← Chapters

အခန်း (၁၄၂၉)

Vol. 96 Ch. 1429

အခန်း (၁၄၂၉)

Vol. 96 Ch. 1429

ကျွင်းချောင်ရှောင်းသည် ဆေးပညာရှင် ခြောက်ဦးတို့အား ခေါ်ယူရန် စဉ်းစားဆုံးဖြတ်ခဲ့၏။ ထို့ကြောင့် ဆေးဟောခန်းမ ဆောင်အား အကျိုးအမြတ်တစ်ချို့ ပိုမို ခွဲဝေပေးရန် စဉ်းစားခဲ့၏။

ပိုင်ကျောင်းယန်သည် ချက်ချင်းပဲ စိတ်ပြောင်းသွားခဲ့၏။ သူ့ကိုယ်သူ ကူညီရင်း တစ်ခြားသူများကို ကူညီသည့်ကိစ္စကို ပြုလုပ်ခြင်းသည် နှစ်ဦးနှစ်ဖက် အဆင်ပြေသည့် ကိစ္စပင်ဖြစ်လေသည်။

သို့ပေမဲ့ သူသည် ငွေကြေးများနှင့်ပတ်သက်သည်ဆိုပါက ကုန်းရှန့်ထက်ပင် ပိုမိုကာ အရှက်မဲ့လွန်းလှ၏။ ဟုတ်ပေ သည်။ မဟုတ်ပါက ဤကဲ့သို့ ဆေးဟောခန်း ဋ္ဌာနချုပ်ဟူ၍ လောကအလယ်တွင် ဘယ်လို ရပ်တည်နိုင်တော့ မည်နည်း။

ဟောခန်းသခင် စိတ်ပြောင်းသွားသည်ကို မြင်သည့်အချိန်မှာတော့ ဆေးပညာရှင် ခြောက်ယောက်တို့သည် ပြိုလဲလုမတတ်ပင် ဖြစ်သွားကြ၏။

“ဟောခန်းသခင် …. ခင်ဗျားရဲ့ အောက်ခြေစည်းမျဉ်းဆိုတာ ဘယ်ရောက်သွားပြီလဲ။”

“ဂိုဏ်းချုပ်ကျွင်းက ဒီလောက် လေးနက်နေပြီဆိုမှတော့ ခင်ဗျားတို့ ဘယ်လိုလုပ်သူ့ကို အတင်းငြင်းဆိုနေလို့ ကောင်းမှာလဲ။ သူက စီနီယာတုံးကု၏ တိုက်ရိုက်တပည့်ဖြစ်ပြီး ကျုပ်တို့နဲ့အတူ အလုပ်တွဲလုပ်နေတဲ့ လူတစ်ယောက်လေ။ ဒီတော့ သူနဲ့အတူ အလုပ်တွဲလုပ်ခြင်းက ကြီးမားတဲ့ အောင်မြင်မှုကို ရရှိနိုင်မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒီအဘိုးကြီးက အသက်အရွယ်ကြောင့်သာ ငြိမ်နေရတာ။ မဟုတ်ရင် ဂိုဏ်းချုပ်ကျွင်းသာ ကျုပ်ကို ခေါ်တယ်ဆိုတာနဲ့ ကျိန်းသေပေါက် အလုပ်ကူညီ လိုက်မှာပဲ။”

ဆေးဟောခန်းမဋ္ဌာနချုပ်၏ အထက်ပိုင်းအကြီးအကဲများအားလုံးသည် အမှန်ပင် ငွေကြေးရယူလိုမှုအတွက် တစ်ခြား သောသူများကို အသုံးချလျက်ရှိနေတော့၏။ ဤလူများသည် အမှန်ပင် အရှက်ကင်းမဲ့လှသော အဘိုးအိုများပင် ဖြစ်၏။

ဤအတောအတွင်း ၎င်းတို့အားလုံးသည် တွက်ချက်မှုမျိုးစုံကို ပြုလုပ်ခဲ့၏။ အနှစ်ချုပ်လိုက်မည်ဆိုပါက နှစ်ဖက်သား ပူးပေါင်းဆောင်ရွက်မှုတွင် ကြီးမားလှသည့် ငွေကြေးများကို ရရှိတော့မှာ သေချာ၏။ ထို့ကြောင့် ၎င်းတို့သည် ဂိုဏ်းချုပ်ကျွင်းအား လက်မလွှတ်နိုင်ဘဲ ဖြစ်နေကြခြင်းပင်။

ယခု ဂိုဏ်းချုပ်ကျွင်းသည် ရရှိလာသည့်အမြတ်ငွေကို ထပ်မံကာ အနည်းငယ်တိုးပေးမည်ဟု ပြောဆိုလိုက်သည် ဆိုမှတော့ သူတို့သည် ပိုမိုကာ အကျိုးအမြတ်များ ရရှိတော့မှာဖြစ်၏။ ဤကဲ့သို့ များပြားလှသည့် အကျိုးအမြတ်များကို ရရှိမည်ဆိုမှတော့ ဆေးပညာရှင်ခြောက်ဦးအား ပြိုင်စံရှားဂိုဏ်းဆီသို့ ဝင်ရောက်ခိုင်း ရမည်ဆိုလျှင်လည်း ကိစ္စမရှိတော့ချေ။

ပြောရမည်ဆိုလျှင် မီးတွင်းထဲဖြစ်နေသည်ဆိုလျှင်တောင်မှ ခုန်ချရန်အသင့်ဖြစ်၏။

ချန်းရှိရောင်နှင့် တစ်ခြားသောသူများ သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ဟောခန်းသခင်နှင့် အထက်ပိုင်းအကြီးအကဲများသည် ထိုသို့ပြောဆိုနေသည် ဆိုသောကြောင့် ၎င်းတို့အနေနှင့် မျက်နှာသာပေးရမည်ဖြစ်၏။ သို့ပေမဲ့ မကောင်းသည့်ခံစားချက်များကို ရရှိနေသည်။

ဆေးဟောခန်းမ ဋ္ဌာနချုပ်၏ ဆောင်ပုဒ်သည် လွတ်လပ်ခြင်းပင်ဖြစ်၏။ သူတို့၏ အဖွဲ့ဝင်များအား မည်ကဲ့သို့ ပြုလုပ် ရမည်ဆို၍ အတင်းတွန်းအားပေး၍ မဖြစ်နိုင်ပေ။ သို့ပေမဲ့ ဤကဲ့သို့သော အခြေအနေကို ရောက်ရှိနေပြီဖြစ်သော ကြောင့် သူတို့သည် ခေါင်းမာနေ၍ မဖြစ်နိုင်တော့ချေ။

“ဒီလိုလုပ်ရအောင်။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားတို့ ခြောက်ယောက်အနေနဲ့ ပြိုင်စံရှားဂိုဏ်းထဲမှာ တစ်လတိတိနေလိုက်။ တကယ်လို့ ခင်ဗျားတို့ အဲနောက်ပိုင်းမှာမှ စိတ်ချမ်းမြေ့မှုမရှိဘူးဆိုရင် အချိန်မရွေး ထွက်ခွာသွားနိုင်တယ်။ ဒီကျွင်းက ကျိန်းသေပေါက် ခင်ဗျားတို့ကို တားဆီးမှာ မဟုတ်ဘူး။”

ထိုကဲ့သို့ ပြောဆိုပြီးပြီဆိုမှတော့ သူတို့သည် တစ်ဖက်လူအား ဆက်လက် ငြင်းပယ်နေမည်ဆိုပါက ကျိုးကြောင်း မဆီလျော်ရာ ကျေ“ကောင်းပြီ။”

ချန်းရှိရောင်က ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်တို့ ဂိုဏ်းချုပ်ကျွင်းရဲ့ ဂိုဏ်း ဆီကိုသွားပြီး တစ်လလောက်နေကြတာပေါ့။”

သူ့အနေနှင့် ကျိန်းသေပေါက် သူ့ကိုယ်သူ ယုံကြည်ချက်ရှိလို့နေ၏။ တစ်ဖက်လူသည် သူ့အား ဂိုဏ်းထဲသို့ ထည့်၍ အခန်းတံခါးပိတ်ကာ သော့ခတ်ထားမှသာလျှင် အပြင်ဘက်သို့ ပြန်မထွက်နိုင်မှာ ဖြစ်သည်။ မဟုတ်ပါက ကျိန်းသေပေါက် ပြန်ထွက်လာမှာ ဖြစ်သည်။

အခန်းတံခါးပိတ်ကာ သော့ခတ်ထားရမည်ဟုတ်လား။ ဤအတွေးကို ကုန်းရှန့်သာသိသည်ဆိုပါက ကျိန်းသေပေါက် ရယ်မောနေပေလိမ့်မည်။ ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်ပြီးပြီဆိုပါက ခဏပဲနေနေ၊ ထာဝရပဲနေနေ အပြင်ထွက်ခွာသွားရန် ရည်မှန်းချက် လုံးဝရှိတော့မည်မဟုတ်ချေ။ ထိုအရာကို သူသေချာသိရှိနေ၏။

ဆေးပညာရှင် ခြောက်ယောက်တို့ သဘောတူလိုက်သည်ကို သိရှိပြီးသည့်နောက် ပိုင်ကျောင်းယန်က ပြုံးလိုက်မိသည်။ “ဂိုဏ်းချုပ်ကျွင်း …. ကျုပ်တို့ ခွဲဝေမယ့် အမြတ်ငွေအချိုးအစားကို ထပ်ပြီး ဆွေးနွေးလိုက်ကြမယ်ဆိုရင် ဘယ်လိုထင်လဲ။”

“အလျင်လိုစရာမရှိပါဘူး။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီဆေးပညာရှင် ၆ ယောက်တို့ ကျုပ်ဂိုဏ်းထဲမှာ တစ်လနေပြီးတဲ့အချိန်ထိ စောင့်ကြတာပေါ့။”

ပိုင်ကျောင်းယန်က နားလည်သွား၏။ ချန်းရှိရောင်နှင့်တစ်ခြားသောသူများသည် တစ်လကြာပြီးသည့်နောက် မည်သည့်ဘက်တွင် ရပ်တည်မည်ဆိုခြင်းသည် ၎င်းတို့အတွက် ကြီးမားသည့်အကျိုးအမြတ်ကို မည်သို့ ရရှိမည်ဆိုသည့် အကြောင်းအရာပင် ဖြစ်ပေလိမ့်မည်။

ထို့အပြင် သူတို့ကဲ့သို့ပင် ဂိုဏ်းချုပ်ကျွင်းသည် ဤဆေးပညာရှင် ခြောက်ယောက်တို့အား ဂိုဏ်းထဲတွင် နေထိုင်ရန်အတွက် မည်ကဲ့သို့ ကြိုးစားမည်ဖြစ်ကြောင်းကို တွေးတောစဉ်းစားနေပေလိမ့်မည်။

တကယ်တော့ မဟုတ်လှပေ။ ကျွင်းချောင်ရှောင်းက အမှန်အတိုင်း စဉ်းစားနေသည်ဆိုသည်မှာ ယွမ်ကြီးကို ခေါ်ဆောင်ကာဖြင့် တစ်ဖက်လူများအား မည်ကဲ့သို့ ဈေးဆစ်မည်ဆိုသည့်အကြောင်းအရာပင် ဖြစ်တော့၏။

…….

ပြိုင်စံရှားဂိုဏ်း

ဆေးပင်နှင့်မျိုးစေ့အရေအတွက် စုစုပေါင်းကို စစ်ဆေးပြီးသည့်နောက် လီချင်းယန်က ပြောလိုက်မိသည်။

“သခင်လေးယွမ် …. ခင်ဗျားက ဈေးဆစ်တဲ့နေရာမှာ တကယ့်ကို တော်လွန်းတဲ့လူပဲ။ အချိန်တိုင်း အချိန်တိုင်း တဖြည်းဖြည်းနဲ့ ဈေးလျော့လာခဲ့တယ်။ ဒီအတိုင်းသာ လအနည်းငယ်လောက် ဆက်သွားမယ်ဆိုရင် ပိုက်ဆံပေးစရာ တောင် လိုပါတော့မလားမသိဘူး။”

လင်းယွမ်မြို့ထဲတွင်ရှိနေသည့် ယွမ်ဖန်သည် အဓိကဟောခန်းထဲတွင် ထိုင်ကာဖြင့် ရေနွေးကို သောက်လျက်ရှိ၏။ သူက ပြောလိုက်မိ၏။ “ပြိုင်ဘက်ကင်းရတာ အထီးကျန်လိုက်တာ။”

……..

ဆေးပညာရှင် ခြောက်ဦးတို့သည် ဆေးလုံး ဟောခန်းမဆောင်၏ ဌာနချုပ်ဆီသို့ အရင်ဆုံးပြန်လာခဲ့ကြ၏။ ပြီးသည့်နောက် ပထမ၊ ဒုတိယနှင့် တတိယအဆင့် ဆေးလုံးဆရာများသည်လည်း ဝူရွှမ်းမြို့ထဲသို့ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာခဲ့၏။ ဤအရာသည် မြို့ထဲတွင် နေထိုင်သူများအတွက် အပူတပြင်းဆွေးနွေးစရာ ဖြစ်လို့ လာခဲ့သည်။

“ထူးဆန်းလိုက်တာ။ ဘာလို့သူတို့အားလုံး ပြန်လာကြတာလဲ။”

“ဆေးဟောခန်းရဲ့ အတွင်းစည်းပြိုင်ပွဲက နှစ်အနည်းငယ်ကြာမှ တစ်ခါကျင်းပတာမဟုတ်လား။ ပြီးတော့ လူများများ စားစားဝင်ပြီး ယှဉ်ပြိုင်ကြတာမဟုတ်ပါဘူး။ အရေးကြီးတဲ့ ကိစ္စတစ်ခုခုများ ဖြစ်နေတာလား။”

ရက်အနည်းငယ်ကြာပြီးသည့်နောက် ဆေးလုံးဟောခန်းဋ္ဌာနချုပ်သည် ရုတ်တရက် ပြိုင်စံရှားဂိုဏ်းနှင့် ပူးပေါင်း ဆောင်ရွက် မည်ဆိုသည့်အကြောင်းကို တရားဝင်ထုတ်ဖော်ပြောကြားခဲ့၏။ ထိုသတင်းပျံ့နှံ့သွားပြီးသည့်နောက် အားလုံးတို့သည် ထူးဆန်းအံ့ဩသလို ခံစားနေကြတော့၏။

“ဒါ မယုံနိုင်စရာပဲ။ ပြိုင်စံရှားဂိုဏ်းက ဆေးဟောခန်းမဋ္ဌာနချုပ် နဲ့တောင် တကယ့်ကို ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့တာကိုး။ ဆေးလုံးဟောခန်းမဆောင်က ဆေးလုံးကိုပဲ အဓိက အာရုံစိုက်ထားခဲ့တာလေ။ နှစ်ဖက်လုံးက သဘောတူညီမှု ရရှိသွားပြီဆိုတော့ သူတို့ ဆေးပင်တွေ၊ ဆေးလုံးတွေကို ရောင်းချဖို့ အတူပူးတွဲပြီး လုပ်ဆောင်ကြမှာလား။”

အားလုံးအပူတပြင်း ဆွေးနွေးလျက်ရှိနေတုန်းမှာပဲ ပြိုင်စံရှားဂိုဏ်းနှင့် ဆေးလုံးဟောခန်းမဆောင်တို့သည် စတင်ကာ လှုပ်ရှားလျက်ရှိ၏။ တစ်ဖက်ခြမ်းသည် ကောင်းကင်အဆင့် ဆေးပင်များကို ပြင်ဆင်လျက်ရှိပြီး အခြားတစ်ဖက်မှာ တော့ ကျွမ်းကျင်သူများနှင့် ဆေးလုံးဖော်စပ်နိုင်ရန်အတွက် ဖန်းချီမိုးကောင်းကင်တောင်တန်းဆီသို့ ဦးတည် လာလျက်ရှိ၏။

ဆေးပညာရှင် ခြောက်ယောက်တို့သည် ကျွင်းချောင်ရှောင်းနှင့်အတူ ပြိုင်စံရှားဂိုဏ်းဆီသို့ အရင်ဆုံး လိုက်ပါလာခဲ့ကြ၏။ ၎င်းတို့သည် တစ်လကြာနေထိုင်မည်ဟုတော့ စိတ်ဆုံးဖြတ်ထားကြသည်။

တစ်လ ။ ဤအရာသည် ဘာမှကြာလှသည့်အရာမဟုတ်ပေ။ နယ်မြေဟောခန်းသည် ပြိုင်စံရှားဂိုဏ်းနှင့် ဆေးဟော ခန်းမဆောင်တို့ပူးပေါင်းသွားသည့် အကြောင်းအရာကိုလည်း ကြားသိလိုက်ကြ၏။ ထိုကြောင့် ပုံမှန်ကျင်းပနေကြ အစည်းအဝေးတွင် ထိုအကြောင်းအရာကို စတင်ကာ ဆွေးနွေးခဲ့ရ၏။

“ဒီကောင်လေးက ဆေးဟောခန်း ဋ္ဌာနချုပ် နဲ့ ဘယ်လိုများ ဆွဲဆောင်လိုက်တာလဲ။”

ကျွင်းချောင်ရှောင်းအနေနှင့် အားလုံးက အသိအမှတ်ပေးထားသည့် ဆေးဟောခန်းမအဖွဲ့အစည်းအား ပူးပေါင်း ဆောင်ရွက်ရန် ဆွဲဆောင်နိုင်လိုက်သည့်အတွက် ဂိုဏ်း၏ ဂုဏ်သိက္ခာအမှတ်သည်လည်း ပိုမိုကာ တိုးတက်လာခဲ့၏။ သို့ပေမဲ့ ဤအရာသည် ပူးပေါင်းဆောင်ရွက်မှုတစ်ခုသေးသာ ဖြစ်သည်ဆိုသော်လည်း အထက်နယ်မြေတွင်တော့ အပူတပြင်း ဆွေးနွေးစရာဖြစ်လို့လာခဲ့သည်။

“ဘယ်သူက ဂရုစိုက်နေမှာလဲ။”

အထက်ပိုင်းအကြီးအကဲများထဲမှ တစ်ယောက်က ပြောလိုက်၏။ “သူတို့ပြဿနာမရှာဘူးဆိုရင် ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်။”

ကျွင်းချောင်ရှောင်းသည် နယ်မြေဟောခန်းအား အစောကြီးကတည်းက သဘောကျနှစ်ခြိုက်သူတစ်ယောက် မဟုတ်ပေ။ ထို့အတူ နယ်မြေဟောခန်းကလည်း သူ့အား သဘောကျနှစ်ခြိုက်ခြင်း မရှိချေ။ ထို့ကြောင့် တစ်ဖက်နှင့် တစ်ဖက် သေသေချာချာ စောင့်ကြည့်နေကြသည်။

“ဒီကောင်လေးရဲ့ နောက်ခံမှာ ကြီးမြတ်သူတုံးကု တစ်ယောက်ပဲရှိတာလေ။ အနာဂတ်မှာ သူ့အနေနှင့် ဘာမှ များများ စားစားလုပ်လို့ရနိုင်မှာ မဟုတ်လောက်ဘူး။ ပြီးတော့လက်ရှိအခြေအနေမှာ အသုဘအခန်းဆောင် နဲ့ ကုကျောင်းရှစ် ကို ဖြစ်နိုင်သမျှ အမြန်ဆုံးရှင်းလင်းပစ်ဖို့ အကြောင်းကိုပဲ တွေးထားသင့်တယ်။” အထက်ပိုင်းအကြီးအကဲများထဲမှ တစ်ယောက်က ပြောလိုက်၏။

“ဟမ့် …”

တစ်စုံတစ်ယောက်သည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ “လင်းရောင်က သစ္စာဖောက်ကို ရှာပေးခဲ့တာ ရှင်းလင်းတယ်လေ။ ဒါပေမဲ့ ဘယ်လိုဖြစ်ပြီးတော့ ထွက်ပြေးသွားအောင် လုပ်လိုက်ရတာလဲ။ ဧကရီလင်းရောင် လုပ်နေတဲ့လုပ်ရပ်တွေဟာ နည်းနည်းတော့ စိတ်ပူစရာ ကောင်းလာပြီ။”

အထက်ပိုင်းအကြီးအကဲများသည်လည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ အရင်တုန်းက နယ်မြေ ဟောခန်းသည် ကုကျောင်းရှစ်ကို နှစ်ရာချီ ရှာဖွေပြီးမှ ဖမ်းဆီးနိုင်ခဲ့၏။

သို့ပေမဲ့ တစ်ဖက်လူ ရက်အနည်းငယ်အတွင်း ဖမ်းဆီးမိပြီးမှ ပြန်လည်လွတ်မြောက်သွားချိန်မှာတော့ အပြစ်တင်ရှုံ့ချလို့နေခဲ့၏။ ဤအဘိုးကြီးများသည် အမှန်ပင် အရှက်မဲ့လွန်းလှသည်။

“ကျင်းဟောင် ဘယ်မှာလဲ။”

“သူ့ရဲ့ ဒဏ်ရာတွေက ပြန်ပြီးမကောင်းသေးဘူးလေ။”

“ကြွက်သားပြန်လည်ကောင်းမွန်ခြင်း ရေကန်ထဲမှာ နှစ်နှစ်ကျော် စိမ်နေတာတောင်မှ ပြန်မကောင်းသေးဘူးလား။”

“သူ့ဒဏ်ရာက အရမ်းကို ပြင်းတယ်လို့ ကြားခဲ့တယ်။ ရင်ဘတ်မှာ အပေါက်ကြီးတစ်ခု ဖြစ်သွားတာ။”

“ကျွင်းချောင်ရှောင်းက ဘယ်လို နတ်ဘုရားလက်နက်မျိုးကို အသုံးပြုခဲ့လို့ အဆင့်ကိုး အမြုတေပြောင်းလဲခြင်း ကျင့်ကြံသူတစ်ယောက်ကိုတောင် ဒဏ်ရာရရှိအောင် ပြုလုပ်နိုင်ရတာလဲ။”

“သူက ကြီးမြတ်သူတုံးကု ပေးထားတဲ့ အဆင့်မြင့်ရတနာတစ်ခုခုကို ထုတ်ပြီးသုံးလိုက်တာပဲဖြစ်မှာပေါ့။”

ဤစကားလုံးထွက်လာသည့်အချိန်မှာတော့ အားလုံးတို့သည် နားလည်သွားခဲ့ကြ၏။ ကြီးမြတ်သူတုံးကုသည်သာ ထိုအချင်းအရာကို သိသည်ဆိုပါက ကျိန်းသေပေါက် စိတ်ပျက်လက်ပျက်ဖြင့် ပြောမိနေလိမ့်မည်။ “ခင်ဗျားတို့ ထင်ချင်ရာကို ထင်လို့ရတယ်။ ဒါပေမဲ့ ကျုပ်ကို ဆွဲမထည့်ကြနဲ့။”

….

ပလုံ ပလုံ

တိမ်များ၊ မြူများ ဖုံးလွှမ်းလျက်ရှိနေသည့် ရေကန်ကြီးတစ်ခုထဲတွင် အထဲမှ ရေများသည် ပွက်ပွက်ဆူလျက်ရှိ၏။ ကျင်းဟောင်၏ ခေါင်းသည် ရေကန်၏ အပြင်ဘက်သို့ ထွက်ပေါ်လျက်ရှိ၏။ မျက်နှာတစ်ခုလုံးသည် ဖြူရော်လျက်ရှိ နေပြီး နာကျင်နေသည့် အမူအရာများနှင့် တည်ရှိနေ၏။

လက်ရှိအခြေအနေမှာတော့ ရေထဲတွင် ရှိနေသည့် အကန့်အသတ်မဲ့ များပြားလွန်းလှသော အသက်ဓာတ်များသည် သူ၏ ရင်ဘတ်ပေါ်တွင်ရှိနေသော စပါးစေ့တစ်ခုအရွယ် ဒဏ်ရာအား သန့်စင်လျက်ရှိနေ၏။ နောက်ဆုံးမှာတော့ အလုံးစုံပြန်လည်ကောင်းမွန်သွားခဲ့၏။ ၎င်းသည် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်၏။ ပြီးနောက် သတ်ဖြတ်လိုခြင်း အပြည့်ဖြင့် ပြောလိုက်သည်။ “ကျွင်းချောင်ရှောင်း … ငါ မင်းကို ထိုက်တန်တဲ့ ပေးဆပ်မှုတွေ ပြန်ပြီး ပေးမယ်။”

မိုးကြိုးတုတ်၏ တိုက်ခိုက်မှုအောက်တွင် အသက်ရှင်ခဲ့ခြင်းမှာ အတော်ပင်ကံကောင်းသည်ဟု ဆိုရမည်။ ပြန်လည် ကောင်းမွန်ပြီးနောက် သူသည် သူနှင့်ကျွင်းချောင်ရှောင်းကြားတွင် ဖြစ်ပေါ်ခဲ့သည့် ရန်ငြိုးများကို မေ့လျော့သွားလိမ့်မည် မဟုတ်ချေ။ အချက်အလက်အားဖြင့် တစ်စုံတစ်ယောက် သေဆုံးသွားမှသာလျှင် ၎င်းတို့ နှစ်ယောက်ကြား တိုက်ပွဲ သည် ရပ်တန့်သွားမှာ ဖြစ်၏။

“သခင်လေး။”

ကျေးကျွန်ကြီးတစ်ယောက်သည် အထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်သည်။ “နယ်မြေဟောခန်းက စာတစ်စောင်ပို့ထားတယ်။ ဧကရီလင်းရောင်ကို ကူညီပြီးတော့ သစ္စာဖောက် ကုကျောင်းရှစ်ကို ကူညီရှာဖွေပေးဖို့တဲ့။”

“ကုကျောင်းရှစ်ဟုတ်လား။”

ကျင်းဟောင်သည် အံ့အားသင့်သွားမိ၏။ “ဒီကောင်က ပြန်ပြီးတော့ အသက်ရှင်မွေးဖွားလာပြန်ပြီလား။”

အဘိုးအိုက ပြောလိုက်သည်။ “လက်ရှိအခြေအနေမှာ သူက နယ်မြေဟောခန်းရဲ့ ဌာနခွဲ ၃ ခုကိုတောင် ဖျက်ဆီးပြီးသွားပါပြီ။”

“ဧကရီလင်းရောင်ကို ကူညီပေးရမယ်ဟုတ်လား။”

ကျင်းဟောင်က ပြောလိုက်၏။ “ဒါဆိုရင် နယ်မြေဟောခန်းက ဒီမိန်းမကို ခိုင်းစေလို့ရနေတာပေါ့။”

ကျေးကျွန်အိုကြီးက ပြောလိုက်သည်။ “သူမက လိုလိုချင်ချင်နဲ့ ကုကျောင်းရှစ်ကို ဖမ်းဆီးမယ်ဆိုပြီး သွားပြောတာတဲ့။”

“သြော်”

ကျင်းဟောင်သည် ရေကန်ထဲမှ လျှောက်ထွက်လာပြီးသည့်နောက် သူ၏ အစစ်အမှန်စွမ်းအင်ကို အသုံးပြုကာ ခန္ဓာကိုယ်ရှိ ရေများကို သုတ်လိုက်၏။ ပြီးနောက် ကြိုတင်ပြင်ဆင်ထားသော အဝတ်အစားများကို ဝတ်ကာဖြင့် စိတ်ဝင်တစားပြောလိုက်၏။ “ဒီမိန်းမက တစ်စုံတစ်ခုကို စီစဉ်ဆောင်ရွက်နေတာပဲဖြစ်ရမယ်။”

“သခင်လေး ….”

ကျေးကျွန်အိုကြီးသည် အသံပို့လွှတ်လိုက်သည်။ “ဆရာက လျှို့ဝှက်စာတစ်ခုကို ပေးပို့ထားတယ်။”

ပြောပြီးသည့်နောက် သူသည် လခြမ်းပုံရေးထိုးထားသည့် စာတစ်စောင်အား လှမ်းကာ ပေးလိုက်၏။ ကျင်းဟောင်သည် ထိုအရာကို ယူကာ ဖွင့်ကြည့်လိုက်၏။ ပြီးနောက် စာအား မီးရှို့ကာ ပြောလိုက်၏။ “သွားပြောလိုက်။ ကျုပ် ဒဏ်ရာတွေက အကုန်ကောင်းမွန်သွားခဲ့ပြီလို့ နယ်မြေဟောခန်းကို ပြောလိုက်တော့။ ဧကရီ လင်းရောင်ကို ကူညီပြီး ကုကျောင်းရှစ်ကို ဖမ်းဆီးဖို့ ကူညီပေးမယ်လို့။”

“ကောင်းပါပြီ။” ကျေးကျွန်အိုကြီးသည် အလျင်အမြန်ထွက်ခွာသွားခဲ့သည်။

ခါးရှိ ခါးပတ်ကို ခပ်တင်းတင်းပတ်ပြီးသည့်နောက် ကျင်းဟောင်က တွေးလိုက်၏။ ဆရာက အချိန်ကို မစောင့်နိုင်တော့ဘူးနဲ့တူတယ်။ နောက်ကွယ်မှာ အင်မော်တယ်ဂိုဏ်း ၁၀ ဂိုဏ်းရှိနေတဲ့ နယ်မြေဟောခန်းနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်တော့မှာပေါ့။ ဒါဆိုရင် ဧကရီလင်းရောင်ရဲ့ နောက်ကွယ်မှာရှိနေတဲ့ အင်အားစုတွေကလည်း ဘယ်လို အကြံအစည်မျိုး ရှိနေတယ်ဆိုတာကို ငါသိချင်မိတယ်။

All Chapters