← Chapters

အခန်း (၁၄၃၂)

Vol. 96 Ch. 1432

အခန်း (၁၄၃၂)

Vol. 96 Ch. 1432

ဂိုဏ်းထဲတွင် ဟောခန်းသခင်တစ်ယောက်ရှိပြီးပြီဆိုလျှင် နောက်ထပ်ရောက်ရှိလာသူများသည် ဒုတိယဟောခန်း သခင်များ ဖြစ်ရပေလိမ့်မည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှာတော့ ပုံမှန်လမ်းစဉ်ကို လျှောက်လှမ်းသူ မဟုတ်ပေ။ ထို့ကြောင့် ဆေးဟောခန်းမဆောင်တွင် ဟောခန်းသခင် ရှစ်ယောက် တည်ရှိ၏။ ဒုတိယဟောခန်းသခင်ဟူ၍ တစ်ယောက်မှ မရှိချေ။

အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည် ဟောခန်းသခင်တစ်ယောက်တည်း ထားရှိပြီး တခြားသော သူများကို ဒုတိယဟောခန်းသခင်အဖြစ် ထားရှိနိုင်သည့် အခွင့်အာဏာကို ပိုင်ဆိုင်သည်။ သို့ပေမဲ့ ၎င်းတို့ ရှစ်ယောက်လုံးသည် လေးစားမှုနှင့် ထိုက်တန်သူဖြစ်၏။ ထို့ကြောင့် ၎င်းတို့ အားလုံးအား ဟောခန်းသခင်အဖြစ် သတ်မှတ်ခဲ့ခြင်းပင်ဖြစ်သည်။ ထို့အပြင် ဟောခန်းသခင်ဖြစ်ဖြစ်၊ ဒုတိယဟောခန်းသခင်ဖြစ်ဖြစ် ရာထူးဂုဏ်ထူး သည် အရေးမကြီးလှချေ။ ဆေးလုံးများ သန့်စင်ရန်အတွက်သာ အရေးကြီးလှ၏။

ဆေးဟောခန်းဌာနချုပ်ဆီမှ ဆေးပညာရှင် ရှစ်ယောက်ကို ခေါ်ယူပြီးသည့်နောက် ဆေးလုံးဆရာများ၊ အဆင့်တစ်၊ အဆင့်နှစ်၊ အဆင့်သုံးဆေးလုံးဆရာများ အားလုံးသည် ဂိုဏ်းဆီသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့၏။ ပြီးသည့်နောက် ၎င်း၏ နောက်ထပ်အစီအစဉ်သည် အဓိက မြို့ကြီးအသီးသီးတွင် ဆိုင်ခွဲများ ဖွင့်လှစ်ရန်ပင် ဖြစ်သည်။

“ဂိုဏ်းချုပ်”

လီလိုရှုက ပြောလိုက်၏။ “သတ်မှတ်ထားတဲ့ မြို့အသီးသီးမှာ ဆိုင်တွေကို ဝယ်ယူပြီးသွားပြီ။ လက်ရှိမှာ ပြန်လည်ပြင်ဆင်နေကြတယ်။ မကြာခင် ဆိုင်ဖွင့်ဖို့ လုပ်ဖို့ပဲ ကျန်တယ်”

“အင်း” ကျွင်းချောင်ရှောင်းက ခေါင်းညိတ်လိုက်၏။ ဆေးဟောခန်းမဆောင်သည် များပြားလှသည့် ပါရမီရှင်များကို စေလွှတ်ပြီးဖြစ်၏။ ထို့ကြောင့် သူ၏ လက်ရှိ သေးငယ်လှသော ရည်မှန်းချက်သည် ပထမဦးဆုံး ဆိုင်ခွဲတစ်ရာခန့် ကို ဖွင့်လှစ်ရန်ဖြစ်သည်။

အကြီးအကဲဝေက ဆွံ့အသွားမိ၏။ “ဒီလောက်များပြားတဲ့ ဆိုင်ခွဲတွေ ဖွင့်တယ်ဆိုတော့ ဆေးပင်ထောက်ပံ့မှုကို တက်နိုင်မှာ မဟုတ်ဘူး”

ကောင်းကင်နှင့်မြေကြီးရတနာများအဖြစ် သတ်မှတ်နိုင်သည့် ပြိုင်စံရှားဂိုဏ်း၏ ဆေးပင်များသည် ဂိုထောင်ထဲတွင် သိမ်းဆည်းထားခဲ့ပြီဖြစ်၏။ သို့ပေမဲ့ ဆေးလုံးဆိုင်အနည်းငယ်ကို ထောက်ပံ့ရန် ပြဿနာမဟုတ်သော်လည်း ဆိုင်တစ်ရာလောက်ကို ထောက်ပံ့ရန်မှာမူ မလုံလောက်နိုင်ချေ။

“ရတယ်။ ရတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဆေးလုံးဆိုင်တွေဆိုတာ လောကမှာရှိတဲ့ သာမန် ဆေးလုံးတွေကိုလည်း ရောင်းရအုံးမှာပေါ့”

အဆင့်မြင့်ဆေးလုံးများသည် ကျိန်းသေပေါက် ရောင်းချရပေလိမ့်မည်။ သို့ပေမဲ့ ထိုကဲ့သို့သော ဆေးလုံးများအား လူပေါင်းများစွာတို့သည် ဝယ်ယူနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် တခြားသော ဆေးလုံးအမျိုးအစားအစုံ ကိုလည်း တင်သွင်းကာ ရောင်းချမှ ဖြစ်ပေလိမ့်မည်။

မြို့တိုင်းတွင် ရှိနေသော ဆိုင်ခွဲများသည် အချိန်ပို အလုပ်လုပ် ကာဖြင့် ပြန်လည်ပြင်ဆင်လျက် ရှိနေ၏။

ထို့အတူ ဆေးဟောခန်းမဆောင်မှ ထောက်ပံ့ပေးထားသည့် ဆေးပညာရှင်များသည် ထိုဆိုင်ခွဲများဆီသို့ အသော့နှင် လျက်ရှိနေကြ၏။ တခြားသော မတော်တဆမှုများ မရှိသည်ဆိုပါက ပြိုင်စံရှားဂိုဏ်း၏ ဆေးဝါးလုပ်ငန်းသည် အထက်နယ်မြေကြီးတစ်ခုလုံးကို လွှမ်းခြုံနိုင်တော့မှာ ဖြစ်သည်။

“ဒါက ပထမဦးဆုံး ခြေလှမ်းပဲ ရှိသေးတယ်”

အဓိကဟောခန်းထဲတွင် မတ်တပ်ရပ်လျက် ရှိနေသည့် ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြောလိုက်၏။ “နောက်ပိုင်းကျရင် တခြား စီးပွားရေး လုပ်ငန်းတွေကိုလည်း ဆက်ပြီးလုပ်ရမယ်။ ဒါမှဂိုဏ်းက ကျိန်းသေပေါက် ချမ်းသာသွားမှာ”

ကုန်းရှန့်၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်အရဆိုလျှင် ပိုက်ဆံများကို အရင်ဆုံးရှာဖွေရန်သာ အာရုံစိုက်ထား၏။ သူ့၌ လုံလောက်သည့် အရင်းအမြစ်ကို ရရှိသည်ဆိုပါက အလုံးစုံသော အားအင်အဆင့်သည် တိုးတက်လာမှာ ဖြစ်သည်။ ထိုသို့ဆိုလျှင် သူသည် လုပ်ချင်တိုင်း လုပ်နိုင်မှာ ဖြစ်၏။ ထို့ကြောင့်ပင် အထက်နယ်မြေသည် အနည်းငယ် တည်ငြိမ်နေသည်ဟု မှတ်ယူထားနိုင်၏။

သို့ပေမဲ့ မဟုတ်ချေ။ ကုန်းရှန့် ဘာတစ်ခုမှ မလုပ်သည်ဆိုသော်လည်း အထက်နယ်မြေသည် ရှုပ်ထွေးမှုများ ဆက်လက်ဖြစ်တည်လျက် ရှိ၏။ ဥပမာအားဖြင့် အမှောင်ထဲတွင် တစ်ချိန်လုံး ပုန်းအောင်လျက်ရှိနေသည့် အသုဘခန်းမဆောင်နှင့် သေလိုက်ရှင်လိုက်နှင့် ထပ်တလဲလဲ သံသရာလည်လျက် ရှိနေသော ကုကျောင်းရှစ်တို့သည် နယ်မြေဟောခန်းကို ပြသာနာရှာလျက် ရှိနေကြ၏။ ထို့ကြောင့် အထက်နယ်မြေတစ်ခုလုံးသည် ငြိမ်ငြိမ်သက်သက် မနေနိုင်ကြချေ။

“ဂိုဏ်းချုပ်”

လီလိုရှုက ပြောလိုက်သည်။ “လက်ရှိမှာ ကုကျောင်းရှစ်ဆိုတဲ့လူက နယ်မြေဟောခန်းကို ပစ်မှတ်ထား နေတယ်လေ။ လအနည်းငယ်အတွင်းမှာ သူက ဌာနခွဲတော်တော်များများကို ဖျက်ဆီးခဲ့ပြီးပြီ”

မိုးဆွေဟောခန်း၏ သတင်းအချက်အလက် ထောက်ပံ့မှု ကွန်ရက်သည် လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီဖြစ်၏။ ထို့ကြောင့် ဟောခန်းသခင်ဖြစ်သော လီလိုရှုသည် အောက်နယ်မြေ၌ ရှိစဉ်ကကဲ့သို့ပင် ဂိုဏ်းချုပ် ဂိုဏ်းထဲ၌ ရှိသည့် အချိန်တိုင်း လာရောက်ကာ သတင်းပေးပို့မှုကို ပြုလုပ်တတ်၏။

“ခင်ဗျား သူ့ကို ရှာဖွေနိုင်လား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

လီလိုရှုသည် ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်၏။ “ဒီလူက အမြဲတမ်း အမှောင်ထဲမှာ ပုန်းအောင်းနေတာလေ။ ပြီးတော့ နယ်မြေဟောခန်းကို တောက်လျှောက် ဆန့်ကျင်နေခဲ့တဲ့လူပဲ။ မိုးဆွေဟောခန်းရဲ့ လက်ရှိစွမ်းဆောင်ရည် အရဆိုရင် သူ့ကို ရှာဖွေတွေ့ရှိဖို့အတွက် အရမ်းကို ခက်ခဲလိမ့်မယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် သူနဲ့ပတ်သက်တဲ့ သတင်းတွေ အကုန်လုံးကို ပိုပြီး အာရုံစိုက် ထားလိုက်”

မူလအားဖြင့် ကုကျောင်းရှစ်ဆိုသည့်လူသည် ကြယ်ကောင်းကင်ခံတပ်တွင် သူနှင့် တွေ့ဆုံခဲ့သည့် ဆေးမင်ကြောင်နှင့်လူဖြစ်သည်ဟု သူက အကြမ်းဖျင်းအားဖြင့် သုံးသပ်ထားမိ၏။ ထို့ကြောင့် ပြန်လည်ပေါင်းဆုံ လာမည့်နေ့ကို မျှော်လင့်လျက် ရှိနေ၏။ “ညီလေး... မင်းဘယ်မှာလဲ”

ကုန်းရှန့်သည့် သူ့အကြောင်းကို စဉ်းစားတွေးတောလျက် ရှိနေတုန်းမှာပဲ နယ်မြေဟောခန်းတစ်ခုအား ဖျက်ဆီးခဲ့ပြီးပြီဖြစ်သော ကုကျောင်းရှစ်သည် တောင်ထိပ်တည်နေရာတစ်ခုတွင် မတ်တပ်ရပ်လျက်ရှိ၏။ သူသည် ကောင်းကင်ကြီးကို မော့ကြည့်ကာ ပြောလိုက်သည်။ “အစ်ကိုကြီး... အခုထိ အောက်နယ်မြေမှာပဲလား”

ဝှစ်

ရုတ်တရက် တိမ်လိုမြူလို အရာတစ်ခုသည် သူ၏ အနောက်ဘက်ဆီသို့ ချဉ်းကပ်လာခဲ့၏။ ဧကရီလင်းရောင်ဆီမှ မကျေမချမ်း အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ “ဘာလို့ အခုထိ ပြိုင်စံရှားဂိုဏ်းဆီ မသွားသေးတာလဲ”

ကုကျောင်းရှစ်သည် ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်၏။ “ခင်ဗျား ကျုပ်ကို အမိန့်ပေးနေတာလား”

“မဟုတ်ဘူး”

ဧကရီလင်းရောင်က ပြောလိုက်သည်။ “ကျွန်မက ရှင့်ကို ကူညီနေတာ”

ကုကျောင်းရှစ်သည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။ “ကျုပ် ပြိုင်စံရှားဂိုဏ်းအကြောင်းကို သေသေချာချာ မေးမြန်းစုံစမ်းပြီးသွားပြီ။ သူတို့က အထက်နယ်မြေကို အခုမှ တက်လာကြတာလေ။ သူတို့ရဲ့ နောက်ခံအဖြစ် ကြီးမြတ်သူတုံးကုတစ်ယောက်ပဲ ရှိတယ်။ သူတို့က ဘယ်လိုလုပ်ပြီးတော့ ကျုပ် နယ်မြေဟောခန်းကို ပြဿနာ ရှာတဲ့အချိန်မှာ ကူညီနိုင်မယ်လို့ ထင်နေရတာလဲ။ ဒါမှမဟုတ်”

သူသည် ခဏလောက် ရပ်တန့်ကာ ပြောလိုက်သည်။ “ခင်ဗျားရဲ့ ရည်မှန်းချက်က ပြိုင်စံရှားဂိုဏ်းဆီက အကူအညီကို လိုချင်တာ မဟုတ်ဘူး။ ခင်ဗျားနဲ့အတူ ကြီးမြတ်သူ တုံးကုကိုပါ ဆွဲခေါ်ချင်နေတာ မဟုတ်လား”

“နယ်မြေဟောခန်းက အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းရဲ့ ထောက်ပံ့မှုကို ရရှိထားတာလေ။ တစ်ယောက် တည်း သူတို့ကိုဖျက်ဆီးပစ်ဖို့ဆိုတာ အရမ်းကိုခက်ခဲလိမ့်မယ်။ အကူအညီတွေ ပိုပြီးရှာဖွေတာ ပိုမကောင်းဘူးလား” ဧကရီလင်းရောင်က ပြောလိုက်၏။

“မကောင်းဘူး။ ဘာလို့လဲဆိုတော့”

ကုကျောင်းရှစ်၏ မျက်နှာသည် မထိတရိ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ “ပျော်စရာ မကောင်းလို့ပဲ”

ဧကရီလင်းရောင်က ပြောလိုက်၏။ “ရှင်က ရူးနေတာပဲ”

“စိတ်မပူပါနဲ့”

ကုကျောင်းရှစ်က ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို ကတိပေးထားပြီးပြီ ဆိုမှတော့ ပြိုင်စံရှားဂိုဏ်း ကို ကျိန်းသေပေါက် သွားပါ့မယ်။ ဒါပေမဲ့ အဲတာတွေ မလုပ်ခင်မှာ အရင်ဆုံး နယ်မြေဟောခန်းက လူတွေ နာကျင် ခံစားရအောင်လို့ ဌာနခွဲအနည်းငယ်လောက်ကို ဖျက်ဆီးလိုက်အုံးမယ်”

“နယ်မြေဟောခန်းက အားကောင်းလှတဲ့ တိုက်ခိုက်ရေးသမားတွေကို စေလွှတ်ထားတယ်နော်။ ရှင်မမိသွားစေဖို့ ကျွန်မ မျှော်လင့်မိတယ်” ဧကရီလင်းရောင်က ပြောလိုက်သည်။ ပြီးနောက် မြူတွေထဲသို့ တိုးဝင်ပျောက်ကွယ်သွား ခဲ့တော့၏။

“ကျွတ်”

ကုကျောင်းရှစ်သည် နှာခေါင်းရှုံ့လိုက်သည်။ “ကိုယ့်ကိုယ်ကိုယ် ဟုတ်သလိုလို၊ မဟုတ်သလိုလို ထင်နေတဲ့ မိန်းမတွေက စိတ်ပျက်စရာ ကောင်းလိုက်တာ”

“သခင်”

ထိုအချိန်မှာပဲ သူ၏ နောက်လိုက်တစ်ယောက်သည် ရောက်ရှိလာကာ ပြောလိုက်၏။ “သူမက ကျိန်းသေပေါက် ကောင်းတဲ့ရည်ရွယ်ချက် ရှိမှာ မဟုတ်ဘူး။ ဒီတော့ သတိထားရမယ်။ ကျုပ်တို့ကို သစ္စာဖောက်မှာ သေချာတယ်လေ”

ဒေါက်

ကုကျောင်းရှစ်သည် ထိုသူ၏ ခေါင်းကို အားနှင့်ခေါက်ကာ အော်လိုက်၏။ “ငါ့ကို အရူး၊ ငတုံးလို့ ထင်နေတာလား”

..........

နယ်မြေဟောခန်းကို ပစ်မှတ်ထားလျက်ရှိသည့် များပြားလှသော အဖွဲ့များသည် လှုပ်ရှားတိုက်ခိုက်ရန် ပြင်ဆင်နေ ကြပြီဖြစ်၏။ လက်ရှိ နေဝင်သွားပြီဆိုသည်နှင့် နယ်မြေဟောခန်း၏ ဌာနခွဲတစ်ခုသည် ပျက်စီးရတော့မှာ ဖြစ်တော့၏။

အပြင်ဘက်လောကကြီး အုတ်အော်သောင်းနင်း ဖြစ်လျက်ရှိနေသည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းမှာတော့ ဘာတစ်ခုမှ မသိချေ။ လက်ရှိအချိန်မှာတော့ သူသည် သူ၏အလုပ်ကို သူလုပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းဖြင့် စီးပွားရေး အင်ပါယာကို ချဲ့ထွင်လျက် ရှိနေသည်။

“အင်း”

စနစ်သည် သက်ပြင်းချလိုက်မိ၏။ “မင်း အထက်နယ်မြေကို ပြဿနာ မရှာဘူးဆိုတော့ မင်းရဲ့ ပြဿနာ ကောင်ဆိုတဲ့ နာမည်ကတော့ ပျက်စီးပြီပဲ”

“တော်စမ်း”

ကျွင်းချောင်ရှောင်းက ကျိန်ဆဲလိုက်သည်။ “ငါက ပြဿနာကောင်မဟုတ်ဘူး။ ငါ အထက်နယ်မြေကို လာတဲ့အချိန်မှာ သံန္ဓိဋ္ဌာန်တစ်ခု ချထားတယ်။ ပြီးတော့ ဆောင်ပုဒ်တစ်ခုကို လက်ဆွဲကိုင်ထားတယ်လေ။ ဒါက သိုသိုသိပ်သိပ် နေထိုင်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ပဲ”

သူသည် ကြွားဝါပြောဆိုနေခြင်း မဟုတ်ပေ။ အကယ်၍ စိတ်ဝိညာဉ်သားရဲခန်းမဆောင်အား အမှတ်မထင်ဖြင့် အဆင့်မြင့်တင်ခဲ့ပြီး မွန်းစတားကလန် အသီးသီးတို့သာ မသိရှိဘူးဆိုပါက ကုန်းရှန့်သည် သိုသိုသိပ်သိပ်ဖြင့် အထက်နယ်မြေတွင် နေထိုင်နိုင်မှာ ဖြစ်၏။ အဓိကအားဖြင့် သူ့၌ နောက်ခံအဖြစ် ကြီးမြတ်သူတုံးကု တည်ရှိနေသောကြောင့် ပြဿနာများကို ရှောင်ရှားနိုင်မှာ သေချာ၏။

........

“ဂိုဏ်းချုပ်”

ယွမ်သခင်လေးသည် ဇဝေဇဝါ ဖြစ်မိနေသည်။ “ဘာလို့ ကျုပ်ကို ခေါ်လိုက်တာလဲ”

“နှစ်ရက်အတွင်း ဧည့်သည်တစ်ယောက် ရောက်လာလိမ့်မယ်။ ဒီတော့ ခင်ဗျား သူ့ကို ဧည့်ခံထားဖို့ လိုအပ်တယ်” ကျွင်းချောင်ရှောင်းက သတိပေးလိုက်၏။

“ဪ”

ယွမ်သခင်လေးသည် ချက်ချင်းပဲ လေးနက်သွားမိသည်။ “ဒီဧည့်သည်က မရိုးရှင်းလောက်ဘူး။ ဟုတ်တယ် မလား”

“မရိုးရှင်းဘူးလေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဆေးဟောခန်းမဌာနချုပ်က ဟောခန်းသခင်ပိုင်ပဲ”

ယွမ်သခင်လေးသည် အလျင်အမြန်ပဲ ပြန်လည်ပြောဆိုလိုက်သည်။ “ကျိန်းသေပေါက် ကောင်းကောင်းမွန်မွန်နဲ့ ဧည့်ခံလိုက်ပါ့မယ်”

ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက် ပိုင်ကျောင်းယန်သည် ရောက်ရှိလာခဲ့သည်။ ချန်းရှစ်ရောင်နှင့် တခြားသော သူများသည် ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်ပြီး ဟောခန်းသခင်များ ဖြစ်သွားသည်ကို သူအစောကြီး ကတည်းက သိရှိပြီးဖြစ်၏။ ထို့ကြောင့် စိတ်လက်ကြည်လင်လျက်လည်း ရှိနေသေး၏။

ယခင် နှုတ်နှင့် သဘော တူညီမှု ပြုလုပ်ထားမှုအရဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် ကော်မရှင်များကို ထပ်တိုးကာ ပေးအပ်မည်ဟု ပြောဆိုထား၏။ အတိုချုပ်ပြောရမည်ဆိုလျှင် ပိုင်ကျောင်းယန်သည် တစ်ချက်ကလေးမှ နှောင့်နှေးမနေဘဲ ဝူရွှမ်းမြို့ ဆီမှသည် ပြိုင်စံရှားဂိုဏ်းဆီသို့ လူကိုယ်တိုင် လာရောက်ခဲ့၏။ ထိုအရာမှာ ကြီးမားသည့် အကျိုးအမြတ်ကို ရရှိရန်သာ ဖြစ်လေသည်။

ဧည့်သည့်ရောက်ရှိလာပြီဆိုမှတော့ ကောင်းကောင်းမွန်မွန် ဧည့်ခံရမှာ ဖြစ်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် လျှိုဝမ်ရှစ်ကို ခေါ်ဆောင်ကာဖြင့် ကောင်းမွန်လှသည့် အစားအစာများကို ချက်ပြုတ် ထားရန် အမိန့်ပေးလိုက်၏။

“ကျေးဇူးပြုပြီး”

“ကျေးဇူးပြုပြီး”

ပိုင်ကျောင်းယန်သည် အသာထိုင်ချလိုက်ပြီးသည့်နောက် ဘေးတစ်ဖက်တွင် လိုက်ပါလာသည့် ယွမ်သခင်လေးကို ကြည့်ရှုလိုက်၏။ ပြီးနောက် မေးမြန်းလိုက်သည်။ “ဒါက ….”

“သူက ပြိုင်စံရှားဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ် ယွမ်ဖန်ပါ” ကျွင်းချောင်ရှောင်းသည် မိတ်ဆက်ပေးလိုက်၏။

ယွမ်သခင်လေးသည် ချက်ချင်းပဲ ကြောင်အသွားမိ၏။ ယခင်တုန်းကဆိုလျှင် ဂိုဏ်းချုပ်သည် သူ့အား ဤကဲ့သို့ မိတ်ဆက်ပေးလေ့ပေးထရှိသူ တစ်ယောက်မဟုတ်ပေ။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ဒုဂိုဏ်းချုပ်ဆိုသည့် လေသံကိုပြောဆိုသည့်နေရာတွင် လေးလေးနက်နက်ဖြင့် ပြောဆိုခဲ့သည်။ သူ့အား အသိအမှတ်ပြုခဲ့လေသည်လား။ သူသည် စိတ်လှုပ်ရှား ရင်ထဲထိခိုက်လွန်းသောကြောင့် ငိုချင်စိတ်ပင် ပေါက်မိနေသည်။

“ကျုပ်သိပါပြီ”

ပိုင်ကျောင်းယန်သည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် လက်သီးဆုပ်လိုက်သည်။ “ဒုဂိုဏ်းချုပ်ယွမ် .. ကျုပ်ရဲ့ အပြုအမူပိုင်းဆိုင်ရာ လိုအပ်ချက်ရှိရင် တောင်းပန်ပါတယ်”

“ဟောခန်းသခင်ပိုင်က အဝေးကြီးကနေ လာရတာလေ။ ဒီတော့ စိတ်မကျေနပ်စရာ တစ်စုံတစ်ခုများ ရှိရင် ကျေးဇူးပြုပြီး ကျုပ်တို့ကို ခွင့်လွှတ်ပေးပါအုံး” ယွမ်သခင်လေးသည်လည်း မတ်တပ်ရပ်လိုက်၏။ ပြီးသည့်နောက် ဒုဂိုဏ်းချုပ်တစ်ယောက်၏ ဟန်ပန်အမူအရာများကို ချက်ချင်းပဲ ထုတ်ဖော်တော့သည်။ အလာပသလာပ စကား အနည်းငယ်ကို ပြောဆိုပြီးသည့်နောက် ၎င်းတို့နှစ်ယောက်သည် ပြန်လည်ကာ ထိုင်ချလိုက်၏။

“ဟောခန်းသခင်ပိုင်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းနဲ့ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်း တွေကို ဒုဂိုဏ်းချုပ်က လုပ်ဆောင်တာလေ။ ဒီတော့ တစ်စုံတစ်ခုရှိရင် သူ့ကို ရှာလို့ရပါတယ်”

ယွမ်သခင်လေးသည် ကြောင်အသွား၏။ ကုန်းရှန့်သည် သူ့အား လင်းယွမ်မြို့ဆီမှ တကူးတက ခေါ်ဆောင်လာပြီး ဧည့်သည်ကို ဧည့်ခံရန် ပြောဆိုခဲ့သည်။ ထိုအရာသည် ကျိန်းသေပေါက် အလေးထားရမည့် အရာပင် ဖြစ်လာခဲ့၏။

ပိုင်ကျောင်းယန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းအနေနဲ့ စီးပွားရေးကိစ္စကို ပြောနေပြီဆိုမှတော့ ဒီအဘိုးကြီးက လိုရင်းကိုပဲ ပြောကြတာပေါ့”

ပြီးသည့်နောက် သူသည် ယွမ်သခင်လေးကို လှမ်းကာ ကြည့်ရှု လိုက်၏။

“ဒီအဘိုးကြီးရဲ့ မျက်လုံးတွေကို ကြည့်ရှုရတာ တကယ့်ကို ဈေးဆစ်နိုင်မှု စွမ်းအင်မှာ အားကောင်းမယ့်ပုံပဲ။ ဒီတော့ ငါကောင်းကောင်း ကိုင်တွယ်ရမယ်”

သေသေချာချာ သုံးသပ်ပြီးသည့်နောက် ယွမ်သခင်လေးသည် သူ၏ ကုပ်ပိုး ပေါ်သို့ လက်တင်ကာဖြင့် ခေါင်းကို အသာဖိနှိပ်လိုက်မိ၏။ ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ “ပြောသာ ပြောပါဗျာ”

ဘုတ်

နာရီဝက်လောက် ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်တွင် မှောက်လျက် လဲကျလျက် ရှိနေ၏။ သူ့အနေနှင့် အရက်ဓာတ်ကို မထိန်းချုပ်နိုင်ခြင်း မဟုတ်ပေ။ ယွမ်သခင်လေးနှင့် ပိုင်ကျောင်းယန်တို့၏ စကားများ ကို ကြားပြီးသည့်နောက် သူသည် မည်သို့မှ မခံစားနိုင်တော့ဘဲ ဦးခေါင်းတစ်ခုလုံးပင် ကိုက်ခဲလာမိ၏။ ထို့ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေသော အရက်ဓာတ်များကို မဖျောက်တော့ဘဲ ဤအတိုင်း အရက်မူးစေရန် လွှတ်ထားလိုက်ခြင်းသာ ဖြစ်၏။

“ဒုဂိုဏ်းချုပ်ယွမ်”

“ဟောခန်းသခင်ပိုင်... ခင်ဗျားတို့ ဟောခန်းက ပါရမီရှင်တွေကို စေလွှတ်ပေးလိုက်တယ်ဆိုပေမယ့် အသုံးပြုတဲ့ ကုန်ကြမ်းတွေက ကျုပ်တို့ပေးရတာလေ။ ဒီတော့ ကျုပ်တို့အနေနဲ့ ဒီဈေးနှုန်းကို တောင်းဆိုတယ်ဆိုတာက မှားယွင်းတာမျိုး မဟုတ်ပါဘူး။ ဟုတ်တယ်မလား”

“မဟုတ်ဘူး။ ကျုပ်တို့ ဆေးဟောခန်းကမှ တကယ့်ကို ပါရမီပညာရှင်တွေကို စေလွှတ်ပေးခဲ့တာလေ။ သူတို့ မရှိရင် ဆေးလုံးတွေကို သန့်စင်နိုင်ဖို့ဆိုတာ အရမ်းကို ခက်ခဲလိမ့်မယ်။ ဒီတော့”

........

နာရီဝက်လောက် ကြာမြင့်ပြီးနောက်

ကျွီ

တံခါးပွင့်သွားခဲ့၏။ ပြီးနောက် ယွမ်သခင်လေးသည် ယုံကြည်ချက်ရှိစွာဖြင့် အပြင်ဘက်သို့ လှမ်းလျှောက်လာခဲ့၏။ သူသည် ခေါင်းကိုမော့ကာဖြင့် ခါးထောက်ကာ ပြောလိုက်မိသည်။ “ပြိုင်ဘက်ကင်းရတာ အထီးကျန်လိုက်တာ”

အထဲမြင်ကွင်းဆီသို့ လှမ်း၍ ကြည့်ရှုလိုက်မည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်တွင် မူးမှောက်၍ အိပ်ပျော်နေပြီး စားပွဲခုံ၏ အောက်မှာတော့ ပိုင်ကျောင်းယန်သည် မျက်လုံးများ ချာချာလည်ကာဖြင့် ပါးစပ်ထဲမှ အမြှုပ်များပင် ထွက်လျက် ရှိနေ၏။

အခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် ယွမ်ဖန်သည် တစ်ခါတည်း အနိုင်ယူခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။

All Chapters