အခန်း (၁၄၂၁)
Vol. 96 Ch. 1421
ချင်းဝေ သည် ကြီးမြတ်သူ တုံးကု၊ ကြီးမြတ်သူ ကုဟုန်တို့နှင့်အတူ အထက်နယ်မြေတွင် ကျော်ကြား လှသည့် လူတစ်ယောက်ပင်ဖြစ်၏။ သူမသည် အားကောင်းလွန်းလှသော စွမ်းအားမြင့်ကျင့်ကြံသူများထဲက တစ်ယောက်လည်း ဖြစ်လို့နေခဲ့သည်။
ဧကရီလင်းရောင်သည် သူမ၏ တပည့်လည်းဖြစ်နေ၏။ ထို့ကြောင့် နောက်ခံအရနှိုင်းယှဉ်ရမည်ဆိုလျှင် သူမသည် ကျွင်းချောင်ရှောင်းနှင့် နှိုင်းယှဉ်၍ ရနိုင်၏။
“ဒါမဟုတ်သေးဘူး။”
ကြီးမြတ်သူတုံးကုက ပြောလိုက်သည်။ “အဲဒီအမျိုးသမီးက သစ္စာဖောက်အဖြစ် နာမည်အတပ်ခံခဲ့ရတာလေ။ ဘယ်လိုဖြစ်ပြီး သူမရဲ့တပည့်က နယ်မြေ ဟောခန်းကို လာပြီးကူညီနေရတာလဲ။”
သူသည် ချင်းဝေနှင့် အစောကြီးကတည်းက သိရှိခဲ့ပြီးပြီဖြစ်၏။ သူတို့ကြားတွင် အချစ်ရေး အချစ်ရာနှင့်ပတ်သက်သည့် ဇာတ်ကြောင်းများ မရှိကြချေ။ ခေတ်တစ်ခုတည်းတွင် တည်ရှိနေသည့် ပါရမီရှင်များ အဖြစ် သိကျွမ်းကြခြင်းသာ ဖြစ်၏။
ပြောရမည်ဆိုလျှင် ၎င်းတို့သည် တူညီသည့်အချိန်အတွင်းတွင် ကျော်ကြားလာခဲ့ကြသည့် လူများလည်းဖြစ်၏။ မာဆာတိုကီတာနို၊ ကြီးမြတ်သူ ကုဟုန်တို့ကဲ့သို့ပင် တူညီသည့် မျိုးဆက်အတွင်းဖြစ်တည်လာခဲ့သည့် စွမ်းအားမြင့် ကျင့်ကြံသူ ဖြစ်သည်။
၎င်းတို့သည် အထက်နယ်မြေတွင် တစ်ပြိုက်နက်တည်း ၎င်းတို့၏ နာမည်များကို ထွန်းတောက်အောင်ပြုလုပ်နိုင်ခဲ့ကြသည့် လူများလည်းဖြစ်ကြ၏။
ဥပမာအားဖြင့် ကျွင်းချောင်ရှောင်း ……
ကျွင်းချောင်ရှောင်းသည် အလွန်တရာငယ်ရွယ်လှသည်ဆိုသော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်သည် မြင့်မားလျက် ရှိနေ၏။ ထို့ကြောင့် သူနှင့် သက်တူရွယ်တူ မျိုးဆက်သစ်များအားလုံးသည် သူ့အား စီနီယာဟု ခေါ်ဆိုရမှာ သေချာ၏။
အဘယ့်ကြောင့်ဆိုသော် သူနှင့် တူညီသည့်မျိုးဆက်အတွင်း တည်ရှိနေကြသည့်လူများသည် အဆင့်နိမ့်နယ်မြေတွင် တည်ရှိနေ၏။ ထိုသူများအားလုံးသည် လက်ရှိအခြေအနေတွင် သိုင်းဘုရင် သို့မဟုတ် သိုင်းအင်ပါယာအဆင့်တွင် တဝဲလည်လည်နှင့်ဖြစ်လျက် ကျန်ရှိခဲ့ကြသည်။
စီနီယာတုံးကုနှင့် ချင်းဝေတို့၏ ပတ်သက်ဆက်နွယ်မှုအရဆိုလျှင် ကျွင်းချောင်ရှောင်းနှင့် ဧကရီလင်းရောင်တို့သည် တူညီသည့် မျိုးဆက်တစ်ခုအဖြစ် သုံးသပ်နိုင်၏။ ထိုသို့ဆိုလျှင် ညအင်ပါယာနှင့်ဆက်စပ်ကာ တွေးတောရမည်ဆိုလျှင် အားညိုသည် ကျွင်းချောင်ရှောင်း၏အနောက် မျိုးဆက်တစ်ခုတွင် တည်ရှိနေသည့်သူဖြစ်ပေလိမ့်မည်။
ဤအရာမှာ ပြဿနာတစ်ခုမဟုတ်ပေ။ ရီရှင်းချန်သည် ကျွင်းချောင်ရှောင်း၏ တပည့်တစ်ယောက်ဖြစ်သောကြောင့် နောက်မျိုးဆက်တစ်ခုတွင် တည်ရှိနေသည်ဆိုခြင်းမှာ သာမန်ပင်ဖြစ်၏။
မဟုတ်သေးပါဘူး။ ပြောဆိုနေရင်းမှ အဘယ့်ကြောင့် အားညို၏ မျိုးဆက်အကြောင်းကို ရောက်ရှိသွားရသနည်း။
အဓိကအကြောင်းများကို ပြန်လည်ကာ ပြောဆိုရမည်ဆိုလျှင် ချင်းဝေသည် အမျိုးသမီး တစ်ယောက်ဖြစ်သည်ဆိုသော်လည်း အလွန်ကြမ်းတမ်းလှသော ကိစ္စရပ်များကို ပြုလုပ်ခဲ့သည့် လူတစ်ယောက်လည်း ဖြစ်၏။
ယခင်တုန်းက သူမသည် အထက်နယ်မြေရှိ ထူးချွန်လှသော ပါရမီရှင်တစ်ယောက်ဖြစ်၏။ သို့ပေမဲ့ တဏှာရူး တစ်ယောက်၏ ဗလကာယပြုကျင့်ခြင်းကို ခံရပြီးသည့်နောက် သူမသည် သူမ၏ ကိုယ်ပိုင်မိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ်ခဲ့သည့်အပြင် သူမ၏ မိသားစုကို ထောက်ပံ့ပေးနေသည့် တစ်ခြားသောဂိုဏ်းနှစ်ခုကိုလည်း သုတ်သင်ရှင်းလင်းပစ်ခဲ့သည်။
ထိုအရာသည် အထက်နယ်မြေတစ်ခုလုံးတွင် ကြီးကြီးကျယ်ကျယ်ဖြစ်ပွားခဲ့၏။ နယ်မြေဟောခန်းသည် ငြိမ်ငြိမ် သက်သက် မနေနိုင်တော့ချေ။ ထို့ကြောင့် ကျွမ်းကျင်သူများကို စေလွှတ်ကာဖြင့် သူမကို ဖမ်းဆီးခဲ့၏။ နှစ်ဖက်သားသည် ၃ ရက် ၃ညတိုင်တိုင် ပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီးသည့်နောက် အဆုံးသတ်တွင် ချင်းဝေသည် များပြားလှသော အမြုတေပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများအားလုံးကို သတ်ဖြတ်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ထွက်ခွာသွားခဲ့၏။
ဤကိစ္စသည် တောမီးကဲ့သို့ပင် အထက်နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။ ထိုအချိန်တုန်းက အကြောင်းအရာကို ပြောဆိုရမည်ဆိုလျှင် နယ်မြေဟောခန်း၏ အခွင့်အာဏာသည် ကြီးကြီးကျယ်ကျယ်သက်ရောက်ခဲ့၏။ ထို့ကြောင့်ပင် လျှင် ချင်းဝေအား သစ္စာဖောက်ဟု တံဆိပ်ကပ်ကာ နှစ်ပေါင်းထောင်ချီ အနောက်မှ လိုက်လံကာ တိုက်ခိုက်ခဲ့သည်။
ကြီးမြတ်သူ တုံးကုနှင့် မာဆာတိုကီတာနိုတို့သည် ထိုသမိုင်းကြောင်းကြီး တစ်ခုလုံးကို မျက်မြင်တွေ့ကြုံခဲ့ရသည့် လူများလည်းဖြစ်၏။
ချင်းဝေသည် အလွန်ကြီးကျယ်လှသော ပါရမီကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်သည်။ နယ်မြေဟောခန်း၏ အဆုံးအစမဲ့ အမဲလိုက်ခြင်းကို ခံနေရသည်ဆိုသော်လည်း သူမသည် အဆင့်ချိုးဖြတ်မှုများကို ပြုလုပ်ပြီး သူမ၏ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်နိုင်ခဲ့၏။ အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ရောက်ရှိပြီးသည့်နောက် သူမသည် ကြီးကျယ်သည့် ကိစ္စရပ်များကို ပြုလုပ်ကာ တိုက်ခိုက်ခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။
ထိုသို့သောအချိန်တွင် မိသားစုတစ်ခုလုံးကို သတ်ဖြတ်ခဲ့သည့်အကြောင်းအရာနှင့်ပတ်သက်၍ မည်သူကမှားသည်၊ မည်သူကမှန်သည်ကို ဘယ်သူကမှ အလုပ်ရှုပ်ခံ ၍ ပြောဆိုနေမည် မဟုတ်တော့ပေ။
အဘယ့်ကြောင့်ဆိုသော် သိုင်းပညာရှင်များကိုသာ လေးစားရသည့်လောကကြီးတွင် အားနည်းသူသည် အနိုင်ကျင့်ခံရမှာဖြစ်ပြီး အားကောင်းသူကတော့ တန်ဖိုးထားခံရပေလိမ့်မည်။
ကံကောင်းစွာဖြင့် ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေသို့ ရောက်ရှိလာသည့်အချိန်တွင် အလွန်စွမ်းအားမြင့်သော ဆရာတစ်ယောက်ကို ပိုင်ဆိုင်ခဲ့၏။ မဟုတ်ပါက ဂိုဏ်းတစ်ခုကို သုတ်သင်ရှင်းလင်းပစ်လိုက်သည်ဆိုသည့် အကြောင်းအရာကို လူသိရှင်ကြားထုတ်ဖော် ပြောဆိုလိုက်သည်ဆိုသည်နှင့် နယ်မြေဟောခန်းသည် ရုတ်တရက် ရောက်ရှိလာကာ ပြဿနာရှာမှာ သေချာ၏။ အဆုံးသတ်တွင် သစ္စာဖောက်ဟုပင် အမည်တပ်ခြင်းကို ခံရပေလိမ့်မည်။
“စီနီယာ”
ဧကရီလင်းရောင်က ရှင်းပြလိုက်၏။ “ဆရာက ကျွန်မဘာလုပ်လုပ် ကန့်သတ်မထားပါဘူး။ ပြီးတော့ နယ်မြေဟောခန်း ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာမယ်ဆိုရင်တောင်မှပေါ့။”
ကြီးမြတ်သူတုံးကု၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့သည်။ “ကလေး …. မင်းရဲ့ ဆရာက တကယ့်ကို အမြင်ကျဉ်းမြောင်းတဲ့ လူတစ်ယောက်ပဲလေ။ ဘယ်လိုဖြစ်ပြီး မင်းကို နယ်မြေ ဟောခန်းထဲမှာ အလုပ်လုပ်ဖို့ ခွင့်ပြုပေးနိုင်မှာလဲ။”
ဧကရီလင်းရောင်က ပြောလိုက်၏။ “စီနီယာ …. အထင်မှားနေပါပြီ။ နယ်မြေဟောခန်းနဲ့ ကျွန်မတို့က တူညီတဲ့ ဘက်ခြမ်းမှာ နေထိုင်နေကြတာမဟုတ်ပါဘူး။ ကျွန်မကလည်း နယ်မြေဟောခန်းရဲ့ မထင်မရှား ရာထူးလေး တစ်ခုကိုသာ ယူထားတာပါ။”
“နယ်မြေဟောခန်းကလည်း အမြင်ကျဉ်းမြောင်းကြတယ်လေ။ သူတို့က မင်းကို အသုံးပြုရဲတယ်ဆိုတော့ မင်းရဲ့ ဆရာက ချင်းဝေဖြစ်မှန်း မသိဘူးမဟုတ်လား။”
ကြီးမြတ်သူတုံးကု၏ မျက်လုံးများသည် စူးရှသွားခဲ့၏။ သူသည် အရာအားလုံးကို ထွင်းဖောက်မြင်နေရသလိုပင်။
“မသိပါဘူး။” ဧကရီလင်းရောင်သည် အမှန်အတိုင်းပင် ပြောဆိုခဲ့၏။
ကျွတ် ကျွတ် ကျွတ်
ကြီးမြတ်သူတုံးကုက ပြောလိုက်သည်။ “မင်းရဲ့ဆရာနဲ့ နယ်မြေဟောခန်းက မဖြေရှင်းနိုင်တဲ့ ကိစ္စတွေ၊ ပြဿနာတွေ တည်ရှိနေတယ်ဆိုပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် သတိထားစောင့်ကြည့်နေကြတာလေ။ မင်းအနေနဲ့ ဒီတည်နေရာကို ယူထားတယ်ဆိုတာ တစ်ခြား အကြောင်းအရင်းတစ်ခုခုလည်း ရှိနိုင်သေးတယ်။ ဟုတ်တယ်မလား။”
“ဆရာက ကျင့်ကြံခြင်းလောကထဲကို စပြီးဝင်ရောက်တဲ့အချိန်မှာ တစ်ခြားသူတွေရဲ့ အနိုင်ကျင့်နှိပ်စက်ခြင်း၊ ဗလကာယပြုကျင့်ခြင်းကို ခံခဲ့ရတယ်။ ဒါကြောင့်ပဲ ဒေါသတရားတွေနဲ့အတူ သူမရဲ့မိသားစုတစ်ခုလုံးကို သုတ်သင် ရှင်းလင်းပစ်ခဲ့တာပေါ့။ ဒါကြောင့်ပဲ နယ်မြေဟောခန်းရဲ့ သစ္စာဖောက်ဆိုတဲ့အမည်ကို တပ်ခြင်းခံရတာလေ။ သူမက နာကြည်းမှုတွေ မြိုသိပ်ထားနိုင်တယ်ဆိုပေမဲ့ တပည့်တစ်ယောက်ဖြစ်တဲ့ ကျွန်မကတော့ မမြိုသိပ်နိုင်ဘူး။” ဧကရီ လင်းရောင်က ပြောလိုက်၏။
“ဒါက နည်းနည်းရှုပ်ထွေးတာပဲ။”
ကြီးမြတ်သူတုံးကုသည် သူ၏ဦးခေါင်းကို ကုတ်ကာဖြင့် ပြောလိုက်သည်။ “ငါနည်းနည်း လောက် စဉ်းစားလိုက်အုံးမယ်။”
“စီနီယာ …. စီနီယာ့ဆီမှာ ကြီးမားတဲ့ ကျင့်ကြံခြင်းအဆင့်ရှိတယ်လေ။ ဒီတော့ ကြီးမားတဲ့ ဉာဏ်ပညာကိုလည်း ပိုင်ဆိုင်မှာပဲ။ ဒီတော့ ကျွန်မ ဝေ့ဝိုက်ပြီးပြောမနေတော့ပါဘူး။ အဓိက နယ်မြေဟောခန်းထဲကို ဝင်ရတဲ့ အကြောင်းအရင်းကတော့ ဆရာ့အတွက် တရားမျှတမှုကို ရှာဖွေပေးဖို့ပဲ။” ဧကရီလင်းရောင်သည် စူးရှလှသည့်အသံဖြင့် ပြောဆိုခဲ့၏။
ကြီးမြတ်သူတုံးကုသည် အစောကြီးကတည်းက ခန့်မှန်း ထားပြီးသားဖြစ်တော့၏။ တစ်ဖက်လူသည် ပွင့်ပွင့်လင်းလင်း ဝန်ခံနေသည်ကို မြင်ရသည့်အချိန်မှာတော့ စိတ်ဝင် တစားဖြင့် မေးလိုက်မိသည်။ “ဒါဆိုရင် ငါ့ကိုလာရှာတဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ။”
“နယ်မြေဟောခန်းက အထက်နယ်မြေတစ်ခုလုံးကို တာဝန်ယူထားတယ်ဆိုတာကို လောကကြီးတစ်ခုလုံးက သိရှိကြ တယ်လေ။ ဒါပေမဲ့ အားလုံးမသိရှိတာက နယ်မြေဟောခန်းတစ်ခုလုံးကို တိတ်တဆိတ်ထိန်းချုပ်ထားတာက အဓိက အင်မော်တယ်ဂိုဏ်းကြီး ၁၀ ခုပဲ။ ဒါကြောင့်မို့ ကျွန်မက စီနီယာရဲ့ ထောက်ပံ့မှုကို လိုချင်နေတာပေါ့။” ဧကရီလင်းရောင်က ပြောလိုက်သည်။
“ကလေး”
ကြီးမြတ်သူတုံးကုက ပြောလိုက်၏။ “ငါ့လိုမျိုး တကိုယ်တော်ကျင့်ကြံသူတစ်ယောက်က အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းနဲ့ ရင်ဆိုင်ယှဉ်ပြိုင်နိုင် လိမ့်မယ်လို့ထင်နေတာလား။”
“လူတစ်ယောက်က မလုပ်နိုင်ဘူးဆိုလျှင်တောင်မှ အဖွဲ့တစ်ဖွဲ့က လုပ်နိုင်တယ်လေ။”
“ဟားဟား ဟားဟား” ကြီးမြတ်သူတုံးကုက ရယ်မောလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ငါနေထိုင်ခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ။ ဒါပေမဲ့ ဒီလောက်ရဲတင်းတဲ့ ကလေးမျိုးကို မြင်ရတာတော့ ပထမဦးဆုံးအကြိမ်ပဲ။ မင်း”
သူသည် ခဏရပ်တန့်လိုက်၏။ “ငါ နယ်မြေဟောခန်းကို သွားပြီး ပြောမှာကို မစိုးရိမ်ဘူးလား။”
“မစိုးရိမ်ဘူး။”
“ဘာကြောင့်လဲ။”
“ဘာကြောင့်လဲဆိုတော့ စီနီယာရဲ့တပည့် ကျွင်းချောင်ရှောင်းကြောင့်ပဲလေ။ သူနဲ့ ကျွန်မက တူညီတဲ့ဘက်ခြမ်းမှာ တည်ရှိနေတယ်။ သူသာ ကြီးထွားလာမယ်ဆိုရင် နယ်မြေဟောခန်းတစ်ခုလုံးနဲ့ ကျိန်းသေ ပေါက် ပြဿနာဖြစ်မှာပဲ။ အချိန်ရောက်လာပြီဆိုရင် နယ်မြေဟောခန်းတင်မဟုတ်ဘူး။ နောက်ကွယ်မှာရှိတဲ့ အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းနဲ့ သေခြင်း၊ ရှင်ခြင်းအခြေအနေမျိုးကို ရင်ဆိုင်ရမယ်ဆိုတာ သေချာတယ်။”
“……….”
ကြီးမြတ်သူတုံးကု၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ယင်လျက်ရှိနေ၏။ သူသည် အားလုံး၏ အမြင်တွင် နယ်မြေဟောခန်းကို မကြောက်လန့်ချေ။ ထို့အပြင် နယ်မြေဟောခန်း၏ အလုံးစုံသော အားအင်အဆင့်သည် အားနည်းလွန်းလှ၏။
သို့ပေမဲ့ အင်မော်တယ်ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှာတော့ သူ့ထက် ပိုမိုကာ အဆင့်မြင့်မားလွန်းလှ၏။ ထိုကဲ့သို့သော အရာမျိုးကို သူကိုင်တွယ်နိုင်လိမ့်မည်မဟုတ်ချေ။ ဟို ခွေးတိရစ္ဆာန်လေးသည်သာ ထိုဂိုဏ်းများကို သွား ရောက်ကာ ပြဿနာရှာသည်ဆိုပါက မွန်းစတားဂိုဏ်းအသီးသီးကို ပြဿနာရှာသည်ထက်ပင် ပိုမို၍ ဆိုးဝါးသည့် ပြဿနာကြီးဖြစ်လာမှာ သေချာသည်။
အင်မော်တယ်ဂိုဏ်းများသည် မည်မျှ အားကြီးကြောင်း ကြီးမြတ်သူတုံးကု တိတိကျကျ မသိရှိချေ။ သို့ပေမဲ့ သူ့ကဲ့သို့ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်အနေနှင့် ထိုဂိုဏ်းများကို သွားရောက်နှိမ်နှင်းနိုင်မည် ဆိုသည်မှာ ရေပေါ် အရုပ်ရေးခြင်းသာ ဖြစ်မည်။
“စီနီယာ”
ဧကရီလင်းရောင်က ပြောလိုက်၏။ “ရှင့်ရဲ့ တပည့်က စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းအတွက် ဖူးချင်းဂိုဏ်းကို ဖျက်ဆီးခဲ့တယ်။ ဒါကြောင့် ကျွန်မက စုံစမ်းစစ်ဆေးဖို့ ရောက်ရှိလာတာပါ။ ဒါကြောင့် နယ်မြေဟောခန်းအနေနဲ့ ဘာတစ်ခုမှ မှားယွင်းတဲ့အရာကို ရှာမတွေ့ဘူးဆိုတော့ စိတ်ချလက်ချနေလို့ရပါတယ်။”
“………”
စုံစမ်းရန် ရောက်ရှိလာသော မိန်းကလေးသည် နယ်မြေဟောခန်းကို ဖျက်ဆီးရန်အတွက် သူနှင့်တိုင်ပင်လို့ နေ၏။ အတိတ်တုန်းက ချင်းဝေ ရူးသွပ်သည်ဆိုသည်မှာ လက်ရှိ သူမ၏ တပည့် ရူးသွပ်သည်နှင့် နှိုင်းယှဉ်လျှင် ဘာမှ မဟုတ်ကြောင်းကို ကြီးမြတ်သူ တုံးကုသည် မျက်ဝါးထင်ထင် သိမြင်ခဲ့ရသည်။
“ဟုတ်ပြီ။”
ဧကရီလင်းရောင်က ပြောလိုက်၏။ “ကျွန်မအနေနဲ့ စီနီယာကို ပူးပေါင်းဖို့အတွက် အတင်းကြီးလာပြီး ပြောနေတာမဟုတ်ပါဘူး။ ဒါပေမဲ့ မနှေးနဲ့မမြန် ဆိုသလို ကျွန်မတို့က တူညီတဲ့ဘက်ခြမ်းမှာနေပြီး တူညီတဲ့ရန်သူကို ရင်ဆိုင်ရလိမ့်မယ်ဆိုတာ သေချာတယ်။”
“ငါ့တပည့်က နယ်မြေဟောခန်းနဲ့ ပြဿနာတက်လိမ့်မယ်ဆိုတာ မင်းဘာလို့ အဲ့လောက် သေချာနေရတာလဲ။” ကြီးမြတ်သူ တုံးကုက မေးလိုက်သည်။
“စီနီယာ ကြယ်ကောင်းကင်ခံတပ်အကြောင်းကို ကြားဖူးလား။”
“ကြားဖူးတယ်လေ။”
“အဲဒါက ရှင့်ရဲ့ တပည့်ကြောင့် ပျက်စီးသွားခဲ့ပြီ။”
“ဟမ်” ကြီးမြတ်သူတုံးကု၏ မျက်လုံးများသည် ပြူးကျယ်သွားမိ၏။
ဧကရီလင်းရောင်က ပြောလိုက်သည်။ “အားလုံးသိတဲ့အတိုင်းပဲ။ ကြယ်ကောင်းကင်ခံတပ်ကို နောက်ကွယ်ကနေ ထိန်းချုပ်ထားတာ နယ်မြေဟောခန်းပဲလေ။ ကြယ်ကောင်းကင်ခံတပ်ထဲမှာ သစ္စာဖောက်တွေကို ချုပ်နှောင်ထားဖို့ ရည်ရွယ်ချက်နဲ့ပေါ့။ ဒါပေမဲ့ ကျွင်းချောင်ရှောင်း က အဲဒီအရာကြီးကို ဖျက်ဆီးပစ်ခဲ့တယ်။ ဒါက နယ်မြေဟောခန်းရဲ့ အခွင့်အာဏာကို တိုက်ရိုက်စိန်ခေါ်လိုက်တာပဲ။ နောက်ကွယ်မှာရှိနေတဲ့ အင်ပေါ်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းက ဒီကိစ္စကို သိရှိသွားမယ်ဆိုရင် ပြဿနာကြီးဖြစ်လာမယ်မဟုတ်လား။”
“……”
ကြီးမြတ်သူတုံးကု၏ အမူအရာသည် စိတ်ဝင်တစားနှင့် ဖြစ်လာ၏။ “နယ်မြေဟောခန်းက စီနီယာရဲ့ ဂုဏ်သိက္ခာကြောင့် ကြီးကြီးမားမားတော့ လုပ်ရဲမှာမဟုတ်ဘူး။ ဒီတော့ ပြဿနာကို ဖြစ်နိုင်သမျှ သေးငယ်အောင် ပြုလုပ်ဖို့ပဲ ကြိုးစားကြမှာလေ။”
ဧကရီလင်းရောင်က ပြောလိုက်သည်။ “ဒါပေမဲ့ ကျွင်းချောင်ရှောင်းက အနာဂတ်မှာ သည်းခံလို့မရတဲ့ အရာတွေကို ပြုလုပ်လာမယ်ဆိုရင် အင်မော်တယ် အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းက ကျိန်းသေပေါက် စီနီယာ့ဆီကို ရောက်ရှိလာပြီး ဖြေရှင်းချက်တောင်းလိမ့်မယ်။”
“………”
ကြီးမြတ်သူ တုံးကုသည် စိတ်ထဲ၌ ကြိတ်ကာ ရေရွတ်နေမိ၏။ “ငါ တပည့်လက်ခံလိုက်မိတာ နောင်တတောင်ရလာပြီ။”