← Chapters

အခန်း (၁၄၂၈)

Vol. 96 Ch. 1428

အခန်း (၁၄၂၈)

Vol. 96 Ch. 1428

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းဆီသို့ ပြန်ရန်အတွက် အလျင်မလိုချေ။ ထိုအစား ဆေးဟောခန်းမဆောင်၏ အဓိက ဌာနချုပ်တွင် နေထိုင်ခဲ့၏။ အစားအစာများသည် စားလို့ကောင်းလှသောကြောင့် သူ့အနေနှင့် စားလိုက် သောက်လိုက်နှင့် အကောင်းဆုံးနေထိုင်လျက်ရှိနေ၏။

ဤအတောအတွင်း သူသည် ဈေးထဲတွင် ရှိနေသော ဆိုင်ပေါင်းများစွာကို လှည့်လည်သွားလာပြီးသည့်နောက် များပြားလှသည့် မျိုးစေ့များကို ဝယ်ယူခဲ့၏။ ထိုအရာများသည် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးများကို သန့်စင်နိုင်သည့် အရာမက အခြားသောအရာများကို သန့်စင်နိုင်သည့် ဆေးပင်များလည်းဖြစ်သည်။

ကောင်းမွန်လှသည့် မြေဆီလွှာသည် ဆေးပင်များကို မြန်မြန်ဆန်ဆန်ဖြင့် သန့်စင်နိုင်စွမ်းရှိနေ၏။ မူလအားဖြင့် သာမန်ဆေးပင်များသည်သာမက အားကောင်းလှသည့်ဆေးပင်များကိုပင် ကောင်းကင်အဆင့်ရတနာများဖြစ်အောင် စိုက်ပျိုးနိုင်သည်ဖြစ်သောကြောင့် အနာဂတ်တွင် သူသည် ဆေးပင်လုပ်ငန်းများကို ပိုမိုကာ ချဲ့ထွင်နိုင်တော့မှာဖြစ်၏။

ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် အမှန်ပင် အရာအားလုံးကို လက်လွှတ်ထားနိုင်သည့် အကြီးအကဲ တစ်ယောက်ကဲ့သို့ပင် ဖြစ်လို့နေ၏။ သို့ပေမဲ့ သူသည် အထက်နယ်မြေသို့ ရောက်ရှိရန်အတွက် မည်မျှ အလုပ်ကြိုးစားခဲ့ကြောင်းကို တစ်ခြားသူများအားလုံးက သိရှိလိမ့်မည်မဟုတ်ချေ။ ထို့အတူ လက်ရှိအခြေအနေတွင်လည်း ဂိုဏ်း အတွက် အရာအားလုံးကို ပေးအပ်ထားခဲ့သည်။

“ဟောခန်းသခင်ပိုင်”

တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ရေနွေး တစ်ငုံသောက်ကာဖြင့် မေးလိုက်၏။ “ဘာလို့သူတို့တွေ ရောက်မလာသေးတာလဲ။”

“အလျင်မလိုပါနဲ့။”

ပိုင်ကျောင်းယန်သည် ပြုံးကာပြောလိုက်သည်။ “သူတို့က အခုလမ်းမှာရောက်နေပြီလေ။ မကြာခင် ရောက်လာပါလိမ့်မယ်။”

“သြော်” ကျွင်းချောင်ရှောင်းက တုံ့ပြန်လိုက်၏။

သူ့အနေနှင့် ဘာတစ်ခုမှ လုပ်စရာမရှိသောကြောင့် ဝူရွှမ်းမြို့ထဲသို့ လှည့်လည်ကာ သွားလာလျက်ရှိနေ၏။ သို့ပေမဲ့ စားသောက်ခန်းတစ်ခုဆီသို့ ဝင်ရောက်လိုက်သည့်အချိန်မှာတော့ လူများအားလုံးသည် ကျင့်ကြံခြင်းလောကထဲတွင် လက်ရှိဖြစ်ပျက်နေသည့်အရာများကို ဆွေးနွေးလျက်ရှိနေသည်။

“မင်းတို့ကြားပြီးပြီလား။ သစ္စာဖောက် ကုကျောင်းရှစ်က ထပ်ပြီး ပေါ်လာပြန်ပြီတဲ့။”

“နယ်မြေဟောခန်းက နှစ်ပေါင်း ရာချီလိုက်ပြီးတော့ ဖမ်းဆီးဖို့ ကြိုးစားခဲ့တဲ့လူမဟုတ်လား။”

“အင်း … ဟုတ်တယ်။”

သစ္စာဖောက်ဆိုသည့်စကားကို ကြားရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ကြယ်ကောင်းကင်ခံတပ်ကြီး၌ သူ့အား ကာကွယ်ရင်း သေဆုံးခဲ့ရသည့် ညီငယ်လေးအကြောင်းကို စဉ်းစားလိုက်မိ၏။

သူ၏မျက်လုံးများတွင်လည်း ဝမ်းနည်းမှုများနှင့် ပြည့်နှက်လာခဲ့၏။ အပြင်ဘက်တွင် ရောက်ရှိနေပြီး လက်ရှိအချိန်တွင် လူပေါင်းများစွာ ရှိနေသောကြောင့်သာ။ မဟုတ်ပါက ကုန်းရှန့်သည် မျက်ရည်များ ဝိုင်းနေမိမှာ သေချာ၏။ ထို့အပြင် ဤဆေးမှင်ကြောင်နှင့်လူသည် သူ့အတွက်နှင့် ရဲရဲဝံ့ဝံ့ သေဆုံးခဲ့သည့် လူတစ်ယောက်ပင် မဟုတ်ပါလား။

“ညီလေး”

ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်မိသည်။ “မင်းအသက်ရှင်နေသေးတာလား။”

သူ့အား ကယ်တင်ရန်အတွက် သေဆုံးခဲ့ရ၏။ ဤအရာသည် ကြီးမားသည့် မျက်နှာသာပေးမှုပင်ဖြစ်၏။ အထက် နယ်မြေတွင် ပြန်လည်တွေ့ဆုံပါက သူသည် ကျိန်းသေပေါက် ပြန်လည်ပေးဆပ်ရမှာဖြစ်၏။

“ဒီသစ္စာဖောက်ဆီမှာ ပြန်လည်မွေးဖွားနိုင်တဲ့ စိတ်ဝိညာဉ်ရှိတယ်လို့ ကြားတယ်။ သူက သေပြီးတာနဲ့ ပြန်ပြီးမွေးဖွား နိုင်တယ်တဲ့။ ပြန်လည်မွေးဖွားရုံတင်မဟုတ်ဘူး သေပြီးတိုင်း သေပြီးတိုင်းမှာ ပိုပြီးတော့အားကောင်းလာစေတယ်။ ဘယ်လိုမွန်းစတားမျိုးပါလိမ့်။”

ကျွတ် ကျွတ် ကျွတ်

“သူက ဒီအချိန်မှာ နယ်မြေဟောခန်းရဲ့ ဌာနခွဲတစ်ခုကို ဖျက်ဆီးခဲ့တယ်လေ။ ဒါကြောင့် အနာဂတ်မှာ ကျုပ်တို့တော့ ပွဲကြီး ပွဲကောင်းကြည့်ရမှာပဲ။”

အားလုံးဆွေးနွေးလျက်ရှိနေတုန်းမှာပဲ ကျွင်းချောင်ရှောင်း၏ အမူအရာသည် ချက်ချင်းပြောင်းလဲသွားခဲ့၏။

“သစ္စာဖောက်။”

“ပြန်လည်မွေးဖွားနိုင်သည့်စိတ်ဝိညာဉ်”

ထိုအရာနှစ်ခုကို ပေါင်းစပ်ရမည်ဆိုလျှင် ကျွင်းချောင်ရှောင်း၏ သိစိတ်နှင့် ချိတ်ဆက်စဉ်းစားနိုင်မှုအရ ဤလူသည် သူ၏ သွေးသောက်ညီအစ်ကိုပင် ဖြစ်ပေလိမ့်မည်။

“ချီးတဲ့မှ … ဒီလိုဆိုရင် သူ့နာမည်က ကုကျောင်းရှစ်ပေါ့။”

“နယ်မြေဟောခန်းက ဌာနခွဲတစ်ခု ဖျက်ဆီးခံရတဲ့ ကိစ္စကို လွယ်လွယ်ကူကူနဲ့ ထားမှာမဟုတ်ဘူး။ တစ်လောကလုံးကို အကုန် ရှုပ်ယှက်ခက်ကုန်မှာတော့ စိုးရတယ်။ နယ်မြေဟောခန်းက ဧကရီလင်းရောင်ကို လွှတ်ပြီးတော့ ကုကျောင်းရှစ် ကို ဖမ်းဆီးခိုင်းထားတယ်လို့ သတင်းကြားတယ်လေ။ ဒါပေမဲ့ နာရီအတော်ကြာအောင် ယှဉ်ပြိုင်တိုက်ခိုက်ပြီးတဲ့ နောက်မှာ လွတ်မြောက်သွားသေးတယ်တဲ့။”

ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားမိ၏။ “ငါ့ရဲ့ ညီငယ်လေးက တစ်ကြိမ်သေပြီးတဲ့နောက်မှာ ပိုပြီး အားကောင်းလာခဲ့တာပဲ။ သူက တကယ့်ကို အားမနည်းဘူး။”

အချက်အလက်အားဖြင့် ကုကျောင်းရှစ်နှင့် ဧကရီလင်းရောင်တို့သည် အကြိမ်အနည်းငယ်တိုက်ခိုက်ပြီးသည့်နောက် ကုကျောင်းရှစ်မှာ ဖမ်းဆီးခြင်းခံခဲ့ရ၏။ မည်ကဲ့သို့ လွှတ်မြောက်သွားသည်ဆိုသည်ကိုတော့ မည်သူမျှ မသိရှိချေ။

“မဟုတ်ဘူး။ မဟုတ်ဘူး။”

ကျွင်းချောင်ရှောင်းက တွေးလိုက်မိ၏။

“ငါ့အနေနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံး သူ့ကို ရှာရမယ်။”

သစ္စာဖောက်သည် အထက်နယ်မြေတွင် ကျိန်းသေပေါက် အဆိပ်ရှိသည့်သတ္တဝါဟု သတ်မှတ်ကြ၏။ ထိုသူနှင့် မည်သူမှ ဆက်စပ်ပတ်သက်သည့် အလုပ်မျိုးကို လုပ်ရဲလိမ့်မည်မဟုတ်ချေ။ ထို့အပြင် နယ်မြေဟောခန်းကို ပုန်ကန်သည့် အရာမျိုးပင် ဖြစ်လာနိုင်သည် မဟုတ်ပါလား။

သို့ပေမဲ့ ကုန်းရှန့်မှာတော့ ဂရုစိုက်လိမ့်မည်မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူသည် သူ၏ ညီငယ်လေး ဖြစ်သောကြောင့်ပင်။

ကျွတ်

စနစ်က ပြောလိုက်သည်။ “မင်းအနေနဲ့ ဂိုဏ်းထဲကို ဝင်ဖို့ လှည့်စားချင်တာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး သစ္စာတွေ၊ မေတ္တာတွေ၊ သမာဓိတွေ၊ ချစ်ခြင်းတွေ အကြောင်းကို ပြောဆိုနေရတာလဲ။”

……….

သူ၏ညီငယ်လေးသတင်းကိုကြားချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ထိုင်၍ မနေနိုင်တော့ချေ။ အပြင်ကို ထွက်၍ ရှာဖွေချင်စိတ်တွေ ပေါက်လျက်ရှိသည်။သို့ပေမဲ့ ဆေးပညာရှင် ခြောက်ဦးတို့ ရောက်ရှိလာမည်ကို သိရှိပြီး သည့်နောက် သူသည် ဆေးဟောခန်းမဆောင်၏ အဓိကဌာနချုပ်တွင်သာ ဆက်လက်ကာ စောင့်နေရ၏။

ဤအတောအတွင်းသူသည် စားသောက်ခန်းများဆီသို့ လှည့်လည်သွားလာပြီး နောက်ဆုံးရရှိတတ်သည့် သတင်းများကို စုဆောင်းတတ်၏။ ကုကျောင်းရှစ်သည် လှုပ်ရှားမှုများကို ပြုလုပ်ပြီး နယ်မြေဟောခန်း၏ ဌာနခွဲ တော်တော်များများကို ဖျက်ဆီးခဲ့သည်ဆိုသည့် သတင်းကို သူအကြမ်းဖျဉ်းသိရှိခဲ့ရသည်။

“ဒါက ခံစားလို့ကောင်းလိုက်တာ။” ကျွင်းချောင်ရှောင်းက ရယ်မောလိုက်မိ၏။ သူသည် အောက်နယ်မြေမှာကတည်းက နယ်မြေဟောခန်းနှင့်ပတ်သက်၍ သဘောမတွေ့သူတစ်ယောက်ဖြစ်၏။

ကုကျောင်းရှစ်သည် ဤအဖွဲ့အစည်းကို ပစ်မှတ်ထားကာ တိုက်ခိုက်လေ၊ သူပျော်ရွှင်လေဖြစ်နေ၏။ သူသည် နှစ်ယောက်ပူးပေါင်း၍ တိုက်ခိုက်ချင်သည့်စိတ်များပင် ပေါက်၍ ရှိနေသည်။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည်လည်း သစ္စာဖောက်တစ်ယောက်၏ လမ်းစဉ် နှလုံးသားကို ပိုင်ဆိုင်သူ ဖြစ်၏။ သို့ပေမဲ့ သူ၏ အားအင်အဆင့်သည် ထိုသို့ပြုလုပ်ရန် မလုံလောက်သေးချေ။ သူ၏ ဂိုဏ်းအား ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ဖို့လိုအပ်သေး၏။ လက်ရှိအခြေအနေတွင် သိုသိုသိပ်သိပ်နေထိုင်ခြင်းကသာ လျှင် အနာဂတ်တွင် ပိုမိုအားကောင်းလာမှာဖြစ်တော့သည်။ ထိုမှသာလျှင် နယ်မြေဟောခန်းနှင့် ရန်သူပြုလုပ်၍ ရမှာ ဖြစ်၏။

ပြောရမည်ဆိုလျှင် ဧကရီလင်းရောင်၏ ခန့်မှန်းချက်သည် အမှန်ပင်ဖြစ်တော့၏။ ကျွင်းချောင်ရှောင်းသည် တစ်ချိန်၌ နယ်မြေဟောခန်းကို ပြဿနာရှာပေလိမ့်မည်။

သို့ပေမဲ့ နယ်မြေဟောခန်းကို ပုန်ကန်ခြင်းသည် အင်မော်တယ်ဂိုဏ်း ၁၀ ဂိုဏ်းလုံးကို ပုန်ကန်ခြင်းဖြစ်ကြောင်း ကောင်းကောင်းမသိချေ။ ထိုအရာကို ကြီးမြတ်သူ တုံးကုပင်လျှင် သေသေချာချာ ကိုင်တွယ်နိုင်လိမ့်မည်မဟုတ်ပေ။

…….

ရက်အနည်းငယ်လောက် ကုန်လွန်ပြီးသည့်နောက် ဆေးပညာရှင် ခြောက်ဦးတို့သည် ရောက်ရှိလာ ခဲ့ကြ၏။

“ဆေးဟောခန်းမဆောင်က ဆေးပညာရှင်တွေရဲ့ အကြောင်းကို ဒီကျွင်းက ကြားခဲ့ဖူးတာကြာပြီ။ အကုန်လုံးက ဆေးပညာနဲ့ပတ်သက်ရင် လူတွေထဲက နဂါးတွေလို လူတွေကြီးပဲလေ။ ဒီလိုလူတွေနဲ့ ဆုံတွေ့ခွင့်ရတာ ကျုပ် တကယ့်ကို ကံကောင်းတာပဲ။ ခင်ဗျားတို့က တကယ့်ကို ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်ခဲ့တဲ့ လူတွေပဲလေ။” ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်သည်။

“ဂိုဏ်းချုပ်ကျွင်းက ကြင်နာလွန်းနေပြီ။” ဆေးပညာရှင် ခြောက်ဦးတို့သည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။

ကုန်းရှန့်၏ ဆရာသည် ကြီးမြတ်သူတုံးကု ဖြစ်ကြောင်း သူတို့ သိရှိကြ၏။ ထို့အပြင် ဆေးဟောခန်းမဆောင်နှင့် အလုပ်တွဲလုပ် မည့်လူလည်းဖြစ်သည်မို့ ၎င်းတို့သည် ယဉ်ယဉ်ကျေးကျေးနှင့် ပြန်လည်ကာပြောဆိုလျက်ရှိသည်။

“ခင်ဗျားတို့ ခြောက်ယောက်”

ကျွင်းချောင်ရှောင်းသည် လိုရင်းကိုသာ ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းထဲမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားလား။”

ပိုင်ကျောင်းယန်နှင့် တစ်ခြားသော အကြီးအကဲများအားလုံးတို့သည် ထိုင်ခုံမှ ပြုတ်ကျလုမတတ်ပင် ဖြစ်ကုန်ကြ၏။ ဆေးဟောခန်းမဆောင်၏ ဆေးပညာရှင် ၂ယောက်တို့သည် လက်ရှိအခြေအနေမှာ ပြိုင်စံရှားဂိုဏ်းထဲသို့ ရောက်ရှိ လျက် ရှိနေ၏။ ထိုအရာကိုပင် မကျေနပ်သေးဘဲ ဂိုဏ်းချုပ်ကျွင်းသည် နောက်ထပ် ၆ ယောက်ကို ထပ်မံကာ ခေါ်ယူရန် စဉ်းစားလျက်ရှိနေသည်။

“ဂိုဏ်းချုပ်ကျွင်း။”

ဤအရာသည် နည်းနည်းများလွန်းလှ၏။ နည်းနည်းမဟုတ်ပေ။ တော်တော်ပင်များလွန်းလှ၏။

ထိုဆေးပညာရှင်များ အချိန်ပိုင်းအလုပ်လုပ်လျက်ရှိနေသည့် အဓိကဂိုဏ်းကြီးများသာလျှင် ထိုအရာကို သိရှိသည် ဆိုပါက ကျိန်းသေပေါက် ဒေါသထွက်ကြမှာ သေချာသည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သူလုပ်ချင်ရာကိုသာ တစိုက်မတ်မတ်နှင့် ပြုလုပ်နေမှာသေချာ၏။

ချန်းရှိရောင်ဟု ခေါ်သော ဆေးပညာရှင်က ပြုံးကာပြောလိုက်သည်။ “ကျုပ်က စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းတာအိုဂိုဏ်း ရဲ့ ဂုဏ်ပြုခံအကြီးအကဲတစ်ယောက်ဖြစ်နေပါပြီ။”

တစ်ခြားသော ဆေးပညာရှင် ငါးဦးတို့ကလည်း အသီးသီး ငြင်းဆိုလိုက်ကြ၏။ ဆေးဟောခန်းမဆောင်၏ ထိပ်သီး ဆေးပညာရှင် ရှစ်ဦးတို့တွင် ဖန်းကွေ့ချန် နှင့် တုဟုန်ချန်တို့မှလွဲလျှင် အားလုံးသောသူများသည် အဓိကဂိုဏ်း များတွင် အချိန်ပိုင်း အလုပ်လုပ်လျက်ရှိနေသည့်လူများပင်ဖြစ်၏။ ထို့ကြောင့် ၎င်းတို့အနေနှင့် ရွေးချယ်နိုင်ခွင့် မရှိချေ။

ကျွင်းချောင်ရှောင်းက ပြုံး၍ ပြောလိုက်၏။

“ကျုပ် သိသလောက်ဆိုရင် ခင်ဗျားတို့ ခြောက်ယောက် အလုပ်လုပ်နေတာက ဂုဏ်ပြုခံအကြီးအကဲဆိုတဲ့ ရာထူးနဲ့ပဲ အလုပ်လုပ်နေကြတာပဲလေ။ ဒီတော့ ကျုပ်ရဲ့ ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ရောက်တယ်ဆိုတာဟာ ဘာတစ်ခုမှ မှားယွင်းတာ မရှိပါဘူး။ ဟုတ်တယ်မဟုတ်လား။”

“ဂိုဏ်းချုပ်ကျွင်း။”

ချန်းရှိရောင်က ပြောလိုက်သည်။ “အားလုံးဆီမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိကြပါတယ်။ ဒီတော့ အတင်း တွန်းအားပေးလို့ မဖြစ်ပါဘူး။”

“အမှန်ပဲ။”

ကျွင်းချောင်ရှောင်းက သဘောတူညီလိုက်၏။ “အားလုံးဆီမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိတယ်။ ဘယ်သူ့ကိုမှ အတင်း တွန်းအားပေးလို့မရဘူးလေ။ ဒါပေမဲ့ ခင်ဗျားတို့ ခြောက်ယောက်အနေနဲ့ အကောင်းဆုံးနားခိုနိုင်ဖို့ သစ်ကိုင်း တစ်ခုခုကို ရှာဖွေတဲ့အချိန်မှာတော့ ကောင်းမွန်တဲ့ ဂိုဏ်းကို ရှာဖွေဖို့ လိုအပ်တယ်ဆိုတာ နားလည်တယ် မဟုတ်လား။”

“ချီးတဲ့မှ …”

၎င်းတို့ကို ဂိုဏ်းထဲ မထည့်နိုင်လျှင် သူ၏ ဂိုဏ်းချုပ်ဆိုသည့်နာမည်ကို သူကျိန်းသေပေါက် ဖယ်ရှားပစ်မည်ဖြစ်၏။

“အင်း”

ချန်းရှိရောင်နှင့် တစ်ခြားသော ဆေးပညာရှင်များသည် တစ်ယောက်ကို တစ်ယောက် ကြည့်ရှုလိုက်ကြ၏။ သို့ပေမဲ့ ၎င်းတို့၏ မျက်နှာပေါ်တွင်တော့ ယဉ်ကျေးသည့် အပြုံးတစ်ခုက တည်ရှိနေသည်။

ကျွင်းချောင်ရှောင်း၏ ဆရာသည် ကြီးမြတ်သူ တုံးကုဖြစ်၏။ ထို့ကြောင့် ၎င်းတို့သည် နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်းနှင့် လေးစားသမှုကို ထားရှိပြီး ဖြစ်သည်။ ထို့အပြင် သူတို့သည် တစ်ခြားသောဂိုဏ်းများနှင့် သဘောတူညီမှုကို ရရှိပြီးသားဖြစ်၏။ အဘယ်သို့ ပြိုင်စံရှားဂိုဏ်းဆီသို့ ရွှေ့ပြောင်းရမည်နည်း။

“ဂိုဏ်းချုပ်ကျွင်း”

ပိုင်ကျောင်းယန်သည် ပြုံးကာ ပြောလိုက်၏။ “စီးပွားရေးကိစ္စကို ပြောရအောင်။”

“ဒါက စီးပွားရေးကိစ္စပါပဲ။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ဆေးဟောခန်းမဆောင်၏ တစ်ခြားသောဆေးပညာရှင်များသည်လည်း ပူးပေါင်းမှုကို ပြုလုပ်နေပြီဖြစ်၏။ သို့ပေမဲ့ ဤဆေးပညာရှင် ခြောက်ယောက်မှာတော့ အမှန်ပင် အားကောင်းလှသည့် လူများဖြစ်၏။ ထိုသူများကိုသာ ရရှိမည်ဆိုပါက တကယ့်ကို အရေးပါသည့်လူများကို စုဝေးနိုင်ပြီဖြစ်၏။ ထို့အပြင် ဆေးပညာရှင် ရှစ် ယောက်လုံးသည်သာ ပြိုင်စံရှားဂိုဏ်း၏ ဆေးဟောခန်းမသခင်များဖြစ်လာသည်ဆိုပါက ၎င်းတို့ဂိုဏ်း၏ ဂုဏ်သိက္ခာသည် အထက်နယ်မြေ တစ်ခုလုံးတွင် ကြီးကျယ်စွာဖြင့် ပျံ့နှံ့သွားမှာသေချာ၏။

ကုန်းရှန့်သည် ဖူးချင်းဂိုဏ်းကို ဖျက်ဆီးပြီး ချိုမြိန်မှုကို အရသာခံခဲ့၏။ ထို့အတူ တစ်ချို့သော စည်းမျဉ်းစည်းကမ်း များကိုလည်း သိရှိခဲ့၏။ ထို့အတူ တစ်စုံတစ်ယောက်ကို ဂိုဏ်းသားအဖြစ်ခေါ်ဆောင်ခြင်းနှင့် လူရှစ်ယောက်ကို ဂိုဏ်းသားအဖြစ်ခေါ်ဆောင်ခြင်းသည် မည်မျှကွာခြားသည်ဆိုသည်ကို သူကောင်းကောင်းသိရှိနေသည်။

“အင်း” ပိုင်ကျောင်းယန်သည် အားနာသလို ခံစားနေမိ၏။

“ဟုတ်တယ်။”

ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်၏။ “ခင်ဗျားတို့အနေနဲ့ ပြိုင်စံရှားဂိုဏ်းမှာ ဂုဏ်ပြုခံအကြီးအကဲအနေနဲ့ အချိန်ပိုင်းအလုပ်လုပ်လို့ ရတယ်။”

“ဒါက” ခြောက်ယောက်လုံးသည် ဆွံ့အလျက်ရှိနေသည်။

အဆုံးသတ်မှာတော့ ၎င်းတို့သည် အကူအညီတောင်းခံရန် ပိုင်ကျောင်းယန်ကိုသာ ကြည့်ရှုလိုက်၏။ “ဟောခန်းသခင် ကျုပ်တို့ပြိုင်စံရှားဂိုဏ်းထဲကို တကယ်ကို မဝင်ချင်ဘူး။ မြန်မြန်လာပြီး ကူညီပေးပါအုံး။”

ပိုင်ကျောင်းယန်သည် ငါနားလည်ပါတယ်ဆိုသော အကြည့်ဖြင့် ကြည့်ကာ စကားဆက်လိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း ကျုပ်ရဲ့အထင်အရဆိုလျှင် …”

“ဟောခန်းသခင်ပိုင်”

ကျွင်းချောင်ရှောင်းသည် ထိုလူ့အား စကားဖြတ်ကာ ပြောလိုက်၏။ “ဒီ ဆေးပညာရှင် ခြောက်ယောက်သာ ပြိုင်စံရှားဂိုဏ်းထဲကို ဝင်မယ်ဆိုရင် ဆေးလုံးရောင်းချမှုအတွက်ရမယ့် အမြတ်ရဲ့ အချိုးက ထပ်ပြီးတော့ တိုးလာနိုင်တယ်။”

“ခင်ဗျားတို့ ခြောက်ယောက်”

ပိုင်ကျောင်းယန်သည် လေးလေးနက်နက် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းရဲ့ ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ဖို့ စဉ်းစားသင့်တယ်လို့ ကျုပ်ထင်တယ်။ ပြီးတော့ သူက ဘယ်လောက် လေးနက်ကြောင်းကိုလည်း ပြသပြီးပြီမဟုတ်လား။”

All Chapters