အခန်း (၁၄၃၇)
Vol. 97 Ch. 1437
“ရပါတယ်။ ကျုပ်တို့ အချိန်မီ ပြန်ဆုတ်နိုင်ပါတယ်” လီချင်းယန်သည် ယဉ်ကျေးစွာဖြင့် ပြုံးပြလိုက်မိ၏။
“ခေါင်းဆောင်... သွားကြရအောင်”
သူ၏ အဖော်သည် အဝေးတစ်နေရာဆီမှ လှမ်းကာဆော်ဩနေသည်ကို မြင်ရသည့်အချိန်မှာတော့ သတ်လတ်ပိုင်းလူသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ခင်ဗျားတို့ငါးယောက် သေချာ ဂရုစိုက်ကြပါ”
ပြောပြီးသည့်နောက် သူသည် သူ၏အဖော်များကို ခေါ်ဆောင်ကာဖြင့် ထွက်ခွာသွားခဲ့သည်။
လမ်းတလျှောက်မှာတော့ သူ၏အဖော်များသည် ဇဝေဇဝါဖြင့် မေးလိုက်၏။ “ခေါင်းဆောင်... မြူတွေက ဆယ့်ငါးမိနစ်အတွင်း အရမ်းကို မြန်မြန်ဆန်ဆန်နဲ့ တိုးတက်လာတာလေ။ အဲနေရာမှာ သူတို့ထိုင်ပြီး နားနေတယ် ဆိုတော့ သေလမ်းရှာနေကြတာများလား”
“အပိုတွေ မပြောနဲ့တော့။ သွားကြရအောင်” အချိန်တိုအတွင်းမှာပဲ ၎င်းတို့သည် တစ်ယောက်ပြီးတစ်ယောက်၊ တစ်ဖွဲ့ပြီးတစ်ဖွဲ့ဆိုသလို ဝင်ပေါက်ရှိရာသို့ ပြန်လာခဲ့ကြသည်။
လီချင်းယန်နှင့်တခြားသော လေးယောက်တို့မှာမူ ရသေ့အိုကြီးများကဲ့သို့ပင် ကြီးမားသည့် ကျောက်တုံးကြီးများ ပေါ်တွင် အေးအေးဆေးဆေး ထိုင်နေကြ၏။
“အမ်... အဆိပ်ဖြေဆေးရောင်းတဲ့လူတွေ ထွက်မလာကြသေးပါလား”
“သူတို့ ကျောက်တုံးပေါ်မှာ ထိုင်နေခဲ့တာ မြင်ရတယ်လေ။ ထွက်လာမယ့်ပုံစံ မရှိဘူး”
“ချီးတဲ့မှ... သေချင်နေတာလား မသိဘူး”
“သူတို့ရဲ့ အဆိပ်ဖြေဆေးတွေက မြူထဲမှာရှိနေတဲ့ အဆိပ်ဓာတ်တွေကို ခုခံနိုင်လိမ့်မယ်လို့ ထင်နေတာဖြစ်မယ်”
“မဖြစ်နိုင်ဘူးလေ။ အဲတာက အထဲမှာရှိတဲ့မြူတွေက အရမ်းကို ဆိုးရွားလွန်းတဲ့ နတ်ဆိုးဓာတ်သဘာဝတွေ၊ အဆိပ်တွေမှ မဟုတ်တာ။ အဆိပ်ဖြေဆေးနဲ့ ကုလို့ မဖြစ်နိုင်ဘူး”
လူများအားလုံး ဆွေးနွေးနေစဉ်မှာပဲ မြူများအားလုံးသည် တဖြည်းဖြည်းနှင့် ပိုမိုကာ တိုးတက်လာခဲ့၏။ ဆယ့်ငါးမိနစ်အတွင်းတွင် ကြီးမားသည့် မြူတည်နေရာကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
“ချီးတဲ့မှ... သူတို့ တကယ်ကို ထွက်မလာဘူးပဲ။ ငါးယောက်လုံးကတော့ ရဲတင်းလွန်းတယ်”
“မျှော်လင့်ချက် မရှိတော့ဘူး။ သူတို့က ကျိန်းသေပေါက် လမ်းလျှောက်နေတဲ့ လူသေကောင်တွေလိုပဲ ဖြစ်သွားလိမ့်မယ်”
ဟူး.. ဟီး ဟီး ဟီး... ဟူး....
ထိုအချိန်မှာပဲ နတ်ဆိုးမြူတောထဲမှ ဝိညာဉ်ကဲ့သို့ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ ဤတည်နေရာသို့ အကြိမ်ပေါင်းများစွာ ရောက်ရှိခဲ့ဖူးသော ကျင့်ကြံသူများသည် မြူများတက်သည့်အချိန်၌ နတ်ဆိုးမြူ သားရဲများ ထွက်လာမည်ကို ကောင်းကောင်းသိရှိနေ၏။ ထိုသားရဲများသည် အမြူတေပြောင်းလဲခြင်းအဆင့်တစ် နှင့် နီးကပ်သည့် အားအင်ကို ပိုင်ဆိုင်ကြသည်။
“သူတို့ငါးယောက်က အဆိပ်ဖြေဆေး အသုံးပြုပြီး နတ်ဆိုးမြူတွေကို ဖြေရှင်းနိုင်တယ်ဆိုရင်တောင်မှ သူတို့က နတ်ဆိုးမြူသားရဲတွေရဲ့ ဝိညာဉ်တိုက်ခိုက်မှုကို ကျိန်းသေပေါက် ခံရမှာပဲ”
“သူတို့က စိတ်လှုပ်ရှားမှုကို လိုချင်တာလေ။ သူတို့ရဲ့ အသက်တွေကို ဂရုမစိုက်ခဲ့ကြပါလား”
......
နတ်ဆိုးမြူတော
လက်ရှိအချိန်မှာတော့ တည်နေရာတစ်ခုလုံး မြူများဖြင့် ဖုံးလွှမ်းလျက် ရှိနေ၏။ ရှေ့နှစ်မီတာ၊ သုံးမီတာခန့်ကိုပင် ကောင်းကောင်း မမြင်ရချေ။
ဟီး ဟီး ဟီး.....
ဟူး ဟူး ဟူး...
နတ်ဆိုးမြူသားရဲများ၏ အော်ဟစ်သံသည် တည်နေရာအနှံ့ဆီမှ ထွက်ပေါ်လာ၏။ ထိုသူများသည် လှည့်လည် လျှောက်ကာသွားနေသည့် ဝိညာဉ်များကဲ့သို့ပင်ဖြစ်သည်။
ရွှီး ရွှီး
ရှောင်ကျီသည် ကျောက်တုံးပေါ်မှ ခုန်ချလိုက်ပြီးသည့်နောက် သွေးပူလေ့ကျင့်ခန်းကို စတင်ကာ လုပ်နေ၏။ မြူများတက်လာသည်နှင့်တပြိုင်နက် နတ်ဆိုးမြူများသည် ပိုမိုကာ အားကောင်းလာခဲ့သည်။ အချိန်တိုအတွင်း ယခင်ကထက် အဆပေါင်းများစွာ တိုးတက်သွားပြီး ဆက်လက်တိုးတက်လျက် ရှိနေသေးသည်။
ဂလု
လီချင်းယန်သည် အဆိပ်ဖြေဆေးကို မျိုချလိုက်သည်။ မည်သည့်အကျိုးသက်ရောက်မှုမှ မရှိသည်ကို မြင်ပြီးသည့် နောက် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိသည်။ “ဒါက နတ်ဆိုးအော်ရာတွေကို မခုခံနိုင်ဘူးပဲ”
လုချင်းချင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ရွှမ်စိတ်ဝိညာဉ်ကျောက်တုံးနှစ်သိန်းကို ဖြုန်းတီးလိုက်တာပဲ”
“........”
လီချင်းယန်၏ နှုတ်ခမ်းများသည် တဆတ်ဆတ်ဖြင့် တုန်ယင်သွားသည်။ ပြီးနောက် သူသည် တည်ငြိမ်စွာဖြင့် ပြောလိုက်မိ၏။ “မြူထဲမှာရှိနေတဲ့ နတ်ဆိုးအော်ရာတွေက ပိုပိုပြီး အားကောင်းလာတယ်။ ဒီတော့ တာဝန် ပြည့်စုံအောင် အမြန်ဆုံးလုပ်ပြီး ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာသွားရအောင်”
ဝှစ် ဝှစ် ဝှစ် ……။
ထိုအချိန်မှာပဲ အနီရောင်အလင်းတန်းများသည် တည်နေရာအနှံ့ဆီမှ ပေါ်ပေါက်လာခဲ့သည်။ ထိုအလင်းတန်းများ သည် နတ်ဆိုးမြူသားရဲများ၏ မျက်လုံးများပင်ဖြစ်၏။ နတ်ဆိုးမြူသားရဲများသည် ၎င်းတို့ငါးယောက်အား ဝန်းရံထားခဲ့ကြ၏။ အလင်းတန်းများ ပေါ်ပေါက်လာပြီးသည့်နောက် စုစုပေါင်း ထိုအလင်းတန်းများသည် တစ်ရာကျော်ခန့်ပင် ရှိနေသည်။
ဖောက်
ရီရှင်းချန်သည် သူ၏ ဝိုင်ဘူးသီးခြောက်ကြီးအား အသာဖွင့်လိုက်၏။ ပြီးနောက် ခေါင်းကိုမော့ကာဖြင့် အထဲတွင် ရှိနေသော အရက်မူးအိမ်မက်ဝိုင်များကို တစ်ငုံလောက် မော့သောက်လိုက်သည်။ မျက်နှာသွင်ပြင်တစ်ခုလုံးသည် မြန်မြန်ဆန်ဆန်ပဲ ပြောင်းလဲသွားခဲ့၏ “ကဲ သတ်ဖြတ်ပွဲ စကြရအောင်”
ဘုန်း ဘုန်း ဘုန်း …….။
သူပြော၍မပြီးခင်မှာပဲ ဟယ်ဝူတီသည် အလျင်အမြန် ရှေ့တိုးပြီး များပြားလှသော နတ်ဆိုးမြူသားရဲများကို ကန်ကျောက်တိုက်ခိုက်တော့သည်။ ပြီးနောက် သူက ပြောလိုက်သည်။ “အချိန်ဖြုန်းမနေနဲ့။ မြန်မြန် ရှင်းပစ်ကြ”
ဆွစ် ဆွစ်
ရှောင်ကျီသည် သူ၏လက်အား ညာဘက်ရင်ဘတ်ပေါ်တွင် တင်လိုက်၏။ သူ၏ လက်ပေါ်တွင် ရှိနေသော ဒိုင်းဟူသည့် စာသားသည် လင်းလက်လာခဲ့တော့၏။ “အသွင်ပြောင်း”
ချက်ချင်းဆိုသလိုပဲ သူသည် စက်ရုပ်ကြီးတစ်ရုပ်ကဲ့သို့ အသွင်ပြောင်းလဲသွားတော့၏။ ပြီးနောက် ဘယ်က ပေါ်လာမှန်းမသိသည့် စက်သေနတ်ကြီးတစ်လက်သည် လေထုထဲတွင် ပေါ်လာသည်။
“ဂျူနီယာညီလေးရီ.. ရှောင်တော့”
ဒက် ဒက် ဒက် ဒက်
ကျည်ဆံများ ထွက်ပေါ်လာပြီးသည့်နောက် မြေတည်နေရာအနှံ့တွင် ရှိနေသော နတ်ဆိုးမြူသားရဲများအားလုံးအား သေနတ်နှင့် ပစ်ခတ်တိုက်ခိုက်တော့သည်။ အနောက်ခပ်ဝေးဝေးဆီသို့ ခုန်ဆုတ်ပြီးဖြစ်နေသော ရီရှင်းချန်သည် ရုတ်တရက် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ပထမတုန်းက ဒါ စနိုက်ပါတစ်လက်ပါ။ အခု ဘယ်လိုဖြစ်ပြီး ပြောင်းသွားရတာလဲ”
ဟုတ်ပေသည်။ ရှောင်ကျီ၏ လက်နက်သည် ယခင်တုန်းက စနိုက်ပါရိုင်ဖယ်ဖြစ်၏။ သို့ပေမဲ့ အဘယ်ကြောင့် စက်သေနတ်အဖြစ်သို့ ပြောင်းလဲသွားရသနည်း။ တကယ်တမ်းမှာတော့ ဒိုင်းဟူသည့်စာလုံး၏ အထူးအကျိုး သက်ရောက်မှုကို ဖွင့်လှစ်ပြီးသည့်နောက် ထိုအရာသည် အသုံးပြုသူ၏ စိတ်ခံစားချက်အတိုင်း လက်နက်ကို ပြောင်းလဲနိုင်စွမ်း ရှိနေခြင်းပင်။
ရီရှင်းချန်က တွေးလိုက်၏။ “ဂိုဏ်းချုပ်က သူ့ကို ပစ္စည်းကောင်းတွေ ကြိတ်ပေးထားတာများလား”
ဒက် ဒက် ဒက် ဒက်
စက်သေနတ်သည် ပက်ပက်စက်စက် ပစ်ခတ်လျက် ရှိနေသည်။
“ဒါဘာအသံလဲဟ” အပြင်ဘက်တွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် ဇဝေဇဝါနှင့် ဖြစ်မိနေ၏။ ထွက်ပေါ်နေ သည့်အသံသည် သူတို့ တစ်ခါမှ မကြားဖူးသော အသံမျိုးပင်ဖြစ်၏။
ကြမ်းတမ်းလွန်းသော အားအင်၏ ပစ်ခတ်မှုအောက်မှာတော့ နတ်ဆိုးသားရဲဆယ်ကောင်ကျော်တို့သည် ဇကာပေါက်ကဲ့သို့ ဖြစ်သွား၏။ ၎င်းတို့ခန္ဓာကိုယ်တွင် အပေါက်များသည် များပြားလွန်းလှသည်။ သို့ပေမဲ့ ချက်ချင်း ဆိုသလိုပဲ ၎င်းတို့၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများသည် ပြန်လည်ကောင်းမွန်သွားပြီး ဘာမှမဖြစ်ခဲ့သလို ပုံပန်းသွင်ပြင် မျိုးဖြင့် ပြန်ထလာကြသည်။
“မဖြစ်နိုင်ဘူး” ရှောင်ကျီသည် ဆွံ့အသွားမိ၏။ အသွင်ပြောင်းပြီးသည့်နောက် ပစ်ခတ်လိုက်သည့်အချိန်၌ ဖြစ်ပေါ်ခဲ့သော အားအင်သည် အမြူတေပြောင်းလဲခြင်းအဆင့်ပင်လျှင် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ဤအရာသည် သူ၏ဂုဏ်သိက္ခာကို အမှန်ပင် ထိခိုက်စေ၏။
“ဒီလိုမျိုး လှည့်ကွက်တွေက အလုပ်မဖြစ်ဘူး”
ရီရှင်းချန်သည် သူ၏လက်ကိုမြှောက်လိုက်၏။ သူ၏ နဖူးထက်တွင် ရှိနေသော တိုက်ခိုက်သူ ဆိုသော စာလုံးသည် ထင်းကနဲဖြစ်သွားသည်။ “ကိုယ်ပိုင်အားအင်ကိုပဲ အားကိုးရမယ်”
ဝှစ် ဝှစ်
လေပြင်းများ တိုက်ခတ်လာပြီးသည့်နောက် တိုက်ပွဲဝင် ဝတ်စုံကို ဝတ်ဆင်ပြီးဖြစ်သောရီရှင်းချန်သည် အရှေ့ဆီသို့ လှမ်းတက်ကာဖြင့် လက်ထဲတွင် အဆင့်မြှင့်တင်ထားသည့် ပုဆိန်ကြီးကို ကိုင်ဆောင်ကာ နတ်ဆိုးမြူသားရဲများ အား ဝင်ရောက်ကာ တိုက်ခိုက်တော့သည်။ “အားလုံးသေကြစမ်း”
ရီရှင်းချန်သည် အမှန်ပင် ကြမ်းတမ်းလွန်းလှ၏။ အလင်းတန်းများ ဖြတ်သန်းသွားပြီးသည့်နောက် နတ်ဆိုးသားရဲ များသည် နှစ်ပိုင်းပြတ်ကုန်၏။
“အံ့အားသင့်စရာပဲ” ရှောင်ကျီက ထအော်လိုက်မိသည်။
ရီရှင်းချန်၏ နှုတ်ခမ်းထောင့်တွင် ဂုဏ်ယူနေသည့် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ မကြာခင်မှာပဲ ထိုအပြုံးသည် အေးခဲသွား၏။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးမြူသားရဲများသည် တည်နေရာအနှံ့တွင် ပျံ့ကျဲလျက် ရှိနေကြသည်ဆိုသော်လည်း ဘာမှမဖြစ်ခဲ့သလို လေထဲတွင် ပြန်လည်ကာ မတ်မတ်ရပ်လျက်ရှိ၏။
ဟယ်ဝူတီက ပြောလိုက်သည်။ “ဒါက ပုံရိပ်ယောင်ပုံစံ နတ်ဆိုးမြူသားရဲတွေပဲလေ။ သူတို့ဆီမှာ ခန္ဓာကိုယ်သီးသန့် မရှိဘူး။ ဒီလိုမျိုး ခန္ဓာကိုယ်ချင်း တိုက်ခိုက်တဲ့ အားအင်တွေက သူတို့ကို ဘာတစ်ခုမှ ထိခိုက်စေမှာ မဟုတ်ဘူး”
“ချီးတဲ့မှ... ဘာလို့ စောစော မပြောတာလဲ”
လီချင်းယန်သည် မျက်မှောင်ကုတ်သွား၏။ “ဒါဆိုရင် ဘယ်လို လုပ်ရမှာလဲ”
“ဒုတိယစီနီယာအစ်ကို”
ဟယ်ဝူတီက ပြောလိုက်သည်။ “မိုးကြိုးဓာတ်သဘာဝတွေကတော့ ဝိညာဉ်တွေကို ထိခိုက် နိုင်စေတယ်လေ။ ဒါက သူတို့ကို ထိခိုက်နိုင်စေလိမ့်မယ်”
“တိုက်ခိုက်တော့”
ရွှီး
လီချင်းယန်သည် ရှေ့သို့ လှမ်းတက်လိုက်၏။ သူ၏ လက်ထဲတွင်တော့ မိုးကြိုးဓား ပေါ်ပေါက်လာ၏။ ဓား၏ အပေါ်တွင် ရှိနေသော မျဉ်းကြောင်းများဆီမှ လျှပ်စီးဓာတ်များ ပေါ်ပေါက်လာပြီး တလက်လက် တောက်ပနေ၏။
ရှားပါးပြီး သီးသန့်ဆန်သည့် လက်နက်ကို ထုတ်ဖော်လိုက်ချိန်မှာတော့ ရီရှင်းချန်နှင့် ဟယ်ဝူတီတို့သည် အမှန်ပင် မနာလို ဖြစ်မိ၏။ ၎င်းတို့သည် စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လျက် ရှိ၏။ “ငါတို့ကြတော့ ဘာလို့ ဒါမျိုး မရတာလဲ”
ရွှီး ရွှီး ရွှီး
ဓား၏အော်ရာများသည် ဆက်တိုက်ဖြစ်တည်နေပြီး လေထုထဲတွင် လျှပ်စီးတန်းများနှင့် ပြည့်နှက်ကုန်၏။ နတ်ဆိုး မြူသားရဲများသည် ထိုလျှပ်စီးတန်းများနှင့် ထိမိသည့်အခါမှာတော့ ကြောက်မက်ဖွယ်ကောင်းစွာ အော်ဟစ်ပြီး ဘန်း ဟူ၍ ပေါက်ကွဲထွက်ကုန်သည်။
“ဒါ တကယ့်ကို အကျိုးသက်ရောက်မှု ရှိတာပဲ”
လီချင်းယန်သည် နတ်ဆိုးမြူများကြားထဲမှ ထွက်ခွာသွားပြီးသည့် နောက် တခြားသော ပစ်မှတ်များကို ဦးတည်ကာ တိုက်ခိုက်ပြန်၏။ လျှပ်စီးတန်းများသည် တည်နေရာတစ်ခုလုံး ကို ဖုံးလွှမ်းလျက် ရှိနေပြီး အလွန်ကြည့်လို့ကောင်းလှ၏။
“.........”
ရီရှင်းချန်နှင့် ရှောင်ကျီတို့သည် တိတ်ဆိတ်ငြိမ်သက်နေ၏။ သူတို့သည် တာဝန်ကို ပြုလုပ်ချိန်တွင် သူတို့၏ အားအင်အဆင့်ကို ထုတ်ဖော်ကာ ကြွားဝါပြမည်ဟု တွေးတောထားခဲ့သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူတို့၏ စီနီယာအစ်ကိုသည် အတောက်ပဆုံးသောသူ ဖြစ်နေ၏။
“အဲမှာ ရပ်မနေနဲ့”
ဟယ်ဝူတီက ပြောလိုက်သည်။ “မြန်မြန်... သူတို့ကို ဝိညာဉ်တိုက်ခိုက်မှုလုပ်တော့”
ရွှီး
ရီရှင်းချန်သည် အရင်ဆုံး ရှေ့ကို လှမ်းတက်သွား၏။ ပြီးနောက် ခန္ဓာကိုယ်တိုက်ခိုက်မှုကို မပြုလုပ်တော့ဘဲ ဝိညာဉ် တိုက်ခိုက်မှုကို အသုံးပြုကာ တိုက်ခိုက်တော့သည်။ သူသည် ဝိညာဉ်တိုက်ခိုက်မှုတွင် အလွန်အားကောင်းလှသော လူတစ်ယောက်ဖြစ်၏။ ဟယ်ဝူတီသာ မရှိပါက စမ်းသပ်မှုမျှော်စင်ထဲတွင် ရှိသော ဝိညာဉ်စမ်းသပ်မှု မှတ်တမ်း၏ ပထမနေရာအား သူပိုင်စိုးနိုင်မှာ သေချာ၏။
ဘုန်း
နတ်ဆိုးမြူသားရဲများထဲမှ တစ်ကောင်သည် ပေါက်ကွဲပြီး သေဆုံးသွားခဲ့သည်။ ဤကဲ့သို့သော သတ္တဝါများသည် နတ်ဆိုးမြူတောအုပ်ထဲတွင်ရှိသော ထူထဲလှသည့်မြူများဆီမှ ဖြစ်တည်မွေးဖွားလာသည့်အကောင်များ ဖြစ်သည်မို့ ခန္ဓာကိုယ် တိုက်ခိုက်မှုကို မစိုးရွံ့ဘဲ ဝိညာဉ်တိုက်ခိုက်မှုမျိုးကိုတော့ ကြောက်လန့်ကြသည်။
“အမှိုက်တွေပဲ” မည်ကဲ့သို့ တိုက်ခိုက်ရမည်ကို သိရှိပြီးသည့်နောက် ရီရှင်းချန်သည် ညအင်ပါယာ၏ မာနတရားများ ဝင်ရောက်လာခဲ့၏။ သူသည် ပစ်မှတ်များကို ရွေးချယ်၍ အလုံးစုံ တိုက်ခိုက်မှုမျိုးကို ပြုလုပ်တော့၏။
ဆွစ် ဆွစ်
ထိုအချိန်မှာပဲ အဝေးတစ်နေရာတွင် ရှိနေသော နတ်ဆိုးမြူသားရဲ ဆယ်ကောင်ကျော်တို့သည် တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ကြသည်။
ဒင် ဒင် ဒင်
ရှောင်ကျီသည့် အရှေ့သို့ လှမ်းတက်လာပြီးသည့်နောက် သူ၏ ဘယ်ဘက်လက်ကို မြှောက်ကိုင်လိုက်၏။ ဖျက်ဆီး၍ မရနိုင်သည့် သံမဏိဒိုင်းကာကြီးသည် သူ၏ရှေ့တွင် ဖြစ်တည်လာပြီး ဝင်ရောက်လာသည့် အဆိပ် အလင်းတန်းများအား အနောက်ဘက်သို့ ပြန်လည်လွင့်စင်စေခဲ့၏။ သူသည် ခန္ဓာကိုယ်ကို အဓိကထား လေ့ကျင့် သည်ဆိုသော်လည်း ဝိညာဉ်တိုက်ခိုက်မှုများသည်လည်း သူ၏ အကာအကွယ်ကို မချိုးဖောက်နိုင်ခဲ့ချေ။
ဘန်း
လုချင်းချင်းသည် လက်ပိုက်ကာဖြင့် အေးစက်သည့်အလင်းတန်းများကို ထုတ်ဖော်လိုက်သည်။ ရှေ့ဆီသို့ တိုးဝင် လာခဲ့သည့် နတ်ဆိုးမြူသားရဲဆယ်ကောင်ကျော်တို့သည် ချက်ချင်းပဲ အအေးရုပ်တုများအသွင်သို့ ပြောင်းလဲကုန် ကြ၏။ ပြီးနောက် ရေခဲအပိုင်းအစများအဖြစ် အောက်သို့ ပြုတ်ကျကုန်ကြ၏။
ဘန်း ဘန်း ဘန်း
တခြားတစ်ဖက်မှာတော့ ရီရှင်းချန်နှင့် ဟယ်ဝူတီတို့သည် အတူပူးပေါင်း၍ နတ်ဆိုးမြူသားရဲများကို ၎င်းတို့၏ ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ တိုက်ခိုက်နေ၏။ ပြိုင်စံရှားဂိုဏ်း၏ အားအကောင်းဆုံးသော လက်ရွေးစင် တပည့် ငါးယောက်တို့သည် ဟန်ပြသက်သက် မဟုတ်ချေ။
သတ္တဝါများ၏ အားနည်းမှုကို သိရှိပြီးသည့်နောက် ရီရှင်းချန်နှင့် တခြားသောသူများသည် နတ်ဆိုးများကဲ့သို့ပင် ပြောင်းလဲကာ ပက်ပက်စက်စက် သတ်ဖြတ်ခြင်းကို ပြုလုပ်နေကြ၏။ ၎င်းတို့ တာဝန် ပြည့်စုံမှုနှုန်းသည် တဖြည်းဖြည်းနှင့် ပိုမိုကာ တိုးတက်လာခဲ့သည်။
ဤကဲ့သို့ နှုန်းထားမျိုးကို ကြည့်ရှုမည်ဆိုပါက မကြာခင်အချိန်အတွင်းတွင် တစ်ရာပြည့်တော့မှာ သေချာသည်။ သို့ပေမဲ့ တိုက်ပွဲသည် အလှည့်အပြောင်း များလွန်းလှ၏။ မြူတည်နေရာကြီးထဲရှိ များပြားလှသော အလောင်းကောင်များသည် လှမ်းလျှောက်လာခဲ့ကြ၏။ ထိုသူများ အားလုံးသည် နတ်ဆိုးမြူသားရဲတောအုပ်ကြီး ထဲတွင် အဆိပ်မိသွားကြသည့် သိုင်းကျင့်ကြံသူများဖြစ်ပြီး သေဆုံးသွားခဲ့ကြပြီဆိုသော်လည်း ၎င်းတို့၏ ကျင့်ကြံခြင်း အဆင့်သည် အသက်ရှင်စဉ်ကအတိုင်း အားကောင်းလျက် ရှိနေ၏။
ဝေါင်း ဝေါင်း
ထူးဆန်းသည့် အော်ဟစ်သံများသည် တည်နေရာတစ်ခုလုံးတွင် ပျံ့နှံ့လျက် ရှိနေ၏။ လမ်းလျှောက်လာသည့် အလောင်းကောင်များ၏ မျက်လုံးများသည် နီရဲလာခဲ့၏။ ပြီးနောက် လီချင်းယန်နှင့် တခြားသူများဆီသို့ လှမ်းဝင်လာခဲ့သည်။
“ဂျူနီယာညီလေးရှောင်.. မင်းကိစ္စ ထားလိုက်မယ်”
“ကောင်းပါပြီ” ရှောင်ကျီသည် သူ၏ သံမဏိဒိုင်းကာကြီးကို မြှောက်ကိုင်ကာဖြင့် စက်သေနတ်ကြီးကို ရှေ့တွင် တင်ကာ ပက်ပက်စက်စက် ပစ်ခတ်တော့၏။
“ချီးတဲ့မှ”
ရီရှင်းချန်က ပြောလိုက်မိသည်။ “ဒီလူ့လက်နက်က ထပ်ပြီးပြောင်းသွားပြန်ပြီပဲ”
ရှောင်ကျီသည် ကြီးမားလှသည့် စက်သေနတ်ကြီးအသွင်ပြောင်းကာ အားလုံးကို ပစ်ခတ်နေ၏။
ဒက် ဒက် ဒက် ဒက် ……။
သေနတ်၏ ပြောင်းဝဆီမှ မီးတောက်များပင် တောက်ပလျက် ရှိနေ၏။ လမ်းလျှောက်လာသည့် အလောင်းကောင် တစ်ရာကျော်တို့သည် ပေါ်ပေါ်လာခြင်းမှာပဲ တစ်စစီ ဖြစ်ကုန်ကြသည်။
“နောက်ကိုဆုတ်၊ နောက်ကိုဆုတ်” လီချင်းယန်က အော်ဟစ်လိုက်သည်။ တိုက်ပွဲသည် ဆယ့်ငါးမိနစ်သာ ကြာမြင့်၏။ သို့ပေမဲ့ နတ်ဆိုးမြူတောထဲတွင် ရှိနေသော နတ်ဆိုးမြူများသည် တဖြည်းဖြည်း ပိုမိုကာ ထူထဲလာ သည်ကို မြင်ရပြီးသည့်နောက် ၎င်းတို့အနေဖြင့် ဆက်လက်ကာ ခုခံနိုင်သည်ဆိုသော်လည်း ကြာရှည် ဤနေရာတွင် ဆက်နေမည်ဆိုပါက ခက်ခဲပေလိမ့်မည်။ သူတို့ ဆက်နေ၍ မရတော့ချေ။ ချက်ချင်း ပြန်လည်ထွက်ခွာမှဖြစ်မည်။
ရွှီး ရွှီး
အားလုံးတို့သည် တောအုပ်၏ အပြင်ဘက်ဆီသို့ လှမ်းထွက်လိုက်၏။ သို့ပေမဲ့ သူတို့ လှုပ်ရှားရန် ပြင်လိုက်သည့် အချိန်မှာပဲ သူတို့ ထွက်ပြေးမည့်လမ်း၌ ကြီးမားလှသည့် မြူဖြင့် ဖြစ်တည်လာသည့် အကောင်ကြီးတစ်ကောင် ပေါ်ပေါက်လာခဲ့၏။ ထိုမွန်းစတားကြီးသည် ပေဒါဇင်အနည်းငယ်ခန့် ကြီးမားလွန်း၏။
ဝေါင်း
နားကွဲလောက်စရာ အသံကြီး ထွက်ပေါ်လာ၏။ အပြင်ဘက်တွင် ရှိနေသော သိုင်းကျင့်ကြံသူများ၏ နှလုံးသားများ သည် တုန်ယင်သွားခဲ့၏။ ၎င်းတို့သည် ထိတ်လန့်တကြားဖြင့် ထအော်လိုက်မိသည်။ “နတ်ဆိုးမြူမွန်းစတားဘုရင်ပါလား”