← Chapters

အခန်း (၁၄၃၄)

Vol. 97 Ch. 1434

အခန်း (၁၄၃၄)

Vol. 97 Ch. 1434

နှစ်နာရီအတွင်း သန်းတစ်ရာ၊ တစ်ရက်လျှင် ငွေပေါင်းများစွာကို ရှာဖွေနိုင်တော့မည်ဖြစ်၏။ ကုန်းရှန့်သည် မိုးဆွေ ဟောခန်းထဲတွင် ထိုင်လျက် ရှိနေပြီး တစ်ခုပြီးတစ်ခု ရောက်ရှိလာသည့် အမြတ်ငွေ၏ သတင်းများကို နားထောင်လျက်ရှိနေ၏။ သူသည် တကယ်ပင် စိတ်လှုပ်ရှားလျက်ရှိနေသည်။ အသက်ရှူသံများပင် မြန်ဆန်လို့ နေခဲ့၏။

“ချီးတဲ့မှ… ငါချမ်းသာလာရင် စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ အီးကုန်းပစ်မယ်”

စနစ်က ပြောလိုက်သည်။ “ဖင်တွေရှကုန်မှာ မစိုးရိမ်ဘူးလား”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်၏။ “ဒါက ချမ်းသာတဲ့ လူတွေရဲ့ ဘဝပဲလေ။ ရိုးရှင်းပြီး ပျင်းစရာကောင်းတဲ့ ကိစ္စမျိုးတွေ ဘယ်တော့မှ မလုပ်ဘူး။ ဆန်းပြားတဲ့ ကိစ္စရပ်တွေကို အမြဲတွေးခေါ်ပြီး ပြုလုပ်နေကြတာ”

“ကောင်းပြီ”

စနစ်ကပြောလိုက်သည်။ “ဒါပေမဲ့ အီးကုန်းပြီးသွားပြီးရင်လည်း လက်ခံသူအနေနဲ့ သိမ်းဆည်းထားဖို့ မျှော်လင့်မိတယ်။ ပြီးတော့ ပိုက်ဆံစုခြင်းဆိုတာ အနာဂတ်လူငယ်လူရွယ်တွေအတွက် အကောင်းမွန်ဆုံးသော နည်းပေးလမ်းပြမဟုတ်လား”

“တော်စမ်း”

………….

လီထျန်းထျန်းနှင့် တခြားသောသူများသည် ရောင်းရငွေများကို တရစပ် လက်ခံရရှိပြီး သတင်းပေးပို့ပေးလျက် ရှိနေသည်။ နောက်ထပ် လေးနာရီကြာမြင့်ပြီးသည့်နောက် သန်းနှစ်ရာဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့သည်။ ဤအမြန်နှုန်းသည် ယခင်ကထက် အနည်းငယ်တော့ နှေးကွေးလာခဲ့၏။ အရောင်းဆိုင်တစ်ရာကျော်၏ ရောင်းအားသည် အဆင့်မြင့် ဆေးလုံးများကို ရောင်းချခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ အရေအတွက် ဆိုသည်မှာ ကန့်သတ်ချက်တော့ တည်ရှိနေ၏။ ထို့ကြောင့် အားလုံးကို ရောင်းချလိုက်မည်ဆိုပါက တခြားသောသူများသည် စိတ်ဝင်စားလိမ့်မည် မဟုတ်ချေ။

“ငါ့အနေနဲ့ ဆေးလုံးဆိုင်ရဲ့ ဂုဏ်သိက္ခာကို ပိုပြီးတိုးတက်အောင် ပြုလုပ်ဖို့ လိုသေးတယ်။ ဒါမှ တစ်လောကလုံးမှာ ရှိနေတဲ့ ဆိုင်ခွဲတွေ အားလုံးကို ကြည့်ရှုပြီး လောကကြီးက ငါတို့ကို မှတ်သားထားတော့မှာ” ကျွင်းချောင်ရှောင်းက တွေးတောလိုက်မိသည်။

“ဒင်၊ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းကို အသုံးပြု၍ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော လော်စပီကာ အခုတစ်ရာအား ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

“ဒင်၊ ဂိုဏ်းစုဆောင်းမှတ် - ၆၄၀၀၀၀”

ရွှီး

ကျွင်းချောင်ရှောင်းသည် စာရွက်နှင့်စုတ်တံတစ်ခုကို ထည့်ယူကာဖြင့် အထဲတွင် စာများ ရေးသားလိုက်သည်။ ပြီးနောက် လီထျန်းထျန်းကို လှမ်းခေါ်ကာဖြင့် ပြောလိုက်၏။ “ဒီစကားလုံးတွေကို အသံသွင်းထားလိုက်”

“ကောင်းပါပြီ”

လီထျန်းထျန်းသည် စပီကာကြီးကို ကောက်ယူကာဖြင့် အသံမှတ်သားမည်ဆိုသော ခလုတ်ကိုနှိပ်လိုက်သည်။ ပြီးနောက် ဂိုဏ်းချုပ် ရေးထားသည့် စာလုံးများအတိုင်း ရွတ်ဆိုလိုက်တော့သည်။ “ကြိုဆိုပါတယ် ဧည့်သည်အပေါင်းတို့၊ ကျုပ်တို့ဆိုင်ကနေ အစဉ်အမြဲ ကြိုဆိုလျက်ပါ။ အခု ဆိုင်ခွဲတိုင်း၊ ဆိုင်ခွဲတိုင်းမှာ တူညီတဲ့ဈေးတွေ လျော့ချထားပြီးပါပြီ။ တကယ်လို့ ဒါတွေကို ဝယ်ယူမယ်ဆိုရင် ရရှိနိုင်မယ့် အကျိုးကျေးဇူး တွေကတော့.....”

“မဆိုးဘူး”

ကျွင်းချောင်ရှောင်းသည် ခေါင်းညိတ်လိုက်၏။ ပြီးသည့်နောက် ကျန်သောလော်စပီကာ ကိုးဆယ့်ကိုးခုကို ထုတ်ကာ ပြောလိုက်သည်။ “ဒါတွေအကုန်လုံးကို မှတ်တမ်းတင်ထားလိုက်။ ခုနကလေသံနဲ့ ခုဏက စကားလုံးတွေ အတိုင်းပဲနော်”

“အမ်”

လီထျန်းထျန်းသည် ကြောင်အသွား၏။ လီယုဟွာ၊ စီမာကျုံးတနှင့် တခြားသောသူများသည် ရောက်ရှိလာခဲ့ကြသည်။ “ဒီလို အခွင့်အရေးမျိုးကို မလုပ်ချင်ဘူးဆိုရင် ကျုပ်တို့ကို တာဝန်ပေးလိုက်”

“ဟယ်လို မင်္ဂလာပါ ဧည့်သည့်အပေါင်းတို့... ကျုပ်တို့ရဲ့ဆိုင်ကနေ ကြိုဆိုပါတယ်...........”

................

လီထျန်းထျန်းသည် တစ်ခုပြီးတစ်ခုကို မှတ်တမ်းတင်လျက် ရှိနေသည်။ ထိုအချိန်မှာပဲ စုရှောင်မိုသည် ရုတ်တရက် ရောက်ရှိလာကာ ပြောလိုက်၏။ “ဂျူနီယာညီလေး… မင်း ရူးများနေလား။ ဒါတွေ အကုန်လုံး မှတ်တမ်းတင် မည်ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်။ ပြီးတော့မှ တစ်ခါတည်း ရွတ်လိုက်ရင် ပြီးပြီလေ။ မင်းက တစ်ခုပြီး တစ်ခုကို ရွတ်မလို့လား”

“ဟုတ်သားပဲ။ ကျုပ် ဘာလို့ ဒါကို မစဉ်းစားမိတာလဲ”

“……….”

တစ်နေ့တာရောင်းချရပြီးသည့်နောက် စုစုပေါင်း ဆေးလုံးဆိုင်၏ အမြတ်ငွေသည် သန်းငါးရာခန့်ပင် ရောက်ရှိခဲ့၏။ ဆေးဆိုင်တစ်ခုချင်းစီတိုင်းသည် ငါးသန်းဆိုသည့်ပမာဏကို ရောင်းချနိုင်သည့် အခြေအနေဆီသို့ ရောက်ရှိလာခဲ့သည်။

အဓိကအကြောင်းအရာအားဖြင့် အရည်အသွေးမြင့်မားသည့် ဆေးလုံးများ၏ အရေအတွက်သည် နည်းပါးနေသေး သောကြောင့်ပင်။ ထိုအရာများကို လုံလောက်အောင် ရောင်းချနိုင်မည်ဆိုပါက နေ့စဉ်အရောင်းငွေသည် ကြောက်မက်ဖွယ်ကောင်းလောက်သည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိလာမှာဖြစ်၏။

“အလျင်မလိုနဲ့။ အလျင်မလိုနဲ့”

ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်သူ နှစ်သိမ့်လိုက်မိသည် “ဒါက အစပိုင်းပဲ ရှိသေးတယ်။ အနာဂတ်မှာ ငါ့ရဲ့ ပြိုင်စံရှားဂိုဏ်းက လောကကြီးတစ်ခုလုံးမှာ အချမ်းသာဆုံး ဖြစ်ရမယ်”

ဆိုင်ခွဲများကို သေချာသတိထား ဂရုစိုက်လျက် ရှိနေသည့် ပိုင်ကျောင်းယန်သည် ထိုအချင်းအရာကို သိရှိပြီးသည့်‌ နောက် မျက်နှာပေါ်တွင် အပြုံးများ ဖြစ်တည်လာခဲ့၏။ ၎င်းတို့၏ ဆေးဟောခန်းသည် ဆေးပညာရပ်တိုးတက်မှုကို ရည်ရွယ်ချက်ရှိသည်ဆိုသော်လည်း ထိုကဲ့သို့သော တိုးတက်လာမှုများကို ပြုလုပ်ရန် ငွေမရှိဘဲ ပြုလုပ်၍ မရချေ။ ထို့ကြောင့် စီးပွားရေးကိစ္စများကိုလည်း ပြုလုပ်ရန်လည်း လိုအပ်နေ၏။ သို့ပေမဲ့ တစ်ရက်လျှင် သန်းငါးရာလောက် ရောင်းချရဖို့ ဆိုသည်မှာတော့ မဖြစ်နိုင်ချေ။

“ဟောခန်းသခင်”

အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းရဲ့ဆိုင်က တော်တော်ကြီး ရောင်းချရတယ်ဆိုပေမဲ့ သူ့ရဲ့သဘောတူညီချက်အတိုင်းဆို ငွေက အများကြီးရမှာ မဟုတ်ဘူး”

ပိုင်ကျောင်းယန်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “ဒါက အစပဲ ရှိသေးတယ်လေ။ ဂိုဏ်းချုပ်ကျွင်း အနေနဲ့ ပိုပြီးတော့ ဆေးပင်တွေကို ထောက်ပံ့ပေးထားနိုင်မယ်ဆိုရင် ဆိုင်ခွဲတွေ ပိုပြီးတော့ ဖွင့်လို့ရမယ်။ ဒါဆိုရင် တစ်ရက်ကို သန်းတစ်ထောင်၊ သန်းနှစ်ထောင်လောက် ရောင်းရနိုင်လိမ့်မယ်။ ဒါဆိုရင် ငါတို့ အကျိုးအမြတ်တွေ ပိုပြီးတော့ ရရှိလာနိုင်လိမ့်မယ် မဟုတ်လား”

လက်ရှိအခြေအနေမှာတော့ သူ့အနေနှင့် ပြိုင်စံရှားဂိုဏ်းသည် သန်းတစ်ထောင်လောက် ရောင်းချရန်ကိုပင် မစောင့်နိုင်တော့ချေ။ ထို့အပြင် သူတို့ဘက်မှာလည်း ပိုမိုကာ အလုပ်လုပ်ရတော့မည် ဖြစ်သည်။

……..

နောက်တစ်ရက်မှာတော့ အဓိကမြို့အသီးသီးမှာ ရှိနေသည့် ဆိုင်ခွဲများ၏ အရောင်းအားသည် သန်းနှစ်ရာတွင်သာ တန့်လျက် ရှိနေ၏။ ဒီထက်ပို၍ နိမ့်ကျမသွားခဲ့သလို ဒီထက်ပို၍လည်း တိုးမလာတော့ချေ။

များပြားလှသည့် ဆိုင်ခွဲများကို ပြုလုပ်ရသည် ဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံမှုကလည်း များပြားလွန်းလှ၏။ တခြားသော စီးပွားရေး လက်တွဲဖော်များ အားလုံးသည် ထိုအရာများကို ပြုလုပ်မည် ဆိုပါက ကျိန်းသေပေါက် ငွေကြေးဆုံးရှုံးမှုများ ဖြစ်မှာ ဖြစ်သည်။ သို့ပေမဲ့ ကုန်းရှန့်မှာတော့ ထိုအရာများကို စိုးရိမ်ပူပန်စရာ မလိုဘဲ ပြုလုပ်နိုင်စွမ်းရှိနေ၏။ အဘယ်ကြောင့်ဆိုသော် သူ့တွင် လုံလောက်သည့် လူအရင်းအမြစ်များက တည်ရှိနေ၏။ ထိုအပြင် သူသည် ဆေးပင်များကိုလည်း ရောင်းချနိုင်စွမ်း ရှိနေသေးသည်။

ဈေးကွက်ထဲတွင် သာမန်ဆေးပင်များသည် အလွန်တရာ ဈေးပေါလှ၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းသည် ထိုအရာများကို ဝယ်ယူ၍ စိုက်ပျိုးပြီးသည့်နောက် ကောင်းကင်၏ ရတနာများအဖြစ်သို့ ပြောင်းလဲရင့်မှည့်နိုင်စေ၏။ ထို့ကြောင့်ပင်လျှင် ထိုအရာများကို ရောင်းချခြင်းအားဖြင့် ကြီးမားသည့် အကျိုးအမြတ် ကိုလည်း ရရှိနိုင်နေ၏။

သို့ပေမဲ့ ပြဿနာ ရှိနေသည်မှာ ထိုကဲ့သို့ ကောင်းကင်ရတနာဆေးပင်များကို ဆိုင်ခွဲတစ်ရာကျော်အထိ ထောက်ပံ့ပေးနိုင်ရန် အနည်းငယ် ခက်ခဲလှသည်။ အနာဂတ်တွင် အရေအတွက် ပိုမို တိုးတက်လာသည်နှင့်အမျှ ထောက်ပံ့ရမည့် ကုန်ကြမ်းသည်လည်း ပိုမိုကာ များပြားလာပေလိမ့်မည်။

ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဆေးပင် အမျိုးအစားပေါင်းစုံကို သူ၏ ဆေးဥယျာဉ်ထဲတွင် စိုက်ပျိုးရန် စတင်ကာ ကြိုးစားတော့၏။ ဂိုဏ်း၏ စီးပွားရေး လုပ်ငန်းများသည် အချိန်အတိုင်းအတာ တစ်ခုအတွင်း သူ့အလိုလို လည်ပတ်နေမှာဖြစ်၏။ သို့ပေမဲ့ အနာဂတ်တွင် ပိုက်ဆံများ ပိုမိုကာ လိုချင်သည်ဆိုပါက ပိုမိုကာ ကြိုးစားရမှာဖြစ်သည်။

ဂိုဏ်းထဲတွင် များပြားလှသည့် စွမ်းအားမြင့် သိုင်းအရင်းအမြစ်များကို ပေးစွမ်းထားသည် ဖြစ်သောကြောင့် တပည့်များ၏ အရည်အသွေးသည် တဖြည်းဖြည်း တိုးတက်လာခဲ့ကြသည်။ လက်ရှိအချိန်မှာတော့ တပည့်များ သည် သိုင်းနယ်မြေအဆင့် ကျင့်ကြံသူဟူ၍ပင် မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံးသည် သိုင်းနယ်မြေပြည့်စုံအဆင့်သို့ ချိုးဖြတ်ရောက်ရှိနေသောကြောင့်ပင်။

“ငါ ဒီအချိန်မှာ ဂိုဏ်းရဲ့အဆင့်ကို တိုးတက်အောင် ပြုလုပ်ရရင် ဘယ်လိုနေမလဲ” ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။

အဆင့်နိမ့်နယ်မြေတွင် ဂိုဏ်းအသိအမှတ်ပြုဗဟို တည်ရှိနေ၏။ အလုံးစုံသော အားအင်အဆင့်ကို ပိုင်ဆိုင်မည်ဆိုလျှင် ထိုအရာဆီကို သွားရောက်၍ အသိအမှတ်ပြုမှုကို ခံယူနိုင်၏။ ထိုကဲ့သို့ အဆင့်မြင့်တင်လိုက်သည်နှင့် ၎င်းသည် ဆုလာဘ်များကို ရရှိ၏။ ထို့အပြင် ပြုလုပ်နိုင်မည့် ဂိုဏ်း၏ တာဝန်များ သည်လည်း ပေါ်ပေါ်လာခဲ့၏။

သို့ပေမဲ့ အထက်နယ်မြေတွင်တော့ ခြားနားလွန်းလှသည်။ အသိအမှတ်ပြုနိုင် သည့်အရာမျိုး မရှိချေ။ ထို့ကြောင့် ဂိုဏ်းအနေနှင့် ပိုမိုအားကောင်းလာမည်ဆိုလျှင်တောင်မှ မည်သူ့ကိုသွား၍ သက်သေပြရမည်နည်း။ သူ့အနေနှင့် လမ်းထဲတွင်လျှောက်၍ ငါတို့ ပြိုင်စံရှားဂိုဏ်းသည် ရွှမ်အဆင့်ဂိုဏ်း၊ ငါတို့ပြိုင်စံရှားဂိုဏ်းသည် အစစ်အမှန်ဂိုဏ်းဟုဆိုကာ လျှောက်အော်နေ၍ မဖြစ်ချေ။

“လက်ခံသူရဲ့ အရှက်မဲ့လှတဲ့ အမူအကျင့်အရဆိုရင် ဒီလိုကိစ္စမျိုးကို ပြုလုပ်ဖို့ သာမန်ပါပဲ” စနစ်က ဝင်ပြောလိုက်သည်။

“တော်စမ်း” ကျွင်းချောင်ရှောင်းသည် ဆူငေါက်လိုက်မိ၏။

“ကောင်းပြီ”

စနစ်က ပြောလိုက်သည်။ “ငါ့အနေနဲ့ လက်ခံသူကို သဘောမတွေ့နေတာကြာပြီ။ တကယ်တော့ ဂိုဏ်းရဲ့အဆင့်ကို မြှင့်တင်စေဖို့ အရမ်းကို ထူးဆန်းတဲ့ နည်းလမ်းတစ်ခုလည်း ရှိနေသေးတယ်”

“ဘာနည်းလမ်းလဲ”

“စနစ်ကို ဖွင့်ပြီးတော့ ကြည့်လိုက်လေ”

ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါဖြင့် ဖြစ်သွား၏။ ပြီးနောက် စနစ်၏ ဂိုဏ်းအဆင့်ဆိုသော နေရာဆီသို့ ဝင်ရောက်ကာ ကြည့်ရှုလိုက်၏။ ထိုနေရာတွင် ပြသထားသည်မှာ “ဂိုဏ်းအဆင့်ကို မြှင့်တင်နိုင်စေရန် ဂိုဏ်း၏ ဂုဏ်သိက္ခာအမှတ် လိုအပ်ချက် - ၂၀၀ / ၁၀၀၀၀” ဟူ၍ ဖြစ်သည်။

“မင်းနားလည်ပြီလား”

“……”

ကျွင်းချောင်ရှောင်းသည် ခံစားချက်အပြည့်နှင့် ဖြစ်သွား၏။ ပြီးနောက် ထ၍ အော်ဟစ်လိုက်သည်။ “ချီးတဲ့မှ… ဒါ ဘယ်လိုမျိုး သောက်တလွဲကိစ္စမျိုးလဲ”

စနစ်က ပြောလိုက်သည်။ “ဒီလိုပိုပြီးတော့ တိကျတဲ့ အချက်အလက်တွေရှိတော့ ဒုက္ခမများတော့ဘူး မဟုတ်လား”

“ချီးကို ဒုက္ခမများပါလား”

ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်၏။ “ဂိုဏ်းဂုဏ်သိက္ခာအမှတ်တွေ ရရှိဖို့က ဘယ်လောက်ခက်ခဲတယ်ဆိုတာ မင်းမသိဘူးလား”

သူ့အနေနှင့် နှစ်နှစ်အတွင်းတွင် ဂိုဏ်းဂုဏ်သိက္ခာအမှတ် နှစ်ရာကိုသာ ရှာဖွေ ရရှိခဲ့၏။ ဂိုဏ်းဂုဏ်သိက္ခာအမှတ်တစ်သောင်းကို ရှာဖွေရရှိနိုင်ဖို့ဆိုသည်မှာ ခက်ခဲလွန်းပေလိမ့်မည်။ ထိုအရာကို အသုံးပြု၍ ဂိုဏ်းအား အဆင့်မြှင့်တင်ရမည်ဆိုလျှင် တစ်သက်လုံး အဆင့်မြင့်တက်တော့မည့်ပုံတွင် မရှိချေ။ ဤလုပ်ဆောင်နိုင်မှုသည် အလွန်ပင် ခက်ခဲကြမ်းတမ်းလွန်းလှချေသည်။

“ကောင်းပြီ”

စနစ်က ပြောလိုက်သည်။ “တကယ်တမ်းမှာတော့ မင်း ဒါတွေကို ဂိုဏ်းစုဆောင်းမှတ်နဲ့ ပြောင်းပြီးတော့ လဲလှယ်လို့လဲ ရသေးတယ်”

“လဲမယ်၊ လဲမယ်။ ချက်ချင်းလဲမယ်ကွာ”

“ဒင်... ဂိုဏ်း၏ အဆင့်ကို မြင့်တက်ရန် အသုံးပြုနိုင်သည့် နည်းလမ်းတွင် ဂိုဏ်းဂုဏ်သိက္ခာအမှတ်အစား ဂိုဏ်းစုဆောင်းမှတ်အဖြစ် ပြောင်းလဲခဲ့၏”

တစ်ချိန်တည်းမှာပဲ သတိပေးသံသည် ထွက်ပေါ်လာ၏။ စနစ်၏ မြင်ကွင်းသည် ပြောင်းလဲသွားခဲ့သည်။

“ဂိုဏ်း၏ အဆင့်ကို မြှင့်တင်နိုင်ရန် ဂိုဏ်းစုဆောင်းမှတ်လိုအပ်ချက် - ၆၄၀၀၀၀ / ၁၀၀,၀၀၀,၀၀၀”

ကျွင်းချောင်ရှောင်းသည် တစ်၏ အနောက်တွင်ရှိသော သုညများကို ရေရွတ်ပြီးသည့်နောက် မြေပေါ်တွင် ရုတ်တရက် ဆောင့်ကြောင့်ထိုင်ချလိုက်၏။ သူ၏ခေါင်းကို ဆုပ်ကိုင်ကာဖြင့် စိတ်ဓာတ်ကျစွာ ပြောလိုက်မိသည်။ “ဂိုဏ်းဂုဏ်သိက္ခာအမှတ်တွေအဖြစ် ပြန်ပြောင်းလိုက်တာပဲ ကောင်းပါတယ်”

All Chapters