← Chapters

အခန်း (၁၄၂၄)

Vol. 96 Ch. 1424

အခန်း (၁၄၂၄)

Vol. 96 Ch. 1424

သူသည် ဟန်ထုတ်ခြင်းဝတ်စုံကို ဝယ်ယူခဲ့သည်။ ထို့ကြောင့် သူ၏ ဂိုဏ်းဂုဏ်သိက္ခာအမှတ်များသည် သုည အဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။

“အင်း”

ကျွင်းချောင်ရှောင်းသည် သက်ပြင်းချလိုက်မိသည်။ “ငါ ဒါတွေကို ရဖို့အတွက် ခက်ခက်ခဲခဲနဲ့ စုဆောင်းခဲ့ရတာ။ ဒါပေမဲ့ အခုတော့ အကုန်လုံး ကုန်ပြီ”

ဂိုဏ်းစုဆောင်းမှတ်တစ်သိန်းနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ဂိုဏ်းဂုဏ်သိက္ခာအမှတ် ရာဂဏန်း အနည်းငယ် အား သူပို၍ နှမျောမိနေ၏။

“စိတ်မပူနဲ့”

စနစ်က နှစ်သိမ့်ပေးလိုက်သည်။ “ဂိုဏ်းဂုဏ်သိက္ခာအမှတ်နဲ့ ဝယ်ယူတဲ့ ပစ္စည်းတွေက ဂိုဏ်းစုဆောင်းမှတ်နဲ့ ဝယ်ယူတဲ့ ပစ္စည်းတွေထက် ပိုပြီးတော့ ကောင်းလိမ့်မယ်လေ။ လက်ခံသူ အနေနဲ့ ဘယ်တော့မှ ဆုံးရှုံးမှာ မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းအနေဖြင့် မျက်လုံးများ ချာချာလည်သွားမိ၏။ “ဂိုဏ်းဂုဏ်သိက္ခာအမှတ်တွေကို ငါ့ကိုပြန်ပေးဖို့ အစီအစဉ်ရှိလား”

“ဘယ်တော့မှ မရှိဘူး” စနစ်၏ လေသံသည် သံမဏိကဲ့သို့ပင် မာကျောလွန်းလှသည်။

ကျွင်းချောင်ရှောင်းသည် စနစ်ကို လျစ်လျှူရှုပြီးသည့်နောက် လက်တစ်ချက် ယမ်းခါကာ ဟန်ထုတ်ခြင်း ဝတ်စုံအား ထုတ်ယူလိုက်၏။ ထိုအရာသည် ဝတ်ရုံတစ်ခုနှင့် ဆင်တူလွန်းလှ၏။ ပုံပန်းသွင်ပြင်သည် သစ်လွင်လွန်းပြီး ဝတ်ဆင်လိုက်သည့်အချိန်တွင် ပုံတုံးကြီးလည်း မဟုတ်ချေ။ မည်သို့ပင် ဆိုစေကာမူ အဝတ်အစားကို ဝတ်ဆင်သည့်နေရာတွင် ကုန်းရှန့် ဆိုသည်မှာ အဝတ်အစားအရောင်းဆိုင်များတွင် ထောင်ထားတတ်သည့် အဝတ်ဝတ်ထားသော အရုပ်ကြီးကဲ့သို့ပင်ဖြစ်၏။ မည်သည့် အဝတ်ကို ဝတ်ဝတ် ကြည့်လို့ကောင်းလှ၏။

ရွှီး

သူသည် သူ၏သိစိတ်နှင့် ဝတ်စုံအား ချိတ်ဆက်လိုက်၏။ ချက်ချင်းပဲ ကျွင်းချောင်ရှောင်း၏ ဝိညာဉ်သည် လောကတစ်ခုထဲသို့ ဝင်ရောက်သွားခဲ့၏။ ထိုအထဲတွင်တော့ သလင်းကဲ့သို့ ကြည်လင်ရှင်းလင်းလှသည့် ဘောလုံး များသည် လေထဲတွင် လွင့်လျက်ရှိ၏။ ၎င်းတို့သည် မတူညီသည့် အော်ရာများ အသီးသီးကို ထုတ်ဖော်လျက် ရှိနေ၏။ ထိုအရာများသည် သိုင်းကျင့်ကြံခြင်း၊ ဓားကျင့်ကြံခြင်း၊ ဆေးကျင့်ကြံခြင်း စသည်ဖြင့် အများကြီးဖြစ်သည်။

“နားလည်ပြီ။ ဒါတွေက ဟန်ထုတ်ဖို့ အတွက်ပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

သူသည် သိုင်းကျင့်ကြံခြင်း နည်းစနစ်နှင့် သက်ဆိုင်သည့် ဘောလုံးရှေ့တွင် မတ်တပ်ရပ်လိုက်၏။ ပြီးနောက် သူ၏လက်ကို အသာမြှောက်ကာ ထိကိုင်လိုက်၏။ အပြင်ဘက်လောကကြီးတွင် ရှိနေသော သူ၏ မျက်လုံးများသည် ရုတ်တရက် ပွင့်လာ၏။ သူ၏ခန္ဓာကိုယ်အား အလွန်ကောင်းမွန်လှသည့် ချီလှိုင်းများသည် လွှမ်းခြုံသွားခဲ့သည်။

...........

ရွှီး ရွှီး

တောနက်ထဲမှာတော့ သိုင်းကျင့်ကြံသူ ဆယ်ယောက်ကျော်တို့သည် အလျင်အမြန်ဖြင့် ပြေးလွှားလာခဲ့ကြသည်။ ၎င်းတို့ထဲမှ တစ်ယောက်က ပြောလိုက်၏။ “ထူးဆန်းလိုက်တာ။ ဒီအထဲကို မွန်းစတားတစ်ကောင် ပြေးသွားတာ ကျုပ်သေသေချာချာ မြင်လိုက်တယ်။ ဘာလို့ အခု မတွေ့တော့တာလဲ”

“သူက ဒဏ်ရာ ရပြီးသားလေ။ ဝေးဝေးပြေးနိုင်မှာ မဟုတ်တော့ပါဘူး”

ခေါင်းဆောင်က အော်ဟစ်လိုက်သည်။ “မြန်မြန်... သေသေချာချာ ရှာကြ”

“အစ်ကိုကြီး”

ထိုအချိန်မှာပဲ သိုင်းကျင့်ကြံသူတစ်ယောက်က သတိပေးလိုက်၏။ “အရှေ့မှာ တစ်ယောက်ရှိနေတယ်”

“အမ်”

သူတို့၏ ရှေ့တည်နေရာတွင် မျက်စိကိုမှိတ်၍ မတ်မတ်ရပ်လျက် ရှိနေသည့် လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူသည် တစ်စုံတစ်ခုကို စဉ်းစားတွေးတောနေပုံပေါ်သည်။ သို့မဟုတ် အိပ်မောကျနေ သည်လားပင် မသိချေ။

အံ့အားသင့်စရာပင်။ မွန်းစတားများ အမြဲလိုလို ရွှေ့လျားသွားလာတတ်သည့် ဤတည်နေရာမျိုးတွင် စိတ်နှင့် ကိုယ် မကပ်ဘဲ ဤကဲ့သို့ ရှိနေရဲ၏။

“အစ်ကိုကြီး.. ဒီလူရဲ့ ဝတ်စုံကို ကြည့်ရတာ တကယ့်ကို ချမ်းသာတဲ့ လူတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်မျိုးပဲ။ ဒါဆိုရင် ကျုပ်တို့ …” ကျင့်ကြံသူတစ်ယောက်သည် စပ်ဖြီးဖြီးဖြင့် ပြောလိုက်သည်။

အစ်ကိုကြီးဟု ခေါ်သောသူကလည်း လေးလေးနက်နက် ပြောလိုက်၏။ “ဒီလူရဲ့ အော်ရာတွေကလည်း အရမ်း အားမကောင်းဘူး။ ပြီးတော့ အန္တရာယ်များတဲ့ တည်နေရာထဲမှာ ရောက်နေတာလေ။ အချိန်မရွေး မွန်းစတား သားရဲတွေရဲ့ စားသောက်ခြင်းကို ခံရလိမ့်မယ်။ ဒီတော့ ငါတို့ သူ့ကို လုံလုံခြုံခြုံနဲ့ အပြင်ကို ပို့ပေးလိုက်မယ်။ အဲဒီ အတွက် သက်ဆိုင်တဲ့ အဖိုးအခကိုတော့ သူ့ဆီက တောင်းယူရမှာပေါ့”

“ဟုတ်တယ်။ ဟုတ်တယ်” သူ၏ နောက်လိုက်များသည်လည်း အလျင်အမြန်ဖြင့် ဝင်ရောက် ပြောဆိုလိုက်ကြသည်။

“သွားကြမယ်”

ဆွစ်

ဝှစ်

အားလုံးသောသူများသည် အမြန်အဆန်ဖြင့် အရှေ့ဆီသို့ လှမ်းတက်လိုက်ကြသည်။ ထိုအချိန်မှာပဲ ရှေ့တည့်တည့် တွင် ရပ်တန့်လျက် ရှိနေသည့် လူငယ်သည် ရုတ်တရက် သူ၏ မျက်လုံးကို ဖွင့်လိုက်၏။ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည့် အော်ရာများသည် သူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာ၏။

ဟူး ဟူး

အားလုံးသည် ရုတ်တရက် ရပ်တန့်သွား၏။ မျက်လုံးထဲတွင်တော့ အံ့အားသင့်သည် အရိပ်အယောင်များနှင့် ပြည့်နှက်သွားခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများသည် ထွက်ပေါ်လာပြီးသည့်နောက် ဖြစ်ပေါ်လာသည့် ဖိအားများမှာ တောင်ပေါင်း တစ်သောင်းလောက် ၎င်းတို့၏ ကျောပေါ်သို့ ရောက်ရှိလာသလိုပင်။

“လုပ်ပါအုံး။ ဒါက တကယ့်ကို ကျွမ်းကျင်သူကြီးပဲ”

အလွန် အားကောင်းလှသည့် အော်ရာများ၏ အောက်မှာတော့ ၎င်းတို့၏ ခြေထောက်များသည် ၎င်းတို့၏ ပြောစကားကို နားမထောင်တော့ချေ။ ဒူးများ ပျော့ခွေကာဖြင့် မြေပေါ်သို့ လဲကျသွား၏။ တချို့ဆိုလျှင် ဘောင်းဘီတွင် သေးများပင် စိုလျက် ရှိနေ၏။

“ဟမ်”

ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်သည့် ကျွင်းချောင်ရှောင်းသည် သူ၏ ရှေ့နှင့် ဘေးပတ်ပတ်လည်တွင် လူဆယ်ယောက်ကျော် လဲလျောင်းလျက်ရှိကြောင်းကို သတိပြုလိုက်မိ၏။ ထို့ကြောင့် လှည့်ကြည့်ကာဖြင့် မေးလိုက်မိသည်။ “ဘာဖြစ်ကြတာလဲ”

အားကောင်းလွန်းလှသော သိုင်းကျင့်ကြံခြင်း အော်ရာများ ထွက်ပေါ်နေသောကြောင့် ၎င်းပြောဆိုလိုက်သည့် စကာလုံးနှစ်လုံးတွင် ပါဝင်သည့် အဟိတ်အဟန်သည် ခန့်မှန်း၍ မရအောင် နက်နဲလွန်းနေကြောင်း သိရှိလိုက်ကြရ၏။

ထို့ကြောင့် မြေပေါ်တွင် လဲလျောင်းလျက်ရှိနေသည့် ကျင့်ကြံသူများသည် ထိုစကားသံကို ကြားရသည့်အချိန်မှာတော့ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်များ ထွက်ခွာသွားလုမတတ် ထိတ်လန့် ကြောက်ရွံ့ သွားကြသည်။

“ဆန်းကြယ်လိုက်တာ၊ ဒါ တကယ့်ကို ဆရာ့ ဆရာကြီးပါလား”

“မဟုတ်ဘူး။ မဟုတ်ဘူး”

အစ်ကိုကြီးဆိုသူသည် ကြောက်လန့်မှုများကို အတင်းဖိနှိပ်ကာဖြင့် တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်။ “ဘာ.. ဘာမှ မဟုတ်ပါဘူး”

“ဪ”

ကျွင်းချောင်ရှောင်းသည် ပြန်လည်တုန့်ပြန်လိုက်၏။ ပြီးနောက် အသာလှည့်ကာ လျှောက်ထွက်သွားတော့သည်။ သူထုတ်လွှင့်လိုက်သည့် သိုင်းအော်ရာများသည် မည်မျှကြောက်မက်ဖွယ်ရာ ကောင်းလှသည်ကို သူသေသေချာချာ မသိချေ။ သို့ပေမဲ့ တည်နေရာချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူများကိုပင် မတ်မတ်မရပ်စေနိုင်အောင် ကြောက်လန့်စေခဲ့၏။

ဟူး

ကုန်းရှန့် ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် သိုင်းကျင့်ကြံသူ ဆယ်ယောက်ကျော်တို့သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ တချို့ဆိုလျှင် ၎င်းတို့၏ မျက်နှာများကို ဖုံးကာကာဖြင့် ငိုရှိုက်လျက် ရှိနေ၏။ ထိတ်လန့်ကြောက်ရွံ့ရသည်မှာ ဆိုးရွားလွန်းလှချေသည်။

..........

“ဟုတ်ပြီ။ ဒီဝတ်စုံက ကိုယ့်ရဲ့စိတ်အတိုင်း ပုံပန်းသွင်ပြင် ပြောင်းလဲလို့ ရမယ်နဲ့တူတယ်”

လမ်းတလျှောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားဖြင့် စဉ်းစားလိုက်မိ၏။ သူ၏ စိတ်ထဲတွင်တော့ များပြားလှသော ပုံပန်း သွင်ပြင်များ ပေါ်ပေါက်လာခဲ့၏။ တစ်ခုကို အတည်ပြုပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်တွင် ဝတ်ရုံရှည်ကြီးတစ်ခု ဖြစ်တည်လာ၏။ ထိုဝတ်စုံသည် အမဲရောင်ဝတ်ရုံရှည်ကြီးဖြစ်ပြီး အနီရောင်တိမ်ပုံစံများ တည်ရှိနေခဲ့၏။

“အင်း... လုံလောက်အောင် မချောသေးဘူးပဲ”

ရွှီး

ဟန်ထုတ်ဝတ်စုံသည် အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားပြန်၏။ ၎င်း၏ ကျောဘက်တွင်တော့ ဒုတိယမျိုးဆက် ခေါင်းဆောင်ဟူသည့်စာလုံး ရေးသားထား၏။ အရှေ့ဘက်တွင်တော့ တရားမျှတမှုဟူသည်စာလုံး ရေးထိုးထားပြန်သည်။

သစ်တောထဲမှ လျှောက်ထွက်လိုက်သည့်အချိန်မှာတော့ နီညိုရောင်ဘောင်းဘီတိုနှင့် အင်္ကျီတိုအဖြစ် ပြောင်းလဲသွားခဲ့ပြန်၏။ ရင်ဘတ်တွင်တော့ အရှင်ဟူသည့် စာလုံးကို ရေးထိုးထား၏။

စနစ်သည် မည်သို့မှ မနေနိုင်တော့ဘဲ ထကာ အော်ဟစ်လိုက်မိသည်။ “သောက်ကမြင်းကြော ထတာ တော်ပါတော့”

.........

အထက်နယ်မြေတည်နေရာသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာ ခွဲခြားပုံနှင့် ဆင်တူလှ၏။ ၎င်းတို့သည် ခရိုင်အသီးသီးဖြင့် ခွဲခြားထားခဲ့ပြီး အရှေ့တောင်အရပ်နှင့် အနောက်မြောက်အရပ်ဟူ၍ တသီးတခြားဆီ တည်ရှိ၏။

အလယ်အကျဆုံး တည်နေရာကိုတော့ ဗဟိုကုန်းမြေတိုက်ကြီးဟု ခေါ်ဆိုပြီး တစ်လောကလုံး၏အလယ် အချက်အခြာကျသည့် တည်နေရာလည်း ဖြစ်တော့၏။ နယ်မြေဟောခန်းဋ္ဌာနချုပ်၊ ဆေးဟောခန်းဋ္ဌာနချုပ်၊ တခြားသော အသိအမှတ်ပြု အခွင့်အာဏာကို ပိုင်ဆိုင်သည့်အဖွဲ့အစည်းများ အားလုံးသည် ဗဟို ကုန်းမြေတိုက်ကြီးမှာ အခြေချနေထိုင်သည်။

ကျွင်းချောင်ရှောင်း သွားရောက်လည်ပတ်ချင်သည်ဆိုပါက အရှေ့တောင် အရပ်ဆီမှ အလယ်ဗဟိုဆီသို့ တောက်လျှောက် ခရီးနှင်လာရမှာဖြစ်၏။

ဤခရီးသည် အလွန်ရှည်ကြာလွန်းလှပြီး လမ်းလျှောက်သွားမည်ဆိုပါက နှစ်ပေါင်းများစွာ ကြာမြင့်နိုင်၏။ ကံကောင်းစွာဖြင့် သူ့၌ သက်တန့်အလင်းတောင်ပံ တည်ရှိနေ၏။ ၎င်း၏ ပျံသန်းနိုင်မှု အမြန်နှုန်းသည် အလွန် မြန်ဆန်လွန်းလှသည် မဟုတ်သော်လည်း စွမ်းအင်များကို ချွေတာနိုင်စွမ်း ရှိ၏။ ကျွင်းချောင်ရှောင်းသည် သက်တန့်အလင်းတောင်ပံကို ဆင့်ခေါ်ပြီးသည့်နောက် ပျံသန်းထွက်ခွာသွားခဲ့သည်။ နှစ်လအတွင်းမှာပဲ သူသည် ဗဟိုကုန်းမြေတိုက်ကြီးဆီသို့ ရောက်ရှိသွားသည်။

ရွှီး ရွှီး

“ကောင်းကင်နဲ့မြေကြီးရဲ့ ဓာတ်သဘာဝတွေက အရှေ့တောင်အရပ်ထက် ပိုပြီးတော့ အားကောင်းနေတာကိုး”

လမ်းတလျှောက်မှာတော့ သူသည် ခံ့ညားပြီးကြီးမားလွန်းလှသော တောင်တန်းကြီးများ၊ မြစ်ချောင်းကြီးများကို မြင်ရရုံသာမက အလွန် အားကောင်းလွန်းလှသော စွမ်းအားမြင့် ကျင့်ကြံသူများကိုလည်း မြင်ခဲ့ရ၏။ ထို့ကြောင့် သက်ပြင်းချလိုက်မိ၏။ “ဒီမှာရှိတဲ့လူတွေက တကယ့်ကို ကျွမ်းကျင်သူတွေကြီးပါလား”

“ဒါဘာကြီးလဲ”

“ချီးတဲ့မှ... အလင်းတန်းတွေက လှလိုက်တာ”

သိုင်းကျင့်ကြံသူများသည် ကောင်းကင်ယံတွင် တဖြတ်ဖြတ် ပြေးသွားသည့် သက်တန့်ရောင်အလင်းတန်းများကို သတိပြုမိလိုက်ကြသည်။ ထို့ကြောင့် အသာမော့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ သိုင်းကျင့်ကြံသူ တစ်ယောက် ပျံသန်းသွားသည်ဖြစ်ကြောင်းကို အတည်ပြုလိုက်မိ၏။ ထိုသူ၏ ကျောဘက်တွင် ရောင်စုံ အတောင်ပံ တစ်ခုက တည်ရှိလို့နေသည်။

၎င်းတို့၏ မျက်လုံးထဲတွင် မနာလိုမှုများ၊ အမုန်းတရားများနှင့်ပင် ပြည့်နှက်သွားခဲ့၏။

စနစ်က ပြောလိုက်သည်။ “လက်ခံသူ.. အရမ်းကြီး ဟန်ထုတ်မနေနဲ့။ အလုခံရမှာကို သတိထား”

“ရပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မင်း ဒီလို ပြောလိုက်ပြီဆိုမှတော့ ငါက ကျိန်းသေပေါက် လုံခြုံပြီပဲ”

“.........”

စနစ်သည် စိတ်ဓာတ်ကျသွားမိ၏။ “ငါက တကယ်ပြောနေတာ။ ကိုယ့်မှာရှိတဲ့ ပစ္စည်းကို အရမ်းကြီး ထုတ်ဖော် ပြသမယ်ဆိုရင် မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့ လူတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံရမှာ သေချာတယ်လေ”

“ထပ်ပြီး ပြောလိုက်အုံး။ မင်း အဲလိုပြောလေ ငါပိုပြီးတော့ လုံခြုံလေပဲ”

“ချီးတဲ့မှ... ငါတကယ် လေးလေးနက်နက် ပြောနေတာကွ”

........

ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဝူရွှမ်းမြို့၏ အရှေ့ဆီသို့ လုံလုံခြုံခြုံဖြင့် ဆင်းသက်လိုက်သည်။ ဤအရာသည် ဗဟိုကုန်းမြေတိုက်ကြီးတွင် ရှိနေသော ကြီးမားလှသည့် မြို့ကြီးများထဲမှ တစ်မြို့ဖြစ်ပြီး ဆေး ဟောခန်းမ ဌာနချုပ် တည်ရှိရာမြို့လည်းဖြစ်၏။ ရှည်လျားလွန်းလှသည့် မြို့၏ ဂိတ်တံခါးကြီးရှေ့တွင် မတ်မတ် ရပ်ပြီး ကျွင်းချောင်ရှောင်းသည် ဆွံ့အလျက်ရှိ၏။ “ဒါကြီးက သောက်ရမ်း ခမ်းနားလွန်းအားကြီးတယ်”

“.........”

စနစ်သည် ဆွံ့အသွားမိ၏။ ဤမျှ မျက်စိနောက်စရာကောင်းလှအောင် အားလုံး၏ရှေ့မှ ပျံသန်းလာခဲ့သော်လည်း တစ်ဦးတလေကမှ လာရောက် မလုယက်ခဲ့ပေ။ လက်ခံသူ တွေးတောထားသည့် ယုတ္တိဗေဒ တရားသည် အမှန်ပင် ဖြစ်နေသည်လား။

“ရပ်စမ်း”

သူ့အနေနှင့် မြို့ထဲသို့ ဝင်ရန် ပြင်လိုက်သည့် အချိန်မှာပဲ စစ်သည်တစ်ယောက်သည် သူ၏ လမ်းကို တားဆီးကာ အော်ဟစ်လိုက်၏။ “ဝူရွှမ်းမြို့ထဲကို ဝင်မယ့်လူတွေ အကုန်လုံးက အသိအမှတ်ပြု မှတ်ပုံတင် တစ်ခုခုကို ပြသရမယ်”

ကြီးမားသော မြို့ကြီးများသည် စည်းမျဉ်းစည်းကမ်းများ ပိုမိုကာ များပြား၏။ ထို့ကြောင့် အသိအမှတ်ပြု မှတ်ပုံတင် ကတ်ပြားကဲ့သို့အရာများ လိုအပ်ချေသည်။

ကျွင်းချောင်ရှောင်းသည် ပြဿနာ လာရောက်ရှာဖွေသူ မဟုတ်ချေ။ ထို့ကြောင့် သူသည် လျင်လျင်မြန်မြန်ဖြင့် ပူးပေါင်းလိုက်၏။ လင်းယွမ်မြို့၏ ထာဝရ နေထိုင်သူ ဆိုသည့်ကတ်ပြားကို ထုတ်ယူပေးလိုက်၏။

မြို့တော်ဝန်လုသည် သူ့အား ဤကတ်ပြားကို ပေးထားသည်သာမက ပြိုင်စံရှားဂိုဏ်း၏ တပည့် အကုန်လုံး အားလည်း ကတ်ပြားတစ်ခုစီ ပေးထားသေး၏။ ပြောရမည်ဆိုလျှင် ပြိုင်စံရှား ဂိုဏ်းတစ်ခုလုံးသည် လင်းယွမ်မြို့ တွင် အခြေချနေထိုင်သူများဟု သတ်မှတ်နိုင်သည်။

“အားနာပါတယ်”

ထိုစစ်သည်က အေးစက်စက် ပြောလိုက်၏။ “အဆင့်နိမ့် မြို့တွေထဲမှာ နေထိုင်တဲ့လူတွေက ဝူရွှမ်းမြို့ထဲကို ဝင်ရောက်ဖို့ အရည်အသွေး မပြည့်ဘူး”

“.......”

ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်မိ၏။ “ချွင်းချက်အနေနဲ့ လုပ်ပေးလို့ မရဘူးလား”

စစ်သည် သည် သူ့ကို တစ်ချက်ကလေးမှ ဂရုမစိုက်တော့ချေ။ တခြားသောသူများကို လက်ယမ်းခေါ်ကာဖြင့် ထိုသူများဆီမှ ကတ်ပြားများကို စစ်ဆေးလိုက်၏။ ပြီးနောက် ကျွင်းချောင်ရှောင်းကို ကြည့်ကာ စိတ်မရှည်သလို အော်လိုက်သည်။ “ထွက်သွားတော့”

ချီးတဲ့မှ... မင်းက မောက်မာလိုက်တာ။

ဝှစ်

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ငစနူတောသားတစ်ယောက်၏ အသွင်သဏ္ဍာန်မျိုးကို သိမ်းဆည်လိုက်၏။ ပြီးနောက် အိတ်ကပ်အရွယ်အစားရှိသော ရှေးရွက်သင်္ဘောကြီးကို လက်ပေါ်တင်ကာ ပြောလိုက်သည်။ “ခင်ဗျားရဲ့ မျက်လုံးကိုဖွင့်ပြီး ဒါဘာလဲ သေချာကြည့်”

ဝှစ် ဝှစ်

အလွန်ထူထဲပြီး အားကောင်းလွန်းလှသော အော်ရာများသည် ထိုနေရာဆီမှ ထွက်ပေါ်နေ၏။ စစ်သည် သည် ထိုအရာကို ကြည့်ရှုပြီးနောက် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်မိ၏။

ထိုရွက်သင်္ဘောကြီးပေါ်တွင် ရှေးရွက်သင်္ဘောဟု ရေးသားထားခဲ့သည်။ အနားတွင် မြို့ထဲသို့ဝင်ရန် တန်းစီလျက် ရှိနေသည့် လူများသည်လည်း တုန်လှုပ်သွားခဲ့ကြ၏။ ၎င်းတို့သည် တစ်ချက် လှမ်းကြည့်လိုက်သည်နှင့် ထို ရွက်သင်္ဘောကြီးဆီမှ အလွန်ထူထဲလှသော အော်ရာများ ထွက်ပေါ်နေသည်ကို သိရှိကြသည်။

“ခင်ဗျား... ခင်ဗျား”

ထိုစစ်သည် သည် နှလုံးသားထဲတွင် ဖြစ်တည်နေသည့် ထိတ်လန့်တုန်လှုပ်မှုကို ဖိနှိပ်ကာဖြင့် ပြောလိုက်သည်။ “ခင်ဗျားက ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား”

“ဟမ်”

ဗဟိုဒေသမှာရှိတဲ့ လူတွေကလည်း သူ့အား ကြားဖူးသည်လား။ ကျွင်းချောင်ရှောင်းသည် ဂိုဏ်းချုပ် တံဆိပ်ပြားအား ထုတ်ယူကာဖြင့် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။ “ဒီမှာ အမှန်ပဲ”

သူ့အနေနှင့် ထိုအရာကိုသာ အရင်ဆုံး ထုတ်ပြပါက တစ်ဖက်လူအနေနှင့် သံသယ ရှိပေလိမ့်မည်။ ထို့အပြင် ဤကဲ့သို့ကတ်ပြားမျိုး ဆိုသည်မှာ ဈေးထဲတွင် ငွေစအနည်းငယ် ပေးလိုက်သည်နှင့် ရရှိနိုင်သည့် ကတ်ပြားမျိုး ဖြစ်နေသည် မဟုတ်ပါလား။ သို့ပေမဲ့ ရှေးရွက်သင်္ဘောကြီး၏ ထူထဲပြီး အားကောင်းလှသည့် အော်ရာများသည် လိမ်ညာလို့ မရနိုင်ချေ။

“ဒါဆိုရင် ဂိုဏ်းချုပ်ကျွင်းပေါ့။ မလေးမစား ပြုမူမိတဲ့အတွက် တောင်းပန်ပါတယ်” ထိုစစ်သည်၏ ဆက်ဆံပုံသည် ချက်ချင်းပဲ ပြောင်းလဲသွားတော့၏။

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ် မြို့ထဲကို ဘယ်လိုလှိမ့်သွားရမလဲ ဆိုတာ ပြပါအုံး”

“ကောင်းပါပြီ”

ထိုစစ်သည် ချက်ချင်းပဲ မြေပေါ်သို့ လဲချလိုက်၏။ ပြီးနောက် ခန္ဓာကိုယ်ကို လှိမ့်ကာဖြင့် ရှေ့သို့ တိုးသွားတော့၏။

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိနေတော့သည်။

All Chapters