အခန်း (၂၀၉)
Vol. 17 Ch. 209
သူတို့သားအမိနှစ်ယောက်က သူ့ခံစားချက်တွေကို နားမထောင်ချင်ကြတာ သိလိုက်ရတော့ ဟော်ကျန့်ချန်က သက်ပြင်းချလိုက်ပြီး ခေါင်းစဉ်ကို တည့်တည့်သွားလိုက်သည်။ “ငါ ကွာရှင်းတာကို သဘောတူပါတယ်။”
သိုက်ရှုဖန်သည် သူ့အပေါ် မျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့ပြီ ဖြစ်သည်။ ဒါတောင် ဒီစကားကြားတော့ သူမ မျက်ရည်တွေ ထိန်းမရ ဖြစ်သွားသည်။
ဆန့်ကျင်ဘက်တွင် ဝမ်အန်နာသည် သူမ၏ မျက်နှာပေါ်တွင် ဂုဏ်ယူသောပုံစံ ရှိနေသည်။ သူမ၏ ရင်ဘတ်သည် အနိုင်ရသော ကြက်တစ်ကောင်လို မြင့်တက်လာသည်။
ဟော်ချီသည် လက်သီးများကို ဆုပ်ထားသည်။ နဖူးပေါ်ရှိ သွေးပြန်ကြောများ ထောင်လာသည်။ "ခင်ဗျား ပြီးပြီလား။ ဒီကနေ အခုထွက်သွား!"
ဟော်ကျန့်ချန်က အသဲအသန်ပြောသည်။ “ချီအာ စိတ်အေးအေးထားပြီး ငါ ပြီးအောင်ပြောပါရစေ!”
သူသည် အလွန်နှိမ့်ချပြီး သနားစရာ ဖခင်ပုံစံ မဟုတ်ပါ။
သိုက်ရှုဖန်က သူ့ကို စွန့်လွှတ်လိုက်ပေမယ့် သူတို့ကြားက ကိစ္စတစ်ခုပင်။ အဆုံးတွင် သူသည် ဟော်ချီ၏ ဖခင်ဖြစ်နေဆဲဖြစ်သည်။ သူမသည် ဟော်ချီကို အနာဂတ်တွင် သူ့ဖခင်အရင်းကို အမုန်းတရားများဖြင့် နေထိုင်မသွားစေလိုပါ။
သူမသည် သူမ သား၏လက်ကို ကိုင်ထားသည်။ "စိတ်မတိုပါနဲ့ ချီအာ။ သူပြောတာကို နားထောင်လိုက်ရုံပါပဲ။ ဒီအချိန်မှာ ငါတို့နားထောင်သင့်တယ်။"
သိုက်ရှုဖန်တို့ သားအမိ ဒေါသထွက်ပြီး စိတ်တိုနေကြတာကို မြင်လိုက်ရတော့ ဝမ်အန်နာသည် ပူပြင်းတဲ့ နေ့တွေမှာ ရေခဲမုန့်စားတာထက် ပိုပြီး လန်းဆန်းသွားသလို ခံစားရသည်။
ဟော်ကျန့်ချန် - "ငါ့ပိုင်ဆိုင်မှုတွေကို ကြိုခွဲဖို့ ဆုံးဖြတ်ခဲ့တယ်!"
ဒါကိုကြားတော့ ဝမ်အန်နာရဲ့ နှလုံးသည် တုန်လှုပ်လာခဲ့သည်။ သူမ၏ နှလုံးသားထဲတွင် ထူးဆန်းသော ကြိုတင်သတိပေးချက်တစ်ခု ရှိနေသည်။
သေချာတာပေါ့ နောက်အခိုက်အတန့်မှာ သူမသည် ဟော်ကျန့်ချန်က ဆက်ပြောတာကို ကြားလိုက်ရသည်။ "ကျွန်တော့် နာမည်အောက်မှာ ရှိပြီးသားပိုင်ဆိုင်မှုတွေကို အပိုင်းလေးပိုင်းခွဲမယ်။ တစ်ပိုင်းကို ကျွန်တော်နဲ့အဖေ့အတွက်။ ရှုဖန်အတွက် တစ်ပိုင်းနဲ့ ချီအာအတွက် တစ်ပိုင်းပါ။ အန်နာနဲ့ တခြားကလေးနှစ်ယောက်အတွက် တစ်ပိုင်းပါ။”
ဤခွဲဝေမှုသည် တရားမျှတသည်ဟု ထင်ရသော်လည်း ထိုသို့မဖြစ်ခဲ့ပါ။
ယောက္ခမ ဟော်ဟွားချင်းသည် အစကတည်းက သူမ၏ အထောက်အထားကို ဘယ်တော့မှ အသိအမှတ်မပြုခဲ့ပေ။ သူမနှင့် ကလေးနှစ်ယောက်ကိုလည်း ဂရုမစိုက်ပါ။ သူ့သဘောထားကို ကြည့်ပြီး သူသည် သိုက်ရှုဖန် ဘက်က ရပ်တည်ဖို့ စိတ်ပိုင်းဖြတ်ခဲ့သည်။
ဤနည်းဖြင့် သူ့လက်ထဲတွင်ရှိသော ပိုင်ဆိုင်မှုများကို သူမ ကလေးနှစ်ယောက်မဟုတ်ဘဲ အနာဂတ်တွင် ဟော်ချီထံ ချန်ထားခဲ့မည်ဖြစ်သည်။
ဒါကိုတွေးပြီး ဝမ်အန်နာက မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။ ကံကောင်းထောက်မစွာ သူမသည် လုံးဝ မရှုံးသေးပါ။
သူမအနားရှိ ဟော်ကျန့်ချန်ကို သူမ မျက်လုံးများ ကျရောက်သွားသည်။
ဟော်ကျန့်ချန်သည် သူမနှင့် ကလေးများနှင့်အတူ နေထိုင်မည်ဖြစ်သည်။ သူ့ကို ကောင်းကောင်းချော့မော့နေသရွေ့ သူ့ပိုင်ဆိုင်မှုတွေကို သူတို့ရဲ့ ကလေးတွေဆီ အနာဂတ်မှာ ချန်ထားခဲ့နိုင်သည်။
ထို့အပြင် ဟော်ကျန့်ချန်သည် ရွှေဥဥနိုင်သည့် ကြက်မနှင့်တူသည်။ သူ့အစွမ်းအစရှိသရွေ့ သူ့လက်ထဲမှာရှိတဲ့ ပိုက်ဆံက ပိုပိုပြီး များလာလိမ့်မည်။ ခွဲဝေပေးခဲ့တဲ့ ငွေတွေကို သေချာပေါက် ပြန်ရှာနိုင်လိမ့်မည်။
ဒါကို တွေးရင်း သူမ နည်းနည်း စိတ်သက်သာရာ ရသွားသည်။
မထင်မှတ်ပဲ ဟော်ကျန့်ချန် စကားမဆုံးသေးပေ။
သူမသည် သူဆက်ပြောတာကို ကြားခဲ့သည်။ "မင်းတို့ သားအမိပေါ် ငါမှားခဲ့တယ်။ မင်းတို့အနားမှာ မင်းတို့ကို ဂရုစိုက်ဖို့ အဆင်ပြေမှာမဟုတ်ဘူး ဒါကြောင့် မင်းတို့အတွက် လျော်ကြေးအဖြစ် ငါ့ဝေစုကိုထားခဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်။"
ဘာလဲ!?
သူ့ဝေစုကို သိုက်ရှုဖန်တို့ သားအမိအတွက် ချန်ထားခဲ့မှာလား?
ဆိုလိုတာက သူ့လက်ထဲမှာရှိတဲ့ အမွေအားလုံးရဲ့ လေးပုံသုံးပုံက သူတို့လက်ထဲ ကျန်ရစ်ခဲ့သည်။ သူနဲ့ သူ့ကလေးနှစ်ယောက်က လေးပုံတစ်ပုံပဲ ရသည်!!
"အစ်ကို ချန်!" ဝမ်အန်နာသည် စိတ်ပူလာသည်။
ဒါပေမယ့် သူမ ပါးစပ်ကို မဖွင့်ခင် ဟော်ကျန့်ချန်က သူမကို တားလိုက်ပြီး "ဆက်မပြောနဲ့။ ဒါက သူတို့ သားအမိတွက် ငါတင်နေတဲ့ အကြွေးပဲ။ နောင်မှာ မင်းနဲ့ ကလေးတွေက ငါ့အနားမှာ ရှိနေမှာ။ ဒါကြောင့် ငါ သူတို့တွက် ပိုက်ဆံချန်ထားခဲ့သင့်တယ်"
ဤဝါကျ၏ အဓိပ္ပါယ်မှာ - ပိုက်ဆံတွေကို သားအမိကို ပေးတာကြောင့် ငါက ငါ့ကိုယ်ငါ မင်းကို ပေးတယ်။
ဝမ်အန်နာက အရမ်း ဒေါသထွက်လွန်းလို့ ပါးစပ်ထဲက သွေးတွေ ထွက်ကျလုမတတ် ဖြစ်နေသည်!!
သို့သော် ဟော်ကျန့်ချန်၏ ဆုံးဖြတ်ချက်သည် ပြောင်းလဲမည်မဟုတ်ကြောင်း သူမ သိသည်။
သူမသည် သိုက်ရှုဖန်အား မျှော်လင့်ချက်ထားရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။ "အစ်မ သိုက် အစ်မတို့ကို စောင့်ရှောက်ဖို့အတွက် အစ်ကို ချန်က မီနိုင်ငံမှာ ကျွန်မတို့ ရှာခဲ့တဲ့ ပိုက်ဆံအများစုကို အစ်မတို့တွက် ချန်ထားခဲ့တာ။ အစ်ကို ချန်က အစ်မပေါ်ကို အရမ်းကြင်နာတယ်!"
သူမဆိုလိုသည်မှာ သူမနှင့် ဟော်ကျန့်ချန်တို့ ပင်ပင်ပန်းပန်း ရှာထားသော ငွေများဖြစ်သည်။ သူမမှာ အသည်းနှလုံးရှိရင် သူမသည် ဒါတွေကို ယူမှာမဟုတ်ဘူး!
သိုက်ရှုဖန်သည် ဝမ်အန်နာ၏ လှည့်ကွက်လေးကို တစ်ချက်ကြည့်လိုက်သည်။
အဲ့တာကို တောင်းပန်ပါသည်။ သန်မာမှုနဲ့ ယှဉ်ရင် ပိုက်ဆံက ပိုအရသာရှိတယ်လို့ သူမ ခံစားရသည်။
သူမသည် သူတို့ကိုကြည့်ကာ တစ်ခွန်းပြီး တစ်ခွန်းပြောလိုက်သည်။ “ရှင့်မှာ ဒီလို ဖြေရှင်းချင်တဲ့ နှလုံးသားရှိတယ်ဆို ပိုက်ဆံကို... ကျွန်မတို့ လက်ခံမှာပါ"
ဝမ်အန်နာ - "..."
ဝမ်အန်နာ၏ မျက်နှာသည် အရောင်ပြောင်းသွားသည်။ သူမသည် ခုန်ပေါက်ကာ သူ့ပုခုံးကို ကိုင်ပြီး အော်ဟစ်လိုက်ချင်သည်။ ‘အလုပ်ကြိုးကြိုးစားစားလုပ်ပြီး အကျိုးအမြတ်က ဘာလို့ နည်းနည်းလေးပဲရတာလဲ’။ ဘယ်ကရလာတဲ့ ပိုက်ဆံလည်းမသ်ိဘဲ ဘာလို့ယူကြတာလဲ? နင့်ရဲ့ သန်မာမှုတွေက ဘယ်မှာလဲ? နင့်ရဲ့ သန်မာမှုကို ထုတ်လိုက်စမ်းပါ အားးးးး!!'
ဟော်ချီက သူ့အမေက သူ့အဖေရဲ့ ပိုက်ဆံကို လက်ခံလိုက်ကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။
သူ့အမေရဲ့ လုပ်ရပ်ကို နားမလည်ပေမယ့် အခုချိန်မှာတော့ သူသည် သူ့အမေကို မငြင်းဆန်ခဲ့ပေ။
သူမလက်ခံလိုကြောင်း ဟော်ကျန့်ချန် ကြားသောအခါ သက်ပြင်းတစ်ချက်ချကာ ပြောခဲ့သည်။ "ကျေးဇူးတင်ပါတယ် ရှုဖန်။ အဖေနဲ့ ချီအာကို နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်။ အဲ့တာက မင်းအတွက် ခက်ခဲ ခဲ့မှာ!"
သိုက်ရှုဖန်သည် သူ၏ နက်နဲသော မျက်လုံးများကို ကြည့်လိုက်သည်။ သူမ၏ နှာခေါင်းသည် ပွတက်လာပြီး သူမ ခေါင်းကို လှည့်လိုက်သည်။
ဝမ်အန်နာသည် ရူးတော့မည်။ သူမကို ပိုက်ဆံပေးပြီး သူမကို ကျေးဇူးတင်ရမှာလား?
ဟော်ကျန့်ချန်က ဆက်ပြောခဲ့သည်။ "ဒီပိုင်ဆိုင်မှုတွေက ငါ့မှာ လက်ရှိ ရှိနေတဲ့ အရာတွေပါ။ နောင်မှာ ငါ ငွေများများရရင် မင်းဆီ ပြန်ပို့ပေးမယ်!"
သူသည် မသေခင်မှာ ရှေ့နေရုံးကို သွားပြီး သေတမ်းစာတစ်စောင်ကို ချန်ထားခဲ့သည်။ သူက ချီအာ ဒီကလေးကို ဘယ်တော့မှ ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ဘူး။
ဝမ်အန်နာ - “………”
ထို့ကြောင့် ဤအချိန်သည် ဆက်ဆံရေးကို ဖြတ်တောက်ခြင်းမဟုတ်ဘဲ အစောပိုင်း ပိုင်ဆိုင်မှုခွဲဝေခြင်း ဖြစ်သည်။ ထို့အပြင် သူတို့ကို ငွေကြိုပို့ပေးတာလား?
သိုက်ရှုဖန်သည် ဝမ်အန်နာ၏ ဆိုးဆေးဆိုင်တစ်ခုလို ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသောအခါတွင် သူမသည် အကြောင်းပြချက်မရှိဘဲ လန်းဆန်းလာခဲ့သည်။
ဝမ်အန်နာက ဒါကို မထိန်းနိုင်တော့ပေ။ "အစ်ကို ချန် သိုက်ရှုဖန်နဲ့ တခြားသူတွေအတွက် အစ်ကို ဒီလို ဖြေရှင်းပေးတာကို ကျွန်မ မတားချင်ဘူး။ ဒီလိုလုပ်တာက… နီနီနဲ့ ကျဲကျဲအတွက် မတရားဘူးမဟုတ်လား?"
နီနီနှင့် ကျဲကျဲတို့သည် သူတို့၏ ကလေးများဖြစ်သည်။ သူတို့သမီးက ခုနစ်နှစ်ရှိပြီး သားက ငါးနှစ်ပဲ ရှိသေးသည်။
ဟော်ကျန့်ချန်က သူမကို မျက်မှောင်ကြုတ်ကာပြောခဲ့သည်။ "အဖေရဲ့ ကုမ္ပဏီက အဖိုးမဖြတ်နိုင်ပါဘူး။ နီနီနဲ့ ကျဲကျဲက သူတို့ဘေးမှာ ငါတို့ရှိနေတာနဲ့တင် ကျေနပ်သင့်တယ်!"
အရင်အတိုင်း တူညီတဲ့ အဓိပ္ပါယ်ရှိနေတုန်းပင်။ သူတို့ ပိုက်ဆံရရင် မင်းလူကိုရမည်။
ဝမ်အန်နာ - "..."
သူမသည် သူကိုယ်တိုင်ရော ပိုက်ဆံရော လိုချင်သည်။
ဝမ်အန်နာ၏ မကျေမနပ်ဖြစ်နေသော တုံ့ပြန်မှုကို မြင်သောအခါ သိုက်ရှုဖန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဝမ်အန်နာသည် အလွန်ဒေါသထွက်ပြီး မုန်းတီးမှုတွေ ပြည့်နှက်နေပေမယ့် ထုတ်ဖော်မပြောရဲခဲ့ပေ။ သူမသည် ပြန်သွားပြီး ဟော်ကျန့်ချန်ကို ဖြည်းဖြည်းချင်း ဆွဲဆောင်ဖို့ စဉ်းစားခဲ့သည်။
ဟော်ကျန့်ချန်သည် စုစုပေါင်း ယွမ်လေးသိန်း နှင့်ညီမျှသော မီနိုင်ငံတွင် ရေနံရောင်းရ ငွေများစွာရခဲ့သည်။ ၁၉၇၈ခုနှစ်တွင် ဟွာရှားနိုင်ငံတွင် သူသည် အချမ်းသာဆုံးလူမဟုတ်သော်လည်း သူသည် အလွန်ချမ်းသာခဲ့သည်။
ယခုတစ်ကြိမ်တွင် သိုက်ရှုဖန်နှင့် ဟော်ချီတို့ကို ခွဲဝေပေးသည့် ပိုင်ဆိုင်မှုစုစုပေါင်းမှာ ယွမ်သုံးသိန်း ဖြစ်သည်။ သူ့အစ်ကို ဟော်ချီက ရုတ်တရက်ကြီး ချမ်းသာလာတယ်ဆိုတာ သာ့ချောင်မသိပေ။
ဟော်ကျန့်ချန်ထံမှ ပိုက်ဆံယူခြင်းအပြင် သိုက်ရှုဖန်က ဟော်ကျန့်ချန်သည် နောင်တွင် မြို့တော်တွင် စီးပွားရေးမလုပ်စေရန်အတွက် အခြေအနေတစ်ခုကို စီစဉ်ခဲ့သည်။
မြို့တော်တွင် လူဦးရေ သန်းနှစ်ဆယ်ကျော်ရှိသည်။ မြို့တော်က ကျယ်ပြန့်ပေမယ့် လူတွေက တစ်ယောက်နဲ့ တစ်ယောက် ကောင်းကောင်းသိကြသည်။ သူသည် စီးပွားရေးလုပ်ဖို့ ဇာတိနိုင်ငံကို ပြန်လာဖို့ စိတ်ကူးထားရင် သူက ကွာရှင်းပြတ်စဲပြီး တခြားမိသားစုရှိတယ်ဆိုတာ လူတိုင်းသိကြမည်။
တခြားသူတွေ ပြောတာကို သူမ ဂရုမစိုက်ပေမယ့် သူမသားကို တခြားသူတွေ လက်ညှိုးထိုးတာမျိုး မဖြစ်စေချင်ပါ။
ဟော်ကျန့်ချန်က တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်ပြပြန်သည်။ သူသည် နှစ်တိုင်း သူတို့ဆီ မြို့တော်ကို အလည်လာဖို့ ပြောခဲ့သည်။
သိုက်ရှုဖန်က ဒီကိစ္စနှင့်ပတ်သက်ပြီး ဘာမှ မပြောပေ။
သူတို့သည် ကွာရှင်းခဲ့ကြသော်လည်း သူ၊ သူ့ယောက္ခမ နှင့် ဟော်ချီတို့ကြားရှိ သားအဖဆက်ဆံရေးကို ဖြတ်တောက်၍ မရပေ။ သူမသည် သူ့ဆီလာလည်တာကို တားပိုင်ခွင့်မရှိပါ။
ဒါကို သူ့နောက်မှ ဝမ်အန်နာက ကြားလိုက်တာနဲ့ သူမ အသက်ရှူရခက်တဲ့အထိ ရင်ကြပ်သွားသလို ခံစားရသည်။
ဟော်ကျန့်ချန်က ဝမ်အန်နာကို ခေါ်သွားပြီးနောက် ဟော်ချီက သူ့စိတ်ထဲမှာရှိနေသော မေးခွန်းကို မေးလိုက်သည်။ "အမေ၊ ဘာလို့ သူ့ပိုက်ဆံတွေ ယူလိုက်တာလဲ?"
ဟော်ချီက သူ့အဖေကို သူတို့ကို နောက်မှာထားခဲ့တာကို စိတ်ဆိုးတာကြောင့် သူသည် သူ့ပိုက်ဆံကို မသုံးချင်ပါ။ တစ်ပြားတစ်ကျပ်မှ မသုံးချင်ဘူး!
သိုက်ရှုဖန် - "ဘာဖြစ်လို့လဲ? ငါ ပိုက်ဆံယူဖို့ သဘောတူလိုက်တုန်းက ဝမ်မျိုးရိုးရဲ့ ဒေါသကြောင့် အရောင်ပြောင်းသွားတဲ့ မျက်နှာကို မမြင်ဘူးလား? ငါတို့က မယူလိုက်ရင် ငါတို့က သူ့ကို မျက်နှာသာပေးသလို ဖြစ်သွားလိမ့်မယ်။"
သူတို့သည် သူ့ကို မရနိုင်တော့တဲ့အတွက် ပိုက်ဆံမယူရင် လုံးဝရှုံးသွားမည်။ ထိုအချိန်တွင် ဝမ်အန်နာသည် ဘယ်လောက်တောင် ဂုဏ်ယူပြီး ဝင့်ကြွားနေမလဲဆိုတာ ဘယ်သူသိမှာလဲ?
ဟော်ချီသည် သူ့အမေ၏ စကားများကို နားထောင်ပြီးနောက်တွင် သူသည် တိတ်ဆိတ်သွားခဲ့သည်။
သူ့အမေရဲ့ လုပ်ရပ်ကို မကန့်ကွက်ပေမယ့် သူသည် နည်းနည်းတော့ အဆင်မပြေသလို ခံစားရသည်။ သူသည် အနာဂတ်တွင် ငွေပိုရှာနိုင်မည်ဟု ခံစားမိသည်။ ဒီကျေးဇူးကန်းတဲ့လူရဲ့ ပိုက်ဆံကို သူ မလိုချင်ပါ။
သူသည် သာ့ချောင်ကိုတွေ့တော့ သာ့ချောင်ကို ဒီအကြောင်း ပြောပြခဲ့သည်။
သာ့ချောင်သည် ထိုစကားကိုကြားပြီးနောက်တွင် သူမ၏ရှည်လျားသောမျက်တောင်များကို ခတ်လိုက်ပြီး "အစ်ကို ဟော်ချီ ပိုက်ဆံက လူကိုမကိုက်ပါဘူး။ အစ်ကို မသုံးချင်ဘူးဆိုရင် ဒီတိုင်းထား ထားလိုက်။ ဘာလို့ အစ်ကိုက ငြင်းချင်တာလဲ? အစ်ကို အဲ့တာတွေကို မယူဘူးဆို အဲဒီမိန်းမဆီ ပေးမလို့လား?"
ဤနှစ်ရက်အတွင်း ဟော်ချီ၏ စိတ်ဓာတ်ကျခြင်းသည် ရုတ်တရက် ပြန်တက်လာသည်။ "မင်းပြောတာ မှန်တယ်။ ငါတို့ မသုံးရင်တောင် အဲဒီမိန်းမကို ငါတို့ မပေးနိုင်ဘူး!"
သာ့ချောင်က ခေါင်းညိတ်ပြသည်။ "အစ်ကို ဟော်ချီ ဒါ မှန်ကန်တဲ့ စိတ်ဓာတ်ပဲ။ ဘယ်လိုဖြစ်ဖြစ် အစ်ကို ဟော်ချီက အခု အရမ်းချမ်းသာနေပြီပဲ။"
ဟော်ချီသည် ထုတ်လုပ်ရေးအဖွဲ့တွင် မှတ်သားထားသည့် 'ငွေစာရင်း' ကို ချက်ချင်းသတိရပြီး "ငါမင်းကို ဆယ်ဆပြန်ပေးမယ်လို့ ပြောထားတယ်။ မင်းတစ်ခုခုလိုချင်ရင် မင်းအတွက် ငါဝယ်ပေးမယ်!"
သူပိုက်ဆံမရှာပေမယ့် အခုဘာလို့ အဲ့တာကို ထုတ်မသုံးရမှာလဲ? သာ့ချောင် အတွက် ဝယ် ဝယ် ဝယ်မည်။
သာ့ချောင်က ခေါင်းငုံ့ကာ စဉ်းစားပြီး "ဒါဆို ဘဲကင်လေးနည်းနည်း ဝယ်ပေးနော်။"
သူမ ဝမ်းကွဲအစ်ကိုအတွက် ဘဲကင်အချို့ ပြန်ယူလာမည်ဟု ကတိပေးခဲ့သည်။ ဒါပေမယ့် သူမ အရင်အကြိမ်တုန်းက ဘဲကင်စားဖို့ ချွမ်ကျု့ကို သွားပြီးနောက်မှာတော့ သူမသည် အဲ့စိတ်ကူးကို စွန့်လွှတ်ခဲ့ပြီး ဝမ်းကွဲအစ်ကိုဆီကို ဘဲမွှေး ယူသွားဖို့ ဆုံးဖြတ်ခဲ့သည်။
ဘဲကင်က အရမ်းဈေးကြီးသည်။ သူမ ပြန်ရောက်သောအခါ သူမ ဝမ်းကွဲအစ်ကိုအတွက် ဘဲကင်အချို့ ချက်ပေးမည်။
ဟော်ချီက ပြန်မပြောမီ ခဏလောက် အေးခဲသွားသည်။ "ကိစ္စမရှိပါဘူး၊ တခြားဘာလိုချင်သေးလဲ။ ၀တ်စုံတွေ၊ စာအုပ်တွေ၊ မိန်းကလေးတွေရဲ့ ဆံပင်အသုံးအဆောင်တွေကို လိုချင်လား? မင်းဘာလိုချင်လဲ?"
သာ့ချောင်က သူ့ရွှေပေါင်တွေကို ဖက်ထားသလိုမျိုး ရုတ်တရက် ခံစားလိုက်ရသည်။ "အစ်ကို ဟော်ချီ ချမ်းသာရတာ အရမ်းကောင်းတာပဲ!"
ဟော်ချီက သူမကို စိုက်ကြည့်ပြီး "နောင်မှာ ငါကိုယ်တိုင် ပိုက်ဆံအများကြီး ရှာမယ်!" ပြီးရင် မင်းအတွက် အများကြီး ဝယ်ပေးမယ်။
သာ့ချောင်က ကြက်ကလေးတစ်ကောင်လို ခေါင်းညိတ်ပြပြီး "အစ်ကို ဟော်ချီက အရမ်းတော်တယ်။ အစ်ကို သေချာပေါက် လုပ်နိုင်မှာ!"
ဟော်ချီ၏ ပါးစပ်ထောင့်များ ကွေးညွတ်သွားသည်။ အပြင်ပိုင်းမှာတော့ သူက "မင်းပြောသလောက် ငါမတော်ပါဘူး။"
ပြတင်းပေါက်မှ သိုက်ရှုဖန်သည် သူ့သား၏ မျက်ခုံးများ ကျုံ့သွားသည်ကို တွေ့လိုက်ရသည်။ သူမ ခေါင်းကို ခါပြီး မှတ်ချက်ချသည်။ "သာ့ချောင်ရဲ့ စကားလုံးတွေက ထိရောက်နေတုန်းပဲ။ ငါ သူ့ကို နှစ်ရက်လောက် နားချခဲ့ရတာ ဒါတောင် သူ့ခေါင်းထဲကို မထည့်နိုင်သေးဘူး။ အခု သာ့ချောင်လာတော့ သူက ဒါကို ချက်ခြင်း နားလည်သွားပြီ!"
အမေတစ်ယောက်အနေနဲ့ ဒါက စိတ်ပျက်စရာပင်။
သို့သော်လည်း သူမသည် သာ့ချောင်ကို လုံးဝ မနာလို မဖြစ်ခဲ့ပေ။ သာ့ချောင်နှင့် ချောင်မိသားစု၏ အကူအညီကြောင့်သာမဟုတ်ပါက ယောက္ခမသည် ဟိုးအရင်ကတည်းက သေဆုံးသွားပေလိမ့်မည်!
ဒါကြောင့် ချောင်မိသားစုက ရောက်လာတဲ့အခါ သူတို့က ဆော့ဖို စားဖို့ ခေါ်သွားရုံတင်မကဘဲ ချောင်မိသားစုအတွက် ပစ္စည်းတွေ အများကြီးဝယ်ပေးခဲ့သည်။
ချောင်မိသားစု မြို့တော်ကို ရောက်လာတုန်းက သူတို့မှာ ခရီးဆောင်အိတ် တစ်ဒါဇင်ကျော် ပါလာသည်။ သူတို့သည် ပြန်သွားတဲ့အခါ သက်သာမယ်ထင်ခဲ့သည်။ မထင်မှတ်ပဲ သူတို့ပြန်သွားတဲ့အခါ ပိုများလာသည်။
ဤခရီးစဉ်အတွင်း သာ့ချောင်သည် ဟော်မိသားစုဆီ သူမလုပ်ခဲ့သော နှင်းဆီခြောက်နှင့် စံပယ်ပန်းခြောက်များကို ယူဆောင်လာခဲ့သည်။ ဤရက်အနည်းငယ်ကြာ အပြန်အလှန် ဆက်သွယ်မှုကို အခွင့်ကောင်းယူ၍ သူမသည် အန်တီဖန်နှင့် အဘိုးကြီးဟော်တို့ကို ကျောက်စိမ်းပုတီးစေ့များ ကျွေးခဲ့သည်။
ထုတ်လုပ်ရေးအဖွဲ့မှာတုန်းက သူတို့ရဲ့ အဆင့်အတန်းကြောင့် သူတို့ကို မကျွေးရဲခဲ့ပေ။ အခုတော့ သူမသည် ထိုစိုးရိမ်မှု မရှိတော့ပါ။
ချောင်မိသားစု မြို့တော်မှ ထွက်ခွာပြီးနောက် ရက်အနည်းငယ်အတွင်း သိုက်ရှုဖန်သည် သူမက များစွာ နုပျိုပုံပေါက်လာသည်ကို သတိပြုမိခဲ့သည်။ သူမရဲ့ ဆံပင်ဖြူတွေ တော်တော် ပျောက်ကွယ်သွားခဲ့သည်။
ထုတ်လုပ်ရေးအဖွဲ့ဘက်မှ ဝမ်ချွမ်ကျီသည် နောက်တစ်ကြိမ် ဟာသလုပ်ပြန်သည်။
ထိုညတွင် သူမသည် ရုတ်တရက် စိတ်ဝင်စားသွားပြီး ချောင်ကျန်းကော်ကို ကားမောင်းရန် ဆွဲခေါ်သွားခဲ့သည်။ သို့သော်လည်း သူမသည် မထင်မှတ်ပဲ ပြင်းထန်စွာ မောင်းနှင်ခဲ့ပြီး ဘေးနားတွင် အိပ်ပျော်နေသော တုန်းယွင်ကို နှိုးမိလိုက်သည်။
ဒါက…နည်းနည်းရှက်စရာကြီး။
......
စာရေးသူပြောစရာတစ်ခုရှိသည် -
သိုက်ရှုဖန် - ခွေးကောင်နဲ့ ပိုက်ဆံ။ ငါက ပိုက်ဆံကို ရွေးတယ်။
တုန်းယွင်လေး - ညသန်းခေါင်မှာ မိဘတွေ ကားမောင်းတာတွေ့ရင် မင်း ဘာလုပ်မလဲ? အဖြေအတွက် စိတ်လှုပ်ရှားစွာ အွန်လိုင်းတွင် စောင့်နေသည်။