အခန်း (၁၉၆)
Vol. 16 Ch. 196
ချောင်ကျမ်းမင်သည် အပြင်မှာ အကြာကြီး ထိုင်နေခဲ့သည်။ ဝမ်အာလေးသည် အိမ်နီးနားချင်း၏ အိမ်တွင် ရှိနေဆဲဖြစ်သည်ကို သူ သတိရသောအခါတွင် မှောင်စပြုလာပြီ ဖြစ်သည်။ သူသည် အမြန်ထရပ်ပြီး အိမ်ပြန်ခဲ့သည်။
သူသည် အိမ်နီးနားချင်း၏ အိမ်သို့ ရောက်တော့ ဝမ်အာလေးသည် စောစောတည်းက ပြန်သွားကြောင်း သူသိခဲ့ရသည်။ ဝမ်အာလေးသည် ပြန်ရန် အော်ဟစ်နေသောကြောင့် သူမကို ပြန်ပို့ခဲ့ရသည်ဟု သူက ရှင်းပြခဲ့သည်။
ချောင်ကျန်းမင်သည် စိတ်ပူလွန်းလို့ အိမ်ကို အမြန်ပြန်လာခဲ့သည်။ သူသည် အိမ်မရောက်ခင် အဝေးက တံခါးဘေးမှာ ထိုင်နေသော သူ့သမီးကို တွေ့လိုက်ရသည်။ သူမ၏ ခန္ဓာကိုယ် သေးသေးလေးသည် ဘောလုံးတစ်လုံးလို ဖြစ်နေသည်။
သူ့နှလုံးသားက ချက်ခြင်း နာကျင်လာသည်။
"ဝမ်အာလေး"
သူသည် သူ့သမီးအနားကို သွားပြီး တိုးတိုးလေး ခေါ်လိုက်သည်။
ဝမ်အာလေးက သူမခေါင်းကို မော့လိုက်သည်။ နက်မှောင်သော မျက်လုံးတစ်စုံက သူ့ကို ကြည့်ခဲ့သည်။ အချိန်အတော်ကြာအောင် သူမသည် တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် သူသည် ခေါင်းပြန်ငုံ့ကာ မြေကြီးကို စိုက်ကြည့်နေသည်။
ချောင်ကျန်းမင်၏ နှလုံးသည် ကွဲကြေသွားခဲ့သည်။ သူသည် ထိတ်လန့်တကြားမဖြစ်ဘဲ မနေနိုင်ခဲ့ပေ။
သူ့သမီးကို ဒီလိုမျိုး မတွေ့ရတာကြာပြီ ဖြစ်သည်။
သူ့သမီးကို အမြန် ကောက်ချီလိုက်သည်။ ထို့နောက်တွင်တော့ သူမ မျက်နှာလေးကို ခြင်တွေ ကောင်းကောင်း ကိုက်ထားတာကို သတိထားမိသည်။ "အန်တီလီရဲ့အိမ်မှာ သမီး ဘာလို့မနေတာလဲ? နာကျင်နေလား? ဖေဖေ ပြန်ရောက်ရင် ဆေးလိမ်းပေးမယ်။"
ဝမ်အာလေးဆီမှ ဘာတုံ့ပြန်မှုမှ မရသေးပေ။
ချောင်ကျန်းမင်က သူမကို ပိုတင်းတင်းကျပ်ကျပ် ဖက်ထားသည်။ သူ့သမီးအရင်ကလို ပုံစံ ပြန်ပြောင်းသွားရင် သူသည် သူ့ကိုယ်သူ ဘယ်တော့မှ ခွင့်မလွှတ်ပေ။
သူသည် ဒုတိယအိမ်ထောင်ပြုရခြင်း အဓိကအကြောင်းရင်းမှာ သမီးကြောင့်ဖြစ်သည်။ သူသည် သူ့သမီးကို တစ်ချိန်လုံး ခွဲမနေချင်ပေ။ ဒါပေမယ့် သူ့အလုပ်ကြောင့် သူသည် သူမကို ဂရုမစိုက်နိုင်ပေ။ လက်တွဲဖော်ရှာခြင်းသည် ထိုအချိန်တွင် အကောင်းဆုံး ဖြေရှင်းချက်ဖြစ်ခဲ့သည်။
ထို့ကြောင့် သူ့ဒါရိုက်တာက ရှစ်ချင်ရှင်းနှင့် သူ့ကို မိတ်ဆက်ပေးသောအခါ သူသည် မငြင်းဆန်ခဲ့ပေ။ ရှစ်ချင်ရှင်းနှင့် မတွေ့ဆုံခင်မှာ သူက တစ်ဖက်သူရဲ့ စရိုက်နှင့် ကိုယ်ရည်ကိုယ်သွေးအကြောင်း အနီးနားရှိ လူများကို မေးမြန်းခဲ့သည်။ သူမသည် နူးညံ့သိမ်မွေ့ပြီး ပွင့်လင်းသည်ဟု လူတိုင်းက ပြောခဲ့ကြသည်။ မိန်းကလေးကောင်းတစ်ယောက် ဖြစ်သည်။ အဲဒါကြောင့် သူသည် သူမနှင့် တွေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်သည်။
နောက်ပိုင်းတွင် ဆက်ဆံရေးကို အတည်ပြုခဲ့သည်။ သူမရဲ့ အကျင့်စာရိတ္တက တခြားသူတွေ ပြောသလို နူးညံ့သိမ်မွေ့သည်။ သူမသည် ကလေးများကို အလွန်စိတ်ရှည်သည်။ ဒါကြောင့် သူသည် နောက်အိမ်ထောင်ပြုဖို့ စိတ်ပြင်ဆင်ခဲ့သည်။
အိမ်ထောင်သက် နှစ်ဝက်အထိ အားလုံးအဆင်ပြေခဲ့သည်။ ရုတ်တရက် ပြောင်းလဲသွားတာကို သူတကယ်နားမလည်ခဲ့ပေ!
ချောင်ကျန်းမင်က သူ့သမီးကို အိမ်ပြန်ခေါ်သွားပြီး သူမ၏ မျက်နှာနှင့် လက်ကို ရေနွေးနွေးလေးနှင့် အရင်ဆေးလိုက်သည်။ ထို့နောက် သူမ၏ ခြင်ကိုက်ခံရသော မျက်နှာကို ဆေးလိမ်းပေးသည်။ နောက်တော့ သူသည် ခေါက်ဆွဲနှစ်ပန်းကန်ကို သွားယူလိုက်သည်။
ဖြစ်စဉ်တစ်ခုလုံးတွင် ဝမ်အာသည် နှုတ်ဆိတ်နေခဲ့သည်။
ညစာစားချိန်ရောက်သောအခါ ချောင်ကျန်းမင်က သူ့ပန်းကန်ထဲက ကြက်ဥပြုတ်ကို သူမအား ပေးခဲ့ပြီး ပြောသည်။ “ဝမ်အာ ဒီနေ့ နည်းနည်းလန့်သွားလား? ကြက်ဥကို စားပြီး ကြောက်စိတ်ကို မောင်းထုတ်လိုက်နော်။”
ဝမ်အာလေးသည် ဇလုံထဲမှ ကြက်ဥပြုတ်နှစ်လုံးကို စိုက်ကြည့်နေသည်။ သူမသည် ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ “အမေက စျေးဝယ်သွားတုန်းက ယောင်္ကျားတစ်ယောက်နဲ့ တွေ့တယ်။ အဲဒီလူက ဘာပြောလဲမသိဘူး။ အမေက သူနဲ့ ရန်ဖြစ်ခဲ့တယ်။ အဲဒီလူက အမေ့ကို တွန်းလိုက်တာ။ အမေက လဲကျသွားတယ်။ အဲဒီလူက ထွက်ပြေးသွားတယ်။”
"အိမ်ပြန်ရောက်တော့ အမေက ဟင်းချက်ပြီး သူနေလို့မကောင်းဘူးလို့ ပြောတယ်။ သမီးက ဖေဖေ့ကို လိုက်ရှာချင်ခဲ့တာ။ အမေက သွားခွင့်မပေးဘူး။ သူ သမီးကို လိုက်ဆွဲတာ ချော်လဲပြီး လဲကျသွားတယ်။ သူက သွေးတွေ အရမ်းထွက်လာတယ်။ သွေးအများကြီးပဲ ...”
ထိုနေရာသို့ရောက်သောအခါ ဝမ်အာ၏ မျက်လုံးလေးများက တည့်တည့်စိုက်ကြည့်နေသည်။ သူမ၏ ခန္ဓာကိုယ်လေးသည် သိသိသာသာ တုန်လှုပ်နေသည်။
ချောင်ကျန်းမင်သည် လျင်မြန်စွာ ပြေးလာပြီး သူ့ရင်ခွင်ထဲတွင် သူမကို ဖက်ထားပြီး "မကြောက်နဲ့။ မကြောက်နဲ့၊ ဖေဖေ ဒီမှာရှိတယ်။ အားလုံး အဆင်ပြေသွားမှာ။"
ခဏအကြာတွင် ဝမ်အာသည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။
ချောင်ကျန်းမင်သည် သူ့စိတ်ထဲက ဒေါသတွေကို ထိန်းချုပ်ပြီး မေးသည်။ "အဲဒီလူက ဘယ်သူလဲ? ဝမ်အာလေး သူ့ကို အရင်ကတွေ့ဖူးတာလား? အမေက အဲဒီလူကို တွေ့တာ သမီးက ဘယ်လိုလုပ် သိတာလဲ?"
ဝမ်အာလေးက တိုးတိုးလေးပြောခဲ့သည်။ "အမေက ပြန်ပေးဆွဲသူတွေရဲ့ မကောင်းကြံတာခံရမှာကို ကြောက်တယ်။ ဒါကြောင့် ဈေးသွားတိုင်း သူ့နောက်ကို တိတ်တိတ်လေး လိုက်ခဲ့တာ။ သမီး အဲဒီလူကို အရင်က မတွေ့ဖူးဘူး။ ဒါပေမယ့် အမေက သူ့ကို သိပုံရတယ်။"
ဝမ်အာ၏ နှလုံးသားထဲတွင် ပြန်ပေးဆွဲသူများသည် ကမ္ဘာပေါ်တွင် ကြောက်စရာ အကောင်းဆုံးလူများဖြစ်သည်။
သူမသည် ဒီအမေအသစ်ကို သဘောကျသည်။ အမေအသစ်ပြန်ပေးဆွဲခံရမှာကို သူမကြောက်သည်။ အဲဒါကြောင့် အမေ ဈေးသွားတိုင်း သူမသည် နောက်ကနေ တိတ်တဆိတ် လိုက်ခဲ့တာ ဖြစ်သည်။
စားပွဲအောက်ရှိ ချောင်ကျန်းမင်၏ လက်များသည် လက်သီး ဆုပ်လိုက်သည်။ အပြင်းအထန် အားထုတ်ပြီး သူသည် ဒေါသကို ထိန်းလိုက်ရသည်။ သူသည် သူမ ဆံပင်တွေကို ပွတ်သပ်ကာ နှစ်သိမ့်ပြီး “မကြောက်နဲ့ အမေ နေကောင်းပါတယ်။ သူက အခု ဆေးရုံတက်နေတယ်။”
ဝမ်အာလေးက မော့ကြည့်ပြီး “အဆင်ပြေလား?”
ချောင်းကျန်းမင်က ခေါင်းညိတ်ပြီး "အင်း သူ အဆင်ပြေပါတယ်။ ဒါကြောင့် ဝမ်အာလေးက စိတ်ပူစရာမလိုဘူးနော်။ အမေ့မှာ သွေးထွက်တာ သမီးအပြစ်မဟုတ်ဘူး။ သူ ပထမအကြိမ် လဲကျတည်းက ဒဏ်ရာရခဲ့တာ။ ဝမ်အာက အဖေ့ကို ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါဘူးလို့ ကတိပေးရမယ်နော်၊ အဆင်ပြေလား?"
သူ့ ဝမ်အာလေးသည် အကျင့်စာရိတ္တကောင်းမွန်ပြီး ကြင်နာတတ်သူဖြစ်သည်။ သူမသည် ရှစ်ချင်ရှင်း ပြန်ပေးဆွဲခံရမှာကို စိုးရိမ်တာကြောင့် အချိန်တိုင်း သူမကို တိတ်တဆိတ် ကာကွယ်ပေးခဲ့သည်။ ဒါပေမယ့် သူမ မသိခဲ့တာက သူမကာကွယ်ချင်တဲ့လူက သူမကို အဝေးပို့ချင်နေတာ ဖြစ်သည်!
ဒေါသအဖြစ်စေဆုံးသော အပိုင်းက သူမ၏ ကိုယ်ဝန်ပျက်ကျမှုသည် ဝမ်အာလေး၏ အမှားလုံးဝမဟုတ်ခဲ့ပေ။ သို့သော် လေးနှစ်အရွယ်ကလေးအပေါ်တွင် ဤမျှကြီးမားသောတာဝန်ကို တွန်းပို့ခဲ့သည်။
ဝမ်အာလေးက တခြားကလေးတွေနှင့် မတူဘူးဆိုတာ သူမ သိသည်။ ဝမ်အာလေးသည် ဒီအမှားကို သူ့လုပ်တာလို့ ယုံသွားပါက သူမသည် အပြစ်ရှိသောကြောင့် နောက်တစ်ကြိမ် အော်တစ်ဇင် ပြန်ဖြစ်သွားနိုင်သည်။
ရှစ်ချင်ရှင်းကို ခွင့်မလွှတ်နိုင်ပေ။
အစက လူတိုင်းအား အဖြေတစ်ခုကို မဆွေးနွေးမီထိ အနည်းငယ် စိတ်အေးအေးထားစေချင်သည်။ ယခုမူ ဤလက်ထပ်စာချုပ်ကို ထိန်းသိမ်းရန် မလိုအပ်တော့ဟု ထင်ရသည်။
ဝမ်အာလေးက သူမ၏ နက်မှောင်သော မျက်လုံးများကို ခတ်လိုက်ပြီး "မောင်လေးကော ဘယ်လိုလဲ? မောင်လေး အဆင်ပြေရဲ့လား?"
ချောင်ကျမ်းမင်၏ လည်ချောင်းမှာ အနည်းငယ်ဆို့လာသည်။ "မောင်လေးကို အဖွားက အဝေးကို ခေါ်သွားတယ်။ သူအိမ်ပြန်လာဖို့ အချိန်အတော်ကြာဦးမယ်။ ဝမ်အာလေးက အဘိုး၊ အဘွားနဲ့ အစ်မ သာ့ချောင်ကို မလွမ်းဘူးလား? ဖေဖေ မနက်ဖြန် သူတို့ကိုတွေ့ဖို့ သမီးကို ပြန်ခေါ်သွားမယ် အဆင်ပြေလား?"
ဝမ်အာလေး၏ မျက်လုံးများ ချက်ချင်း တောက်ပလာပြီး "သမီးတို့ တကယ်သွားမှာလား?"
သူမသည် အစ်မကို အရမ်းလွမ်းသည်။ ဒါပေမယ့် ဖေဖေက အလုပ်များလွန်းသည်။ သူမသည် အစ်မကို မတွေ့ရတာ ကြာပြီ ဖြစ်သည်။
သူ့သမီးကို ဒီလိုမြင်လိုက်ရတော့ ချောင်ကျန်းမင် ရဲ့စိတ်က ပိုပိုပြီး စိတ်မသက်မသာ ခံစားလာရသည်။ "ဒါပေါ့။ သမီး အစ်မ သာ့ချောင် ကြိုက်တာကို အရင်စဉ်းစားကြည့်လိုက်ဦး။ ဖေဖေတို့ မနက်ဖြန်အဲ့တာကို သွားဝယ်မယ်။ ဝယ်ပြီးရင် ယူသွားပြီး အဲ့ဒါကို အစ်မ သာ့ချောင်ကို ပေးမယ် အဆင်ပြေလား?"
"ဟုတ်ဟုတ်" ဝမ်အာလေးက နှုတ်ခမ်းကို ကွေးလိုက်သည်။ နောက်ဆုံးတွင် သူမ၏ ဖြူဖျော့သော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
…
နောက်တစ်နေ့မှာတော့ ချောင်ကျန်းမင်က ဝမ်အာလေးကို ခရိုင်ဌာနစတိုးမှာ ပစ္စည်းတွေအများကြီးဝယ်ဖို့ ခေါ်သွားသည်။ ထို့နောက် သူသည် ကုမ္ပဏီမှ ထွက်စာယူပြီး ထုတ်လုပ်ရေးအဖွဲ့သို့ ပြန်လာခဲ့သည်။
သာ့ချောင်ကိုမြင်တော့ ဝမ်အာလေးက အဖေ့လက်ကို ချက်ချင်းလွှတ်လိုက်ပြီး ပြေးသွားသည်။ "အစ်မ သာ့ချောင်!"
သာ့ချောင်က ပြေးလာသော သူ့ညီမလေးကို ချက်ချင်းဖမ်းပြီး ချိုချိုသာသာလေး ပြုံးလိုက်သည်။ "ဝမ်အာ၊ အစ်မ အချစ်ဆုံးလေး မင်းကို အရမ်းလွမ်းနေတာ!"
ဝမ်အာလေးသည် သူ့အစ်မကို အလွန်လွမ်းနေသော်လည်း သူမသည် ထုတ်ပြောရမှာကို ရှက်နေသည်။ သို့တိုင် သူမ၏ လက်သည် အစ်မ၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ နူးညံ့သိမ်မွေ့သော အပြုံးသည် သူမ၏ နှုတ်ခမ်းလေးတွင် ချိတ်ဆွဲထားသည်။
ထို့နောက် သူယူလာသော လက်ဆောင်အား အစ်မကို ပြန်ပေးသည်။ သာ့ချောင်သည် ပျော်ရွှင်သွားကာ ညီမလေးနှင့် မျှဝေရန် သူမ၏ အဖိုးတန်လေးကို ထုတ်ယူခဲ့သည်။
ညီအစ်မတွေ အတူတူ စကားပြောကြသည်။ မြင်ကွင်းက ချစ်စရာကောင်းပြီး နွေးထွေးသည်။
ချောင်ကျန်းမင်က သူတို့ကို ကြည့်ပြီး သူ့သမီးကို ပြန်ခေါ်လာခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဆိုတာ ရုတ်တရက် တွေးမိလိုက်သည်။
ချောင်ရှို့ကျီသည် သူ့သား တစ်ယောက်တည်း မြေးမလေးနှင့် ပြန်လာသည်ကို မြင်သောအခါ တစ်ခုခု မှားနေပြီဟု ချက်ချင်း သဘောပေါက်လိုက်သည်။
ကလေးတွေဆီ ပြန်ယူလာတဲ့ ပစ္စည်းတွေကို ဝေပေးပြီးနောက် သူမသည် မေးလိုက်သည်။ "မင်းမိန်းမက ဘယ်မှာလဲ? မင်းနဲ့ဘာလို့ ပြန်လိုက်မလာတာလဲ? တစ်ခုခုဖြစ်ခဲ့တာလား?"
သူ့အမေရဲ့ တောက်လောင်နေသော မျက်လုံးတွေကို ရင်ဆိုင်ရသောအခါ ချောင်ကျန်းမင်က ပြောလိုက်သည်။ "အမေ၊ ချင်ရှင်း မနေ့က ကိုယ်ဝန်ပျက်ကျခဲ့တယ်။"
ချောင်ရှို့ကျီက မျက်မှောင်ကြုတ်ကာ "မနေ့က သူ ကိုယ်ဝန်ပျက်ကျထားတာကို မင်းက သူ့ကိုဂရုစိုက်ဖို့ သူ့အနားမှာ မနေဘူး။ အဲဒီအစား မင်းပြန်လာတယ်။ မင်းမှာ ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်မရှိရင် ငါ မင်းကို ဘယ်လိုဖြေရှင်းမလဲ ကြည့်!"
ချောင်မိသားစုတွင် အမျိုးသမီးများကို ရိုက်နှက်ခြင်း မပြုသည့်အပြင် ယောင်္ကျားတစ်ယောက်သည် တာဝန်မယူသည့် သူလည်း မဖြစ်ရပါ။ နုံချာသော ချောင်ကျန်းကော်သည်ပင် ဇနီးဖြစ်သူ နေမကောင်းတုန်းက ဆရာဝန်ဆီသို့ ကုန်းပိုးသွားကာ အစားအသောက် ပို့ဆောင်ပြီး ဆေးတိုက်ပေးခဲ့သည်။ သူသည် ဝမ်ချွမ်ကျီ မီးတွင်းထဲနေရတုန်းကလည်း ဂရုစိုက်ခဲ့သည်။
ဒါကြောင့် ရှစ်ချင်ရှင်း ကိုယ်ဝန်ပျက်ကျပြီး ချောင်ကျန်းမင်က သူ့သမီးကို ပြန်ခေါ်လာခဲ့သည်။ ရှောင်လွှဲ၍မရသော အကြောင်းပြချက်မရှိရင် သူမသည် သူ့ကို သင်ခန်းစာကောင်းကောင်း ပေးမည်!
ချောင်ကျန်းမင်က သက်ပြင်းချပြီး ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာ သူ့မိဘတွေကို ပြန်ပြောပြသည်။
သူသည် သူ့အိမ်ထောင်ရေးကံကြမ္မာက ဆိုးလွန်းတာကြောင့်လား ဒါမှမဟုတ် မှားယွင်းသော လူကိုပဲ နှစ်ကြိမ်ဆက်တိုက်တွေ့အောင် မျက်စိကန်းနေတာကြောင့်လားဆိုတာ သူတကယ်နားမလည်နိုင်ခဲ့ပေ။
ချောင်ကျန်းမင်၏ စကားများကို နားထောင်ပြီးနောက် ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် အကြည့်ချင်းဖလှယ်ကြပြီး သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မျက်လုံးထဲတွင် ဒေါသနှင့် အကူအညီမဲ့မှုကို တွေ့လိုက်ရသည်။
သူတို့သည် ပဉ္စမမြောက်က အေးအေးဆေးဆေး နေနိုင်ပြီလို့ ထင်ကြသည်။ မင်္ဂလာဆောင်ပြီးတော့ တစ်ခုခုဖြစ်သွားတာ ဘယ်လောက်ကြာပြီလဲ?
နောက်တစ်ခါ ကွာရှင်းလို့ မရဘူးမလား?
ဤကိစ္စကြောင့် ကွာရှင်းခြင်းသည် အနည်းငယ် ယုတ္တိမရှိပေ။ အိမ်ထောင်ရေးမှာ အဖုအထစ်တွေနဲ့ အက်ကြောင်းတွေ ပေါ်လာတာက ပုံမှန်ပင်။ အမှုဆယ်ခုမှာ ရှစ်ခု သို့မဟုတ် ကိုးခုမှာ ဒီလမ်းကိုပဲ မသွားခဲ့ပေ။ လူတိုင်း ဒီလိုကိစ္စတွေကြောင့် ကွာရှင်းပြတ်စဲပါက ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်းကျော်သည် ကွာရှင်းပြတ်စဲပြီးပြီဟု ခန့်မှန်းရသည်။
ဒါပေမယ့် သူတို့ မကွာရှင်းရင် ဝမ်အာလေး သူတို့နှင့် အတူနေနိုင်မှာ မဟုတ်ပေ။ အခုက ပဉ္စမမြောက်၏ ရွေးချယ်မှုပေါ် မူတည်သည်။
ချောင်ကျန်းမင်က ခဏလောက် ငြိမ်သက်သွားပြီး "အဖေ၊ အမေ၊ ကျွန်တော် ကွာရှင်းချင်တယ်။ အခုကစပြီး ဝမ်အာလေးကို ကျွန်တော် တစ်ယောက်တည်း ပြုစုစောင့်ရှောက်မယ် အိမ်ထောင်မပြုတော့ဘူး။"
ရှစ်ချင်ရှင်းလုပ်ခဲ့တာက ချန်ချောင်ချောင်နှင့် ယှဉ်ရင် ဘာမှမဟုတ်ပေ။ သို့သော် သူမသည် ဝမ်အာလေးအပေါ် မနာလိုမှု ကြီးထွားနေပြီဖြစ်သည်။ အနာဂတ်မှာ သူတို့မှာ ကလေးတွေရခဲ့ရင် ဝမ်အာလေးကို သူမ သည်းခံမှာ မဟုတ်ပေ။
တစ်နည်းဆိုရသော် သူသည် သူ့အိမ်ထောင်ရေး သို့မဟုတ် သူ့သမီးကို စွန့်လွှတ်ရမည်။
သူ့ရဲ့ရွေးချယ်မှုဟာ အစကတည်းက မပြောင်းလဲခဲ့ပေ။
ချောင်ရှို့ကျီက သက်ပြင်းချလိုက်ပြီး "သေချာစဉ်းစားပါဦး။ ဝမ်အာလေးက အိမ်မှာ ခဏနေမယ်။ ကွာရှင်းဖို့ မင်းတကယ် စိတ်ဆုံးဖြတ်ထားရင် မင်း ဒီအလုပ်ကို ဆက်မလုပ်နိုင်တော့မှာကို ငါကြောက်တယ်။ ဒါဆို မင်း အဲ့တာကို သေချာစဉ်းစားပြီးပြီလား?"
ချောင်ကျန်းမင်က လေးလံသော အသံဖြင့် ပြန်ပြောခဲ့သည်။ "စဉ်းစားပြီးပြီ။"
သူ့ ဒါရိုက်တာသည် ရှစ်မိသားစု၏ ဆွေမျိုးဖြစ်သည်။ သူသည် ရှစ်ချင်ရှင်းနှင့် ကွာရှင်းခဲ့မယ်ဆိုရင် သူ့ကို အဲ့ဒီမှာ ဆက်ပြီး အလုပ်လုပ်ခွင့် ပေးမှာမဟုတ်ပေ။
သူသည် ဒါကို အကြာကြီး တွေးပြီးပြီ သူ့ရဲ့ ဆုံးဖြတ်ချက်က ပြောင်းလဲမှာ မဟုတ်ပေ။
သူသည် အိမ်မှာ နှစ်ရက်နေပြီး ခရိုင်မြို့ကို ပြန်သွားသည်။
ရှစ်မိသားစုသည် ချောင်ကျန်းမင် လာတောင်းပန်တာကို စောင့်နေကြသည်။ သူက သူတို့အား ကွာရှင်းချင်တယ်လို့ ပြောမှာကို စောင့်မျှော်နေရမယ်လို့ မမျှော်လင့်ထားပေ။
ရှစ်မိသားစုသည် ဒေါသထွက်သွားကြသည်!
ရှစ်ချင်ရှင်း၏ အစ်ကိုအကြီးဆုံးနှင့် မောင်လေးသည် ချောင်ကျန်းမင်ကို ရိုက်ရန် ပြေးလာသော်လည်း အဖေရှစ်က တားဆီးခဲ့သည်။
အငယ်ကောင်က ငယ်ရွယ်ပြီး တက်ကြွသည်။ ထို့အပြင် သူသည် ဒုတိယအစ်မနှင့် ဆက်ဆံရေး ကောင်းကောင်း ရှိသည်။ ထိုအချိန်တွင် သူ့မျက်နှာသည် ဒေါသကြောင့် နီရဲနေပြီး "အဖေ ဘာလို့ ကျွန်တော်တို့ကို တားတာလဲ? ဒီလို ကောင်မျိုးက သွေးထွက်အောင် ရိုက်ခံရတာ ထိုက်တန်တယ်။"
အဖေရှစ်က သူ့သားငယ်ကို သတိပေးသလို ကြည့်လိုက်ပြီး ချောင်ကျန်းမင်ကို မေးလိုက်သည်။ "မင်းဘာလို့ ဒီလိုဆုံးဖြတ်ချက်ချခဲ့တာလဲ? မင်းလက်ထပ်ဖို့ လာတောင်းတုန်းက မင်းဘာပြောခဲ့တာလဲ? မင်း ချင်ရှင်းကို ကောင်းကောင်းဂရုစိုက်မယ်လို့ ပြောခဲ့တာလေ။ အဲ့တာက ဘယ်လောက်ကြာသေးလို့ မင်းက ကွာရှင်းချင်နေရတာလဲ? ချင်ရှင်းက မင်းသမီးကြောင့် ကိုယ်ဝန်ပျက်ကျခဲ့တာလေ…"
"ဝမ်အာလေးက သူကိုယ်ဝန်ပျက်ကျတာနဲ့ ဘာမှမဆိုင်ဘူး!"
ဝင်လာစကနေ အခုချိန်ထိ ချောင်ကျန်းမင်သည် ရှစ်မိသားစုက သူ့ကို ဘယ်လိုပဲ ဆူပူကြိမ်းမောင်းနေပါစေ မတုံ့ပြန်ခဲ့ပေ။
ဘာကြောင့်လဲဆိုတော့ ဒီကိစ္စက ကွာရှင်းဖို့ လုံလောက်တဲ့ ပြင်းထန်မှု မရှိပေ။ ကွာရှင်းပြတ်စဲတာက ရှစ်ချင်ရှင်းကို ကြီးမားသော ဒုက္ခ ဖြစ်စေသည်။ သို့တိုင် သူသည် ဝမ်အာလေးအား သူတို့ကို အပြစ်တင်ခွင့် ဘယ်တော့မှ မပေးပေ။
အမေရှစ် ဒေါသထွက်သွားသည်။ "ဒီအချိန်ထိတောင် မင်း သမီးကို ကာကွယ်ချင်သေးသလား? ဝမ်အာလေးက ဝင်တိုက်လို့ ချင်ရှင်း လဲကျသွားတယ်လို့ ပြောထားတယ်လေ!"
ချောင်ကျန်းမင်က လှောင်ပြောင်ပြီး "ဒါဆို ချင်ရှင်းက ခင်ဗျားတို့ကို မပြောရသေးဘူးပေါ့။ သူ ကိုယ်ဝန်ပျက်ကျတဲ့နေ့က သူ့ခင်ပွန်းဟောင်းနဲ့ တွေ့ပြီး အဲ့လူက သူ့ကို တွန်းထုတ်ခဲ့တာ။"
"ဘာ?"
ရှစ်မိသားစုသည် အဲ့တာကို ကြားသောအခါ သူတို့ အံ့သြသွားကြသည်။