← Chapters

အခန်း (၁၄၁၉)

Vol. 96 Ch. 1419

အခန်း (၁၄၁၉)

Vol. 96 Ch. 1419

ဝှစ် ဝှစ်

အလွန်ကြီးမားလွန်းလှသော မီးတောက်မီးလျှံများသည် ရှေးသားရဲကြီးတစ်ကောင်ကဲ့သို့ ဖူးရှင်းဂိုဏ်း တစ်ခုလုံးအား လွှမ်းခြုံလျက်ရှိနေ၏။ တပည့်များ၏ အလောင်းများသည် နေရာအနှံ့တွင် ပျံ့နှံလျက်ရှိနေ၏။ သွေးများသည် မြစ်များ၊ ချောင်းများကဲ့သို့ပင် စီးဆင်းလျက်ရှိနေပြီး တချို့သောသွေးများသည် ပူပြင်းလွန်း သောကြောင့် အငွေ့ပျံကာ ကောင်းကင်ပေါ်သို့ တက်လျက် ရှိနေတော့သည်။ မြင်ကွင်းကြီးတစ်ခုလုံးသည် ငရဲခန်းကြီးကဲ့သို့ပင် ဖြစ်တည်နေ၏။

ဖောက် ဖောက်

အမဲရောင် ပုံပန်းသွင်ပြင်များနှင့် ခပ်ဝါးဝါး လူများသည် အဓိကဟောခန်း၏ ရှေ့တွင် မတ်မတ်ရပ်လိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးများသည် နီရဲလျက် ရှိနေပြီး ကျောချမ်းလောက်အောင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သတ်ဖြတ်လိုခြင်းဆန္ဒများကို ထုတ်ဖော်လျက် ရှိနေ၏။ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်းဆိုသည့် စာတမ်းကို ရေးထိုးထား သည့်တူညီဝတ်စုံကို ဝတ်ဆင်ထားကြသည်။

ဘုတ်

အဓိကဟောခန်း၏ရှေ့တွင် မတ်မတ်ရပ်လျက်ရှိနေသော ပိုင်စီလီသည် မည်သို့မှ မခံစားနိုင်တော့ချေ။ မြေပေါ်သို့ ဒူးထောက်ကျသွားခဲ့၏။ သူ၏ မျက်လုံးများတွင်တော့ စိတ်ပျက်ခြင်း၊ ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက် ကင်းမဲ့ခြင်း စသည့် အရိပ်အယောင်များ ဖုံးလွှမ်းလျက်ရှိနေ၏။

“ဂိုဏ်းချုပ်ပိုင်”

စူးရှသည့် အသံတစ်ခုသည် အမဲရောင်ပုံရိပ်များ၏ အနောက်ဘက်ဆီမှ ထွက်ပေါ်လာသည်။ “ခင်ဗျား သေဖို့ အချိန်ကျပြီ”

ဆွစ် ….။

ဓားအလင်းတန်းတစ်ခုသည် ထွက်ပေါ်လာခဲ့၏။ အလွန်အားကောင်းလှသော သေဆုံးခြင်းအော်ရာများသည် သူ၏ နှလုံးသားထဲ၌ ဖြစ်တည်လာ၏။

“မဟုတ်ဘူး”

ပိုင်စီလီသည် သူ၏အိပ်ယာထက်မှ ရုတ်တရက် ထထိုင်လိုက်မိ၏။ ပြီးနောက် ကောင်းကင်ယံ ထက်တွင် ရှိနေသော ထိန်ထိန်လင်းနေသည့် လကြီးကို လှမ်းကာ ကြည့်ရှုလိုက်မိ၏။ နဖူးစပ်တွင် ကျဆင်းနေသည့် ချွေးများကို သုတ်ပြီးသည့်နောက် မောပန်းတကြီးဖြင့် ပြောလိုက်မိသည်။ “ငါ အိမ်မက်ဆိုးတွေ ထပ်ပြီး မက်ပြန်ပြီ”

မှန်ပေသည်။ လက်ရှိအချိန်တွင် သူသည် အိမ်မက်တစ်ခုကို မက်နေခြင်းဖြစ်၏။ ထိုအိမ်မက်သည် သူ၏ ဂိုဏ်း တစ်ခုလုံး ဖျက်ဆီးခံလိုက်ရသည့် အိမ်မက်ပင် ဖြစ်၏။ ထိုအရာသည် အစစ်အမှန်ကဲ့သို့ ခံစားရလွန်း သောကြောင့် သူအနေနှင့် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် အိပ်ခြင်း၊ စားခြင်းကို မပြုလုပ်နိုင်ခဲ့ချေ။

“အင်း”

ပိုင်စီလီသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်သည်။ “ငါ အရမ်းနောင်တရမိတယ်”

သူ့အနေနှင့် လွန်ခဲ့သည့် နှစ်နှစ်လုံးလုံး ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် အသက်ရှင် နေထိုင်ခဲ့ရသည်။ တခြားသော အကြောင်းအရာကြောင့် မဟုတ်ပေ။ သူလှည့်စားကာ ဒုက္ခပေးခဲ့သူ၏ ဆရာသည် ကြီးမြတ်သူ တုံးကု ဖြစ်နေသောကြောင့်ပင်။

ထိုလူသည် မည်သူဖြစ်သနည်း။

ကြီးမြတ်သူတုံးကုဆိုသည်မှာ နယ်မြေဟောခန်းကပင် ကြောက်ရွံ့ရသည့် ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်၏။ အချိန်ကိုသာ နောက်ပြန်ဆုတ်၍ ရနိုင်မည်ဆိုပါက သူသည် လင်းဖန်တောင်၏ ဂိုဏ်းအစည်း အဝေးတွင် ကျွင်းချောင်ရှောင်းအား လှည့်စားခဲ့လိမ့်မည် မဟုတ်ချေ။ သူ့အနေနှင့် ထိုကိစ္စများကို ပါဝင် ပတ်သက်ခြင်း မရှိဘဲ ဘေးမှ တိတ်တဆိတ် ရပ်ကြည့်နေမိမှာ သေချာ၏။ သို့ပေမဲ့ ကံဆိုးစွာဖြင့် ထိုအရာကိစ္စ အားလုံးသည် နောက်ပြန်လှည့်၍ မရနိုင်တော့ချေ။

တကယ်တမ်းမှာတော့ လွန်ခဲ့သည့် နှစ်နှစ်က လင်းဝေအစစ်အမှန်ဂိုဏ်းသည် ဖူးရှင်းဂိုဏ်းအပေါ် ၎င်းတို့၏ ဒေါသကို လာရောက်ကာ ဖြေလျော့ခဲ့ပြီးပြီဖြစ်၏။ ထို့ကြောင့် ပိုင်စီလီသည် ၎င်း၏ ဂိုဏ်းကို ကယ်တင်နိုင်ရန် အတွက် ကြီးမားသည့် ပေးဆပ်မှုမျိုးကို ပေးဆပ်ခဲ့ရသည်။ သို့ပေမဲ့ ဤအရာသည် ပြဿနာ သေးသေးလေး တစ်ခုသာ ဖြစ်၏။

အဓိက ပြဿနာရှိသည်မှာ ပြိုင်စံရှားဂိုဏ်းသာ ဖြစ်၏။ ပထမတုန်းက ထိုဂိုဏ်းဆီသို့ သွားရောက်ကာ သေသေချာချာ တောင်းပန်ရန် စဉ်းစားခဲ့သေး၏။ သို့ပေမဲ့ သူ့၌ ထိုကဲ့သို့ ပြုလုပ်ရန် သတ္တိ မရှိချေ။ ထို့အပြင် မိုင်းတွင်း၏ တည်နေရာကို သူပြောဆိုလိုက်သည်ကို တစ်ဖက်လူများ သိရှိလိမ့်မည် မဟုတ်လို့လည်း တွေးတော ထားခဲ့မိ၏။ ပိုင်စီလီသည် မည်သည့်လှုပ်ရှားမှုကိုမှ ထပ်မံကာ မပြုလုပ်ဟု ဆိုပါက အချိန်ကြာသည်နှင့် တပြိုင်နက် သူပြုလုပ် ခဲ့သည့် မကောင်းမှု ကိစ္စရပ်များ အားလုံးသည် ပျောက်ကွယ်သွားလိမ့်မည်ဟု ယုံကြည်နေမိသည်။

ဟင်း.....

ကောင်းကင်ဆီသို့ သွားရာလမ်းသည် တဖြည်းဖြည်း ကျဉ်းမြောင်းလာကာဖြင့် ပိတ်ဆို့သွားခဲ့၏။ နောက်ဆုံး ထိုလမ်းသည် ငရဲဆီသို့ ဦးတည်နေခဲ့၏။ ပိုင်စီလီသည် အိမ်မက်ဆိုးများကြောင့် ချွေးစေးများ ပြန်လျက်ရှိ၏။ သူသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး ရေဘူးတင်ထားသော စားပွဲဆီသို့ အသာလှမ်းလျှောက်လိုက်၏။ ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်သည် သူ့အား ရေခွက်ကို ကမ်းပေးလေ၏။

“ကျေးဇူးတင်ပါတယ်”

“ရပါတယ်”

“အမ်” အခန်းထဲရှိ အခြေအနေသည် ရုတ်တရက် လေးနက်သွားခဲ့သည်။

ပိုင်စီလီ၏ အမူအရာသည်လည်း ရုတ်တရက် အေးခဲသွား၏။ လအလင်း၏ အကူအညီအောက်တွင် သာမန်ထက် ပိုလှသည့် လူငယ်တစ်ယောက်သည် ထိုင်ခုံ ထက်တွင် ထိုင်ပြီး သူ့အား ရေခွက်ကမ်းပေးလျက် ရှိနေသည်ကို မြင်လိုက်ရ၏။

မှန်ပေ၏။ ထိုလူသည် ကျွင်းချောင်ရှောင်းပင် ဖြစ်တော့သည်။

“ဟား ဟား ဟား ဟား”

ပိုင်စီလီသည် ရုတ်တရက် ရယ်မောလိုက်၏။ “ဂိုဏ်းရဲ့ အကာအကွယ် အစီအရင်က အမြဲတမ်း အသက်သွင်းထားတာလေ။ ဘယ်လိုဖြစ်ပြီး သူက ဒီနေရာမှာ လာထိုင်နေမှာလဲ။ အိမ်မက်ပဲ။ ဒါက အိမ်မက်တစ်ခုပဲ ဖြစ်ရမယ်”

ဟူး ဟူး

ထိုအချိန်မှာတော့ ပြတင်းပေါက် အပြင်ဘက်တွင် မီးတောက်မီးလျှံများ ဖြစ်တည်လာ၏။ ပိုင်စီလီသည့် ထပ်မံကာ ရယ်မောလိုက်၏။ ဤကဲ့သို့သော အခြေအနေမျိုးကို သူသည် အိမ်မက်ထဲတွင် ထပ်ကာ ထပ်ကာ မြင်ဖူးခဲ့၏။ ဆိုလိုသည်မှာ သူနှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခြင်း သို့မဟုတ် အိမ်မက်ထဲမှာပင် နောက်ထပ်အိမ်မက်တစ်ခု မက်နေခြင်း ဖြစ်ပေလိမ့်မည်။

ဖြောင်း

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထကာဖြင့် ပိုင်စီလီအား ပါးပိတ်ရိုက်လိုက်သည်။ ပြီးနောက် မေးလိုက်သည်။ “ဒါက နာလား”

“နာတယ်”

ပိုင်စီလီသည် ကြောင်အသွားမိ၏။ သူ၏ ဝေဝေဝါးဝါး ဖြစ်နေသော စိတ်များသည် ရုတ်တရက် ရှင်းလင်း သွားခဲ့၏။ သူသည် စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လိုက်မိ၏။ “ဒါက အိမ်မက် မဟုတ်ဘူးပဲ”

ဆွစ်

ကျွင်းချောင်ရှောင်းသည် ထိုသူ၏ အင်္ကျီကော်လံအား အသာဆွဲကာဖြင့် အခန်း၏ အပြင်ဘက်ဆီသို့ တရွတ်တိုက် ဆွဲခေါ်လာခဲ့သည်။ ပြီးနောက် ပြောလိုက်သည်။ “ကျုပ်... ခင်ဗျားကို လင်းဖန်တောင်မှာတုန်းက အခွင့်အရေး တစ်ကြိမ် ပေးခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားက အဲတာကို ကောင်းကောင်း မယူခဲ့ဘူး။ ဒီနေ့ကစပြီး ဖူးရှင်းဂိုဏ်းဆိုတာက ကျင့်ကြံခြင်းလောကတစ်ခုလုံးကနေ ဖယ်ရှားခြင်းကို ခံလိုက်ရပြီ။ ဒီမှာရှိတဲ့ အရင်းအမြစ်တွေ အကုန်လုံးကို ပြိုင်စံရှားဂိုဏ်းက ယူဆောင်သွားမယ်”

“သွားပြီ။ သွားပြီ”

သူ၏ ညအိမ်မက်ဆိုးသည် အမှန်တကယ် ဖြစ်လာခဲ့ပြီဖြစ်၏။ တရွတ်တိုက် ဆွဲခေါ်ခြင်းကို ခံခဲ့ရသော ပိုင်စီလီသည် ခွေးသေကောင်ကြီး တစ်ကောင်ကဲ့သို့ သိုင်းလေ့ကျင့်ရေး ကွင်းပြင်တည်နေရာဆီသို့ ရောက်ရှိလာခဲ့တော့၏။ လက်ရှိအချိန်မှာတော့ တပည့်ပေါင်းတစ်သောင်းကျော်တို့သည် မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်လျက်ရှိပြီး ၎င်းတို့၏ လက်များသည် ခေါင်းပေါ်တွင် ရောက်ရှိနေခဲ့၏။ အဓိက ဟောခန်းကြီး တစ်ခုလုံးသည်လည်း မီးညွန့်မီးလျှံများ၏ ဝါးမြိုခြင်းကို ခံထားရ၏။

လက်နက်အပြည့် ကိုင်ဆောင်ထားသော လီချင်းယန်နှင့် တခြားသောသူများ အားလုံးသည် ပတ်ဝန်းကျင် ပတ်ပတ်လည်တွင် ရပ်လျက်ရှိနေပြီး ခံစားချက်မဲ့သည့် လူသတ်သမားများ ကဲ့သို့ပင် ဖြစ်နေ၏။ ဖူးရှင်းဂိုဏ်း၏ အလုံးစုံသော အားအင်အဆင့်သည် မဆိုးလှချေ။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှ အဖွဲ့သားများနှင့် နှိုင်းယှဉ်ရမည် ဆိုလျှင်တော့ ဘာမှ မဟုတ်ပေ။ တစ်ဖက်လူများ အနေဖြင့် ခုခံရန် အခွင့်အရေးပင် မရရှိခဲ့ချေ။

ဘုတ်

ပိုင်စီလီသည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့တော့သည်။

ကျွင်းချောင်ရှောင်းသည် ရှောင်ကျီ အစောကြီးကတည်းက ပြင်ဆင်ပေးထားသော ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်၏။ ပြီးနောက် ဖူးရှင်းဂိုဏ်းတပည့်များအား လှမ်းကြည့်ကာ ထူးမခြားနားသလို ပြောလိုက်၏။ “ဆိုရိုးစကားတစ်ခု ရှိတယ်။ အကြွေးရှိရင် တစ်ခါတည်း ဆပ်ရတယ်တဲ့။ နောင်သံသရာအထိ ခေါ်သွားရင် မကောင်းဘူးလေ။ ကျုပ်က ဒီဂိုဏ်းချုပ်ကိုပဲ ရင်ဆိုင်မှာ၊ ဒီတော့ ခင်ဗျားတို့တွေ အကုန်လုံး တောင်အောက်ကို ဆင်းပြီးတော့ ကြိုက်တဲ့လမ်းကို သွားလို့ရပြီ”

ဤဂိုဏ်းသည် ဖျက်ဆီးခြင်းကို ခံရမှာဖြစ်သည်။ သို့ပေမဲ့ အပြစ်ကင်းစင်သည့်လူများကိုတော့ ထိခိုက် နာကျင်အောင် သူမလုပ်ချင်ပေ။

အောက်နယ်မြေတွင် နေထိုင်စဉ်ကတည်းက ကျွင်းချောင်ရှောင်းသည် ဂိုဏ်းများကို ဖျက်ဆီးခဲ့ဖူး၏။ သို့ပေမဲ့ အပြစ်ကင်းစင်သူများကို ထိခိုက်နာကျင်အောင် မလုပ်ဟုသည့် စည်းမျဉ်းစည်းကမ်းကို အစဉ်ထာဝရ လိုက်နာခဲ့၏။

ဥပမာအားဖြင့် သူပထမဦးဆုံး ဖျက်ဆီးခဲ့ဖူးသည့် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းမှာဆိုလျှင် အပြစ်ကင်းစင်သူ အားလုံးကို လွှတ်ပေးခဲ့၏။ မဟုတ်ပါက တိုင်လုသည် သေဆုံးနေနှင့်သည်မှာ ကြာပြီဖြစ်သည်။ အအေးနန်းတော် ဆီသို့ သွားရောက်သည့်အချိန်တုန်းကလည်း တောင်၏ ဂိတ်တံခါးကြီးကိုသာ သူဖောက်ခွဲခဲ့၏။ မည်သူ့ကိုမှ မသတ်ဖြတ်ခဲ့ချေ။

ဟုတ်ပေသည်။ မကောင်းသည့် ကိစ္စရပ်မျိုးစုံကို ပြုလုပ်သည့် မိစ္ဆာဂိုဏ်းများမှလွဲ၍ သူသည် အရာအားလုံးကို ထောက်ထားညှာတာခဲ့သည်။

ပိုင်စီလီသည် လင်းဖန်တောင်တန်းတွင် သူ့အား လှည့်စားခဲ့၏။ ကျွင်းချောင်ရှောင်း၏ ဒေါသသည် ထိုသူအား ရိုက်နှက်ပြီးသည့်နောက် ပြေလျော့သွားခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ ပိုင်စီလီသည် ညစ်ပတ်သည့် ကိစ္စရပ်များအား ပြုလုပ်၍ နောက်ကျောကို ဓားနှင့်ထိုးသည့် ကိစ္စရပ်များကို ပြုလုပ်ခဲ့သည်။ ထိုအရာကို သူမည်သို့မှ သည်းမခံနိုင်ချေ။ ထို့ကြောင့် ဖူးရှင်းဂိုဏ်းသည် ပျောက်ကွယ်သွားရမည်ဖြစ်၏။

သူ၏ဂိုဏ်း အဆင့်တိုးတက်လာသည်နှင့်အမျှ တခြားသောဂိုဏ်းများနှင့် ပဋိပက္ခ ဖြစ်ပွားသည်ဆိုခြင်းမှာ သာမန်ပင် ဖြစ်ပေလိမ့်မည်။ ဥပမာအားဖြင့် အင်ပါရီယန် နတ်ဓားဂိုဏ်း၊ ရေခဲဓားမော့ဂိုဏ်းတို့နှင့် သူပြဿနာ ဖြစ်ပွားခဲ့၏။ ကုန်းရှန့်သည် သူ့အား ရှေ့တည့်တည့်ဆီမှ လာရောက်စိန်ခေါ်သည့် ကိစ္စရပ်များကို ဝမ်းမြောက် ဝမ်းသာဖြင့် ကြိုဆိုနေမှာ သေချာ၏။ သို့ပေမဲ့ အမှောင်ထဲတွင် ပုန်းအောင်း၍ ညစ်ပတ်သည့် ကိစ္စရပ်များကို ပြုလုပ်ကာ နောက်ကျောမှ ဓားနှင့်ထိုးသည့် ကိစ္စရပ်များ ဖန်တီးပါက ထိုသူများအားလုံးကို သူသွားရောက်ကာ သတ်ဖြတ်ပစ်မှာ သေချာသည်။

ဆွစ် ဆွစ်

ဝှစ် ဝှစ် ဝှစ်

အဆုံးမဲ့ မီးတောက်များသည် ချက်ချင်းပဲ ဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ အဆောက်အဦများအားလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။ ပိုင်စီလီ၏ အိမ်မက်ထဲတွင် ဖြစ်တည်ခဲ့သော မြင်ကွင်းများသည် တစ်ထေရာတည်း ဖြစ်ပေါ်လျက်ရှိ၏။ ပိုင်စီလီသည် တွေဝေးငေးငိုင်ရင်း တည်နေရာကြီးထဲမှာတင် ရပ်လျက်ရှိနေသည်။ သူသည် စိတ်နှင့်ကိုယ်နှင့် မကပ်တော့ချေ။

စိတ်နှင့်ကိုယ်သည်လည်း ကပ်မှာ မဟုတ်တော့ချေ။ ၎င်းသည် ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ ပို့ဆောင်ခြင်းကို ခံရသောကြောင့်ပင် ဖြစ်၏။ ၎င်းအား အားရာ၊ ကျိုးဒူဒူနှင့် တိုင်လု တို့က ကြည့်ရှုလျက် ရှိနေ၏။

ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူအား သတ်ဖြတ်ရန် မစဉ်းစားခဲ့ချေ။ သို့ပေမဲ့ ထောင်ထဲတွင် ထားရန် စီစဉ်ခဲ့သည်။ “ကဲ အလုပ်လုပ်လိုက်ကြရအောင်”

ဝှစ် ဝှစ် ဝှစ် ……။

ကြာပွတ်များ၊ ဖယောင်းတိုင်များ၊ ကြိုးနှင့် တခြားသော ပစ္စည်းပစ္စယများသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့၏။

……………..

ရက်အနည်းငယ် ကြာပြီးသည့်နောက် ဖူးရှင်းဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရသည့် သတင်းသည် အထက်နယ်မြေ၏ တချို့နေရာများတွင် ပျံ့နှံ့ခဲ့၏။ ထိုတည်နေရာတချို့သည် အုတ်အော်သောင်းနင်းဖြင့် ဖြစ်ကုန်ကြ၏။

ဤဂိုဏ်းသည် အားကောင်းလွန်းသည့် ဂိုဏ်းတစ်ခု မဟုတ်ပေ။ သို့ပေမဲ့ သမိုင်းကြောင်းရှိသည့် ဂိုဏ်းတစ်ခု ဖြစ်၏။ ဤကဲ့သို့ ရုတ်တရက်ကြီး ဖျက်ဆီးခံလိုက်ရခြင်း ဆိုသည်မှာ အနည်းငယ် မယုံကြည်နိုင်စရာပင် ဖြစ်တော့သည်။

“ဘယ်သူလုပ်ခဲ့တာလဲ”

“ဖူးရှင်းဂိုဏ်းရဲ့ မဟာမိတ်အဖွဲ့ တော်တော်များများကတော့ စပြီးတော့ စုံစမ်းနေကြပြီ”

“နှစ်ပေါင်းများစွာ အထက်နယ်မြေမှာ နေထိုင်ခဲ့တဲ့ ဂိုဏ်းတစ်ခုပဲလေ။ သူတို့က တခြားသူတွေနဲ့ နက်နဲတဲ့ ရန်ငြိုးတွေ မရှိဘူးဆိုရင် လွယ်လွယ်ကူကူနဲ့ ဖျက်ဆီးခံရမှာ မဟုတ်ဘူး”

အထက်နယ်မြေတွင် ဂိုဏ်းတစ်ခု ဖန်တီးတည်ဆောက်ဖို့ ဆိုသည်မှာ ခက်ခဲလွန်းလှသည်။ ထို့အတူ ဖျက်ဆီးခံရရန် ဆိုသည်မှာလည်း ခက်ခဲလွန်းလှချေသည်။ အဘယ်ကြောင့်ဆိုသော် တည်ရှိနေသော ဂိုဏ်းများသည် အဆက်အသွယ်နှင့် မဟာမိတ်များ ဖွဲ့စည်းထားသောကြောင့်ပင်။

ဘန်း

လင်းယင်ဂိုဏ်း၏ အဓိကဟောခန်းထဲမှာတော့ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် စားပွဲကို ထုနှက်ကာဖြင့် ဒေါသတကြီး ပြောဆိုလိုက်သည်။ “ဘယ်သူ သတ်ဖြတ်ပြီး ဘယ်သူလုပ်ခဲ့တာလဲဆိုတာ ငါတို့ ရှာဖွေရမယ်”

“ဖူးရှင်းဂိုဏ်းရဲ့ တရားမျှတမှုကို ဆောင်ကြဉ်းပေးမှ ဖြစ်မယ်” များပြားလှသော ဂိုဏ်းအသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူများသည်လည်း ထိုစားပွဲဝိုင်းတဝိုက်တွင် ထိုင်လျက် ရှိနေကြ၏။ ၎င်းတို့သည် ပိုင်စီလီနှင့် ရင်းနှီးသည့် ဆက်ဆံရေးကို ပိုင်ဆိုင်သည့်လူများဖြစ်၏။ ဖူးရှင်းဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရသည့်သတင်းကို ကြားလိုက်ရသည့်အချိန်မှာတော့ ၎င်းတို့သည် သီလ၊ သမာဓိ ပြည့်စုံသူများ ဖြစ်သကဲ့သို့ တစ်ဖက်လူအား လက်တုံ့ပြန်နိုင်ရန် လာရောက်ကာ စုဝေးကြခြင်းဖြစ်၏။

“လင်းဝေ အစစ်အမှန်ဂိုဏ်းများ ဖြစ်နေမလား” တစ်စုံတစ်ယောက်က မေးလိုက်သည်။

ထိုသို့ ပြောပြောလိုက်ခြင်းမှာပဲ မူလအားဖြင့် တည်ငြိမ်လျက် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် ရုတ်တရက် အတိတ်မေ့သလိုလို၊ ကြောင်ပျောက်သလိုလို ပြုလုပ်လျက် ရှိနေ၏။ “ကျုပ်တို့ ဒီကို လက်ဖက်ရည် လာသောက်ရုံပဲ လာကြတာပါ”

၎င်းတို့ဂိုဏ်းများအနေဖြင့် မဟာမိတ် ဖွဲ့စည်းထားခြင်း ဆိုသည်မှာ တစ်ဖက်လူများ၏ ဒုက္ခကို ဝင်ရောက်ဖြေရှင်းပေးရန် အဓိက မဟုတ်ချေ။ တစ်ယောက်နှင့် တစ်ယောက် အမှီခိုပြု၍ တခြားသောသူများ အနိုင်ကျင့်နှိပ်စက်ခြင်းမှ ကာကွယ်ထားချင်သောကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် ဖူးရှင်းဂိုဏ်းအား ဖျက်ဆီးခဲ့သော သူသည် လင်းဝေအစစ်အမှန်ဂိုဏ်းသာဆိုပါက သူတို့အနေနှင့် မသိချင်ယောင် ဆောင်နေရမှာ သေချာသည်။

“မဖြစ်နိုင်ဘူး”

စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။ “လင်းဝေအစစ်အမှန်ဂိုဏ်းက လုပ်ခဲ့တယ်ဆိုရင် သူတို့က လူသိရှင်ကြား တစ်ခါတည်း ထုတ်ဖော်ပြောကြားပြီး ဖြစ်မှာပေါ့”

“ဒါကတော့ အမှန်ပဲ”

တစ်စုံတစ်ယောက်က ပြောလိုက်သည်။ “လင်းဝေအစစ်အမှန်ဂိုဏ်းဆိုတာက ဂုဏ်သိက္ခာကြီးမားတဲ့ ဂိုဏ်းတစ်ခုပဲလေ။ ဒါပေမဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာကို အဆုံးရှုံးခံပြီး ဖူးရှင်းဂိုဏ်းကို ဘာလို့ ဖျက်ဆီးမှာလဲ”

“ဒါဆိုရင် ဘယ်သူလုပ်တာလဲ” အားလုံးတို့သည် စတင်ကာ ခန့်မှန်းလျက် ရှိနေကြသည်။ သို့ပေမဲ့ ပိုင်စီလီသည် မည်သူ့အား ပြဿနာ ရှာခဲ့သည်ဖြစ်ကြောင်းကို သူတို့ အဖြေရှာ၍ မရနိုင်ခဲ့ချေ။

“သတင်းပို့ပါတယ်”

ထိုအချိန်မှာတော့ တပည့်တစ်ယောက်သည် အထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက လူသိရှင်ကြား သတင်းတစ်ခုကို ထုတ်ဖော်ခဲ့တယ်။ သူတို့နဲ့ ဖူးရှင်းဂိုဏ်းက မပြေလည်နိုင်တဲ့ ရန်ငြိုးတွေ ရှိနေတယ်။ ဒါကြောင့် သူတို့က ဖူးရှင်းဂိုဏ်းကို ဖျက်ဆီးခဲ့တယ်တဲ့”

“ပြိုင်စံရှားဂိုဏ်း ဟုတ်လား” များပြားလှသော ဂိုဏ်းအသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် မျက်လုံးအပြူးသား ဖြစ်သွားကြ၏။ သူတို့သည် ထိုဂိုဏ်း၏ နာမည်ကို အစောကြီးကတည်းက ကြားဖူးကြ၏။ ထို့အပြင် ဂိုဏ်းချုပ် ဖြစ်သည့် ကျွင်းချောင်ရှောင်းသည် ကြီးမြတ်သူ တုံးကု၏ တိုက်ရိုက်တပည့်ဖြစ်ကြောင်း သူတို့ သိရှိပြီးဖြစ်၏။

“အမ် ကျုပ်အရေးကြီးတဲ့ ကိစ္စလေး လုပ်စရာရှိသေးတာ အခုမှ သတိရတယ်။ အရင်သွားလိုက်ပါအုံးမယ်”

“ကျုပ်ဂိုဏ်းကလည်း လာမယ့်နှစ်ရက်အတွင်းမှာ ဂိုဏ်းတွင်း သိုင်းပြိုင်ပွဲတစ်ခုကို ပြုလုပ်ဖို့ စီစဉ်ထားတယ်လေ။ ဒီတော့ ကျုပ်ကိုယ်တိုင်သွားပြီးတော့ ဦးစီးဦးဆောင် လုပ်ပေးရအုံးမယ်။ နှုတ်ဆက်ပါတယ်”

“ကျုပ်ရဲ့ ကျင့်ကြံခြင်းက လက်ရှိမှာ ပြဿနာတစ်ခု တက်နေတယ်လေ။ ပြန်သွားပြီးတော့ အချိန်အနည်းငယ်လောက် တံခါးပိတ်ကျင့်ကြံလိုက်ပါအုံးမယ်”

All Chapters