အခန်း (၁၄၄၇)
Vol. 97 Ch. 1447
ကျွင်းချောင်ရှောင်း၏ အားထုတ်မှုအောက်မှာတော့ ကုကျောင်းရှစ်သည် အသက်ပြန်ရှင်လာခဲ့ပြီဖြစ်၏။ ၎င်းသည် တစ်ကိုယ်လုံး ပတ်တီးများ စည်းနှောင်ထားပြီး အိပ်ယာပေါ်တွင် လဲလျောင်းလျက် ရှိ၏။ မျက်လုံးများ သည် မည်သည့်ခံစားချက်များ မရှိသည့် ဟန်ပန်မျိုးဖြင့် မျက်နှာကျက်အား စူးစိုက်ကြည့်လျက် ရှိ၏။
၎င်း၏ ဝိညာဉ်သည် တစ်လနီးပါးခန့် နှိပ်စက်ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး အဆိပ်သုံးထောင် စွမ်းအင်များသည်လည်း ခန္ဓာကိုယ်အား တိုက်စားခဲ့၏။ ထို့အပြင် အသန့်စင်ဆုံးသော မီးဓာတ်များဖြင့်လည်း သန့်စင်ခြင်းကို ခံရပြန်သည်။ အခြေအနေတစ်ခုလုံးသည် သေဆုံးခြင်းထက်ပင် ပိုမိုကာ ဆိုးရွားခဲ့သေးသည်။
“ညီလေး”
အိပ်ယာရှေ့တွင် ထိုင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် မျက်လုံးထောင့်စွန်းက စီးကျလာခဲ့သည့် ကုကျောင်းရှစ်၏ မျက်ရည်များကို သုတ်ပေးကာ ပြောလိုက်၏။ “ဒီလို ကပ်ဘေးကြီးကနေ လွတ်မြောက်လာခဲ့ပြီး အသက်ရှင်လာခဲ့တာ ပျော်စရာကိစ္စတစ်ခုပဲ။ ငါတို့ ညီအစ်ကိုတွေ ပြန်ပြီးတော့ ဆုံစည်းကြပြီ”
ကုကျောင်းရှစ်သည် သူ၏လက်ကို အားပျော့စွာဖြင့် အသာမြှောက်ကာ ခြောက်ကပ်ကပ်အသံဖြင့် ပြောလိုက်သည်။ “ကျုပ် အေးအေးဆေးဆေးနဲ့ နေချင်တယ်”
“အေးအေးဆေးဆေး ဆိုတာ ဘယ်သူလဲ”
“ကောင်းကင်ဘုံ... ကျေးဇူးပြုပြီး ကျုပ်ကို လာကယ်ပါအုံး”
ကုကျောင်းရှစ်သည် နှိပ်စက်မှု တော်တော်များများကို အတွေ့အကြုံ ရရှိခဲ့သည်ဆိုသော်လည်း ကောင်းမွန်သည့် အခြေခံကိုလည်း ရရှိခဲ့၏။ သူသည် လဝက်နီးပါးခန့် ပြန်လည် အားမွေးပြီးသည့်နောက် အလုံးစုံ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူသည် မသေဆုံးခဲ့သလို ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်ပြီးသည့်နောက် ပိုမိုကာ အားကောင်းခဲ့ခြင်းလည်း မရှိချေ။ သူ၏ သေဆုံးရန် ကြောက်သည့်စိတ်မှာတော့ ပိုမိုကာ အားကောင်းလာခဲ့၏။
အထူးသဖြင့် အားရာအကြောင်းကို စဉ်းစားလိုက်သည်နှင့် အိမ်မက်ထဲမက်လျှင်ပင် ချက်ချင်းနိုးထလာသည်အထိ ထိတ်လန့်ကြောက်ရွံ့ခဲ့၏။ အားရာဆိုသည့် အိမ်မက်ဆိုးသည် သူ့အား ရက်အတော်ကြာသည်အထိ နှိပ်စက်နေခဲ့ သေးသည်။
“ညီလေး”
တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ အိပ်ဆောင်ရှိရာဆီသို့ ခေါ်ကာဖြင့် အထူးစားပွဲကို ပြင်ဆင်ခဲ့၏။ “မင်းနဲ့ငါက သေမျိုးလောကထဲမှ တွေ့ခဲ့ကြတာကနေ တွက်ကြည့်မယ်ဆိုရင် ဆယ်နှစ်ကျော်ကြာ မတွေ့ခဲ့ကြတာပဲ။ ဒီနေ့မှာတော့ အားရပါးရ သောက်ကြရအောင်”
“ကောင်းပြီ” ကုကျောင်းရှစ်သည် တည့်တည့်ပင် ပြောလိုက်သည်။
“အားညို”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “လာ... ဒီကိုလာထိုင်”
“ကောင်းပါပြီ” ရီရှင်းချန်သည် ထိုင်ချလိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ ဂုဏ်ယူဝံ့ကြွားသည့် အမူအရာများ ထင်ပေါ်လျက်ရှိ၏။ ဤတစ်ကြိမ်မှာတော့ သူ့အား ဧည့်သည်ကို ဧည့်ခံရန်အတွက် ဂိုဏ်းချုပ်က တာဝန်ပေးခဲ့သည်။ ရည်ရွယ်ချက်သည် စိတ်လိုလက်ရ အရက်သောက်ရန်ပင်ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ဝိုင်ခွက်ကို ကိုင်ကာဖြင့် ပြောလိုက်၏။ “ဒါဆိုရင် ငါတို့ ပြန်လည်ပေါင်းစည်းမှုအတွက် အောင်ပွဲပေါ့။ လာခဲ့”
ကုကျောင်းရှစ်သည် မတ်တပ်ထရပ်လိုက်သည်။ ပြီးနောက် သူ၏ခေါင်းကိုမော့ကာဖြင့် ဝိုင်ခွက်အား တစ်ခါတည်း မော့သောက်လိုက်၏။ ပြီးနောက် ချီးကျုးလိုက်သည်။ “ဒါက ဝိုင်ကောင်းတစ်ခွက်ပဲ”
“ညီလေး... မင်းက တကယ့်ကို ကျွမ်းကျင်သူတစ်ယောက်ပဲကိုး။ မဆိုးဘူး။ မဆိုးဘူး။ ငါ့ရဲ့တပည့်ကလည်း ဝိုင်တာအိုမှာ ပေါက်မြောက်တဲ့ ဘိုးဘေးကြီးလို့တောင် နာမည်ပြောင်ရထားတာလေ။ အခွင့်အရေးရတုန်း သူနဲ့ ယှဉ်ပြိုင်လိုက်ရအောင်”
“အမ်” ကုကျောင်းရှစ်၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။
ရီရှင်းချန်သည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် ဝိုင်ဂျားကြီးတစ်ခုကို ဆွဲမလိုက်သည်။ ပြီးနောက် ပြောလိုက်၏။ “ခွက်ကိုသုံးပြီး သောက်ရတာ အဆင်မပြေဘူးလေ။ ဂျားလိုက်သုံးပြီး မော့ရတာ ပိုမကောင်းဘူးလား”
“ဒါက” ကုကျောင်းရှစ်သည် ရုတ်တရက် ခက်ခဲသည့် အခြေအနေဆီသို့ ရောက်ရှိသွား၏။
“ဟုတ်ပြီ”
ရီရှင်းချန်က ထပ်ပြောလိုက်သည်။ “ခင်ဗျားက ဧည့်သည်ပဲလေ။ ဒီတော့ စိတ်ရှိသလို သောက်ပါ”
ပြောပြောပြီးချင်းမှာပဲ သူသည် ဝိုင်ဂျားကြီးကို လက်တစ်ဖက်ဖြင့်မကာ တစ်ခါတည်းမော့ကာ သောက်သုံးလိုက်၏။
“အံ့အားသင့်စရာပဲ” ကုကျောင်းရှစ်က ထအော်လိုက်သည်။
ဘုန်း
ပြီးသည့်နောက် သူသည် ဝိုင်ဂျားကြီးကို ဆွဲကာ မြှောက်လိုက်၏။
ရီရှင်းချန်သည် မထီတရီ ပြုံးကာဖြင့် စဉ်းစားလျက်ရှိသည်။ “တိုက်ခိုက်ပွဲမှာ မနိုင်ဘူးဆိုရင်တောင်မှ အရက်သောက်ပြိုင်ပွဲမှာ ကျိန်းသေပေါက် နိုင်ရမယ်”
အားညိုသည် အစစ်အမှန်စိတ်အားထက်သန်လျက်ရှိ၏။
“လာခဲ့စမ်း”
ဤတစ်ကြိမ်မှာတော့ ကုကျောင်းရှစ်သည် ဘေးတစ်ဖက်တွင်ရှိသော ဝိုင်ဂျားကြီးကို မကာဖြင့် တစ်ခါတည်း မော့ကာ သောက်လိုက်သည်။ သူသည် ဆက်တိုက်သောက်ပြီးပြီးချင်းမှာပဲ ဝိုင်ဂျားကြီးနှစ်ခုအား စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ဆွံ့အသွားမိ၏။ အရက်မူးအိမ်မက်ဝိုင်သည် လန်ကောင်းတစ်ယောက် အကြိမ်ပေါင်းများစွာ သုတေသနပြုလုပ်၍ တိုးတက်အောင် ပြုလုပ်ထားသည့်အရာလည်းဖြစ်၏။
ထိုဝိုင်သည် အရက်သောက်သုံးပါသည်ဆိုသော အရက်ဂျိုးပင်လျှင် ခုခံနိုင်သည့်အရာ မဟုတ်ချေ။ သို့ပေမဲ့ ထိုအရာကို သောက်သုံးပြီးသည့်နောက် သူ၏ ညီငယ်လေးသည် အဆင်ပြေရုံသာမက ပိုမိုကာ အားအင်များ တိုးတက်လာသည့် ပုံစံမျိုးပင် ထင်ပေါ်လျက် ရှိနေသည်။
“ကျွမ်းကျင်သူပဲ” ရီရှင်းချန်သည် မျက်မှောင်ကုတ်သွား၏။
ဘုန်း ဘုန်း ဘုန်း …….။
သူသည် စားပွဲပေါ်သို့ ဝိုင်ဂျားကြီး နှစ်ခွက်ကို တင်ကာဖြင့် ပြောလိုက်သည်။ “ထပ်သောက်လိုက်ရအောင်”
“ကျေးဇူးပြုပြီး... ချပါ” ကုကျောင်းရှစ်သည် ထိုင်ခုံပေါ်သို့ ခြေတစ်ဖက်တင်ကာဖြင့် လေထဲသို့ ဝိုင်ဂျားကြီးကို မကာ ပါးစပ်ထဲသို့ လောင်းထည့်တော့၏။
ရီရှင်းချန်၏ မျက်နှာတစ်ခုလုံးသည် စိတ်ဝင်တစား ဖြစ်လို့နေခဲ့သည်။ “ဒါက တကယ့်ကို ကျွမ်းကျင်သူပဲ”
...........
နာရီဝက်ခန့် ကြာမြင့်ပြီးသည့်နောက် ကုကျောင်းရှစ်သည် ဟောခန်းထဲမှ အသာလမ်းလျှောက်ကာ ထွက်ခွာသွား၏။ သူ၏ အပြင်ဘက်သို့ မထွက်ခွာသွားခင်မှာပဲ အင်္ကျီကော်လံများအား သပ်ရပ်အောင် ပြုပြင်လိုက်သေး၏။
အထဲသို့ မြင်ကွင်းကို ပြောင်း၍ ကြည့်ရှုလိုက်မည်ဆိုလျှင် စားပွဲ၏အောက်ခြေတွင် အားညိုသည် မှောက်လျက် ရှိ၏။ ၎င်းသည် တတွတ်တွတ်နှင့် ရွတ်လျက်ရှိ၏။ “ကျုပ် သောက်နိုင်သေးတယ်။ ကျုပ် မသောက်နိုင်တော့ဘူး”
တူညီသည့် တည်နေရာအတွင်းမှာပဲ ယွမ်သခင်လေးသည် ဟောခန်းသခင်ပိုင်အား အနိုင်ယူခဲ့၏။ ထို့အတူ ကုကျောင်းရှစ်သည် ရီရှင်းချန်ကို အနိုင်ယူခဲ့သည်။
“အင်း”
ကျွင်းချောင်ရှောင်းသည် အသာလှမ်းလျှောက်ထွက်ကာဖြင့် ခေါင်းကို ခါယမ်းလိုက်၏။ “ရှုံးပြီကွာ”
အားညိုသည် အလုံးစုံ ရှုံးနိမ့်ခဲ့ပြီဖြစ်၏။ သို့ပေမဲ့ သူသည် ရှုံးနိမ့်မှုကို ဝန်မခံခဲ့ချေ။ ခက်ခက်ခဲခဲဖြင့် မတ်တပ်ထရပ် ပြီးသည့်နောက် နဂါးဦးခေါင်းတောင်ထွတ်မှသည် တီးတိုးရေရွတ်ကာ လှမ်းလျှောက်ထွက်လာ၏။ “ငါ မမူးသေးဘူး။ ငါ.... ငါ မမူးသေးဘူး”
“အမ်”
စိတ်ဝိညာဉ်သားရဲဟောခန်း၏ အဓိကဟောခန်းအတွင်း၌ အရေးကြီးသည့်ကိစ္စရပ်များကို သူ၏ သားရဲများနှင့်အတူ ဆွေးနွေးလျက် ရှိနေသည့် ခရမ်းရောင်ဘုရင်သည် မျက်မှောင်ကုတ်လိုက်၏။ ပြီးသည့်နောက် သူသည် တံခါး၏ရှေ့ဆီသို့ လှမ်းမျှော်ကာ ကြည့်ရှုလိုက်၏။ ယိုင်တိုင်တိုင်နှင့် လမ်းလျှောက်လာသည့် လူတစ်ယောက်ကို သူက မြင်လိုက်သည်။ “မကောင်းတော့ဘူး”
အကြီးအကဲညို၏ အမူအရာသည် ပြောင်းလဲသွား၏။ “သူလာပြီ။ သူလာပြီပဲ။ အားလုံး အသင့်ပြင်ကြ။ အားလုံး... အားလုံး အဆင်သင့်ပြင်ကြတော့”
အားရပါးရ အရက်သောက်ပြီးသည့်နောက် ကုကျောင်းရှစ်သည် သူ၏ စိတ်ပိုင်းဆိုင်ရာ အရိပ်မဲကြီးမှ လှမ်းလျှောက် ထွက်ခွာနိုင်ခဲ့ပြီဖြစ်၏။ နောက်တစ်ရက်မှာတော့ သူသည် ကျွင်းချောင်ရှောင်းဆီသို့ အလျင်အမြန်ဖြင့် ရောက်ရှိလာပြီး လုပ်ငန်းကိစ္စကို ပြောဆိုတော့၏။ “အစ်ကိုကြီး.. အစ်ကိုကြီးဆီမှာ ဧကရီလင်းရောင်နဲ့ပတ်သက်ပြီး ရန်ငြိုးရန်စတွေ ရှိလား”
“ရှိတာပေါ့”
ရီရှင်းချန်နှင့်ပတ်သက်သည့် ကိစ္စများကို မပြောနှင့် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲတွင် အကြိမ်ပေါင်း များစွာ ပြဿနာများ ဖြစ်ခဲ့၏။ ထို့ကြောင့် ရန်သူများဟုပင် သုံးသပ်နိုင်စွမ်းရှိသည်။
“ကျုပ်သိပြီ”
ကုကျောင်းရှစ်သည် သူ၏နဖူးကို ပိတ်ရိုက်လိုက်၏။ “ဒီမိန်းမက အစ်ကိုကြီးရဲ့ ဂိုဏ်းထဲကိုသွားပြီး သူလျှိုအဖြစ်လုပ်ဖို့ ကျုပ်ကို ခိုင်းစေလိုက်တာ အံ့အားသင့်စရာ မဟုတ်တော့ဘူးပဲ”
“သူလျှို ဟုတ်လား”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “မင်း ဘာကို ဆိုလိုတာလဲ”
ဧကရီလင်းရောင်နှင့် သူ၏အကြား သဘောတူညီချက်ကို ကုကျောင်းရှစ်သည် အလျင်အမြန်ပဲ ပြန်လည် ပြောပြ လိုက်၏။ သဘောတူညီမှု ကတိစကားနှင့်ပတ်သက်၍ သူက ဂရုမစိုက်ချေ။ သူသည် အမှန်ကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။ မည်သည့်အရာကိုမှ ဖုံးကွယ်မထားချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သေဖော်ရှင်ဖက် ညီအစ်ကိုများ ဖြစ်သောကြောင့်ပင်။
ဖြစ်စဉ်တစ်ခုလုံးကို သိရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်သွားခဲ့၏။ ဂိုဏ်းတွင် စနစ်၏ ကန့်သတ်ချက်တစ်ခု တည်ရှိနေ၏။ ထို့ကြောင့် တခြားသောသူများသည် သူလျှိုအဖြစ် ရောက်ရှိလာ မည်ကို သူစိုးရိမ်ခြင်း မရှိပေ။
သို့ပေမဲ့ ဧကရီလင်းရောင်သည် သူ့အား ဤကဲ့သို့ မလျော်ညီသည့် ကိစ္စရပ်များကို ပြုလုပ်ခဲ့ပြန်၏။
ဤအမျိုးသမီးသည် နယ်မြေဟောခန်းဆီမှဖြစ်၏။ နတ်ဆိုးမြူတောအုပ်ထဲတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များသည် လည်း နယ်မြေဟောခန်းမှ ပြုလုပ်ခဲ့သည်ဟု သဲလွန်စကလည်း ရရှိနေ၏။ ထိုသို့ဆိုလျှင် နတ်ဆိုးမြူသားရဲဘုရင် အား စည်းမှ ဖယ်ရှားလိုက်ခြင်းသည် သူ ပြုလုပ်သည့်အရာပင် ဖြစ်နေမည်လား။
စနစ်က ပြောလိုက်သည်။ “ဖြစ်နိုင်ဖွယ်ရာ အရမ်းကို များတယ်”
“ငါနားလည်ပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဧကရီလင်းရောင်က အားညိုနဲ့ ရန်ငြိုးရန်စ ရှိတယ်။ ဒီတော့ သူမက အခွင့်အရေးကို အရယူ၊ စည်းကိုချိုးဖြတ်ပြီး သူ့ကို သတ်ဖြတ်ချင်တာပဲ ဖြစ်ရမယ်။ ချီးတဲ့မှ... ဒီမိန်းမက တကယ့်ကို အစီအစဉ်ချမှတ်တဲ့ နေရာမှာ တော်တဲ့လူပဲ”
“ညီလေး”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “မင်းတို့ တစ်ယောက်ကို တစ်ယောက် ဘယ်လို ဆက်သွယ်ကြလဲ”
ကုကျောင်းရှစ်သည် ခေါင်းကိုခါယမ်းလိုက်၏။ “ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ဖို့ပဲ ခိုင်းစေခဲ့တာလေ။ ဘယ်လို ဆက်သွယ်ရမလဲ မပြောခဲ့ဘူး”
“အဲလောက်ရိုးရှင်းတာလား”
“အင်း”
“.........”
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။
စနစ်က ပြောလိုက်သည်။ “ဒီလို အစီအစဉ် ချမှတ်ရာမှာ တော်တဲ့မိန်းမတစ်ယောက်က မင်းရဲ့ညီလေးကို အရာကိစ္စ အားလုံး ပြောမှာ မဟုတ်ဘူး။ ဒီတော့ အနာဂတ်မှာ သူမက ဘယ်လိုညွှန်ကြားချက်တွေ ပေးမလဲဆိုတာကို စောင့်ကြည့်ရမယ်လေ”
“ဒါကတော့ အမှန်ပဲ”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “သူမက သူလျှိုတွေကို စေလွှတ်လိုက်တယ်ဆိုမှတော့ သူမ ဆန္ဒရှိတဲ့အတိုင်း လုပ်ပေးရတော့မှာပေါ့”
“ညီလေး... မင်းအနေနဲ့ ပြိုင်စံရှားဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ချင်လား”
ကုကျောင်းရှစ်သည် ပထမတုန်းက နှောင့်နှေးလျက် ရှိသည်။ သို့ပေမဲ့ မသေခင်က သဘောတူညီမှုအကြောင်းကို ပြန်လည်မှတ်မိပြီးနေက် ၎င်းတို့သည့် သေဖော်ရှင်ဖက် ညီအစ်ကိုများ ဖြစ်ကြောင်း ကိုလည်း သိရှိခဲ့၏။ ထို့ကြောင့် ငြင်းဆန်စရာ အကြောင်း မရှိပေ။ သို့ပေမဲ့ သူသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်၏။ “အစ်ကိုကြီး... ကျုပ်က သစ္စာဖောက် တစ်ယောက်လေ။ တကယ်လို့ အစ်ကိုကြီးရဲ့ ဂိုဏ်းထဲကို ဝင်ရောက်မယ်ဆိုရင် အဆုံးမဲ့ဒုက္ခတွေကို ကျုပ်က ယူဆောင်လာသလို ဖြစ်လိမ့်မယ်”
ကျွင်းချောင်ရှောင်းသည် သူ့ညီငယ်၏ ပခုံးပေါ်သို့ လက်တင်လိုက်၏။ “ညီလေး... ငရဲကြီးကိုးထပ်ထဲမှာ ငါပြောခဲ့တဲ့ အရာကို မင်းမေ့သွားပြီလား”
မည်သည့်အရာကို ပြောခဲ့သနည်း။ ကုကျောင်းရှစ်သည် ကြိုးစား၍ ပြန်လည်ကာ စဉ်းစားလိုက်၏။ ရုတ်တရက် သူသည် မှတ်မိသွားသည်။ “ဟုတ်ပြီ... အစ်ကိုကြီးကလည်း သစ္စာဖောက်ပဲကိုး”
“ဒီတော့ …”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ငါ့ရဲ့ဂိုဏ်းထဲကိုဝင်လိုက်။ ပြီးတော့ အတူတူ အလုပ်ကြိုးစားပြီး အထက်နယ်မြေတစ်ခုလုံးကို ပြောင်းပြန်ဖြစ်အောင် လုပ်ကြတာပေါ့။ နယ်မြေဟောခန်းဆိုတာ တစ်ရက်ကလေးမှ ငြိမ်းချမ်းမှုကို မရစေရဘူး”
“ကောင်းပြီ” ကုကျောင်းရှစ်သည် ရက်ရက်ရောရောပဲ ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ဝင်ခွင့်ဖောင်ကို ထုတ်ယူပြီးနောက် လုပ်ငန်းဆောင်တာများအတိုင်း မေးမြန်းကာဖြင့် ဂိုဏ်းချုပ်စည်းတံဆိပ်တုံးကို ထုနှက်လိုက်၏။ ထိုအချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် နောက်ထပ်စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ရရှိခဲ့ပြီ ဖြစ်၏။ ၎င်းသည် ဂိုဏ်းချုပ်၏ သေဖော်ရှင်ဖက် ညီအစ်ကိုလည်း ဖြစ်နေ၏။ အနာဂတ်တွင် အထက်နယ်မြေအား မည်ကဲ့သို့ ပြဿနာများ ရှာဖွေမည်နည်း ဆိုသည်ကိုတော့ အချိန်ကသာ ဆုံးဖြတ်ပေးပေလိမ့်မည်။
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် တပည့်များအားလုံးကို ခေါ်ယူကာဖြင့် ကုကျောင်းရှစ်အား အသေးစိတ် မိတ်ဆက်ပေးခဲ့တော့၏။
ဤလူငယ်လေးသည် ဂိုဏ်းချုပ်၏ ညီလေးဖြစ်နေသည်။ ထို့ကြောင့် ဝါစဉ်အရ ပြောရမည်ဆိုလျှင်…..
“နှုတ်ဆက်ပါတယ်... ဂိုဏ်းတူဦးလေး” တပည့်များ အားလုံးသည် သံပြိုင်အော်ဟစ်လိုက် ကြ၏။
ကျွင်းချောင်ရှောင်း တစ်ယောက် ပြိုင်စံရှားဂိုဏ်းထဲ ဝင်ရောက်စဉ်က စီနီယာအစ်ကို နှစ်ယောက် ရှိခဲ့ဖူး၏။ သို့ပေမဲ့ ၎င်းတို့နှစ်ယောက်သည် ဂိုဏ်းထဲမှ ထွက်ခွာသွားခဲ့၏။ ထို့ကြောင့် သူ့တွင် စီနီယာနှင့် ဂျူနီယာဟူ၍ မရှိခဲ့ချေ။ ကုကျောင်းရှစ် ရောက်ရှိလာပြီးသည့်နောက် ထိုလိုအပ်ချက်သည် ပြည့်စုံသွားခဲ့တော့သည်။
အချက်အလက်အားဖြင့် ဖြူမဲညီနောင်တို့သည်လည်း ဂိုဏ်းတူဦးလေးများအဖြစ် သတ်မှတ်နိုင်စွမ်း ရှိနေသည်။ သို့ပေမဲ့ ၎င်းတို့သည် အစောင့်အရှောက်ဆိုသည့် ရာထူးကို ရယူထားသည် ဖြစ်သောကြောင့် တပည့်များသည် ရာထူးအတိုင်းပင် လေးလေးစားစားဖြင့် ခေါ်ဝေါ်ကြတော့၏။
..........
“ညီလေး... မင်းရဲ့ လက်ရှိအားအင်အဆင့်က ဘယ်လောက်လဲ”
“အမြူတေ အသွင်ပြောင်းခြင်း အဆင့်ရှစ်ပါ”
“ကောင်းပြီ။ ဂိုဏ်းက လက်ရှိမှာ တာဝန်တွေ အများကြီး ရှိနေသေးတယ်။ ဒီတော့ မင်းနဲ့ အစောင့်အရှောက် နှစ်ယောက်တို့က ဂိုဏ်းသားတွေအားလုံးကို ကူညီပြီး သူတို့ရဲ့ တာဝန်တွေ ပြည့်စုံသွားအောင် ကြည့်ရှု စောင့်ရှောက်ပေးလိုက်ပါအုံး”
“ကောင်းပါပြီ”