← Chapters

အခန်း (၁၄၄၈)

Vol. 98 Ch. 1448

အခန်း (၁၄၄၈)

Vol. 98 Ch. 1448

ကုကျောင်းရှစ်သည် အဆင့်ရှစ် အမြူတေပြောင်းလဲခြင်း ဖြစ်သောဟေုတ်ပေသည်။ ဂိုဏ်းချုပ်သည် အဘယ်ကြောင့် နောက်ကောက်ကျကာ ကျန်ခဲ့ရမည်နည်း။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် သူ၏ ညီငယ်လေးအား တပည့်များ တာဝန်ပြည့်စုံအောင် ပြုလုပ်နိုင်စေရန် သွားရောက် ကူညီပေးဖို့ တောင်းဆိုခဲ့ခြင်းပင်ဖြစ်၏။ ထိုမှသာလျှင် သူသည် အဆင့်မြင့်အဆင့်သို့ တိုးတက်ရောက်ရှိရန် မိမိကိုယ်ကိုယ် အာရုံစိုက်နိုင်ထေိုကဲ့သို့သော အကူအညီမျိုးသည် အလွန်ပင် ကောင်းမွန်လှသည့် အကူအညီမျိုးဖြစ်၏။ တပည့်များသည် တာဝန်ပြည့်စုံအောင် ပြုလုပ်ရန် လိုအပ်နေ၏။ ကုကျောင်းရှစ်မှာတော့ ၎င်းတို့ တာဝန်ပြည့်စုံရန် လိုအပ်သည်များကို လိုက်လံကာ ကြည့်ရှုစောင့်ရှောက်ပေး၏။

“ဧကရီလင်းရောင်”

ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်လျက်ရှိ၏။ သူ၏ လက်ချောင်းများသည် စုတ်တံတစ်ခုကို ကိုင်ဆွဲကာဖြင့် ပြောလိုက်၏။ “ခင်ဗျားက ကျုပ်ကိုလာပြီး လှည့်ကွက်တွေ လုပ်နေတယ် ဆိုမှတော့ ကျုပ်ကလည်း ဘယ်မျက်နှာပေးလို့ ရတော့မလဲ။ မဟုတ်ရင် အနာဂတ်မှာ ကျုပ် ဘယ်လို အသက်ရှင် နေထိုင်ရတော့မလဲ”

ပထမတုန်းက ကုန်းရှန့်သည် သူ၏ အားအင်အဆင့်ကို တိုးတက်ရုံသာ ငြိမ်ငြိမ်သက်သက်ဖြင့် နေထိုင်ချင်မိ၏။ လုံလောက်သည့် အားအင်အဆင့်နှင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်သည့်အချိန်မျိုးတွင် သူ၏ တပည့်နှင့် ဤအမျိုးသမီး ကြားတွင်ရှိသော ရန်ငြိုးကို ဖြေရှင်းရန် စဉ်းစားထားမိ၏။ သို့ပေမဲ့ တစ်ဖက်လူသည် အရင်ဆုံး ဦးစွာလှုပ်ရှားလာခဲ့သောကြောင့် ကျိန်းသေပေါက် သူမ လိုချင်သည့် အခြေအနေအတိုင်းဖြစ်အောင် ပြုလုပ်ရပေလိမ့်မည်။

“ဟောခန်းသခင်လီ”

ကျွင်းချောင်ရှောင်းက အမိန့်ပေးလိုက်၏။ “ဧကရီလင်းရောင်နဲ့ပတ်သက်တဲ့ သတင်း အချက်အလက်တွေ အကုန်လုံးကို စုစည်းထား”

“ကောင်းပါပြီ”

လီလိုရှုသည် အလျင်အမြန်ဖြင့် အလုပ်စတင်ကာ ပြုလုပ်တော့၏။ သူမအနေနှင့် ကုကျောင်းရှစ်၏ အကြောင်းကို စုံစမ်းရန် အနည်းငယ် ခက်ခဲ၏။ ထို့အပြင်ကုကျောင်းရှစ်သည် အမှောင်ထဲတွင် တစ်ချိန်လုံး နေထိုင်ခဲ့သည့် လူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။ သို့ပေမဲ့ ဧကရီလင်းရောင်မှာတော့ ခြားနားလွန်းလှချေသည်။ ထို့အပြင် တစ်ချိန်လုံး ထင်ထင်ပေါ်ပေါ်ဖြင့် နေထိုင်တတ်သည့်လူဖြစ်သည်မို့ အဓိက သတင်းအချက်အလက်များကို ရှာဖွေမတွေ့ရှိနိုင်ဘူး ဆိုလျှင်တောင်မှ တစ်စုံတစ်ခုသော အရာများကိုတော့ သိရှိနိုင်စွမ်း ရှိပေလိမ့်မည်။

“လှည့်စားချင်တာလား”

ကျွင်းချောင်ရှောင်းသည် ဟောခန်းထဲမှ လျှောက်ထွက်လာပြီးသည့်နောက် အဝေး တစ်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ “ဒါကို ကျုပ်လည်း လုပ်တတ်ပါတယ်”

ကုကျောင်းရှစ် ရောက်ရှိလာခဲ့ခြင်းသည် အရှက်မဲ့သောလူနှင့် စည်းစနစ်ကျနသော အမျိုးသမီးတို့၏ တိုက်ပွဲကြား ကုလားကာသည် စတင်ကာ ဖွင့်လှစ်ခဲ့တော့သည်။

..........

တောနက်အတွင်းမှာတော့ ပြိုင်စံရှားဂိုဏ်း၏ အားကောင်းလွန်းလှသော တပည့်ငါးယောက်တို့သည် အထဲဆီသို့ တစ်လှမ်းချင်းလျှောက်ဝင်လာခဲ့၏။ မြေပေါ်တွင် ရှိနေသည့် မွန်းစတားများကို မြင်ရသည့်အချိန်မှာတော့ ၎င်းတို့၏ အမူအရာများသည် စိတ်ဝင်တစားဖြင့် ဖြစ်လာကြ၏။

“ဟေး”

ကုကျောင်းရှစ်သည် အလောင်းပုံကြီးပေါ်တွင် ထိုင်လျက်ရှိနေပြီး ပန်းသီးတစ်လုံးကို ကိုက်စားလိုက်သည်။ “ငါ ဒီကောင်တွေကို တာဝန်ယူထားလိုက်မယ်။ မင်းတို့အကုန်လုံး ကိုယ့်တာဝန်ကိုယ် လုပ်ကြတော့”

၎င်းတို့ အနေနှင့် တာဝန်ကို လာရောက်လုပ်ဆောင်သည့်အချိန်တွင် အဓိကတာဝန်ကို မပြည့်စုံခင် တခြားသော အရာများကို ဖြေရှင်းရန် လိုအပ်ခဲ့၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ဂိုဏ်းတူဦးလေးသည် အရာအားလုံးကို ဖြေရှင်းပေးခဲ့ပြီး ၎င်းတို့အနေဖြင့် နောက်ဆုံးဆရာကြီးကို တည့်တည့်သွား၍ တိုက်ခိုက်ရန်ပင် လိုအပ်ခဲ့၏။ ဤအရာသည် အစစ်အမှန် ကူညီခြင်းပင် ဖြစ်ပေ၏။

လီချင်းယန်သည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဂိုဏ်းတူဦးလေး”

“အပိုတွေ ပြောမနေနဲ့တော့။ မြန်မြန် လုပ်စရာရှိတာကို လုပ်ကြတော့။ ပြီးရင် ငါပြန်ပြီးတော့ လျှိုဝမ်ရှစ်ရဲ့ ထမင်းကြော်ကို စားရအုံးမယ်” ကုကျောင်းရှစ်သည် စိတ်မရှည်သလို ပြောလိုက်၏။

ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်၊ အဆိပ်နှင့် တိုက်ခိုက်ခံရမှု၊ သန့်စင်သည့်မီးတောက်များဖြင့် ကျွမ်းလောင်ခံရမှုသည် သူ့အား နာကျင်မှုနှင့် အဆုံးမဲ့ သည့် သေခြင်းတရား၏ ကြောက်ရွံ့မှုမျိုးကို ခံစားရစေသည်။ သို့ပေမဲ့ လျှိုဝမ်ရှစ်၏ ထမင်းကြော်မှာတော့ သူ့အား လောက၏ နိဗ္ဗာန်ကို ခံစားရစေသည်။

ပြန်လည်မွေးဖွားနိုင်သော စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ပြီး မွေးဖွားလိုက်၊ သေဆုံးလိုက်နှင့် သံသရာလည်လျက် ရှိနေသော ကုကျောင်းရှစ်သည် သေဆုံးပြီးသည့်အချိန်တိုင်းတွင် ပိုမိုကာ အားကောင်းလာခဲ့၏။ သူ့အနေနှင့် သေရမည်ကို ဘယ်တုန်းကမှ မကြောက်လန့်ခဲ့ချေ။ သေခြင်းတရားကိုပင် အမြဲတမ်း ရှာဖွေလျက်ရှိ၏။

သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်ပြီး ရက်အနည်းငယ်ကြာပြီးသည့်နောက် သူသည် သေခြင်းတရားနှင့် ပတ်သက်၍ စိုးရွံ့လာခဲ့ပြီး အနာဂတ်တွင် ကောင်းမွန်သည့် ဘဝမျိုးဖြင့် နေထိုင်ရန်ပင် ယုံကြည်ချက် ရှိလို့နေခဲ့သည်။ ဤအရာသည် ကုန်းရှန့်၏ ပြောင်းလဲပေးမှုပင် ဖြစ်တော့သည်။

ကြီးမားသော အကူအညီကို ရရှိပြီးသည့်နောက် လီချင်းယန်နှင့် တခြားသော သူများသည် အသေးစား တိုက်ခိုက်မှုမျိုးကို ပြုလုပ်ရန် မလိုအပ်တော့ချေ။ ထို့ကြောင့် နောက်ဆုံးဆရာကြီးဆီသို့ သွားရောက်ကာ သူတို့၏ တာဝန်ကို ပြည့်စုံအောင် ပြုလုပ်ခဲ့သည်။ ပြီးသည့်နောက် ဂိုဏ်းဆီသို့ ပြန်ရောက်လာခဲ့၏။

“ဒင်... တပည့် ရီရှင်းချန်သည် ဂိုဏ်း၏တာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့၏။ ထို့ကြောင့် ဂိုဏ်းစုဆောင်းမှတ် တစ်ရာ၊ ဂိုဏ်းအောင်မြင်မှုအမှတ် တစ်ရာနှင့် ဂိုဏ်းဂုဏ်သိက္ခာအမှတ် တစ်ဆယ်ကို ရရှိသည်”

သတိပေးသံကို ကြားပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တာလာခဲ့သည်။

ကုကျောင်းရှစ်တစ်ယောက် လိုက်ပါကူညီခဲ့ခြင်းသည် ပြည့်စုံသည့်အခြေအနေဆီသို့ ရောက်ရှိစေခဲ့သည်။ တပည့် များအနေဖြင့် အဆင့်မြင့် ကြယ်အဆင့် တာဝန်များကို ပြုလုပ်ရသည့်အချိန်တွင် လုံခြုံလျက်ရှိနေသေး၏။ ထို့ကြောင့် အထူးတာဝန်ကို ပြည့်စုံရန် ဆိုသည်မှာ ခက်ခဲလှမည် မဟုတ်ချေ။ အချိန်အနည်းငယ်သာ ကြာမြင့်ပေ လိမ့်မည်။

“ငါ့အနေနဲ့ တစ်ခါတည်း အဆင့်ငါးဆီကို တိုးတက်သွားမလား မသိဘူး”

ပထမတုန်းက ပထမအဆင့် အမြူတေ ပြောင်းလဲခြင်းအဆင့်မှသည် တတိယအဆင့် အမြူတေပြောင်းလဲခြင်းအဆင့်ဆီသို့ တစ်ခါတည်းခုန်ကာ တိုးတက်သွားခဲ့ကြောင်း ပြန်လည်စဉ်းစားပြီး သည့်နောက် ကျွင်းချောင်ရှောင်းသည် အမှန်ပင် အဆင့်ခုန်ကျော်ကာ တက်ချင်စိတ် ပေါက်လျက်ရှိနေ၏။ ထိုသို့ဆိုလျှင် အဆင့်ကိုးဆီသို့ ရောက်ရှိရန် ဆိုသည်မှာ ဘာမှကြာလိမ့်မည် မဟုတ်ချေ။

“ငြိမ်ငြိမ်မနေနဲ့။ လာလာ ငါ့ကို မဟုတ်နိုင်ဘူးလို့ ပြောစမ်း။ ဒါမှ ပြောင်းပြန်ဖြစ်မှာ”

“........”

စနစ်သည် အားတင်းကာ ပြောလိုက်၏။ “လက်ခံသူ.. အတွေးတွေ အရမ်းများနေပြီ”

..............

ကုကျောင်းရှစ်နှင့် ဖြူမဲညီနောင်တို့၏ ကူညီမှုအောက်မှာတော့ တပည့်များ အားလုံးသည် တာဝန်များကို ခက်ခက်ခဲခဲ ပြုလုပ်စရာပင် မလိုအပ်တော့ချေ။ ၎င်းတို့၏ တာဝန်ပြည့်စုံမှုနှုန်းသည် တဖြည်းဖြည်းနှင့် တိုးတက် လာခဲ့ပြီး တစ်လအတွင်းမှာပဲ ရည်မှန်းချက်ကို ရောက်ရှိခဲ့ကြ၏။ သို့ပေမဲ့ အထူးတာဝန်သည် သုံးလပြည့်ပြီးသည့် နောက်မှာမှ ပြည့်စုံပေလိမ့်မည်။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်မိသည်။ “ဘာပဲပြောပြော ဒီလို ကိစ္စမျိုးက အသားကျနေပါပြီ”

အထူးတာဝန်၏ အသားကျနေမှုများသည် ပြည့်စုံသွားခဲ့ပြီးဆိုသော်လည်း ဂိုဏ်း၏တာဝန်များမှာတော့ အချိန်တိုင်း ဆိုသလိုပဲ Refresh လုပ်၍ အသစ်များ ပေါ်လျက်ရှိ၏။ ထို့ကြောင့် တပည့်များသည် ဆက်လက်ကာ ပြုလုပ်နိုင်စွမ်း ရှိနေ၏။

ထို့အပြင် ဂိုဏ်းစုဆောင်းမှတ်နှင့် ဂိုဏ်းအောင်မြင်မှုအမှတ်များကိုလည်း ထပ်တိုးဆုလာဘ်များအဖြစ် ရရှိနေသေးသည်။ ဤအတောအတွင်း ကျွင်းချောင်ရှောင်းအနေဖြင့် ပြုလုပ်နေသည့် ပထမဦးဆုံးအလုပ်သည် မိုးဆွေဟောခန်းဆီသို့ သွားပြီး ဧကရီလင်းရောင်အကြောင်းကို မေးမြန်းခြင်းဖြစ်သည်။

“ဂိုဏ်းချုပ်”

လီလိုရှုက ပြောလိုက်၏။ “ဒီမိန်းမက တကယ့်ကို မရိုးရှင်းဘူး”

“ဘယ်လို မရိုးရှင်းတာလဲ”

“သူမက ကြယ်ကြွေကုန်းမြေတိုက်ကြီးကနေ အထက်နယ်မြေဆီကို တက်လှမ်းလာပြီးတဲ့နောက် နှစ်တစ်ထောင် အတောအတွင်းမှာပဲ အဆင့်ကိုးဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့ရုံသာမကဘဲ နယ်မြေဟောခန်းရဲ့ အဖွဲ့ဝင်တစ်ယောက် လည်း ဖြစ်လာခဲ့တယ်လေ”

“နှစ်တစ်ထောင်အတွင်း အဆင့်ကိုး စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့တယ်ဆိုတာ မြန်တာလား”

သူ့အနေနှင့် ဂိမ်းဆာဗာကို ခိုးယူကာ တစ်ချိန်လုံး အဆင့်မြင့်တက်လျက်ရှိနေသည့် လူတစ်ယောက် ဖြစ်သောကြောင့် အဆင့်ချိုးဖြတ်မှုကို ခက်ခဲသည်ဟု ဘယ်တော့မှ မခံစားရချေ။ သူ့၌ ဝိညာဉ်ချိန်ကိုက်ဗုံးသာ မရှိဘူးဆိုပါက အေးအေးဆေးဆေးနှင့် ကျင့်ကြံသွားမည်ဆိုလျှင် နှစ်တစ်ထောင်အတွင်း သူ၏ ဆရာကိုပင် ကျော်ဖြတ်၍ အထက်နယ်မြေ၏ အုပ်စိုးသူပင် ဖြစ်လာနိုင်သေး၏။

လီလိုရှုက ပြောလိုက်သည်။ “ကျွန်မ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် ဧကရီလင်းရောင်က အထက်နယ်မြေကို ရောက်ရောက်ချင်းမှာပဲ အချိန်အတော်ကြာ ပျောက်ကွယ်သွားခဲ့တယ်။ ပြန်ပြီးပေါ်လာတဲ့ အချိန်မှာတော့ အဆင့်ကိုး အမြူတေပြောင်းလဲခြင်းအဆင့်ကို ရောက်ရှိနေပြီတဲ့။ အဲဒီကြားကာလ ကြာမြင့်ချိန်က နှစ်တစ်ရာပဲ ရှိတယ်”

“အမ်” ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။ နှစ်တစ်ထောင်အတွင်း အဆင့်ကိုး အမြူတေပြောင်းလဲခြင်းအဆင့်ကို ချိုးဖြတ်သည်ဆိုခြင်းမှာ ဝံ့ကြွားခြင်းလောက်စရာ ကိစ္စ မဟုတ်ပေ။ သို့ပေမဲ့ နှစ်တစ်ရာအတွင်း ဆိုလျှင်တော့ အနည်းငယ် အထင်ကြီးလောက်စရာကောင်း၏။

“အကြောင်းရင်းကကော”

“ဘယ်သူမှ မသိဘူး”

“..........”

ကျွင်းချောင်ရှောင်းသည် သူ၏လက်ချောင်းများကို အသာယှက်ကာဖြင့် ပြောလိုက်မိသည်။ “ဒါဆိုရင် အရမ်း ကံကောင်းတဲ့အရာတစ်ခုခုနဲ့ ကြုံဆုံခဲ့တာလား”

“အဲတာလည်း မသိဘူး”

လီလိုရှုက လေးလေးနက်နက် ပြောလိုက်၏။ “ပြောရမယ်ဆိုရင် နယ်မြေဟောခန်းရဲ့ ရာထူးတစ်နေရာကို ရထားဖို့ဆိုတာ ကျောထောက်နောက်ခံ မရှိဘဲနဲ့ မရနိုင်ဘူး”

“အင်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီမိန်းမက တကယ့်ကို မရိုးရှင်းဘူးပဲ”

အထက်နယ်မြေတွင် အားကောင်းလွန်းလှသော သိုင်းကျင့်ကြံသူများ အများအပြားရှိ၏။ သို့ပေမဲ့ နယ်မြေဟောခန်း ဆီ ဝင်ရောက်ခွင့်ရသည့်လူများမှာတော့ လက်တစ်ဖက်ပင် မပြည့်ချေ။ အောက်နယ်မြေမှလာသော တစ်စုံတစ်ယောက်သည် ဤကဲ့သို့သော ရာထူးမျိုးကို ရယူထားခြင်းဆိုသည်မှာ အနည်းငယ် မယုံကြည်နိုင်စရာပင်ဖြစ်၏။

“ဒီမိန်းမက ဘယ်နေရာမှာ နေတာလဲ”

“လင်းရောင်နယ်မြေမှာ နေတာလေ”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းက မျက်လုံးပြူးသွား၏။ “ဒီမိန်းမက ကိုယ်ပိုင်လောကကြီးတစ်ခုတောင် တည်ရှိ နေတာလား”

မွန်းစတားမျိုးနွယ်ပေါင်း တစ်သောင်းကျော်တို့မှ တကူးတက လာရောက်သည့် အခြေအနေကို ကြုံပြီးသည့်နောက် ကုန်းရှန့်သည် ဤအထက်နယ်မြေ၌ လွတ်လပ်သော လောကတည်နေရာများ ရှိကြောင်းကို အကြမ်းဖျင်း နားလည်ပြီးဖြစ်၏။ အဆင့်မြင့်ဆုံး တည်နေရာသည် လောကကြီးတစ်ခုဖြစ်ပြီး ၎င်း၏ နောက်တွင် တည်ရှိနေသည်မှာတော့ နယ်မြေတစ်ခုပင်ဖြစ်၏။

ခြားနားချက်သည် လောကကြီးဆိုသည်မှာ မျိူးနွယ်စု တစ်ခုလုံးကို ထားရှိနိုင်သည့် တည်နေရာကြီးတစ်ခုဖြစ်ပြီး နယ်မြေဆိုသည်မှာတော့ မြို့တစ်ခုလောက်ကိုသာ အနည်းဆုံး ထားရှိနိုင်သည်။

သေးငယ်လှသည်ဆိုသော်လည်း အထက်နယ်မြေတွင် ရှိသော သိုင်းကျင့်ကြံသူများသည် နယ်မြေ ကို ပိုင်ဆိုင်ရန်ဆိုသည်မှာ အရည်အချင်းပြည့်ဝရန် လိုအပ်နေ၏။

ဥပမာအားဖြင့် ကြီးမြတ်သူတုံးကု၏ ဂုဏ်ထူးနှင့် အားအင်အဆင့်သည် အလွန်တရာ ကြီးမားလှ၏။ ထို့ကြောင့် ၎င်းနေထိုင်ရာ အထူးလှိုဏ်ဂူကြီးသည် သီးသန့် နတ်ဘုံနတ်နန်းအဖြစ် သတ်မှတ်၍ ရနေသည့် လောကကြီးတစ်ခုပင်ဖြစ်သည်။

“ဂိုဏ်းချုပ်”

လီလိုရှုက ပြောလိုက်၏။ “ဒီဧကရီလင်းရောင်ရဲ့ နောက်ကွယ်မှာ တခြားတစ်စုံတစ်ယောက် ရှိနေလိမ့်မယ်။ အချိန်တိုအတောအတွင်း ဒီလိုမျိုးအဆင့်ချိုးဖြတ်ပြီး ရာထူးတစ်ခုကိုရသွားတယ်ဆိုတာ နောက်ခံမရှိဘဲ ဘယ်သူက လုပ်နိုင်မှာလဲ”

ကျွင်းချောင်ရှောင်းက မေးခွန်းထုတ်လိုက်သည်။ “ဒီတော့”

လီလိုရှုက ပြောလိုက်၏။ “ဒီမိန်းမက အရမ်းကို အန္တရာယ်များတယ်လေ။ သူမနဲ့ တိုက်ခိုက်ဖို့ စဉ်းစားတယ် ဆိုရင် သေသေချာချာ ဂရုစိုက်မှ ဖြစ်လိမ့်မယ်။ မဟုတ်ရင် လွယ်လွယ်ကူကူနဲ့ လှည့်စားခံလိုက်ရလိမ့်မယ်”

“အရမ်း အန္တရာယ်များတယ် ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် သူ၏ နှာခေါင်းကို ပွတ်သပ်ကာဖြင့် ရည်ရွယ်ချက်ရှိရှိ ပြုံးလိုက်သည်။ “ကျုပ်ထက်ပိုပြီး အန္တရာယ်များတာလား”

ဂိုဏ်းချုပ်ပြုလုပ်ခဲ့သည့် အကြောင်းအရာများကို ပြန်လည်စဉ်းစားပြီးသည့်နောက် လီလိုရှုသည် ဖြေဆိုလိုက်၏။ “ဂိုဏ်းချုပ် အန္တရာယ်များလား၊ မများလားတော့ မသိဘူး။ ဂိုဏ်းချုပ်နဲ့ပြဿနာတတ်တဲ့ လူတွေ အန္တရာယ် များသွားတာတော့ သိတယ်”

ဤအရာသည် မမှားယွင်းချေ။

“ဒါဆိုရင် လင်းရောင်နယ်မြေက ဘယ်မှာလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

ဤအမျိုးသမီး၏ တည်နေရာကို သိရှိသည်ဆိုပါက သူ့အနေနှင့် အခွင့်အရေးကြုံမည်ဆိုလျှင် သွားရောက်ကာ လည်ပတ်နိုင်စွမ်း ရှိနေ၏။

“အနောက်မြောက်ဘက်မှာ”

“.......”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ သူ၏ဂိုဏ်းသည် အရှေ့တောင်ဘက်တွင်ရှိပြီး သူမမှာတော့ အနောက် မြောက်ဘက်တွင် တည်ရှိနေ၏။ ထိုအရာမှာ အနည်းငယ် ဝေးကွာလွန်းနေသည်။

စနစ်က ပြောလိုက်၏။ “လက်ခံသူ... ဧကရီလင်းရောင်ဆီကို သွားပြီးတော့ ဘာလုပ်ချင်တာလဲ”

“ဘာရှိသေးလို့လဲ”

တစ်ဖက်လူသည် သူ့အား သူလျှိုများပင် စတင်ကာ စေလွှတ်နေပြီဖြစ်၏။ ထို့ကြောင့် သူသာ ပြန်လည်မတိုက်ခိုက်ပါက အဘယ်သို့ ယောက်ျားတစ်ယောက် ဖြစ်တော့မည်နည်း။

“အဆင့်ကွာခြားချက်က အရမ်းကို ကြီးမားတယ်လေ။ မင်း မနိုင်နိုင်ဘူး” စနစ်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကျေးဇူးပြုပြီး ဒီလိုရန်သူမျိုးနဲ့ ရင်ဆိုင်တဲ့နေရာမှာ ငါက ငါ့ရဲ့ဉာဏ်ပညာကိုပဲ အသုံးပြုရတော့မှာပေါ့”

“မင်းဆီမှ အဲဒီဉာဏ်ပညာဆိုတာ ရှိလို့လား”

“တော်စမ်း”

ကျွင်းချောင်ရှောင်းသည် စနစ်အား လျစ်လျှူရှုလိုက်၏။ ပြီးသည့်နောက် ကုလားထိုင်ပေါ်သို့ အသာမှီ လိုက်ပြီး မျက်လုံးအား မှိတ်ကာ တွေးလိုက်၏။ “ငါ့ဆီမှာ နောက်ထပ် ဝိညာဉ်ချိန်ကိုက်ဗုံးသာ ရှိနေမယ်ဆိုရင် လင်းရောင်နယ်မြေထဲကို ပစ်ပြီးတော့ ဖောက်ခွဲပစ်လိုက်တယ်”

“ဟား ဟား ဟား”

စနစ်က ပြောလိုက်သည်။ “ဒါက ဉာဏ်ပညာကို အားကိုးလိုက်တာလား”

All Chapters