အခန်း (၁၉၇)
Vol. 16 Ch. 197
ရှစ်မိသားစု၏ အငယ်ကောင်သည် ပြန်ဒေါသထွက်လာသည်။ သူက ဒေါသတကြီးနှင့် ချောင်ကျန်းမင်ကို အပြေးအလွှား ရိုက်ချင်နေသည်။ "လူယုတ်မာ၊ ငါ့အစ်မကို မဟုတ်တာမပြောနဲ့!"
ချောင်ကျန်းမင်က ဝင်လာသော လက်သီးကို ရှောင်လိုက်ပြီး အေးစက်စွာပြောသည်။ " မင်းအစ်မက ငါ သူ့ကို မကောင်းပြောတာလားဆိုတာ အားလုံးထက်သိတယ်။ ဝမ်အာလေးက သူ့ကို အစအဆုံးထိ ဘယ်မှ မလုပ်ခဲ့ဘူး။ ဝမ်အာလေးက သူနေမကောင်းတာ သိတော့ ငါ့ကို ပြောပြချင်ခဲ့တာ။ ချင်ရှင်းက သူ့ကို တားလိုက်တော့ မထင်မှတ်ဘဲ ချော်လဲသွားတာ။ အဲ့တာကြောင့် သူကိုယ်ဝန်ပျက်ကျသွားတယ်!”
သူ၏ ခိုင်လုံသော ရှင်းပြချက်ကြောင့် ရှစ်မိသားစုသည် မအံ့သြဘဲ မနေနိုင်တော့ပေ။ သူပြောတာက တကယ်လား?
သမီးက အဲ့ကောင်နှင့် ကွာရှင်းပြီးပြီလေ။ ဘာလို့ သူနဲ့ ထပ်တွေ့တာလဲ? ဘာလို့ သူမက တခြားသူလုပ်ခဲ့တာကို ဖုံးကွယ်ပြီး ကလေးမလေးပေါ် အပြစ်လွှဲချရတာလဲ?
ဒီလိုဆိုရင်တော့ သူတို့သမက်က ကွာရှင်းချင်နေတာ အံ့သြစရာ မဟုတ်ပေ။
အမေရှစ်သည် စိတ်ဆိုးသွားသည်။ သူမသည် သူ့သမီးဆီက လှည့်စားခံရတယ်လို့ ခံစားရသည်။
သူမ သမီးက သူမကို အမှန်အတိုင်းပြောခဲ့ရင် အဲဒီအချိန်တုန်းက သူမသည် ချောင်ကျန်းမင်ကို ဘယ်တော့မှ အဲ့လိုစကားတွေ မပြောခဲ့ပေ။
ဟုတ်တယ်၊ တကယ်မပြောပေ။
ဝမ်အာလေးသည် ချောင်ကျန်းမင်၏ အဖိုးတန်ဖြစ်သည်။ အမေရှစ်နှင့် ရှစ်ချင်ရှင်းက ဝမ်အာလေးကို သူ့မွေးရပ်မြေကို ပြန်ပို့ဖို့ မပြောခဲ့ဘူးဆိုရင် သူသည် ခင်ပွန်းဟောင်းကြောင့် ကိုယ်ဝန်ပျက်ကျသွားတာကို သိပြီးရင်တောင် သူ ဒီလို စိတ်ဆိုးမှာ မဟုတ်ပေ။
ရှက်ရွံ့သော အပြုံးဖြင့် အမေရှစ်က ပြောလိုက်သည်။ "ကျန်းမင်၊ ဒီကိစ္စက နားလည်မှုလွဲတာ ဖြစ်နိုင်တယ်။ ချင်ရှင်းက..."
သူမ စကားမဆုံးခင် တစ်ဖက်က တံခါးဖွင့်သံကြားလိုက်ရသည်။ ရှစ်ချင်ရှင်းသည် သူမ၏ မျက်လုံးများမှ မျက်ရည်နှစ်ကြောင်းဖြင့် တံခါးဝတွင် ပေါ်လာသည်။
အမေရှစ်သည် သူမ၏ စိတ်ထဲတွင် တုန်လှုပ်ပြီး အားကိုးရာမဲ့နေခဲ့သည်။ သူမ သမီးက တစ်ခါကွာရှင်းပြီးပြီ ဖြစ်သည်။ သူမသည် နောက်တစ်ကြိမ် ကွာရှင်းရင် သမီးလေးက သိက္ခာရှိမှာ မဟုတ်တော့ပေ။ သူတို့၏ ရှစ်မိသားစု တစ်ခုလုံးသည် လူများနှင့် တွေ့ဆုံရန် အပြင်ထွက်နိုင်မှာ မဟုတ်တော့ပေ။
သူမက သူ့သမီးကို အမြန်ဆွဲလိုက်ပြီး "နင် ဘာလို့ ကြောင်နေတာလဲ? ကျန်းမင်ကို ရှင်းပြဖို့ မထွက်လာသေးဘူးလား။ မြန်မြန်လာပြီး အဲ့နေ့က ဟိုကောင်ကို မတွေ့ဘူးလို့ ပြောလိုက်!"
ရှစ်ချင်ရှင်းသည် ချောင်ကျန်းမင်၏ အကြည့်နှင့် ဆုံသွားသည်။ သူမသည် မငြင်းဆိုရဲပေ။
ချောင်ကျန်းမင်သည် သူမ၏ အမူအရာကိုမြင်သောအခါ သူသည် သိသွားပြီး “ချင်ရှင်း အေးအေးချမ်းချမ်း လမ်းခွဲကြရအောင်။ ငါ အရင်လုပ်ထားတဲ့ ပိုက်ဆံတစ်ဝက် မင်းကို ငါပေးမယ်။ ငါ့ရဲ့ လျော်ကြေးအဖြစ် အဲ့တာကို ယူလိုက်!"
အိမ်ထောင်သက် နှစ်ဝက်ကြာပြီးနောက် ဒုတိယအကြိမ် ကွာရှင်းမှုသည် အမျိုးသမီးတစ်ဦးအတွက် သေချာပေါက် အကြပ်ရိုက်စေသည်။
သူမကို စိတ်ရင်းဖြင့် သဘောကျခဲ့သည်။ ပြီးတော့ သူမသည် သူတို့ကလေးကို မွေးလုနီးနီး ဖြစ်ခဲ့သည်။ ထို့ကြောင့် ထိုငွေကို သူမအတွက် လျော်ကြေးအဖြစ် သတ်မှတ်ခဲ့သည်။
ရှစ်ချင်ရှင်းရဲ့ နှလုံးသားက ဓားနှင့် ခုတ်ခံရသလို ခံစားရသည်။ သူမသည် မျက်ရည်များ ကျလာပြီး “ကျန်းမင် ကျွန်မ မကွာရှင်းဘူး! ကျွန်မ မှားမှန်းသိပါတယ်။ အဲဒီနေ့က အဲ့ခွေးကောင် ကျွန်မကို ရုတ်တရက် နှောင့်ယှက်တာ။ သူနဲ့ တစ်ခုခုလုပ်ခဲ့ပြီး ရှင့်ပေါ် မှားခဲ့တယ်လို့ ရှင်ထင်သွားမှာကို ကျွန်မ ကြောက်တယ်။ ချန်ချောင်ချောင်နဲ့ ကျွန်မက တစ်ပုံစံတည်းပဲလို့ ရှင်အပြစ်တင်မှာကို ကျွန်မ ကြောက်တယ်။ ဒါကြောင့် ရှင့်ကို ကျွန်မ မပြောရဲခဲ့တာ။”
တကယ်တော့ သူမသည် အမှန်တရားကို အပြည့်အ၀ မပြောခဲ့ပေ။
သူမ၏ ခင်ပွန်းဟောင်းသည် ပန်းချီဆွဲရာ၌ ကျွမ်းကျင်သည်။ သူတို့နှစ်ဦး ချစ်ခင်စုံမက်ကြတုန်းက သူမသည် အလွန် ပေါ်လွင်သော ၀တ်စားဆင်ယင်မှုဖြင့် အလွန်ထင်ရှားသော ပန်းချီကားတစ်ချပ်ကို ရေးဆွဲခဲ့သည်။
ကွာရှင်းပြီးချိန်မှာတော့ သူမသည် ပန်းချီကားကို မီးရှို့ချင်ပေမယ့် ရှာမတွေ့ခဲ့ပေ။ သူမသည် လူယုတ်မာကို မေးဖူးသည်။ သူသည် မသိဘူးလို့ ပြောခဲ့သည်။ သူသည် အဲ့တာကို ဝှက်ထားသည်ဟု ဘယ်တုန်းကမှ သူမသည် မထင်ခဲ့ပေ။
အဲဒီနေ့မှာ သူက သူမကို ပန်းချီကားဖြင့် ခြိမ်းခြောက်ပြီး ပန်းချီကားကို ယွမ်တစ်ရာနှင့် ပြန်ဝယ်ဖို့ ပြောခဲ့သည်။ မဟုတ်ရင် သူက ချောင်ကျန်းမင်ကို ပန်းချီကားကို ပြလိမ့်မည်။ သူမသည် ဒေါသထွက်ပြီး ကြောက်ခဲ့သည်။ ထို့ကြောင့် သူမသည် သူနှင့် စကားများ ရန်ဖြစ်ရင်း မထင်မှတ်ပဲ အဲ့လူယုတ်မာက သူမကို တွန်းခဲ့သည်။
သူမသည် ထိုကဲ့သို့ "အရှက်မရှိသော" ပန်းချီကားတစ်ချပ်ကို လူတိုင်းသိမှာကို ကြောက်သောကြောင့် သူမ၏ ခင်ပွန်းဟောင်း သူမဆီ ရောက်လာသည်ကို အခြားသူများကို သိခွင့်မပေးရဲပေ။
"ဒါဆို ကိုယ်ဝန်ပျက်ကျတာကို မင်းက ဝမ်အာလေးရဲ့ ခေါင်းပေါ် ပုံချလိုက်တာလား?" ချောင်ကျန်းမင်က "မင်းရဲ့အကြောင်းပြချက်က ရယ်စရာကောင်းလွန်းတယ် မဟုတ်ဘူးလား?"
သူမသည် ခင်ပွန်းဟောင်းအကြောင်းကို မပြောချင်တာ အဆင်ပြေသည်။ ဘာလို့ သူမဘာသာ လဲကျသွားတယ်လို့ မပြောတာလဲ။ ဘာကြောင့် သူမသည် အဲ့တာကို လေးနှစ်အရွယ်ကလေးပေါ် ပုံချရတာလဲ?
ပြတ်ပြတ်သားသားပြောရလျှင် သူမသည် ဝမ်အာလေးကို သည်းမခံနိုင်တော့တာဖြစ်သည်။
ရှစ်ချင်ရှင်း၏ ပါးစပ်သည် ခဏခဏ ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေခဲ့သည်။ သူမသည် စကားတစ်ခွန်းမှ ပြန်မပြောနိုင်ခဲ့ပေ။
အခြေအနေက ပိုဆိုးလာခဲ့သည်။ အစက ရှစ်မိသားစုသည် မောက်မာနေကြပြီး ချောင်ကျန်းမင်ကို ဆွဲဖြဲပစ်ချင်ကြသည်။ သို့သော် အခုတော့ ရှစ်ချင်ရှင်း၏ တုန့်ပြန်သံကို ကြားလိုက်ရသောအခါ သူတို့သည် တင်းတင်းမာမာ မနေနိုင်တော့ပေ။
အမေရှစ်က သူ့သမီး နောက်ကျောကို နှစ်ကြိမ် ရိုက်လိုက်ပြီး ကြိမ်းမောင်းခဲ့သည်။ " စောက်ကလေး။ နင့်အကြောင်း ငါ့ကို နင်ဘာပြောချင်လဲ? ကျန်းမင် ရှစ်ချီက သူမှားနေပြီဆိုတာ သူသိပါတယ်။ ဒါက ကိစ္စကြီး မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ ကွာရှင်းတဲ့ထိ မရောက်ဖို့ မလိုဘူးမလား?"
ချောင်ကျန်းမင် - “မကွာရှင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရှစ်ချင်က မိသားစုတွင်း ရှာထားတဲ့ လစာအားလုံးကို ဝမ်အာလေး လက်ထပ်ရင် ခန်းဝင်ပစ္စည်းအဖြစ်ပေးဖို့ သဘောတူမယ်ဆို ငါမကွာရှင်းဘူး။”
အားလုံး ဝမ်အာလေးကို ပေးရမှာလား?
ဒါဆို ဒီအိမ်ထောင်ရေးက ဘာအတွက်လဲ?
အဆုံးမှာတော့ ရှစ်ချင်ရှင်းက သဘောတူခဲ့ရင်တောင် ရှစ်မိသားစုက သဘောမတူပေ။
နောက်ဆုံးတော့ သူတို့သည် ကွာရှင်းပြတ်စဲသွားကြသည်။
ကွာရှင်းတဲ့နေ့မှာ ချောင်ကျန်းမင်က ရှစ်ချင်ရှင်းကို ယွမ်လေးရာ ပေးခဲ့သည်။ သူမကို အေးအေးဆေးဆေးကြည့်ရင်း ပြောလိုက်သည်။ “မင်းခင်ပွန်းဟောင်းက မင်းကို တွန်းချခံရတယ်ဆိုတာ ငါဘယ်လိုသိတာလို့ မင်းထင်လဲ? အိုး မဟုတ်ဘူးဘဲ မင်းရဲ့ အရင့်အရင် ခင်ပွန်းဟောင်းပဲ။”
ဖြူဖျော့သောမျက်နှာနှင့် ရှစ်ချင်ရှင်းက မတုံ့ပြန်ခဲ့ပေ။ သူမသည် သိချင်နေခဲ့သည်။
"ဝမ်အာလေးက ငါ့ကို ပြောခဲ့တယ်။ မင်းကို ပြန်ပေးဆွဲသူတွေ ပြန်ပေးဆွဲမှာကို သူကြောက်တယ်တဲ့။ မင်း ဈေးဝယ်ထွက်တိုင်း သူက မင်းကို အကာအကွယ်ပေးချင်လို့ တိတ်တိတ်လေး မင်းနောက်က လိုက်ခဲ့တာ။ ဒါပေမယ့် မင်းက... သူသဘောကျပေးတာနဲ့ မတန်ဘူး!"
စကားပြောပြီးနောက် ချောင်ကျန်းမင်က သူမကို မကြည့်တော့ဘဲ သူသည် လှည့်ထွက်သွားသည်။
ရှစ်ချင်ရှင်းသည် သူ့နောက်ကျောကို ဝေးပြီးရင်းဝေးသွားတဲ့ထိ ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် သူမသည် ထိုင်ချလိုက်ကာ ခြေထောက်များကို ပွေ့ဖက်ပြီး ရှိုက်ကြီးတငင် ငိုခဲ့သည်။
သူမသည် ဝမ်အာလေးကို အမှားလုပ်မိလို့ ငိုတာလား ဒါမှမဟုတ် အိမ်ထောင်ရေး ပျက်သွားလို့လား မသိပေ။
ရှစ်ချင်ရှင်း၏ အသနားခံမှုကြောင့် သယ်ယူပို့ဆောင်ရေးကုမ္ပဏီသည် ချောင်ကျန်းမင်ကို အလုပ်မထုတ်ခဲ့ပေ။ သို့သော်လည်း ချောင်ကျန်းမင်သည် ရက်အနည်းငယ်အကြာတွင် ထုပ်ပိုးပြီး ထွက်ခွာသွားခဲ့သည်။
ထိုသို့သောကိစ္စပြီးနောက် တစ်ဖက်က သူ့ကို မထုတ်ခဲ့သော်လည်း သူတို့သည် သူ့ကို 'ဆီပါဝင်မှုအဖွဲ့' မှ ထုတ်ပယ်ခဲ့ပြီး စီးပွားရေးဆိုင်ရာ ခရီးစဉ်များကို ဘယ်တော့မှ မပေးအပ်တော့ပေ။
ဆီပါဝင်မှုမှာမပါရဘဲ ဒီအလုပ်က ခက်ခဲပင်ပန်းသည်။ သူဘာလို့ ဆက်နေရမှာလဲ?
မြို့ကိုပြန်ပြီး အလုပ်ရှာတာက ပိုကောင်းသည်။ ဤနည်းဖြင့် သူသည် အိမ်နှင့် ပိုနီးနိုင်ပြီး သူ့သမီးနှင့် မိဘများကို ပြုစုစောင့်ရှောက်ရန် ပိုမိုလွယ်ကူစေသည်။
ကွာရှင်းပြီး တစ်လခွဲအကြာတွင် ရှစ်ချင်ရှင်း၏ ခင်ပွန်းဟောင်းသည် တစ်စုံတစ်ယောက်ကြောင့် ခြေထောက်ကျိုးသွားခဲ့သည်။
နှစ်ဝက်အကြာတွင် ရှစ်ချင်ရှင်းကို အဝေးမှ ဆွေမျိုးတစ်ဦးက အခြားပြည်နယ်သို့ အိမ်ထောင်ဖက် ချိတ်ပေးခဲ့သည်။ သူမသည် နှစ်ပေါင်းများစွာကြာ ပြန်မလာတော့ပေ။
နှစ်နှစ်အောက်အတွင်း နှစ်ကြိမ်ကွာရှင်းခဲ့ပြီး လွှင့်မပစ်နိုင်သော အံ့ဆွဲထဲတွင် ကွာရှင်းခြင်းအသိမှတ်ပြု စာချုပ်များရှိသည်။ အဲ့တာက ချောင်ကျန်းမင်ကို အလွန်စိတ်ဓာတ်ကျစေသည်။
သူသည် မျက်နှာပေါ်တွင် သက်ရောက်မှုမရှိဟု ထင်ရသော်လည်း အမှန်တကယ်တွင် သူသည် အလွန်စိတ်ဓာတ်ကျနေသည်။
ချန်ချောင်ချောင်ကို လက်ထပ်ရခြင်း အကြောင်းအရင်းမှာ ငယ်ရွယ်လွန်းပြီး အလျင်စလို ဆုံးဖြတ်ချက် ချခဲ့သောကြောင့်ဟု ဆိုနိုင်သည်။ ရှစ်ချင်ရှင်းနှင့် ဒီတစ်ကြိမ်မှာတော့ သူသည် ထပ်ခါတလဲလဲ အတည်ပြုပြီးနောက် လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့သည်။ မမျှော်လင့်ဘဲ ဒီလို ရလဒ် ဖြစ်ခဲ့သည်။
ချန်ချောင်ချောင်က သူ့ကို ဦးထုပ်စိမ်းဆောင်းပေးပြီး တခြားလူရဲ့ ကလေးကို ပြုစုပျိုးထောင်စေချင်ခဲ့သည်။ ရွံရှာလွန်း၍ သူသည် ဒီတစ်သက်မှာ သူမကို ဘယ်တော့မှ မတွေ့ချင်ပေ။
ရှစ်ချင်ရှင်းသည် တကယ့် လူဆိုး မဟုတ်သော်လည်း သူမသည် တစ်ကိုယ်ကောင်းဆန်လွန်းသည်။ ဒီအိမ်ထောင်ရေးသာ ဆက်သွားရင် သူမက ဝမ်အာလေးကို အဆုံးစွန်ထိ နာကျင်စေလိမ့်မည်။
ချောင်ကျန်းမင်သည် ဝိုင်ကိုထုတ်ကာ သူ့ကိုယ်သူ မူးစေသည်။ အဆုံးတွင် သူသည် သတိလစ်ပြီး အိပ်ပျော်သွားသည်။
အိပ်ပျော်ပြီးနောက် သူသည် အိပ်မက်တစ်ခု မက်သည်။
အိပ်မက်ထဲတွင် သာ့ချောင်သည် နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ ဆေးဖက်ဝင် မှိုကို မကောက်ယူခဲ့ပေ။ ခရိုင်မြို့တွင် ဆရာဝန်သွားပြဖို့ ဝမ်အာလေးကို မခေါ်ခဲ့ပေ။ ထို့ကြောင့် ဝမ်အာလေးသည် မပျောက်ခဲ့ပါ။ သူသည် ချန်ချောင်ချောင်နှင့်လည်း မကွာရှင်းခဲ့ပေ။
အိပ်မက်ထဲမှာတော့ သူသည် ခရိုင်မြို့က သယ်ယူပို့ဆောင်ရေး အဖွဲ့မှာ အလုပ်လုပ်နေတုန်းပင်။ သုံးနှစ်ကြာ အလုပ်လုပ်ပြီးနောက် သယ်ယူပို့ ဆောင်ရေး အဖွဲ့မှ ခေါင်းဆောင်များကို ရဲများက ဖမ်းဆီးခဲ့သည်။ ရောင်းချခြင်းကြောင့် အဖမ်းခံရသည့် ခေါင်းဆောင်များအားလုံးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။
သူသည် အရေးယူခြင်းမခံရသော်လည်း ထောင်ဒဏ် အနှစ်နှစ်ဆယ် ချမှတ်ခံခဲ့ရသည်။
သူထောင်ကျပြီး နှစ်ဝက်မပြည့်ခင်မှာ ချန်ချောင်ချောင်က သူ့သမီးကို ထားခဲ့ပြီး နောက်တစ်ယောက်နှင့် လိုက်ပြေးသွားခဲ့သည်။ သူ့အိမ်မက်ထဲမှာ သူ့မိဘတွေက လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဆုံးသွားသည်။ သူသည် သူ့အစ်ကိုနှစ်ယောက်အား ဝမ်အာလေးကို မွေးစားရန် အပ်ထားခဲ့သည်။
သူထောင်ကျပြီး ငါးနှစ်မှာ သူ့အစ်ကိုကြီးက ဝမ်အာလေးသည် ရေနစ်သွားတယ်လို့ သူ့ကို ပြောခဲ့သည်။
သူသည် အိပ်မက်ကနေ နိုးလာပြီး အေးစက်နေတဲ့ ချွေးတွေ ထွက်လာခဲ့သည်။
သူ့မျက်နှာကို ဆေးကြောပြီးနောက် ထွက်ခွာမသွားမီ သယ်ယူပို့ဆောင်ရေးအဖွဲ့တွင် သူ့၏ ပတ်သက်မှု ခြေရာများအားလုံးကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ခဲ့သည်။
ချောင်ကျန်းမင် ကွာရှင်းပြန်ပြီဆိုတာကို ထုတ်လုပ်ရေးအဖွဲ့က သိတာနှင့် သူတို့သည် ပေါက်ကွဲပြန်သည်။
"သူတို့လက်ထပ်တာ ဘယ်လောက်ကြာပြီလဲ? ဘာလို့ကွာရှင်းပြန်တာလဲ?"
"ဟုတ်တယ်။ ငါ ချောင်အိမ်ကို သွားမေးကြည့်တယ်။ ချောင်မိသားစုက ဘာမှ မပြောဘူး။ အကြီးဆုံး ချောင်ရဲ့ ဇနီးက သူ့ယောက္ခမ သူ့ကို ဆူပူကြိမ်းမောင်းမှာ ကြောက်လို့ မပြောရဲဘူး။ ဒါပေမယ့် ပဉ္စမမြောက်ချောင်က ကွာရှင်းထားရုံတင်မကဘူး အလုပ်ပါပြုတ်သွားတာလို့ ငါကြားခဲ့တယ်။"
"အမယ်လေး ဘုရား။ ဘာဖြစ်တာလဲ? ပဉ္စမမြောက်ချောင်က တစ်ဖက်လူပေါ် မှားခဲ့တာလို့ မင်းထင်လား?"
"ဖြစ်နိုင်တယ်။ သူက ကြီးကျယ်တဲ့ နောက်ခံရှိတဲ့ လူတစ်ယောက်ကို ထိခဲ့ပြီး ငါတို့က အဲ့တာကို ကူညီနေရမှာ ငါကြောက်တယ်။"
အဆုံးမရှိသော ထင်ကြေးများ ရှိသည်။ ချောင်မိသားစုက ဘယ်တော့မှ ပြတ်ပြတ်သားသား မတုံ့ပြန်ခဲ့ပေ။
ဤကွာရှင်းပြီးနောက် ချောင်ကျန်းမင်သည် နွေးထွေးသော လူအဖြစ်မှ မည်သူနှင့်မျှ အဆက်အဆံမရှိသော လူအဖြစ် ပြောင်းသွားသည်။
ချောင်မိသားစုသည် ကြီးပွားချမ်းသာဆဲဖြစ်ပြီး ချောင်ကျန်းမင်သည် နောက်ပိုင်းတွင် မြို့တွင်း၌ အလုပ်တစ်ခုရှာခဲ့သော်လည်း သူ့၏ ထပ်ခါတလဲလဲ ကွာရှင်းမှုကို သည်းမခံနိုင်ပေ။ ဒါကြောင့် သူဘယ်လောက်ပဲ ကောင်းကောင်းလုပ်ပါစေ အဲဒါက အသုံးမ၀င်ပေ။
ချောင်ကျန်းမင် ပြန်လာပြီးနောက် ချောင်ကျန်းကျွင်း အလုပ်လုပ်သော စားသောက်ကုန်စက်ရုံမှ ယာဉ်မောင်းသည် မတော်တဆမှုဖြစ်ပြီး အလုပ်ဆက်လက်မလုပ်နိုင်တော့ပေ။ ချောင်ကျန်းကျွင်းမှ ညွှန်းခံရပြီးနောက် ချောင်ကျန်းမင်သည် အင်တာဗျူး သွားခဲ့သည်။ နောက်ဆုံး အင်တာဗျူးအောင်ပြီး စက်ရုံမှာ အလုပ်လုပ်ခဲ့သည်။
ညီအစ်ကိုနှစ်ယောက်က စက်ရုံတစ်ခုတည်းမှာ အလုပ်လုပ်ကြပြီး အချိန်တူတူ ကုန်ဆုံးကြသည်။
ခရိုင်တွင် အလုပ်ပြုတ်သွားပြီးနောက် ချောင်ကျန်းမင်အတွက် လူအများအပြားသည် စိတ်မကောင်းဖြစ်ခဲ့ကြသည်။ သူတို့သည် သူရဲ့ ဒုတိယကွာရှင်းမှုအကြောင်းလည်း အများကြီး ဆွေးနွေးခဲ့ကြသည်။
လူအနည်းစုသည် အဲ့တာကို နားမလည်ခဲ့ကြပေ။ ချောင်ကျန်းမင်သည် ခရိုင်တွင် သယ်ယူပို့ဆောင်ရေး အဖွဲ့မှ ထွက်ခွာပြီး တစ်နှစ်အကြာတွင် သယ်ယူပို့ဆောင်ရေး အဖွဲ့မှ လူများသည် ပြန်လည်ရောင်းချခြင်းကြောင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။
ယခုခေတ်တွင် ပြန်လည်ရောင်းချခြင်းသည် အလွန်ဆိုးရွားသော ရာဇ၀တ်မှုဖြစ်သည်။ အဲဒီလူတွေအားလုံးကို သေဒဏ်ပေးသည်။
လူတချို့က ထွက်သွားပြီဖြစ်တဲ့ ချောင်ကျန်းမင်ကို တွန်းထုတ်ချင်ကြသည်။ ဒါပေမယ့် သူထွက်သွားတာ တစ်နှစ်ရှိပြီ ဖြစ်သည်။ နောက်တစ်ချက်ကတော့ သူ့ကို မထင်မှတ်ဘဲ ရုတ်တရက် ဖမ်းရင်တောင် အထောက်အထား ရှာရခက်သည်။ အဆုံးမှာတော့ ချောင်ကျန်းမင်ကို မသက်ရောက်ခဲ့ပေ။
ချောင်ကျန်းမင်သည် ထိုအိမ်မက်ကို သတိရသောအခါ ချွေးပြန်သွားပြန်သည်။
ထို့အပြင် သူသည် ရှစ်ချင်ရှင်းနှင့် မကွာရှင်းခဲ့ပါက၊ သူသည် ဒီဘေးဆိုးမှ လွတ်မြောက်မည် မဟုတ်ပေ။
ရုတ်တရက် သူသည် စိတ်သက်သာရာ ရသွားသည်။
နွေဦးပြီးနောက် ဆောင်းဦးရောက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်သုံးနှစ် ကုန်ဆုံးသွားသည်။
၁၉၇၇ ရောက်လာခဲ့သည်။ သာ့ချောင်က ဆယ့်တစ်နှစ်ပဲ ရှိသေးသည်။ သူမသည် လှပသော ခြေတံရှည်များနှင့် ဖြူဖွေးသော အသားအရေဖြင့် မိန်းမငယ်လေးအဖြစ် ကြီးပြင်းလာခဲ့သည်။
သူမ၏ အသားအရေသည် အမြဲတမ်း ဖြူဖွေးနူးညံ့နေသည်။ သူမသည် နေရောင်နှင့် ဘယ်လောက်ပဲ ထိတွေ့နေပါစေ သူမရဲ့ မျက်နှာမှာ အပြစ်အနာအဆာမရှိပဲ သူမရဲ့ မျက်နှာအသွင်အပြင်ဟာ ကြီးပြင်းလာတာနဲ့အမျှ ပိုပိုပြီး သိမ်မွေ့လာသည်။ သူမသည် ပန်းချီကားတစ်ချပ်မှ ထွက်လာသော ကောင်းကင်မှ နတ်သမီးလေးနှင့် တူသည်။
ပိုအရေးကြီးတာက သူမသည် တစ်တန်းလုံးမှာ အကြိမ်တိုင်း ပထမနေရာကို ရရှိခဲ့တာဖြစ်သည်။ လွန်ခဲ့သည့် တစ်နှစ်မတိုင်မီက ခရိုင်၏ မူလတန်းကျောင်းဆင်းစာမေးပွဲတွင် သူမသည် ခရိုင်၏ပထမနေရာဖြစ်သဖြင့် ပညာရေးဗျူရိုတွင် အာရုံစိုက်မှုကို လှုံ့ဆော်ပေးခဲ့သည်။
ထိုအချိန်တွင် ခရိုင်ပညာရေးဗျူရိုက သူမကို ယွမ်ငါးဆယ် ဆုချီးမြှင့်ခဲ့သည်။ မြို့ပညာရေးဗျူရိုက သူမကို ယွမ်သုံးဆယ် ဆုချီးမြှင့်သည်။ ကျေးရွာက သူမကို ယွမ်နှစ်ဆယ် ဆုပေးစဉ်တွင် အဲဒါက ယွမ်တစ်ရာ တိတိအထိ တိုးသွားသည်။
သူမကို ကျောင်းတက်ခွင့်ရဖို့အတွက် မြို့ထဲက အလယ်တန်းကျောင်းက အခမဲ့ကျူရှင်နှင့် နေရာထိုင်ခင်းအပြင် ပညာသင်နှစ်ဝက် တစ်ခုအတွက် ထောက်ပံ့ကြေး ယွမ်နှစ်ဆယ် ပေးခဲ့သည်။
စာကျက်ခြင်းသည် ငွေများစွာရနိုင်သောကြောင့် လူတိုင်း အံ့ဩသွားကြသည်။
သာ့ချောင်သည် ပထမစိန်ခေါ်မှုတွင် နာမည်ကြီးလာခဲ့ပြီး သူမသည် ‘ချောင်မိသားစု၏’ ကလေးဖြစ်သည်။ လူတိုင်းက သူမလို ရုပ်ရည်ချောမောပြီး ထက်မြက်တဲ့ကလေးကို မွေးချင်ကြသည်။
သာ့ချောင် အလယ်တန်း ဒုတိယနှစ်မှာတုန်းက သတင်းတစ်ပုဒ်သည် တစ်နိုင်ငံလုံးကို ပျံ့လွင့်သွားသည်။ အဲဒါက ဆယ်နှစ်ကြာ ဆိုင်းငံ့ထားတဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ပြန်စဖို့ ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်သည်။