← Chapters

(extra 17)

Vol. 13 Ch. 176

(extra 17)

Vol. 13 Ch. 176

သူမ သူ့ကို နားလည်ပြီး မာနကြီးကြောင်းလည်းသိသည်။ စုန့်လင်းချွမ်မှာ အကြောင်းပြချက်ကို လုံးဝ မမျှော်လင့်ထားတာကြောင့် အံ့အားသင့်သွားသည်။

ကျိုးဝေ့ မျှော်မှန်းထားတဲ့အတိုင်း၊ ဒီပုံစံနဲ့ ငြင်းပယ်ခံရပြီးတဲ့နောက်မှာ သူ့ရဲ့မာနနဲ့ မျက်နှာပျက်မှာကို စိုးတာကြောင့် သူ ကျိုးဝေ့ကို နောက်တစ်ကြိမ် ထပ်မရှာတော့ပေ။

သူတို့ စီနီယာနှစ်ရဲ့ နွေရာသီအားလပ်ရက်မတိုင်ခင် ကျိုးဝေ့ တခြားကျောင်းပြောင်းသွားကြောင်း သူသိလိုက်ရသည်။

သူမ ဘယ်ကိုပြောင်းသွားတယ်ဆိုတာ အတန်းထဲက ဘယ်သူမှ မသိပေ။ နောက်ပိုင်းမှ သူမ တခြားမြို့ကိုပြောင်းသွားကြောင်း ဆရာမဆီကနေ စုန့်လင်းချွမ်သိခဲ့ရသည်။

စီနီယာနှစ်ရဲ့ ဆောင်းရာသီအားလပ်ရက်မတိုင်မီတွင် စုန့်လင်းချွမ် သည်းမခံနိုင်တော့ဘဲ ကျိုးဝေ့ရဲ့ကျောင်းကို ရှာခဲ့သည်။ သို့ပေမယ့် ကျောင်းတံခါးဝကို သူရောက်တဲ့အခါ ရှုချင်နဲ့အတူ သူမကို သူလှမ်းမြင်လိုက်ရသည်။

အဲ့ဒီအချိန်မှာ ကျိုးဝေ့နဲ့ ရှုချင်တို့ တကယ်တွဲနေကြတယ်လို့ စုန့်လင်းချွမ် အပြည့်အဝ ယုံကြည်သွားခဲ့သည်။

သူ ဒီနှစ်တွေတစ်လျှောက်လုံး ယုံကြည်လာခဲ့တာဖြစ်သည်။

စုန့်လင်းချွမ် ကျိုးဝေ့ကို စိုက်ကြည့်ရင်း အဲ့ဒီအချိန်တုန်းက သူဟာယုံကြည်ဖို့ မထိုက်တန်တဲ့သူလားလို့ မေးလိုက်ချင်သည်။ သူမ ဘာလို့ သူ့ကိုအမှန်အတိုင်း မပြောခဲ့တာလဲ?

အဲ့ဒါက ဒီတိုင်း ပြောင်းသွားတာဖြစ်ကာ မတူညီတဲ့နေရာမှာရှိခဲ့ရင်‌တောင် သူတို့ကိုင်တွယ်နိုင်သည်။ သူ့အနေနဲ့ ပိတ်ရက်တွေမှာ သူမဆီ လာလည်နိုင်သလို သူတို့တွေတက္ကသိုလ် အတူတူတက်ကြဖို့ သဘောတူထားလို့တောင်ရသည်။

မဟုတ်ရင်လည်း.....

မိနစ်အနည်းငယ်အတွင်းမှာပဲ စုန့်လင်းချွမ်တစ်ယောက် အကြောင်းအရာများစွာကို တွေးတောခဲ့ပေမယ့် သူ့ပါးစပ်ကနေ ထွက်လာတာကတော့ "ကောင်းပြီလေ အတိတ်က အတိတ်ပဲ။ လက်ရှိအကြောင်း ပြောကြရအောင်"

ဒီကိုလာတဲ့လမ်းမှာ အဲ့ဒါကို သူ တွေးခဲ့ပြီးသားပင်။ အတိတ်က အကြောင်းအရင်းတွေက ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ ဒီတစ်ကြိမ်မှာတော့ နောက်ထပ် အခွင့်အရေးကို သူ လက်လွတ်မခံချင်တော့ပေ။

သူတို့တွေ လက်ရှိအကြောင်းပြောသင့်တယ်လို့ စုန့်လင်းချွမ်ပြောလာတဲ့အခါ ကျိုးဝေ့ မနေနိုင်ဘဲ တန့်သွားရသည်။

ဒါပေမယ့် သူမလည်း မတုံးအပါချေ၊ သူဘာပြောချင်နေလဲဆိုတာကို သဘာဝအလျောက် သူမ သဘောပေါက်သည်။

စုန့်လင်းချွမ် တစ်ခုခုပြောခါနီးမှာဘဲ ကျိုးဝေ့ဘက်ကနေ အရင်ပြောလိုက်သည်။ "ဟုတ်တယ်၊ အတိတ်က အတိတ်ပဲ၊ ကိစ္စမရှိပါဘူး၊ အခု ငါတို့တွေ သူငယ်ချင်းဖြစ်နေကြတာဘဲ"

သူမရဲ့သိသိသာသာ အကွာအဝေး ခြားနေချင်တဲ့ အရိပ်အယောင်ကို မြင်လိုက်ရတော့ စုန့်လင်းချွမ်လည်း သိသိသာသာရပ်သွားသည်။

သူဘာစကားတစ်ခွန်းမှ မပြောဘဲ သူမကို တိတ်တဆိတ် ကြည့်နေတော့ ကျိုးဝေ့အကြည့်တွေ ရှောင်လိုက်သည်။

ကျဉ်းမြောင်းတဲ့ ကားအတွင်းမှာ သူတို့ရဲ့ အသက်ရှုသံကိုတောင် ကြားနေရသည်။

မကြာခင်မှာဘဲ စုန့်လင်းချွမ်ရဲ့ အသံထွက်လာသည်။

"ကောင်းပြီ ငါနားလည်ပြီ"

—

ကားပေါ်ကနေ ဆင်းလာပြီးတဲ့နောက် ကျိုးဝေ့ နေရာမှာပဲရပ်ကာ စုန့်လင်းချွမ်ကား တရွေ့ရွေ့ထွက်သွားတာကို ကြည့်နေလိုက်သည်။

ကား သူမမြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့အထိ ငေးကြည့်နေသည်။

ဒီဟာပြီးရင်တော့ သူမနဲ့ စုန့်လင်းချွမ်တို့ရဲ့ အခွင့်အလမ်းတွေက အမှန်တကယ် ကုန်ဆုံးသွားပြီဆိုတာ သူမသိသည်။

ကျန်းချုံက သူမနောက်ကနေပေါ်လာပြီး သူမကိုနှစ်သိမ့်ပေးဖို့ ကျောကိုအသာလေး ပုတ်လာသည်။

သူမက သက်ပြင်းချကာ ပြောလိုက်သည်။ "ဝေ့ဝေ့၊ နင် ဒါကို နောင်တရလိမ့်မယ်"

ဒီကာလအတွင်း ကျန်းချုံက ကျိုးဝေ့နဲ့စုန့်လင်းချွမ်ကြား သဲလွန်စတွေကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိခဲ့သည်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က သူမ ကျိုးဝေ့ဆီကနေ သူတို့ရဲဲ့အတိတ်အကြောင်းကို သိခဲ့ရသည်။

ကျန်းချုံမှာ သူမရဲ့အနုပညာရှင်နဲ့ စုန့်လင်းချွမ်ကြားမှာ ဒီလို သမိုင်းကြောင်းရှိနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပါချေ။

အဲ့ဒီအချိန်ကျန်းဟန်ကလည်း သူမကို ဆက်သွယ်လာသည်။ ကျန်းချုံလည်း မတုံးအ ပါပေ။ သူ့စကားတွေထဲက စူးစမ်းလိုမှုကို သူမလည်း သဘာဝကျကျ ခံစားသိရှိခဲ့ပြီး စုန့်လင်းချွမ်ရဲ့ ရည်ရွယ်ချက်တွေကို ခပ်ရေးရေးသဘောပေါက်ခဲ့သည်။

ဒါပေမယ့် အဖြစ်အပျက်တွေက တိုက်တိုက်ဆိုင်ဆိုင်ကံဆိုးလွန်းခဲ့သည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က S City တွင် ကျိုးဝေ့ သူမရဲ့မိသားစုနဲ့အတူ ဆေးစစ်မှုခံယူခဲ့ပြီး စုန့်လင်းချွမ် ဒီကိုမရောက်လာခင် ဆေးစစ်ချက်ရလဒ်ကို သူမ ရရှိခဲ့သည်။

ရလဒ်အရ သူမ ကိုယ်ဝန်ရဖို့ ခက်ခဲသည်။

ပြောရလျှင်၊ ဒီလောကထဲ ကျိုးဝေ့ အသစ်အနေနဲ့ဝင်လာတုန်းက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိအေးခဲနေတဲ့ ဆောင်းရာသီတွက် ရုပ်ရှင်ရိုက်ကူးရင်း ရေခဲတွင်းထဲကို မတော်တဆ ပြုတ်ကျခဲ့ဖူးသည်။ သူမကို ကယ်လိုက်တဲ့ အချိန် သူမ အကန့်အသတ်ကို ရောက်လုနေပြီဖြစ်သည်။

အဲ့ဒီအချိန်မှစကာ သူမ တစ်ချိန်လုံး အေးနေတတ်တဲ့ အခြေအနေအထိ တိုးလာခဲ့သည်။

သူတို့က အဲဒါကို သိပ်ပြီးဂရုမထားခဲ့ပေမယ့် ဒီလောက် လေးနက်လိမ့်မယ်လို့ မမျှော်လင့်ထားပါချေ။

ကျန်းချုံ အဲ့ဒီအကြောင်းကို တွေးကြည့်ရင်း မနေနိုင်ဘဲ ပိုတိုးကာ သက်ပြင်းချလိုက်သည်။ စုန့်လင်းချွမ်သာ မနက်ဖြန်မှလာခဲ့ရင် ကျိုးဝေ့အနေနဲ့ ဖြည်းဖြည်းချင်းပြန်ကောင်းရင် ကောင်းလာလိမ့်မည်ပင်။

ကျိုးဝေ့က သူမရဲ့ မိသားစုအတွက် အလုပ်လုပ်‌ပေးနေရတဲ့သူဖြစ်ကာ တစ်ခါတစ်ရံ အတွေးလွန်တတ်သည်။ သူမရဲ့စိတ်ထဲတွင် "အနာဂတ်မှာမလုပ်နိုင်ရင်၊ လုံးဝမစတင်နဲ့" ဆိုတဲ့အတွေးတွေဖြင့် ပြည့်နှက်နေတတ်သည်။

ကိုယ်ဝန်ရဖို့ အခက်အခဲရှိတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ မဆိုလိုပါချေ။

ဒါ့အပြင် ဒါက ဒီတိုင်းအချစ်ရေးတစ်ခုသာ ဖြစ်သည်။ ဘာလို့ ဒီလောက်ထိ တွေးနေရမှာလဲ?

ဟင်း!

ကောင်းပြီ၊ ကျိုးဝေ့က အမြဲတမ်းတုံ့ဆိုင်းနေတာ။ မနက်ဖြန် ကျရင် သူ့ကိုဆရာဝန်သွားပြရမယ်။

---

နားလည်မှုလွဲမှားမှုကြောင့် ခင်မင်ရင်းနှီးမှု ပျက်ပြားသွားပြီးတဲ့နောက် သူတို့ရဲ့ဆက်ဆံရေးမှာ တစ်ချိန်လုံး နိမ့်ဆင်းသွားခဲ့သည်။

မန်နေဂျာနှစ်ယောက်ဖြစ်တဲ့ ကျန်းဟန်နဲ့ ကျန်းချုံတို့မှာ အဲဒီကာလအတွင်း တကယ်ကို စိတ်ပျက်ခဲ့ကြရသည်။

ကျန်းချုံအနေနဲ့ အကြောင်းအရင်းကို သိနေပေမယ့် အဲ့ဒီအကြောင်းကို မပြောနိုင်တာကြောင့် သူမက အဆင်ပြေသေးသည်။ ပြဿနာက ဘယ်မှာလဲဆိုတာ သူမနားလည်သည်။

တစ်ဖက်မှာက ကျန်းဟန်ကတော့ ပိုကံဆိုးသည်။ သူ့မှာဘာမှကိုမသိခဲ့ရဘဲ မှန်းဆချက်တွေကိုပဲ အားကိုးနေရနာဖြစ်သည်။

သို့ပေမယ့် စုန့်လင်းချွမ်ကတော့ ငတုံးမဟုတ်ပေ။

အဲ့ဒီနောက် သူ့မှာအကြမ်းဖျင်း အကြံတစ်ခု ရှိသည်။ အဲ့ဒီနေ့က ကျိုးဝေ့ရဲ့ တုံ့ပြန်မှုကိုကြည့်ရရင် ဟာကွက်တွေနဲ့ပြည့်နှက်နေတာကြောင့် သူမမှာ အကြောင်းပြချက် ရှိကောင်းရှိနေနိုင်သည်။

ကျန်းဟန် သူမကို ဆက်သွယ်ပြီးတဲ့နောက် ကျန်းချုံရဲ့ မရေရာတဲ့ သဘောထားကို ပြောစရာတောင်မလိုပေ။

ဒါပေမယ့် ဒီတစ်ခါတော့ သူက ခေါင်းမာသည်။

တစ်ချိန်လုံး တွန်းဖယ်ခံနေရတာကလည်း နာကျင်ရသည်။

နည်းနည်းတော့ ဇာတ်လမ်းဆန်လောက်ပေမယ့် သူတစ်ကြိမ်လောက်တော့ ဇာတ်လမ်းဆန်ချင်မိသည်။

အမှန်တော့၊ စုန့်လင်းချွမ် ကိုယ်တိုင်က အဲ့ဒါကိုနားမလည်တာကြောင့်ဖြစ်မည်။ ဒါကလွဲရင် သူပိုဂရုစိုက်တာက ကျိုးဝေ့တစ်ယောက် အချိန်တိုင်း ဘာလို့သူ့ကိုအလွယ်တကူ တွန်းထုတ်နိုင်နေတာလဲဆိုတာပင်။

အဲ့ဒါက သူမစိတ်ထဲက အတိုင်းဆိုရင်၊ လုံးဝကိစ္စမရှိပါချေ။

သူတို့တွေက အချိန်အတော်ကြာအောင် ကွဲကွာနေခဲ့ကြသည်လေ။

တစ်ရက်မတိုင်ခင်အထိပင်။ စုန့်လင်းချွမ်က ဒါရိုက်တာတစ်ယောက်နဲ့ တွေ့ခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင် ကျိုးဝေ့လည်းဘေးနားရှိ သီးသန့်အခန်းတွင် ထုတ်လုပ်သူနဲ့တွေ့ခဲ့သည်။

ဘယ်သူကမှ အဲ့ဒါကို သတိမထားမိတဲ့အတွက် တိုက်ဆိုင်တာဖြစ်သည်။

သို့ပေမယ့် စားသောက်နေတုန်းမှာ ဘေးခန်းကနေ ရုတ်တရက် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ပစ္စည်းတွေ ပစ်ချသံကိုကြားလိုက်ရသည်။

သဘောထားကွဲလွဲမှုတချို့ဖြစ်တာလို့ လူတိုင်းထင်ကြလိုက်ကြပြီး အဲဒါကို သိပ်ဂရုမစိုက်လိုက်ကြပေ။

အခုလေးတင် သန့်စင်ခန်းသွားတဲ့ လက်ထောက်ဒါရိုက်တာ ပြန်ရောက်လာကာ ဘေးခန်းကို လက်ညှိုးထိုးပြလိုက်ပြီး ခပ်တိုးတိုးပြောလာသည်။ "အဲ့ဒါ တင်းရှန့် Entertainment က ကျောက်ချွမ်ဖုန်းပဲ"

အခန်းထဲမှာ စုန့်လင်းချွမ်၊ ကျန်းဟန် နဲ့ ဒါရိုက်တာအပြင်နယ်ပယ်တစ်ခုထဲက တခြားလူအနည်းငယ်လည်း ရှိနေသည်။

သိသိသာသာကို လူတိုင်းက တင်းရှန့် Entertainment မှ ကျောက်ချွမ်ဖုန်းနဲ့ ရင်းနှီးကြသည်။

တင်းရှန့် Entertainmentဟာ S Cityရှိ ကျောက်မိသားစုရဲ့လက်အောက်ဖြစ်သည်။ ကျောက်ချွမ်ဖုန်းဟာ ကျောက်မိသားစုခေါင်းဆောင်ရဲ့ညီဖြစ်ကာ ဒီလောကတွင် နာမည်ကောင်းမရှိပေ။

ဒီလူက သူ့ရဲ့မိသားစုနောက်ခံကို အားကိုးကာ ဖျော်ဖြေရေးနယ်ပယ်ရဲ့ ဖွင့်ပြောဖို့မလိုတဲ့ စည်းကမ်းတွေအတိုင်း ပွင့်ပွင့်လင်းလင်း ပါဝင်ခဲ့သည်။ သူ့မှာ အမျိုးသမီးအဖော်တွေဆိုတာ အမြဲတမ်းရှိနေတတ်သည်။

သူက လက်လွတ်စပယ်‌နေပေမယ့် ဒီဟာက အများသဘောတူသည့် ကိစ္စဖြစ်တာကြောင့် တရားစီရင်ပိုင်ခွင့် မရှိပေ။

ဒါပေမယ့် ဒီလူက အရမ်းကြီးစိုးသည်။ တစ်ဖက်က လိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ အမျိုးသမီး အနုပညာရှင်တစ်ဦးကို သူ သဘောကျသွားပါက၊ သူတို့ကို သူ့လက်အောက်ခံဖြစ်ဖို့ တွန်းအားပေးလေ့ရှိသည်။

အရင်က တက်သစ်စ ကြယ်တစ်ပွင့်လေးတစ်ယောက် သူ့အာရုံကိုဆွဲဆောင်နိုင်ခဲ့ပြီး သူမက သူ့ကိုမလိုက်နာတဲ့အခါ သူမကို ဒီနယ်ပယ်ထဲတွင် နာမည်ပျက်စာရင်းသွင်းမယ်လို့ ပွင့်ပွင့်လင်းလင်း ကြေညာခဲ့သည်။

သူ့နောက်ကွယ်က ကျောက်မိသားစုရဲ့ လွှမ်းမိုးမှုကို ထည့်သွင်းစဉ်းစားမိတာကြောင့် ဘယ်သူကမှ ပြဿနာမတက်ချင်ကြပေ။ အချိန်အတော်ကြာတဲ့အထိ အဲ့ဒီမင်းသမီး အလျှော့မပေးလာမချင်း သူနဲ့ဘယ်သူမှမရိုက်ရဲကြပေ။

အခုလေးတက် ပစ္စည်းတွေ ပစ်ချလိုက်တဲ့သူက သူဆိုရင် တစ်ယောက်ယောက်တော့ ဒုက္ခရောက်တော့မှာပင်။

အားလုံးက မတတ်နိုင်ဘဲ ခေါင်းခါလိုက်ကြသည်။ ဒါပေမယ့် ခုနကထွက်သွားပြီးပြန်လာတဲ့ လက်ထောက်ဒါရိုက်တာက ရုတ်တရက် စုန့်လင်းချွမ်ကို ကြည့်လိုက်သည်။

စုန့်လင်းချွမ်က မျက်ခုံးပင့်ကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"

လက်ထောက်ဒါရိုက်တာက မပြောခင် အကြိမ်ပေါင်းများစွာ ချီတုံချတုံဖြစ်နေကာ နောက်ဆုံးပြောလာသည်။ "ကျွန်တော်ခုနက တံခါးအဟကြားကနေ လှမ်းကြည့်လိုက်တော့ ကျိုးဝေ့ကို တွေ့လိုက်သလိုပဲ" သူတို့နှစ်ယောက်ဟာ အတန်းဖော်တွေ ဖြစ်တယ်ဆိုတဲ့အချက်ဟာ အရင်က အွန်လိုင်းကောလဟာလတွေကြောင့် နာမည်ကြီးခဲ့သည်။

စုန့်လင်းချွမ်ရဲ့ မျက်နှာက ပြောင်းလဲသွားပြီး ရုတ်တရက် ထရပ်ကာ တံခါးဆီ လျှောက်သွားလိုက်သည်။

လူတိုင်း ကြောင်အသွားကြပြီး တုံ့ပြန်မိတဲ့အချိန် သူ့ကိုတားဖို့ နောက်ကျသွားပြီဖြစ်သည်။

ဒါကြောင့် သူတို့လည်းအမြန်ထကာ သူ့နောက်ကိုလိုက်သွားကြသည်။ သို့ပေမယ့် ရင်ထဲမှာ‌တော့ သူတို့ကြောက်နေတဲ့အတိုင်း ဖြစ်မလာစေဖို့သာ မျှော်လင့်နိုင်ကြသည်။

သို့ပေမယ့် သူတို့ဆန္ဒနဲ့ ဆန့်ကျင်ပြီး ဘေးအခန်းမှာ ကျိုးဝေ့ကြောင့် မုန်တိုင်းတစ်ခု ကျရောက်နေသည်။

ကျန်းချုံမှာ စားပွဲဝိုင်းက ကျိုးဝေ့နဲ့ ကျောက်ချွမ်ဖုန်းတို့ ရန်စောင်နေကြတာကို ကြည့်ပြီးစိုးရိမ်နေမိသည်။

ဒီနေ့ သူမ ထုတ်လုပ်သူနဲ့တွေ့ဖို့ ကျိုးဝေ့ကို ခေါ်လာပေမယ့် ကျောက်ချွမ်ဖုန်းလည်း အဲ့ဒီနေရာမှာရှိနေလိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။

အစကတော့ တိုက်ဆိုင်တာဖြစ်ပါစေလို့ သူမ တိတ်တိတ်လေး ဆုတောင်းခဲ့ပေမယ့် အခုတော့ မဟုတ်ဘူးဆိုတာ ရှင်းနေသည်။ ကျောက်ချွမ်ဖုန်းက ကျိုးဝေ့ကို မျက်စိကျနေတာကြောင့် ဒီ "ဟောင်မင်စားသောက်ပွဲ" ကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာဖြစ်သည်။

ကျောက်ချွမ်ဖုန်းက ကျိုးဝေ့ကို ကြည့်ကာ သရော်လိုက်သည်။ "မင်း နောက်ဆုံးတော့ ကျော်ကြားမှုတစ်ခု ရလာပြီ။ မင်း ဒါကို မမြတ်နိုးတာ သေချာလား?"

ကျိုးဝေ့က ကြောက်ရွံ့တဲ့ အရိပ်အယောင် မပြဘဲ သူ့ကိုတည့်တည့်ကြည့်ကာ "ကျွန်မ အရင်ကလည်း ပြောထားပြီးသားပဲ။ ကျွန်မ နာမည်ကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ ကံကြမ္မာပေါ်မှာပဲ မူတည်တယ်။ အတင်းအကြပ်လုပ်လို့မရသလို၊ ကျွန်မမှာ ရည်ရွယ်ချက်လည်းမရှိဘူး"

ကြိမ်ဖန်များစွာ ပြန်လည်ချေပခံလိုက်ရပြီးတဲ့နောက် ကျောက်ချွမ်ဖုန်းရဲ့မျက်နှာဟာ လုံးဝမှောင်မိုက်သွားသည်။

"ကောင်းပြီ၊ ငါကြည့်ချင်..."

သူ့ခြိမ်းခြောက်စကားတွေ မဆုံးခင်မှာဘဲ သီးသန့်ခန်းတံခါးကို အပြင်ကနေ ရုတ်တရက် တွန်းဖွင့်လာသည်။

စုန့်လင်းချွမ် ဝင်လာချိန်မှာ အထဲမှာရှိတဲ့ လူတွေအားလုံး တစ်ပြိုင်တည်း လှည့်ကြည့်လာကြသည်။

စုန့်လင်းချွမ်ကိုမြင်တဲ့အခါ ကျောက်ချွမ်ဖုန်းက ကျိုးဝေ့ဘက်လှည့်ပြီး ငေါ့တော့စွာပြောလာသည်။ "မင်းရဲ့ကယ်တင်ရှင်လား?"

သူ့အမူအရာနဲ့လေသံက စုန့်လင်းချွမ်ကိုပါ ဒုက္ခပေးမယ့်ဟန်ရှိကြောင်း ထင်ရှားနေသည်။

ဘယ်လိုပဲ နာမည်ကြီးနေတဲ့ထိပ်တန်းကြယ်ပွင့်ဖြစ်နေပါစေ အရင်းရှင်တွေရဲ့အမြင်မှာတော့ သူတို့ဟာ ဘာမှမဟုတ်ပေ။

အရင်းရှင်တွေဟာ တစ်ယောက်ကို မြှင့်တင်ပေးနိုင်ပြီး နောက်တစ်ယောက်ကိုလည်း မြှင့်တင်ပေးနိုင်သည်။

ကျိုးဝေ့လည်း စုန့်လင်းချွမ်ကိုတွေ့တော့ အံ့အားသင့်သွားပြီး သူမရဲ့ပထမဆုံးတုံ့ပြန်မှုက သူ့ကိုမဝင်ပါစေချင်တာပေ။

"ကျွန်မ သူ့ကိုမသိဘူး၊ ရင်းလည်း မရင်းနှီးဘူး၊ အဆက်အသွယ်လည်း မရှိဘူး"

သူမ သူနဲ့ခပ်ခွာခွာနေဖို့ ကြိုးစားနေတာကို မြင်တော့ စုန့်လင်းချွမ်ဒေါသကြောင့် ရယ်မိလုမတတ်ပင်။

သို့ပေမယ့် အခုက အဲ့ဒီဟာတွေကို တွေးနေဖို့အချိန်မဟုတ်ကြောင်း သူသိသည်။

စုန့်လင်းချွမ်က ဒေါသကြီးပေမယ့် ကျိုးကြောင်းဆီလျော်နိုင်စွမ်းရှိနေဆဲဖြစ်သည်။ ဒီကိစ္စကို ဒီနေ့ မဖြေရှင်းနိုင်ခဲ့ရင် အနာဂတ်ကျ ဖျော်ဖြေရေးနယ်ပယ်တွင်ကျိုးဝေ့ အတွက် ခက်ခဲသွားလိမ့်မည်ပင်။

သူ့ဒေါသကို ထိန်းချုပ်ရင်း ကျိုးဝေ့ရှေ့က ဝိုင်ခွက်ကို ယူလိုက်ကာ ခွက်အပြည့်ဖြည့်လိုက်ပြီး သူမရှေ့မှာ ထားလိုက်သည်။ "မစ္စတာ‌ကျောက်၊ ကျိုးဝေ့ အမှားလုပ်ခဲ့မိတာရှိရင် ကျွန်တော်ကပဲ သူ့ကိုယ်စား သောက်ပြီး တောင်းပန်ပါတယ်"

ပြောပြီးတာနဲ့ သူတစ်ခွက်လုံးကို တစ်ကျိုက်တည်းသောက်လိုက်ပြီး သူ့ရိုးသားမှုကို ပြလိုက်သည်။

ကျိုးဝေ့က စကားပြောဖို့ လုပ်လိုက်ပေမယ့် ကျန်းချုံက သူမကို တားလိုက်သည်။

ကျိုးဝေ့က စုန့်လင်းချွမ်နဲ့ မပတ်သက်ချင်ဘူးဆိုတာ သူမသိပေမယ့် အခုအချိန်မှာတော့ ဒီအခြေအနေထဲ သူပါ‌နေပြီဖြစ်သည်။ သူမတို့အနေနဲ့ စောင့်ကြည့်ရုံပဲ တတ်နိုင်သည်။

ကျောက်ချွမ်ဖုန်းအနေနဲ့ သူ့ကိုအမှန်တကယ် မျက်နှာသာပေးချင် ပေးလိမ့်မည်ပင်။

ကျောက်ချွမ်ဖုန်းက နေရာမှာ စဉ်းစားပေးနေသလို အမူအရာနဲ့ ခြေချိတ်ထိုင်နေသည်။ "မင်းက သူ့ကိုယ်စား တောင်းပန်ပေးနေတာလား?"

သူက သရော်လိုက်ပြီး ပြင်းထန်တဲ့အသံနဲ့ပြောလိုက်သည်။ "မင်းကိုမင်း ဘယ်သူလို့ ထင်နေတာလဲ? ငါက မင်းကို ဘာလို့ မျက်နှာသာပေးရမှာလဲ? မင်းကိုယ်မင်း တကယ် အထင်ကြီးနေတာပဲ!"

ဒီစကားပြောပြီးသွားတာနဲ့ အခန်းထဲမှာရှိတဲ့ လူတိုင်း ပင့်သက်ရှိုက်လိုက်ကြသည်။

ကျောက်ချွမ်ဖုန်းက သူ့စကားတွေနဲ့ လုံးဝကိုမျက်နှာသာမပေးပါချေ။

စုန့်လင်းချွမ်က ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်ပေမယ့် အရင်းရှင်တွေကိုတော့ စိန်ခေါ်နိုင်စွမ်းမရှိပေ။

"ကောင်းပြီ၊ မစ္စတာကျောက်ရဲ့ စကားအရဆို ကျွန်တော့်ကို မျက်နှာသာမပေးတဲ့ပုံပဲ" စုန့်လင်းချွမ်က ဘာမှမထူးခြားနားတဲ့ပုံနဲ့ ပခုံးတွန့်လိုက်သည်။

"ဒါပေမယ့် ကျွန်တော့်အဖေနဲ့ မစ္စတာကျောက်က မိတ်ဆွေတွေပဲလေ။ အဲဒါကို ထည့်စဉ်းစားပေးလို့ မရဘူးလား?"

လုံးဝကိုဒေါသထွက်နေတဲ့ ကျောက်ချွမ်ဖုန်းက မဆိုင်းမတွပြောလာသည်။ "ဝေ့လည်ကြောင်ပတ်လုပ်နေတာ ရပ်လိုက်စမ်းပါ။ မင်းအဖေ? မင်းအဖေကို မင်းက ဘယ်သူလို့ထင်‌နေတာလဲ?"

စုန့်လင်းချွမ်က သူ့ကို အေးအေးဆေးဆေး ကြည့်ကာ ပြောလိုက်သည်။ "စုန့်ကျန်းဟွေ့လေ"

ဒီနာမည်ကိုပြောလိုက်တာနဲ့တပြိုင်နက် တခြားလူတွေ မတုံ့ပြန်ရသေးခင် ကျောက်ချွမ်ဖုန်းက အရင်တုံ့ပြန်လာသည်။

"စုန့်ကျန်းဟွေ့?" သူက မသေချာစွာ မေးလိုက်သည်။

စုန့်လင်းချွမ်က အမူအရာမဲ့စွာနဲ့ပြောလာသည်။ "ဟုတ်တယ်၊ စုန့် Group က စုန့်ကျန်းဟွေ့လေ၊ ခင်ဗျားမျက်လုံးထဲမှာ သူ့အတွက်ရော မျက်နှာသာဘယ်လောက်ပေးချင်မလဲဆိုတာ သိချင်ပါရဲ့"

ဒီစကားကြောင့် အခန်းထဲ တိတ်ဆိတ်သွားသည်။

အချို့က စုန့်ကျန်းဟွေ့ကို ချက်ချင်းမမှတ်မိကြပေမယ့် စုန့် Group ကိုတော့ လူတိုင်းသိကြသည်။

တစ်နည်းအားဖြင့်ပြောရလျှင် နှစ်ခုစလုံးက S City တွင် ထိပ်တန်းစီးပွားရေးလုပ်ငန်းတွေ ဖြစ်ကြပေမယ့် ကျောက် Group နဲ့ စုန့် Group ကြားမှာတော့ ကွာခြားမှုတချို့တလေတော့ရှိနေဆဲပင်။

ပြီးတော့စုန့်Groupက စုန့်ကျန်းဟွေ့က စုန့်လင်းချွမ်ရဲ့အဖေတဲ့။

ဒါက ကိစ္စကြီးပဲ!

ချက်ချင်းဆိုသလို အခြေအနေက အရင်းရှင်နဲ့ အရင်းရှင် ပြိုင်ဆိုင်မှုအဖြစ် ပြောင်းလဲသွားသည်။

သံသယမရှိစွာပင်၊ ကျောက်ချွမ်ဖုန်းတစ်ယောက် ဘယ်လောက် အားလျော့သွားပါစေ သူ့မျက်နှာကိုတော့ ကယ်တင်ရဦးမည်ဖြစ်သည်။

စုန့်လင်းချွမ်ရဲ့ မှန်နေတဲ့ စကားတွေကြောင့် အခန်းထဲရှိ ဘယ်သူမှ သံသယမ၀င်ကြပေ။ ဘာပဲဖြစ်ဖြစ် ဒီလိုလွယ်လွယ်နဲ့ ငြင်းလို့ရတဲ့ လိမ်ညာမှုမျိုးကို ဘယ်သူမှ ပြောကြမှာမဟုတ်ပေ။

---

စုန့်လင်းချွမ် ကျိုးဝေ့ကို သီးသန့်ခန်းထဲကနေခေါ်ထုတ်သွားသည်။

ဒါပေမယ့် သူယိုင်သွားချိန် သူတို့အဝေးကိုမရောက်သေးတာကြောင့် ကံကောင်းထောက်မစွာနဲ့ အနားမှာရှိနေတဲ့ ကျိုးဝေ့က သူ့ကိုအချိန်မှီ ထိန်းပေးလိုက်သည်။

စုန့်လင်းချွမ် သောက်ခဲ့တဲ့ ဝိုင်ဖြူတစ်ခွက်က ဟာသမဟုတ်ပေ။ အခုတော့ အရက်အာနိသင်က ပြလာပြီး သူခပ်မြန်မြန် မူးလာသည်။

ဒါကိုမြင်တော့ ကျန်းဟန်က အမြန်လာကူပေးလိုက်သည်။

ကျန်းချုံလည်း အလျင်အမြန် လိုက်လာသည်။

အစက ခဏနေ သူမတို့အပြင်ရောက်ရင် ဓာတ်ပုံရိုက်ခံရမှာစိုးတာကြောင့် ကျိုးဝေ့ကို သူမဘက်ကိုခေါ်လာဖို့လုပ်ထားတာဖြစ်သည်။

ဒါပေမယ့် ပြဿနာက စုန့်လင်းချွမ်တစ်ယောက် ကျိုးဝေ့ရဲ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူတို့ဘယ်လို ဖြည်ဖို့ကြိုးစားနေပါစေ သူက မလွှတ်ပေးချေ။

အဆုံးမှာတော့၊ သူတို့မှာရွေးချယ်စရာမရှိတော့ဘဲ စုန့်လင်းချွမ်ကို တစ်ဖက်စီကနေ ကူထိန်းပေးလိုက်ရသည်။

နောက်တော့ ကျိုးဝေ့လည်း ကားထဲဝင်ကာ ကျန်းဟန်နဲ့အတူ စုန့်လင်းချွမ်ကို အိမ်ပြန်ပို့ပေးလိုက်သည်။

All Chapters