← Chapters

အခန်း (၁၄၂၃)

Vol. 96 Ch. 1423

အခန်း (၁၄၂၃)

Vol. 96 Ch. 1423

ဘုန်း

ရုတ်တရက် တောင်ချောက်ကြီးတစ်ခု၏ အောက်ဘက်တွင် နားကွဲလောက်စရာ အသံကျယ်ကြီး ထွက်ပေါ်လာ ၏။ ပြီးသည့်နောက် နယ်မြေဟောခန်း၏ ဝတ်စုံကို ဝတ်ဆင်ထားသည့် အားကောင်းလွန်းလှသော ကျင့်ကြံသူ တစ်ယောက်သည် ကျောက်နံရံကြီးတစ်ခုနှင့် တိုက်မိပြီးသည့်နောက် ကျောက်တုံးများကြားထဲတွင် နစ်ဝင်သွားခဲ့၏။

အပေါ်ပိုင်း အင်္ကျီဗလာကျင်းနှင့် လူငယ်တစ်ယောက်သည် သူ၏ လက်သီးကို ပြန်လည်ရုတ်သိမ်းလိုက်၏။ ပြီးနောက် လက်ကို နဖူးပေါ်သို့ တင်ကာ ပြောလိုက်သည်။ “ဒီလို ငပေါတွေကို စေလွှတ်ပြီး ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား။ တကယ့်ကို စဉ်းစားဉာဏ်မဲ့တဲ့ ကောင်တွေပဲ”

သူသည် အသက် ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်သာ ရှိသည်ဆိုသော်လည်း ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသော အော်ရာများသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ အဆင့်ရှစ် အမြူတေ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို တစ်ချက်တည်း သတ်ဖြတ်ပစ်လိုက်ခြင်းသည် ၎င်း မည်မျှ အားကောင်းလှကြောင်းကို သက်သေပြလျက်ရှိ၏။

“ပြန်လည်မွေးဖွားပြီးတဲ့နောက်မှာ ငါ့ရဲ့ အားအင်အဆင့်က ကြီးကြီးမားမား တိုးတက်သွားခဲ့တာပဲ”

လူငယ်သည် အေးစက်စက်ဖြင့် မော့ကြည့်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “နယ်မြေဟောခန်း.. မင်းတို့ရဲ့ အိမ်မက်ဆိုးတွေက အခုမှ အစပဲ ရှိသေးတယ်”

ဆွစ် ဆွစ် ……..။

ထိုအချိန်မှာတော့ များပြားလှသော အမဲရောင်ဝတ်စုံနှင့် လူများသည် အဝေးတစ်နေရာဆီမှ ပျံသန်း ရောက်ရှိလာကြသည်။ ၎င်းတို့သည် မြင့်မားလှသည့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ကြသည်။ အားလုံးတို့သည် မြေပေါ်သို့ ဒူးထောက်ထိုင်ချပြီးနောက် လေးလေးစားစားဖြင့် သံပြိုင်ပြောလိုက်ကြ၏။ “ပြန်လည် ကြိုဆိုပါတယ် အရှင်”

လူငယ်က ပြောလိုက်သည်။ “ငါမရှိတုန်း နယ်မြေဟောခန်းရဲ့ အနိုင်ကျင့် နှိပ်စက်ခြင်းကို မင်းတို့ ခံရသေးလား”

“အရှင်”

အမဲရောင်ဝတ်စုံနှင့် လူများထဲမှ တစ်ယောက်က ပြောလိုက်၏။ “ကျုပ်တို့ သေသေချာချာ ပုန်းအောင်း နေကြတာပါ။ ဒါကြောင့် နယ်မြေဟောခန်းက ကျုပ်တို့ကို မတွေ့ရှိပါဘူး”

လူငယ်သည် ခေါင်းကိုခါယမ်းလိုက်၏။ သူ၏ မျက်လုံးများသည် အေးစက်သွားခဲ့သည်။ “ငါပြန်လာပြီ။ ဒီတော့ မင်းတို့ ထပ်ပြီး ပုန်းအောင်းနေစရာ မလိုတော့ဘူး”

အားလုံးသောသူတို့၏ မျက်လုံးထဲတွင် စိတ်အားတက်ကြွမှုများ ပြည့်နှက်လာသည်။ ဤနှစ်ပိုင်းအတွင်းတွင် ခေါင်းဆောင် မရှိသောကြောင့် ၎င်းတို့သည် ရည်မှန်းချက်မရှိသလို ဖြစ်မိနေကြ၏။ လက်ရှိအခြေအနေမှာတော့ ၎င်းတို့၏ ဘဝမီးအိမ်သည် ထွန်းတောက်လာခဲ့ပြီဖြစ်၏။ ခေါင်းဆောင်၏ လမ်းညွှန်ပြမှု အောက်တွင် မှန်ကန်သည့် လမ်းကြောင်းကို လှမ်းလျှောက်ရတော့မှာ သေချာသည်။

“အရှင်”

တစ်ယောက်က ပြောလိုက်၏။ “အရှင် ဖမ်းဆီးခံထားရတဲ့အချိန်မှာ အသုဘခန်းဆောင်ကနေပြီး စာတစ်စောင် ပို့လွှတ်ခဲ့တယ်။ သူတို့က ကျုပ်တို့နဲ့ ပူးပေါင်းပြီး နယ်မြေဟောခန်းကို တိုက်ခိုက်ဖို့ မျှော်လင့်နေကြတယ်”

“အသုဘခန်းဆောင် ဟုတ်လား”

လူငယ်သည် နှာခေါင်းရှုံ့လိုက်သည်။ “သူတို့က ငါနဲ့ ပူးပေါင်းဖို့အတွက် အရည်အချင်း ပြည့်မီတယ် ထင်လို့လား”

“အရှင်... အသုဘခန်းဆောင်က လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ကျော်အတွင်း နယ်မြေဟောခန်းနဲ့ တောက်လျှောက် တိုက်ခိုက်နေခဲ့တာ။ သူတို့ရဲ့ အားအင်အဆင့်က ခန့်မှန်းလို့မရဘူး။ သူတို့နဲ့ ကောင်းကောင်း ပူးပေါင်းသင့်တယ်လို့ ကျုပ်ထင်တယ်” ထိုလူက ပြောလိုက်၏။

“မင်းထင်တယ် ဟုတ်လား”

လူငယ်သည် အသာလှည့်ကြည့်ကာဖြင့် အေးစက်စက် မေးလိုက်သည်။ “ငါလိုလူကို ဘာကိစ္စ အကြံပေးနေရတာလဲ”

အမဲရောင်ဝတ်စုံနှင့်လူသည် အလျင်အမြန်ဖြင့် ဦးညွတ်ကာ ပြောလိုက်၏။ “သခင့်ကို အကြံပေးတာမျိုး မဟုတ်ပါဘူး။ ပြောပြတာပါ”

လူငယ်သည် သူ၏ရှေ့တွင်ရှိနေသော ကြီးမားလှသည့် ကျောက်တုံးကြီးတစ်ခုပေါ်သို့ ခုန်တက်လိုက်၏။ ပြီးနောက် သူ၏လက်များကို ယမ်းခါလိုက်တော့သည်။ သူ၏ ကျောပေါ်တွင် ရှိနေသည့် ဆေးမင်ကြောင်သည် ခပ်ရေးရေး ထင်ပေါ်လာသည်။

“တစ်ချိန်လုံး အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့လူတွေကို ငါဘယ်လိုမှ ယုံမှာ မဟုတ်ဘူး။ ပြောရရင် ဒီလောကကြီးမှာ ငါယုံတယ်သူ ဆိုတာ မရှိဘူး … အဲ .. မဟုတ်သေးဘူး”

သူသည် နဖူးကို ပိတ်ရိုက်ကာ ပြောလိုက်၏။ “ငါ ယုံတဲ့လူ တစ်ယောက်တော့ရှိတယ်။ ငါ့အစ်ကိုကြီးပဲ”

“အစ်ကိုကြီး ဟုတ်လား” သူ၏ နောက်လိုက်များ အားလုံးသည် ဆွံ့အသွားခဲ့ကြသည်။ သူတို့၏ အရှင်သည် အထက်နယ်မြေတွင် ငယ်ရွယ်လှသည့်လူတစ်ယောက် မဟုတ်ချေ။ သို့ပေမဲ့ အရှင်သည် တခြားသော တစ်စုံ တစ်ယောက်အား အစ်ကိုကြီးဟု ခေါ်ဆိုလျက်ရှိ၏။ တစ်ဖက်လူသည် ကျိန်းသေပေါက် သာမန်မဟုတ်မှာ သေချာသည်။

“ဆိုးတာက”

လူငယ်သည် ခေါင်းကို ယမ်းခါကာ ထပ်မံ၍ ပြောလိုက်၏။ “ငါ ပြန်လည်မွေးဖွားလာတာ ဆယ်နှစ်ကျော်ပဲ ရှိသေးတယ်။ ငါ့ရဲ့ အစ်ကိုကြီးက အောက်နယ်မြေမှာ ပြင်းပြင်းထန်ထန်နဲ့ အလုပ်ကြိုးစားနေရပြီ ထင်တယ်”

ပြောပြီးပြီးချင်းမှာပဲ သူ၏ နောက်လိုက်များသည် ချက်ချင်း မျက်လုံးပြူးသွားမိ၏။ သူတို့သည် အရှင်၏ စကားဆီမှ အလွန်အရေးကြီးသော သတင်းအပိုင်းအစများကို ရရှိခဲ့၏။ အရှင် အစ်ကိုကြီးဟု ခေါ်ဆိုသူသည် အောက်နယ်မြေ တွင် တည်ရှိနေ၏။ ၎င်းသည် မည်မျှ အားကောင်းလိုက်မည်နည်း။

“သခင်”

အမဲရောင်ဝတ်စုံနှင့် လူများထဲမှ တစ်ယောက်သည် သတ္တိမွေးကာဖြင့် မေးလိုက်မိသည်။ “အရှင့်ရဲ့ အစ်ကိုကြီးက ဘယ်သူလဲ”

“ဒါက…”

လူငယ်သည် သူ၏ကုပ်ပိုးကို ပွတ်သပ်ကာဖြင့် ဇဝေဇဝါ ပြောလိုက်မိ၏။ “ထူးဆန်းတယ်။ ငါ သူ့ကို လေးလေးနက်နက်နဲ့ အစ်ကိုကြီးတစ်ယောက်လို သဘောထားတာပဲ မှတ်မိတယ်။ ဒါပေမဲ့ သူ့ရဲ့နာမည်နဲ့ သူက ဘယ်လိုပုံစံရှိတယ်ဆိုတာ မမှတ်မိတော့ဘူး”

“.........”

နောက်လိုက်များ၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်သွားသည်။ သေချာပေသည်။ သူတို့၏ အရှင်တွင် ထုံးစံအတိုင်း ပြဿနာဟောင်းကြီး တည်ရှိနေ၏။ ပြန်လည်မွေးဖွားလာပြီးသည့်နောက်တွင် မှတ်ဉာဏ်ထဲတွင် ရှိလေူငယ်က ပြောလိုက်သည်။ “အတိုချုပ်ပြောရရင် ငါ့ရဲ့ အစ်ကိုကြီးက အရမ်းကို အားကောင်းတယ်။ အနာဂတ်မှာ မင်းတို့ သူနဲ့တွေ့မယ်ဆိုရင် လေးလေးစားစားနဲ့ ဆက်ဆံရမယ်”

သူ၏နောက်လိုက်များ အားလုံးသည် ထပ်မံကာ စိတ်ဓာတ်ကျသွားခဲ့၏။ နာမည်လည်းမသိ၊ မည်သည့်ပုံစံ မရှိမှန်း လည်း မသိဘဲနှင့် သူတို့သည် မည်သူကို သွားကာဖြင့် လေးလေးနက်နက် ဆက်ဆံရမည်နည်း။ အနာဂတ် မျက်နှာချင်းဆိုင် တွေ့ရမည်ဆိုလျှင်တောင်မှ သိရှိလိမ့်မည် မဟုတ်ချေ။ မည်ကဲ့သို့သွား၍ အရိုအသေ ပေးရမည် နည်း။ တွေ့သမျှလူတိုင်းကို သွား၍ ဦးညွတ်နေရမည်လား။

လူငယ်နှင့် အမဲရောင်ဝတ်စုံဝတ်လူတို့သည် ရိုးရှင်းသည့်စကားများကို ပြောဆိုပြီးနောက် တောင်ကြားထဲမှ ထွက်ခွာ သွားခဲ့ကြသည်။ အရမ်းကြီး ရှည်ရှည်ဝေးဝေး ရှင်းပြနေစရာ မလိုပေ။ စာဖတ်သူများသည် ဤလူ မည်သူ ဖြစ်သည်ကို ခန့်မှန်းပြီးသား ဖြစ်ပေလိမ့်မည်။

ဟုတ်ပေသည်။ ၎င်းသည် ကြယ်ကောင်းကင်ခံတပ်၌ သေဆုံးခဲ့သည့် ဆေးမင်ကြောင်နှင့်လူပင် ဖြစ်လေသည်။

၎င်း၏ အစ်ကိုကြီးဆိုသည်မှာတော့ သံသယရှိစရာပင် မလိုအောင် ကုန်းရှန့်ပင် ဖြစ်တော့၏။ ၎င်းတို့နှစ်ယောက် သည် သေခြင်း၊ ရှင်ခြင်း အချိန်တွင် ညီအစ်ကိုများ အဖြစ်သို့ အစစ်အမှန် လေးလေးနက်နက်ဖြင့် သတ်မှတ်ခဲ့ ကြသည်။ ကံဆိုးစွာဖြင့် ပြန်လည်မွေးဖွားလာပြီးသည့်နောက် မှတ်ဉာဏ်များ ပျောက်ဆုံးခဲ့ရသည်။ ထို့ကြောင့် သူသည် ကုန်းရှန့်၏ နာမည်နှင့် အသွင်အပြင်ကို မမှတ်မိခဲ့ချေ။ ၎င်းတို့နှစ်ယောက် အနာဂတ်တွင် မည်ကဲ့သို့ တွေ့ဆုံကြမည် ဆိုသည်ကတော့ သေသေချာချာ မသိရှိတော့ပေ။

အချိန်အတော်ကြာမြင့်ပြီးသည့်နောက် ကျောက်တုံးပုံများကြားတွင် နစ်မြှုပ်လျက် ရှိနေသည့် နယ်မြေဟောခန်းမှ ကျွင်းကျင်သူသည် သေချင်ယောင်ဆောင်နေရာမှ အသာကုန်းရုန်းထကာ ထွက်ခွာလာ၏။ ၎င်းသည် ခန္ဓာကိုယ် ပေါ်တွင်ရှိနေသည့် ဒဏ်ရာဒဏ်ချက်များ အားလုံးကို အောင့်အီးသည်းခံကာဖြင့် တွေးလိုက်မိသည်။

ဒီ သစ္စာဖောက်က ပြန်လည်ပြီး မွေးဖွားလာခဲ့ပြန်ပြီ။ ဖြစ်နိုင်သမျှ အမြန်ဆုံး နယ်မြေဟောခန်းကို သတင်းပို့ရမယ်။ ပြီးတော့ သူ့ရဲ့အစ်ကိုကြီးဆိုတဲ့လူက ကျိန်းသေပေါက် ရိုးရှင်းမှာ မဟုတ်ဘူး။

သူသည် ဤလူငယ်နောက်သို့ တောက်လျှောက် လိုက်လံကာ စုံစမ်းနေခဲ့၏။ ထို့ကြောင့် ဤလူငယ်သည် မည်မျှ မောက်မာကြောင်းလည်း ကောင်းကောင်း နားလည်၏။ တခြားသောသူများအား သူ၏ ညီငယ်လေး သို့မဟုတ် သူ၏ တပည့်ဟု သတ်မှတ်ဆက်ဆံခဲ့သည့် လူတစ်ယောက်လည်း ဖြစ်၏။ သို့ပေမဲ့ ထိုသို့သောလူက အစ်ကိုကြီးဟု ခေါ်ဆိုနေသောလူသည် အားအင်အဆင့်အရာတွင် သာမန်မဟုတ်သည့် လူမျိုးသာ ဖြစ်ပေလိမ့်မည်။

……………

နယ်မြေဟောခန်း

အဆင့်မြင့် အကြီးအကဲများ အားလုံးသည် ထိုသတင်းကို ရရှိပြီးသည့်နောက် ချက်ချင်းပဲ လေးလေးနက်နက် အမူအရာဖြင့် ဆွေးနွေးကြတော့၏။ ထိုသူများထဲမှ တစ်ယောက်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ဒီကောင်က ထပ်ပြီး မွေးဖွားလာပြန်ပြီ”

“ဒီလူက အရမ်း အန္တရာယ်များတယ်နော်။ ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်ပြီး ဖမ်းဆီးဖို့လိုတယ်”

“အသုဘခန်းဆောင်ကလည်း တကယ်တမ်း သူနဲ့ ပတ်သက်နေတယ် ထင်တယ်။ သူတို့ နှစ်ယောက် မဟာမိတ် ဖွဲ့လိုက်မယ်ဆိုရင် ကျုပ်တို့ နယ်မြေဟောခန်းကတော့ နည်းနည်း ပြဿနာ များလိမ့်မယ်။ ဒါမှမဟုတ် အထက် နယ်မြေတစ်ခုလုံးတောင် ပြဿနာတက်သွားနိုင်တယ်”

“သူ့ရဲ့အစ်ကိုကြီး... အဲလူက အစ်ကိုကြီးလို့ ခေါ်ဆိုတာကြောင့် အရမ်းကို အန္တရာယ်များတဲ့လူဖြစ်မှာ စိုးရိမ်ရတယ်။ သူဘယ်သူလဲဆိုတာကို သေသေချာချာ သိပြီဆိုတာနဲ့ အချိန်ကိုက် တုံ့ပြန်ဖို့ စဉ်းစားထားကြ”

အစ်ကိုကြီး... ထိုအစ်ကိုကြီး ဆိုသူမှာ ကံဆိုးလှသူဖြစ်၏။

မြင်ကွင်းကို ပြန်လည်ကြည့်ရှုမည်ဆိုလျှင် ကံဆိုးလှသူ ကျွင်းချောင်ရှောင်းမှာတော့ လက်ရှိ အခြေအနေတွင် ဆေးဟောခန်းမ ဋ္ဌာနချုပ် ရှိရာသို့ သွားလာလျက် ရှိနေတော့၏။ ၎င်းသည် လမ်းတလျှောက်တွင် ဆေးလုံးနှင့်ပတ်သက်သည့် ဗဟုသုတများကို သေသေချာချာ ဖတ်ရှုလေ့လာခဲ့၏။ သို့ပေမဲ့ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ရန်အတွက်တော့ အလွန့်အလွန်ကို အလှမ်းဝေးကွာလွန်းနေသေးသည်။

သူသည် သေးငယ်လှသည့် ဆေးခန်းမဆောင်လေးတစ်ခုထဲသို့ ဝင်ရောက်၍ ဟန်ထုတ်ကြွားဝါကာဖြင့် ဆရာကြီးစတိုင် ပြုလုပ်မည်ဆိုလျှင် တစ်ဖက်လူများအား လွယ်လွယ်ကူကူဖြင့် အရူး ပြုလုပ်နိုင်စွမ်း ရှိပေလိမ့်မည်။ သို့ပေမဲ့ သူ သွားရောက်နေသည့် ဆေးဟောခန်းဋ္ဌာနချုပ်ဆိုသည်မှာ မည်သို့သော နေရာမျိုး ဖြစ်သနည်း။ အထက် နယ်မြေတစ်ခုလုံးက အသိအမှတ်ပြုခြင်းကို ခံထားရသည့် ဆေးလုံးဋ္ဌာနချုပ် တစ်ခုပင် ဖြစ်၏။ ထိုအထဲတွင် များပြားလွန်းလှသော ကျွမ်းကျင်သူများလည်း တည်ရှိနေ၏။

“မဖြစ်ဘူး။ မဖြစ်ဘူး”

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိသည်။ “ငါ သူတို့ကို နိုင်မှာ မဟုတ်ဘူး”

“ကြိုးစားနေတာ တော်လိုက်တော့”

စနစ်က ပြောလိုက်သည်။ “ဂိမ်းဆာဗာခိုးမယ့်နည်းလမ်းကိုပဲ စပြီး စဉ်းစားတာ ကောင်းလိမ့်မယ်”

“အင်း” ကျွင်းချောင်ရှောင်းည် ခေါင်းကို ခါယမ်းလိုက်၏။ ပြီးနောက် စတိုးအား ချက်ချင်းပဲ ဖွင့်လှစ်လိုက်သည်။ ကျန်နေသည့် Refresh လေးကြိမ်ကို ပြုလုပ်ပြီးသည့်နောက် သူသည် ဆေးလုံးနှင့်ပတ်သက်သည့် မည်သည့် ပစ္စည်း တစ်ခုတလေကိုမှ မရရှိခဲ့ချေ။ ထို့ကြောင့် စိတ်ဓာတ်ကျသွားမိ၏။ “ငါက VIP အသုံးပြုသူလေ”

“ဒါပေမဲ့ တစ်နှစ်စာဝယ်ထားတဲ့ VIP မှ မဟုတ်တာ” စနစ်က စောဒက တက်လိုက်သည်။

“နေအုံး”

ရုတ်တရက် ကျွင်းချောင်ရှောင်းသည် ပစ္စည်းစာရင်း၏ နောက်ဆုံးတွင် ရှိနေသော ပစ္စည်းတစ်ခုဆီသို့ အကြည့်ရောက်သွား၏။ “ဟန်ထုတ်ခြင်းဝတ်စုံ”

ဤအရာသည် ဂိုဏ်း၏ ဂုဏ်သိက္ခာအမှတ်များနှင့် ဝယ်ယူရသည့် အရာလည်း ဖြစ်လို့နေခဲ့သည်။ ဈေးနှုန်းသည် ဂိုဏ်းဂုဏ်သိက္ခာအမှတ် ငါးရာ ဖြစ်လို့နေသည်။

မိတ်ဆက်ကို ကြည့်ရှုရမည်ဆိုလျှင်...

“ပစ္စည်း - ဟန်ထုတ်ခြင်းဝတ်စုံ

မိတ်ဆက် - အလွန်အားကောင်းလှသည့် ကျွမ်းကျင်သူတစ်ယောက်အဖြစ် ဟန်ထုတ်နိုင်စွမ်းရှိသည့် ဝတ်စုံဖြစ်သည်။

အကျိုးသက်ရောက်မှု - သိုင်းကျင့်ကြံခြင်း၊ ဆေးလုံး၊ အစီအရင်နှင့် တခြားသော အတတ်ပညာများ အားလုံးအား မိမိ၏ စိတ်နှင့်အတူ အလွန်အားကောင်းလှသည့် ဟန်ပန်မျိုးဖြစ်အောင် ပြောင်းလဲနိုင်စွမ်း ရှိ၏။

အကျိုးမသက်ရောက်မှု - အထူး - အထူးသော စွမ်းအားမြင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်တွေ့ရမည်ဆိုလျှင် ပေါ်သွားနိုင်သည့် အခွင့်အရေး များလာ၏။ ထို့ကြောင့် သတိဖြင့် အသုံးပြုရန်။

ဈေးနှုန်း - ဂိုဏ်းဂုဏ်သိက္ခာအမှတ် ငါးရာ”

စနစ်က ပြောလိုက်သည်။ “လက်ခံသူ လိုချင်နေတာ ဒါပဲ မဟုတ်လား”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းက စိတ်ဓာတ်ကျသွားမိ၏။ “ငါ ဂိုဏ်းဂုဏ်သိက္ခာအမှတ် ငါးရာ ရဖို့ မနည်း ကြိုးစား ခဲ့ရတာလေ။ ဒါပေမဲ့ ဟန်ထုတ်ဖို့အတွက်ပဲ သုံးလို့ရတဲ့ ပစ္စည်းလေးတစ်ခုကို ဝယ်ရတော့မှာလား”

“ဒါက မင်းရဲ့ ဆေးလုံး ဒါမှမဟုတ် သိုင်းပညာတွေရဲ့ အော်ရာတွေ အကုန်လုံးကို တိုးတက်စေနိုင်တဲ့အရာပဲလေ။ အနာဂတ်မှာ လက်ခံသူအနေနဲ့ အပြင်ထွက်လို့ အရမ်းအားကောင်းတဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေနဲ့ တွေ့ရပြီဆိုရင် ဒါကိုဝတ်ပြီးတော့ ဟန်ထုတ်ကြွားဝါလို့ ရပြီလေ။ တစ်ဖက်လူကို ခြောက်လန့်လိုက်လို့ ရတယ်” စနစ်သည် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။

“ဒါကတော့ ဟုတ်တယ်” ကျွင်းချောင်ရှောင်းသည် အနည်းငယ် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။

စနစ်က ပြောလိုက်သည်။ “လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ပြိုင်စံရှားဂိုဏ်းဆီကို လင်းဝေဂိုဏ်းနဲ့ သူတို့ရဲ့ အပေါင်းအဖော်တွေ လာပြီး စုဝေးခဲ့ကြတယ် မဟုတ်လား။ ဒါပေမဲ့ အဲတုန်းက ကြီးမြတ်သူတုံးကု ရောက်လာပြီး သူ့ရဲ့ အော်ရာ သက်သက်နဲ့တင် တခြားသူတွေ အကုန်လုံးကို အသက်ရှုလို့ မရအောင် ဖိနှိပ်ထားခဲ့တယ်။ ဒါက အော်ရာပဲ”

“ငါသာ ဒီဂိုဏ်းဂုဏ်သိက္ခာအမှတ်နဲ့ ဝယ်ရမယ့် ဝတ်စုံကို ဝတ်ဆင်လိုက်မယ်ဆိုရင် ငါ့ဆရာရဲ့ အော်ရာတွေကို ရရှိမှာပေါ့” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွားမိ၏။

စနစ်သည် အလျင်အမြန် ပြောလိုက်သည်။ “ငါခန့်မှန်းမိတာလေ။ တကယ်တမ်း အကျိုးသက်ရောက်မှုက အဲလို ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာတော့ ဝယ်ပြီးသုံးကြည့်မှ သိမှာပဲ”

“.........”

ကျွင်းချောင်ရှောင်းသည် ခဏလောက် တွန့်ဆုတ်သွားမိ၏။ ပြီးနောက် အံကိုကြိတ်ကာ ပြောလိုက်မိ၏။ “ငါ ဝယ်မယ်”

“ဒင်... လက်ခံသူသည် ဂိုဏ်းဂုဏ်သိက္ခာအမှတ် ငါးရာကို အသုံးပြုပြီး ဟန်ထုတ်ခြင်းဝတ်စုံကို ဝယ်ယူခဲ့၏။ ပစ္စည်း အား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

“ဒင်... ဂိုဏ်းဂုဏ်သိက္ခာအမှတ် - ဝ”

ဂိုဏ်းဂုဏ်သိက္ခာအမှတ်နှင့် ဝယ်ယူရသည့် ပစ္စည်းများသည် အလွန်ကောင်းမွန်လိမ့်မည်ဟု သူထင်မှတ်ထားခဲ့၏။ ထိုအတိုင်း ဖြစ်ရန်လည်း မျှော်လင့်နေမိသည်။

All Chapters