အခန်း (၁၄၄၆)
Vol. 97 Ch. 1446
ကုကျောင်းရှစ်သည် သူ၏ဆေးမှင်ကြောင်ကို ထုတ်ဖော်ပြသရင်း သူမည်သူဖြစ်သည်ကို သက်သေပြနိုင်ခဲ့ပြီဖြစ်၏။ ဆိုလိုသည်မှာ အဝတ်၏အရည်အသွေးသည် အလွန်တရာ ကောင်းမွန်လွန်းသောကြောင့်သာ သူဤမျှ ခံခဲ့ရခြင်း ပင်ဖြစ်၏။
ရက် သုံးဆယ် တိတိ ရိုက်နှက်ခံရပြီးသည့်နောက်မှာတော့ အဝတ်သည် အမှန်ပင် စုတ်ပြဲသွားခဲ့သည်။ ဟောခန်း သခင်ကျိကဲ့သို့ ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်ဆိုပါက ၎င်းသည် သေဆုံးသည်အထိ အကျဉ်းထောင်ထဲတွင် နေထိုင် သွားရမှာသေချာ၏။
“အားရာ”
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ပြောလိုက်သည်။ “မြန်မြန် ကြိုးဖြေပေးလိုက်။”
ဝှစ်
ကြိုးများသည် ချက်ချင်းပဲ ပျောက်ကွယ်သွား၏။
ကုကျောင်းရှစ်သည် မျက်နှာနှင့် မြေပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျ၏။ မျက်နှာတစ်ခုလုံးသည်လည်း စုတ်ပြတ်သပ်သွားရသည်။
“ညီလေး”
ကျွင်းချောင်ရှောင်းသည် အလျင်အမြန်နှင့် ပြေးလာပြီးသည့်နောက် ထူမလိုက်၏။ ပြီးနောက် လေးလေးနက်နက်နှင့် ဖက်ကာ အော်ဟစ်လိုက်၏။ “ဘာလို့ စောစောတည်းက မပြောရတာလဲ။”
“……..” ကုကျောင်းရှစ်သည် သွေးအန်လုမတတ် ဖြစ်သွား၏။ သူ့စကားကို သေသေချာချာ နားမထောင်ခဲ့သည်မှာ မည်သူနည်း။
“ကျွန်မ အခုမှတ်မိပြီ။”
အားရာသည် သူမ၏ နဖူးကို ပိတ်ရိုက်ကာ ပြောလိုက်၏။ “ဒီလူက သေချင်နေတဲ့ ဆေးမှင်ကြောင်နဲ့ လူကိုး။ ဟုတ်တယ်မလား။”
ကျိုးဒူဒူသည် လက်ခုပ်ထတီးကာဖြင့် ပြောလိုက်သည်။ “ကျုပ်လည်း မှတ်မိပြီ။”
ဤနှစ်ယောက်သည် ဆေးမှင်ကြောင်အား အမှန်ပင် မှတ်မိသွားခဲ့၏။ သို့ပေမဲ့ မှတ်မိခဲ့ခြင်းမှာ ကြာမြင့်လှချေသည်။ ကုကျောင်းရှစ်သည် လူလိုလို၊ သရဲလိုလို အခြေအနေထိရောက်အောင် နှိပ်စက်ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။ အဆုံးသတ် မှာတော့ ကုန်းရှန့်၏ လက်မောင်းပေါ်တွင် သတိလစ်မေ့မျောသွားခဲ့၏။
“ညီလေး”
ကျွင်းချောင်ရှောင်းသည် ဝမ်းနည်းစွာဖြင့် အော်ဟစ်လိုက်မိ၏။ အမှတ်မထင်ဖြင့် အထဲသို့ လှမ်းဝင်လာခဲ့သည့် နှင်းဆီဧကရီသည် သူမ၏ ယောက်ျား၏ ပုံပန်းသွင်ပြင်ကို မြင်ရသည့်အချိန်မှာတော့ စိတ်ထဲတွင် ကြိတ်ကာ တွေးတောလိုက်မိ၏။ “ယောက်ျားက ဘာလို့ ယောက်ျားတစ်ယောက်ကို ဒီလောက်ကြီး ဂရုစိုက်နေရတာလဲ။ ဘာတွေလဲ။”
……..
ဆေးဟောခန်းထဲမှာတော့ သမားတော်တစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသည့် စွန်းပုကုံးသည် အခန်းထဲမှ လျှောက်ထွက်လာခဲ့၏။ သူသည် မျက်နှာပေါ်တွင် ရှိနေသော မျက်နှာဖုံးအား ချွတ်ယူကာဖြင့် အကူအညီကင်းမဲ့စွာဖြင့် ခေါင်းကို ခါရမ်းလိုက်သည်။
“သူသေတော့မှာလား။” အပြင်ဘက်တွင် စောင့်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်း၏ မျက်နှာသည် ပျက်ယွင်းသွားခဲ့၏။
စွန်းပုကုံးက ပြောလိုက်သည်။ “သူရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်တစ်ခုလုံးက ကြီးကြီးမားမား သက်ရောက်မှုခံခဲ့ရတာလေ။ အသက်ရှင်နေသေးတာတောင်မှ ကံကောင်းနေပြီ။ အနာဂတ်မှာ သိုင်းပညာကို လေ့ကျင့်ဖို့ဆိုတာ ခက်ခဲနေလိမ့်မယ်လေ။ ဖြစ်နိုင်တာက တစ်သက်လုံး ဒီနေရာမှာ အိပ်မောကျနေတာမျိုးလည်း ဖြစ်နိုင်လိမ့်မယ်။”
ဤစကားစုသည် ကျွင်းချောင်ရှောင်းအား မိုးကြိုးပစ်ချလိုက်သလိုပင် တည်နေရာကြီးထဲတွင် တွေတွေကြီး ရပ်တန့် သွားစေခဲ့၏။ သူ၏ သေဖော်ရှင်ဖက်ညီငယ်လေးနှင့် ပြန်လည်ဆုံတွေ့ရသည်ဆိုခြင်းသည် လွယ်ကူလှသည့်အရာ မဟုတ်ချေ။ အကူအညီဖြစ်ထွန်းနိုင်မည်ဟု တွေးတောထားခဲ့မိ၏။ ထိုသူသည်သာ သူနှင့်အတူ ပူးပေါင်းလိုက်သည် ဆိုပါက ကျားကို အတောင်ပံတပ်ပေးသလို ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သတိလစ်မေ့မျောလျက် ရှိနေသည့် အသေကောင်ကြီးကဲ့သို့ အခြေအနေမျိုးကို ပြောင်းလဲသွားပေတော့မည်။
“ဒါ ငါ့အမှားတွေပဲ။ ဒါတွေအကုန်လုံးက ငါ့အမှားပဲ။”
ကျွင်းချောင်ရှောင်းသည် ဆောင့်ကြောင့်ထိုင်ပြီးသည့်နောက် သူ၏ မျက်နှာကို လက်ဖြင့် ဖုံးကာကာ သူ့ကိုယ်သူ အပြစ်တင် လျက်ရှိနေ၏။ “စောစောထဲက သူမှန်းသိလို့ရှိရင် ငါ ဒီလိုမလုပ်ခဲ့ပါဘူး။”
“ဂိုဏ်းချုပ်”
စွန်းပုကုံးက ပြောလိုက်သည်။ “ကုသမှုကို ရပ်တန့်လိုက်သင့်ပြီလို့ ထင်တယ်။”
ကျွမ်းကျင်လှပြီး စည်းမျဉ်းစည်းကမ်းနှင့်ပြည့်စုံလှသော သမားတော်တစ်ယောက်ဖြစ်သည်မို့ လူနာတစ်ယောက်၏ နာကျင်မှုကို အဆုံးသတ်ပေးရန် သူသည် စတင်ကာ ပြောဆိုလိုက်ခဲ့မိ၏။
ကျွင်းချောင်ရှောင်းသည် မည်သည့် စကားကိုမှ ပြန်မဆိုချေ။ ထိုအစား လူနာတည်ရှိရာ အခန်းထဲသို့ လျှောက်ဝင်သွားခဲ့၏။ ပြီးနောက် အိပ်ယာပေါ်တွင် လဲလျက်ရှိနေပြီး အောက်ဆီဂျင်မျက်နှာဖုံးကို တပ်ထားသည့် ကုကျောင်းရှစ်အား မြင်လိုက်ရ၏။ သူသည် ဝမ်းနည်းဆွေးမြေ့စွာဖြင့် ပြောလိုက်သည်။ “ညီလေး …. ငါ တောင်းပန်ပါတယ်။”
ဤဆေးပစ္စည်းနှင့်ပတ်သက်သော အောက်ဆီဂျင်မျက်နှာဖုံးသည် မည်သည့်နေရာက ရကြောင်း မေးမြန်းရန် မလိုချေ။ ထိုအရာများသည် စနစ်၏စတိုးဆီမှ ရယူခဲ့ခြင်းဖြစ်၏။
တစ်လတိတိ နှိပ်စက်ရိုက်နှက်ခြင်းကို ခံခဲ့ရပြီးနောက် ကုကျောင်းရှစ်သည် အလုံးစုံ သတိမေ့မျောနေသည့် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့သည်။
ပြင်းပြင်းထန်ထန် တွေးတောပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စနစ်၏ စတိုးဆီမှ အောက်ဆီဂျင်ဘူး နှင့် မျက်နှာဖုံးကို ဝယ်ယူကာ သူ၏ ညီလေးကို တပ်ပေးထားခဲ့၏။
“ညီလေး”
ကျွင်းချောင်ရှောင်းသည် အိပ်ရာ၏ အရှေ့တွင် ထိုင်လျက်ရှိ၏။ ပြီးနောက် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ထုတ်ယူကာဖြင့် ပန်းသီးကို အခွံ့နွှာလိုက်၏။ ပြီးနောက် အိပ်ရာ၏ ဘေးတစ်ဖက်ပေါ်သို့ ပန်းသီးကို တင်ကာ ပြောလိုက်သည်။ “ငါတို့က အခုမှစပြီးတော့ တွေ့ကြတာ။ အခုပဲ ထပ်ပြီး လမ်းခွဲရတော့မယ်။ နောက်ဘဝမှာ ထပ်ပြီးတွေ့ဖို့ မျှော်လင့်မိတယ်။”
ဤတစ်ကြိမ်မှာတော့ ကုကျောင်းရှစ်သည် တွေးတောနိုင်ခြင်းမရှိသလို စကားပြောဆိုနိုင်ခြင်းလည်းမရှိချေ။ မဟုတ် ပါက အောက်ဆီဂျင်မျက်နှာဖုံးကို ချွတ်ကာဖြင့် ထကာ အော်ဟစ်နေပေလိမ့်မည်။ “နောက်လည်း ထပ်မတွေ့တော့ပါဘူး။”
ဟူး
ကျွင်းချောင်ရှောင်းသည် သက်ပြင်းအရှည်ကြီးကို ချပြီးသည့်နောက် သူ၏ ပါးပြင်ထက်တွင် ကျဆင်းလာသော မျက်ရည်များကို လက်ဝါးကြမ်းကြီးနှင့် အသာသုတ်လိုက်၏။ ပြီးနောက် မတ်တပ်ထရပ်ကာဖြင့် အိပ်ရာကို ကျောပေးလိုက်သည်။ “လုပ်လိုက်တော့။”
စွန်းပုကုံးသည် မျက်နှာဖုံးကို ကောက်တပ်ကာဖြင့် အိပ်ရာဆီသို့ လှမ်းလျှောက်လာခဲ့၏။ သူသည် လီထျန်းထျန်း လှမ်းကာပေးခဲ့သည့် ကြီးမားလှသည့် ဆေးထိုးအပ်ကြီးကို လှမ်းယူလိုက်၏။
အထဲတွင်တော့ အမဲရောင်အရည်များနှင့် ပြည့်နှက်နေ၏။ ဤအရာသည် မြောင်စိုင်းဖန် တစ်ယောက်ဖန်တီးထားသည့် အားအကောင်းဆုံးသော အဆိပ်ပင်ဖြစ်၏။ အထဲတွင် အဆိပ်ပေါင်း ၃၀၀၀ တည်ရှိပြီး ထိုအရာအား အဆိပ်သုံးထောင်ဟု ခေါ်ဆိုသည်။
ကုကျောင်းရှစ်ကို သတ်ဖြတ်ရန်အတွက် သူသည် အောက်ဆီဂျင်မျက်နှာဖုံးကို ဆွဲချွတ်လိုက်သည်သာမက အဆိပ်ကိုပင် ထိုးကာ သတ်ပေလိမ့်မည်။ ထိုမှသာလျှင် လျင်လျင်မြန်မြန်နှင့် သေဆုံးသွားမှာဖြစ်၏။
“ဂိုဏ်းချုပ်”
စွန်းပုကုံးသည် ဆေးထိုးအပ်ကို မြှောက်လိုက်သည်။ “ပြောချင်တာ တစ်ခုခုရှိသေးလား။”
ကျွင်းချောင်ရှောင်းသည် အိပ်ရာကို ကျောပေးကာဖြင့် ပြတင်းပေါက်ဆီသို့ လှမ်းလျှောက်လိုက်၏။ ခံစားချက်များကို ကြိုးစား ထိန်းသိမ်းပြီးသည့်နောက်တွင်တောင်မှ သူ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်နိုင်မှု ကင်းမဲ့စွာဖြင့် တုန်ယင်လျက်ရှိနေသေး၏။ “ညီလေး …. နောက်ဘဝမှာလည်း သေဖော်ရှင်ဖက်ညီအစ်ကိုတွေအဖြစ် ဆက်ပြီး ဖြစ်ကြမယ်။”
သူသည် ကုန်းရှန့်နှင့်တွေ့သည့်အချိန်တိုင်း တစ်ခါတည်း သေဆုံးသွားခဲ့၏။ ထို့ကြောင့် သေဖော်ရှင်ဖက်ဆိုသည့် စကားလုံးသည် သေဖော်မှာ ကုကျောင်းရှစ်ဖြစ်ပြီး ရှင်ဖက်မှာ ကုန်းရှန့်ဖြစ်ပေလိမ့်မည်။
ခဏတာနာကျင်မှုသည် ရေရှည်နာကျင်မှုထက် ပိုမိုကောင်းမွန်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အသက်ကို ပြင်းပြင်းရှုရှိုက်ကာဖြင့် ခက်ခက်ခဲခဲ ပြောလိုက်၏။ “မြန်မြန် ဆေးထိုးသတ်လိုက်တော့။”
စနစ် “ဆေးထိုးသတ်တာဟုတ်လား။”
ဆွစ်
စွန်းပုကုံးသည် ကြီးမားလှသည့် ဆေးထိုးအပ်ကြီးကို ကိုင်ကာဖြင့် ကုကျောင်းရှစ်၏ ဖင်ကို ထိုးသွင်းလိုက်၏။ ၎င်း၏ ဝိညာဉ်နှင့်ခန္ဓာကိုယ်သည် အားအနည်းဆုံးအခြေအနေတွင် ရှိနေသည်မို့ ဆေးထိုးအပ်သည် လွယ်လွယ်ကူကူနှင့် အထဲသို့ ဝင်သွားသည်။
ဟူး ဟူး ….
ကြီးမားလှသည့် ဆေးထိုးအပ်ကြီးသည် ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့၏။
အား
အား အား
သတိလစ်မေ့မျောနေသော ကုကျောင်းရှစ်သည် ရုတ်တရက် ထကာ အော်လိုက်၏။ သူ၏ အရေပြားများပေါ်တွင် အနီရောင်အစက်များဖြစ်တည်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း မဲနက်သွားခဲ့၏။ ကြည့်ရှုရသည်မှာ ကြောက်မက် ဖွယ်ရာ ကောင်းလွန်းလှသည်။
ကျွီ
ရုတ်တရက် အားရာသည် တံခါးကို လှမ်းဖွင့်ကာဖြင့် လှမ်းအော်လိုက်၏။
“ဂိုဏ်းချုပ် …. သူ့ရဲ့ ဝိညာဉ်က ထိခိုက်ထားတယ်ဆိုမှတော့ အသွင်ပြောင်းစိတ်ဝိညာဉ်သန့်စင်ခြင်း ဆေးလုံး ကို တိုက်ကြည့်ပါလား။”
“ဟမ် …. ဟုတ်သားပဲ” သူသည် အိပ်မက်မှ နိုးထလာခဲ့သည်။
ဒင်
လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀ အား အသုံးပြုပြီးသည့်နောက် ဆေးလုံးအား ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ။
ဒင်
ဂိုဏ်းစုဆောင်းမှတ် - ၆၄၃၈၀၀
ဘန်း …။
ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းဝင်လာပြီး စွန်းပုကုံးအား ကန်ကျောက်လိုက်၏။ စွန်းပုကုံးသည် ပြတင်းပေါက်ဆီမှ လွင့်စင်၍ ဆေးတောင်ထွတ်၏ တစ်ဖက်ခြမ်းဆီသို့ ရောက်ရှိသွားခဲ့၏။ အဝေးမှကြည့်ရှုမည်ဆိုလျှင် အလွန်လှပသည့် ပုံပန်းသွင်ပြင်မျိုးနှင့် ပြုတ်ကျသွားခဲ့ခြင်းပင်ဖြစ်၏။
“ညီငယ်လေး … ငါမင်းကို ကယ်မယ်။”
ကျွင်းချောင်ရှောင်းသည် ဆေးလုံးအား ကုကျောင်းရှစ်၏ ပါးစပ်ထဲသို့ ထိုးထည်လိုက်သည်။ ပြီးနောက် အောက်ဆီဂျင်မျက်နှာဖုံးကို ဆွဲယူကာဖြင့် ကုကျောင်းရှစ်၏ ပါးစပ်ပေါ်တွင် ပြန်တပ်ပေးလိုက်၏။ ဆေးလုံးသည် မဝင်ဘဲ လည်ပင်းတွင် တစ်နေမည်ကို စိုးရသောကြောင့် လည်ပင်းကိုညှစ်ကာဖြင့် ဝမ်းဗိုက်ထဲသို့ ရောက်အောင်ပင် ပြုလုပ်ပေးလိုက်သေးသည်။
ဤကဲ့သို့ ကြမ်းတမ်းလှသည့် လှုပ်ရှားမှုအောက်မှာတော့ ကုကျောင်းရှစ်၏ လည်ပင်းတစ်ခုလုံးသည်ပင်လျှင် ရှုံ့တွသွားခဲ့၏။ ဆေးလုံးသည် တံတွေးများနှင့် အရည်ပျော်ပြီးသည့်နောက် စွမ်းအင်များသည် ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့ကာဖြင့် သူ၏ ဝိညာဉ်အတွင်းပိုင်းသို့ ရောက်ရှိကုန်၏။
ဆေးတိုက်ကျွေးခြင်းနည်းလမ်းသည် အထူးအထူးပင် ရက်စက်ကြမ်းတမ်းလွန်းလှသည်။
ဟူး ဟူး
ဆေးအစွမ်းသည် ချက်ချင်းပဲ ပြသခဲ့၏။ ကုကျောင်းရှစ်သည် အလင်းတန်းများ၏ ဖုံးလွှမ်းမှုကို ခံရပြီး ထိခိုက်ပျက်စီး လျက်ရှိနေသည့် ဝိညာဉ်သည် ပြန်လည်ကောင်းမွန်သွားခဲ့၏။ သတိလစ်မေ့မျောနေရာမှ ပြန်လည်နိုးထလာ၏။
အား အား
ဝိညာဉ် ပြန်လည်ကုသမှုကို ခံရပြီးသည့်နောက် ကုကျောင်းရှစ်သည် အိပ်ရာထဲမှ ရုတ်တရက် ထထိုင်ကာဖြင့် မြေပေါ်တွင် လူးလိမ့်လျက်ရှိ၏။ သူသည် သွေးပျက်လောက်စရာ အသံနက်ကြီးဖြင့် အော်ဟစ်နေ၏။ သူ၏ အသားအရေ တစ်ခုလုံးသည် မဲနက်လျက်ရှိနေပြီး အချိန်မရွေး သွေးစုပ်ဖုတ်ကောင်ကဲ့သို့ ပြောင်းလဲသွားမည့် ပုံပန်း သွင်ပြင်မျိုးပင်။
ဤအရာမှာ အမှန်ပင်ဖြစ်၏။ ဝိညာဉ်ထိခိုက်မှုသည် ပြန်လည်ကုသခဲ့ပြီးပြီ ဖြစ်သော်လည်း အဆိပ်မိနေသည့်အခြေအနေမှာတော့ မကုသရသေးချေ။ လက်ရှိအခြေအနေမှာတော့ ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော အဆိပ် ၃၀၀၀ သည် အစွမ်းပြလျက်ရှိနေ၏။
“ဟောခန်းသခင်မြောင်”
ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည်။ “အဆိပ်ဖြေဆေး။ အဆိပ်ဖြေဆေး”
အဆိပ်ပြင်းမြွေများနှင့် ဆော့ကစားလျက်ရှိနေသည့် မြောင်စိုင်းဖန်သည် သူမ၏ အခန်းထဲမှ လှမ်းလျှောက်ထွက်လာ ပြီးသည့်နောက် ဦးခေါင်းကို ခါယမ်းကာ ပြန်လည် အော်ဟစ်လိုက်၏။ “ဒီအဆိပ်အတွက် အဆိပ်ဖြေဆေးဆိုတာ မရှိဘူး။ အသန့်စင်ဆုံးသော စွမ်းအင်တွေနဲ့ သန့်စင်ပစ်မှရမယ်။”
“အသန့်စင်ဆုံးစွမ်းအင်တွေ ဟုတ်လား။”
ကျွင်းချောင်ရှောင်းသည် ရှောင်ဟော့အား အလျင်အမြန်ဖြင့် ခေါ်ထုတ်လိုက်သည်။ “မြန်မြန်။ သူ့ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ရှင်းပစ်လိုက်တော့။”
“ကောင်းပါပြီ။”
ရှောင်ဟော့သည် ကုကျောင်းရှစ်ကို အသာဖက်ကာဖြင့် မြေပေါ်တွင် လူးလိမ့်လိုက်၏။ ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ် သည် မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
အား အား အား
နာကျင်စွာ အော်ဟစ်လိုက်သည့်အသံကြီးသည် ဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့လျက်ရှိနေ၏။ ထိုအသံကြီးကို ကြားလိုက်ရ သည့် တပည့်များသည် ကြက်သီးမွေးညှင်းများပင် ထသွားကြသည်။
တစ်နာရီခန့် ကြာမြင့်ပြီးသည့်နောက် ကုကျောင်းရှစ်သည် မြေပေါ်တွင် လဲလျောင်းလျက်ရှိနေ၏။ သူ၏ ဆံပင်နှင့် အဝတ်အစားများအားလုံးသည် မီးလောင်ကျွမ်းလျက်ရှိ၏။
မီးလောင်တစ်စပြင်ကဲ့သို့ပင် ပြောင်းလဲသွားခဲ့သည့် သိုင်းလေ့ကျင့်ရေးကွင်းပြင်ကြီးကို ကြည့်မည်ဆိုလျှင် မီးလောင်မှုသည် မည်မျှကြမ်းတမ်းခဲ့သည် ဖြစ်ကြောင်းကို သိရှိနိုင်သည်။
ခွိ ခွိ
ကုကျောင်းရှစ်မှာတော့ ပါးစပ်ထဲမှ အဖြူရောင်အမြှုပ်များ ထွက်လျက်ရှိပြီး လက်များသည် တဆတ်ဆတ် နှင့်တုန်ယင် နေ၏။
“ဂိုဏ်းချုပ်။”
ခေါင်းတစ်ခုလုံးတွင် ပတ်တီးများစည်းထားသော စွန်းပုကုံးသည် ကုကျောင်းရှစ်၏ သွေးခုန်နှုန်းကို လက်ဖြင့် တိုင်းပြီးနောက် ပျော်ရွှင်ကာ ပြောလိုက်သည်။
“သူရဲ့ ဝိညာဉ်က ပြန်လည်ကောင်းမွန်သွားရုံသာ မကဘူး။ ခန္ဓာကိုယ်ထဲက အဆိပ်တွေအကုန်လုံးကလည်း ပျောက်ကွယ်သွားပြီ။ ခဏလောက်နားပြီးရင် လူကောင်းပကတိပြန်ဖြစ်သွားလိမ့်မယ်။”
ဟူး
ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသွားမိ၏။ သူ၏ မျက်နှာပေါ်တွင်တော့ တောက်ပသည့် အပြုံးတစ်ခု ဖြစ်တည်လာခဲ့တော့သည်။ သူ့ညီငယ်၏ အသက်ကို ကယ်တင်နိုင်ခဲ့ပြီဖြစ်၏။