အခန်း (၁၄၃၈)
Vol. 97 Ch. 1438
ဝှစ် ဝှစ်
နတ်ဆိုးအော်ရာနှင့် မြူများသည် တဖြည်းဖြည်း ပိုမိုကာ များပြားလာ၏။ မကြာခင်မှာပဲ ပေနှစ်ဆယ်လောက် နီးပါးခန့်ရှိသည့် နတ်ဆိုးမြူသားရဲဘုရင်သည် ပေါ်ထွက်လာခဲ့၏။ ၎င်း၏အော်ရာကို သုံးသပ်ရမည်ဆိုလျှင် အမြူတေ ပြောင်းလဲခြင်းအဆင့်သုံးနှင့် နှိုင်းယှဉ်၍ ရနိုင်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်နေ၏။ ၎င်းသည် တော၏ အလယ်တည့်တည့်တွင် ကြီးမားလှသည့်တောင်ကြီးတစ်ခုကဲ့သို့ မတ်မတ်ရပ်လျက်ရှိပြီး လီချင်းယန်နှင့် တခြားသော သူများအားလုံး၏ လမ်းကို ပိတ်ထား၏။
“ဒါက နည်းနည်း ပြဿနာများတယ်” ဟယ်ဝူတီ၏ မျက်နှာသည် ရုတ်တရက် လေးနက်သွားခဲ့၏။ သာမန်အခြေ အနေတွင် သူသည် ဤကဲ့သို့ အမျိုးအစား သားရဲမျိုးကို မကြောက်လန့်ချေ။ ထို့အပြင် မနိုင်လျှင်တောင်မှ ထွက်ပြေး၍ ရနိုင်သေးသည်။ သို့ပေမဲ့ ဤတားမြစ်တည်နေရာထဲမှာတော့ ပျံသန်းမှုကို တားဆီးထား၏။ ထို့အပြင် နတ်ဆိုးအော်ရာများသည် အရာအားလုံးကို အားနည်းနေစေသည်။
“ပတ်ရှောင်သွားရအောင်” လီချင်းယန်သည် လေးလေးနက်နက် ပြောလိုက်၏။
ဆွစ် ဆွစ်
အားလုံးတို့သည် အလျင်အမြန်ဖြင့် ဘေးတစ်ဖက်ဆီသို့ ပြေးသွားခဲ့၏။ အလွန် တည်ငြိမ်လှပါသည် ဆိုသော ရီရှင်းချန်ပင်လျှင် ဤနတ်ဆိုးမြူသားရဲဘုရင်ကြီးအား ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှု မပြုမူရဲချေ။
ဝှစ် ဝှစ်
ထိုအချိန်မှာတော့ နတ်ဆိုးမြူသားရဲဘုရင်ကြီး၏ ခန္ဓာကိုယ်သည် အလင်းတန်းများကဲ့သို့ အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားပြီး ဝိညာဉ်များကဲ့သို့ ၎င်းတို့ ငါးယောက်ဆီသို့ တိုးဝင်လာသည်။ ထိုဝိညာဉ်များနှင့်အတူ အော်ဂလီဆန်လွန်းလှသည့် ခြောက်ကပ်ကပ်ရယ်သံကြီးကလည်း ပါဝင်လျက်ရှိသည်။
“သတိထားကြ”
ဟယ်ဝူတီသည် အလျင်အမြန် ပြောလိုက်၏။ “ဒါက ဝိညာဉ်တိုက်ခိုက်မှုပဲ”
ပြောပြီးသည့်နောက် သူသည် လက်များကို စုစည်းကာဖြင့် အားကောင်းလှသော ဝိညာဉ်စွမ်းအင်တစ်ခုကို ထုတ်ဖော်လိုက်၏။ ထို ဝိညာဉ်စွမ်းအင်သည် စူးရှလှသည့် ဓားများအဖြစ်သို့ ပြောင်းလဲပြီး များပြားလှသည့် ဝိညာဉ်အလင်းတန်းများကို ခုတ်ပိုင်းခြင်း ပြုမူတော့သည်။
ဘုန်း ဘုန်း ဘုန်း
လီချင်းယန်နှင့် တခြားသောသူများသည် ထိုကဲ့သို့ တူညီသည့်နည်းလမ်းကို အသုံးပြု၍ ဝင်လာသည့် အလင်းတန်း များကို တိုက်ခိုက်ကြ၏။ ဝိညာဉ်အဆင့် တိုက်ခိုက်မှုများ ဆိုသည်မှာ မျက်စိဖြင့် တွေ့မြင်နိုင်ရန် ခက်ခဲလှ၏။ ထို့ကြောင့် ထိပ်တိုက် ထိမှန်သည့် အသံများသာ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်ချင်း တိုက်ခိုက်သည့် တိုက်ပွဲများကဲ့သို့ သွေးများစွာကို မြင်ရလိမ့်မည် မဟုတ်ချေ။
“ချီးတဲ့မှ”
ရီရှင်းချန်၏ မျက်နှာသည် အနည်းငယ် ပျက်ယွင်းသွားခဲ့၏။ “ဒီကောင်ရဲ့ ဝိညာဉ်အားအင်တွေက အရမ်းကို အားကောင်းလိုက်တာ”
နတ်ဆိုးမြူသားရဲဘုရင် ခန္ဓာကိုယ်ဆီမှ ဝိညာဉ်တိုက်ခိုက်မှုများသည် တစ်ခုပြီး တစ်ခု ကျိုးပြတ်သွားခဲ့သည်ဆိုသော်လည်း ထိပ်တိုက်ရင်ဆိုင်မှု၏အောက်တွင် တန်ပြန်မှုသည် ၎င်းတို့အနေဖြင့် ရင်ဆိုင်နိုင်ရန် ခက်ခဲလွန်းလှ၏။
ဆွစ် ဆွစ် ဆွစ်
အလင်းတန်းများသည် ထပ်မံကာ ရောက်ရှိလာသည်။ နတ်ဆိုးမြူသားရဲများသည် တစ်ကောင်ပြီးတစ်ကောင် ပေါ်ပေါက်လာပြီး အနည်းဆုံး တစ်ထောင်နီးပါးခန့်ပင် ဖြစ်လာ၏။
“သွားပြီပဲ”
လီချင်းယန်သည် ပြိုလဲလုမတတ် ဖြစ်နေသည်။ “ငါတို့ ဒီကနေပြီးတော့ ထွက်ခွာဖို့ မဖြစ်နိုင်တော့ဘူး”
ဤသားရဲများသည် အားကောင်းလှသည်တော့ မဟုတ်ချေ။ သို့ပေမဲ့ အကောင်အရေအတွက်မှာ များပြားလွန်း လှ၏။ ထို့ကြောင့် ၎င်းတို့ကို သတ်ဖြတ်ရန် အချိန်အတော်ကြာပေလိမ့်မည်။ ထို့အပြင် နတ်ဆိုးမြူသားရဲဘုရင် ကလည်း တည်ရှိနေသေး၏။
ဝေါင်း
နတ်ဆိုးမြူသားရဲဘုရင်သည် ၎င်း၏ နောက်လိုက်များကို အော်ဟစ်ကာ ဆင့်ခေါ်လိုက်၏။ ၎င်းတို့၏ မျက်လုံးထဲမှ အလင်းတန်းများ ထွန်းတောက်လာခဲ့ပြီး တည်နေရာအနှံ့ဆီမှ ပြေးဝင်လာခဲ့ကြသည်။
သေချာကြည့်ရှုမည်ဆိုလျှင် များပြားလှသည့် ရန်သူများကြားထဲတွင် လီချင်းယန်နှင့် တခြားသူများသည် ပိတ်မိခံနေရသည့် သနားစရာ ပုရွက်ဆိတ်ကောင်လေးများကဲ့သို့ပင်။
“ငါတောင့်ခံထားမယ်။ မင်းတို့တွေ အရင်ဆုံး ဖောက်ထွက်ကြတော့” လုချင်းချင်းသည် ရှေ့ဆီသို့ လှမ်းတက် လိုက်၏။ သူမ၏ ရှည်လျားလှသော အမဲရောင်ဆံနွယ်များသည် လေထုထဲတွင် လူးလွန့်လျက် ရှိနေ၏။
ဟူး ဟူး
အရိုးကွဲလောက်စရာ အေးစက်သည့်အော်ရာများသည် သူမ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာ၏။ သူမ၏ ခြေထောက်အောက်တွင် ရှိသော မြေပြင်များသည် တဖြည်းဖြည်း အေးခဲလာ၏။ သူမကို ဗဟိုပြုပြီးနောက် တည်နေရာအနှံ့ဆီ မြန်မြန်ဆန်ဆန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။
ဂွပ် ဂွပ် ဂွပ် ဂွပ်
နတ်ဆိုးမြူသားရဲများသည် ထိုအရာနှင့် ထိတွေ့ပြီးသည့်နောက် ရေခဲရုပ်တုများအသွင် ပြောင်းလဲကုန်သည်။
“စီနီယာအစ်မကြီး”
“သွားကြ”
လီချင်းယန်သည် အနည်းငယ်နှောင့်နှေးနေ၏။ ပြီးသည့်နောက်မှာတော့ သူ၏ နတ်ဘုရားလက်နက်ဆီသို့ မိုးကြိုး ဓာတ်သဘာဝများ ထည့်သွင်းကာ အော်ဟစ်လိုက်၏။ “လမ်းတလျှောက် ရှိတဲ့အကောင်တွေ အကုန်သတ်”
ဟူး
ရီရှင်းချန်သည် သူ၏ နတ်ဘုရားလက်နက်ဖြစ်သော ပုဆိန်ကြီးကို ထုတ်ယူကာဖြင့် ဓာတ်ငါးပါးကောင်းကင် နည်းစနစ်ကို အသက်သွင်းကာ မီးဓာတ်များကို ထုတ်ဖော်၏။ ပြီးနောက် ချက်ချင်းပဲ တိုက်ခိုက်တော့သည်။
ဘန်း ဘန်း ဘန်း
မီးတောက်များ၏ ထောက်ပံ့မှုအောက်တွင် နတ်ဆိုးမြူသားရဲများသည် နှစ်ပိုင်းပြတ်ကုန်ကြ၏။ ပြီးသည့်နောက် မီးနှင့်လောင်တိုက်လိုက်သလို ဘာမှမရှိသလို ပျောက်ကွယ်ကုန်၏။
သို့ပေမဲ့ အဓိကအချက်အားဖြင့် နတ်ဆိုးမြူသားရဲများကို မည်သို့တိုက်ခိုက်သည်မှာ အရေးမကြီးချေ။ ထိုအစား ဝိုင်းပတ်ခံထားရခြင်းမှ ထွက်ပြေးလွတ်မြောက်နိုင်ရန် မည်ကဲ့သို့ နည်းလမ်းကို အသုံးပြုမည်က အရေးကြီးလို့ လာခဲ့သည်။
ဒင် ဒင် ဒင် …..။
အဆိပ်ကဲ့သို့သော အလင်းတန်းများသည် အဝေးဆီမှ ရောက်ရှိလာ၏။ ရှောင်ကျီသည် ထိုအရာများကို သံမဏိ ဒိုင်းကာဖြင့် မြှောက်ကာ၍ တားဆီးလျက်ရှိနေ၏။ သူ၏ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းလျက် ရှိနေ၏။
“မြန်မြန် ထွက်သွားကြတော့”
ကြောက်မက်ဖွယ်ကောင်းလှသော နတ်ဆိုးမြူများသည် တဖြည်းဖြည်းတိုးတက်လာသည်ကို သိရှိသည့်အချိန်မှာ တော့ သူသည် စွမ်းအားကင်းမဲ့သလို စတင်ကာ ခံစားလာရသည်။ ရီရှင်းချန်နှင့် ဟယ်ဝူတီတို့သည်လည်း အကောင်းဆုံး ခုခံထားကြသည်။ သို့ပေမဲ့ ၎င်းတို့သည် အကန့်အသတ်ဖြင့် တည်ရှိနေသေး၏။ ဤတည်နေရာမှ မြန်မြန်ဆန်ဆန် ထွက်ခွာမသွားနိုင်ပါက ကျိန်းသေပေါက် လမ်းလျှောက်လျက်ရှိနေသော အလောင်းကောင်များ အဖြစ်သို့ ပြောင်းလဲသွားမှာ သေချာသည်။
ဟူး ဟူး
မြူများသည် နတ်ဆိုးမြူသားရဲဘုရင်၏ အနီးတဝိုက်တွင် စုစည်းလာခဲ့၏။ ပြီးနောက် ကြီးမားသည့်လက်ကြီးအဖြစ် ဖြစ်တည်လာပြီး ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုများကို ထုတ်ဖော်တော့သည်။
ဘုန်း
ရှောင်ကျီသည် သူ၏ဒိုင်းကြီးကို မြှောက်ကာဖြင့် တားဆီးလိုက်သည်။ သူ၏ခြေထောက်များသည် မြေကြီးထဲသို့ပင် နစ်ဝင်သွား၏။ အထူးသဖြင့် ဝိညာဉ်အားအင် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူ၏ စိတ်ဝိညာဉ် သိစိတ်ပင်လယ်သည် ရူးရူးမူးမူး တိုက်ခိုက်ခြင်းကို ခံစားနေရ၏။ သူ၏ ခေါင်းတစ်ခုလုံးသည် ဖောက်ခွဲခံရလုမတတ် နာကျင်နေရ၏။ အဆိပ်များသည် သူ၏ မာကျောလှသော ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်ပေ။ သို့ပေမဲ့ ဝိညာဉ် တိုက်ခိုက်မှုမှာတော့ ထိုးဖောက်နိုင်စွမ်း ရှိနေ၏။
ဟူး
ရီရှင်းချန်သည် သူ၏ ပုဆိန်ကြီးကို မြှောက်ကာဖြင့် ထပ်မံကာ ခုတ်ပိုင်းလိုက်သည်။ သူသည် နတ်ဆိုးမြူသားရဲကြီး ရှိရာသို့ ချဉ်းကပ်သွားပြီးသည့်နောက် အားအကောင်းဆုံး စွမ်းအင်နှင့်အတူ ခုတ်ပိုင်းခြင်းကို ပြုမူတော့သည်။
သို့ပေမဲ့ ထိုအရာကို ခုတ်ပိုင်းရန် ပြင်လိုက်သည့်အချိန်မှာပဲ လက်နက်တွင်ရှိသော မီးတောက်များသည် ရုတ်တရက် ငြိမ်းသတ်သွား၏။ သူသည် ကျွမ်းကျင်လွန်းလှသော မီးဓာတ်သဘာဝကျင့်ကြံသူတစ်ယောက် မဟုတ်သောကြောင့် နတ်ဆိုးမြူသားရဲအား မီးတောက်များဖြင့် တိုက်ခိုက်သည့်နေရာတွင် လုံလောက်မှု မရှိချေ။
ဘုန်း …..။
နတ်ဆိုးမြူသားရဲဘုရင်သည် တခြားသောလက်ကြီးကို ဖန်တီးကာဖြင့် ရီရှင်းချန်အား အနောက်ဘက်သို့ လွင့်စင်အောင် တိုက်ခိုက်လိုက်သည်။
ဖောင်း ဖောင်း ဖောင်း ဖောင်း …..။
အားညိုသည် အမြှောက်ဆန်ကဲ့သို့ အနောက်ဘက်ကို လွင့်စင်သွားခဲ့သည်။ ပြီးသည့်နောက် ကြီးမားလှသည့် ကျောက်တုံးကြီးတစ်ခုနှင့် တိုက်မိကာ မြေပေါ်သို့ ပြုတ်ကျသွား၏။ နတ်ဆိုးမြူသားရဲဘုရင်၏ ခန္ဓာကိုယ်ချင်း တိုက်ခိုက်မှုသည် အားမကောင်းလှချေ။ သို့ပေမဲ့ ဝိညာဉ်တိုက်ခိုက်မှုမှာတော့ ကြောက်မက်ဖွယ်ကောင်းလှ၏။ ထိုးဖောက်နိုင်မှု အားအင်မှာလည်း ပြင်းထန်လွန်းသည်။ ထို့ကြောင့် ရီရှင်းချန်သည် ခန္ဓာကိုယ်ချင်း ရင်ဆိုင်ရာတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာ မရရှိသော်လည်း သိစိတ်တွင်တော့ အလွန်တရာ နာကျင်နေရ၏။
နတ်ဆိုးမြူသားရဲဘုရင်၏ တိုက်ခိုက်ချက်များသည် ယခင်ကထက် ပိုမိုကာ တိုးတက်လာသည်။
နေအုံး။ သူလွင့်စင် သွားခဲ့ပြီ မဟုတ်လား။ ဤအရာသည် ထွက်ပြေးလွတ်မြောက်နိုင်ရန် အခွင့်ကောင်းပင်ဖြစ်၏။ နတ်ဆိုးမြူသားရဲ ဘုရင်သည် ရီရှင်းချန်အား အနောက်ဘက်ပေတစ်ရာနီးပါးခန့် လွင့်စင်အောင် တိုက်ခိုက်ခဲ့၏။ ထိုအရာသည် ဝင်ပေါက်နှင့် အတော်နီးနေပြီဖြစ်၏။
ဆွစ်
အားညိုသည် ကျောက်တုံးကြီးဆီမှ လျှောက်ထွက်သွားပြီးသည့်နောက် ဝိုင်ဘူးသီးခြောက်ကို ဖွင့်ကာဖြင့် အရက်မူး အိမ်မက်ဝိုင်အား ပါးစပ်အပြည့် သောက်သုံးလိုက်သည်။ ပြီးနောက် အေးစက်သည့် မျက်လုံးများနှင့်အတူ နောက်ဘက်သို့ ခုန်ဝင်လာခဲ့သည်။
သူသွားလို့ရနိုင်သည်။ သို့ပေမဲ့ သူသာ သွားမည်ဆိုလျှင် သူ၏ ရောင်းရင်းများ မည်သို့ ကျန်ခဲ့မည်နည်း။
အား အား
ရီရှင်းချန်သည် ပြိုင်ဘက်ကင်းလှသော စစ်နတ်ဘုရားတစ်ယောက်ကဲ့သို့ စိတ်ဓာတ်ကို ပိုင်ဆိုင်သူဖြစ်၏။ သူသည် ပုဆိန်ကြီးကို ကိုင်ဆောင်ကာဖြင့် ကောင်းကင်ယံဆီမှ ဆင်းသက်လာခဲ့သည်။ ပြီးနောက် နတ်ဆိုးမြူသားရဲဘုရင် အား ပြင်းပြင်းထန်ထန်ဖြင့် ဝင်ရောက်တိုက်ခိုက်၏။ သူ့အနေနှင့် သေဆုံးပါလေ့စေဆိုသော စိတ်ဓာတ်ကို ပိုင်ဆိုင် နေပြီဖြစ်၏။
ဘုန်း ဘုန်း ဘုန်း …….။
လီချင်းယန်နှင့် ရှောင်ကျီတို့သည် သူတို့၏ ဓာတ်သဘာဝများကို ထုတ်ဖော်ကာ တိုက်ခိုက်ကြသည် ဆိုသော်လည်း နတ်ဆိုးမြူသားရဲဘုရင်၏ ဝိညာဉ်တိုက်ခိုက်မှုသည် အားကောင်းလွန်းလှချေ၏။ ထို့ကြောင့် မည်သူမှ မတိုက်ခိုက်နိုင်ကြချေ။ အခြေအနေသည် ဆိုးရွားသည့် အခြေအနေဆီသို့ ရောက်ရှိနေသည်။
ဆွစ် ……..။
ထိုအချိန်မှာပဲ လုချင်းချင်းသည် ကောင်းကင်ယံထက်ဆီသို့ ပျံတက်လိုက်၏။ သူမ၏ အေးစက်သည့် မျက်လုံးများ တွင် အလွန်အေးစက်သည့် အရိပ်အယောင်များ ထပ်မံကာဖြစ်တည်လာ၏။ သူမ၏ ညာဘက်လက်ဖမိုးတွင် ရှိနေသော ရေခဲဆိုသည့်စာလုံးသည် ပေါ်လာသည်။ ပြီးနောက် အားကောင်းလွန်းလှသော ဓာတ်သဘာဝများသည် ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာ၏။
ဟူး
ချက်ချင်းပဲ အရိုးကွဲလောက်အောင် အေးစက်သည် လေထုများသည် ဖြစ်ပေါ်လာခဲ့၏။ လီချင်းယန်နှင့် တခြားသော သူများသည် တုန်ယင်သွားခဲ့သည်။ ထို့ကြောင့် အလျင်အမြန်ဖြင့် လှည့်ကာ ကြည့်ရှုလိုက်သည်။
ဘန်း
ထိုအချိန်မှာပဲ အဖြူရောင်အလင်းတန်းများသည် ရေခဲများ၊ နှင်းများအဖြစ်သို့ စုစည်းကာဖြင့် ပေါက်ကွဲထွက်သွား ခဲ့သည်။ ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး ကောင်းကင်ယံထက်မှ နှင်းမှုန်များ ကျဆင်းလာသကဲ့သို့ ဖြစ်တည် သွားသည်။ ရီရှင်းချန်၏ တခြားသောသူများသည် မျက်လုံးပြူးသွားမိ၏။
လုချင်းချင်းသည် မြေပေါ်သို့ ဆင်းသက်လိုက်၏။ သူမ၏ အမဲရောင်ဆံနွယ်များအားလုံးသည် ဖြူဖွေးသွား၏။ လှပသည့် မျက်နှာလေးသည် ယခင်ကထက် ပိုမိုကာ အေးစက်လာခဲ့၏။ အထူးသဖြင့် ကောင်းကင်မှ နှင်းမြူများ ကျဆင်းနေသည့် မြင်ကွင်းနှင့် ကြည့်ရှုရမည်ဆိုလျှင် သူမသည် သေမျိုးလောကထဲသို့ ဆင်းသက်လာသည့် ရေခဲ နတ်မိမယ်တစ်ပါးကဲ့သို့ပင်။
ဒမ်း
“ချီးတဲ့မှ”
ရှောင်ကျီသည် ဆွံ့အသွားမိ၏။ စီနီယာအစ်မကြီး၏ ဆံပင်များသည် အဖြူရောင်အဖြစ်သို့ ပြောင်းလဲ သွားသည်။ ထို့အပြင် သူမ၏ အော်ရာများသည် ပိုမိုကာ အားကောင်းလာခဲ့၏။
“လမ်းဖယ်” လုချင်းချင်းက ပြောလိုက်သည်။
ဤစကားလုံးများသည် လူများအားလုံးအား ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်စေ၏။
ဆွစ်
အားညိုသည် သူ၏လက်နက်ကြီးကို ကိုင်ဆောင်ကာဖြင့် ခပ်ဝေးဝေးဆီသို့ ခုန်လိုက်၏။ ထွက်ခွာသွားပြီးချင်း မှာပဲ သူ၏နောက်ဘက်တွင် အေးစက်သည့်လေများ ဖြစ်ပေါ်လာပြီး မျက်စိတမှိတ်အတွင်း နတ်ဆိုးမြူသားရဲ ဘုရင်ကြီးသည် အေးခဲသွားခဲ့တော့၏။
“သွားကြရအောင်” လုချင်းချင်းက အော်ဟစ်လိုက်၏။ သူမ၏ လက်ဖမိုးပေါ်ရှိ စာလုံး၏ အထူးအကျိုး သက်ရောက်မှုကို ဖွင့်လှစ်ပြီးနောက် သူမ၏ ရေခဲဓာတ်သဘာဝများအပေါ် နားလည်မှုသည် ပိုမိုကာ တိုးတက် သွား၏။ ထို့ကြောင့် အမြူတေအဆင့်သုံး သိုင်းကျင့်ကြံခြင်းအဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော နတ်ဆိုးမြူသားရဲ ဘုရင်သည် ရုတ်တရက် အေးခဲသွားခဲ့တော့၏။ သို့ပေမဲ့ စက္ကန့်အနည်းငယ်လောက်သာ ခုခံနိုင်ပေလိမ့်မည်။
သို့ပေမဲ့ ဤအရာသည် လုံလောက်နေခဲ့ပြီဖြစ်၏။ လီချင်းယန်နှင့် တခြားသောသူများ၏ အားအင်အဆင့်အရ ဆိုလျှင် ကျိန်းသေပေါက် လွတ်မြောက်နိုင်စွမ်းရှိသည်။
“သွားကြ” လီချင်းယန်က အော်ဟစ်လိုက်၏။
ထိုအချိန်မှာတော့ သူတို့သည် နောက်ဆုတ်ရန် နည်းလမ်းကိုသာ ရွေးချယ်နိုင်တော့သည်။ မဟုတ်ပါက အားလုံး သေဆုံးသွားမှာဖြစ်၏။ ထိုအချိန်မှာပဲ ဟယ်ဝူတီသည် ရှေ့ဆီသို့ တက်လာ၏။ သူ၏ ညာဘက်လက်တွင် ရှိနေသော တံခါးဟူသည့်စာလုံးသည် ထွန်းလင်းတောက်ပလာ၏။ သူ၏နောက်ဘက်တွင် သေခြင်းနှင့် ရှင်ခြင်းတံခါး ပွင့်လာ၏။ ပြီးနောက် အဆုတ်ကွဲမတတ် အော်ဟစ်လိုက်သည်။ “ဒီထဲကို ကန်ထည့်လိုက်”
ဆွစ် ဆွစ် …….။
လီချင်းယန်နှင့် ရီရှင်းရှန်တို့သည် ချက်ချင်းပဲ နားလည်သွား၏။ တစ်ချက်ကလေးမှ တွေးတောမနေဘဲ နတ်ဆိုးမြူ သားရဲဘုရင်ကြီးအနောက်ဆီသို့ သွားရောက်၍ စွမ်းအင်အပြည့် အသုံးပြုကာ ကန်ထုတ်လိုက်၏။
ဘုန်း ဘုန်း ……။
ကြီးမားလှသည့် ရေခဲရုပ်ထုကြီးသည် လွင့်စင်သွား၏။ ပြီးနောက် သေခြင်းတံခါးဆီသို့ ဝင်ရောက်သွားခဲ့တော့ သည်။
........
ပြိုင်စံရှားဂိုဏ်း
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲတွင် ထိုင်လျက် ရှိနေသည်။ “အကြီးအကဲကျန်း... တည်နေရာ ရွေ့ပြောင်းခြင်း အစီအရင်တွေကို သုတေသန ပြုလုပ်နေတာ ဘယ်လို အခြေအနေရှိလဲ”
“ဒါက အရမ်းကို ခက်ခဲလွန်းတယ်”
ကျန်းတယ်ကျွင်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “တိုးတက်မှု တစ်ချက်ကလေးတောင် မရှိဘူး”
“အလျင်မလိုနဲ့။ အေးအေးဆေးဆေး လုပ်ပါ”
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ လီထျန်းထျန်းသည် အပြင်ဘက်ဆီမှ ပြေးဝင်လာ၏။ ပြီးနောက် ထိတ်လန့်စိုးရွံ့စွာဖြင့် ပြောလိုက်သည်။ “စီနီယာအစ်မကြီးနဲ့ ဒုတိယစီနီယာအစ်ကိုကြီးတို့ရဲ့ ပဋိညာဉ်သားရဲတွေက အသက်မဲ့သလို ဖြစ်နေတယ်”
ဆွစ်
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ မတ်တပ်ထရပ်လိုက်၏။ သူ၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ တပည့်များ နေထိုင်ရာ တောင်ထွတ်ပေါ်သို့ လှမ်းကြည့်လိုက်သည့်အချိန်မှာတော့ မိုးကြိုးကြံ့သားရဲနှင့် ရေခဲဖီးနစ် သားရဲတို့သည် မြေပေါ်တွင် လဲလျောင်းလျက် ရှိနေ၏။ သူသည် မျက်မှောင်ကုတ်ကာ ပြောလိုက်မိသည်။ “သူတို့ တာဝန်သွားလုပ်တုန်း ပြဿနာတက်နေတာနဲ့တူတယ်”
ဆွစ် ဆွစ်
ချက်ချင်းပဲ ပြိုင်စံရှားဂိုဏ်းဆီမှ အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။ ထိုအလင်းတန်းများသည် ဂိုဏ်းတစ်ခုလုံး လှုပ်ရှားသက်ဝင်သွားသည်ဟု ဆိုရမည်။ အားလုံးသောသူတို့သည့် လုချင်းချင်းနှင့် လီချင်းယန်တို့ တာဝန်ပြုလုပ်သည့် တားမြစ်တည်နေရာဖြစ်သော နတ်ဆိုးမြူတောအုပ်ဆီသို့ ဦးတည်လျက် ရှိနေတော့သည်။