အခန်း (၁၄၄၅)
Vol. 97 Ch. 1445
ငရဲကြီးကိုးထပ်ထဲမှာတော့ ကုကျောင်းရှစ်သည် သေဆုံးရန် ဆုံးဖြတ်ခဲ့၏။ သူသည် အမှန်ပင်စိတ်ကျေနပ်လို့နေ၏။ ကျွင်းချောင်ရှောင်းသည် မည်သို့မှသည်းမခံနိုင်တော့ချေ။ ထို့ကြောင့် အသက်ရှင်ခြင်း၏ အရိပ်အာဝါသသည် မည်မျှ အေးချမ်းသည်ဖြစ်ကြောင်းကို သိရှိနိုင်ရန်အတွက် သူ့အား ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ ပေးပို့ခဲ့၏။
ထို့ကြောင့်ပင်လျှင် သူတို့သည် သေဖော်ရှင်ဖက် ညီအစ်ကိုများဖြစ်လို့လာခဲ့၏။ အားရာ၏ ဂရုတစိုက်ပြုစုမှုအောက်မှာ တော့ ကုကျောင်းရှစ်သည် မသေဆုံးချင်တော့ချေ။ ထိုအစား သေဆုံးခြင်းကို ပိုမိုကာ ကြောက်လန့်လာခဲ့၏။ ထို့ကြောင့်ပင်လျှင် ကုန်းရှန့်သည် ကောင်းမွန်လွန်းလှသော ကုသိုလ်တရားကို ပြုလုပ်လိုက်သည်ဟုပင် ခံစားခဲ့မိ၏။ အလွန်ပင် ကျေးဇူးတင်စရာကောင်းလွန်းလှသည်။
ပြီးနောက်မှာတော့ ကုကျောင်းရှစ်သည် ကုန်းရှန့်ကို ကယ်တင်ရန် အတွက် သေဆုံးခဲ့ရတော့၏။ သူသည် ပြန်လည်မွေးဖွားလာခဲ့သည်ဆိုသော်လည်း မှတ်ဉာဏ်များ ပျောက်ဆုံးခဲ့သောကြောင့် အားရာသင်ပြပေးခဲ့သည့် သေခြင်းတရား၏ ကြောက်ရွံ့မှုများကို မေ့လျော့သွားခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ အဆင်ပြေနေသေး၏။
အတိတ်မေ့လျက်ရှိနေသော လူများကို ပြုစုကုသရန်အကောင်းမွန်ဆုံးသောနည်းလမ်းသည် သူသွားခဲ့ဖူးသည့် နေရာ ဟောင်းများ၊ တွေ့ကြုံခဲ့ဖူးသည့် အရာများကို ပြန်လည်ပြုပြင်ခေါ်သွားပြရင်းဖြင့် ဖြည်းဖြည်းချင်းပြန်လည် သတိရအောင် ပြုလုပ်ရခြင်းပင်ဖြစ်သည်။
ဤနေရာတွင် ဖြည်းဖြည်းချင်းဆိုသည့်စကားကို ဖယ်ရှားလိုက်ရမည်ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် အားရာ၏ ဒုတိယအကြိမ်မြောက် ပြုစုပေးမှုကို ခံရပြီးသည့်နောက် ကုကျောင်းရှစ်သည် အတိတ်ဘဝအကြောင်းအရာများကို ပြန်လည်မှတ်မိရုံသာမက အကြိမ်ပေါင်းများစွာ ပြန်လည်မွေးဖွားလာသည့် အချိန်တုန်းက အကြောင်းအရာများကိုပါ ထပ်တိုးသတိရခဲ့၏။ အသက် ၃ ၄ နှစ် အရွယ်တုန်းက အမျိုးသမီး ရေချိုးခန်းသို့ သွားရောက်ကာ ချောင်းမြောင်းခဲ့သည့်အကြောင်းအရာများကို ပြန်လည်ကာ သတိရနေသေးသည်။ ပိုမို၍ အရေးကြီးမားသည်မှာ သူသည် ကျွင်းချောင်ရှောင်းကို သတိရသွားခဲ့၏။ ဤမျက်နှာ၊ ဤအသံ ထိုအရာသည် ကြယ်ကောင်းကင်ခံတပ်ကြီး၏ ဂိတ်တံခါးကြီးရှေ့တွင် ရပ်တန့်လျက်ရှိနေပြီး ပြိုင်စံရှားဂိုဏ်းချုပ်၏ အသံပင် ဖြစ်နေ၏။ သူပင်ဖြစ်သည်။ သူလွမ်းဆွတ်လျက်ရှိနေသော သူ၏ အစ်ကိုကြီးပင်ဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင်
…
သို့ပေမဲ့ စောင့်ကြည့်ရေးအခန်းတွင် မတ်တပ်ရပ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းမှာတော့ အေးစက်စက်နှင့် ပြောလိုက်မိသည်။
“ငါ့ကို အခုချိန်ကျမှ အစ်ကိုကြီးလို့ခေါ်နေလည်း အလကားပဲ။ သူ့ကို ပြင်းပြင်းထန်ထန်နဲ့ လေ့ကျင့်ပေးလိုက်။”
တစ်ဖက်လူသည် သနားညှာတာရန်အတွက် တောင်းပန်လျက်ရှိနေသည်ဟု ကုန်းရှန့်က တွေးထင်လိုက်၏။
“မင်းက ငါ့တပည့်တွေကို နာကျင်အောင် ရိုက်နှက်ခဲ့တယ်။ အခုတောင်းပန်ရုံလောက်နဲ့ ပြီးသွားပြီလို့ ထင်နေတာလား။ နှိပ်စက်မယ်။ အားကုန်ရှိသမျှ နှိပ်စက်မယ်။”
ရွှီ
ဇွိ ဇွိ ဇွိ ဇွိ
ဖယောင်းစက်များသည် ကုကျောင်းရှစ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာပြီး ဝိညာဉ်တစ်ခုလုံးသည် ဆိုးရွားစွာ နာကျင်လျက်ရှိနေတော့၏။ စကားလုံးများနှင့် ဖော်ညွှန်း၍မရနိုင်လောက်အောင်ပင် နာကျင်လွန်းလှသောကြောင့် သူသည် ဆိုးဆိုးဝါးဝါးဖြင့် အော်ငြီးနေမိ၏။ သေခြင်းတရားထက် ဆိုးရွားလှသည့် ပထမဦးဆုံး အတွေ့အကြုံကို ထပ်မံကာ ခံစားနေရပြန်သည်။ ဒုတိယအကြိမ်မြောက် ခံစားရသည့်အချိန်မှာတော့ နာကျင်မှုသည် ယခင်ကထက်ပင် ပိုမိုကာ တိုးလာခဲ့၏။ အဓိကအကြောင်းအရာအားဖြင့် ကျွင်းချောင်ရှောင်း၏ ကျင့်ကြံခြင်းအဆင့်သည် ပိုမိုတိုးတက် လာသည်သာမက အားရာ၏ လေ့ကျင့်ပေးနိုင်မှုစွမ်းရည်သည်လည်း ပိုမိုကာ ကျွမ်းကျင်လာခဲ့၏။
ဥပမာအားဖြင့် ဤတစ်ကြိမ် ချမှတ်ခဲ့သည့် ဖယောင်းစက်များသည် အကြိမ်ပေါင်းများစွာ စမ်းသပ်စစ်ဆေးပြီး တိုးတက်အောင် ပြုလုပ်ခဲ့သည့် အရာမျိုးပင်ဖြစ်၏။ ထို့ကြောင့် ခံယူရသည့်လူသည် ဝိညာဉ်၏ အတွင်းအနားပိုင်း အထိပါ ထိခိုက်နိုင်စွမ်းရှိနေသည်ကို အာမခံနိုင်စွမ်းရှိ၏။
ဇွိ ဇွိ ဇွိ ဇွိ
အား
အော်ဟစ်သံတစ်ခုလုံးသည် အကျဉ်းထောင်ထဲတွင် ပျံ့နှံ့နေ၏။ ကျိုးဒူဒူနှင့် တိုင်လုတို့မှာမူ ခွေးခြေခုံလေးများပေါ်တွင် ထိုင်လျက်ရှိပြီး ရေနွေးကို စိမ်ပြေနပြေနှင့် သောက်ကာ အရသာခံလျက်ရှိနေ၏။
“ဒီအသံကို နားထောင်ရတာ အရသာရှိလိုက်တာ။”
မဝင်လာခင်က ကုကျောင်းရှစ်သည် အမှန်ပင် မောက်မာလွန်းလှ၏။ သို့ပေမဲ့ မောက်မာလွန်းလှပြီး ၎င်း၏ အကြောက်အလန့်ကင်းမဲ့သည့် သွင်ပြင်အမူအရာနှင့် သတ္တိတရားကို ပြသခဲ့၏။ ၂ နာရီလောက် နှိပ်စက်ခံရပြီးသည့် နောက်မှာတော့ နှလုံးသားတွင် ရှိနေသော အရိပ်ကြီးသည် ပြန်လည်ကာ ထင်ပေါ်လာခဲ့တော့သည်။
“ကျုပ် ကျုပ်ဆက်ပြီး အသက်ရှင်သွားချင်တယ်။”
အား
နောက်ထပ်ဝိညာဉ်ဖျက်ဆီးခံရသည့်လေ့ကျင့်မှုများကို ကြုံဆုံရသည့်အချိန်မှာတော့ ကုကျောင်းရှစ်သည် မျက်လုံးများ ချာချာလည်ကာဖြင့် ခန္ဓာကိုယ်တစ်ခုလုံးသည် တွန့်လိမ်လျက်ရှိနေတော့၏။
“သခင်” အားရာသည် ရပ်တန့်ကာပြောလိုက်၏။
“ဒီလူ မေ့သွားပြန်ပြီ။ ဒါဆိုရင် နိုးလာရင် ထပ်ပြီးတော့ နှိပ်စက်ပေးလိုက်။”
၎င်းသည် လီချင်းယန်နှင့်ရှောင်ကျီတို့အား ရိုက်နှက်ခဲ့၏။ ယခု သူ၏ ဂိုဏ်းအား လာရောက်စိန်ခေါ်ရဲသည်ဆိုမှတော့ ထာဝရနာကျင်သည့်အရာများကို ပြန်လည်ပေးအပ်ရပေလိမ့်မည်။ အားညိုသည် ကြမ်းတမ်းလွန်းလှချေ၏။ သို့ပေမဲ့ ကုန်းရှန့်မှာတော့ ပိုမိုကာ ရက်စက်လွန်း၏။
“ကောင်းပါပြီ။”
အားရာ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားခဲ့၏။ ဤအကျဉ်းသားအသစ်၏ ဝိညာဉ်အရည် အသွေးသည် မဆိုးလှချေ။ တစ်ချိန်တုန်းက လက်ထိပ်ခြေထိပ်များဖြင့် ရောက်ရှိလာခဲ့သည့် ဆေးမှင်ကြောင်နှင့်လူနှင့် တူညီလွန်းလှ၏။ ပြီးသည့်နောက် သူမသည် အသစ်ဖန်တီးထားသော နှိပ်စက်နည်း ၃၆ မျိုးကို အသုံးပြုရန် ပြင်ဆင် လိုက်တော့၏။ ကျွင်းချောင်ရှောင်းသည် စောင့်ကြည့်ရေးခန်းထဲမှ ထွက်ခွာသွားပြီးသည့်နောက် သူသည် မိုးစွေဟောခန်းဆီသို့ သွားကာ မေးလိုက်၏။
“ဒီအတောအတွင်း ကုကျောင်းရှစ်နဲ့ ပတ်သက်တဲ့ သတင်းတွေရှိသေးလား။”
“မရှိပါဘူး။” လီလိုရှုက ပြောလိုက်၏။
“ကြည့်ရတာ သူပျောက်ကွယ်နေပုံပဲ။ ဒါဆိုရင် ဆက်ပြီးတော့ရှာထား။ သတင်းတစ်ခုခု ရတာနဲ့ ကျုပ်ကို ချက်ချင်း သတိပေး။”
“ကောင်းပါပြီ။”
လီလိုရှုသည် စိတ်ဝင်တစားဖြင့် မေးလိုက်၏။
“ဂိုဏ်းချုပ်။ ဘာလို့ ဒီ ကုကျောင်းရှစ်လို့ ခေါ်တဲ့ သစ္စာဖောက်အကြောင်းကို အရမ်းသိချင်နေရတာလဲ။”
“ဘာလို့လဲဆိုတော့”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို အသာငဲ့စောင်းကာဖြင့် ပြတင်းပေါက်အပြင်ဘက်ဆီသို့ လှမ်းမျှော်ကာ ငေးလိုက်၏။ လွန်ခဲ့တဲ့ ၁၀ နှစ်က ဖြစ်ပျက်ခဲ့သော ကြယ်ကောင်းကင်ခံတပ်မှ အဖြစ်အပျက်များသည် သူ၏ မျက်လုံးထဲတွင် ပြန်လည်မြင်ယောင်လာခဲ့၏။ မျက်လုံး၏ ထောင့်စွန်းသည် ဝမ်းနည်းလျက်ရှိနေပြီး မျက်ရည်များ စုဝေးလာခဲ့၏။ သူသည် လေးလေးနက်နက်ဖြင့် ပြောလိုက်တော့၏။
“သူက ကျုပ်ရဲ့ သေဖော်ရှင်ဖက် ညီအစ်ကိုတွေလိုပဲ။”
စနစ်က ဆွံ့အသွားမိ၏။
“မင်းက မျက်ရည်တွေ ဘာတွေ ဝဲနေရအောင် သူ့ကို မင်းသတ်လိုက်တာမလို့လား။”
အား အား အား
အကျဉ်းထောင်ထဲမှာတော့ ယခုမှ နိုးထလာခဲ့သည့် ကုကျောင်းရှစ်သည် ထပ်မံကာ နှိပ်စက်ခြင်းကို ခံနေရ၏။ သတ်ဖြတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့သော အော်ဟစ်သံသည် အကျဉ်းထောင်ထဲတွင် ပျံ့နှံ့လျက်ရှိနေသည်။
ထိုအရာသည် ပထမဦးဆုံး အကျဉ်းထောင်ထဲသို့ ရောက်ရှိလျက်ရှိနေသည့် ပိုင်စီလီအား ခန္ဓာကိုယ်တစ်ခုလုံးကို တဆတ်ဆတ် တုန်ယင်စေ၏။
“ဂိုဏ်းချုပ်ကျွင်း ကျုပ် …. ကျုပ် မှားပါတယ်။ ကျုပ် ထပ်ပြီး မလှည့်စားတော့ပါဘူး။”
သူသည် အားရာ၏ နှိပ်စက်မှုကို တွေ့ကြုံခံစားရသည်ဆိုသော်ကြောင့် ယခု အပြစ်ဒဏ်ခံနေရသည့်လူ၏ နာကျင်မှုကို ကောင်းကောင်းနားလည်ပေးနိုင်၏။ ကြာပွတ်နှင့် ရိုက်နှက်သည့်ဒဏ်၊ ဖယောင်းစက်များနှင့် ပက်ဖြန်းသည့် အသံများ ကို ကြားလိုက်ရတိုင်း သူကိုယ်တိုင် ခံစားနေရသလို ထင်မှတ်မှားလာမိ၏။ ဤအရာသည် မည်သည့်အရာများ ဖြစ်သနည်း။ စိတ်ပိုင်းဆိုင်ရာအရ အရိပ်မည်းကြီး စိုးမိုးခြင်းပင် ဖြစ်တော့သည်။
အသစ်ဖန်တီးထားသည့် လေ့ကျင့်ပေးမှု ၃၆ မျိုးသည် ကြမ်းတမ်းလွန်းလှ၏။ အသေးစိတ်ဖော်ပြရန်ပင် မသင့်ချေ။ ထို့ကြောင့် ရက်အနည်းငယ်အတွင်းမှာပဲ ကုကျောင်းရှစ်သည် အော်ဟစ်ခြင်း၊ သတိလစ်ခြင်း၊ ပြန်လည်နိုးထလာခြင်း၊ အော်ဟစ်ခြင်း စသည့် သံသရာထဲတွင် လည်လျက်ရှိ၏။ အသက်ရှုရန်အခွင့်အရေးကိုပင် ကောင်းကောင်းမရခဲ့ချေ။ သူ၏ နှလုံးသားထဲတွင်တော့ သေခြင်းတရား၏ ကြောက်လန့်မှုများသည် ပိုမိုကာ ကြီးစိုးလာခဲ့၏။
ဤအတောအတွင်း ကျွင်းချောင်ရှောင်းသည် ရံဖန်ရံခါဆိုသလို လာရောက်ကာ ကြည့်ရှုသည် ဆိုသော်လည်း သူ၏ အချိန်အတော်များများသည် ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် သူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်ထားခဲ့သည်။
ဒင် …. အထူးတာဝန်အသက်ဝင်
တစ်လခန့်ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေထဲမှ ထွက်လျှောက် လာခဲ့၏။ သူ၏ နားထဲတွင် သတိပေးသံတစ်ခု ထွက်ပေါ်လာသည်။ သူသည် စပ်ဖြီးဖြီးနှင့် ပြောလိုက်၏။ “ပြင်းပြင်းထန်ထန် ကြိုးစားပြီးတဲ့နောက်မှာ တတိယအသွင်ပြောင်းခြင်းအဆင့်ရဲ့ အကန့်အသတ်ကို ရောက်ရှိသွားခဲ့ပြီ လား။”
“ချီးတဲ့မှ”
စနစ်က ထကာ အော်လိုက်သည်။ “အတွေ့အကြုံအဆောင်တွေ အားကိုးနဲ့ ဒီအဆင့်ကို ရောက်လာတာ ဘယ်နေရာက သွားပြီးတော့ ပြင်းပြင်းထန်ထန် ကြိုးစားလိုက်တာလဲ။”
ဟုတ်ပေသည်။ ဤအတောအတွင်း ကုန်းရှန့်သည် သူ၏ ကျင့်ကြံခြင်း၌ ကြိုးစားလျက်ရှိသည်မှာတော့ အမှန်ပင်ဖြစ်၏။ သို့သော်ငြား အမြုတေအသွင်ပြောင်းခြင်း တတိယအဆင့်၏ အကန့်အသတ်ဆီသို့ ရောက်ရှိလာခဲ့ခြင်း သည် အတွေ့အကြုံအဆောင်များကြောင့်သာ ဖြစ်၏။
ဆွစ်
သူသည် စနစ်အား ဖွင့်ကာ ကြည့်ရှုလိုက်သည်။
အထက်နယ်မြေ - အထူးတာဝန် ၃
တာဝန်၏ အသေးစိတ် - အထက်ပိုင်းအကြီးအကဲနှင့် ဂိုဏ်း၏တပည့်များသည် သက်ဆိုင်ရာ တာဝန်များကို ၃ လအတွင်း ပြည့်စုံအောင် ပြုလုပ်ရမည်။
အဆင့်မြင့်ကြယ် ၁ / ၁၀
တာဝန်
အလယ်အလတ်အဆင့်ကြယ် ၂၂ / ၁၀၀
တာဝန်
အဆင့်နိမ့်ကြယ် ၁၂၆၀ / ၁၀၀၀၀
တာဝန်
ဟောခန်းသီးသန့်တာဝန် ၈ ခု
တာဝန်ကျဆုံးမှု - သတ်မှတ်ထားသည့် အချိန်အတိုင်းအတာအတွင်း ပြည့်စုံအောင်ပြုလုပ်နိုင်ခြင်း။
တာဝန်၏ ဆုလာဘ် - ???
မှတ်ချက်ကို ဖတ်ရှုပြီးနောက် ကျွင်းချောင်ရှောင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွား၏။ “ကြည့်ရတာ ခက်မဲ့ပုံမပေါ်ဘူး။”
“ဒါက မခက်ပါဘူး။”
စနစ်က ပြောလိုက်သည်။ “အဓိကအချက်ကတော့ လီချင်းယန်နှင့် တစ်ခြားသောသူတွေ လေ့ကျင့်ဖို့ ထွက်သွားတဲ့အချိန်မှာ နတ်ဆိုးမြူသားရဲ ဘုရင်က ရုတ်တရက် စည်းဖွင့်ခြင်းကို ခံလိုက်ရတယ်။ ဆိုလိုတာက တစ်စုံတစ်ယောက်က ပြိုင်စံရှားဂိုဏ်းကို ပစ်မှတ် ထားနေတာပဲ။ မင်းရဲ့ တပည့်တွေအနေနဲ့ တာဝန်ကို ပြုလုပ်ဖို့အတွက် အပြင်ဘက်ကို ထွက်သွားတဲ့အချိန်မှာ ဒုက္ခတွေ တွေ့လာမှာကို စိုးရိမ်ရတယ်။”
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိသွား၏။ သူ၏ မျက်လုံးထဲတွင် ရှိနေသော ဒေါသတရားများသည် ထွန်းတောက်လာခဲ့တော့သည်။ နတ်ဆိုးမြူတောအုပ်ထဲတွင် ဖြစ်ခဲ့သည့် မတော်တဆမှု ပြီးသည့်နောက် သူသည် တပည့်များအား ရိုးရှင်းသည့်တာဝန်များကိုသာ ပြုလုပ်စေပြီး ခပ်ဝေးဝေးတည်နေရာဆီသို့ မသွားစေခဲ့ချေ။ တစ်စုံ တစ်ယောက်က အကောက်ကြံမှာကို စိုးရိမ်နေမိ၏။
“ချီးတဲ့မှ”
ကုန်းရှန့်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောလိုက်သည်။ “ဒီလိုမျိုး တစ်စုံတစ်ယောက်ရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရတာ စိတ်မသက်မသာဖြစ်စရာပဲ။”
သူသည် မပျော်ရွှင်ဘူးဆိုလျှင်တောင်မှ ဘာတစ်ခုမှ မလုပ်နိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူသည် အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိနေပြီး ရှာဖွေ၍ မရနိုင်သောကြောင့်ပင်။
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ ကျိုးဒူဒူသည် အသံပို့လွှတ်လိုက်၏။ “ထျန်းယွမ်အကျဉ်းထောင်စေတီထဲကို လာခဲ့ပါအုံး။”
အကျဉ်းထောင်စေတီ၏ ပထမအထပ်တွင်တော့ ကုကျောင်းရှစ်သည် လေထဲတွင် U ပုံသဏ္ဍာန်မျိုး ချိတ်ဆွဲခြင်းကို ခံထားရ၏။ သူ၏ အဝတ်များသည် စုတ်ပြတ်သပ်လျက်ရှိနေပြီး မျက်နှာတစ်ခုလုံးသည်လည်း ယောင်ကိုင်းနေ၏။ သူ၏ မွေးထားသည့် မွေးသမိခင်ပင် မှတ်မိလိမ့်မည်မဟုတ်ချေ။ လေ့ကျင့်မှု၏ ရက် ၃၀ မြောက်နေ့မှာတော့ သူသည် ဤကဲ့သို့ လူလိုလို၊ သရဲလိုလို ပုံပန်းသွင်ပြင်မျိုးအဖြစ်တွင် ပြောင်းလဲသွားခဲ့တော့သည်။
“ဒူဒူ”
အားရာသည် ဘေးတစ်ဖက်တွင် မတ်တပ်ရပ်လျက်ရှိ၏။ သူမသည် ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ဆောင်ကာ မေးစေ့ကို ပွတ်သပ်လျက်ရှိနေ၏။ “ဒီလူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ဆေးမှင်ကြောင်ကို ငါဘာလို့ ငါနဲ့ ရင်းနှီးနေတယ်လို့ ခံစားနေရတာလဲ။”
ကျိုးဒူဒူသည်လည်း ရှေ့ဆီသို့ တိုးလာကာဖြင့် သေသေချာချာ ကြည့်ရှုလိုက်၏။ “ဟုတ်တယ်။ ဒါကို အရမ်းရင်းနှီးနေတယ်။”
ကုကျောင်းရှစ်သည် သတိရှိလျက်ရှိနေသေး၏။ သို့ပေမဲ့ သူ၏ ဝိညာဉ်သည် အပြင်းအထန်နာကျင်နေသောကြောင့် စကားပင် မပြောနိုင်ခဲ့ချေ။ စိတ်ထဲတွင် အော်ဟစ်လျက်တော့ ရှိနေသည်။ ချီးတဲ့မှ …. မင်းတို့ရဲ့ မှတ်ဉာဏ်တွေက ငါ့ထက်တောင် ဘာလို့ ဆိုးနေရတာလဲ။
“ဂိုဏ်းချုပ်ကို သတင်းပို့လိုက်တော့။”
“ကောင်းပါပြီ။”
မကြာခင်မှာပဲ ကျွင်းချောင်ရှောင်းသည် အထဲဆီသို့ ရောက်ရှိလာခဲ့၏။
“သခင်။ ဒါကို သေချာကြည့်ပါအုံး။ ဒီလူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ဆေးမှင်ကြောင်ကို နည်းနည်းရင်းနှီးနေတယ်။”
“ဆေးမှင်ကြောင်ဟုတ်လား။”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။ ကုကျောင်းရှစ်၏ ကျောကုန်းပေါ်တွင်ရှိနေသော ထူးဆန်းသည့် ဆေးမှင်ကြောင်များကို မြင်ရသည့်အချိန်မှာတော့ သူသည် ချက်ချင်းပဲ ဆွံ့အသွား၏။ ပြီးနောက် ရုတ်တရက်ထကာ အော်လိုက်၏။ “ညီငယ်လေး။ မင်းကိုး။”
အသွင်အပြင်သည် ပြောင်းလဲသွားခဲ့၏။ သို့ပေမဲ့ ဆေးမှင်ကြောင်မှာတော့ မပြောင်းလဲချေ။ ဆေးမှင်ကြောင်သည် မည်သူဖြစ်ကြောင်းကို အကောင်းဆုံး သက်သေပြလျက်ရှိနေသည်။
ကျွင်းချောင်ရှောင်း၏ အော်ဟစ်သံကို ကြားရသည့်အချိန်မှာတော့ ကုကျောင်းရှစ်သည် မည်သို့မှ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ ပဲစေ့အရွယ်အစားခန့် မျက်ရည်များသည် ပါးထက်ဆီမှ ဆင်းသက်လာခဲ့၏။ သူသည် စိတ်ထဲမှာတော့ မကျေမချမ်းဖြင့် အော်ဟစ်လျက်ရှိနေ၏။
ဒီအဝတ်တွေကို ဘယ်ခွေးသူတောင်းစားက ဖန်တီးခဲ့တာလဲ။ တစ်လတိတိ ရိုက်နှက်ခံရပြီးတဲ့ အချိန်ကျမှ ပြဲရတယ်လို့ကွာ။