အခန်း (၁၄၂၆)
Vol. 96 Ch. 1426
ကျွင်းချောင်ရှောင်း ဟန်ထုတ်ထားသော အော်ရာများကို ခံစားမိပြီးနောက် ဆေးဟောခန်းမထဲတွင် ရှိသော အထက်ပိုင်းအကြီးအကဲများသည် အနည်းငယ် ဇဝေဇဝါ ဖြစ်မိနေ၏။ သို့ပေမဲ့ သေသေချာချာ စဉ်းစားပြီးသည့် နောက် ဆေးပညာနှင့်ပတ်သက်သော နားလည်မှုသည် သူတို့ထက် ပိုမိုကာ အားကောင်းလိမ့်မည်ဟု တွက်ချက် လိုက်မိ၏။
ကုန်းရှန့်အနေဖြင့် ပထမတုန်းက ဆေးပညာနှင့်ပတ်သက်၍ အမှန်ပင် နားမလည်ခဲ့ချေ။ သို့ပေမဲ့ သူသည် အရာ အားလုံးကို လျှောက်ကာ ပြောဆိုနေခြင်းတော့ မဟုတ်ပေ။ သင့်လျော်လှသည့် အကြောင်းအရာပေါ် အခြေခံ၍ ယုတ္တိတန်လှသော စကားလုံးများကို ကြီးကြီးကျယ်ကျယ်နှင့် လျှောက်ကာ ပြောဆိုနေခြင်းဖြစ်သည်။
ထိုသို့ဆိုလျှင် သူသည် အဘယ်ကြောင့် အထူးတာဝန်ကို ပြည့်စုံစေရသနည်း။ အဘယ်ကြောင့်ဆိုသော် ဟန်ထုတ် ဝတ်စုံ၏ အစွမ်းကြောင့်ပင်ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် အဓိက အရေးကြီးသည့် အချိန်မျိုးတွင် ဆေးပညာနှင့် ပတ်သက်သည့်အော်ရာများကို ထုတ်လွှတ်လိုက်၏။ ထို့ကြောင့် ပိုင်ကျောင်းယန်နှင့် တခြားသောသူများသည် ဆွံ့အလျက်ရှိနေသည်။
ဤလူသည်အမှန်ပင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ ကျွမ်းကျင်သူတောင်မှ ရိုးရိုး ကျွမ်းကျင်သူ မဟုတ်ဘဲ ဆရာ့ဆရာကြီး ဖြစ်ပေလိမ့်မည်။ ၎င်းတို့အားလုံးသည် ဆေးပညာနှင့်ပတ်သက်၍ တစ်ဖက်လူ ပြောဆိုသည့် စကားလုံးများကို ဂုဏ်ယူဝံ့ကြွားစွာဖြင့် နားထောင်ရမည့် အခြေအနေမျိုးတွင် တည်ရှိနေ၏။
ကျွင်းချောင်ရှောင်းသည် ထိုဆေးအော်ရာများကို ထုတ်လွှတ်ပြီး ပြောဆိုလိုက်သည့် စကားလုံးများသည် တခြားသောသူများ၏ အသိအမြင်နှင့် အတွေးအခေါ်များကို ပိုမိုတိုးပွားစေခဲ့၏။ ဆေးဟောခန်းမဆောင်အတွင်း ပြောဆိုလိုက်သည့် အကြောင်းအရာများတွင် ပါဝင်သော စကားလုံးများသည် နက်နဲလှသည့် အဓိပ္ပာယ်များ ပါဝင် နေသလိုပင် ၎င်းတို့က ထင်မှတ်မိကြသည်။
“တတိယအကြီးအကဲ”
ပိုင်ကျောင်းယန်သည် အသံပို့လွှတ်လိုက်၏။ “ဂိုဏ်းချုပ်ကျွင်း ပြောဆိုခဲ့တဲ့ အကြောင်းအရာတွေကို သေချာ မှတ်ထားလား”
“အရာအားလုံး မှတ်ထားပါတယ်။ တစ်လုံးတလေတောင် မကျန်ပါဘူး”
“ကောင်းပြီ။ ကောင်းပြီ”
ပိုင်ကျောင်းယန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာ၏။ သူသည် တွေးလိုက်မိသည်။ “အနာဂတ်မှာ ဒါကို မိတ္တူကူးပြီး ဆေးဟောခန်းမ ဋ္ဌာနချုပ်မှာရှိတဲ့ အဖွဲ့ဝင်တွေအားလုံးဆီ ပေးထားရမယ်။ ဒီကနေတဆင့် တစ်စုံတစ်ခုကို နားလည်နိုင်ဖို့ ငါမျှော်လင့်မိတယ်”
ဤရက်မှာတော့ ကုန်းရှန့်ပြောဆိုခဲ့သည့် စကားလုံးများသည် ဆေးဟောခန်းမဆောင်၏ မှတ်တမ်းမှတ်ရာများ အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အနာဂတ်တွင် ကုန်းရှန့်၏ သင်ခန်းစာဟုပင် နာမည်ခေါ်ဆိုနေမည်လား မသိနိုင်ချေ။
ဘာမှန်းမသိသည့် စကားလုံးများကို လျှောက်ကာ ပြောဆိုပြီးသည့်နောက် ဆေးဟောခန်းမဆောင်ရှိ ဆရာကြီးများ ကို အရူးလုပ်သည့် လုပ်ငန်းစဉ်သည် အောင်မြင်သွားခဲ့ပြီဖြစ်၏။
“အင်း... အတွေ့အကြုံအဆောင် ငါးခုတည်း ရတာလား”
ကျွင်းချောင်ရှောင်း အနေဖြင့် တာဝန်ပြည့်စုံသည့် အတွက် ရရှိခဲ့သည့်ဆုလာဘ်များကို သဘောကျ နှစ်ခြိုက်ခြင်း တော့ မရှိချေ။ မြင့်မားသည့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်လာပြီးသည့်နောက် သူသည် အတွေ့အကြုံ အဆောင်များကို အသုံးပြု၍ အဆင့်တက်ရန် ခက်ခဲလျက် ရှိနေ၏။ ထို့ကြောင့် များများရလေ ကောင်းလေ ဖြစ်သည်။
“ဂိုဏ်းချုပ်ကျွင်း”
ပိုင်ကျောင်းယန်က ပြုံးလိုက်မိ၏။ “ဟင်းပွဲတွေအားလုံး ပြင်ဆင်ပြီးပါပြီ”
“အင်း”
ကျွင်းချောင်ရှောင်းက ပြုံးကာဖြင့် ပြန်လည်ပြောဆိုလိုက်၏။ ပြီးသည့်နောက် သူ၏ ဆေးပညာနှင့် ပတ်သက်သော အော်ရာများကို ပြန်လည်ရုတ်သိမ်းပြီး သာမန်အခြေအနေတစ်ခုဆီသို့ ပြန်လည်ကာ ထိန်းချုပ် လိုက်၏။ ထိုဟန်ထုတ်ဝတ်စုံ၏ ထောက်ပံ့မှု မရှိသောကြောင့် ဆေးအော်ရာများသည် သူ့ခန္ဓာကိုယ်ဆီမှ ထွက်ပေါ် မလာတော့ချေ။
ထို့ကြောင့် ပိုင်ကျောင်းယန်နှင့် တခြားသောသူများသည် စိတ်ထဲ၌ ရေရွတ်လိုက်မိသည်။ “သူက သူ့ရဲ့အော်ရာတွေ ကို လွတ်လွတ်လပ်လပ်နဲ့ ထိန်းချုပ်နိုင်စွမ်း ရှိနေတာကိုး။ ဒါကမှ တကယ့်ကို ဆေးပညာရဲ့ ဆရာဘိုးဘေးကြီးပဲ”
............
ကျွင်းချောင်ရှောင်းအနေဖြင့် ဆေးပညာတာအို၏ ဘိုးဘေးကြီးတစ်ယောက်ကဲ့သို့ ပုံရိပ်မျိုးကို တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်၏။ ထိုအရာသည် ဟန်ထုတ်ဝတ်စုံ၏ အစွမ်းသက်ရောက်မှုကြောင့်ပင် ဖြစ်၏။
“ကျေးဇူးပြုပြီး”
“ကျေးဇူးပြုပြီး”
ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်တွင် ထိုင်ချလိုက်သည်။
ပိုင်ကျောင်းယန်နှင့် အထက်ပိုင်းအကြီးအကဲများ အားလုံးသည် ၎င်းတို့၏ ဧည့်သည်အား လေးလေးစားစား ဆက်ဆံလျက်ရှိနေကြ၏။
“အင်း” ဝိုင်သုံးခွက်လောက် သောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းက သက်ပြင်းချလိုက်သည်။
ပိုင်ကျောင်းယန်သည် ဇဝေဇဝါဖြင့် မေးလိုက်မိ၏။ “ဂိုဏ်းချုပ်ကျွင်း... ဘာလို့ သက်ပြင်းချရတာလဲ”
ကျွင်းချောင်ရှောင်းသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်သည်။ “ဟောခန်းသခင်ပိုင်.... ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းက အောက်နယ်မြေကနေ အခုမှ တက်လာတယ်ဆိုတာ သိပြီးသား မဟုတ်လား”
“ခင်ဗျားတို့ရဲ့ ဂုဏ်ယူရလောက်တဲ့ ဂိုဏ်းက အထက်နယ်မြေက စီရင်ထားတဲ့ အသင်္ချေမိုးကြိုးတစ်သောင်း ကပ်ဘေး အစီအရင်ကြီးကို ကျော်ဖြတ်ပြီးတော့ အထက်ကို တက်လာတာလေ။ ပြီးတော့ ခင်ဗျားက ရှိရှိသမျှ ဂိုဏ်းသူဂိုဏ်းသား အားလုံးကိုလည်း ခေါ်ဆောင်လာနိုင်သေးတယ်။ ဒါမျိုးကို အထက်နယ်မြေမှာရှိတဲ့ လူတိုင်းက သိတာပေါ့။ ကျုပ် ကြားရတုန်းက ခင်ဗျားကို တကယ်ပဲ ချီးကျူးမိတယ်” ပိုင်ကျောင်းယန်က ပြောလိုက်၏။
ဤအရာသည် မြှောက်ပင့်ပြောဆိုခြင်း မဟုတ်ပေ။ အမှန်ပင် ချီးကျူးမိခြင်းပင်ဖြစ်၏။ ရှေးယခင်ခေတ်ကတည်းက ယခုအချိန်အထိ ဂိုဏ်းတစ်ခုလုံးကို ခေါ်ဆောင်ကာ အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်သည့်လူမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ဤကဲ့သို့ ဆန်းကြယ်လှသော ကိစ္စရပ်များကို ပြုလုပ်နိုင်ခဲ့ခြင်းသည် သမိုင်းမှတ်တမ်းတွင် ရေးထိုးရမည့် ကိစ္စမျိုးပင် ဖြစ်ပေလိမ့်မည်။
“အင်း”
ကျွင်းချောင်ရှောင်းသည် နာနာကျင်ကျင်ဖြင့် ပြုံးလိုက်မိသည်။ ပြီးနောက် ပြောလိုက်သည်။ “ဒီကျွင်းက အထက်နယ်မြေဆီကို တက်လှမ်းပြီးတဲ့နောက်မှာ မြင့်မားတဲ့အဆင့်ကို ရောက်ရှိနိုင်မယ်လို့ တွေးခဲ့တယ်။ ဒါပေမဲ့ နှစ်နှစ်ကျော် ဒီနေရာမှာ နေထိုင်ပြီးတဲ့နောက်မှာ ဒီနေရာက အခြေချဖို့တောင် ခက်ခဲတယ်ဆိုတာ နားလည် လိုက်ရတယ်”
“ဟုတ်တယ်” ပိုင်ကျောင်းယန်နှင့် အထက်ပိုင်း အကြီးအကဲများသည် နားလည်သလို ခေါင်းညိတ်လိုက်ကြ၏။ ၎င်းတို့ အားလုံးသည်လည်း အထက်နယ်မြေတွင် နေထိုင်ရှင်သန်ရန် မည်မျှခက်ခဲသည်ကို ကောင်းကောင်း သိရှိ ပြီးသား ဖြစ်တော့၏။ လောကသစ်တစ်ခုလုံးတွင် အသက်ရှင်နေထိုင်ရန်အတွက် ဆိုသည်မှာ ခက်ခဲလွန်းလှချေ သည်။
ပိုင်ကျောင်းယန်က ပြုံးကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း.. ခင်ဗျား စိတ်ပူစရာ မလိုပါဘူး။ ခင်ဗျားတို့ဂိုဏ်းက အထက်နယ်မြေမှာ မနှေးမမြန်ဆိုသလို အခြေကျသွားမှာ သေချာပါတယ်”
“ဟောခန်းသခင်ပိုင် တွေးနေတာ ကျုပ်ရဲ့ဆရာ စီနီယာတုံးကုကြောင့် မဟုတ်လား။ ဒါကြောင့် ကျုပ်ကို အထက် နယ်မြေမှာ ရှင်သန်နေထိုင်နိုင်မယ်လို့ တွေးနေတာကိုး” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
“အင်း”
ပိုင်ကျောင်းယန်သည် ကြောင်အအဖြင့် ပြုံး၍ ယဉ်ကျေးစွာ ပြန်ပြောလိုက်၏။ “ဟုတ်ပါတယ်”
သူတွေးတာလည်း အမှန်ပင်ဖြစ်သည်။ အထက်နယ်မြေ၏ စွမ်းအားမြင့်ကျင့်ကြံသူများထဲမှ တစ်ယောက်မို့ ထိပ်တန်း အင်မော်တယ်အဆင့် ဂိုဏ်းများမှလွဲလျှင် တခြားသောသူများသည် စီနီယာတုံးကုအား မျက်နှာသာ မပေးဘဲ မည်သူက နေရဲမည်နည်း။
ဤမျှ အားကောင်းလှသည့် နောက်ခံကို ပိုင်ဆိုင်သည် ဖြစ်သောကြောင့် ပြိုင်စံရှားဂိုဏ်းသည် အချိန်ကာလ တစ်ခုအတွင်း ပိုမိုအားကောင်းလာမှာ သေချာ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်ရဲ့ဆရာက ကျုပ်ကို တပည့်အဖြစ် ခေါ်ယူလိုက်တဲ့ အချိန်မှာ ဂိုဏ်း တစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ဖို့အတွက် ကျုပ်ကိုကျုပ်ပဲ အားကိုးရမယ်လို့ ပြောခဲ့တယ်လေ။ ဘာ အကူအညီကိုမှ ပေးမှာ မဟုတ်ဘူး”
“........”
ပိုင်ကျောင်းယန်နှင့် အထက်ပိုင်း အကြီးအကဲများ အားလုံးသည် ဆွံ့အသွားခဲ့၏။ အထက်နယ်မြေတွင် ဂိုဏ်းတစ်ခု ကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ဖို့ဆိုသည်မှာ ဟာသ မဟုတ်ချေ။ ဂုဏ်သိက္ခာ ကြီးမားလှသည့် ဆရာတစ်ယောက် အနေဖြင့် မည်သည့်အကူအညီကိုမှ ပေးအပ်ခြင်း မပြုခဲ့ချေ။
ထိုအရာမှာ နည်းနည်းတော့... အင်း... စီနီယာ တုံးကု သည် ဂိုဏ်းချုပ်ကျွင်း အပေါ်တွင် တကယ့်ကို ကြပ်ကြပ်မတ်မတ်ဖြင့် ကြမ်းကြုတ်လှသည့် လောကကြီးအတွင်း တွင် ရှင်သန်နေထိုင်နိုင်သည့်လူဖြစ်အောင် ဖန်တီးပြုလုပ်ချင်ပုံပေါ်၏။
ဆန်းကြယ်လှသည့်လူများသည် အမှန်ပင် ဆန်းကြယ်လွန်းလှချေသည်။ ပိုင်ကျောင်းယန်၏ အတွေးများသည် ရီရှင်းချန်၊ ဟယ်ဝူတီနှင့် ခရမ်းရောင်ဘုရင် တို့ထက်ပင် ပိုမိုကာ ဆိုးရွားနေသေးသည်။
“ဒီတော့”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကျွင်းအနေနဲ့ ဂိုဏ်းကို ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် လုပ်မလဲ ဆိုတဲ့ ကိစ္စကို စပြီး စဉ်းစားမိခဲ့တယ်။ သေသေချာချာ စဉ်းစားပြီးတဲ့နောက် အဆောက်အဦ တွေကို ဝယ်ယူပြီး လင်းယွမ်မြို့မှာ ဆေးလုံးတွေရောင်းဖို့ စတင်စဉ်းစားခဲ့ရတာပေါ့”
ပိုင်ကျောင်းယန်၏ ဘယ်ဘက်မျက်ခုံးများသည် ပိုမိုကာ လှုပ်ခတ်လာခဲ့၏။ မရပ်မနား ကြမ်းကြမ်းတမ်းတမ်းပင် တုန်ခါလျက် ရှိနေသည်။ သူ့အတွက် ကောင်းချီးမင်္ဂလာသည် ရောက်ရှိလာခဲ့ပြီလား။
အထက်ပိုင်းအကြီးအကဲများထဲမှ တစ်ယောက်က ပြောလိုက်သည်။ “ဒီနိမ့်ကျတဲ့လူက ဂိုဏ်းချုပ်ကျွင်း ဆေးဆိုင်မှာ ရောင်းတဲ့ ဆေးလုံးတွေကို ဝယ်ယူခဲ့ဖူးပါတယ်။ ကြည့်ရတာ သာမန်ဆေးလုံးတစ်လုံး ပုံစံမျိုး ပေါ်ပေမယ့် အကျိုးသက်ရောက်မှုက ဆယ်ဆပိုပြီး အားကောင်းတယ်။ ဒါက တကယ့်ကို မယုံကြည်နိုင်စရာပဲ”
“အဲဆေးလုံးတွေကို ဖန်းကွေ့ချန်က သန့်စင်ထားတာပါ”
“ဟမ်”
အားလုံးက ကြောင်အသွားမိကြ၏။ ဖန်းကွေ့ချန်၏ ဆေးလုံးနှင့် ပတ်သက်သည့် စွမ်းဆောင်ရည်ကို သူတို့ အားလုံး သိရှိပြီးဖြစ်သည်။ အဘယ်ကြောင့် ဤမျှ အားကောင်းလှသည့် ဆေးလုံးမျိုးကို ဖော်စပ်နိုင်ရသနည်း။
“ဟုတ်တယ်”
ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်သည်။ “ဆေးလုံးရဲ့ ဖော်မြူလာနဲ့ သာမန်ဖော်မြူလာရဲ့ ကြားမှာ ကွာခြားချက်တွေတော့ ရှိနေတာပေါ့”
ထိုသို့ ပြောပြီးပြီးချင်းမှာပဲ အားလုံးသော သူတို့သည် ချက်ချင်း နားလည်သွားခဲ့ကြ၏။ မူလထက်ပိုမိုကာ ဆယ်ဆ အားကောင်းသည့် ဆေးလုံးကို ဖော်စပ်နိုင်ဖို့ ဆိုသည်မှာ သာမန် ဆေးဖော်မြူလာများနှင့် ဖော်စပ်၍ မရနိုင်ချေ။ ပိုမိုကောင်းမွန်သည့် ဖော်မြူလာကို အသုံးပြုကာ ဖန်းကွေ့ချန်က ဖော်စပ်ထားခြင်း ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကျုပ်ရဲ့ ဂုဏ်ယူရလောက်တဲ့ ဆရာက ပြောထားတယ်။ ဆေးပညာဖြစ်ဖြစ်၊ သိုင်းပညာဖြစ်ဖြစ် ဘာကိုပဲဖြစ်ဖြစ် ကျင့်ကြံရခြင်းက လောကကြီးကို ကောင်းကျိုးဖြစ်စေဖို့ အတွက်ပဲ။ ဒီတော့ ကျုပ်က အထူးဆေးဖော်မြူလာနဲ့ ဆေးလုံးတွေကို ဖော်စပ်ပြီး အပြင်လောကဆီကို ရောင်းပေးနေရတာပေါ့”
ဖွီ …။
စနစ်သည် မည်သို့မှ မနေနိုင်တော့ဘဲ တံတွေးပင် ထထွေးမိတော့သည်။ ဂိုဏ်းကို ထောက်ပံ့ငွေ ရရှိရန် အတွက် ပိုက်ဆံရှာနေခြင်းဖြစ်၏။ သို့ပေမဲ့ လက်ခံသူသည် လောကကြီးတစ်ခုလုံးကို ကောင်းကျိုးဖြစ်အောင် ဆေးလုံးဆိုင် တစ်ခု ဖွင့်ရသည်ဟု ပြောဆိုလျက် ရှိနေ၏။ ၎င်း၏ အရှက်မဲ့မှုသည် ကြောက်ခမန်းလိလိ အခြေအနေ တစ်ခုဆီသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
“ဂိုဏ်းချုပ်ကျွင်းရဲ့ လုပ်ဆောင်မှုတွေက လောကကြီးအတွက် တကယ့်ကို ကောင်းချီးမင်္ဂလာတွေပါပဲ”
ပိုင်ကျောင်းယန်သည် သူ၏ခွက်ကို မြှောက်ကာဖြင့် ပြောလိုက်မိ၏။ “ဒီပိုင်က တကယ့်ကို လေးစားမိပါတယ်”
“ကျုပ်ကလည်း ဂိုဏ်းချုပ်ကျွင်းကို လေးစားမိပါတယ်”
တခြားသော အထက်ပိုင်းအကြီးအကဲများ အားလုံးသည် ခွက်များကို မြှောက်ကာဖြင့် ချီးကျူးသည့် မျက်လုံးအစုံဖြင့် ကြည့်ရှုနေကြသည်။ ၎င်းတို့၏ ဟောခန်းဆိုသည်မှာ အကျိုးအမြတ်များကို မျှော်ကိုးသည့် အဖွဲ့အစည်းတစ်ခုမဟုတ်ချေ။ အားကောင်းလှသည့် သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်အောင် ပြုလုပ်ပြီးသည့်နောက် လောကကြီးတစ်ခုလုံးကို အဆင်ပြောချောမွေ့စေရန် ကောင်းမွန်လှသည့် အရာများကို ထုတ်ဖော်ပေးရသည့် ဟောခန်းမျိုးပင် ဖြစ်သည်။
ကျွင်းချောင်ရှောင်း၏ လောကကြီးတစ်ခုလုံး အဆင်ပြေစေရန်အတွက် ဆေးလုံးများကို ထုတ်ရောင်းသည့် အကြံအစည်နှင့် တူညီလွန်းလှချေ၏။
လေးစားမှု - ၎င်းတို့အားလုံး၏ လေးစားမှုကို ရရှိရန် ထိုက်တန်သည့် လူတစ်ယောက်ပင်ဖြစ်သည်။
“ဟင်း …”
ကျွင်းချောင်ရှောင်းသည် ဝိုင်ကိုသောက်ကာဖြင့် နာနာကျင်ကျင် ပြောလိုက်မိ၏။ “ကံဆိုးတာက ကျုပ်ရဲ့ စွမ်းရည်က အကန့်အသတ် တည်ရှိနေတယ်လေ။ ဒါကြောင့် အဆင့်မြင့် ဆေးလုံးတွေကို ဖော်စပ်နိုင်ဖို့ လူတွေ မလုံလောက်ဘူး ဖြစ်နေတယ်”
“ဒါဆိုရင် ကူညီပေးသင့်တာပေါ့” ပိုင်ကျောင်းယန်က ပြောလိုက်၏။
ထိုအချင်းအရာကို ကြားပြီးသည့်နောက် စနစ်သည် လက်ခံသူ၏ အကြံအစည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့၏။ “ချီးတဲ့မှ... ရီရှင်းချန်”
ရီရှင်းချန်ဆိုသည့် စကားလုံးသည် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးတွင် ဆဲဆိုသည့် စကားလုံးပင်ဖြစ်သည်။
“ဟင်း….”
ကျွင်းချောင်ရှောင်းသည် သက်ပြင်းချကာ ပြောလိုက်၏။ “ဆေးပညာနဲ့ပတ်သက်တဲ့ ပါရမီရှင်တွေ အများကြီးသာ ရှိမယ်ဆိုရင် …”
သူသည် အားလုံးကို ကြည့်ရှုကာဖြင့် ပြောလိုက်သည်။ “ဒါဆိုရင် ဒီကျွင်းက အထက်နယ်မြေတစ်ခုလုံးမှာ ဆေးလုံးဆိုင်တွေဖွင့်ပြီး လောကကြီးအကျိုးကို သယ်ပိုးနိုင်ဖို့ ယုံကြည်ချက် ရှိတောပေါ့။ အားလုံးကလည်း အဆင့်မြင့်ဆေးလုံးတွေကို ဖော်စပ်နိုင်ဖို့ အခွင့်အရေး ရသွားမယ်လေ”
“ကျုပ်တို့ ဆေးဟောခန်းမဆောင်မှာ ဆေးပညာနဲ့ပတ်သက်ရင် ပါရမီရှင်တွေ အများကြီး ရှိတယ်။ လောကကြီး တစ်ခုလုံးရဲ့ကောင်းကျိုးကို ဆောင်ရွက်နိုင်ဖို့ ဂိုဏ်းချုပ်ကျွင်းကို ကျုပ်တို့က လိုလိုချင်ချင်နဲ့ ကူညီပါ့မယ်”
စနစ်သည် ဆွံ့အသွားမိ၏။ “ခင်ဗျားတို့ကတော့ ချီးတွင်းထဲကို ခုန်ချချင်နေပြီ”
“ဒါက”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားတို့ ဆေးဟောခန်းမ ဋ္ဌာနချုပ်ကို ကျုပ်က ဘယ်လိုလုပ်ပြီး ဒုက္ခပေးလို့ ဖြစ်မှာလဲ”
“ဂိုဏ်းချုပ်ကျွင်း.. အဲလောက်ကြီး ယဉ်ကျေးနေဖို့ မလိုပါဘူး”
ပိုင်ကျောင်းယန်က ပြောလိုက်၏။ “ဆေးဟောခန်းမ ဋ္ဌာနချုပ် ဆိုတာက လောကကြီးတစ်ခုလုံး ကောင်းကျိုး ဖြစ်စေဖို့ တည်ထောင်ထားခဲ့တာလေ။ ခင်ဗျားသာ စိတ်မရှိဘူးဆိုရင် ကျုပ်တို့က အတူပူးပေါင်းပြီး အဆင့်မြင့် ဆေးလုံးတွေ ဖော်စပ်ဖို့ ကူညီပေးပါ့မယ်”
“ဒါအမှန်ပဲ” တခြားသော အကြီးအကဲများ အားလုံးသည်လည်း ထောက်ခံကြောင်း ပြောဆိုလိုက်ကြသည်။
“ဒီလိုဆိုရင်”
ကျွင်းချောင်ရှောင်းသည် ဝိုင်တစ်ခွက်ကို လောင်းထည့်ကာ ပြောလိုက်၏။ “ဒီဆေးဟောခန်းမ ဋ္ဌာနချုပ်မှာ ဆေးပညာရှင် ဘယ်လောက်များများ ရှိလဲ”
“တတိယအဆင့် ဆေးပညာရှင် နှစ်သောင်းခြောက်ထောင်၊ ဒုတိယအဆင့် ဆေးပညာရှင်က ခုနှစ်သောင်းခြောက် ထောင်၊ ပထမအဆင့် ဆေးပညာရှင်ကတော့ လေးသောင်းသုံးထောင် ရှိတယ်။ တကယ့် ထိပ်တန်းဆေးပညာရှင် တွေက သောင်းရှစ်ထောင်လောက် ရှိသေးတယ်”
ဤဟောခန်းမတွင် ရှိနေသော အနိမ့်ဆုံး တတိယအဆင့် ဆေးပညာရှင်များ ဆိုလျှင်တောင်မှ အဓိက ဂိုဏ်းကြီးများသည် ထိုသူကို ရရှိဖို့ တိုက်ခိုက်ကြမှာ သေချာ၏။
ချီးတဲ့မှ...။
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ပြောလိုက်မိသည်။ လူတွေ ဒီလောက်များတာလား။
ဤဆေးပညာရှင်များအား ဆေးဆိုင်များ ဖန်တီးတည်ဆောက်ခိုင်းမည်ဆိုပါက ကျိန်းသေပေါက် ဆိုင်ခွဲပေါင်း တစ်သောင်းလောက်ကိုပင် ဖွင့်လှစ်နိုင်စွမ်း ရှိပေလိမ့်မည်။ ထိုသို့ဆိုလျှင် ၎င်း၏ နေ့စဉ်အမြတ်သည်....
“မဖြစ်ဘူး။ မဖြစ်ဘူး”
ကျွင်းချောင်ရှောင်းသည် သူ၏ ခေါင်းကို ဆုပ်ကိုင်ကာဖြင့် ပြောလိုက်သည်။ “အရက်က အားကောင်းတယ်နဲ့တူတယ်။ နည်းနည်းတောင် မူးလာပြီ”