← Chapters

အခန်း (၁၄၂၅)

Vol. 96 Ch. 1425

အခန်း (၁၄၂၅)

Vol. 96 Ch. 1425

ရှေးရွက်သင်္ဘောကြီးကို ထုတ်လိုက်သည့်အချိန်မှာတော့ စစ်သည်သည် အမှန်ပင် ကြောက်လန့်သွားခဲ့၏။ ဟုတ်ပေသည်။ မြေပေါ်တွင် လှိမ့်၍ သွားရခြင်းသည် အသတ်ခံရသည်ထက်တော့ ပိုမိုကာ သက်သာလှ၏။

ထို့အပြင် တစ်ဖက်လူသည် ကြီးမြတ်သူတုံးကု၏ တိုက်ရိုက်တပည့်လည်း ဖြစ်လို့နေ၏။ သူသွား၍ လျှာရှည်မိသည့်အတွက် ဤကဲ့သို့ ခံရသည်မှာ ထိုက်တန်သည်ဟု သတ်မှတ်ထားမိသည်။

“ဟင်း”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်မိ၏။ အထဲသို့ မည်သို့သွားရမည်ဆိုသည်ကို ဘန်းစကားနှင့် မေးမြန်းခဲ့ခြင်းအား တစ်ဖက်လူသည် ကြောက်လန့်စွာဖြင့် ခန္ဓာကိုယ် ကိုလှိမ့်ကာ အထဲသို့ သွားပြနေ၏။

“ကျုပ် မြို့ထဲကို ဝင်လို့ရပြီလား”

“ရပါပြီ။ ရပါပြီ” မြေပေါ်တွင် လှိမ့်လျက်ရှိနေသည့် စစ်သည် သည် ရုတ်တရက် ထကာ အော်လိုက်သည်။

ကျွင်းချောင်ရှောင်း မြို့ထဲသို့ ဝင်သွားပြီးနောက် စစ်သည် သည် ချက်ချင်းပဲ မတ်တပ်ထရပ်လိုက်၏။ သူ၏ ခန္ဓာကိုယ်တွင် ရှိနေသော ဖုန်များကို အသာပုတ်ကာဖြင့် အဝေးတစ်နေရာတွင် ရှိနေသော ဖြတ်သွားဖြတ်လာများကို လက်ညှိုးထိုးကာ အော်လိုက်၏။ “ဝူရွှမ်းမြို့ထဲကို ဝင်မယ့်လူတွေ အကုန်လုံးက အသိအမှတ်ပြု ကတ်ပြားတွေ ပေးမှဖြစ်မယ်”

ဤလူ၏ စိတ်ဓာတ်ခိုင်မာမှုသည် ကြောက်ခမန်းလိလိ အခြေအနေဆီသို့ ရောက်နေပြီဖြစ်သည်။

“ကောင်းကင်ဘုံ... ဒီလူက တကယ်ကို ကြီးမြတ်သူတုံးကုရဲ့ တပည့်ပဲ”

အားလုံးတို့သည် စတင်ကာ ဆွေးနွေးလျက် ရှိနေ၏။ ပြိုင်စံရှားဂိုဏ်းသည် ကျင့်ကြံခြင်းလောကတွင် သတင်းမွှေးနေသည်မှာ အကြောင်းအရာ နှစ်ခုရှိ၏။ ပထမ အကြောင်းသည် ဖန်းချီ မိုးကောင်းကင်တောင်တန်းတွင် များပြားလှသည့် မွန်းစတားကလန်များ လာရောက်ဝန်းရံကြသည့် ကိစ္စကြောင့်ဖြစ်ပြီး ဒုတိယအနေနှင့်တော့ ဖူးရှင်းဂိုဏ်းအား ဖျက်ဆီးခဲ့သောကြောင့်ပင်။

“ထူးဆန်းလိုက်တာ။ သူ ဘာလို့ ဝူရွှမ်းမြို့ကို လာရတာလဲ”

“လင်းယွမ်မြို့မှာ ပြိုင်စံရှားဂိုဏ်းက ဆေးလုံးဆိုင်တစ်ခုကို ဖွင့်လှစ်ထားခဲ့တယ်လေ။ သူ ဒီကိုလာတာ ဆေးဟောခန်းမ ဋ္ဌာနချုပ် ကို လာလည်တာပဲ ဖြစ်ရမယ်”

ဝူရွှမ်းမြို့သည် အထက်နယ်မြေ၏ မြို့များထဲတွင် ကျော်ကြားလှသည့်မြို့အဖြစ် သတ်မှတ်နိုင်၏။ အဘယ်ကြောင့် ဆိုသော် ဆေးဟောခန်းမဆောင်၏ ဌာနချုပ် တည်ရှိနေသောကြောင့်ပင်။

ထိုတည်နေရာတွင် ဆေးပင်နှင့် ဆေးလုံးများသည် များပြားစွာ ရောင်းချခြင်းကို ပြုမူ၏။ ကြီးမားလှသည့် ဈေးကွက်ကြီးကိုလည်း ပိုင်ဆိုင်ထားသေးသည်။

ကျွင်းချောင်ရှောင်း မြို့ထဲသို့ ဝင်လိုက်သည့်အချိန်မှာတော့ လေထုထဲတွင် အလွန် အားကောင်းလှသည့် ဆေးပင်များ၏ ရနံ့သည် လှိုင်သင်းလျက်ရှိနေသည်။ သူသည် ဆေးဟောခန်းမ ဌာနချုပ်ဆီသို့ အလျင်စလို မသွားခဲ့ပေ။ မြို့ထဲတွင် ရှိနေသော ပစ္စည်းများကို လျှောက်ကာ ပတ်ကြည့်နေမိ၏။ ပြီးနောက် တွေးလိုက်မိ၏။ “ငါ ဒီကနေ မထွက်သွားခင်မှာ အရင်ဆုံး ဆေးမျိုးစေ့တချို့ကို ဝယ်သွားရမယ်”

ဟုတ်ပေသည်။ သူ့၏ အားအင်အဆင့်သည်သာ လုံလောက်သည့်အခြေအနေတွင် ရှိပါက အနာဂတ် ဤတည်နေရာ တွင် ဆေးလုံးဆိုင်တစ်ခုကို ဖွင့်လှစ်ရန် စဉ်းစားလိုက်မိသည်။

..............

ဆေးဟောခန်းမဆောင်၏ ဌာနချုပ်သည် ဝူရွှမ်းမြို့၏ အရှေ့ဘက်ခရိုင်တွင် တည်ရှိ၏။ ကျွင်းချောင်ရှောင်းသည် လမ်းသွားလမ်းလာများကို မေးမြန်းပြီးနောက် ခမ်းနားပြီး ကြီးကျယ်လွန်းလှသော အိမ်တော်ကြီးတစ်ခုရှေ့တွင် မတ်တပ်ရပ်လိုက်သည်။

“ခင်ဗျားက ဘယ်သူလဲ” အစောင့်တစ်ယောက်က မေးလိုက်၏။

ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို အနောက်သို့ ပစ်လိုက်သည်။ ပြီးနောက် ကျယ်လောင်စွာ ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျွင်းချောင်ရှောင်း”

အစောင့်၏ မျက်လုံးထဲတွင်တော့ အံ့အားသင့်သည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ ပြီးသည့်နောက် မှာတော့ သူသည် မြန်မြန်ဆန်ဆန်ပဲ အိမ်တော်ထဲသို့ ပြေးဝင်သွားခဲ့၏။ မကြာခင်မှာပဲ ဆေးဟောခန်းမဆောင်၏ ဟောခန်းသခင်ဖြစ်သည့် ပိုင်ကျောင်းယန်သည် အထက်ပိုင်းအကြီးအကဲများကို ဦးဆောင်ပြီး လာရောက် ကြိုဆို၏။

သူသည် လက်သီးကိုဆုပ်ကာဖြင့် ပြုံးကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း လာလည်တာ ကျုပ်ရဲ့နိမ့်ကျတဲ့ အိမ်တော်ကို အလင်းကြီးတစ်ခုအဖြစ် ဖြစ်တည်နေပြီ”

ကြီးမြတ်သူတုံးကု၏ တိုက်ရိုက်တပည့်မှာ ဆေးဟောခန်းမဋ္ဌာနချုပ်၏ ဧည့်ခံမှုကို ခံယူရရှိနိုင်သည့် နောက်ခံ တည်ရှိမှုပင် ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာဖြင့် အလွန်ယဉ်ကျေးသည့် စကားလုံးများကို ပြောဆိုခဲ့၏။ ပြီးသည့် နောက် သူသည် ဆေးဟောခန်းမဆောင်ဆီသို့ လိုက်ပါသွားပြီး အထူးဧည့်သည်များ နားနေရာ ထိုင်ခုံတွင် ထိုင်ချ လိုက်သည်။

ကျွမ်းကျင်ပြီး ကြီးမားလှသည့် အခွင့်အာဏာကို ပိုင်ဆိုင်သည့် ဆေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်မို့ ကုန်းရှန့်သည် များပြားလွန်းလှသော ဆေးပင်များ၏ ရနံ့များကို ရရှိနေ၏။

အထူးသဖြင့် သူ့အား လိုက်ပါပို့ဆောင်သည် အဘိုးအို အနည်းငယ်တို့သည် အော်ရာသီးသန့်နှင့်ပင် ဆေးပညာတွင် အလွန်ကျွမ်းကျင်လှသူဖြစ်ကြောင်းကို သူပြောဆိုနိုင်၏။ ၎င်းတို့သည်သာ သူ၏ဂိုဏ်းထဲသို့ ဝင်ရောက်မည်ဆိုပါက ဆေးဟောခန်းမဆောင် တစ်ခုလုံး၏ အားအင်အဆင့်သည် ပိုမိုကာ တိုးတက်သွားမှာ သေချာသည်။

“ဟောခန်းသခင်ပိုင်”

ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ဒီလူတွေက ဆေးဟောခန်းမဆောင်ရဲ့ ထိပ်တန်းဆေးဆရာကြီးတွေများလား”

ပိုင်ကျောင်းယန်က ပြောလိုက်သည်။ “သူတို့က နေ့စဉ် အတွင်းရေးကိစ္စတွေကို တာဝန်ယူထားရတဲ့ အကြီးအကဲ သက်သက်ပါပဲ။ တကယ့် ဆေးပညာရှင်တွေကတော့ ဆေးဟောခန်းမဆောင်မှာ မနေထိုင်ကြဘူးလေ။ သူတို့က တစ်ခါတစ်လေမှ လာပြီးဆွေးနွေးတဲ့ကိစ္စမျိုးကိုပဲ လုပ်တာ”

တိုက်ခိုက်မှုစွမ်းရည်မရှိဘဲ ဆေးပညာကိုသာ အဓိကထားသည့် ခန်းမတစ်ခု ဖြစ်သည်မို့ ၎င်းတို့၏ အဖွဲ့ဝင်များ အားလုံးသည် လွတ်လွတ်လပ်လပ်နှင့် သွားလာနိုင်စွမ်းရှိပြီး မည်သည့်ချုပ်နှောင်မှုမှ မရှိချေ။

“ကျုပ်သိပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါပေမယ့် ဒီမှာရှိတဲ့လူတွေ အကုန်လုံးရဲ့ အော်ရာက အရမ်းကို မြင့်မားလွန်းတယ်လေ။ ဆေးပညာနဲ့ပတ်သက်ရင် ကျွမ်းကျင်သူတွေပဲ ဖြစ်ရမယ်”

အကြီးအကဲတစ်ယောက်သည် ပြုံးကာပြောလိုက်၏။ “ကျုပ်တို့ ဆေးပညာနဲ့ပတ်သက်တဲ့ အဆင့်အတန်းက ဆေးပညာရှင်တွေလောက်တော့ မကောင်းပါဘူး။ ပြီးတော့ ဂိုဏ်းချုပ်ကျွင်းက တုဟုန်ချန်ကိုတောင် အနိုင်ယူ ထားတာလေ။ ကျုပ်တို့က ဘယ်လိုလုပ် ဒီလိုလူမျိုးရဲ့ရှေ့မှာ ဆရာကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ခံယူရဲမှာလဲ”

ဤစကားလုံးများသည် ကိုယ့်ကိုယ်ကိုယ် နိမ့်ချရုံသာမက ကုန်းရှန့်ကို ချီးကျူးမှုများလည်း ပါဝင်လျက် ရှိသည်။

“မဟုတ်ဘူး။ မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါကာ ပြောလိုက်၏။ “ကျုပ်က ဆေးပညာနဲ့ ပတ်သက်ရင် နည်းနည်းပဲ သိတာပါ။ ခင်ဗျားတို့လိုမျိုး ကျွမ်းကျင်ဖို့ဆိုတာ အဝေးကြီး လိုပါသေးတယ်”

အမှန်တရား - ဤအရာသည် မည်သည့်စကားမှ မှားယွင်းမှု မရှိချေ။ အမှန်တရားကို ပြောဆိုနေခြင်း ဖြစ်၏။ သို့ပေမဲ့ တည်နေရာတွင် ရှိနေသော အကြီးအကဲများ အားလုံးသည် နိမ့်ချစွာ ပြောဆိုနေသည်ဟု ထင်မှတ်နေကြ လေသည်။

“ဂိုဏ်းချုပ်ကျွင်း”

ပိုင်ကျောင်းယန်သည် ပြုံးကာ ပြောလိုက်၏။ “အခု ကျုပ်တို့ ဟောခန်းဆီကို ဘာကြောင့် လာတာလဲဆိုတာ သိခွင့်ရနိုင်မလား ခင်ဗျာ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားတို့ခန်းမရဲ့ ထိပ်တန်းဆေးပညာရှင်နှစ်ယောက်က ကျုပ်တို့ ဂိုဏ်းမှာ အရေးကြီးတဲ့ ရာထူးတွေ ယူထားကြတယ်လေ။ ဒါကြောင့် ကျုပ်တို့ရဲ့ ခင်မင်ရင်းနှီးမှုကို တိုးတက် စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လာခဲ့တာပါပဲ”

ရွှီး

သူသည် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ ပြောလိုက်၏။ “ဒါက တွေ့တွေ့ချင်း ပေးတဲ့ အသိအမှတ်ပြု လက်ဆောင်ပါပဲ”

ကျွင်းချောင်ရှောင်း၏ ကိုယ်ရည် ကိုယ်သွေးသည် နိမ့်ကျလှသည် မဟုတ်ချေ။ ထို့ကြောင့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ မည်ကဲ့သို့ ဆက်ဆံ ရမည်ကို သိရှိလို့နေ၏။ ထို့အပြင် သူသည် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်လည်း ဖြစ်နေသည် မဟုတ်ပါလား။

“ဒါက”

ပိုင်ကျောင်းယန်သည် အထဲတွင် ဆေးပင်များ ပါဝင်လျက် ရှိနေသည့် သိုလှောင်လက်စွပ်ကို လက်ခံရယူ လိုက်၏။ ပြီးနောက် ပြောလိုက်မိသည်။ “ဒီအဘိုးကြီးက ဝိုင်နဲ့ ဟင်းပွဲတွေ ပြင်ဆင်ပေးဖို့အတွက် အစေခံတွေကို စီစဉ်ခိုင်းထားပါတယ်”

“ဒါဆိုရင်လည်း ခင်ဗျားတို့ကို ဒုက္ခပေးရတော့မှာပဲ”

ကျွင်းချောင်ရှောင်းသည် ခပ်အေးအေး ပြောလိုက်၏။ သူသည် ဆေးဟောခန်းမဆောင်၏ ဌာနချုပ်ဆီသို့ လာရောက်ခဲ့၏။ သို့ပေမဲ့ သီးခြားတာဝန်သည် မပြည့်စုံသေးချေ။ ကြည့်ရသည်မှာ တစ်ဖက်လူများနှင့် ဆေးပညာ ယှဉ်ပြိုင်မှ ရမည့်ပုံပင်။

ညစာ မစားခင် အချိန်အနည်းငယ် ကျန်ရှိနေသေး၏။ ထို့ကြောင့် ပိုင်ကျောင်းယန်က မေးလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... ဆေးပညာနဲ့ပတ်သက်ရင် ခင်ဗျားက ဘယ်အဆင့်ထိ ရောက်နေပြီလဲ”

“ဒါက” ကျွင်းချောင်ရှောင်းက ပြုံးပြီးပြောလိုက်သည်။ “ပြောဖို့တောင် မထိုက်တန်လှပါဘူး”

သူ့အနေနှင့် အထက် နယ်မြေ၏ ဆေးပညာနှင့်ပတ်သက်သော အဆင့်အတန်းများသည် မည်သည့်အရာများ ဖြစ်ကြောင်း ကောင်းကောင်း မသိချေ။ အဘယ်ကြောင့်ဆိုသော် လုံလောက်သည့် အိမ်စာကို မလုပ်ထားသော ကြောင့်ပင်။

စနစ်က အလောတကြီး ရှင်းပြလိုက်၏။ “ဒါတွေအကုန်လုံးက ရွှမ်၊ အစစ်အမှန်၊ တာအိုနဲ့ မိုးကောင်းကင်တွေ ပဲလေ”

“.........”

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လိုက်မိ၏။ “ဒါဆိုရင် ဂိုဏ်းတစ်ခုရဲ့အဆင့်နဲ့ ဘာကွာခြားလို့လဲ”

“ဘာမှ မကွာခြားဘူးလေ”

စနစ်က ပြောလိုက်သည်။ “သီးသန့်ကြီး နာမည်ပေးရလောက်အောင် အထက်နယ်မြေက လူတွေက ပျင်းနေလို့ နေမှာပေါ့”

ကျွင်းချောင်ရှောင်းသည် သေသေချာချာ မသိချေ။ သို့ပေမဲ့ ပိုင်ကျောင်းယန်နှင့် တခြားသော သူများမှာတော့ သူ့အား ဆေးပညာနှင့်ပတ်သက်လျှင် အလွန်မြင့်မားသည့်အဆင့်တွင် တည်ရှိနေသည်ဟု ထင်ကြ၏။ မဟုတ်ပါက ၎င်းတို့၏ ကြီးကျယ်မြင့်မြတ်လှသည့် ဆေးပညာရှင်နှစ်ယောက်ကို အနိုင်မယူနိုင်ဟု သတ်မှတ်ထားကြ၏။

“ဂိုဏ်းချုပ်ကျွင်း”

အကြီးအကဲများထဲမှ တစ်ယောက်သည် ပြုံးကာ ပြောလိုက်သည်။ “ဒီအဘိုးကြီးက လောလောဆယ်မှာ ဆေးပညာနဲ့ပတ်သက်ပြီး ပြဿနာတစ်ခု ကြုံတွေ့နေရတယ်လေ။ ဒီတော့ ကျုပ်ကို ဉာဏ်အလင်းရဖို့အတွက် တချို့သော လမ်းညွှန်မှုလေးများ လုပ်ပေးနိုင်မလား”

လာပြီ။ စမ်းသပ်မှုသည် ဤတည်နေရာတွင် လာပြီဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် တွေးလိုက်မိ၏။ ထမင်းစားပြီးမှ မေးလို့မရဘူးလား။ ငါကတော့ ပေါ်သွားတော့မယ်နဲ့တူတယ်။

သူသည် ကြောက်လန့်ခြင်းတော့ မရှိပေ။ သူသည် စိတ်အေးသက်သာစွာဖြင့် ပြန်ပြောလိုက်သည်။ “ဆေးပညာလမ်းစဉ် ဆိူတာ ဆန်းကြယ်ပြီး ခန့်မှန်းလို့ မရနိုင်ဘူးလေ။ ပိုပြီးလေ့လာလေ၊ ပိုပြီး နားမလည်တာတွေ များလာလေပဲ။ ဒီတော့ တခြားသူတွေကို ဉာဏ်အလင်းရအောင် လမ်းညွှန်ပြသဖို့ဆိုတာ ခက်ခဲမှာ စိုးရိမ်မိတယ်”

အားလုံးသောသူတို့သည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။ ဆေးပညာကို လေ့လာခြင်းဆိုသည်မှာ အဆုံးသတ်ဟူ၍ မရှိချေ။ အဆင့်ကြီးတစ်ခုလုံးကို နားလည်လက်ခံသွားသည့် အချိန်၌ နောက်ထပ် အဆင့်ကြီး တစ်ခုသည် စောင့်မျှော်နေမှာဖြစ်၏။ ထို့ကြောင့် မည်သူမှသည် ဤဆေးပညာ၌ အလုံးစုံ နားလည်သွားသည့်လူ ဟူ၍ မပြောဆိုရဲကြခြင်းပင် ဖြစ်၏။

“ပြီးတော့ …”

ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်သည်။ “ကျုပ်ဆရာက ကျုပ်ကို တစ်ခါ ပြောခဲ့ဖူးတယ်။ ကိုယ်ကိုယ်တိုင်က ကျွမ်းကျင်သူ ဖြစ်နေပြီဆိုရင်တောင်မှ ပညာသင်တစ်ယောက်ရဲ့ နှလုံးသားမျိုးကို ထားရှိသင့်တယ်တဲ့။ ပြီးတော့ ဆိုရိုးစကားလည်း ရှိသေးတယ် မဟုတ်လား။ ဆေးပညာရဲ့တောင်ကြီးက အရမ်းကို မြင့်မားပြီးတော့ ဆေးလုံးဖော်စပ်မှုရဲ့ ပင်လယ်ကြီးက ကျယ်ပြောလွန်းလှတယ်လေ။ ဒါကြောင့် ကျုပ်တို့ အနေနဲ့ အကုန်လုံးကို ကျွမ်းကျင်ပိုင်နိုင်နေမှာ မဟုတ်ဘူး”

စနစ်က ပြောလိုက်၏။ “ဒါမျိုးကို လက်ခံသူက တကယ် ကျွမ်းတာပဲ”

“ဒါက အဓိပ္ပာယ်ရှိတယ်”

ကျွင်းချောင်ရှောင်း၏ စကားနှင့်ပတ်သက်၍ အားလုံးသောသူများသည် ဉာဏ်အလင်း ပေါက်သွားကြ၏။ ၎င်းတို့သည် နှလုံးသားထဲတွင် ကြိတ်ကာ ပြောလိုက်မိသည်။ ဒါကမှ တကယ့်ဆရာကြီးပဲ။ တုဟုန်ချန်လို မောက်မာတဲ့လူတောင်မှ သူ့ရဲ့လက်အောက်မှာ ရှုံးနိမ့်သွားခဲ့တယ်ဆိုတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။

“ခင်ဗျားရဲ့ စကားကို နားထောင်ရတာ ဆယ်နှစ်လောက် လေ့လာသင်ယူရတာထက် ပိုပြီးကောင်းတယ်” ပိုင်ကျောင်းယန် သည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည် နိမ့်နိမ့်ချချဖြင့် ပြောလိုက်သည်။ “ကျုပ်တို့က ဆေးပညာနဲ့ပတ်သက်ရင် တူညီတဲ့ အခြေအနေမှာ တည်ရှိနေကြတာလေ။ တစ်ယောက်နဲ့တစ်ယောက် စကားနှီးနှောဖလှယ်ရုံလောက်ပါပဲ”

ဟန်ထုတ်ကြွားဝါရမည့်ကိစ္စတွင် ကျွင်းချောင်ရှောင်းသည် အမှန်ပင် ပါရမီရှိသူတစ်ယောက်ဖြစ်၏။ စကားပြောဆိုရုံ သီးသန့် မဟုတ်ပေ။ အကောင်းမွန်ဆုံးသော စကားလုံးများနှင့် သူဖတ်ရှုဖူးသော စာအုပ်များဆီမှ စကားလုံးများကို ထုတ်ဖော်ကာ ပြောဆိုလျက် ရှိနေ၏။ ထို့အပြင် ကျွင်းချောင်ရှောင်းသည် ထိုကဲ့သို့ စကားပြောဆိုပြီး အရေးကြီးသောစကားများ ပြောဆိုသည့် အချိန်မျိုး၌ သူ၏ ဟန်ထုတ်ဝတ်စုံဆီမှ အော်ရာများ ကို ထုတ်ဖော်တတ်သေး၏။

ပိုင်ကျောင်းယန်နှင့် တခြားသောသူများသည် ကျွင်းချောင်ရှောင်း၏ စကားများအပေါ်တွင် နစ်မျောလျက် ရှိနေ၏။ ထို့ကြောင့် ပထမတုန်းက သတိမပြုမိခဲ့ကြချေ။ သို့ပေမဲ့ အရေးကြီးသည့် စကားများကို ပြောဆိုသည့်အချိန်တွင် ဟောခန်းထဲ၌ အားကောင်းလွန်းလှသော ဆေးအော်ရာများ ထွက်ပေါ်လျက် ရှိနေသည်ကို တဖြည်းဖြည်း အာရုံခံမိ လာကြ၏။ ထို့ကြောင့် ၎င်းတို့သည် မျက်လုံးအပြူးသား ဖြစ်မိသွားသည်။

“ကောင်းကင်ဘုံ... ဒီအော်ရာတွေက ကြောက်ဖို့ကောင်းလိုက်တာ”

ကျွင်းချောင်ရှောင်းဆီမှ ထွက်ပေါ်နေသည့် အော်ရာများသည် မည်သည့်အဆင့်ဖြစ်သည်ကို အားလုံးက မသိရှိနိုင်ကြပေ။ သို့ပေမဲ့ ဆေးပညာနှင့်ပတ်သက်သည့် နားလည်မှုသည် ၎င်းတို့အားလုံးထက် ပိုမိုကာ အားကောင်းသည် ဆိုသည်ကိုတော့ နက်နက်နဲနဲ သိရှိနားလည် ထားကြ၏။ ရှက်ရွံ့ဖွယ်ရာပင်။

ဆေးပညာနှင့် ပတ်သက်၍ မေးမြန်းရန် ကြိုးစားခဲ့သည့် အကြီးအကဲသည် ချက်ချင်းပဲ ရှက်ရွံသလို ခံစားလိုက်မိ၏။

ပြီးသည့်နောက် တခြားသော အကြီးအကဲများ အားလုံးသည်လည်း မေးမြန်းမည့် အကြံအစည်များကို လက်လွှတ်ခဲ့ကြသည်။ သူတို့၏ အထင်အရဆိုလျှင် ဤကဲ့သို့ ကြီးမားလှသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေသည့် ဆေးပညာရှင်အား ပြဿနာ သေးသေးလေးတွေ သွားရောက် မေးမြန်းခြင်းသည် မရိုမသေ၊ မလေးမစား ပြုလုပ်ခြင်းဟုပင် သတ်မှတ်နိုင်ပေလိမ့်မည်။

“ဒင်... သီးခြားတာဝန် ပြည့်စုံ၊ ဂိုဏ်းစုဆောင်းမှတ် ငါးသိန်းအား ရရှိသည်”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၆၅၀၀၀၀”

“ဒင်... လက်ခံသူသည် သီးခြားတာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်သည့်အတွက် ဂုဏ်ယူပါသည်။ ဖုံးကွယ်ထား သည့်ဆုလာဘ်ကို ရရှိခဲ့၏။ အတွေ့အကြုံအဆောင် ငါးခု”

“ပြီးပြီလား”

သတိပေးသံကို ကြားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်မိ၏။ “ငါ စိတ်လို လက်ရတောင်မှ မကြွားရ၊ မဝါရသေးဘူးလေ”

All Chapters