အခန်း (၁၄၃၃)
Vol. 96 Ch. 1433
ခင်မင်ရင်းနှီးစွာ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းနှင့် ဆေးဟောခန်းမဌာနချုပ်တို့ သည် သဘောတူညီမှုကို ရရှိခဲ့၏။ ၎င်းတို့ စေလွှတ်လိုက်သော ဆေးပညာရှင်များ အားလုံးသည် ဆုလာဘ်အပေါ် အမှီအခိုပြု၍ လစာများကိုလည်း ရရှိပေလိမ့်မည်။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ၎င်းတို့အားလုံးသည် လစဉ် လတိုင်း သတ်မှတ်ထားသည့်လစာကို ရရှိလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ လုပ်အားကို တွက်ချက်၍ ထပ်လောင်း ပေးအပ်မှု များလည်း ရရှိပေလိမ့်မည်။
တကယ်တမ်းမှာတော့ ထိုအရာသည် ကျွင်းချောင်ရှောင်းအနေဖြင့် လစာ သတ်မှတ်ပေးခြင်းနှင့်ပင် ဆင်တူလှ၏။ သို့ပေမဲ့ တခြားသော တွက်ချက်မှုတချို့ကို ထည့်သွင်းပေးအပ်သည်သာ ရှိတော့သည်။
ပိုင်ကျောင်းယန်သည် သဘောတူညီခဲ့သည်လား။ ဈေးဆစ်ခြင်းအရာတွင် ဘုရင်တစ်ပါးဟု သတ်မှတ်နိုင်သည့် ယွမ်ဖန်နှင့် ရင်ဆိုင်တွေ့ပြီးသည့်နောက် သူသည် မည်သို့မှ အနိုင်မယူနိုင်ခဲ့တော့ချေ။ ထို့ကြောင့် အရှုံးပေးခဲ့ရ တော့၏။ သူ့အနေနှင့် ပြင်ဆင်ပြီးမှ လာခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ ယွမ်သခင်လေးမှာတော့ အစမှအဆုံးအထိ ဘာတစ်ခုမှ သေသေချာချာ မသိရှိခဲ့ပေ။ စိန်ခေါ်မှုကို အလျင်စလိုနှင့် လက်ခံခဲ့ရခြင်းဖြစ်၏။
“ဟောခန်းသခင်ပိုင်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တကယ်လို့ ခင်ဗျားနဲ့ ကျုပ်နဲ့ လေးလေးနက်နက် ပူးတွဲပြီး အလုပ်လုပ်သွားမယ်ဆိုရင် အနာဂတ်မှာ ကြီးမားတဲ့ အကျိုးအမြတ်တွေကို ခွဲဝေရရှိဖို့အတွက် ကျုပ်စီစဉ် ပေးပါ့မယ်”
သူ့အနေနှင့် လက်ရှိအချိန်တွင် ပိုက်ဆံကို အလျင်လိုအပ်နေ၏။ ထို့ကြောင့် ကပ်စေးနည်းနေခြင်းသာ ဖြစ်၏။ အနာဂတ်တွင် များပြားလှသော ပိုက်ဆံများကို ရှာဖွေနိုင်သည်ဆိုပါက ကျိန်းသေပေါက် သူ၏ လက်တွဲဖော်အား အကျိုးအမြတ်များ ခွဲဝေပေးမှာ သေချာ၏။
“အင်း”
ပိုင်ကျောင်းယန်သည် လျှို့ဝှက်စွာဖြင့် သက်ပြင်းချလိုက်မိ၏။ သူ၏ ဆေးပညာရှင် ရှစ်ယောက်တို့သည် ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့ပြီး အမျိုးအစားစုံလင်လှသော ဆေးပညာရှင်များ အားလုံးသည်လည်း ပြိုင်စံရှား ဂိုဏ်းထဲတွင် အလုပ်လုပ်လျက် ရှိနေ၏။ လက်ရှိအခြေအနေမှာတော့ သူ့၌ ရှိသမျှအရာအားလုံး ပြိုင်စံရှားဂိုဏ်း ဆီသို့ ရောက်ရှိမသွားရန် ဆုတောင်းဖို့သာ ကျန်ရှိတော့သည်။
“ဂိုဏ်းချုပ်ကျွင်း... ဆေးဟောခန်းမဆောင်မှာ လုပ်စရာတွေ ရှိသေးတယ်လေ။ ဒီတော့ ကျုပ်အရင် ထွက်သွားပါ အုံးမယ်”
“မသွားခင် တစ်ခုခု စားသွားပါအုံး”
ဟောခန်းသခင်ပိုင်သည် အစားအစာ စားရန်အတွက် စိတ်မဝင်စားလှချေ။ ထို့ကြောင့် ယဉ်ကျေးသည့်စကား အနည်းငယ်ကို ပြောဆိုပြီးသည့်နောက် ဝူရွှမ်းမြို့ဆီသို့ ပြန်လည်ထွက်ခွာသွားတော့၏။ သူသည် လာရောက်စဉ်က အလွန်ခမ်းနားကြီးကျယ်စွာဖြင့် လာခဲ့ခြင်းဖြစ်ပြီး ပြန်ထွက်သွားချိန်မှာတော့ နာကျင်နေသည့်အမူအရာဖြင့် ထွက်ခွာသွားခဲ့ရ၏။
နဂါးကျောရိုးတောင်ထွတ်ပေါ်မှာတော့ ယွမ်သခင်လေးသည် ခပ်မတ်မတ် ရပ်လျက် ရှိနေသည်။ ၎င်း၏ ဝတ်စုံများ သည် လေထဲတွင် လွင့်မျောလျက်ရှိ၏။ သူ၏ နောက်ဘက်မှတော့ စုရှောင်မို၊ ရှောင်ကျီတို့သည် ယပ်တောင်များကို ခတ်ပေးလျက် ရှိနေပြီး ၎င်းတို့၏ ဒုဂိုဏ်းချုပ်အား အဆင့်အတန်း မြင့်မားသည့် လူတစ်ယောက်ဖြစ်အောင် ထောက်ပံ့ကူညီလျက် ရှိနေတော့သည်။
“ဟောခန်းသခင်ပိုင်”
တဖြည်းဖြည်းနှင့် ထွက်ခွာသွားခဲ့သည် အဘိုးအို၏ ပုံပန်းသွင်ပြင်ကို ကြည့်ရှုပြီး ယွမ်သခင်လေးက တွေးလိုက်မိသည်။ “ခင်ဗျားက ပြိုင်ဘက်ကောင်းတစ်ယောက်ပါပဲ။ အနာဂတ်မှာ ထပ်ပြီး ယှဉ်ပြိုင်ကြဖို့ မျှော်လင့်မိတယ်”
......
ညှိနှိုင်းဆွေးနွေးမှုများ ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အလကားမနေချေ။ သူသည် ရှိရှိသမျှသော အားအင်များကို ပုံအပ်ပြီးသည့်နောက် ဆိုင်ခွဲများ ဖွင့်လှစ်သည့်အကြောင်းအရာတွင် ငွေများ စိုက်ထုတ်တော့၏။ ပိုက်ဆံကို ရေကဲ့သို့ သုံးနေရတော့၏။ တခြားနည်းလမ်းလည်း မရှိချေ။ ဆိုင်များကို ငှားရမ်းရခြင်းသည် ပိုက်ဆံ အတော်လိုအပ်လှ၏။ ထို့အပြင် ပြန်လည်ပြင်ဆင်မှုများလည်း ပြုလုပ်ရသည်။ တစ်လအတွင်းမှာပဲ ပြိုင်စံရှားဂိုဏ်း သည် နှစ်နှစ်အတွင်း ရရှိခဲ့သည့် အကျိုးအမြတ်များ အားလုံးကို အသုံးပြုခဲ့ရသည်။
ကံကောင်းစွာဖြင့် ယွမ်သခင်လေးနှင့် ပိုင်ကျောင်းယန်တို့သည် အစောကြီးကတည်းက ဆွေးနွေးခဲ့ပြီးသား ဖြစ်တော့သည်။ ဆိုင်ခွဲများဖွင့်လှစ်ပြီး ပထမဦးဆုံး သုံးလတွင် လစာများကို လျော့ချပေးထားသည်။ မဟုတ်ပါက ဂိုဏ်း၏ လက်ရှိ ချမ်းသာကြွယ်ဝမှုအရဆိုလျှင် တပြိုင်နက်တည်း ဆိုင်ခွဲပေါင်းတစ်ရာကျော်ကို ထောက်ပံ့ဖို့ ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။
တစ်ရက်တည်းမှာပဲ ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များကို စုစည်းကာဖြင့် ကျယ်လောင်စွာ ပြောလိုက်၏။ “ဒီနေ့ကစပြီး မင်းတို့အားလုံး ခါးပတ်ကို တင်းတင်းကျပ်ကျပ် ဝတ်ထားကြ။ အစားအစာကို လျော့စားရမယ်”
“ကောင်းပါပြီ”
..........
စားသောက်ခန်းအတွင်းမှာတော့
“ဂိုဏ်းချုပ်က ပြောထားတယ်။ အစားအစာကို လျော့စားရမယ်တဲ့။ ဒီတော့ အကြမ်းဖျင်း အစားအစာလောက်ကိုပဲ ကျွေးတော့မယ်” လျှိုဝမ်ရှစ်က မှာကြားလိုက်သည်။
စုရှောင်မိုသည် စိတ်ပျက်လက်ပျက် ဖြစ်နေသည်ဆိုသော်လည်း အစားအစာများကို ကုန်အောင်စားရ၏။ အဘယ်ကြောင့်ဆိုသော် အလွန်ကျွမ်းကျင်လှသည့် စားဖိုမှူး၏ လက်ထဲတွင်တော့ သာမန် အစားအစာများပင်လျှင် အရသာရှိသည့် အစားအစာများအဖြစ်သို့ ပြောင်းလဲနေသည် မဟုတ်ပါလား။
“တောဝက်ရိုင်းလေး”
ကျွင်းချောင်ရှောင်းသည် တောင်ထွတ်တစ်ခုပေါ်တွင် မတ်တပ်ရပ်ပြီးသည့်နောက် မြူများ ရစ်သိုင်းလျက်ရှိသည့် ပတ်ဝန်းကျင်တည်နေရာကြီးကို ငုံ့ကြည့်လိုက်၏။ “မင်းရဲ့ အလုပ်ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်”
ပြိုင်စံရှားဂိုဏ်း၏ ဆေးဆိုင်များအတွက် အဓိက ထောက်ပံ့မှုသည် ဆေးဥယျာဉ်မှ လာခြင်းဖြစ်၏။ တောဝက်ရိုင်းလေး၏ အလုပ်ကြိုးစားမှုကြောင့်ဟူ၍ပင် သတ်မှတ်နိုင်စွမ်း ရှိနေ၏။ ကုန်းရှန့်သည် ထိုအရာကို သေချာသိ၏။ ထို့ကြောင့် ဤတည်နေရာသို့ ရောက်ရှိလာပြီး သူ၏ လေးနက်မှုကို လာရောက်ပြသခြင်းဖြစ်သည်။
တောဝက်ရိုင်းလေးသည် သေသေချာချာ နားထောင်ပြီးနောက် ပြောလိုက်၏။ “သခင့်အတွက် ဂိုဏ်းအတွက် ဒါက မခက်ခဲလွန်းပါဘူး”
“အခု မင်း ဘယ်အဆင့်ရောက်ပြီလဲ”
“အင်း တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်နဲ့ နှိုင်းယှဉ်လို့ ရနိုင်ရုံလောက်ပါပဲ”
“မြန်လှချည်လား” ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွားမိ၏။ နဂါးလေးသည် တတိယအသွင်ပြောင်းခြင်းကို ပြုလုပ်ပြီးသည့်နောက် တည်နေရာချိုးဖြတ်ခြင်း အထက်အဆင့်သို့သာ ဝင်ရောက်ခဲ့၏။ ထို့အပြင် ၎င်းသည် နတ်ဘုရားသွေးမျိုးဆက်လည်း ဖြစ်၏။ နဂါးအင်ပါယာ၏ သွေးမျိုးဆက်တစ်ယောက်သည် တည်နေရာချိုးဖြတ်ခြင်း အထက်အဆင့်သို့ ရောက်ရှိသည့်အချိန်တွင် သူတော်စင်သားရဲမျိုးဆက်ဖြစ်သည့် တောဝက်ရိုင်းလေးမှာတော့ တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်သို့ ချိုးဖြတ်ရောက်ရှိနေ၏။
တောဝက်ရိုင်းလေးက ပြောလိုက်သည်။ “သခင်ရဲ့ သန့်စင်ထားတဲ့ မြေဓာတ်တွေကြောင့်သာ မဟုတ်ရင် ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ အဆင့်တိုးတက်လာမှာ မဟုတ်ဘူး”
အဆင့်နိမ့်တည်နေရာမှာတည်းက သူသည် ဆောက်လုပ်ရေးနှင့် မြေတွင်းများ တူးသည့်ကိစ္စရပ်ကို တာဝန်ယူထားရ၏။ ဤကဲ့သို့ လုပ်ငန်းစဉ်မျိုးသည် တခြားသောသူများအားလုံး ရင်နာနာဖြင့် ပြုလုပ်ရမည့်ကိစ္စရပ်မျိုးဖြစ်၏။ သို့ပေမဲ့ တောဝက်ရိုင်းလေးမှာတော့ ကြိုးကြိုးစားစားဖြင့် အလုပ်ကို ပြုလုပ်ခဲ့၏။ ထို့အတူ သူသည် မြန်မြန်ဆန်ဆန်ဖြင့် ပိုမိုကာ အားကောင်းလာခဲ့တော့၏။ နဂါးလေးကလွှဲလျှင် သူသည် ဂိုဏ်း၌ အားအကောင်းဆုံးသော ပဋိညာဉ်သားရဲ ဖြစ်လို့လာခဲ့တော့၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းအနေနဲ့ အခု ရရှိခဲ့တဲ့ အရာအားလုံးက မင်းရဲ့ကိုယ်ပိုင်ကြိုးစားမှု ကြောင့် ရရှိခဲ့တာပဲ။ မင်းကို ဘယ်သူမှ ကူညီပေးတာ မဟုတ်ဘူး။ ငါ အပါအဝင်ပေါ့”
ဟုတ်ပေသည်။ သန့်စင်ထားသည့် မြေကြီးများကြောင့် ပိုမိုတိုးတက်သွားခဲ့သည်ဟု ဆိုသော်လည်း ကုန်းရှန့်သည် ထိုအရာကို ထောက်ပံ့ပေးရုံသာ ပြုလုပ်ခဲ့၏။ ပိုမိုအားကောင်းစေရန် အတွက် ၎င်း၏ ကိုယ်ပိုင်ဇွဲ၊ သတ္တိနှင့် ဝီရိယတို့ကြောင့်သာ ဖြစ်ပေလိမ့်မည်။
နဂါးလေးသည် နဂါးကလန်၏ တော်ဝင်သွေးမျိုးဆက်ကို ပိုင်ဆိုင်၏။ ၎င်းသည် အိပ်ပျော်နေသည် ဆိုလျှင်တောင်မှ အဆင့်တက်နိုင်စွမ်းရှိသည်။
တောဝက်ရိုင်းလေးမှာတော့ သူတော်စင်သားရဲ၏ သွေမျိုးဆက်ကိုသာ ပိုင်ဆိုင်၏။ ထိုအရာသည် အထက်နယ်မြေတွင် သာမန်သာဖြစ်သည်။ ထို့ကြောင့် ၎င်းတို့နှစ်ယောက်ကို နှိုင်းယှဉ်ရမည်ဆိုလျှင် မည်သို့မှ နှိုင်းယှဉ်၍ မရနိုင်ချေ။ ဤကဲ့သို့ နီးကပ်နေသည့် ကျင့်ကြံခြင်း အဆင့်ကို ရောက်ရှိလာခြင်း ဆိုသည်မှာ အမှန်ပင် ဇွဲကောင်းလွန်းသောကြောင့်ပင် ဖြစ်ရမည်။ နေ့နေ့ညည မြေဆီလွှာများကို စားသုံးပြီးသည့်နောက် တောဝက်ရိုင်းလေးသည် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့၏။ ဤအရာမှာ ၎င်း၏ ဇွဲသတ္တိကို အကောင်းဆုံး သက်သေပြနေသည့်အရာပင် ဖြစ်တော့သည်။
“ငါတို့နှစ်ယောက်ကြားမှာ ထားရှိခဲ့တဲ့ ကတိစကားကို မင်းမှတ်မိသေးလား”
“မှတ်မိပါတယ်” တောဝက်ရိုင်းလေးသည် ထိုကတိစကား၏ အားအင်ကြောင့်ပင်လျှင် အလုပ်ကို သေသေချာချာ ကြိုးစားခဲ့ခြင်းပင် ဖြစ်၏။ ယနေ့ကဲ့သို့သော အောင်မြင်မှုကို ရရှိခဲ့ခြင်းမှာ ထိုကတိစကားကြောင့်ဟု ဆိုရမည်။
“အထက်နယ်မြေက အရမ်းကြီးမားပြီးတော့ အန္တရာယ်တွေလည်း အရမ်းများတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းအနေနဲ့ အနာဂတ်မှာ ပိုမိုကြိုးစားပြီးတော့ ငါနဲ့အတူတူ မုန်တိုင်းတွေ၊ အခက်အခဲတွေကို ရင်ဆိုင်မယ်လို့ မျှော်လင့်မိတယ်”
“စိတ်မပျက်စေရပါဘူး သခင်၊ အလုပ်ကြိုးစားပါ့မယ်” တောဝက်ရိုင်းလေး၏ ခန္ဓာကိုယ်ထဲတွင်ရှိသော သွေးများသည် ပိုမိုကာ ဆူဝေလာခဲ့၏။
ကျွင်းချောင်ရှောင်းသည် ကျေးဇူးတင်သည့် မျက်နှာသွင်ပြင်ဖြင့် ပြုံးလိုက်၏။ ပြီးသည့်နောက် အဝေးတစ်နေရာဆီသို့ လက်ညှိုးထိုးကာဖြင့် ပြောလိုက်သည်။ “ဒါဆိုရင် ဟိုတည်နေရာကြီးကို ပြန်ပြင်လိုက်ပါအုံး”
စနစ်က ထအော်လိုက်သည်။ “ဒီလောက် အကြာကြီး ပြောခဲ့တယ်ဆိုတာ မင်းအနေနဲ့ ခိုင်းစားဖို့ပဲ မဟုတ်လား။ မင်းက မင်းရဲ့ ဒီပဋိညာဉ်သားရဲကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တာပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မင်း ဘာသိလို့လဲ။ ငါ သူ့ကို အားပေးရုံပါပဲ”
ဒွီ ဒွီ
သူ၏သခင်နှင့် စကားပြောပြီးသည့်နောက် တောဝက်ရိုင်းလေးသည် အမှန်ပင် အားအင်များ တက်ကြွလာခဲ့၏။ ထို့ကြောင့် တည်နေရာပျက်ကြီးထဲသို့ ဝင်ရောက်ကာဖြင့် မြေဆီလွှာများကို စားသုံးကာ ပြန်လည် ပြုပြင်လျက် ရှိနေတော့သည်။
စွန်းပုကုံးနှင့် တခြားသူတို့သည် ဤအခြေအနေကို အခွင့်ကောင်းယူပြီးနောက် မျိုးစေ့များကို စတင်ကာ စိုက်ပျိုးတော့သည်။ ၎င်းတို့သည် ဆေးဆိုင်များကို ထောက်ပံ့နိုင်ရန် ဆေးမျိုးစေ့များကို စိုက်ပျိုးသည့်တာဝန်ကို သေသေချာချာ ရယူထားခဲ့ကြ၏။
“ဂိုဏ်းချုပ်”
လီလိုရှုက ပြောလိုက်သည်။ “ရှင်းချန်းမြို့ရဲ့ ဂိုဏ်းခွဲက ပြန်လည်ပြင်ဆင်ပြီးသွားပြီလေ။ ဆေးဟောခန်းမဆောင်က ဆေးပညာရှင်တွေကလည်း အဆင့်သင့် ရောက်ရှိနေပြီ”
“တခြားမြို့က အခြေအနေကော ဘယ်လိုရှိလဲ”
“ရက်အနည်းငယ်အတွင်းမှာ အားလုံးက ပြီးသွားလောက်တယ်လေ”
ကျွင်းချောင်ရှောင်းသည် ပြက္ခဒိန်တစ်ခုကို အသာလှန်ကာဖြင့် ပြောလိုက်သည်။ “နောက်လဝက်အတွင်းမှာ မင်္ဂလာရှိတဲ့ နေ့ကောင်းနေ့မြတ်တစ်ခုရှိတယ်။ အဲနေ့မှာ မြို့အသီးသီးမှာရှိတဲ့ ဆိုင်ခွဲအားလုံး ဖွင့်လှစ်ဖို့ ပြင်ဆင်ထားလိုက်တော့”
“ကောင်းပါပြီ” လီလိုရှုသည် အလျင်အမြန်ဖြင့် တခြားသော မြို့အသီးသီးဆီသို့ သတင်းဖြန့်လိုက်၏။ ပြန်လည်ပြင်ဆင်လျက် ရှိနေသည့် ဆိုင်ခွဲများ အားလုံးသည် ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်ကာ ပြင်ဆင်ကြတော့၏။
ဆေးပညာရှင်များမှာလည်း အစောကတည်းက စတင်ကာဖြင့် ဆေးလုံးများ သန့်စင်မှုကို ပြုလုပ်နေကြသည်။ ကောင်းကင်နှင့်မြေကြီးရတနာသည် အရေအတွက် အကန့်အသတ်ရှိသည်မို့ ဆိုင်ခွဲ၊ ဆိုင်ခွဲတိုင်းတွင် အနည်းငယ်ကိုသာ ထောက်ပံ့နိုင်၏။ ထို့ကြောင့် သာမန်ဆေးလုံး များကိုလည်း သန့်စင်နေရ၏။ တစ်ချိန်တည်းမှာပဲ မိုးဆွေဟောခန်းမှ အဖွဲ့ဝင်များသည် ဂိုဏ်းဆီမှ ထွက်ခွာသွားပြီး အသံပေးပို့နိုင်မှု ကွန်ရက်ကို ချဲ့ထွင်လျက်ရှိနေသည်။
………….
လဝက်ခန့် ကြာပြီးသည့်နောက် မြို့အသီးသီးတွင် ဗျောက်အိုးသံများ၊ မီးပန်းသံများနှင့် ပြည့်နှက်လျက် ရှိနေ၏။ ထိုသင်္ကေတသည် ပြိုင်စံရှားဂိုဏ်း၏ ဆေးဆိုင်ဖွင့်လှစ်သည့် သင်္ကေတပင် ဖြစ်တော့၏။ အစပိုင်းတုန်းက ထိုအရာကို မည်သူမှ သတိမပြုမိခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် မြို့တိုင်းမြို့တိုင်းတွင် ဆိုင်များဖွင့်သည်မှာ သာမန်ပင်ဖြစ်၏။
သို့ပေမဲ့ ယခုဖွင့်လှစ်လိုက်သည့်ဆိုင်သည် ဆေးဟောခန်းဌာနချုပ်နှင့် သက်ဆိုင်နေသည့် ပြိုင်စံရှားဂိုဏ်းမှ ဖွင့်လှစ်လိုက်သည့်ဆိုင်မှန်း သိရှိပြီးသည့်နောက် အားလုံးသည် အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြသည်။
“မဟုတ်ဘူး။ မဟုတ်ဘူး။ ဒီဆိုင်က မြို့အသီးသီးမှ ဆိုင်ခွဲအများကြီး ရှိနေတာပဲ။ ကြည့်ရတာ သူတို့က အရေအတွက် များများနဲ့ ဆေးလုပ်ငန်းကို အခြေချချင်တဲ့ပုံပဲ”
“ကြားတာတော့ သူတို့ဆီမှာရောင်းတဲ့ အသက်ဓာတ်ဆေးလုံးက ပုံမှန်ဆေးလုံးတွေထက်ပိုပြီး ဆယ်ဆ အားကောင်းတယ်တဲ့”
“လာကြ၊ သွားကြရအောင်”
“မသွားနဲ့တော့။ အဲဆေးလုံးတွေကို ကလန်ကြီးတော်တော်များများက ဝယ်ယူသွားကြပြီ။ ဘာမှ မရှိတော့ဘူး”
ဆေးဆိုင်မဖွင့်ခင်၌ ကျွင်းချောင်ရှောင်းသည် ဖွင့်မည့်နေ့ကို သေသေချာချာ မကြေညာခဲ့ချေ။ သို့ပေမဲ့ များပြားလှသော ဂိုဏ်းအသီးသီးတို့သည် ထိုသတင်းကို ကြိုတင်ရရှိခဲ့ပြီးသားဖြစ်၏။ ထို့ကြောင့် ဆိုင်ဖွင့်မည်ကို အစောကြီးကတည်းက ကြိုတင်ကာ စောင့်ဆိုင်းနေခဲ့ကြ၏။
……….
မိုးဆွေဟောခန်း
လီထျန်းထျန်းနှင့် တခြားသူများသည် အဓိကဟောခန်းထဲတွင် တန်းစီကာ ထိုင်နေကြ၏။ ၎င်းတို့သည် အသံပို့လွှတ်နိုင်သည့် ကွန်ရက်ကို ချဲ့ထွင်ထားသောကြောင့် သတင်းစကားများသည် အသီးသီး ရရှိလျက် ရှိ၏။
“ချင်းယန်မြို့မှာရှိတဲ့ ဂိုဏ်းခွဲက နှစ်နာရီအတွင်းမှာ ဖွင့်လှစ်ခဲ့တယ်။ အကျိုးအမြတ်အားဖြင့် ယွမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ရှစ်သိန်းခြောက်သောင်းဖြစ်တယ်”
“ကြယ်စင်မြို့ရဲ့ ဆိုင်ခွဲက ဖွင့်လှစ်ပြီးပြီးချင်း နှစ်နာရီအတွင်းမှာပဲ စုစုပေါင်း အမြတ်ငွေ နှစ်သန်းနဲ့ လေးသိန်းတိတိကို ရရှိခဲ့တယ်”
“xxx ဆိုင်ခွဲက နှစ်နာရီအတွင်း ဖွင့်လှစ်ပြီး အမြတ်ငွေက တစ်သန်းနဲ့နှစ်သိန်းတိတိပါ”
……..
သတင်းပို့လွှတ်ရန် တာဝန်ယူထားကြသည့် အဖွဲ့ဝင်များ အားလုံးတို့သည် ရရှိနေသည့် အမြတ်ငွေများကို ရေရွတ်ရင်း အံ့အားသင့်လျက် ရှိနေကြ၏။
ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် ကောင်းကင်ယံကြီးကို မော့ကြည့်လျက် ရှိနေသည်။
“ဂိုဏ်းချုပ်”
တင်းရှင်းဝမ်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “တစ်နာရီအတွင်းမှာပဲ သန်းတစ်ရာတောင် ကျော်သွားပါလား”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှီထိုင်လိုက်ပြီးသည့်နောက် သူ၏ ခြေထောက်များကို စားပွဲပေါ် တင်ချိတ်ကာ ပြောလိုက်သည်။ “ဒါက ထင်မှတ်ထားတဲ့ ဘောင်အတွင်းမှာပဲ ရှိနေပါသေးတယ်”