အခန်း (၁၄၃၀)
Vol. 96 Ch. 1430
ကျွင်းချောင်ရှောင်းသည် ဆေးပညာရှင်ခြောက်ယောက်တို့ကို ခေါ်ဆောင်လာခဲ့ကြ၏။ သဘောတူညီချက် အတိုင်း ၎င်းတို့အားလုံးသည် ဂိုဏ်းထဲတွင် တစ်လတာ နေထိုင်ရန်လိုပြီး ဂိုဏ်းအတွက် ဂုဏ်ပြုခံ အကြီးအကဲများအဖြစ် ခဏာတာ နေထိုင်ခွင့် ရရှိကြ၏။
စနစ်သည် သူ့အား သတိပေးခဲ့သည်။ “ဂုဏ်ပြုခံ အကြီးအကဲဆိုတာက ဂိုဏ်းရဲ့ စနစ်ထဲမှာ ပါဝင်တဲ့ အစိတ်ပိုင်း တစ်ခု မဟုတ်ဘူး။ ဒါကြောင့် သူတို့ ထွက်ခွာသွားမယ်ဆိုရင် သူတို့မှာရှိတဲ့ မှတ်ဉာဏ်တွေ၊ သိုင်းပညာတွေက ဖျက်ဆီးခံရမှာ မဟုတ်ဘူး”
ဂိုဏ်းတွင် တည်ရှိနေသည့် စည်းမျဉ်းစည်းကမ်း နိယာမများအရ ပြိုင်စံရှားဂိုဏ်းဆီသို့ လာရောက်၍ သူလျှိုပြုလုပ်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့အတူ ဂိုဏ်းထဲသို့ ဝင်ရောက်ပြီး အပြင်ဘက်သို့ ပြန်လည်ထွက်ခွာ လိုက်သည်နှင့်တပြိုင်နက် ၎င်းတို့ ပိုင်ဆိုင်သည့် မှတ်ဉာဏ်နှင့် တက်မြောက်ထားသော အရာအားလုံးသည် ပျောက်ကွယ်သွားပေလိမ့်မည်။
သို့ပေမဲ့ ဂုဏ်ပြုခံ အကြီးအကဲများ ဆိုသည်မှာတော့ ခြားနားလွန်းလှ၏။ အရာအားလုံးကို သိရှိပြီး ဂိုဏ်းဆီမှ ပြန်လည်ထွက်ခွာသွားမည်ဆိုလျှင် အပြစ်ပေးမှုကို ခံရလိမ့်မည် မဟုတ်ချေ။
“စိတ်မပူနဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ့ဆီမှာ ယုံကြည်ချက် မြင့်မြင့်မားမား ရှိတယ်”
၎င်းတို့အား လှည့်စားပြီး ဂိုဏ်းထဲသို့ ခေါ်ဆောင်လာခြင်း မဟုတ်သလို ဂိုဏ်းနှင့်ပတ်သက်၍ ၎င်းတို့တွင် ကြီးမားသည့် အကောင်းမြင်မှုများ တည်ရှိနေကြသည်။ ထို့ကြောင့် ဆိုးရွားသည့် အရာမျိုး ဖြစ်ပေါ်လာမှာ မဟုတ်ချေ။
“ခင်ဗျားတို့ ခြောက်ယောက်”
ကျွင်းချောင်ရှောင်းသည် ရိုးရှင်းလှသည့် လုပ်ငန်းစဉ်များကို ပြုလုပ်ပြီးနောက် ပြောလိုက်သည်။ “ကျုပ်က ခင်ဗျားတို့ကို ဆေးဥယျာဉ်ဆီကို ခေါ်သွားပြမယ်။ လိုက်ခဲ့ကြ”
ပထမဦးဆုံး ပြုလုပ်ရမည့်အရာသည် ၎င်းတို့အားလုံး အထင်ကြီး၍ အကောင်းမြင်မှုများ ဖြစ်တည်လာစေရန်ပင်။ ထိုမှသာလျှင် ပြိုင်စံရှားဂိုဏ်း၏ အမူအကျင့်နှင့် လုပ်ဆောင်နိုင်မှုသည် ကြီးမားလှသည့်အရာဖြစ်ကြောင်း သိရှိနိုင်ပေလိမ့်မည်။ အချက်အလက်အားဖြင့် ဆေးဥယျာဉ်ဆိုသည်မှာ လျှို့ဝှက်ရမည့်အရာမျိုး မဟုတ်ချေ။
ထို့ကြောင့် အထဲတွင်ရှိနေသော ကောင်းကင်အဆင့် ရတနာများကို ပြသရန်မှာ ကိစ္စတစ်ခု မဟုတ်ချေ။ ဖန်းကွေ့ချန်ကို ဂိုဏ်းသားအဖြစ် ခေါ်ဆောင်ခဲ့သည့်နေရာတွင် ကြီးမြတ်သူတုံးကုသည် ကြီးမားသည့် အကြောင်းအရာတစ်ခုအဖြစ် ပါဝင်ခဲ့သည်ဆိုသော်လည်း ဆေးဥယျာဉ် ကလည်း အစိတ်အပိုင်းတစ်ခုအနေနှင့် ပါဝင်ခဲ့သေး၏။ ထို့ကြောင့် ကုန်းရှန့်အနေဖြင့် တူညီသည့်လှည့်ကွက်များကို အသုံးပြုပြီး ဆေးဥယျာဉ်အား ပြသရန် စီစဉ်ထားခဲ့သည်။
..................
လွန်ခဲ့သည့်နှစ်နှစ်အတွင်း အကြီးအကဲဝေ၏ သေသေချာချာ စီမံခန့်ခွဲမှုနှင့် တောဝက်ရိုင်းလေး၏ အလုပ်ကြိုးစားမှု အောက်တွင် ဆေးဥယျာဉ်ကြီးသည် အလွန်တရာ ကြီးမားနေပြီဖြစ်၏။ တစ်ချက်ကြည့်ရှုလိုက်သည်နှင့် ကောင်းမွန်လွန်းလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် မြူများအဖြစ် ဖုံးလွှမ်းလျက်ရှိနေပြီး ဆေးဥယျာဉ်ကြီး တစ်ခုလုံးသည် အဆုံးအစမဲ့သော မြက်ခင်းပြင်ကြီးတစ်ခုကဲ့သို့ လှပနေ ၏။
ချန်းရှစ်ရောင်နှင့် တခြားသောသူများသည် ဆေးဥယျာဉ်၏ အလယ်ဆီသို့ ရောက်သည့်အချိန်မှာတော့ ထိတ်လန့် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ ၎င်းတို့သည် ယခင်တုန်းက ကြီးမားလှသည့် ဆေးဥယျာဉ်ကြီးများကို မြင်ဖူးခဲ့၏။ သို့ပေမဲ့ ကောင်းကင်အဆင့် ရတနာတစ်ခု၏ အော်ရာများ ထုတ်လွှတ်လျက်ရှိနေသည့် ဆေးဥယျာဉ် ကြီးကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ကောင်းကင်အဆင့် ရတနာဆိုသည်မှာ မည်သည့်အရာများ ဖြစ်သနည်း။ လောကရှိ နေနှင့်လ၏ အဆီအနှစ်များကို စုပ်ယူထားသည့် ရှားပါးလှသည့် ရတနာများပင် ဖြစ်တော့သည်။ ကံကောင်းသည်ဆိုပါက ထိုကဲ့သို့သော အရာမျိုးကို တောင်များ၊ တောများထဲတွင် တွေ့ရှိနိုင်၏။ သို့ပေမဲ့ ရှားပါးလွန်းလှချေသည်။ အရေအတွက်များများ တွေ့ရှိဖို့ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။
သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်း၏ ဆေးဥယျာဉ်ထဲတွင်ရှိသော ဆေးပင်များသည် ကောင်းကင်အဆင့် ရတနာများ ဖြစ်လို့နေခဲ့၏။ ဤမြင်ကွင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။ လက်ရှိ အခြေအနေမှာတော့ ၎င်းတို့၏ အံ့အားသင့်သည့် ပုံပန်းသွင်ပြင်ကို ကာတွန်းဆရာတစ်ယောက်ကို ခေါ်ယူ၍ ရေးဆွဲခိုင်းမည်ဆိုလျှင် မဖြစ်နိုင်လောက်သည့်အထိ အံ့အားသင့်လျက် ရှိနေကြ၏။
“မယုံကြည်နိုင်စရာပဲ။ ဒါတွေကို သူတို့ ဘယ်လိုများ စိုက်ပျိုးခဲ့တာလဲ”
“သာမန်အဆင့် မိုးကောင်းကင်အင်ပါယာမြက်ပင်ကတောင် ကောင်းကင်ရတနာဖြစ်အောင် ဘယ်လို လုပ်လိုက် တာလဲ”
ဆေးပညာရှင်ခြောက်ယောက်တို့သည် ဆေးပညာနှင့် ပတ်သက်လျှင် ကျွမ်းကျင်သူများပင် ဖြစ်၏။ ၎င်းတို့၏ ဆေးပင်နှင့်ပတ်သက်သော သုတေသန ပြုလုပ်ချက်များသည် အားမနည်းလှချေ။ လက်ရှိအခြေအနေမှာတော့ ဆေးပင်စိုက်ခင်းထဲတွင် ရှိနေသော ဆေးပင်များကို ကြည့်ရှုရင်း အမှန်တကယ်ပင် အံ့အားသင့်လျက် ရှိနေကြသည်။
ရုတ်တရက်ပဲ ၎င်းတို့အားလုံးသည် ပြိုင်စံရှားဂိုဏ်းဆေးဆိုင်တွင် ရောင်းချသည့် ဆေးလုံးများသည် အဘယ်ကြောင့် သာမန်ထက် ဆယ်ဆ ပိုမိုကာ အားကောင်းနေသည်ကို နားလည်လိုက်မိ၏။ ဤဆေးလုံးများ အားလုံးသည် ကောင်းကင်အဆင့် ဆေးပင်များနှင့် ဖန်တီးပြုလုပ်ထားရသည့်အရာများ ဖြစ်နေသည် မဟုတ်ပါလား။
“အားလုံးက တူညီတဲ့ အကြောင်းအရာတစ်ခုကို တွေးနေကြမယ်လို့ ထင်တယ်”
ကျွင်းချောင်ရှောင်းက ခေါင်းညိတ် လိုက်သည်။ “အဲတာ အမှန်ပါပဲ။ ဖန်းကွေ့ချန်က ဒီဆေးပင်တွေကို အသုံးပြုပြီးတော့ ဆေးလုံးတွေကို ဖော်စပ်တာလေ”
“ကျုပ်တို့ နားလည်ပြီ။ ဒါကြောင့် သာမန်ဆေးလုံးတစ်လုံးကတောင်မှ ကြီးမားတဲ့ အကျိုးသက်ရောက်မှုကို ပေးစွမ်း နေတာကိုး။ ပါဝင်ပစ္စည်းတွေက အရမ်းကောင်းမွန်နေတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး”
ပထမတုန်းက ဖန်းကွေ့ချန် အဆင့်မြင့်ဆေးလုံးများကို ဖော်စပ်နိုင်ခဲ့ခြင်းသည် မတူညီသည့် ဆေးဖော်မြူလာ များကို အသုံးပြုခြင်းဖြစ်မည်ဟု အားလုံးက ထင်မှတ်ခဲ့၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ အဓိက အကြောင်း အရင်းကို နားလည်သွားခဲ့ကြပြီဖြစ်၏။
“အမှန်ကို ပြောရမယ်ဆိုရင်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အဆင့်မြင့်ဆေးလုံးတွေကို သန့်စင်ဖို့ အတွက် နည်းပညာဆိုတာ မလိုဘူးလေ။ အားလုံးရဲ့ ဆေးပညာစွမ်းရည်တွေက ကျိန်းသေပေါက် ဒါမျိုးကို ပြုလုပ်နိုင်တဲ့ အရည်အချင်းကို ပိုင်ဆိုင်တဲ့ လူတွေကြီးပဲ မဟုတ်လား။ ဒါပေမဲ့ ဒီလိုမျိုး ကောင်းကင်အဆင့် ဆေးပင် တွေကို စိုက်ပျိုးနိုင်ဖို့ဆိုတာ ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းတစ်ခုပဲ ပြုလုပ်နိုင်တဲ့အရာပဲ”
အားလုံးက သဘောတူညီလိုက်မိ၏။ အဆင့်မြင့်ဆေးပင်များ ရှိသည်ဆိုပါက လွယ်လွယ်ကူကူဖြင့် အရည်အသွေး မြင့်မားသော ဆေးလုံးများကို ဖော်စပ်နိုင်ပေလိမ့်မည်။ သို့ပေမဲ့ ဤကဲ့သို့သော အဆင့်မြင့်ဆေးပင်များကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ရရှိနိုင်ဖို့ ဆိုသည်မှာတော့ မဖြစ်နိုင်ချေ။ ပြိုင်စံရှားဂိုဏ်းသည် တကယ့်ကို အံ့အားသင့်စရာဂိုဏ်းတစ်ခု ဖြစ်သည်ဟု သူတို့ သတ်မှတ်လိုက်ကြသည်။
“ဂိုဏ်းချုပ်ကျွင်း”
ချန်းရှစ်ရောင်သည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ဒီချန်းရဲ့ အသိအမြင်တွေက ဒီနေ့မှာ တကယ့်ကို ကျယ်ပြန့်ခဲ့ပါပြီ။ ကျေးဇူးပါပဲ။ ကျေးဇူးပါပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီဂိုဏ်းချုပ်က ခင်ဗျားတို့ စားဖို့အတွက် အစားအစာတွေ ပြင်ဆင်ခိုင်း ထားတယ်။ ကျေးဇူးပြုပြီး စားသောက်ခန်းကို လိုက်ခဲ့ပါအုံး”
ပြိုင်စံရှားဂိုဏ်းတွင် ငြင်းပယ်၍ မရနိုင်လောက်အောင် အားကောင်းလှသည့်အရာတစ်ခုကလည်း တည်ရှိလို့နေ သေးသည်။ ထိုအရာသည် အစားအသောက်ပင် ဖြစ်တော့သည်။
လက်ရှိအခြေအနေမှာတော့ အမိန့်ကို အရင်ရရှိခဲ့ပြီးသားဖြစ်သော လျှိုဝမ်ရှစ်သည် လွန်ခဲ့သည့် နှစ်နာရီကတည်းက အစားအသောက်များကို ပြင်ဆင်ခဲ့၏။
စားသောက်ခန်းမှာတော့ မာယုံနင်သည် ရင်ကာဝတ်စုံကို ဝတ်ဆင်ပြီး စဉ်းတီတုံးရှေ့တွင် မတ်မတ်ရပ်လိုက်၏။ ၎င်း၏ မျက်လုံးများသည် အမှန်ပင် စူးရှလျက် ရှိနေတော့၏။ လက်ထဲတွင် မီးဖိုချောင်သုံးဓားမကြီးကို ဆွဲကိုင်ပြီးသည့်နောက် ချင်စုန့်ပေါင် ဆေးကြောထားသည့် ဟင်းသီး ဟင်းရွက်များကို အကောင်းမွန်ဆုံးသော နည်းလမ်းဖြင့် တိကျသပ်ရပ်စွာ လှီးဖြတ်ခြင်းကို ပြုလုပ်တော့သည်။
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း
ဒုတ်
ခဏကြာပြီးသည့်နောက် မီးဖိုချောင်သုံးဓားမော့ကြီးသည် စဉ်းတီးတုံးပေါ်တွင် စိုက်ဝင်သွားခဲ့၏။ မာယုံနင်သည် သူ၏ လက်နှစ်ဖက်ကို တဖြောင်းဖြောင်းနှင့် ရိုက်ခါလိုက်ပြီးသည့်နောက် ဘေးတစ်ဖက်တွင် ရှိနေသော ဝိုင်ခွက်ကို အသာဆွဲမကာ တစ်ခါတည်း မော့သောက်လိုက်၏။
ဘေးတစ်ဖက်တွင် ရှိနေသော အိုးရန်ကျွင်းနှင့် တခြားသောသူများသည် လက်ခုပ်တီးကာ အားပေးလိုက်ကြသည်။
အားဟိုင်နှင့် ရိဟိုင်တို့သည် လျင်လျင်မြန်မြန်ဖြင့် ရောက်ရှိလာခဲ့ကြပြီး လှီးဖြတ်ထားခဲ့သော ဟင်းသီးဟင်းရွက်များ အားလုံးကို ခွက်ကြီးထဲသို့ထည့်ကာ ဆေးကြောတော့၏။
ပါဝင်ပစ္စည်းများ အားလုံးကို ပြင်ဆင်ပြီးသည့်နောက် ရွှေရောင်အဆင့် စားဖိုမှူးကြီးဖြစ်သော လျှိုဝမ်ရှစ်သည် မီးဖို၏ ရှေ့ဆီသို့ လျှောက်လာ၏။ ပြီးနောက် သူမ၏ အကောင်းမွန်ဆုံးသော ပါရမီကို ထုတ်ဖော်ပြသကာ ချက်ပြုတ်ခြင်းကို ပြုလုပ်တော့သည်။
ဟူး ဟူး
ရွှီး
စားသောက်ခန်းထဲမှာတော့ အားကောင်းလွန်းလှသော ချက်ပြုတ်ခြင်းနတ်ဘုရားတစ်ပါး၏ အော်ရာမျိုး ထွက်ပေါ်လျက်ရှိနေပြီး အထဲတွင် ရှိနေသော အိုးရန်ကျွင်း၊ ချင်စုန့်ပေါင်နှင့် တခြားသောသူများ အားလုံးကို အံ့အားသင့်စေခဲ့၏။
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်နောက် လျှိုဝမ်ရှစ်၏ ညာဘက် လက်ပေါ်တွင် မီးဖိုဆိုသည့် စာလုံးသည် ထွန်းတောက်လျက် ရှိနေ၏။ သူမ၏ နောက်တွင်လည်း အဘိုးအို တစ်ယောက်၏ ပုံရိပ်ယောင်သည် ဖြစ်တည်နေသည်။
“ဒါက တုတုရဲ့ လက်ခုံပေါ်မှာ ရှိနေတဲ့ စာလုံးရဲ့ အထူး သက်ရောက်မှုပဲ နေလိမ့်မယ်။ ဒါက တရုတ်ရှေးစားဖိုမှူးကြီးကို ဆင့်ခေါ်နိုင်တဲ့ အစွမ်းသတ္တိပဲ”
ချန်းရှစ်ရောင်နှင့် တခြားသောသူများသည်လည်း ထူးခြားသည့်အော်ရာများ ထွက်ပေါ်နေသည်ကို သတိပြုလိုက် မိ၏။ သို့ပေမဲ့ သူတို့သည် ချက်ပြုတ်ခြင်းနှင့်ပတ်သက်၍ ဘာတစ်ခုမှ သိရှိသူများ မဟုတ်ကြချေ။ ထို့ကြောင့် ကောင်းကင်အဆင့် ရတနာများကိုသာ အာရုံစိုက် ကြည့်ရှုနေကြသည်။
ရွှီး ရွှီး
မီးဖိုခန်းမှာတော့ လျှိုဝမ်ရှစ်သည် သူမ၏ အထူးသက်ရောက်မှုကို အသက်သွင်းပြီးသည့်နောက် သေသေချာချာဖြင့် ချက်ပြုတ်လျက် ရှိနေတော့သည်။ သူမသည် လက်ထဲတွင် နတ်ဘုရားအိမ်မက် ဒယ်အိုးကြီးကို ကိုင်ဆွဲကာဖြင့် လေးလေးနက်နက် ချက်ပြုတ်နေခြင်းလည်း ဖြစ်၏။
နာရီဝက်လောက် ကြာမြင့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း သည် ချန်းရှစ်ရောင်နှင့် တခြားသူများ အားလုံးကို စားသောက်ခန်း ဆီသို့ ခေါ်ဆောင်လာ၏။ ဟင်းပွဲများ အားလုံးကို အဆင်သင့်ပြင်ဆင်ထားပြီဖြစ်၏။ သို့ပေမဲ့ အားလုံးအား အုပ်ဆောင်းကြီးဖြင့် အုပ်ထားသည်။
“ခင်ဗျားတို့ခြောက်ယောက် ကျေးဇူးပြုပြီး ထိုင်ကြပါအုံး”
“ကျေးဇူးပြုပြီး ထိုင်ပါ၊ ထိုင်ပါ”
အားလုံးပဲ ထိုင်ချလိုက်ကြသည်။ ချန်းရှစ်ယောင်သည် နားမလည်နိုင်စွာဖြင့် မေးလိုက်မိသည်။ “ဂိုဏ်းချုပ်ကျွင်း... ဘာလို့ ဒီဟင်းပွဲတွေကို ဖုံးထားရတာလဲ”
“ဘာလို့လဲဆိုတော့ ပိုပြီးတော့ လတ်ဆတ်အောင်ပေါ့” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
“ကျုပ်သိပါပြီ”
ဆေးပညာရှင်ခြောက်ယောက်တို့သည် ချက်ချင်းပဲ နားလည်သွားမိ၏။ သို့ပေမဲ့ ၎င်းတို့သည် တွေးလိုက်မိသည်။ “ကျုပ်တို့ အရင်တုန်းက ထိပ်တန်းစားဖိုမှူးတွေရဲ့ လက်ရာတွေကို စားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီလောက် တကူးတက လုပ်ထားတာမျိုးတော့ မမြင်ဖူးပါဘူး”
“ကောင်မလေး”
ကျွင်းချောင်ရှောင်းက မေးလိုက်၏။ “ငါတို့ အခုဖွင့်လို့ရပြီလား”
“အင်း”
လျှိုဝမ်ရှစ်သည် အားဟိုင်နှင့် ရိဟိုင်တို့ကို တစ်ချက်လှမ်းကြည့်လိုက်၏။ ၎င်းတို့နှစ်ယောက်သည် ရှေ့သို့ တက်လာပြီးသည့်နောက် အစားအသောက်များ ဖုံးအုပ်ထားသည့်အုပ်ဆောင်းကြီးအား အသာဖွင့်လိုက်သည်။
အထဲတွင်တော့ အလင်းတန်းများ ထွန်းတောက်လာပြီး စားသောက်ခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားစေခဲ့၏။
တောက်ပလွန်းသော အလင်းတန်းများ၏ အောက်မှာတော့ ချန်းရှစ်ရောင်နှင့် တခြားသောသူများသည် အမှတ်မထင် လက်ကိုမြှောက်ကာဖြင့် ၎င်းတို့၏ မျက်လုံးများကို ကာထားလိုက်ကြသည်။ ၎င်းတို့၏ နှလုံးသားထဲ တွင် အံ့အားသင့်သည့် အခြေအနေများ ဖြစ်ပေါ်လာခဲ့သည်။ “ကောင်းကင်ဘုံ.. ဒါက ဟင်းပွဲတစ်ခု မဟုတ်ဘူး။ ကောင်းကင်ရတနာတွေပဲ”