အဲဒီနေ့မှာပဲ ကျန်းဟန်က ဆေးရုံကိုရောက်ပြီး စာချုပ်ကိုပေးလာသည်။ အဲ့ဒါက အရင်တုန်းက အတည်ပြုထားပြီးပြီဖြစ်ကာ သူ့လက်မှတ်ပဲလိုတော့တဲ့ တီဗီနဲ့ ရုပ်ရှင်ပူးပေါင်းမှုတစ်ခုဖြစ်သည်။

"ဒါရိုက်တာချန်ရဲ့ ရှေးခေတ်ဒရာမာလား?" စုန့်လင်းချွမ်က သာမာန်ကာလျှံကာ မေးလိုက်သည်။

ကျန်းဟန်လည်း ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်၊ ပြင်ဆင်မှုတွေကတော့ ပြီးခါနီးပြီ၊ ရိုက်ကူးရေးက ဒီနှစ်ရဲ့ ဒုတိယတစ်ဝက်လောက်မှာ သေချာပေါက် စရိုက်လိမ့်မယ်"

စုန့်လင်းချွမ်လည်း ခေါင်းညိတ်ပြပြီး စာချုပ်ကို အကြမ်းဖျင်းကြည့်လိုက်သည်။ ဘာပြဿနာမှမရှိဘူးဆိုတာ သေချာအောင်စစ်ဆေးပြီး လက်မှတ်ထိုးခါနီးမှာဘဲ ကျန်းဟန်က ရုတ်တရက် တစ်ခုခုကို သတိရသွားပုံပေါ်ကာပြောလာသည်။

"အိုး ဟုတ်သား၊ မင်းနဲ့ကျိုးဝေ့က အထက်တန်းတုန်းက ကျောင်းနေဖက်တွေဆိုတာ ငါအရင်က မသိခဲ့ဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ပရိုဂရမ်အဖွဲ့သားတွေ အဲဒီအကြောင်းပြောနေတာကို ငါမကြားခဲ့ရင် သိရမှာတောင်မဟုတ်ဘူး"

ဘောပင်ကိုင်ထားတဲ့ စုန့်လင်းချွမ်ရဲ့လက်က ရပ်သွားသည်။ "ခင်ဗျား တစ်ခါမှမမေးဘူးလေ"

ကျန်းဟန်ဆီကနေ "ဟက်" ဆိုပြီးအသံထွက်လာသည်။ မသိသာဘူးလား? ဘာအရိပ်အယောင်မှမရှိလောက်အောင် အရမ်းအပြစ်ကင်းနေသလိုမျိုး စုန့်လင်းချွမ်ကဘာမှမပြောတော့ သူက ဘယ်လိုမေးရမှာလဲ?

စုန့်လင်းချွမ်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ မေးလိုက်သည်။ "ဘာလဲ၊ တစ်ခုခု ထွက်လာလို့လား?"

ကျန်းဟန်က လက်ကိုအမြန်ယမ်းကာ အလိုအလျောက်ပြန်ဖြေလာသည်။ "မဟုတ်ဘူး၊ အဲဒီလို မဟုတ်ဘူး"

သူပြောပြီးတာနဲ့ ရုတ်တရက် တစ်ခုခုကို သတိထားမိသွားသည်။ စုန့်လင်းချွမ်ကို အံ့အားသလိုကြည့်ရင်း သူပြောလာသည်။ "ခဏနေဦး၊ မင်းဘာကိုပြောချင်တာလဲ? တစ်ခုခု ထွက်လာလို့လားဆိုတာ ဘာကိုပြောချင်တာလဲ? မင်းတို့တွေက ဒီတိုင်းအတန်းဖော်တွေပဲလေ။ သာမန်အတန်းဖော်တွေထက် ပိုတဲ့ဆက်ဆံရေးတွေ ရှိခဲ့လို့လား?"

အစောတုန်းက ပရိုဂရမ်အဖွဲ့သားတွေ ထူးထူးဆန်းဆန်းပြောနေကြတာ အံ့သြစရာမရှိတော့ပေ။ အခုပြန်တွေးကြည့်လိုက်တော့ သူတို့ရဲ့ လေသံနဲ့ စကားအသုံးအနှုန်းတွေက ရှင်းရှင်းလင်းလင်းကို အတင်းအဖျင်းတွေတူးဆွဖို့ကြိုးစားနေတာပဲ။

စုန့်လင်းချွမ် မျက်ခုံးတွေ နည်းနည်းတွန့်ချိုးသွားသည်။ "ဘာ မဟုတ်တာတွေ ပြောနေတာလဲ?"

ကျန်းဟန်ကတော့ စိတ်မအေးသေးပေ။ "တကယ် ဒီတိုင်း အတန်းဖော်တွေပဲလား?"

"ရည်းစားဟောင်းတွေလိုမျိုး တစ်ခုခုရှိသေးရင် ငါ့ကို ပေးသိထားရမယ်နော်။ နောက်ကျ အဲ့ဒီလိုမျိုးတွေထွက်လာပြီး ငါ ကြိုမသိထားရင် PR ကိုဘယ်လို ကိုင်တွယ်ရမလဲသိတော့မှာ မဟုတ်ဘူး"

ရည်းစားဟောင်း?

စုန့်လင်းချွမ် အသက်ပြင်းပြင်းရှူကာ အံကြိတ်ပြီးပြောလိုက်သည်။ "ကျွန်တော် နောက်ဆုံးအကြိမ်ပြောမယ် - ဒီတိုင်း သာမန်အတန်းဖော် ဆက်ဆံရေးပဲ ယုံချင်ယုံမယုံချင်နေ"

သူ့ရဲ့တုံ့ပြန်မှုကိုမြင်တော့ ကျန်းဟန်လည်း လုံးဝစိတ်အေးသွားသည်။

ဒီတိုင်းသာမာန်အတန်းဖော်တွေပဲဆိုတော့ ကောင်းတာပေါ့။

စုန့်လင်းချွမ်ကို သူနားလည်သည်။ ဒီချမ်းသာတဲ့ သခင်ငယ်လေးက လိမ်ညာရတာကို သဘောမကျပေ။ သူ မဟုတ်ဘူးလို့ ပြောရင် သေချာပေါက် မဟုတ်ဘူးပင်။

ဒါပေမယ့် ကျန်းဟန်တစ်ခုခုပြောခါနီးမှာပဲ သူ့ဖုန်းက ရုတ်တရက် မြည်လာသည်။ ခေါ်ဆိုသူ ID ကိုကြည့်လိုက်တော့ အခုလေးတင် စုန့်လင်းချွမ် စာချုပ် ချုပ်လိုက်တဲ့ ဒရာမာရဲ့ထုတ်လုပ်သူဖြစ်သည်။

"အစ်မကျန်းပဲ။ စာချုပ်အကြောင်း မေးဖို့ခေါ်လာတာ ဖြစ်မယ်။ ဒီဖုန်းကိုငါအရင် ကိုင်လိုက်ဦးမယ်"

ပြောပြီးတာနဲ့ ချက်ချင်း သူဖုန်းပြန်ဖြေလိုက်သည်။

"ဟယ်လိုအစ်မကျန်း။ ဟုတ်ကဲ့၊ ဟုတ်ကဲ့ ကျွန်တော်တို့ နောက်ဆုံးအဆင့်ရောက်နေပြီ၊ စာချုပ်ကိုခဏနေကျရင်ပို့ပေးတော့မလို့... ဟင်? ဒုတိယဇာတ်လိုက်မင်းသမီး? ကောင်းပြီ၊ ကိစ္စမရှိပါဘူး၊ ကျွန်တော်လင်းချွမ်ကိုမေးပြီးရင် ပြန်ဆက်ပေးမယ်နော်"

သူနဲ့ပတ်သက်နေကြောင်းကြားလိုက်ရတော့ စုန့်လင်းချွမ် မသိစိတ်ကနေ တစ်ချက်ကြည့်လိုက်သည်။

ကျန်းဟန်ဖုန်းချလိုက်သည် "ထုတ်လုပ်သူက သူတို့အရင်က အတည်ပြုထားတဲ့ ဒုတိယဇာတ်လိုက်မင်းသမီးမှာ ကိစ္စတစ်ခုပေါ်လာလို့တဲ့။ မင်းအကြံပေးချင်တဲ့ သူများရှိလားလို့ မေးခိုင်းတာ"

စုန့်လင်းချွမ် ခဏတန့်သွားသည်။ ဒုတိယ ဇာတ်လိုက်မင်းသမီးလား?

သူ့ကို အကြံပေးဖို့မေးခိုင်းတာလား?

ကျန်းဟန်က ဒီတိုင်းသာမာန်ကာလျှံကာပြောလိုက်တာဖြစ်ပြီး စုန့်လင်းချွမ်ပြန်ဖြေလာလိမ့်မယ်လို့လည်း မထင်ပေ။

တကယ်တော့ ဒီလိုအခြေအနေမျိုးက အရမ်းပုံမှန်ဖြစ်သည်။ စုန့်လင်းချွမ်ရဲ့ လက်ရှိရေပန်းစားမှုကြောင့် သူရုပ်ရှင်သွားရိုက်ရင် ကုမ္ပဏီကိုကူပြီး အသစ်လေးတွေကို ခေါ်သွားပေးလေ့ရှိသည်။

ဒါပေါ့၊ အကြောင်းပြချက်ကတော့ စုန့်လင်းချွမ်ရဲ့ အကျိုးစီးပွားကို မထိခိုက်စေပေ၊ မဟုတ်လို့ရှိရင်ရင် သူ့အေးဂျင့်ဖြစ်သူ ကျန်းဟန်ကိုယ်တိုင်က ပထမဆုံးကန့်ကွက်မှာဖြစ်သည်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စုန့်လင်းချွမ်က ကျန်းဟန်ကို အမြဲယုံကြည်ထားပြီး ဒီအရာတွေကို သူကိုင်တွယ်ဖြေရှင်းဖို့အတွက် လွှဲပေးလေ့ရှိသည်။

ကျန်းဟန် ခဏလောက်စဉ်းစားလိုက်သည်။ ကုမ္ပဏီတွင်သရုပ်ဆောင်နဲ့နာမည်ကောင်းရှိတဲ့ သင့်လျော်တဲ့သူတွေ နည်းနည်းတော့ရှိသည်။ ဘယ်သူ့ကို အကြံပေးရမလဲ စဉ်းစားကြည့်ပါဦးမယ်။

ဘာပဲဖြစ်ဖြစ် ဒီရှေးခေတ်ဒရာမာက ထုတ်လုပ်ရေးအဆင့် S+ဖြစ်သည်။ ဒီအဆင့်က အခွင့်အလမ်းတွေဟာ အထူးသဖြင့် screen time အရမ်းများတဲ့ ဒုတိယခေါင်းဆောင်မင်းသမီးလို နေရာမျိုးအတွက်ဆို အရမ်းရှားသည်။ အောင်မြင်သွားရင် သရုပ်တောင်အနေနဲ့ နာမည်ကြီးသွားနိုင်သည်။

"ဒါဆို ကျိုးဝေ့?" စုန့်လင်းချွမ်က ရုတ်တရက် ပြောလာသည်။

ကျန်းဟန်မှာ ကြောင်သွားရသည်။ "ဘာ?"

ဘာကို ကျိုးဝေ့လဲ?

စုန့်လင်းချွမ်က သူ့ကို ခပ်တည်တည်တစ်ချက်ကြည့်လိုက်သည်။ "ခင်ဗျားပဲ တစ်ယောက်ယောက်ကို အကြံပေးဖို့ပြောတာ မဟုတ်ဘူးလား? ကျိုးဝေ့က တော်တော်သင့်တော်မယ်လို့ထင်တယ်"

ကျန်းဟန် တန့်သွားသည်။ "မင်းနဲ့ ကျိုးဝေ့ ကြားမှာ အတိတ်က ဆက်ဆံရေးတွေ မရှိဘူးဆိုတာ သေချာလား?"

စုန့်လင်းချွမ်က သူ့ကိုစိတ်မရှည်သလို စိုက်ကြည့်လိုက်သည်။

ကျန်းဟန်က နားမလည်သေးပေ။ "ဒါဆို ရင်းနှီးတဲ့ ဆက်ဆံရေး မရှိရင် ဘာလို့ သူ့ကို ဒီလောက်ရက်ရက်ရောရောနဲ့အကြံပေးတာလဲ?"

ပြီးတော့ ဒီလိုအခွင့်အရေးကောင်းကြီးကိုလေ! မင်း ဘာဖြစ်နေတာလဲ!

စုန့်လင်းချွမ်က မျက်ခုံးပင့်ကာ "ဘယ်သူက အဆက်အဆံမရှိဘူး ပြောလို့လဲ? ကျွန်တော်တို့က အတန်းဖော်ဟောင်းတွေလို့ မပြောခဲ့ဘူးလား? အတန်းဖော်ဟောင်းတစ်ယောက်ကို အကြံပြုတာ ဘာပြဿနာရှိလို့လဲ?"

ကျန်းဟန် - "......"

ရင်းနှီးတဲ့ အတန်းဖော်တွေအတွက်တော့ ပြဿနာမရှိပေမယ့် နှစ်ပေါင်းများစွာ အဆက်အသွယ်မရှိခဲ့တဲ့ သူတွေအတွက်ကျတော့ ပြဿနာရှိတယ်လေ!

စုန့်လင်းချွမ်ချောင်းဟန့်လိုက်သည်။ သူ့အကြည့်တွေကို မသိမသာ ရှောင်လိုက်ကာ "ဒီတလော ရှိုးရိုက်ရင်းနဲ့ သူနဲ့ဆုံပြီးစကားပြောဖြစ်ခဲ့သေးတယ်။ သူတော်တော် တော်တယ်လို့ခံစားမိလို့။ အထက်တန်းတုန်းက ရင်းနှီးမှုတွေက အရမ်းတန်ဖိုးရှိတယ်လေ"

ကျန်းဟန်က သူ့ကို သံသယဝင်သလို ကြည့်လာသည်။

ဒါပေမယ့် အထက်တန်းတုန်းက ရင်းနှီးမှုတွေက တကယ် အဖိုးတန်တယ်လို့ ပြောရမှာပဲ။

အဲ့ဒီအချိန်တုန်းက လူတိုင်းက မသိနားမလည်တဲ့ကလေးတွေမဟုတ်တော့ပေမယ့် ဖြူစင်ကြသေးသည်။ သူတို့မှာ အနာဂတ်အတွက် မျှော်လင့်ချက် အိပ်မက်တွေ ရှိသည်။ အဲဒီအရွယ်လူတစ်စုအတွက် ထူးခြားတဲ့လူငယ်ဘဝဖြစ်ခဲ့သည်။

ကျိုးဝေ့ကို တွေ့လိုက်ရတဲ့အခါ အရင်တုန်းက လွမ်းဆွတ်စရာတွေကို အမှတ်ရမိသွားစေတယ်လို့ စုန့်လင်းချွမ်သာ ပြောလာခဲ့ရင် ဒါက သူ့အတန်းဖော်ဟောင်းကို လက်ကမ်းပေးဖို့ အတွေးကိုနှိုးဆွမိသွားတာဆိုရင်တော့ ဖြစ်နိုင်ချေရှိသည်။

စဉ်းစားကြည့်ရင် ကျိုးဝေ့အပေါ် ကျန်းဟန်ရဲ့အထင်အမြင်ကလည်း မဆိုးလှပေ။

သူတို့ဟာ တူညီတဲ့နယ်ပယ်ထဲမှာ ရှိနေကြတာဖြစ်သည်။ အကယ်၍ တစ်ဖက်လူကသာ အမှန်တကယ် ပြဿနာရှာချင်တယ်ဆိုရင် "စုန့်လင်းချွမ်ရဲ့ အတန်းဖော်" ဆိုတဲ့ထွင်လုံးကိုသုံးလိုက်ရုံနဲ့ သတင်းပေါင်းမြောက်များစွာကို ဖန်တီးနိုင်တဲ့အကြောင်း သူနားလည်သည်။

ဒါပေမယ့် နှစ်တွေအတော်ကြာသည့်တိုင်အောင် သူမ ဘာစကားတစ်ခွန်းမှ မပြောခဲ့တာက တော်တော်ကောင်းတဲ့ စရိုက်လက္ခဏာကို ပြသနေတာပင်။

ဒါ့အပြင် ကျိုးဝေ့ရဲ့ သရုပ်ဆောင်ချက်တွေက တကယ် ကောင်းမွန်လှသည်။ သူမကို အကြံပြုရရင် သူမက နောင်ကျ ရိုက်ကူးရေးကို ဆွဲချမယ့်သူမဟုတ်တာ သေချာပေါက်ပင်။

"ကောင်းပြီ ငါ သူတို့ကို နောက်မှဖုန်းပြန်ခေါ်လိုက်မယ်" ကျန်းဟန်က ပြောလိုက်သည်။

စုန့်လင်းချွမ်လည်း ခပ်တိုးတိုး သဘောတူလိုက်သည်။ ပြီးတော့ သူကထပ်ပြောလိုက်သေးသည်။ " ကျိုးဝေ့က ကျွန်တော့်ရဲ့အ‌တန်းဖော်ဆိုတာ သူတို့ကို ပေးသိထားပြီးတော့ သူ့ကိုနည်းနည်းဂရုစိုက်ပေးဖို့ ပြောထားလိုက်ဦး"

ဒါကိုကြားတော့ကျန်းဟန် စက္ကန့်အနည်းငယ်လောက် ကြောင်သွားပြီး ရုတ်တရက် နေမထိထိုင်မသာဖြစ်သွားသည်။ "ဒီလိုလုပ်ချင်တာ သေချာရဲ့လား?"

ပရိုဂရမ်အဖွဲ့က သူတို့ကို ဒုတိယခေါင်းဆောင်မင်းသမီးအတွက် တစ်ယောက်လောက် အကြံပြုဖို့တောင်းဆိုခဲ့တာဖြစ်သည်။ တကယ်တော့ ဒါက သူတို့ကို အသေးအမွှားလေး ကူညီပေးလိုက်ရုံပင်။ သူတို့အကြံပြုထားတဲ့လူကို ရွေးချယ်ခဲ့မယ်ဆိုရင်တောင် နောက်ဆုံးရွေးချယ်မှုမှာ ထုတ်လုပ်ရေးအဖွဲ့ရဲ့လက်ထဲတွင် ရှိနေသေးသည်။

ဒါကို လူတိုင်းနားလည်သည်။

ဒါပေမယ့်စုန့်လင်းချွမ် ပြောတဲ့အတိုင်းလုပ်လိုက်ရင် အဓိပ္ပါယ်က လုံးဝကိုကွဲပြားသွားလိမ့်မည်။

ဒီပုံစံအတိုင်းပြောရမယ်ဆိုရင် အရင်တုန်းကတော့ ကျိုးဝေ့မှာ ရွေးချယ်ခံရဖို့ အခွင့်အရေးရှိခဲ့ပေမယ့် အခုတော့ ကျိုးဝေ့ရဲ့ အခန်းကဏ္ဍက ၈၀၊ ၉၀ ရာခိုင်နှုန်းအထိလောက် ဖြစ်နိုင်ချေရှိသည်။

ဒါပေမယ့် စုန့်လင်းချွမ်အတွက်ကတော့ ဒါဟာတစ်စုံတစ်ယောက်ကို ကျေးဇူးပြန်ဆပ်တာလို့ဆိုလိုတာပင်။

စုန့်လင်းချွမ်က ပေါ့ပေါ့ပါးပါးသဘောတူလိုက်သည်။ "သေချာတယ်"

စုန့်လင်းချွမ် ဒဏ်ရာရသွားပြီးတဲ့နောက် Challenge Yourself ရဲ့ဒုတိယအစီအစဉ်ကို ပြန်လည်ရိုက်ကူးခဲ့သည်။

ကျိုးဝေ့ကလွဲပြီး အခြား guest တွေကတော့ သူတို့ရဲ့ဒီအစီအစဉ်ရဲ့ ခဏတာဧည့်သည်က စုန့်လင်းချွမ်ဖြစ်ကြောင်း နောက်ကျမှသိလိုက်ရသည်။

သံသယမရှိစွာနဲ့ဘဲ အဲ့ဒါကအရမ်းကံဆိုးတယ်လို့ လူတိုင်းခံစားလိုက်ရသည်။ တကယ်လို့ မတော်တဆမှုသာ မဖြစ်ခဲ့ရင် သူတို့ရဲ့အစီအစဉ်က ပေါက်သွားမှာ သေချာပေါက်ပင်။

မတတ်နိုင်ပေ။ စုန့်လင်းချွမ်ဟာ အခုလက်ရှိမှာအရမ်းနာမည်ကြီးနေတာဖြစ်သည်။ သူ့အန်တီလေးနဲ့ ရိုက်ထားတဲ့ variety show ကလည်း ထုတ်လုပ်ဆဲဖြစ်ပြီး အင်တာနက်တစ်ခွင်၌ သတင်းခေါင်းစဉ်မျိုးစုံနဲ့ ဆွေးနွေးမှုတွေထဲတွင် အမြဲတမ်း ထိပ်ဆုံးမှာရှိနေတတ်သည်။ သူတို့ရဲ့ အစီအစဉ်သာ ထုတ်လွှင့်နိုင်ခဲ့ရင် သူတို့အနေနဲ့ဒီလှိုင်းလုံးကို စီးလို့ရမှာပင်။

သို့ပေမယ့် ထပ်တွေးကြည့်ရင်၊ ကျန်သူများမှာ အရမ်းကံကောင်းသည်။ ကံအဆိုးဆုံးကတော့ ကျိုးဝေ့ ဖြစ်ပြီး သေချာတာကတော့ သူမ စုန့်လင်းချွမ် ရှိုးမှာ ပထမဆုံးတွေ့ခဲ့ဖူးတဲ့သူဖြစ်သည်။

ဒီအစီအစဉ်ကို ဒီတိုင်းဆက်ပြီးရိုက်ကူးခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်အတူရှိနေတဲ့ ရိုက်ကွက်တွေက မနည်းလောက်ဘူးဆိုတာ သေချာပေါက်ပင်။ ကျိုးဝေ့က အဲ့ဒီကနေကျော်ကြားမှုကို မလိုချင်ဘူးဆိုရင်တော့ အဲ့ဒါကခက်ခဲပေလိမ့်မည်။

ဒါပေမယ့် အခုတော့ အားလုံး အလဟဿဖြစ်သွားပြီဖြစ်သည်။ သူမ ဘယ်လောက်တောင် ဝမ်းနည်းကြေကွဲနေမလဲဆိုတာ တွေးကြည့်နိုင်သည်။

မကြာခင်မှာဘဲ Challenge Yourself ရဲ့ဒုတိယအစီအစဉ် ပြန်လည်ရိုက်ကူးတာက ပြီးဆုံးသွားသည်။ ရိုက်ကူးနေတဲ့အတောတွင်း ဘေးကင်းဖို့အတွက် စိုးရိမ်တာကြောင့် ပရိုဂရမ်အဖွဲ့က တတိယအစီအစဉ်အတွက် မူလကစီစဉ်ထားတဲ့ အကြောင်းအရာကို ဒုတိယအစီအစဥ်ဆီတိုက်ရိုက်ပြောင်းလိုက်သည်။

ဒါဟာ ရှောင်လွှဲလို့မရတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။ ဒုတိယအစီအစဉ်ရဲ့ themeမှာ horror themeဖြစ်တာကြောင့် သူတို့က စွန့်ပစ်ထားတဲ့စက်ရုံကို တည်နေရာအဖြစ် ရွေးချယ်ခဲ့တာဖြစ်သည်။ ဒါပေမယ့် ဒီစက်ရုံက ကြီးလွန်းတော့ ထပ်ပြီးအန္တရာယ်တွေဖြစ်လာမှာကိုစိုးရိမ်နေကြသည်။ အဲဒါကြောင့် သူတို့တွေလက်လျှော့လိုက်ရုံဘဲ တတ်နိုင်တော့သည်။

ထုတ်လုပ်ရေး အဖွဲ့သားတွေက ဒီအစီအစဉ်မှာ ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်ကို ကြည့်ပြီး အခုထိ မပြီးသေးတဲ့ကျိုးဝေ့ကို ထပ်ကြည့်ကာ ဝမ်းနည်းစွာနဲ့ခေါင်းယမ်းမိကြသည်။

ဘယ်လောက် နှမြောစရာကောင်းလိုက်လဲ?

ကျိုးဝေ့ဟာ ပြီးခဲ့တဲ့အစီအစဉ်မှာ အမှန်တကယ်ကိုထူးချွန်ခဲ့တယ်ဆိုတာကတော့ ငြင်းစရာမရှိပေ။ သို့ပေမယ့် အဲ့ဒီသီးခြားပတ်ဝန်းကျင်ရဲ့ အပြင်ဘက်မှာတော့ သူမ varietyရှိုးတွေမှာ ဆွဲဆောင်မှုမရှိတဲ့ မင်းသမီး ဖြစ်လာပြန်သည်။

စုန့်လင်းချွမ်နဲ့ ကျိုးဝေ့တို့ရဲ့ "မတွေ့ရတာကြာပြီနော်၊ အတန်းဖော်ဟောင်းရေ" ဆိုပြီး တွေ့ကြတာကို မပြောနဲ့ဦး- အဲ့ဒါကသေလောက်တယ်။

နည်းနည်းချဲ့ကားပြောရရင် ဒီဟာကနှစ်တွေတစ်လျှောက် ကျိုးဝေ့အနေနဲ့ hot ဖြစ်လာဖို့အနီးစပ်ဆုံးဖြစ်လောက်သည်။

အားလုံးက သူမကို သနားနေကြတဲ့အချိန်ကျိုးဝေ့ကတော့ ဘာမှမဖြစ်ခဲ့သလိုဘဲ သူမနဲ့ဆုံတဲ့သူတိုင်းကို ပြုံးပြကာ စီစဉ်ထားတဲ့အတိုင်းရှိုးကို ဆက်လက်ရိုက်ကူးခဲ့သည်။ အဲ့ဒါက သူမကို နည်းနည်းလေးတောင်အနှောင့်အယှက် ဖြစ်တဲ့ပုံမပေါ်ပေ။

အဲ့ဒီနေ့ရိုက်ကူးရေးပြီးတဲ့အခါ ကျိုးဝေ့ သူမရဲ့ဟိုတယ်ကိုပြန်လာသည်။

ကျန်းချုံ တံခါးကို အမြန်တွန်းလိုက်ပြီး အပြေးအလွှားဝင်လာကာ ကျိုးဝေ့ရဲ့လက်မောင်းကို စိတ်လှုပ်ရှားစွာနဲ့ဆုပ်ကိုင်လိုက်တဲ့အချိန် သူမက ဆိုဖာပေါ်မှာလှဲနေတာဖြစ်သည်။ "ဝေ့ဝေ့၊ ငါ့ကို ဘယ်သူဆက်သွယ်လာလဲ နင်သိလား?"

ကျိုးဝေ့မှာ မှန်းဆချက်မပေးခင် ခဏလောက် နားမလည်ဖြစ်သွားသည်။ "အစ်မရဲ့ ရည်းစားဟောင်းလား?"

ကျန်းချုံက သူမကိုစိတ်မရှည်သလို စိုက်ကြည့်လိုက်သည်။ "ဒီမှာ နင်နဲ့အလုပ်အကြောင်း ပြောဖို့ လုပ်နေတာ လေးလေးနက်နက်လေး ပြောလို့ရမလား?"

ကျိုးဝေ့လည်း အရမ်းမှားနေသလို ခံစားလိုက်ရသည်- သူမလည်း လေးလေးနက်နက် ပြောနေတာပဲလေ!

သူမရဲ့အနုပညာရှင်က အရမ်းမျှော်လင့်ချက်ကင်းမဲ့နေတာကို မြင်တော့ ကျန်းချုံလည်း စိတ်ပျက်လက်ပျက်နဲ့ပြောလိုက်သည်။ "နင် ထင်သမျှအားလုံးက ရည်းစားဟောင်းနဲ့ အချစ်ရေးတွေကြီးပဲ။ နင့်မှာ ရည်မှန်းချက်တွေမရှိဘူးလား?"

ကျိုးဝေ့ - "..."

သူမ ပြောနေတဲ့ပုံက မသိရင်ကျိုးဝေ့က ရည်းစားဟောင်းကို အစွဲအလမ်းကြီးတဲ့သူကျနေတာပဲ။

ဒီသုံးနှစ်အတွင်းမှာ ရည်းစားဟောင်းနဲ့ ခြောက်ကြိမ်လောက်ပြန်တွဲခဲ့တဲ့သူက ဘယ်သူလဲ? ကျန်းချုံက သူမကိုဝေဖန်ဖို့ကြီးပဲ!

ကျိုးဝေ့မှာ ရည်းစားဟောင်းတောင် မပြောနဲ့၊ရည်းစားတောင်မရှိဘူး။

ဒါပေါ့ အခုလက်ရှိမှာလည်း သူမမှာ ရည်းစားမရှိနေပါချေ။

ကျန်းချုံက ကျိုးဝေ့ကို မခန့်မှန်းခိုင်းတော့ဘဲ အဓိကအချက်ကို သွားလိုက်သည်။ "Easterly Winds ဆိုတဲ့ဇာတ်လမ်းတွဲကို နင်ကြားဖူးလား?"

ကျိုးဝေ့က ခေါင်းညိတ်လိုက်ပြီး "ကြားဖူးတယ်၊ အဲ့ဒါက XX Studio ရဲ့ S+ ပရောဂျက်မဟုတ်ဘူးလား? အဲ့ဒါကိုစရိုက်တော့မယ်ဆိုတဲ့ သတင်းလည်းတွေ့ခဲ့သေးတယ်"

ဒီလိုမျိုး ဘတ်ဂျက်ကြီးကြီးမားမားနဲ့ ထုတ်လုပ်မှုမျိုးဟာ နှစ်စဉ်နှစ်တိုင်းမရှိပါချေ။ သူမ အနေနဲ့ အဲ့ဒီလိုဒရာမာမျိုးမှာပါနိုင်ဖို့ဆိုတာ ဇီးသီးလောက်တောင် အခွင့်အရေးမရှိပေ။

စုန့်လင်းချွမ်လည်း အမျိုးသားဇာတ်ဆောင်အဖြစ် အတည်ပြုပြီးပြီလို့ သူမကြားသည်။

"ဟုတ်တယ်၊အဲ့ဒီ ဒီပရောဂျက်ပဲ" ကျန်းချုံက စိတ်လှုပ်ရှားစွာနဲ့ပြောလာသည်။ "အဖွဲ့သားတွေက နင့်ကို ဒုတိယဇာတ်လိုက်မင်းသမီးအနေနဲ့ သရုပ်ဆောင်စေချင်တယ်ဆိုပြီး ခုနတုန်းက ငါ့ကို ဆက်သွယ်လာတယ်!"

ကျိုးဝေ့ အံ့အားသင့်သွားပြီး မယုံသင်္ကာဖြစ်သွားသည်။ "သေချာလို့လား? လူလိမ်တွေနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ?"

‌ကျန်းချုံမှာ ဒေါသကြောင့် ရယ်မိလုနီးပါးပင်။ "ဒါက ငါမန်နေဂျာလုပ်တဲါ ပထမဆုံးနေ့လို့ ထင်နေတာလား?"

ဒါကိုတောင် သူမ သေချာမသိရင် ဒီနယ်ပယ်ထဲမှာ ဘာလုပ်နေတော့မှာလဲ?

"စိတ်မပူနဲ့ ထုတ်လုပ်သူက ကိုယ်တိုင်လာတာ။ သူတို့ နင့်ကိုဒုတိယမင်းသမီးအနေနဲ့ လိုချင်တယ်ဆိုတာကို သေချာပေါက် 100%အတည်ပြုပြီးပြီ၊ ဘာပြဿနာမှမရှိဘူး"

ဒါကိုကြားတော့ ကျိုးဝေ့ မျက်ခုံးတွေနည်းနည်း တွန့်ချိုးသွားသည်။ "ဘာ‌ဖြစ်လို့လဲ?"

ဒီလိုအဆင့်ထုတ်လုပ်ရေးအဖွဲ့နဲ့ဆို ဒီလောကကမင်းသမီးဘယ်နှစ်ယောက်လောက်က ဒုတိယခေါင်းဆောင်မင်းသမီးနေရာကို ပြိုင်နေရလဲဆိုတာ ဘယ်သူသိမှာလဲ? ဘယ်လိုလုပ် ဒါက သူမခေါင်းပေါ်ရောက်ပြီး အဆုံးသတ်သွားတာလဲ?

ဒါတင်မကဘဲ သူမမှာ audition တောင် လုပ်စရာမလိုဘဲ ဇာတ်ကောင်နေရာကို အတည်ပြုပြီးသွားပြီဖြစ်သည်။ ဒါက အရမ်းပုံမှန်မဟုတ်နေပေ။

ဒီနယ်ပယ်ထဲမှာ အချိန်အကြာကြီး ကျင်လည်လာခဲ့တဲ့သူတစ်ယောက်အနေနဲ့ ကျိုးဝေ့ကတော့ ကောင်းကင်ကကျလာတဲ့ မုန့်ကို မယုံပါချေ။

ဒီလိုအခြေအနေမျိုးမှာ ဒါကထောင်ချောက်တစ်ခု ဒါမှမဟုတ် မကောင်းတဲ့ရည်ရွယ်ချက်တစ်ခုရှိနေလိမ့်မှာပင်။

ကျန်းချုံလည်း ကျိုးဝေ့အထင်လွဲနေတာကို သဘာဝကျကျ နားလည်ပေမယ့် သူမရဲ့အနုပညာရှင်က အရမ်းတည်ငြိမ်တယ်ဆိုတာ ဝန်ခံရမည်ပင်။

ဒီလိုမျှော်လင့်မထားဘဲ ရလာတဲ့အခါ သူမကစိတ်လှုပ်တရှားဖြစ်နေရမယ့်အစား အေးဆေးတည်ငြိမ်စွာနဲ့ ခွဲခြမ်းစိတ်ဖြာနေသည်။

"ငါ အဲ့ဒါကို မေးလိုက်သေးတယ်၊ သူတို့က ဘာမှဖုံးကွယ်မထားဘူး။ စုန့်လင်းချွမ်က နင့်ကိုအကြံပြုလိုက်လို့ ‌သူတို့လည်း ဇာတ်ရုပ်အတွက် နင်ကအရမ်းသင့်တော်တယ်လို့ ခံစားရတယ်လို့ ပြောတယ်" ကျန်းချုံ သူမကို အမှန်အတိုင်းပြောပြသည်။

စုန့်လင်းချွမ်ရဲ့ အကြံပြုချက်ဆိုတာကို ကြားတော့ ကျိုးဝေ့ ခဏတိတ်သွားသည်။

အဲဒါက အဓိပ္ပာယ်ရှိတယ်။

စုန့်လင်းချွမ်ရဲ့ အခုလက်ရှိရေပန်းစားနေတဲ့ပုံအရဆို သူလုပ်ချင်ရင် ဖြစ်အောင်လုပ်နိုင်သည်။ ဒါပေမယ့် သူက ဘာလို့ သူမကိုအကြံပြုလိုက်တာလဲ?

ဒါက ကျိုးဝေ့ နားမလည်နိုင်တဲ့အရာဖြစ်သည်။

ကျန်းချုံက ကျိုးဝေ့ရဲ့ တုံ့ပြန်မှုကို သတိမထားမိဘဲ စိတ်အားထက်သန်စွာနဲ့ ဆက်ပြောပြသည်။ "စုန့်လင်းချွမ်တစ်ယောက် ဒီတလောအဲ့ဒီရှိုးမှာ နင်နဲ့ဆုံခဲ့ရတော့ သူ့မှာ ဒီလို အတန်းဖော်ဟောင်းတစ်ယောက်ရှိနေတာကို သတိရသွားလို့နေမယ်။ အဲ့ဒါနဲ့ ဒီအခွင့်အရေးကို သူ နင့်ဆီပေးချင်သွားတာနေမှာ။ သူက အရင်တုန်းကအချိန်တွေကို တော်တော်လေး ပြန်တမ်းတတတ်တာကိုတော့ နင်ဝန်ခံရမယ်"

အရင်တုန်းက အချိန်ကို ပြန်တမ်းတယ်?

ကျိုးဝေ့ ကျန်းချုံကို မော့ကြည့်လိုက်သည်။

ကျန်းချုံလည်း နားမလည်သလိုမေးလိုက်သည်။ "ငါပြောတာတစ်ခုခု မှားသွားလို့လား?"

စုန့်လင်းချွမ်က ဒီလိုလူမျိုး မဟုတ်လို့များလား?

ကျိုးဝေ့ ခေါင်းခါလိုက်သည်။ စုန့်လင်းချွမ်က စိတ်ကူးယဉ်ဆန်တတ်တဲ့ ပုံမျိုးဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မေးချင်တာကတော့ သူတို့ရဲ့အရင်တုန်းက ဘယ်အချိန်တွေကိုများ ပြန်တမ်းတစရာရှိလို့လဲ?

ဘာပဲဖြစ်ဖြစ်...

ကျိုးဝေ့က ခဏလောက် တုံ့ဆိုင်းသွားပြီး "ငြင်းဖို့ အကြောင်းပြချက်ရှာလိုက်ပါ"

ဒါကိုကြားတော့ ကျန်းချုံရဲ့မျက်လုံးတွေက မယုံနိုင်လောက်အောင် ချက်ချင်းပြူးကျယ်သွားသည်။ "ငြင်းမယ်?!"

ကျိုးဝေ့ ခေါင်းညိတ်လိုက်သည်။ "စုန့်လင်းချွမ်နဲ့ ကျွန်မက ဒီလောက်ထိမရင်းနှီးဘူး"

ကျန်းချုံက အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။ "နင်အတွေးလွန်နေပြီလို့ ငါထင်တယ်၊ ဒါက သူ့အတွက် သူငယ်ချင်းတွေကို ကူညီတာက အသေးအဖွဲလေးပဲ ဖြစ်နေလောက်မှာ။ ဒီနယ်ပယ်က သူငယ်ချင်းတွေက တစ်ယောက်နဲ့တစ်ယောက် ကျေးဇူးပြုတာတွေက ပုံမှန်ပဲ။ နင်က သူငယ်ချင်းမဟုတ်ရင်တောင် စီနီယာတွေက ဂျူနီယာတွေရဲ့ အလားအလာကောင်းတွေကို မြင်ရင် လက်ကမ်းတတ်ကြတယ်။ ငါတို့ ရင်ထဲမှာ အဲဒါကိုမှတ်ထားပြီး အနာဂတ်မှာ သေချာပေါက် ပြန်ဆပ်ရလိမ့်မယ်"

ကျိုးဝေ့လည်း ဒီအကြောင်းပြချက်ကို နားလည်သည်။ စီနီယာတွေက ဂျူနီယာတွေအပေါ် စေတနာထားတာက ပုံမှန်ဖြစ်ပေမယ့် သူမက စုန့်လင်းချွမ်မတိုင်ခင်ကတည်းက ဒီနယ်ပယ်ထဲ ဝင်ခဲ့တာဖြစ်တာကြောင့် စီနီယာ ဂျူနီယာလို့ မယူဆနိုင်ပေ။

သူငယ်ချင်းတွေကြား ကူညီတယ်ဆိုတာက အဆင်ပြေပေမယ့် သူမနဲ့စုန့်လင်းချွမ်တို့က ဘယ်နားမှာသူငယ်ချင်းဖြစ်နေလို့လဲ?

ဘာပဲဖြစ်ဖြစ် ကျိုးဝေ့ကတော့ ဒီခွင့်အရေးကို ငြင်းနေမြဲပင်။

ဒါက မာနကြောင့် မဟုတ်ဘဲ သူမနဲ့မထိုက်တန်ဘူးလို့ ခံစားရတာကြောင့်ဆိုတာကို သူမ စိတ်ထဲ အရမ်းရှင်းလင်းနေသည်။

လွန်ခဲ့တဲ့ခုနစ်နှစ်က စုန့်လင်းချွမ်ရဲ့ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာတွေကို သူမ လက်ခံခဲ့ဖူးသည်၊ ဒါပေမယ့် သူမ သူ့ကိုဘယ်လိုပြန်ဆပ်တာနဲ့ဆုံးသတ်သွားခဲ့လဲ? ဒီလိုမျိုး သူ့ကိုနာကျင်စေမိခဲ့တာဖြစ်သည်။

စုန့်လင်းချွမ်ကတော့ အဲ့ဒီအရင်တုန်းက အဖြစ်အပျက်တွေကို ဂရုမစိုက်တော့တာ ဖြစ်လောက်ပေမယ့် ကျိုးဝေ့ကတော့ ဘာမှမဖြစ်ခဲ့သလို ဟန်မဆောင်နိုင်သလို အရာအားလုံးကို လိပ်ပြာသန့်သန့်နဲ့ လက်မခံနိုင်ပါချေ။ သူမမှာ အဲ့ဒီလိုမျိုး အရည်ထူထူမရှိပါချေ။

ကျန်းချုံမှာ သူမကိုဘာပြောရမှန်းမသိတော့ဘဲ သူမအစား အဲ့ဒီဇာတ်ကောင်နေရာကို တွန့်ဆုတ်စွာနဲ့ ငြင်းပယ်ဖို့ ဆင်ခြေပေးလိုက်ရတော့သည်။

ကျိုးဝေ့တစ်ယောက် အဲ့ဒီနေ့မှာ မရင်းနှီးတဲ့ ဖုန်းနံပါတ်တစ်ခုဆီကနေ ဖုန်းလက်ခံမရခင်အထိ ဒီကိစ္စက ပြီးသွားပြီလို့ထင်ခဲ့တာဖြစ်သည်။ "ဟယ်လို ဘယ်သူများလဲမသိဘူး?"

တစ်ဖက်က စက္ကန့်အနည်းငယ်လောက် တိတ်နေပြီး နောက်တော့ ယောက်ျားတစ်ယောက်အသံ ထွက်လာသည်။ " ငါပဲ၊ စုန့်လင်းချွမ်"

ဖုန်းကိုင်ထားတဲ့ ကျိုးဝေ့ရဲ့လက်တွေမှာ ခဏလောပ်တန့်သွားပြီး သူမရဲ့မျက်နှာမှာလည်း ပျာယာခတ်သွားတဲ့ အရိပ်အယောင်တွေပေါ်လာသည်။ "အိုး၊ အမ် ... ဒဏ်ရာဘယ်လိုနေလဲ?"

သူမကို သူ တကယ်ကြီး ဖုန်းခေါ်လာလိမ့်မယ်လို့ မထင်ထားပါချေ။

စုန့်လင်းချွမ်က အင်းလို့ ခပ်တိုးတိုးဆိုလိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။ "မဆိုးပါဘူး"

ကျိုးဝေ့လည်း အိုး လို့ဆိုလိုက်ပြီး နောက်တော့ ဘာဆက်ပြောရမလဲမသိတော့ပေ။

နှစ်ယောက်သား တစ်ချိန်တည်းမှာဘဲ ငြိမ်ကျသွားသည်။

လောဂျစ်အရဆို၊ အရင်တစ်ခေါက်က သူတို့တွေ အဲ့ဒီရှိုးမှာ ဆုံခဲ့ပြီးပြီဖြစ်တာကြောင့် ဒီလိုမျိုး အဆင်မပြေမဖြစ်နေသင့်ပေ။

ဒါပေမဲ့ အဲဒါက သူတို့ရိုက်ကူး‌ရေးလုပ်နေတာကြောင့်ဖြစ်ပြီး အဲဒီအချိန်တုန်းက ကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေကြောင့် နှစ်ယောက်သားအတူတူရှိနေချိန်မှာ တခြားဘာကိုမှ မစဉ်းစားနိုင်ခဲ့ပေ။

အခုတော့ သူတို့ကြားမှာ ဖုန်းလိုင်းတစ်ခုရှိနေတာတောင် အဆင်မပြေမှုတွေအားလုံးက ပေါက်ကွဲထွက်လာသည်။

ဘယ်လောက်ထိကြာသွားလဲမသိပေ။ နောက်တော့ ကျိုးဝေ့က ပြောလာသည်။ "နင်ငါ့ကို တစ်ခုခုအတွက် လိုလို့လား?"

စုန့်လင်းချွမ်က မပြန်ဖြေလာခင်ခဏလောက် တိတ်နေသည်။ အဲဒီအစား သူက ပြန်မေးလာသည်။ "မင်း S City ကိုပြန်ရောက်နေပြီလား?"

ကျိုးဝေ့မှာ သူရုတ်တရက်ကြီး ဘာလို့ဒီလိုမေးတာလဲဆိုတာ မသိပေမယ့် အမှန်တိုင်း ပြန်ဖြေလိုက်သေးသည်။ "အခုထိတော့မရောက်သေးဘူး၊ ဒါပေမယ့် ရက်နည်းနည်းလောက်ကြာရင်တော့ ပြန်လာဖြစ်မယ်"

စုန့်လင်းချွမ်က အင်း လို့ခပ်တိုးတိုးဆိုလိုက်ပြီး "ငါသိပြီ၊ ဒါဆို နင်ပြန်ရောက်ရင် လာခဲ့"

ကျိုးဝေ့က 'အာ' လို့ဆိုလိုက်ပြီး သူ့အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း နားမလည်လိုက်ပေ။

"ဘယ်ကိုလာရမှာလဲ?" သူမ မေးလိုက်သည်။

စုန့်လင်းချွမ်ကလည်း ပေါ့ပေါ့ပါးပါးပြောလာသည်။ "အရင်တစ်ခေါက်က မင်း ငါ့ကိုဆေးရုံမှာလာတွေ့မယ်လို့ မပြောခဲ့ဘူးလား? ငါ အခု အိမ်ပြန်ရောက်နေပြီ၊ ဒါကြောင့် ငါ့အိမ်ကို တန်းလာခဲ့"

All Chapters