← Chapters

အခန်း (၁၄၄၂)

Vol. 97 Ch. 1442

အခန်း (၁၄၄၂)

Vol. 97 Ch. 1442

တပည့်များသည် ဂိုဏ်း၏တာဝန်ကို ဆက်လက်ကာ ပြုလုပ်နေပြီး အရင်တုန်းက ဖြစ်ခဲ့သည် မတော်တဆမှုများ ကြောင့် ကျွင်းချောင်ရှောင်းသည် ပိုမိုကာ သတိရှိနေသည်။ တာဝန်များသည် ပိုမိုကာ ခက်ခဲလှသည်ဆိုသော်လည်း အချိန်အတိုင်းအတာ တစ်ခုအထိ ခဏလောက် ဆိုင်းထားရန်လည်း သူစဉ်းစားမိ၏။ ရုတ်တရက် သတိအပြည့်နှင့် ဖြစ်နေရခြင်းကို သူမပျော်ရွှင်လှချေ။

ထို့ကြောင့် စည်းကို မည်သူချိုးဖောက်ပြီး နတ်ဆိုးမြူသားရဲဘုရင်အား မည်သူ လွှတ်ပေးလိုက်သည် ဆိုခြင်းကို ဖြစ်နိုင်သမျှ အမြန်ဆုံး သိချင်နေမိသည်။

“ရှာတွေ့တော့ကော လက်ခံသူက ဘာလုပ်လို့ရမှာလဲ” စနစ်က မေးလိုက်သည်။

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ လက်ရှိအချိန်တွင် နယ်မြေဟောခန်းသည် နောက်ကွယ်မှ သူ့အား လှည်စားလျက် ရှိနေသည် ဆိုသည့်အကြောင်းကို သေသေချာချာ သက်သေမပြနိုင်ချေ။ ထို့အပြင် လက်သည်ကို ရှာဖွေတွေ့ရှိခဲ့သည်ဆိုလျှင်တောင်မှ ထိပ်တိုက် တိုက်ခိုက်နိုင်စွမ်း သူ့တွင် ရှိနေရဲ့လား။

ရွှေရောင်ဆံပင်နှင့် လူတစ်ယောက်တည်းကပင်လျှင် အမြူတေ အသွင်ပြောင်းလဲခြင်းအဆင့်ကိုး ကို ပိုင်ဆိုင်လျက်ရှိနေ၏။ သူ့အနေနှင့် စွမ်းအင်များ သိပ်ဆည်းထားခဲ့သည့် မိုးကြိုးတုတ်ကြီးကိုသာ ထုတ်ဖော်၍ အသုံးမပြုပါက တစ်ဖက်လူကြောင့် သူ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရနေလောက်ပြီဖြစ်၏။ ထို့ကြောင့် ဂိုဏ်း၏ လက်ရှိ အားအင်အဆင့် အရ နယ်မြေဟောခန်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ရန် ခက်ခဲလှသည်ဟု ကုန်းရှန့်က ကောင်းကောင်း နားလည်မိသည်။

“အားနည်းလွန်းတယ်” ကျွင်းချောင်ရှောင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာဖြင့် ပြောလိုက်မိ၏။

စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ အထက်နယ်မြေကို ရောက်တာ နှစ်နှစ်ပဲ ရှိသေးတယ်လေ။ စိတ်ဓာတ် ကျနေစရာ မလိုပါဘူး။ ဖွံ့ဖြိုးတိုးတက်လာအောင် အာရုံစိုက်ပြီး လုပ်ထားပြီး လုံလောက်တဲ့ အားအင်အဆင့်ရမှ တိုက်ခိုက်လည်း နောက်မကျသေးပါဘူး”

စနစ်သည် သူ့အား ရင်နာအောင် မပြောဆိုဘဲ အားပေးလျက် ရှိနေသည်ဆိုခြင်းမှာ ရှားပါးလှသည့် အရာပင် ဖြစ်သည်။

“မဆိုးဘူးပဲ”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ပြန်လည် တောက်ပလာ၏။ “ဘာပဲဖြစ်ဖြစ် အရှေ့ကို လျှောက်ရမယ့် လမ်းက အဝေးကြီး ရှိနေသေးတယ်”

ဤတည်နေရာတွင် တခြားဂိုဏ်းများသာ ဆိုပါက အနာဂတ်တွင် မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရမည့် အကြောင်းအရာနှင့်ပတ်သက်၍ ဝေခွဲမရပင် ဖြစ်မိနေလိမ့်မည်။ သို့ပေမဲ့ ကုန်းရှန့်အတွက်တော့ ဤပြဿနာသည် မတည်ရှိချေ။

အဘယ်ကြောင့်ဆိုသော် ဂိုဏ်း၏ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ထားနိုင်သည်နှင့်အမျှ သူသည် တပည့်များအားလုံးကို အရင်းအမြစ်များ ဖြန့်ဖြူးပေးထားနိုင်မှာဖြစ်၏။ ထို့အပြင် သူသည် သိုင်းပညာ အရင်းအမြစ်နှင့်ပတ်သက်သော ကြွက်သားတည်ဆောက်ခြင်းအခန်းနှင့် တခြားသော လျှို့ဝှက်နယ်မြေများ အားလုံးကို စီစဉ်ထားပေးထား၏။ ထို့ကြောင့် တပည့်များ အားလုံးသည် ထပ်တလဲလဲ အဆင့်ချိုးဖြတ်လျက် ရှိနေတော့သည်။ သူတို့သည်သာ သိုသိုသိပ်သိပ်နှင့် ဆက်လက်သွားနိုင်မည်ဆိုပါက အထက်နယ်မြေတွင် အားကောင်းသော ဂိုဏ်းတစ်ခုဖြစ်လာမှာ သေချာသည်။

“ငါလည်း သွားပြီးတော့ ကျင့်ကြံရမယ်”

ရှေ့တွင် လုပ်စရာများစွာ ရှိနေသေး၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း အနေဖြင့် ကျင့်ကြံခြင်းကို သေချာပြုလုပ်ရမည်။ သူသည် အတွေ့အကြုံအဆောင်များကို ထုတ်ယူလိုက်၏။

“……..”

စနစ် “ချီးတဲ့မှ .. အဲတာကျင့်ကြံတာလား”

တခြားသောသူများသည် တန်ခိုးကျင့်ရင်းနှင့် အဆင့်ချိုးဖြတ်နိုင်သည်ဆိုသော်လည်း သူကျင့်ကြံသည့် နည်းလမ်း မှာတော့ ဂိမ်းဆာဗာခိုးခြင်းပင်ဖြစ်သည်။

ဖြောက်

အတွေ့အကြုံအဆောင်ငါးခုကို ချိုးချေပြီးနောက် ကျွင်းချောင်ရှောင်းသည် သူ၏အားအင်အဆင့်များ ပိုမိုကာ တိုးတက်သွားသည်ကို ခံစားမိ၏။ သို့ပေမဲ့ အမြူတေအသွင်ပြောင်းလဲခြင်း တတိယအဆင့်၌သာ တစ်လျက် ရှိနေ သေး၏။ အထူးတာဝန်သည်လည်း ဖြစ်ပေါ်မလာခဲ့ချေ။

“အချိန်နဲ့တည်နေရာ လျှို့ဝှက်နယ်မြေထဲကို သွားပြီးတော့ ကျင့်ကြံရမယ်” သူသည် တောင်၏ အနောက်ဘက်သို့ သွားရောက်ကာ ကြည့်ရှုလိုက်၏။

အထဲသို့ ဝင်ရောက်လိုက်သည့်အချိန်မှာပဲ သူ၏ရှေ့တွင် ခြေချိတ်ကာ ထိုင်လျက် ရှိနေသည့် ရောင်မုန့်ယဉ်ကို မြင်လိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မဲနက်လျက် ရှိနေသည့် နတ်ဆိုးအော်ရာများ၏ လွှမ်းခြုံခြင်းကို ခံထားရ၏။ သူသည် ပြုံးကာ ပြောလိုက်သည်။ “မင်း... နတ်ဆိုးအော်ရာတွေကို စုပ်ယူပြီးတဲ့နောက်မှာ ကြီးကြီးမားမား အရာတွေကို ရခဲ့တယ် မဟုတ်လား”

ဘုန်း

ရုတ်တရက် အမဲရောင်အငွေ့ကြီးတစ်ခုသည် ပေါက်ကွဲသွား၏။ ရောင်မုန့်ယဉ်၏ အမဲရောင်ဆံနွယ်များသည် လေထဲတွင် လွင့်မျောလျက် ရှိနေ၏။ လခြမ်းပုံသဏ္ဍာန်တစ်ခုသည် သူမ၏ မျက်ခုံးနှစ်ခုကြားတွင် ဖြစ်တည်လာပြီး နတ်ဆိုး၏ အော်ရာများ ထွက်ပေါ်လျက် ရှိနေ၏။

“ဒါ ဘာကြီးလဲ” ကျွင်းချောင်ရှောင်းက အံ့အားသင့်သွားမိသည်။

ဟူး ဟူး

ရောင်မုန့်ယဉ်၏ ခန္ဓာကိုယ်ဆီမှ မဲနက်သည့် စွမ်းအင်လှိုင်းများသည် ဆူဝေကာ ထွက်ပေါ်လာ၏။ ပြီးနောက် ကြီးမားလှသည့် အမဲရောင်အရိပ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအရာကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် နတ်ဆိုး၏ စွမ်းအင်များ ထွက်ပေါ်လျက် ရှိနေ၏။ လူသားများ နေထိုင်ရာဆီသို့ ဆင်းသက်လာခဲ့ သည့် ငရဲ၏ နတ်ဆိုးတစ်ပါးကဲ့သို့ပင်။

ကျွင်းချောင်ရှောင်းသည် မျက်လုံးအပြူးသား ဖြစ်သွားမိသည်။ အဘယ်ကြောင့်ဆိုသော် ကြီးမားလှသည့် အရိပ်ကြီး ဖြစ်ပေါ်လာသည့်အချိန်မှာပဲ ရောင်မုန့်ယဉ်၏ မျက်ခုံးနှစ်ခုကြားတွင် ဖြစ်တည်နေသော လခြမ်းပုံသဏ္ဍာန်သည် အနီရောင်အလင်းတန်းများ ထွန်းတောက်လာ၏။ ထို့အပြင် သူမ၏ ပါးတစ်လျှောက်တွင် ထူးဆန်းလှသည့် အရေးအကြောင်းများ ဖြစ်တည်လာပြီး သူမသည် တီးတိုးရေရွတ်နေ၏။ “ကောင်းကင်နဲ့မြေကြီး တည်ရှိနေသ၍ နတ်ဆိုး လမ်းစဉ်က ထာဝရ တည်ရှိနေမှာပဲ”

“ကောင်မလေး”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “မင်း အဆင်ပြေရဲ့လား”

ရောင်မုန့်ယဉ်၏ နားထဲသို့ ဤစကားသံဝင်ရောက်လာသည့်အချိန်မှာပဲ သူမသည် ချက်ချင်း သတိဝင်လာခဲ့၏။ မျက်လုံးကို ဖွင့်ပြီးသည့်နောက် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်၊ ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ”

သူမ၏ မျက်နှာပေါ်တွင် ရှိနေသော အရေးအကြောင်းများနှင့် အနောက်ဘက်တွင် တည်ရှိနေသော ကြီးမားလှသည့် အရိပ်ကြီးသည် မည်သည့်အချိန်ကမှ မရှိခဲ့သလို လျှင်မြန်စွာဖြင့် ပျောက်ကွယ်သွားသည်။

ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့လိုက်ရသော ကျွင်းချောင်ရှောင်းမှာတော့ တွေးလိုက်မိ၏။ တစ်စုံတစ်ခုကတော့ ထူးဆန်းနေပြီပဲ။

ရောင်မုန့်ယဉ်သည် နတ်ဆိုးအင်ပါယာ၏ သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်သူဖြစ်ကြောင်း သူကောင်းကောင်း သိ၏။ ဤကြီးမားလှသည့် အရိပ်ကြီးသည် သူမ၏ ကိုယ်ပိုင်အော်ရာမျိုး မဟုတ်ချေ။ ထို့အပြင် ထုတ်လွှတ်လျက် ရှိနေသည့် အော်ရာများမှာလည်း ကြောက်မက်ဖွယ်ရာ ကောင်းလို့နေသည်။

ပြောနေစရာပင် မလိုချေ။ ဤမိန်းကလေး တီးတိုးရေရွတ်လိုက်သည့်အချိန်တွင် သူမ၏ လေသံသည်လည်း ခြားနားလျက် ရှိနေ၏။ ထိုအသံသည် စွမ်းအင်တစ်မျိုး၏ ထိန်းချုပ်ခြင်းကို ခံနေရသည့် ပုံပန်းသွင်ပြင်မျိုးပင် ပေါက်နေ၏။

“မင်းရဲ့တပည့်က တချို့သော လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားမှာ စိုးရတယ်” စနစ်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းက မေးလိုက်၏။ “ဘယ်လို လျှို့ဝှက်ချက်မျိုးလဲ”

“မင်းက ငါ့ကို မေးနေမှတော့ ငါက ဘယ်သူ့ကို သွားမေးရမှာလဲ” စနစ်သည် စိတ်တိုလျက် ရှိသည်။

ကျွင်းချောင်ရှောင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ “ကောင်းကင်နှင့်မြေကြီး တည်ရှိနေ သ၍ နတ်ဆိုးလမ်းစဉ်က ထာဝရ တည်ရှိနေမယ်။ ဒါက နတ်ဆိုးအင်ပါယာရဲ့ ဆောင်ပုဒ်တစ်ခုပဲလေ။ အခု အထက် နယ်မြေကို ရောက်လာပြီးမှ သူမက ဘာလို့ အဲ့စကားကို ထပ်ပြီး ပြောနေရတာလဲ”

...........

မဲမှောင်လျက် ရှိနေသည့် တည်နေရာတစ်ခု၏ ယစ်ပုလ္လင်ဆီမှာတော့ ….

ရောင်မုန့်ယဉ်တစ်ယောက် ကြီးမားလှသည့် အရိပ်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲလျက် ရှိနေသည့်အချိန်မှာပဲ ဤတည်နေရာရှိ ရေကန်ကို ဗဟိုတြပွက်ပွက်ဖြင့် လှုပ်ခါလာခဲ့၏။ တချို့သော ရေများသည် ဝေါကနဲ ဖြစ်တည်ပြီး နံရံကို သွားရောက်ကာ စင်၏။ ပြီးနောက် ရှုပ်ထွေးလှသည့် မျဉ်းကြောင်းများသည် ထိုနံရံပေါ်တွင် ထင်ပေါ်လာ၏။

ကျွင်းချောင်ရှောင်းသည်သာ ဤတည်နေရာတွင် ရှိပါက နံရံပေါ်တွင် ထင်ပေါ်နေသည့် မင်၏ ရုပ်ပုံများသည် ရောင်မုန့်ယဉ်၏ ပါးပေါ်တွင် ပေါ်နေသည့် ပုံပန်းသွင်ပြင်မျိုးနှင့် ဆင်တူလျက် ရှိနေသည်ကို ကောင်းကောင်းသိရှိ နားလည်ပေလိမ့်မည်။

ထိုမင်ရေကန်၏ ပတ်ပတ်လည် အရှေ့၊ အနောက်၊ တောင်၊ မြောက် တည်နေရာလေးခုမှာတော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အကြီးအကဲလေးယောက်တို့သည် ခြေချိတ်ကာ ထိုင်လျက် ရှိနေ၏။

သူတို့သည် ပြိုင်တူ ဆိုသလိုပဲ မျက်လုံးကို ဖွင့်လိုက်သည်။ မျက်လုံးထဲတွင်တော့ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လျက် ရှိနေသည်။ “နောက်ထပ် သန္ဓေနတ်ဆိုး ခန္ဓာကိုယ်ပိုင်ရှင်တစ်ယောက် ပေါ်လာပြီပဲ။ ငါတို့သခင် နိုးထနိုင်ဖို့က မကြာခင်မှာ ဖြစ်တည်လာတော့မှာပဲ”

.............

ပြိုင်စံရှားဂိုဏ်း

ကျွင်းချောင်ရှောင်းသည် ဖြူမဲညီနောင်တို့ကို ခေါ်ယူကာဖြင့် မေးလိုက်၏။ “အစ်ကိုကြီးတို့... အထက်နယ်မြေမှာ နတ်ဆိုးကျင့်ကြံသူတွေ ရှိနေသေးလား”

သူသည် ရောင်မုန့်ယဉ်၏ ထူးဆန်းသော ပုံပန်းသွင်ပြင်ကို မြင်ရပြီးသည့် နောက် အနည်းငယ် စိုးရိမ်ပူပန်လျက် ရှိနေ၏။ ထို့ကြောင့် အခြေအနေ တစ်ခုလုံးကို အသေးစိတ် နားလည်ရန် အတွက် တံခါးပိတ် ကျင့်ကြံရာမှ အပြင်သို့ ထွက်ခွာလာခဲ့သည်။

“အင်း ရှိတာပေါ့” အမဲရောင်နတ်ဆိုးက ပြောလိုက်၏။

“နတ်ဆိုးကျင့်ကြံသူတွေ ရှိတယ်ဆိုရင် သူတို့က အောက်နယ်မြေမှာလိုပဲ ဘယ်သူကမှ လက်မခံတဲ့ လူတွေများလား” ကျွင်းချောင်ရှောင်းက ထပ်မေးလိုက်သည်။

“သူတို့က အများကြီး ရှိခဲ့ဖူးတယ်”

အမဲရောင် နတ်ဆိုးသည် ပြောလိုက်၏။ “ဒါပေမဲ့ အခုတော့ အဲလောက်မများတော့ဘူး။”

“အများကြီး ရှိခဲ့ဖူးတယ် ဟုတ်လား” ကျွင်းချောင်ရှောင်းသည် အမှန်ပင် စိတ်ဝင်စားသွားမိသည်။

အမဲရောင်နတ်ဆိုးက ပြောလိုက်၏။ “ကျုပ်သိသလောက်ဆိုရင် အထက်နယ်မြေမှာပဲဖြစ်ဖြစ်၊ အောက်နယ်မြေ မှာပဲဖြစ်ဖြစ် နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံကြတဲ့လူ အကုန်လုံးက နတ်ဆိုးလှိုင်းကလန်ကနေပြီးတော့ မွေးဖွား ဖြစ်တည်လာခဲ့တာပဲ”

“နတ်ဆိုးလှိုင်းကလန် ဟုတ်လား” ကျွင်းချောင်ရှောင်းသည် ဤကလန်အား တစ်ခါမှ မကြားခဲ့ဖူးချေ။

“နတ်ဆိုးလှိုင်းကလန်ဆိုတာက အထက်နယ်မြေရဲ့ ကလန်ပေါင်း သောင်းချီထဲက တစ်ခုပဲလေ။ လူသားမျိုးနွယ်၊ နဂါးမျိုးနွယ်၊ ကျောက်ရုပ်တုမျိုးနွယ် အဲလိုပဲ နတ်ဆိုးလှိုင်းမျိုးနွယ်ဆိုပြီးတော့ ကြီးမားလှတဲ့ ကလန်ကြီးတစ်ခု အဖြစ် တည်ရှိခဲ့တာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းကျော်တုန်းက နတ်ဆိုးနတ်ဘုရားက တခြားသော ကလန် အသီးသီးရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တာလေ။ ဒါကြောင့် သူတို့က လက်ရှိအခြေအနေမှာ ပျောက်ကွယ်လုမတတ် ဖြစ်နေကြတာပေါ့”

“ကျုပ်နားလည်ပြီ”

ကျွင်းချောင်ရှောင်းသည် နားလည်သွားမိ၏။ ပြီးနောက် စိတ်ထဲမှာ တွေးလိုက်မိ၏။ “အောက် နယ်မြေမှာရှိတဲ့ နတ်ဆိုးအင်ပါယာက လမ်းမှန်ဂိုဏ်းတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ခံရပြီး သေဆုံးသွားခဲ့တယ်။ အထက်နယ်မြေမှာရှိတဲ့ နတ်ဆိုးနတ်ဘုရားကတော့ အဓိက ဂိုဏ်းတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ခံရပြီး သေဆုံး သွားခဲ့တယ်။ ဒီတော့ နတ်ဆိုးဂိုဏ်းတွေက စာရေးသူနဲ့များ ပြဿနာ ရှိနေတာလား”

အမဲရောင်နတ်ဆိုးက ပြောလိုက်သည်။ “ကျုပ် သိသလောက်ဆိုရင် အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းက ဒီကလန် ကို သုတ်သင်ရှင်းလင်းပစ်ဖို့ အစီအစဉ် ချမှတ်ခဲ့တာပဲ။ ဒါကြောင့် အသုဘခန်းဆောင်က သူတို့ တည်ထောင်ထားတဲ့ နယ်မြေဟောခန်းကို တောက်လျှောက် ပစ်မှတ်ထား တိုက်ခိုက်နေတာပေါ့”

ကျွင်းချောင်ရှောင်းက ကြောင်သွားမိ၏။ သူသည် အံ့အားတသင့်ဖြင့် မေးလိုက်မိသည်။ “ဒါဆိုရင် နယ်မြေဟောခန်း ဆိုတာ အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းရဲ့ ထောက်ပံ့မှုကို ခံထားရတဲ့ ဟောခန်းပေါ့”

“စီနီယာတုံးကုက ဂိုဏ်းချုပ်ကို မပြောပြဘူးလား” အမဲရောင်နတ်ဆိုးက မေးလိုက်သည်။

“သူ မပြောပြဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “တပည့်တစ်ယောက် အနေနဲ့ ကျုပ်က ဆရာရဲ့ ပစ်ပယ် ထားခြင်းကို ခံရတာလေ။ ခင်ဗျားတို့ သိထားသလိုမျိုး မဟုတ်ပါဘူး”

ဖြူမဲညီနောင်တို့သည် သူ့အား စာနာသနားစွာဖြင့် ကြည့်ရှုလိုက်သည်။

“ဒါဆိုရင် အသုဘခန်းဆောင်ဆိုတာရော ဘာလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်၏။

အမဲရောင်နတ်ဆိုးက ရှင်းပြလိုက်သည်။ “အသုဘခန်းဆောင်ဆိုတာက နတ်ဆိုးလှိုင်းကလန်က ဖြစ်တည် ပေါက်ဖွားလာခဲ့တာပဲ။ နောက်တော့ သူတို့က အမှောင်ထဲကို ရွေ့ပြောင်းပြီး နှစ်ပေါင်းတစ်သောင်းကျော် ကြာအောင် နယ်မြေဟောခန်းကို ချောင်းမြောင်းတိုက်ခိုက် နေတာပေါ့”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် တွေးတောလိုက်မိ၏။ “နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းရဲ့ အထက်နယ်မြေ ဗားရှင်းပါလား”

နေဦး။ ထိုသို့ဆိုလျှင် ရောင်မုန့်ယဉ်၏ နဖူးပေါ်တွင် ပေါ်လာသော လခြမ်းပုံသဏ္ဍာန်သည် အသုဘခန်းဆောင်နှင့် သက်ဆိုင်နေသည့်အရာတစ်ခု ဖြစ်နေမည်လား။

“ဂိုဏ်းချုပ်”

ထိုအချိန်မှာပဲ လီချင်းယန်သည် အသံပို့လွှတ်လိုက်၏။ “တစ်ယောက်ယောက် ရောက်လာတယ်”

တောင်၏ခြေရင်းတွင်တော့ အသက် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်ခန့်ရှိသော ဆယ်ကျော်သက်လေးတစ်ယောက် သည် ပန်းသီးတစ်လုံးကိုကိုက်ကာဖြင့် ပြိုင်စံရှားဂိုဏ်းကို မော့ကြည့်လိုက်သည်။ သူသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။ “သာမန်ပဲရှိတဲ့ ဂိုဏ်းတစ်ခုက တော်တော်ကြီး ကြည့်ကောင်းအောင် ဆောက်လုပ်ထားတာပဲ”

သူသည် အင်္ကျီလက်ကို အသာပင့်လိုက်သည့်အချိန်မှာတော့ လက်တွင်ရှိသော ဆေးမင်ကြောင်များသည် ပေါ်ပေါက်လာခဲ့သည်။

မှန်ပေသည်။ ဤဆယ်ကျော်သက်သည် ကုကျောင်းရှစ် ပင်ဖြစ်၏။ ဧကရီလင်းရောင်နှင့် သဘောတူညီမှုအရ သူသည် ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိလာခြင်းဖြစ်၏။ မလာချင်သော်လည်း လာခဲ့ရ၏။

“တောင်းပန်ပါတယ်”

လီထျန်းထျန်းသည် ဆင်းသက်လာပြီးသည့်နောက် ပြောလိုက်သည်။ “ဂိုဏ်းက အခုအချိန်မှာ တပည့်တွေ ခေါ်ယူမှုကို မပြုလုပ်ပါဘူး။ နောက်ရက်မှ လာခဲ့ပါ”

ဂွပ်

ကုကျောင်းရှစ်သည် ပန်းသီးကို တစ်ချက်ကိုက်လိုက်ပြီးသည့်နောက် အေးစက်စက် အကြည့်ဖြင့် ပြောလိုက်သည်။ “မင်း ဘာပြောလိုက်တယ်”

“သေသေချာချာ မကြားလို့လား”

လီထျန်းထျန်းသည် အဆုတ်ကွဲလုမတတ် အကျယ်ကြီး အော်လိုက်၏။ “ဂိုဏ်းက လက်ရှိအချိန်မှာ တပည့်ခေါ်ယူမှုကို တားမြစ်ထားတယ်။ ဒီတော့ ကျေးဇူးပြုပြီး”

ဘုန်း

သူပြော၍ မပြီးခင်မှာပဲ သူ၏ပါးစပ်နှင့် မျက်လုံးများသည် ဖူးယောင်သွားသည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် လေထဲတွင် လွင့်စင်သွားခဲ့ပြီး အဝေးတစ်နေရာတွင်ရှိသော နံရံကြီးနှင့် တိုက်မိကာ အောက်သို့ ပြုတ်ကျသွား၏။ သူသည် အံကိုကြိတ်ကာဖြင့် အသံပို့လွှတ်လိုက်သည်။ “အားလုံးပဲ … ဂိုဏ်းချုပ်၊ အကြီးအကဲ၊ စီနီယာအစ်ကိုတို့ ဒီမှာ တစ်ယောက်ယောက် ပြဿနာ လာရှာနေတယ်”

All Chapters