← Chapters

အခန်း (၁၄၄၁)

Vol. 97 Ch. 1441

အခန်း (၁၄၄၁)

Vol. 97 Ch. 1441

“ဒင်... တပည့် လုချင်းချင်နှင့် ရှောင်ကျီတို့သည် ဂိုဏ်း၏တာဝန်ကို ပြည့်စုံစေခဲ့၏။ ထို့ကြောင့် ဂိုဏ်းစုဆောင်းမှတ် တစ်ရာ၊ ဂိုဏ်းအောင်မြင်မှုအမှတ်တစ်ရာနှင့် ဂိုဏ်းဂုဏ်သိက္ခာအမှတ် ဆယ်မှတ်တို့ကို ရရှိသည်”

ကျွင်းချောင်ရှောင်းသည် တပည့်များအား ဂိုဏ်းဆီသို့ ပြန်ခေါ်ဆောင်လာသည့်အချိန်တွင် သူ၏နားထဲ၌ သတိပေးသံ ပေါ်ပေါက်လာ၏။ “ချီးတဲ့မှ... ဂိုဏ်းဂုဏ်သိက္ခာအမှတ်ကို ဆုလာဘ်အဖြစ် တကယ်ရခဲ့တာပဲ”

ကုန်းရှန့်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ ဂိုဏ်းဂုဏ်သိက္ခာအမှတ် ဆယ်မှတ်ဆိုသည်မှာ နည်းပါးလွန်းလှသည်ဆိုသော်လည်း ခက်ခဲလှသည့် တာဝန်များက အများကြီး ကျန်ရှိနေသေး၏။ ဤကဲ့သို့ တာဝန် ပြည့်စုံအောင် ပြုလုပ်နိုင်မည်ဆိုလျှင် ဂိုဏ်းဂုဏ်သိက္ခာအမှတ်များ ရရှိမည်ဆိုပါက တဖြည်းဖြည်းနှင့် စုဆောင်း သွားနိုင်စွမ်း ရှိပေလိမ့်မည်။ “ကျုပ် သိပြီ”

စနစ်က ပြောလိုက်၏။ “အသစ်ပေါ်ပေါက်လာတဲ့ ဂိုဏ်းရဲ့တာဝန်တွေက တော်တော်ကို ကောင်းတာပဲ။ အနည်းဆုံးတော့ လက်ခံသူအတွက် စုမိဆောင်းမိလေးတော့ ရှိနေတာပဲ”

“မဆိုးဘူး။ မှန်တယ်” ကျွင်းချောင်ရှောင်းက ခေါင်းညိတ်လိုက်သည်။

“ဂိုဏ်းချုပ်”

ထိုအချိန်မှာပဲ ခရမ်းရောင်ဘုရင်သည် အဓိကဟောခန်းထဲသို့ လျှောက်ဝင်လာကာ လေးလေးနက်နက် ပြောလိုက်၏။ “ကျုပ် အရင်တုန်းက နတ်ဆိုးမြူသားရဲဘုရင်နဲ့ တွေ့ခဲ့ဖူးတယ်။ တစ်စုံတစ်ခုက မှားယွင်းနေပြီ”

“ဘာကို မှားတာလဲ” ကျွင်းချောင်ရှောင်းက ပြန်မေးလိုက်သည်။

ဟောခန်းသခင်ကျိက ပြောလိုက်၏။ “ကျုပ် အောက်နယ်မြေဆီကို ရောက်မလာခင်တုန်းက အဲကောင်က စည်းအစီအရင်ထဲမှာ စည်းခတ်ခြင်းကို ခံထားရတဲ့ကောင်လေ။ သူက တောအုပ်ထဲမှာ ပေါ်မလာသင့်ဘူး”

မွန်းစတားဘုရင်တစ်ယောက် ဖြစ်သည်နှင့်အညီ သူသည် နတ်ဆိုးမြူသားရဲဘုရင်အကြောင်းအားလည်း ကောင်းကောင်း ကြားဖူး၏။ တစ်ဖက်လူသည် နတ်ဆိုးမြူတောအုပ်ထဲတွင် လူသားများအား ချောင်းမြောင်း သတ်ဖြတ်ခဲ့သည့်အတွက် ဆန်းကြယ်လှသောပါရမီနှင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် လူကိုယ်တိုင် ရောက်ရှိလာပြီး ၎င်းအား စည်းခတ်ခဲ့သည်။

“ဟမ်”

ဘာတွေဖြစ်ခဲ့သည်ကို သိရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ခဏကြာအောင် စဉ်းစားလိုက်၏။ “ဒါဆိုရင် စည်းက ပျက်ဆီးသွားခဲ့တာလား။ ဒါကြောင့် ဒီကောင်ပေါ်လာတာလား”

“မဖြစ်နိုင်ဘူး”

ခရမ်းရောင်ဘုရင်က ပြောလိုက်သည်။ “နတ်ဆိုးမြူသားရဲဘုရင်ကို စည်းခတ်ထားတဲ့လူက အစီအရင် ကျွမ်းကျင်သူတစ်ယောက်ပဲ။ စည်းခတ်ထားတာ အချိန်ကြာလို့ လွတ်သွားနိုင်တဲ့အရာမျိုး မဟုတ်ဘူးလေ”

ပြီးနောက် သူသည် ခဏလောက် ရပ်တန့်ကာ ပြောလိုက်၏။ “တစ်စုံတစ်ယောက်က စည်းကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးခဲ့တာက လွဲရင်ပေါ့”

ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်လိုက်၏။ သူ၏ မျက်လုံးများသည် အေးစက်လာခဲ့တော့သည်။ အချက် အလက်အားဖြင့် စည်းသည် ပျက်ဆီးသွားသည်ဟု သူခန့်မှန်းမိသည့်အချိန်တွင် စည်း၏အော်ရာများကို သိရှိရမည် ဖြစ်၏။ သို့ပေမဲ့ သူတို့ ရောက်ရှိသွားသည့်အချိန်တွင် မည်သည့်အော်ရာကိုမှ မတွေ့ရှိခဲ့ပေ။ ထို့ကြောင့် ဟောခန်းသခင်ကျိသည် သတိပြုမိခဲ့ခြင်းပင်။

“ဒါက မရိုးရှင်းဘူး”

စနစ်က ပြောလိုက်၏။ “စည်းရဲ့အစီအရင်ကို ဖယ်ရှားလိုက်ပြီ ဆိုရင် ဘာအော်ရာမှာ ကျန်နေမှာ မဟုတ်တော့ဘူးလေ”

“ဒါဆိုရင်”

ကျွင်းချောင်ရှောင်း၏ အကြည့်များသည် အေးစက်သွား၏။ သူက ပြောလိုက်သည်။ “အပြင်မှာရှိတဲ့ သားရဲဘုရင်က ချင်းယန်နဲ့ တခြားသူတွေနဲ့ ရင်ဆိုင်တွေ့ခဲ့တယ်ဆိုတာ ရိုးရိုးသားသား မဟုတ်ဘူး။ သူတို့က ပစ်မှတ်ထားခံနေရတာပေါ့”

စနစ်သည် လေးလေးနက်နက် ပြောလိုက်၏။ “ဂိုဏ်းရဲ့တာဝန်က မတူညီဘဲ ခက်ခဲလွန်းတယ်ဆိုပေမဲ့ သေသေချာချာ တွက်ချက်ထားတာကြောင့် အသက်အန္တရာယ်ရှိတဲ့ အခြေအနေမျိုးထိ ရောက်မှာ မဟုတ်ဘူး။ တခြားသော တစ်စုံတစ်ယောက်က ဝင်ပြီး ကုလားဖန်ထိုးရင်တော့ မသိဘူးပေါ့”

အချက်အလက်အားဖြင့် ဤမွန်းစတား သားရဲဘုရင်သည် သူတို့၏ လမ်းကို ရုတ်တရက် တားဆီးလာခြင်းသာ မဟုတ်ပါက လုချင်းချင်းနှင့် တခြားသောသူများသည် အနောက်ဘက်ဆီသို့ မြန်မြန်ဆန်ဆန် ဆုတ်ခွာနိုင်မှာဖြစ်၏။ ဤကဲ့သို့ ဆိုးရွားလှသည့် အန္တရာယ်အတွင်းသို့ ကျရောက်နိုင်လိမ့်မည် မဟုတ်ချေ။

“ဂိုဏ်းချုပ်”

တစ်ချိန်လုံး ငြိမ်သက်လျက် ရှိနေသည့် အမဲရောင်နတ်ဆိုးသည် ဝင်ကာ ပြောလိုက်သည်။ “ကျုပ် သိသလောက်ဆိုရင် နတ်ဆိုးမြူတောအုပ်ထဲကို ဝင်သွားပြီးတော့ အထဲက နတ်ဆိုးသားရဲဘုရင်ကို စည်းခတ်ခဲ့တဲ့ လူက နယ်မြေဟောခန်းက ကျွမ်းကျင်သူတစ်ယောက်လေ”

“ကျုပ်လည်း အဲတာကို ကြားခဲ့ဖူးတယ်”

အဖြူရောင်နတ်ဆိုးက ပြောလိုက်၏။ “အစီအရင် ဌာနချုပ်မှာရှိတဲ့ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် ဖြစ်ပုံပေါ်တယ်။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က မမြင့်မားဘူး ဆိုပေမဲ့ အစီအရင် အပေါ် နားလည်မှုကတော့ အရမ်းကို အားကောင်းတယ်။ ယေဘူယျအားဖြင့် သူ့ရဲ့အစီအရင် စည်းခတ်ခြင်းစနစ်က အရမ်းကို ကောင်းမွန်လှပြီး ကျော်ကြားလွန်းတာထက်တောင် ပိုသေးတယ်”

“နယ်မြေဟောခန်း ဟုတ်လား”

ကျွင်းချောင်ရှောင်း၏ မျက်နှာသည် မဲနက်သွား၏။ သူ၏နောက်ခံသည် ကြီးမြတ်သူ တုံးကုဖြစ်သည်ဆိုကြောင်းကို သူတို့သိရှိ၏။ ထို့ကြောင့် ပွင့်ပွင့်လင်းလင်း မပြုလုပ်ရဲဘဲ နောက်ကွယ်မှ ကုလားဖန်ထိုးနေသည်လား မသိချေ။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် ကျိန်ဆဲလိုက်မိ၏။ “ကျုပ်က တစ်ချိန်လုံး သိုသိုသိပ်သိပ်နေပြီး ဘာပြဿနာမှ မရှာဘဲ နေခဲ့တာ။ ဒါပေမဲ့ ပြိုင်စံရှားဂိုဏ်းကို ဒီလိုမျိုး အနိုင်ကျင့်လို့ရတယ် ထင်နေတာလား”

အမဲရောင်နတ်ဆိုးသည် သူ၏မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “နတ်ဆိုးမြူသားရဲဘုရင်ကို စည်းခတ်ခဲ့တာက နယ်မြေဟောခန်းက ဆိုတာ လူတွေအကုန်လုံး သိတယ်လေ။ သူတို့က စည်းကို မသိမသာနဲ့ ဖယ်လိုက်မယ် ဆိုရင် ဒီနည်းလမ်းကြီးက အရမ်းကို ညံ့ဖျင်းရာကျတယ်”

အဖြူရောင်နတ်ဆိုးက ပြောလိုက်၏။ “အစီအရင်ရဲ့ အားအင်အဆင့်က အစီအရင်ဌာနချုပ်က ထိပ်တန်း ကျွမ်းကျင်သူတစ်ယောက် စီရင်ထားတာဆိုတော့ မပျက်စီးနိုင်ဘူး။ ပြီးတော့ သူတို့ကလည်း နာမည်အပျက်ခံပြီး တော့ ဒါကြီးကိုလာ စည်းဖြည်နေမှာ မဟုတ်ဘူးလေ။ အခုလို တိတ်တဆိတ် စည်းကို ဖျက်ဆီးလိုက်တယ် ဆိုတာက တခြားတစ်စုံတစ်ယောက်က လုပ်တာများ ဖြစ်နေမလား”

“ဒါက ပြောရခက်တယ်”

အမဲရောင်နတ်ဆိုးက ပြောလိုက်သည်။ “အထက်နယ်မြေဆီမှာ အစီအရင်နဲ့ပတ်သက်ပြီး လေ့လာနေတဲ့လူက တစ်ယောက်ထက်ပိုတယ်လေ။ ဥပမာအားဖြင့် ထိုက်ရွှမ်အဘိုးအိုကို ကြည့်လိုက်။ သူက တစ်နှစ်ပတ်လုံး ဘယ်အပြင်ကိုမှ မသွားဘူးဆိုပေမဲ့ အစီအရင်နဲ့ ပတ်သက်တဲ့ နားလည်မှုက အစီအရင်ဟောခန်း ဌာနချုပ်မှာရှိတဲ့ ကျွမ်းကျင်သူတွေထက် ဘယ်လိုမှ အားမနည်းဘူး”

“ဒါက” အဖြူရောင်နတ်ဆိုးသည် ရုတ်တရက် တိတ်ဆိတ်သွားမိ၏။

“အမဲရောင် အစောင့်အရှောက်... ခင်ဗျားဆိုလိုတာက တစ်စုံတစ်ယောက် အစီအရင်ကို ဖျက်ဆီးပြီးတော့ နယ်မြေ ဟောခန်းဆီ ပြဿနာတင်ချင်တာပေါ့” ကျွင်းချောင်ရှောင်းက ဝင်ကာ ထောက်ပြလိုက်သည်။

အမဲရောင်နတ်ဆိုးက ပြောလိုက်၏။ “ကျုပ်က ဖြစ်နိုင်သမျှတွေ အားလုံးကို ထောက်ပြီး စဉ်းစားရုံ သက်သက်ပါပဲ”

“ဒါက အမှန်ပဲ”

ကျွင်းချောင်ရှောင်းက သဘောတူလိုက်သည်။ “တိကျခိုင်မာတဲ့ သက်သေမရှိဘဲနဲ့ ဘာတစ်ခုကိုမှ ပြောလို့မရနိုင်သေးဘူး။ ဖြစ်နိုင်ချေလို့ပဲ ပြောရမယ်”

ပထမတုန်းက အနည်းငယ် ဒေါသထွက်လျက် ရှိနေသည့် သူသည် အမဲရောင်နတ်ဆိုး၏ စကားကို ကြားရသည့်အချိန်မှာတော့ ပြန်လည်ငြိမ်သက်သွားခဲ့သည်။ သူက တွေးလိုက်မိ၏။ ဘယ်သူပဲ လုပ်ခဲ့၊ လုပ်ခဲ့ ဂိုဏ်းအနေနဲ့ ပစ်မှတ်ထားခြင်းကို ခံနေရပြီဆိုတော့ ငါပိုပြီးတော့ ဂရုစိုက်မှ ဖြစ်လိမ့်မယ်။

ကျွင်းချောင်ရှောင်း အနေဖြင့် အပြင်ဘက်တွင် ရှိနေသော ရန်သူများကို မည်သို့မှ မကြောက်လန့်ချေ။ အထက် နယ်မြေဆီသို့ ရောက်ရှိလာခဲ့သည် ဆိုလျှင်တောင်မှ ပွင့်ပွင့်လင်းလင်း လာရောက်စိန်ခေါ်ပါက သူသည် ပြန်လည်တိုက်ခိုက်မှာ သေချာ၏။ သို့ပေမဲ့ တစ်စုံတစ်ယောက်၏ နောက်ကွယ်မှနေ၍ နောက်ကျောကို ဓားနှင့်ထိုးသည့် လုပ်ရပ်မျိုးသည် စိတ်တိုစရာ ကောင်းလွန်းလှသည်။

.........

မီးလောင်တစပြင်ကဲ့သို့ ဖြစ်တည်နေသော နတ်ဆိုးမြူတောကြီး၏ အထက်ကောင်းကင်ယံတွင်တော့ ဧကရီ လင်းရောင်သည် ရုတ်တရက် ပေါ်ပေါက်လာ၏။ ခန္ဓာကိုယ်ကို တိမ်များ၊ မြူများ ဖုံးလွှမ်းလျက် ရှိနေသောကြောင့် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ မျက်နှာအမူအရာကို မြင်ရရန် ခက်ခဲလွန်းလှသည်။

ကျွတ် ကျွတ် ကျွတ်

အပေါ်ဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။ “ခင်ဗျားက ကုကျောင်းရှစ်နောက်ကို လိုက်ရမယ့်အစား ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ”

ဒွီ

ရွှေရောင်စစ်ရထားကြီးသည် ချက်ချင်းပေါ်ပေါ်လာ၏။ ကျင်းဟောင်သည် မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ထိုနေရာပေါ်တွင် ပျင်းရိလေးကန်စွာဖြင့် ထိုင်လျက်ရှိသည်။ သူ့ကို ကြည့်ရသည်မှာ ကျွင်းချောင်ရှောင်းထက်ပင် ပိုမို စိတ်တိုချင်စရာ ကောင်းလွန်းလှ၏။

“နယ်မြေဟောခန်းက ကျွန်မတို့နှစ်ယောက်ကို ပူးပေါင်းပြီးတော့ ကုကျောင်းရှစ်နောက်ကို လိုက်ဖို့ ခိုင်းထားတာ။ ကျွန်မနောက်ကို သူလျှိုလိုက်လုပ်နေဖို့ မဟုတ်ဘူး” ဧကရီလင်းရောင်က ပြောလိုက်သည်။

“နားလည်မှု မလွဲပါနဲ့”

ကျင်းဟောင်က ပခုံးတွန့်လိုက်သည်။ “ကျုပ်က ခင်ဗျားနောက်ကိုလိုက်ပြီး သူလျှို လုပ်နေတာ မဟုတ်ဘူး။ သိချင်ရုံ သက်သက်ပါပဲ။ ခင်ဗျား ဘာလို့ ပြိုင်စံရှားဂိုဏ်းကို ဒီလောက်ကြီး ဂရုစိုက်နေရ တာလဲ”

“အဲတာ ရှင်နဲ့ ဘာဆိုင်လို့လဲ”

“မပြောဘူးလား။ ကျုပ်က စိတ်ဝင်စားရုံ သက်သက်ပါပဲ”

“စိတ်ဝင်စားလွန်းလို့လဲ ကြွက်သားပြန်လည်ကောင်းမွန်ခြင်း အခန်းထဲမှာ နှစ်နှစ်လောက် ပြန်လည် အားမွေးခဲ့ရ တာကော”

သူသည် အမှန်ပင် အနာကို တုတ်ဖြင့်ဆွနေခြင်းကို ခံနေရ၏။ ကျင်းဟောင်အနေဖြင့် မျက်နှာပေါ်တွင် ပြုံးလျက် ရှိနေသည်ဆိုသော်လည်း မျက်လုံးထဲတွင်တော့ အမုန်းတရား၏ အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ “ကျုပ်က မကြာခင် အနှေးနဲ့အမြန်ဆိုသလို ကလဲ့စား ပြန်ချေမယ်”

“ဒါဆိုရင် ရှင့်ကို အကြံတစ်ခု ပေးလိုက်မယ်”

ဧကရီလင်းရောင်က ပြောလိုက်သည်။ “ရှင် အသက်ရှင်ချင်သေးတယ် ဆိုရင် သူတို့ကိုသွားပြီး ပြဿနာ မရှာတာ အကောင်းဆုံးပဲ”

“ကြီးမြတ်သူတုံးကုကြောင့်လား”

“ဖြစ်နိုင်ပါတယ်”

ထွီ

“နောက်ခံသာမရှိရင် သူက တကယ့်ကို ပုရွက်ဆိတ်လေး တစ်ကောင်လိုပဲ”

ထိုစကားကို ကျွင်းချောင်ရှောင်းသာ ကြားသည်ဆိုပါက မခံချိ၊ မခံသာဖြင့် ထကာ ပြောပေလိမ့်မည်။ “ကျုပ်ကိုတောင် နိုင်လို့လား”

..........

ပြိုင်စံရှားဂိုဏ်း

အနည်းငယ် ပြန်လည်ကာ အားမွေးပြီးနောက် လုချင်းချင်း၏ ဒဏ်ရာများသည် ပြန်လည်ကောင်းမွန်လာ၏။ သို့ပေမဲ့ သူမသည် ဘုံကိုးပါး လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်၍ ကျင့်ကြံရန် ပြင်နေသည့်အချိန်မှာပဲ ကျွင်းချောင်ရှောင်းက သူမကို တားဆီးလိုက်၏။ “ငါ့အနေနဲ့ မင်းကိုလာပြီး မကယ်ခဲ့ဘူးဆိုရင် ဘာတွေဖြစ်သွား မယ်လို့ထင်လဲ”

နတ်ဆိုးမြူသားရဲတောအုပ်ထဲတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများ အားလုံးကို လီချင်းယန်ဆီမှ သူ အလုံးစုံ ကြားခဲ့ပြီးဖြစ်၏။ အထူးသဖြင့် နတ်ဆိုးမြူသားရဲဘုရင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရလုနီးပါး အခြေအနေသို့ ရောက်ရှိ ချိန်တွင် ဤအမျိုးသမီးသည် အားလုံးသောသူများကို ကာကွယ်ပေးခဲ့၏။ သူမ၏ ခန္ဓာကိုယ်သည် တလက်လက် လင်းလက်နေပြီး တစ်စုံတစ်ခု စတေးခဲ့ရသည့် ပုံပန်းသွင်ပြင်မျိုးလည်း တည်ရှိနေခဲ့သည်။

မည်သည့်အရာကို စတေးခဲ့ ရသနည်း။ သလင်းအမြူတေလား။ ဓာတ်သဘာဝလား။ ဝိညာဉ်လား။ အရာအားလုံး ဖြစ်နိုင်စွမ်းရှိသည်။ သို့ပေမဲ့ ဤကဲ့သို့ ထူထူထောင်ထောင်နှင့် သွားလာနိုင်သည်ဆိုမှတော့ ကြီးမားသည့် ပေးဆပ်မှုမျိုးတော့ မဟုတ်နိုင်ချေ။

“နည်းနည်းလေး ပိုပြီးလေးနက်တဲ့ အရာလောက်ပါပဲ” လုချင်းချင်းက ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် သူမပြောသည့်စကားများကို မယုံကြည်ချေ။ သို့ပေမဲ့ လေးလေးနက်နက် ပြောလိုက်၏။ “အနာဂတ်မှာ ဘယ်အန္တရာယ်ကိုပဲတွေ့တွေ့ ဂိုဏ်းကို ချက်ချင်းသတင်းပို့နိုင်မယ့် နည်းလမ်းတစ်ခုကို စဉ်းစားပါ”

“နားလည်ပါပြီ”

လုချင်းချင်းက ပြောလိုက်သည်။ “တခြား ဘာမှ မရှိတော့ဘူးဆိုရင် တပည့်သွားပြီး လေ့ကျင့်လို့ ရနိုင်မလား”

ဘုံကိုးပါးလျှို့ဝှက်နယ်မြေထဲသို့ သူမ ဝင်ရောက်သွားသည်ကို ကြည့်ရှုပြီးနောက် ကျွင်းချောင်ရှောင်းသည် နှာခေါင်းကို ပွတ်သပ်ကာ ရယ်မောလိုက်၏။ “ထိုက်ရွှမ်အအေးလှိုဏ်ဂူထဲက ပြန်လာပြီးကတည်းက ဒီအကြီးဆုံး တပည့်က တော်တော် ပြောင်းလဲသွားတာပဲ”

“အင်း”

စနစ်သည် သက်ပြင်းချလိုက်မိသည်။ “ဂိုဏ်းတစ်ခုလုံးထဲမှာ သာမန်ဖြစ်တယ်လို့ သုံးသပ်လို့ရတာ ဒီတပည့် တစ်ယောက်ပဲ ရှိတယ်။ ဒါတောင်မှ လက်ခံသူရဲ့ လွှမ်းမိုးမှုအောက်မှာ နည်းနည်းပြောင်းလဲလာခဲ့ပြီပဲ”

“ဒါနဲ့…”

ကျွင်းချောင်ရှောင်းသည် သူ၏နဖူးကို ပိတ်ရိုက်ကာ ပြောလိုက်သည်။ “အဆိပ်ဖြေဆေးတွေက ခန်းမသခင် မြောင် ဖော်စပ်ထားတာ မဟုတ်လား။ ဒါက တကယ့်ကို အကျိုးကျေးဇူး ရှိတယ်လေ။ ဂိုဏ်းရဲ့ ဆိုင်မှာ တင်ပြီး ရောင်းလိုက်မယ်ဆိုရင် အမြတ်အစွန်း တော်တော်များမယ်ထင်တယ်”

ထို့ကြောင့် သူသည် အဆိပ်ခန်းမဆောင် ဆီသို့ ဦးတည်လိုက်၏။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ဤအဆိပ်ခန်းမ ရှိရာသို့ လာချင်စိတ် မရှိပေ။ အဆိပ်နှင့် ပတ်သက်သော ဟောခန်းတစ်ခုကို တည်ထောင်ပြီးကတည်းက ဤတည်နေရာသည် အဆိပ်ငွေ့များဖြင့် ပြည့်နှက်လျက် ရှိနေ၏။ လေထုတစ်ခုလုံးသည်လည်း ညှီစို့စို့ အနံ့များနှင့် ပြည့်နှက်နေသည်။

“ဂိုဏ်းချုပ်... ဘာကိစ္စလဲ”

ဟောခန်းထဲမှာတော့ မြောင်စိုင်းဖန်သည် လက်ဖက်ရည်ခွက် တစ်ခွက်ကို ကမ်းပေး လိုက်၏။ သူမသည် ပြိုင်စံရှားဂိုဏ်းထဲသို့ အတင်းဝင်ရောက်ရန် တွန်းအားပေးခံခဲ့ရသည်ဆိုသော်လည်း လက်ရှိ အခြေအနေမှာတော့ တသားတည်း ဖြစ်တည်နေ၏။ ဤအမျိုးသမီးသည် လီလိုရှုနှင့် ဆင်တူလွန်းလှ၏။ အစ်မကြီး တစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးတည်ရှိနေပြီး တစ်နှစ်ပတ်လုံး အဆိပ်များနှင့် ဆော့ကစားနေသည်ဆိုသော်လည်း သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မတူညီသည့် ပုံပန်းသွင်ပြင်မျိုးဖြင့် ချောမောလှပလျက် ရှိနေသေးသည်။

သို့ပေမဲ့ သူမ၏ လှပမှုနှင့် ပတ်သက်၍ ကျွင်းချောင်ရှောင်း၌ မည်သည့်အတွေးမှ မရှိချေ။ ထိုအရာကို စာဖတ်သူများလည်း ကောင်းကောင်း သိရှိပေလိမ့်မည်။

“လက်ဖက်ရည်ထဲမှာ အဆိပ်တွေ၊ ဘာတွေများ ရှိနေလား”

“တကယ်လို့ အဆိပ်ရှိနေမယ်ဆိုရင်တောင် ဂိုဏ်းချုပ် အဆိပ်မိမှာ မဟုတ်ပါဘူး”

“ဒါကတော့ အမှန်ပဲ” ကျွင်းချောင်ရှောင်းသည် လက်ဖက်ရည်ခွက်ကို ကောက်ကာ သောက်လိုက်၏။ ပြီးသည့်နောက် သူမအား အဆိပ်ဖြေဆေးများ ပိုမိုသန့်စင်ထားရန် ညွှန်ကြားခဲ့တော့သည်။ လက်ရှိအချိန်မှာတော့ ဘာတစ်ခုမှ အသုံးမဝင်သည့် အခြေအနေမျိုးတွင် ရှိနေသော အဆိပ်ဟောခန်းသည် ချက်ချင်းပဲ အသုံးဝင်သည့် အရာအဖြစ်သို့ တရားဝင် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

ဂွီ

အိမ်သာထဲမှာ အသံတစ်ခု ထွက်ပေါ်လာ၏။ ခဏလောက် ကြာပြီးသည့်နောက် အိမ်သာထဲမှ ထွက်လာသော ကျွင်းချောင်ရှောင်းသည် လက်တစ်ဖက်အား နံရံတွင်မှေးကိုင်၍ ပျော့ခွေနေသော ခြေထောက်များနှင့်အတူ တုန်တုန်ယင်ယင် ဖြင့် ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာခဲ့၏။ “ဒီမိန်းမ လက်ဖက်ရည်ထဲ တကယ်ကြီး အဆိပ်ခတ်ထားတာပဲ”

All Chapters