အခန်း (၁၄၃၆ - ခ)
Vol. 97 Ch. 1436
“နေပါအုံး။”
ခေါင်းဆောင်က ပြောလိုက်သည်။ “ဒီဆေးလုံးတွေက တကယ်ပဲ အဆိပ်ပေါင်း ထောင်ကျော်ကို ကုသနိုင်တာလား။”
ရှောင်ကျီသည် ရုတ်တရက် ရပ်တန့်ကာဖြင့် အသာလှည့်လိုက်၏။ ပြီးနောက် သူမည်သူဖြစ်သနည်းကို ဖော်ညွှန်းလျက် ရှိနေသည့် ကျောက်စိမ်းပြားကို ထုတ်ယူကာ ပြလိုက်၏။ “ကျုပ်က ခင်ဗျားတို့ကို လိမ်မယ်ထင်လို့လား။”
ခေါင်းဆောင်သည် ထိုကတ်ပြားကို မြင်သည့်အချိန်မှာတော့ အံ့အားသင့်မိသွားသည်။ “ပြိုင်စံရှားဂိုဏ်းတပည့်လား။”
သူသည် နှစ်ပေါင်းများစွာ လောကတွင် လှည့်လည်လျှောက်သွားနေသည်မို့ သတင်းအချက်အလက်များကို များပြား သည့် တည်နေရာများမှ ရရှိပြီးဖြစ်၏။ ထို့ကြောင့် ဤဂိုဏ်းအကြောင်းကို သိရှိပြီးဖြစ်၏။ ဤဂိုဏ်းမှ ဖွင့်လှစ်ထားသည့် ဆေးဆိုင်သည် အလွန်နာမည်ကျော်လှပြီး ဆေးလုပ်ငန်းများကို အဓိကထား ပြုလုပ်သည့် ဂိုဏ်းတစ်ခုလည်း ဖြစ်၏။
“နားလည်ပြီ။”
သူ၏ ညီနောင်အား ပေးခဲ့သည့်အဆိပ်ဆေးလုံးသည် တကယ်ပင် ပြိုင်စံရှားဂိုဏ်းဆေးဆိုင်မှ သန့်စင်သည့် အရာမျိုးပင် ဖြစ်ပေလိမ့်မည်။
မှား၏။ တကယ်တမ်းမှာတော့ ဤကဲ့သို့သော အဆိပ်ထောင်ကျော်ကို ကုသနိုင်စွမ်းရှိသည့် ဆေးလုံး သည် ဆေးဆိုင်ဆီမှ သန့်စင်ထားသည့်အရာမျိုးမဟုတ်ပေ။ ထိုအရာသည် ပြိုင်စံရှားဂိုဏ်း၏ အဆိပ်ခန်းမဆောင် ဟောခန်းသခင် မြောင်စိုင်းဖန် ဆီမှ ရရှိခဲ့ခြင်းဖြစ်၏။
ဤအမျိုးသမီးသည် ပြိုင်စံရှားဂိုဏ်း၏ ကိစ္စရပ်များတွင် လေးလေးနက်နက် ပါဝင်ခဲ့ခြင်းမရှိသော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အလကားမနေခဲ့ချေ။ အဆိပ်များကို တောက်လျှောက် လေ့လာလျက်ရှိနေ၏။ အဆိပ်များကို အကောင်းမွန်ဆုံး နားလည်ပြီးသည့်အခြေအနေမျိုးသို့ ရောက်ရှိသည့်အချိန်မှာတော့ ထိုအဆိပ်များကို ကုသနိုင်သည့် ဆေးကိုပင် ဖော်စပ်နိုင်ခဲ့သည်။
အမြဲတမ်းတည်တည်ငြိမ်ငြိမ်နှင့်စဉ်းစားဆုံးဖြတ်တတ်သော လီချင်းယန်သည် ဂိုဏ်းထဲမှ မထွက်ခွာခင် အဆိပ် ဟောခန်းဆီသို့ တကူးတက သွားရောက်ကာဖြင့် အဆိပ်ဆေး တော်တော်များများကို ယူဆောင်ခဲ့၏။
“ကောင်းပြီ။”
ခေါင်းဆောင်က ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ် ၅ ခုဝယ်မယ်။”
“ဒါဆိုရင် ငါးသိန်း ပေးတော့။ လျှော့ဈေးမရှိတော့ဘူး။”
“….….”
သက်လတ်ပိုင်းလူသည် နောက်ထပ်ယွမ်စိတ်ဝိညာဉ်ကျောက်တုံး ၅ သိန်းကို ထုတ်ယူကာဖြင့် ပေးလိုက်၏။ ပြီးနောက် အဆိပ်ဆေး ၅ လုံးကို ရယူခဲ့၏။ ဆေးလုံး၏ အစွမ်းသက်ရောက်မှုကို သူ သံသယမဝင်ချေ။ ပထမဦးဆုံး အနေနှင့် သူ၏ ညီနောင်အား ဤဆေးဖြင့် စမ်းသပ်ခဲ့ပြီးပြီမဟုတ်ပါလား။ ဒုတိယအနေနှင့် ပြိုင်စံရှားဂိုဏ်း၏ နောက်ခံသည် ကြီးမြတ်သူတုံးကုဖြစ်၏။ တစ်ဖက်လူသည် သူတို့ကို မည်သို့မှ လိမ်ညာလိမ့်မည်မဟုတ်ချေ။
“နှုတ်ဆက်ပါတယ်။”
ရှောင်ကျီသည် အသာလှည့်ကာ ထွက်ခွာသွား၏။ လီချင်းယန်နှင့်ဟယ်ဝူတီတို့သည် ထိုအချိန်ကြမှ ပုံမှန်အတိုင်း ပြန်လည်ဖြစ်တည်သွား၏။ ပကတိရိုးသားကြည်လင်လှသည့်မျက်နှာများအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။
“စီနီယာအစ်မကြီး”
လမ်းတစ်လျှောက်မှာတော့ ရှောင်ကျီသည် စပ်ဖြီးဖြီးဖြင့် ပြောလိုက်၏။ “အဆိပ်ဆေးလုံးတွေကို တကယ်ပဲ ရောင်းနိုင်ခဲ့ပြီလေ။”
သူတို့အနေနှင့် ဘာတစ်ခုမှ လုပ်ရန် အစီအစဉ်မရှိခဲ့ချေ။ သို့ပေမဲ့ တားမြစ်တည်နေရာထဲကို ဝင်ရောက်ပြီးသည့်နောက် တစ်ဖက်လူများ အဆိပ်နှင့် ဒုက္ခရောက်နေသည်ကို သိရှိချိန်မှာတော့ လုချင်းချင်းသည် တစ်ဖက်လူများအား ကယ်တင်ကာဖြင့် အဆိပ်ဆေးလုံးများရောင်းရန် အခွင့်အရေးကို စတင်ကာ ပြောဆိုခဲ့သည်။
“ဒါပေမဲ့ ရောင်းတာ နည်းနည်း ဈေးပေါသွားတယ်။”
လုချင်းချင်းက ပြောလိုက်၏။ “နောက်တစ်ကြိမ်ကျရင် ၂ သိန်းနဲ့ ရောင်းရအောင်။”
“…….”
အားလုံးက တွေးလိုက်မိသည်။ “ဒါနည်းနည်းများတယ်နဲ့ တူတယ်။”
…….
အား
“ငါ့ကို မြွေပါအမဲကိုက်သွားပြီ။”
တစ်ခြားတည်နေရာရှိ ရှာဖွေရေးအဖွဲ့များတွင် ရှိနေသော သိုင်းကျင့်ကြံသူတစ်ယောက်သည် အမှတ်မထင်ဖြင့် မြွေပါ အမဲ၏ ကိုက်ခဲခြင်းကို ခံခဲ့ရ၏။ အဆိပ်များသည် ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းဝင်ရောက်ပြီး ကြီးမားသည့် နာကျင်မှုကို ဖြစ်ပေါ်စေ၏။
ဤကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်သည့်နေရာတွင် သူ၏ အဖော်များအားလုံးသည် သတ်ဖြတ်ရန် နည်းလမ်းကိုသာ ရွေးချယ်ခဲ့သည်။
သို့ပေမဲ့ ထိုကဲ့သို့ ပြုလုပ်ရန် စီစဉ်လိုက်သည့်အချိန်တွင် အားလုံး၏ အလင်းပြကယ်တင်သူတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးအဖြစ် ပေါ်ပေါက်လာသူမှာ ရှောင်ကျီပင်ဖြစ်၏။ ၎င်းသည် အဆိပ်ကို ကုသလိုက်၏။ ပြီးနောက် ပိုက်ဆံကို တောင်းယူတော့၏။
အဖွဲ့ခေါင်းဆောင်သည် ငိုချင်စိတ်ပင် ပေါက်မိ နေ၏။ အဖွဲ့သားတစ်ယောက် လျော့ကျသွားခြင်းသည် အကျိုးအမြတ်ပိုမိုကာ ရရှိသည်ဟူသည့် အဓိပ္ပာယ်ပင်ဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် ကယ်တင်ခဲ့ပြီးပြီ ဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် ပိုက်ဆံကို ပေးကို ပေးရပေလိမ့်မည်။
“ခင်ဗျားတို့က မပေးဘူးလား။” ရှောင်ကျီသည် မျက်မှောင်ကုတ်ကာ မေးမြန်းလိုက်၏။
ဆွစ် ဆွစ်
ရီရှင်းချန်နှင့်ဟယ်ဝူတီတို့သည် နတ်ဆိုးများကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာခဲ့၏။ ထိုသူတို့ကို မြင်ရသည့်အချိန်မှာတော့ ခေါင်းဆောင်သည် မည်သို့မျှ မနေနိုင်တော့ဘဲ ယွမ်စိတ်ဝိညာဉ်ကျောက်တုံး ၂သိန်းကို ထုတ်ကာ ပေးခဲ့ရ၏။ မကျေမနပ်နှင့် ရေရွတ်လျက်ရှိနေသည်။ “ဒီလို တားမြစ်တည်နေရာထဲမှာ စီးပွားရေးလာလုပ်နေတဲ့ လူမျိုးကို ပထမဦးဆုံး မြင်ဖူးတာပဲ။”
“နောက်ထပ် ယွမ်စိတ်ဝိညာဉ်ကျောက်တုံး ၂ သိန်းကို ရှာဖွေနိုင်ခဲ့ပြီ။”
ရှောင်ကျီသည် ပြုံးကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်သာ သိလို့ကတော့ အရမ်းကို ပျော်မှာပဲ။”
ကျွင်းချောင်ရှောင်းသည် သိသည်ဆိုပါက ပျော်ရွှင်ရုံသာမက သူ၏တပည့်များသည် ပိုက်ဆံမည်ကဲ့သို့ ရှာရမည် ဖြစ်ကြောင်းကို သိရှိသွားသောကြောင့် အမှန်ပင် ချီးကျူးပေလိမ့်မည်။
“သွားကြရအောင်။”
လုချင်းချင်းက ပြောလိုက်၏။ “အပြင်ဘက်မှာ ငါတို့ လာပြီး ကယ်တင်ဖို့ကို စောင့်နေတဲ့ လူတွေအများကြီးရှိသေးတယ်။”
“……..”
လီချင်းယန်၏ နှုတ်ခမ်းများသည် တစက်စက်နှင့်တုန်ယင်သွားခဲ့၏။ ဂိုဏ်းထဲသို့ စတင်ဝင်ရောက်ခဲ့စဉ်က ရှောင်ကျီ အား ဂိုဏ်းချုပ်သည် ကယ်တင်ရန် ကြိုးစားခဲ့၏။ ထိုအချိန်တုန်းက စီနီယာအစ်မကြီးသည် တားမြစ်ခဲ့ဖူး၏။ သေမျိုးလောကတွင် လူသားများ သေဆုံးခြင်းအတွက် ကယ်တင်ရန် မလိုဟုပင် ခပ်မာမာ ပြောဆိုခဲ့ဖူးသေးသည်။ သို့ပေမဲ့ ယခု တခြားများကို ကယ်တင်သည့်အပြင် ပိုက်ဆံများကိုပင်ရှာဖွေလျက်ရှိနေသည်ကို မြင်တော့ ကြီးမားသည့် ပြောင်းလဲမှုမျိုး ဖြစ်ပေါ်ခဲ့သည်မှာ သက်သေသာဓက ဖြစ်ပေလိမ့်မည်။
…
နတ်ဆိုးမြူတောထဲတွင် များပြားလှသည့် မြွေပါအမဲကောင်များတည်ရှိနေ၏။ ၎င်းတို့၏ သေးသွယ်ပြီး သွက်လက်လွန်း လှသော ခန္ဓာကိုယ်ကြောင့် ရုတ်တရက် ထွက်ကာ ကိုက်ခဲခြင်းကို သိုင်းကျင့်ကြံသူများက ခံနေရ၏။
ကိုက်ခဲခံရသည်လား။ စိုးရိမ်စရာမလိုပေ။ ရှောင်ကျီသည် အရေးပေါ်ကုသနိုင်သည့် သမားတော်တစ်ယောက်ကဲ့သို့ အလျင်အမြန် ရောက်ရှိလာပေလိမ့်မည်။ အကောင်းမွန်ဆုံးသော လှုပ်ရှားမှုမျိုးကို ပြုလုပ်ကာဖြင့် အဆိပ်ကိုကုသပေးပေလိမ့်မည်။ ပြီးနောက် ငြိမ်ငြိမ်သက်သက်နှင့် ရောက်ရှိလာပြီး ငြိမ်ငြိမ်သက်သက် နှင့် ပြန်လည်ထွက်ခွာသွားပေလိမ့် မည်။
တစ်ခုသာရှိ၏။ သူ၏ လက်ထဲတွင်တော့ ရွှမ်စိတ်ဝိညာဉ်ကျောက်တုံး ၂ သိန်း ပါသွားခဲ့၏။
အဆိပ်ဆေးလုံးများအား ဆိုင်ပေါ်တွင် တင်၍ ရောင်းချမည်ဆိုလျှင် ဝယ်လိုအားသည် ဤကဲ့သို့ ကောင်းမွန်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဤကဲ့သို့ အဆိပ်များပြားလွန်းလှသော တားမြစ်တည်နေရာထဲသို့ ရောက်ရှိလာပြီး အဆိပ် ဆေးလုံးများကို ရောင်းချခြင်းအားဖြင့် ဝယ်သူပြတ်လပ်သွားမည်ကို စိုးရိမ်စရာမလိုအပ်ချေ။
ထို့ကြောင့် အချိန်တစ်နာရီအတွင်းမှာပဲ ယွမ်စိတ်ဝိညာဉ်ကျောက်တုံး ၃ သန်းခန့်ကို ရှာဖွေခဲ့ပြီးပြီဖြစ်၏။ ကုန်းရှန့်သာ သိသည်ဆိုပါက နောက်တစ်ကြိမ်တွင် သူ၏ တပည့်များအား အဆိပ်ဆေးများကို ဈေးတောင်းထဲထည့်ကာဖြင့် လိုက်လံ၍ ရောင်းချခိုင်းရန်ပင် စဉ်းစားပေလိမ့်မည်။
ဟုတ်ပေသည်။ ဆေးလုံးများရောင်းချခြင်းသည် ပိုက်ဆံရှာရန် အခွင့်အရေးပင်ဖြစ်၏။ သို့ပေမဲ့ အဓိကတာဝန်ကြီးကို ပြုလုပ်ရန်ကိုတော့ မေ့လျော့မနေခဲ့ချေ။ သူတို့သည် နတ်ဆိုးမြူတောထဲတွင် ရှိနေသော နတ်ဆိုးမွန်းစတားသားရဲ တစ်ရာကို သတ်ဖြတ်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။
“ထူးဆန်းလိုက်တာ။”
လီချင်းယန်က ပြောလိုက်သည်။ “ဒီလောက်ကြာအောင် လမ်းလျှောက်လာခဲ့တာ။ ဘာလို့ တစ်ကောင်မှ မတွေ့ရတာလဲ။”
“သူတို့က အတွင်းပိုင်းမှာ ရှိမယ်ထင်တယ်။”
ဟယ်ဝူတီက ခန့်မှန်းလိုက်၏။
ဖောက်
ရှောင်ကျီသည် ရုတ်တရက်ရပ်တန့်လိုက်၏။ ပြီးနောက် ဖရဲသီးလုံး အရွယ်အစားရှိသော ကျောက်စိမ်းမဲမှိုတစ်ခုအား ကောက်ယူကာ ပြောလိုက်သည်။ “ဒီအရာရဲ့ မျက်နှာပြင်ပေါ်မှာ အဆိပ်တွေရှိနေတယ်။ ဟောခန်းသခင်မြောင်ကတော့ ဒါကို ကျိန်းသေပေါက် ကြိုက်မှာပဲ။ ဟုတ်တယ်မလား။”
ဟယ်ဝူတီသည် ရုတ်တရက် ထကာအော်လိုက်၏။ “အဆိပ်တွေရှိမှန်းသိနေရင်လည်း ဘာလို့လက်နဲ့ ထိနေရတာလဲ။”
ရှောင်ကျီသည် ဤကျောက်စိမ်းမဲမှိုကြီးအား သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်၏။ ပြီးနောက် သူ၏ လက်ထဲ တွင် အမဲရောင်များ ထင်ကျန်နေသည်ကို သိရှိလိုက်သည်။
“ထင်ထားတဲ့ အတိုင်းပဲကိုး။ ဒီကောင်ကတောင် အဆိပ်မိသွားပြီ။ ဘာအကာအကွယ်မှ မပါဘဲနဲ့ ဒီဟာကြီးကို သွားပြီး ကိုင်မှာတောင် အဆိပ်မိတာ ဘာထူးဆန်းမှာလဲ။”
ရှောင်ကျီ မှိုကြီးကို ဆွဲနုတ်လိုက်သည့် အချိန်တွင် ဖြတ်သွားဖြတ်လာလူများသည် ထိုအချင်းအရာကို မြင်လိုက်ကြ၏။ တစ်ဖက်လူသည် အဆိပ်ပြင်းထန်လှသည့်မှိုကြီးအား လက်ဗလာဖြင့် ဆွဲကိုင်နေသည်ကို မြင်သည့်နောက် ၎င်းတို့၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့၏။
“ဂျူနီယာညီလေး။”
လီချင်းယန်က သတိပေးလိုက်သည်။ “မင်းအဆိပ်မိနေပြီ။”
“အင်း …. ဟုတ်တယ်။”
ရှောင်ကျီသည် သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
“………”
အဝေးတစ်နေရာရှိ သိုင်းကျင့်ကြံသူများသည် မြေပေါ်သို့ လဲပြိုလုမတတ်ပင်ဖြစ်သွားကြသည်။
အစ်ကိုကြီး အဆိပ်မိထားတယ်ဆိုရင် အဆိပ်မိထားတဲ့ လက္ခဏာနည်းနည်းလောက်ပြလေ။ အနည်းဆုံး အဆိပ်ကို တော့ လေးစားသမှုတော့ ပြုသင့်တယ်မဟုတ်လား။
ရွှီ
ထိုအချိန်မှာပဲ ရှောင်ကျီသည် သူ၏ လက်ကိုယမ်းခါလိုက်၏။ သူ၏ အသားအရေပေါ်တွင် တင်ကျန်နေသည့် အမဲရောင် အစီးအကပ်များအားလုံးသည် မြေပေါ်သို့ ပြုတ်ကျသွား၏။ထိုအရာများသည် မြေပြင်တွင် ရှိနေသော သစ်ရွက်များနှင့် ထိကာ အမဲရောင် အခိုးအငွေ့များပင် ဖြစ်ပေါ်လာ၏။
“ချီးတဲ့မှ”
အားလုံး၏ မျက်လုံးများသည် မျက်စိသူငယ်အိမ်ထဲမှ ပြုတ်ကျလုမတတ်ပင် ဖြစ်နေကြ၏။ ကျောက်စိမ်းမဲမှို၏ အဆိပ် သည် ခန္ဓာကိုယ်အရေပြားနှင့်ထိတွေ့ပြီးသည့်နောက် အထဲသို့ ဝင်ရောက်ကာ ဒုက္ခကောင်းကောင်း ပေးနိုင်စွမ်းရှိသည်။
သို့ပေမဲ့ တစ်ဖက်လူသည် ဘာတစ်ခုမှ မဖြစ်ခဲ့ချေ။ လက်ဆေးပြီး လက်ကိုခါလိုက်သလို ပြုလုပ်လိုက်သည်နှင့် အဆိပ်များသည် အောက်ဆီသို့ ကျဆင်းကုန်၏။
သို့ပေမဲ့ သူတို့မသိရှိသည်မှာ အဆိပ်များသည် ရှောင်ကျီ၏ ခန္ဓာကိုယ် ထဲသို့ မဝင်ရောက်ဘဲ အရေပြားပေါ်တွင်သာ တင်နေခြင်းပင်။ အထဲတွင်ရှိနေသော ကြွက်သားများသည် အလွန်သန်မာ လွန်းသောကြောင့် အဆိပ်သည် ထိုးဖောက်၍ မရနိုင်ခဲ့ချေ။
ရွှီ
ထိုအချိန်မှာတော့ အမဲရောင်မြွေပါအမဲနှစ်ကောင်တို့သည် အနောက်မှ ထွက်ပေါ်လာပြီး တစ်ကောင်သည် ရှောင်ကျီ၏ လက်ကိုကိုက်၍ တစ်ကောင်သည် ပေါင်ကို ကိုက်သွားခဲ့၏။
ဖြောက်
သွားနှင့်အရေပြားနှင့်ထိသည့်အချိန်မှာတော့ သွားကျိုးသည့်အသံပင် ထွက်ပေါ်လာ၏။ ဖျက်ဆီး၍ မရနိုင်သော သန်မာသည့် သံမဏိချောင်းကြီးကို ကိုက်ခဲလိုက်သလိုပင်။
ရွှီ …..။
ရှောင်ကျီသည် ဤမြွေပါအမဲနှစ်ကောင်အား မြေပေါ်သို့ ပစ်ချလိုက်၏။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဂိုဏ်းဝတ်စုံသည် အပေါက်များဖြစ်နေကြောင်းကို သတိပြုလိုက်မိသည့်အချိန်မှာတော့ ဒေါသတကြီးဖြင့် ခြေထောက်ကိုမြှောက်ကာ ထိုအကောင်များကို နင်းချေလျက်ရှိနေ၏။
ပြိုင်စံရှားဂိုဏ်းတွင် လက်ရှိဖြစ်နေသည့်အရာမှာ အသားကိုသာ အနာခံပေ လိမ့်မည်။ အဝတ်အစားကိုတော့ အထိခိုက်မခံပေ။ အဘယ့်ကြောင့်ဆိုသော် ယွမ်ဖန်သည် အမှန်ပင် ကပ်စေးနှဲလွန်းလှ၏။ ဂိုဏ်းမှ ရှာဖွေထားသည့် အရင်းအမြစ်များကို အသုံးပြု၍ ဝယ်ယူရသော ဂိုဏ်းဝတ်စုံများသည် ပျက်စီး၍ မဖြစ်ချေ။ မဟုတ်ပါက မှတ်တမ်းမှတ်ရာ စာအုပ်ထဲတွင် မှတ်သားကာ ငွေကြေးပြန်လည်တောင်းခံခြင်းကို ခံရသည်။
“သနားပါတယ်။ တော်ပါတော့။” ရီရှင်းချန်သည် စာနာ သနားစွာဖြင့် ဘေးမှဝင်ကာ ဖေးမ ပြောဆိုလိုက်၏။
ဆွစ်
ထိုအချိန်မှာပဲ မြွေပါအမဲတစ်ကောင်သည် အမှောင်ထဲမှ ထွက်ပေါ်လာပြီး အားညို၏ ဖင်ကို တည့်တည့်ကိုက်လိုက်သည်။
ဘုန်း
ရီရှင်းချန် သည် ချက်ချင်းပဲ ထိုအကောင်အား ခပ်ဝေးဝေးဆီသို့ ကန်ထုတ်လိုက်၏။ ပြီးနောက် ရှေ့ကို လှမ်းတက်ပြီး သူ၏ နတ်ဘုရားလက်နတ်ကြီးကို ထုတ်ယူကာ တဘုန်းဘုန်းနှင့် ရိုက်သတ်လျက်ရှိနေတော့၏။
ဖြစ်စဉ်တစ်ခုလုံးသည် အလွန်ကြမ်းတမ်းလွန်းလှပြီး ရက်စက်လွန်းလှချေသည်။
………
သိုင်းကျင့်ကြံသူ တစ်ထောင်ကျော်တို့သည် တည်နေရာထဲသို့ အရင်ဆုံးဝင်ရောက်ခဲ့သည့်လူများဖြစ်၏။ သို့ပေမဲ့ နေရာအနှံ့တွင် ရတနာများကို ရှာဖွေပြီးသည့်နောက် တစ်ချို့သည် အတွင်းပိုင်းတည်နေရာဆီသို့ပင် ရောက်ရှိခဲ့ကြ၏။ ထို့ကြောင့် ၎င်းတို့၏ အမြန်နှုန်းသည် တဖြည်းဖြည်းနှင့် နှေးကွေးလာခဲ့၏။
အဆုံးသတ်မှာတော့ လီချင်းယန်နှင့် တစ်ခြားသူတို့သည် ထိုသူများကို လှမ်းမြင်ခဲ့၏။ တာဝန်၏ ပစ်မှတ်သည် ရှာဖွေမတွေ့သေးသောကြောင့် ၎င်းတို့ငါးယောက်သည် ရတနာများကို တူးယူသည့်ကိစ္စရပ်ကိုသာ အာရုံစိုက်ထားကြ၏။ သွားလေရာနေရာတိုင်းတွင် ဘာတစ်ခုမှ မကျန်ဘဲ ပြောင်သလင်းခါအောင် တူးယူလျက် ရှိနေကြသည်။
“ဒုတိယစီနီယာအစ်ကို”
ရှောင်ကျီသည် ကြီးမားလှသည့် မှိုကြီးကို လက်ဗလာဖြင့် တူးထုတ်ပြီး စပ်ဖြီးဖြီးပြောလိုက်၏။ “ဒါပစ္စည်းကောင်းပဲလေ။ ဒီနေရာမှာ ပစ္စည်းကောင်းတွေ အများကြီးရှိတာပဲ။”
လီချင်းယန်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “မြူတွေမလာခင် တစ်နာရီလောက်ပဲ ကျန်တော့တယ်လေ။ ငါတို့အဓိက တာဝန်ကို ရှာလို့ မတွေ့နိုင်ဘူးဆိုရင် မနက်ဖြန်မှ ပြန်လာဖို့ပဲ တတ်နိုင်တော့မယ်ထင်တယ်။”
“ဟေ့”
ရီရှင်းချန်သည် အသာလှည့်ပြီးသည့်နောက် အနောက်ဘက်တွင်ရှိနေသော သိုင်းကျင့်ကြံသူများကို ကြည့်လိုက်၏။ ပြီးနောက်အေးစက်စက်မေးလိုက်၏။ “နတ်ဆိုးမြူမွန်းစတားတွေဟာ ဘယ်အချိန်မှာ ထွက်လာတတ်လဲ။ ခင်ဗျားတို့သိလား။”
“နတ်ဆိုးမြူ သားရဲ ဟုတ်လား။” အားလုံး၏ မျက်နှာများသည် ပြောင်းလဲသွားသည်။
သိုင်းကျင့်ကြံသူများထဲမှ တစ်ယောက်က ပြောလိုက်၏။ “ဒီသားရဲတွေက မြူတွေပေါ်လာမှ ထွက်လာတာလေ။”
“……..”
လီချင်းယန်သည် သူ၏ ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်မိသည်။ “ဒါကြောင့် ရှာလို့မတွေ့တာပေါ့။”
“ဒါဆိုလည်း စောင့်ကြရအောင်။”
လုချင်းချင်းက ပြောလိုက်၏။ “မြူတွေ တက်လာတဲ့အထိ စောင့်မယ်။”
“စီနီယာအစ်မကြီး။” လီချင်းယန်သည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်သည်။ “မြူတွေတက်လာပြီဆိုရင် နတ်ဆိုးချီတွေက ပိုပြီး အားကောင်းလာမှာလေ။ ဒါဆိုရင် ကျုပ်တို့ …”
သို့ပေမဲ့ ကြီးမားသည့် သစ်တုံးကြီးပေါ်တွင်ထိုင်ကာ နေရာယူထားပြီဖြစ်သော ရီရှင်းချန်နှင့် ဟယ်ဝူတီတို့ကို မြင်သည့် နောက် သူသည် စကားပြောဆိုရာမှ ရပ်တန့်လိုက်၏။
“ကောင်းပြီ။” သူတို့အနေနှင့် ကျိန်းသေပေါက် စောင့်ရလိမ့်မည်။
“ဟင်း”
လီချင်းယန်သည် သက်ပြင်းချပြီးသည့်နောက် ထိုင်ရန် ကျောက်တုံးကြီးတစ်ခုကို ရှာဖွေလိုက်၏။ ပြီးနောက် တွေးလိုက်မိ၏။ နတ်ဆိုးမြူတောက အထဲမှာရှိတဲ့ မြူတွေက အရမ်းကို အန္တရာယ်များတယ်ဆိုပေမဲ့ မြူတွေရောက်လာဖို့ အချိန် ကတော့ နည်းနည်းလိုသေးတယ်။ ပြီးတော့ ဒီကောင်တွေကို သတ်နိုင်မယ်ဆိုရင် မြန်မြန်ဆန်ဆန်သတ်ပြီးတော့ နောက်ပြန်ဆုတ်သွားလို့လည်း ရသေးတာပဲ။
ဝှစ် ဝှစ်
ထိုအချိန်မှာတော့ အေးစက်သည့် လေများသည် တိုက်ခတ်လာခဲ့၏။
“မြူတွေလာတော့မှာပဲ။ အားလုံးမြန်မြန်နောက်ဆုတ်ကြအုံး။”
ရတနာများကို ရှာဖွေနေသည့် အဖွဲ့သားများအားလုံးသည် ပြောင်းလဲလာသည့် ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးသည့် နောက် လျင်လျင်မြန်မြန်ဖြင့် အနောက်ဘက်သို့ ပြန်လည်ကာ ဆုတ်ခွာခဲ့ကြ၏။ တစ်ချို့ဆိုလျှင် ဖိနှောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ပြေးလျက်ရှိသည်။
အဆိပ်ဖြေဆေး ငါးလုံးကို ဝယ်ယူခဲ့သော သက်လတ်ပိုင်းလူသည် သူ၏ အဖော်များနှင့်အတူ ပြန်လာသည့်အချိန်မှာတော့ ကျောက်တုံးပေါ်တွင် ထိုင်လျက်ရှိနေသော လီချင်းယန်တို့ကို မြင်လိုက်ရသည်။ ထို့ကြောင့် အလောတကြီးဖြင့် မေးလိုက်၏။ “မြူတွေက မကြာခင်လာတော့မယ်လေ။ ဘာလို့ ဒီမှာ ထိုင်နေရတာလဲ။”
“အလျင်မလိုပါနဲ့။”
လီချင်းယန်က ပြောလိုက်သည်။ “နည်းနည်းလောက် ထပ်စောင့်လိုက်အုံးမယ်။”
သက်လတ်ပိုင်းလူသည် အမှန်ပင် ဆွံ့အသွားမိ၏။ “ဒီတည်နေရာက ဝင်ပေါက်နဲ့ အရမ်းကို ဝေးတယ်။ အချိန်မီမထွက်နိုင်ရင် ဒုက္ခရောက်သွားနိုင်တယ်နော်။”