အခန်း (၁၄၃၆ - က)
Vol. 97 Ch. 1436
အထက်နယ်မြေသည် မည်မျှကြီးမားသည်လည်း မမေးနှင့်။ အကျယ်အဝန်းကို မည်သူမှ သေသေချာချာမသိရှိချေ။ သို့ပေမဲ့ ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၏ တည်နေရာနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် များပြားလွန်းလှသော တားမြစ်တည်နေရာများ တည်ရှိနေ ၏။ ထိုအရာများအားလုံးသည် အန္တရာယ်များ ပြည့်နှက်နေသည်သာမက ကြီးမားသည့်အမွေအနှစ်များလည်း တည်ရှိလို့ နေသေး၏။ လက်ရှိဖွံ့ဖြိုးတိုးတက်နေသည့် မိုးဆွေဟောခန်း၏ စုံစမ်းစစ်ဆေးချက်များအရဆိုလျှင် တစ်စုံတစ်ယောက်သည် ဤတားမြစ်နယ်မြေထဲမှ အလွန်တန်ဖိုးကြီးလှသော ရတနာများကို ရှာဖွေတွေ့ရှိနိုင်သလို ရှေးစွမ်းအားမြင့် ကျင့်ကြံသူများထားခဲ့သည့် နက်နဲလွန်းလှသည့် သိုင်းနည်းစနစ်များကိုပင် ရရှိနိုင်စွမ်းရှိ၏။
အခွင့်အရေးဆိုသည်မှာ မီးပုံကြီးနှင့်ပင်ဆင်တူလှ၏။ ထိုအရာသည် များပြားလွန်းလှသော ပိုးဖလံများကို ဆွဲဆောင် လျက်ရှိနေ၏။ လူတစ်ချို့သည် ကံကောင်းလွန်းသောကြောင့် အမွေအနှစ်များကို ရရှိကြသည်ဆိုသော်လည်း လူတော်တော်များများမှာတော့ ၎င်းတို့၏အသက်များကို စွန့်လွှတ်ခဲ့ရသည်။
ပြိုင်စံရှားဂိုဏ်း၏ အရှေ့ဘက် မိုင် ၁၀၀၀ အကွာအဝေးတွင်တော့ မြူများထူထဲစွာ ဖုံးလွှမ်းလျက်ရှိနေသည့် တောတည်နေရာကြီးတစ်ခုတည်ရှိနေ၏။ ထိုနေရာတွင် သိုင်းကျင့်ကြံသူ ၁၀၀၀ ကျော်တို့သည် စုဝေးလျက်ရှိနေကြ၏။ အချိန်ကာလသည် အာရုံတက်ခါစ အချိန်ပင်ဖြစ်၏။
နတ်ဆိုးမြူတော
ဤအရာသည် အထက်နယ်မြေ၏ တားမြစ်တည်နေရာများထဲမှ တစ်ခုဖြစ်ပြီး တစ်နှစ်ပတ်လုံး မြူများဖုံးလွှမ်းနေသည့် တည်နေရာလည်းဖြစ်၏။ ထိုမြူများတည်ရှိနေခြင်းကြောင့် စိတ်ဝိညာဉ်အာရုံဖြန့်ကျက်မှုများ ကို တားဆီးထားသလို ဖြစ်ပြီး မည်သူမှသည် ခပ်ဝေးဝေးတည်နေရာကို ဖြန့်ကျက်ကြည့်ရှု၍ မရပေ။
အထက်နယ်မြေတွင် တားမြစ် တည်နေရာများအား အန္တရာယ်ပေးနိုင်မှုအဆင့် ၁ ၊၂၊ ၃ ဟူ၍ ခွဲခြားထား၏။ အဆင့် ၃ သည် အနိမ့်ဆုံးဖြစ်ပြီး အဆင့် ၁ မှာတော့ အမြင့်ဆုံးဖြစ်၏။
နတ်ဆိုးမြူတောသည် လက်ရှိအခြေအနေတွင် အဆင့် ၃ အဖြစ် သတ်မှတ်ခြင်းခံထားရ၏။ အဆင့်နိမ့် တည်နေရာကြီးဖြစ်သောကြောင့် ဤတည်နေရာတွင် စုဝေး ရောက်ရှိနေသည့် သိုင်းကျင့်ကြံသူများသည် တည်နေရာချိုးဖြတ်ခြင်းအဆင့် သို့မဟုတ် အမြုတေအသွင်ပြောင်းခြင်း အဆင့်ကို ချိုးဖြတ်ဝင်ရောက်ခါစ လူများသာဖြစ်ကြ၏။ အထက်နယ်မြေတွင် တားမြစ်တည်နေရာများအား ဤကဲ့သို့ အဆင့်များ ခွဲခြားထားခြင်းအားဖြင့် တည်နေရာသို့ ဝင်ရောက်မည့်သူများသည် မိမိတို့၏ ကိုယ်ပိုင်အားအင်ကို စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိနေကြ၏။ အကယ်၍ ဤနတ်ဆိုးမြူတောသည် အဆင့် ၂ အဖြစ် သတ်မှတ်ခံထားရသည် ဆိုပါက ဤနေရာတွင် စုဝေးရောက်ရှိနေသည့် သိုင်းကျင့်ကြံသူများမှာ အမြုတေအသွင်ပြောင်းခြင်းအဆင့် ၅ သို့မဟုတ် အဆင့် ၆ ကျင့်ကြံသူများပင် ပါဝင်နေနိုင်၏။
ဟုတ်ပေသည်။ နတ်ဆိုးဘုရင်လှိုဏ်ဂူသည် တားမြစ်တည်နေရာအဖြစ် သတ်မှတ်ခံထားရသည်ဖြစ်သော်လည်း အန္တရာယ်ပေးနိုင်မှုအဆင့် သေသေချာချာတော့မရှိချေ။ တကယ်တမ်းအန္တရာယ်ပေးနိုင်မှုအဆင့်ကို သတ်မှတ်ရမည် ဆိုလျှင် အတွင်းပိုင်းသည် အနိမ့်ဆုံးအဆင့် ၂ အဖြစ် သတ်မှတ်ပေလိမ့်မည်။
ထိုကဲ့သို့ အဆင့်သတ်မှတ်မှုကို ရှောင်ကျီနှင့် ရီရှင်းချန်တို့ သိရှိခဲ့သည့်အချိန်က မည်သို့မျှ မနေနိုင်တော့ဘဲ ဟောခန်း သခင်ကျိဆီသို့ သွားရောက်ကာ ကောင်းကောင်းအော်ဟစ်ငေါက်ငမ်းရန်ပင် စဉ်းစားခဲ့မိသေး၏။
“ခေါင်းဆောင်”
အရှေ့တည်နေရာနားတွင် ရပ်ကာ စောင့်လျက်ရှိနေသည့် ငယ်ရွယ်သည့် သိုင်းကျင့်ကြံသူတစ်ယောက်သည် မနေနိုင်ဘဲ မေးလိုက်မိသည်။ “ဘယ်အချိန်အထဲကို ဝင်ကြမှာလဲ။”
“မြူတွေပျောက်ကွယ်သွားတဲ့အချိန်ပေါ့။”
ဘေးနားတွင်ရှိနေသော သက်လတ်ပိုင်းလူသည် ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။ သူသည် ဤနေရာကို အလုံးစုံ အတွေ့အကြုံရှိပြီးသားဖြစ်၏။ ဤနတ်ဆိုးမြူတောထဲတွင် ဖုံးလွှမ်းလျက်ရှိနေသည့် မြူများသည် နေ့စဉ်နေ့တိုင်း သတ်မှတ်ထားသည့်အချိန်တစ်ခု၌ ပျောက်ကွယ်သွားတတ်၏။ ထို့ကြောင့် သိုင်းကျင့်ကြံသူများသည် ဤတည်နေရာသို့ ရောက်ရှိလာခဲ့ကြပြီး ထိုသို့ပျောက်ကွယ်သွားသည့်အချိန်မျိုးတွင် အထဲသို့ ဝင်ရောက်လေ့ရှိသည်။
“မှတ်ထား။”
သက်လတ်ပိုင်းလူက သတိပေးလိုက်သည်။
“ငါတို့အနေနဲ့ အထဲမှာ ၄ နာရီတိတိပဲ ရှာလို့ရတယ်။ ပြီးရင် ဘာတွေပဲဖြစ်ဖြစ် ချက်ချင်းနောက်ပြန်ဆုတ်ရမယ်။”
“နားလည်ပါပြီ။”
လူငယ်သိုင်းကျင့်ကြံသူနှင့် သူ၏ အဖော်များအားလုံးသည် ပြန်ဖြေလိုက်ကြ၏။ ဤထူထဲလှသည့် မြူများသည် ၄ နာရီ တိတိသာ ပျောက်ကွယ်သည်ဖြစ်ကြောင်းကို သူတို့သိရှိခဲ့ကြ၏။ ထိုအရာကျော်လွန်ပြီးလျှင် မြူများပြန်လည်ဆိုင်းလာမှာဖြစ်၏။
ထိုကဲ့သို့သောအချိန်တွင် နောက်ပြန်၍ မဆုတ်ပါက နတ်ဆိုးချီများပါဝင်သော မြူများသည် သိုင်းကျင့်ကြံသူ ကို ဖုံးလွှမ်းသွားပြီးသည့်နောက် ၎င်းတို့၏ ဆုံးဖြတ်နိုင်စွမ်းနှင့်စိတ်တစ်ခုလုံးကို ထိန်းချုပ်ကာ လမ်းလျှောက်လျက်ရှိနေသော လူသေကောင်များအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် နတ်ဆိုး မြူတောကြီးအား တားမြစ်တည်နေရာအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
တစ်စုံတစ်ယောက်အနေဖြင့် နတ်ဆိုးလှိုဏ်ဂူ၏ နောက်ဆုံးသော တောထဲသို့ စတင်မဝင်ရောက်ပါက မည်သည့် အန္တရာယ်မှ မရှိဘူးဆိုသော်လည်း ဤနတ်ဆိုးမြူတောထဲသို့ ဝင်ရောက်မည်ဆိုလျှင်တော့ ပထမ အစ နေရာတွင်ပင် အန္တရာယ် များတည်ရှိနေပြီဖြစ်၏။
အချိန်များသည် ဖြည်းညင်းစွာဖြင့် ကုန်လွန်သွားခဲ့၏။ နောက်ထပ် ၁ နာရီလောက်ကြာပြီး သည့်အချိန်မှာတော့ ကောင်းကင်ယံတစ်ခုလုံးတွင် ဖုံးလွှမ်းလျက်ရှိနေသည့် ထူထဲသည့် မြူများသည် စတင်ကာဖြင့် လွင့်ပါးလာခဲ့၏။ အဆုံးသတ်မှာတော့ ပုံမှန်အတိုင်းပြန်လည်ဖြစ်တည်သွား၏။ ဤအချိန်မှာတော့ လူများအားလုံးသည် အထဲသို့ ဝင်ရောက်နိုင်ရန် အခွင့်အရေးဖြစ်ကြောင်း သိရှိလိုက်ကြသည်။
“သွားကြရအောင်။”
ဆွစ်
ဆွစ်
ဝှစ်
ချက်ချင်းပဲ အားလုံးသော သူတို့သည် စတင်ကာ လှုပ်ရှားကြ၏။ ၎င်းတို့သည် အထဲသို့ ဝင်ရောက်ပြီးသည့်နောက် လုချင်းချင်းဦးဆောင်သည့် ပြိုင်စံရှားဂိုဏ်း၏ အတွင်းစည်းတပည့်များသည်လည်း ဤတည်နေရာဆီသို့ ရောက်ရှိ လာ၏။ လီချင်းယန်သည် မြေပုံတစ်ခုကို ထုတ်ယူပြီးသည့်နောက် ပတ်ဝန်းကျင်တည်နေရာကို သေသေချာချာ ကြည့်ရှုကာ တိကျခိုင်မာစွာ ပြောလိုက်၏။
“ဒါက ငါတို့တာဝန်ပြုလုပ်ရမယ့်တည်နေရာပဲ။ နတ်ဆိုးမြူတောလို့ခေါ်တယ်။”
ဖြောက် ဖြောက်ဖြောက်
ရှောင်ကျီသည် သူ၏ ခေါင်းနှင့် ခြေလက်များကို ယမ်းခါကာ သွေးပူလေ့ကျင့်ခန်းလုပ်နေသည်။
ရီရှင်းချန်သည် ထူးမခြားနားသလို ပြောလိုက်၏။ “ဒီလိုမျိုး အန္တရာယ်ပေးနိုင်မှု အဆင့် ၃ပဲ သတ်မှတ်ထားတဲ့ တည်နေရာထဲမှာ သွေးပူ လေ့ကျင့်ခန်းလုပ်ဖို့ လိုနေလို့လား။”
“ဂျူနီယာညီလေးရီ”
လီချင်းယန်က ပြောလိုက်သည်။ “ဒီနေရာမှာရှိတဲ့ နတ်ဆိုးမြူတွေက လူတွေရဲ့စိတ်ကို တိုက်စားနိုင်တယ်လေ။ ဒါကြောင့် လူတွေက စိတ်နဲ့ကိုယ်နဲ့ လက်လွှတ်သွားလိမ့်မယ်။ အထဲကို ဝင်တဲ့အချိန်မှာ သေသေချာချာ ဂရုစိုက်ဖို့လိုလိမ့်မယ်။”
“ဒါကအမှန်ပဲ။” ဟယ်ဝူတီသည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။
“ဒါကြောင့် ဒီတည်နေရာကို တားမြစ်တည်နေရာလို့ သတ်မှတ်ထားတာ။ အရမ်းအန္တရာယ်များတယ်လေ။ အမှုမဲ့ အမှတ်မဲ့ နေလို့မဖြစ်ဘူး။ သွားကြရအောင်။”
လုချင်းချင်းက ပြောလိုက်၏။ “သွားကြစို့။”
အတိတ်တုန်းက လီချင်းယန်နှင့် တစ်ခြားသောသူများသည် တာဝန်ပြုလုပ်သည့်အချိန်မျိုးတွင် ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နှင့် ဟာသလုပ်ကာ သွားလာခဲ့ကြ၏။ ယခု အကြီးဆုံးစီနီယာအစ်မကြီးပါလာသောကြောင့် အခြေအနေသည် အိုးတို့အန်းတန်းဖြစ်လို့နေ၏။ ၎င်းတို့သည် ပျော်ရွှင်ရမည်လား။ အလုပ်လုပ်ရမည်လား။ ဘာမှန်းပင် သေချာမသိကြချေ။
ဆွစ် ဆွစ်
၎င်းတို့ ၅ ယောက်သည် နတ်ဆိုးမြူတောထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လိုက်ကြ၏။ သို့ပေမဲ့ အထဲကို ဝင်ဝင်လိုက်ချင်း ပုပ်ပွနေသည့် သစ်ရွက်များ ဖုံးလွှမ်းနေသည့် မြေပြင်ကြီးကို ကြည့်ရှုပြီးနောက် အထဲတွင်ရှိနေသော မြူများသည် အလွန်အားကောင်းလွန်းလှပြီး ၎င်းတို့၏ အရေပြားမှတဆင့် ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ရန် ကြိုးစား လျက်ရှိနေသည်ကို သိရှိလိုက်ကြ၏။
“ကျန်းချီတွေကို အသုံးပြုပြီးတော့ နတ်ဆိုးမြူတွေကို နတ်ဆိုးအော်ရာတွေကို ဖြေရှင်းလိုက်ကြ။”
လုချင်းချင်းက ပြောပြီးသည့်နောက် သူမ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော အအေးစွမ်းအင်များကို အသက်သွင်းလိုက်၏။ ပြီးနောက် သူမဆီသို့ တိုးဝင်ချဉ်းကပ်လာသည့် မြူများသည် ချက်ချင်းပဲ ရေခဲအဖြစ်သို့ ပြောင်းလဲကာ မြေပေါ်သို့ ပြုတ်ကျကုန်၏။ ရေခဲဓာတ်အမျိုးအစား သိုင်းကျင့်ကြံသူ တစ်ယောက်ဆီသို့ အဆိပ်မြူများသည် ချဉ်းကပ်လာရန် မလွယ်ကူပေ။
လီချင်းယန်၊ ရီရှင်းချန်နှင့် တစ်ခြားသောလူများအားလုံးသည်လည်း ၎င်းတို့၏ ကျန်းချီများကို အသုံးပြုကာ ဝင်ရောက် လာသည့် နတ်ဆိုးဓာတ်သဘာဝများကို ဖြေရှင်းလျက်ရှိ၏။
ပိုမို၍ ဂရုမစိုက်ဆုံးလူမှာ ရှောင်ကျီပင်ဖြစ်တော့၏။ ၎င်းသည် ကျန်းချီကိုတောင် မထုတ်လွှတ်ချေ။ ၎င်း၏ သန်မာပြီး ကြံ့ခိုင်လွန်းလှသော ခန္ဓာကိုယ်ကို အသုံးပြု၍ နတ်ဆိုးအော်ရာများကို တားဆီးထားလျက်ရှိသည်။
“သွားကြရအောင်။”
၎င်းတို့ ၅ ယောက်သည် ရှေ့ဆီသို့ လှမ်းတက်လိုက်ကြ၏။ လမ်းတစ်လျှောက်မှာတော့ ၎င်းတို့သည် အလုံးစုံ သတိထား လျက်ရှိသည်ဆိုသော်လည်း တည်ငြိမ်အေးဆေးလျက် ရှိနေ၏။ ၎င်းတို့၏ ရှေ့တွင် ရှိနေသည့် လှုပ်ရှားသွားလာလျက် ရှိနေသည့် သိုင်းကျင့်ကြံသူများအားလုံးကို သေသေချာချာကြည့်ရှုပြီး သတိအပြည့်နှင့် သွားလာလိုက်ကြ၏။
…….
နတ်ဆိုးမြူတောကြီးသည် အလွန်တရာကြီးမားလွန်းလှ၏။ ထို့ကြောင့် ၁၅ မိနစ်ခန့် လမ်းလျှောက်ပြီးသည့်နောက ဝင်ရောက်လာကြသည့် သိုင်းကျင့်ကြံသူများသည် လူစုခွဲကာဖြင့် သေသေချာချာ ရှာဖွေရန် ပြင်ဆင်လိုက်သည်။
မည်သည့်အရာကို ရှာဖွေကြသနည်း။
သဘာဝရတနာ သို့မဟုတ် ရှားပါးလှသည့် ကျောက်ရိုင်းများပင်ဖြစ်၏။ ပတ်ဝန်းကျင်တည်နေရာကြီးက ဆိုးရွားလေ အထဲတွင်ရှိသော ပစ္စည်းများ ပိုမိုကောင်းမွန်လေဖြစ်သည်။
“ခေါင်းဆောင်”
အဝေးတစ်နေရာရှိ ကြီးမားသည့် ကျောက်တုံးကြီးတစ်ခုအောက်တွင် ပွင့်လျက်ရှိနေသည့် အမဲရောင်မှိုကြီးကို လက်ညှိုးထိုးပြကာဖြင့် လူငယ်က လှမ်းပြောလိုက်၏။ သူသည် စိတ်လှုပ်ရှားနေမိ၏။ “ဒါက ကျောက်စိမ်းနက်မှို ပါလား။”
သူ၏ အနားတွင် ရှိသော တစ်စုံတစ်ယောက်သည် ပါးစပ်ကို အလျင်အမြန်အုပ်ကာဖြင့် တီးတိုး မာန်မဲလိုက်သည်။ “ဘာလို့အကျယ်ကြီးအော်နေတာလဲ။ အခြားသူတွေ ကြားသွားမှာပေါ့။”
တားမြစ်တည်နေရာကြီးသည် အန္တရာယ်အများဆုံးတည်နေရာဖြစ်၏။ ဆိုးရွားလှသည့် ပတ်ဝန်းကျင် တည်နေရာကြောင့် နှင့် အားကောင်းလွန်းလှသော နတ်ဆိုးသားရဲများ အချိန်မရွေးပေါ်ပေါက်လာနိုင်သော ကြောင့်သာ မဟုတ်ပေ။ အတူတူဝင်ရောက်ကာ ရှာဖွေကြသည့် သိုင်းကျင့်ကြံသူများ၏ အန္တရာယ်ပေးနိုင်မှုက လည်း တည်ရှိနေသေး၏။ သတ်ဖြတ်ခံရခြင်း၊ လုယက်ခံရခြင်းသည် မကြာခဏ ဖြစ်ပွားကြသည့်ကိစ္စမျိုးပင်ဖြစ်၏။
ခေါင်းဆောင်ဟု ခေါ်ခံရသည့် သက်လတ်ပိုင်းလူသည် အထူးလက်အိတ်ကို ထုတ်ယူကာဖြင့် သေသေချာချာ လှမ်းလျှောက်လိုက်၏။ သူသည် လက်သီးဆုပ်အရွယ်အစားရှိသော ကျောက်စိမ်းနက်မှိုကြီးကို ကြည့်ရှုကာဖြင့် ပြုံးလိုက်သည်။ “ငါတို့ရဲ့ ကံတရားက မဆိုးဘူးပဲ။ အထဲကို ဝင်ဝင်ချင်း ဒီပစ္စည်းကို ရှာတွေ့တာပဲ။”
“ခေါင်းဆောင် … ကျုပ်အရင် ရှာတွေ့တာနော်။ ဒါကို ရောင်းရင် ကျုပ်ကို ပိုပေးရမယ်။” လူငယ်က တောင်းဆို လိုက်သည်။
“စိတ်မပူနဲ့။”
ခေါင်းဆောင်က ပြောလိုက်၏။ “ငါ့အနောက်ကိုသာ လိုက်ခဲ့။ မင်းအနေနဲ့ လုံလုံလောက်လောက်ဖြစ်စေရမယ်။ ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးကို သေသေချာချာ ဂရုစိုက်ပြီးရှာကြ။ ထပ်ပြီးတွေ့နိုင်သေးတယ်။”
“ကောင်းပါပြီ။”
အားလုံးသည် အလျင်အမြန်ဖြင့် လူစုခွဲကာ သစ်ပင်များ၊ ကျောက်တုံးများ၊ အောက်များကို သေသေချာချာဖြင့် ရှာဖွေကြသည်။
“ဟမ်”
မကြာခင်မှာပဲ လူငယ်သည် အဝေးတစ်နေရာရှိ ကျောက်တုံးကြီးအောက်တွင် တည်ရှိနေသော အမဲရောင်အရိပ် တစ်ခုကို မြင်လိုက်၏။ ထို့ကြောင့် သူသည် လျင်မြန်စွာ ပြေးလွှားလိုက်၏။ သို့ပေမဲ့ သူရှေ့ဆီသို့ လှမ်းတက်လိုက်သည့် အချိန်မှာပဲ ထိုအမဲရောင်အကောင်လေးသည် အရှေ့ဆီသို့ လှမ်းတိုးလာပြီး သူ၏ ညာဘက်လက်ကို ကိုက်ခဲတော့သည်။ မြန်ဆန်လွန်းလှချေ၏။
အား အား အား
အော်ဟစ်သံ ထွက်ပေါ်လာပြီး သစ်တောတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
“မကောင်းတော့ဘူး။ ဒါက အဆိပ်မြွေပါအမဲကောင်ပဲ။”
ဝှစ်
ခေါင်းဆောင်သည် အရှေ့ဆီသို့ လှမ်းထွက်လာပြီး သူ၏ ဓါးကိုင်ထားသော လက်ကောက်ဝတ်ကို အသာလှုပ်ရှား လိုက်၏။ ပြီးနောက် မြွေပါအမဲကောင်အား ထိုးနှက်ကာ သတ်ဖြတ်လိုက်၏။
အား အား
မြွေပါအမဲကောင် သတ်ဖြတ်ခံလိုက်ရသည်ဖြစ်သော်လည်း နှလုံးကွဲမတတ် နာကျင်သည့် အော်ဟစ်သံသည် သူ၏ နားထဲ တွင် စူးဝင်နေ၏။ လူငယ်သည် မျက်နှာတစ်ခုလုံး ရှုံ့တွစွာဖြင့် အော်ဟစ်လျက်ရှိနေ၏။ သူ၏ အဖော်များအားလုံးသည် ကြောက်လန့်တကြားဖြင့် အနောက်ဆီသို့ ဆုတ်သွားကြသည်။
မျက်လုံးထဲတွင်တော့ ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။ ဤအဆိပ်မြွေပါကောင်သည် အားမကောင်းလှချေ။ သို့ပေမဲ့ နတ်ဆိုးမြူတောထဲတွင် နှစ်ပေါင်းများစွာကြာ နေထိုင်ခဲ့ သည်ဖြစ်သောကြောင့် ၎င်းတို့၏ တံတွေးများသည် အားကောင်းလွန်းသည့် အဆိပ်များပင် ဖြစ်နေ၏။ အရေပြားကို ထိုးဖောက်နိုင်ရုံသာမက သွေးထဲသို့ပင် ဝင်ရောက်ပြီး လူများအား စိတ်လွတ်သွားစေသည့် အခြေအနေမျိုးကို ရောက်ရှိ စေ၏။
“ခေါင်း …. ခေါင်းဆောင် ကယ်ပါအုံး။”
လူငယ်သည် နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။ အကိုက်ခံလိုက်ရသော ညာဘက်လက်သည် မဲပြာလျက်ရှိနေပြီး အဆိပ်များသည် ခန္ဓာကိုယ်ကို ပျံ့နှံ့လျက်ရှိသည်။
“သွားပြီပဲ။”
တစ်စုံတစ်ယောက်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ဒါ မျှော်လင့်ချက်မဲ့ပြီ။”
ခေါင်းဆောင်သည် ဤအဆိပ်မြူတောထဲသို့ အကြိမ်ပေါင်းများစွာ ရောက်ရှိခဲ့ဖူး၏။ ထို့ကြောင့် အဆိပ်သတ္တဝါများနှင့် ပတ်သက်၍ အလွန်လည်း ရင်းနှီးလွန်းလှ၏။ ထို့ကြောင့် အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက် သူ၏ မျက်လုံးထဲ တွင် ဆုံးဖြတ်ချက်ချပြီးသည့် အရိပ်အယောင်များနှင့်ပြည့်နှက်သွားသည်။
“ညီလေး ငါတောင်းပန်ပါတယ်။”
ဆွစ် ………။ ဓားအလင်းသည် ဖြတ်သန်းသွားခဲ့၏။
မြွေပါအမဲကောင်၏ အဆိပ်သင့်ခံလိုက်ရသော သိုင်းကျင့်ကြံသူသည် စိတ်လွတ်သွားမည်ဖြစ်ပြီး တစ်ခြားသောသူများကို သတ်ဖြတ်နေပေလိမ့်မည်။ ထို့ကြောင့် အကောင်းမွန်ဆုံးသော နည်းလမ်းမှာ ထိုကဲ့သို့ အဆိပ်မိနေသည့်လူအား တစ်ခါတည်းသတ်ဖြတ်ခြင်းပင်ဖြစ်သည်။
“မဟုတ်ဘူး။”
လူငယ်ကျင့်ကြံသူသည် စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်၏။
ဒင်
ထိုအချိန်မှာပဲ လက်ကြီးတစ်ဖက် ရောက်ရှိလာပြီး ဓားကို ဆွဲကိုင်ထားသည်။
ခေါင်းဆောင်၏ မျက်နှာသည် ပြောင်းလဲသွား၏။ ဓားကို လက်ဗလာဖြင့် လှမ်းယူဖမ်းဆီးသည်ဆိုသည်မှာ အဆင်ပြေသေး၏။ သို့ပေမဲ့ အဘယ့်ကြောင့် လက်နက်ချင်းထိခိုက်သံကဲ့သို့ ဒေါင်ဟူသည့်အသံ ပေါ်ပေါက်လာရသနည်း။
“သူပဲ”
မျက်နှာချင်းဆိုင်တွင်တော့ ရှောင်ကျီသည် နံရံကြီးတစ်ခုကဲ့သို့ မတ်မတ်ရပ်လျက်ရှိ၏။ ဓားကို ဆွဲကိုင်ထားသည့် သံမဏိကဲ့သို့ မာကျောလှသော သူ၏ လက်သည် ဓားပေါ်မှ ဖယ်ရှားပြီးသည့်နောက် ထူးမခြားနားသလို ပြောလိုက်၏။ “သူ့ဆီမှာ မျှော်လင့်ချက်ရှိသေးတယ်။”
ပြီးသည့်နောက် သူသည် အသာလှည့်ကာ ဆောင့်ကြောင့်ထိုင်ချလိုက်၏။ လူငယ်သိုင်းကျင့်ကြံသူ၏ မေးစေ့ကို ကိုင်ကာဖြင့် ဆေးလုံးတစ်လုံးကို ထည့်သွင်းလိုက်သည်။
ဤပြုမူဆောင်ရွက်ပုံသည် ခေါင်းဆောင်နှင့် တစ်ခြားသော သူများကို ထိတ်လန့်အံ့အားသင့်စေ၏။ မြွေပါအမဲကောင်၏အဆိပ်သည် အားကောင်းလွန်းသည်သာမက ကူးစက် တတ်သေး၏။ တစ်ဖက်လူသည် ရဲရဲဝံ့ဝံ့ဖြင့် ထိုအရာကို ကိုင်လျက်ရှိနေ၏။
ဟူး ဟူး
ထိုအချိန်မှာပဲ ဆေးလုံးကို သောက်ပြီးသော လူငယ်ကျင့်ကြံသူသည် ခန္ဓာကိုယ်ထဲမှ အမဲရောင်အငွေ့များ ပြန်လည်ထွက်ပေါ်လာ၏။ အကိုက်ခံရသည့် နေရာသည် လည်း ပုံမှန်အတိုင်း ပြန်လည်ဖြစ်သွားသည်။
“ခေါင်းဆောင်”
တစ်စုံတစ်ယောက်က ထအော်လိုက်၏။ “အဆိပ်တွေ ပျောက်နေပြီပဲ။ မယုံနိုင်စရာပဲ။ မယုံနိုင်စရာပဲ။”
သက်လတ်ပိုင်းလူ၏ မျက်လုံးများသည် ပြူးကျယ်သွား၏။ တားမြစ်တည်နေရာထဲသို့ အကြိမ်ပေါင်းများစွာ သွားခဲ့ဖူးသော ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်မို့ အဆိပ်ဆေးမျိုးစုံ အကြောင်းကို သူကောင်းကောင်းသိ၏။
သို့ပေမဲ့ မြွေပါ၏ အဆိပ်သည် အလွန်အားကောင်းလွန်းလှ၏။ အဆင့်မြင့်ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်မထားပါက ထိုအရာကို ဖယ်ရှားနိုင်ရန်ဆိုသည်မှာ မလွယ်ပေ။ သို့ပေမဲ့ တစ်ဖက်လူသည် သူ၏ ညီငယ်အား ဆေးတစ်လုံး တိုက်ကျွေးပြီးသည့်နောက် အလုံးစုံပြန်လည်ကောင်းမွန်သွားခဲ့သည်။
ဝေါ့
လူငယ်ကျင့်ကြံသူသည် အမဲရောင်သွေးများကို အန်ထုတ်လိုက်၏။ ခန္ဓာကိုယ်ထဲတွင် ရှိနေသော အဆိပ်ဓာတ်များသည် အလုံးစုံ ဖယ်ရှားသွား၏။ သူ၏ မျက်နှာတစ်ခုလုံးသည်လည်း ပြန်လည်ကာ ကြည်လင်လာ၏။ အဆုံးသတ်မှာတော့ သူသည် ကြောက်ရွံ့စွာဖြင့် ပြောလိုက်မိ၏။ “ကျုပ် … ကျုပ် အသက်ရှင်နေသေးတာပဲ။”
ခေါင်းဆောင်သည် အလျင်အမြန်ဖြင့် လက်သီးဆုပ်ကာ ပြောလိုက်သည်။ “ကျုပ်လူ ကို ကယ်တင်တဲ့အတွက် ကျေးဇူးပါ။ ရောင်းရင်းလေး”
“ဒီလိုမျိုး လောကရဲ့ နိယာမ ၊ သေခြင်းတရားကို ပုန်ကုန်ပြီး ဒဏ်ရာရနေတဲ့သူကို ကူညီကယ်တင်ရမှာက ကျုပ်တို့ ဂိုဏ်းရဲ့ တာဝန်ပဲလေ။”
ရှောင်ကျီ၏ ခန္ဓာကိုယ်သည် တကယ့်ကယ်တင်ရှင်ကြီးတစ်ယောက်၏ အလင်းတန်းများနှင့် ပြည့်နှက်လာခဲ့၏။ သို့ပေမဲ့ သူသည် နောက်တစ်စက္ကန့်အတွင်းမှာပဲ ပြောလိုက်၏။ “ဆေးလုံးတစ်လုံးကို ယွမ်စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းတော့ ကျတယ်။ ကျေးဇူးပြုပြီး ပေးပါ။”
“ဒါက” ခေါင်းဆောင်၏ အမူအရာသည် နဝေတိမ်တောင်နှင့် ဖြစ်သွားမိသည်။
“ဟုတ်တယ်။”
ရှောင်ကျီက ပြောလိုက်၏။ “တကယ်လို့ မပေးဘူးဆိုရင်တော့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်က အရမ်းကို လေးနက်တယ်နော်။”
ဘုတ် ဘုတ်
ရီရှင်းချန်နှင့် ဟယ်ဝူတီတို့သည် ရှေ့ဆီသို့ လှမ်းလျှောက်လာခဲ့၏။ သိုင်းကျင့်ကြံသူတော်တော်များများကို ဝိုင်းရံ ထားပြီးသည့်နောက် တစ်ယောက်သည် လက်သီးကို ဆုပ်ပြီး တစ်ခြားတစ်ယောက်မှာ ခေါင်းကို ခါယမ်းလျက်ရှိ၏။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် အဆုံးမဲ့ ဆိုးသွမ်းသောင်းကျန်းသည့် နတ်ဆိုးများ၏ အသွင်သဏ္ဍာန်ကဲ့သို့ ဖြစ်တည် နေ၏။ မျက်လုံးထဲတွင်တော့ လခြမ်းပုံသဏ္ဍာန်အလင်းများပင် ထွန်းတောက်၍ နေလေသည်။
“ရော့ ဒီမှာပါ။ ပေးပါမယ်။”
ခေါင်းဆောင်သည် ချက်ချင်းပဲ ကြောက်ရွံ့သွား၏။ ထို့ကြောင့် ယွမ်စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းအား ထုတ်ယူကာ ကမ်းပေးလိုက်၏။ အနည်းငယ် တွန်းအားပေးခဲ့သည်ဆိုသော်လည်း အနည်းဆုံးတော့ လူငယ်၏ အသက်ကို ကယ်တင် ပေးခဲ့သည်။ ထို့ကြောင့် ၎င်းတို့အနေနှင့် ဆုံးရှုံးမှုမဖြစ်သည့်အပြင် အမြတ်အစွန်းပင် နည်းနည်းရနေသေး၏။
ရှောင်ကျီသည် ထိုအရာကို စစ်ဆေးပြီးနောက် ပြောလိုက်သည်။ “ကျုပ်ဆီမှာ အဆိပ်ဆေး ၁၀ လုံးရှိသေးတယ်။ ဒီ အဆိပ်ဆေးက အဆိပ်ပေါင်း ၂၀၀၀ ကျော်ကို ကယ်တင်ကုသနိုင်စွမ်း ရှိနေတယ်။ ဒါတွေအကုန်လုံးကို ဝယ်မယ်ဆိုရင် ခင်ဗျားတို့ကို ၉၀ ရာခိုင်နှုန်း လျှော့ဈေးပေးမယ်။”
“…….”
ခေါင်းဆောင်နှင့်တူသောလူသည် မြေပေါ်သို့ လဲပြိုလုမတတ်ပင် ဖြစ်သွား၏။
“ဟုတ်တယ်။”
ရှောင်ကျီသည် ခပ်မာမာ ပြောလိုက်သည် “အတင်းဝယ်ဖို့ မပြောပါဘူး။”
ပြောပြီးသည့်နောက် လှည့်ကာထွက်သွားတော့၏။