အခန်း (၁၄၄၉)
Vol. 98 Ch. 1449
အထက်နယ်မြေ အထူးတာဝန်နှစ်၏ ပြုလုပ်ရမည့်တာဝန်သည် ပြည့်စုံသွားခဲ့ပြီဆိုသော်လည်း အချိန်ကာလ အကန့်အသတ်သည် မကုန်ဆုံးသေးချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်း အနေဖြင့် ထိုအရာကို စောင့်မျှော်နေရင်း ဧကရီလင်းရောင်အား မည်ကဲ့သို့ အစီအစဉ်ချမှတ်ကာ နှောက်ယှက်ရမည်ဆိုသည်အား စဉ်းစားလျက် ရှိနေမိ၏။
အထူးတာဝန်အသစ်သည် သတ်မှတ်ထားသည့် အချိန်ကာလတစ်ခုတွင် ပြန်လည်ကာ ဖြစ်တည်လာမှာဖြစ်ပြီး လက်ရှိ ဂိုဏ်းသားများအတွက် လိုအပ်သည့် ဂိုဏ်းတာဝန်များအားလုံးကို ဆက်လက်ကာ ပြုလုပ်ရန် လိုအပ်နေသေး၏။ ထိုအရာများ ပြုလုပ်သွားမည်ဆိုပါက ဆုလာဘ်များကို ရရှိမှာ သေချာသည်။
“ဂိုဏ်းချုပ်”
လီချင်းယန်က ပြောလိုက်၏။ “ပစ္စည်းလဲလှယ်တဲ့ စက်ထဲမှာရှိတဲ့ သိုင်းပညာအရင်းအမြစ်တွေ အားလုံးက တပည့်တွေအတွက် လုံလောက်တဲ့ အကျိုးကျေးဇူးကို မရတော့ဘူး”
ဂိုဏ်းတာဝန်ဆိုသည်မှာ တပည့်များသည် တာဝန်ပြုလုပ်ရမည့်အရာပင်ဖြစ်၏။ ထိုအရာကို ပြုလုပ်သွားမည် ဆိုပါက ဂိုဏ်းစုဆောင်းမှတ်ကို ရရှိမှာဖြစ်သည်။ ထိုဂိုဏ်းစုဆောင်းမှတ်များကို အသုံးပြုပြီးသည့်နောက် ပစ္စည်း လဲလှယ်သည့်စက်ဆီသို့ သွားရောက်၍ မိမိလိုအပ်သည့် ပစ္စည်းများကို လဲလှယ်နိုင်စွမ်း ရှိနေသည်။
သို့ပေမဲ့ အထက်နယ်မြေဆီသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် ထိုပစ္စည်းလဲလှယ်သည့်စက်သည် အဆင့်မြှင့်တင်ခြင်း မခံရ သေးချေ။ ထို့ကြောင့် အသုံးမပြုလုနီးပါးပင် ဖြစ်လျက်ရှိနေ၏။
“အလျင်မလိုနဲ့။ အလျင်မလိုနဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အားလုံး ကိုယ့်ရဲ့ဂိုဏ်းစုဆောင်းမှတ် တွေကို အရင်ဆုံး စုဆောင်းထားကြ။ ဒါက အဆင့်မြှင့်တင်ပြီးသွားပြီဆိုရင် ကျိန်းသေပေါက် အသုံးဝင်လာ လိမ့်မယ်”
တပည့်များအတွက် ဝယ်ယူနိုင်သည့် စတိုးပစ္စည်းသည် အဆင့်မြှင့်တင်ခြင်း မပြုလုပ်ရသေးချေ။ ထို့ကြောင့် ၎င်းတို့၏ ဂိုဏ်းစုဆောင်းမှတ်များအားလုံးကို စုဆောင်းထားခြင်းကိုသာ အရင်ဆုံး ပြုလုပ်နိုင်ပေလိမ့်မည်။ ထိုအရာကို အဆင့်မြှင့်တင်ပြီးပြီဆိုပါက ၎င်းတို့အနေနှင့် လိုအပ်သည့်ပစ္စည်းများကို အဆင်ပြေသလို ဝယ်ယူနိုင်မှာဖြစ်၏။
“အားနာပါတယ်”
စနစ်က ပြောလိုက်သည်။ “တပည့်တွေအတွက် ပစ္စည်းလဲလှယ်ခြင်းသက် ဆိုတာက လက်ခံသူ ရဲ့ ဂိုဏ်းအောင်မြင်မှု အမှတ်တွေနဲ့ အဆင့်မြင့်တင်လို့ ရနိုင်တာမျိုးပဲ”
“..........”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ထ၍ အော်ဟစ်လိုက်တော့၏။ “အထက်နယ်မြေရဲ့ စနစ်က ပိုက်ဆံမသုံးဘဲ ရတဲ့အရာဆိုတာ ဘာတစ်မှ မရှိပါလား”
“အင်း... ဒါပေမဲ့ တစ်လကို အနည်းဆုံး Refresh ငါးကြိမ်လုပ်လို့ရတဲ့ အကျိုးကျေးဇူးတော့ ရှိနေသေးတယ် မဟုတ်လား”
........
အဆင့်နိမ့်နယ်မြေတွင်ရှိသော တပည့်များ၏ ပစ္စည်းလဲလှယ်ခြင်းစက် သည် အထဲတွင် ရှိသော ပစ္စည်းများကို လဲလှယ်ရယူနိုင်၏။ အသစ် ဖြစ်တည်လာခဲ့သော ဆေးလုံးများကို မရယူနိုင်လျှင်တောုင်မှ လျှင်တောင်မှ ထိုအရာကို အမှီအခိုပြု၍ တပည့်များသည် အဆင့်မြှင့်တင်လာနိုင်၏။
ယခု အထက်နယ်မြေတွင်ရှိသော စနစ်အသစ်တွင်တော့ ပိုက်ဆံမရှိဘဲနှင့် ဘာတစ်ခုကိုမှ ပြုလုပ်၍ မရနိုင်ချေ။ သို့ပေမဲ့ ကံကောင်းသည့်အရာမှာ တပည့်များ၏ ပစ္စည်းလဲလှယ်စက်သည် ဂိုဏ်းအောင်မြင်မှု အမှတ်များဖြင့် အဆင့်မြှင့်တင်၍ ရနိုင်သည့်အရာ ဖြစ်နေခြင်းပင်။ ဂိုဏ်းစုဆောင်းမှတ် သို့မဟုတ် ဂိုဏ်းဂုဏ်သိက္ခာ အမှတ်များကို အသုံးပြုရန် မလိုအပ်ချေ။
“အင်း”
ကျွင်းချောင်ရှောင်းသည် သက်ပြင်းကို ချလိုက်ပြီးနောက် ပြောလိုက်မိသည်။ “ဂိုဏ်းအောင်မြင်မှုအမှတ် ဆိုတာ အသုံးဝင်တဲ့အရာ မဟုတ်တော့ဘူးလို့ ငါထင်ထားခဲ့တာ။ တကယ်တော့ သူ့ကို သုံးလို့ရတဲ့ နေရာ တစ်ခုက ရှိနေသေးတာပဲ”
စနစ်က ပြောလိုက်၏။ “တိတိကျကျ ပြောရမယ်ဆိုရင် အထက်နယ်မြေရဲ့စနစ်က ဂိုဏ်းရဲ့တာဝန်တွေကို ပိုပြီးတော့ ဂရုစိုက်ထားတယ်လေ။ တာဝန်ပြည့်စုံပြီးတဲ့နောက်မှာ အထဲမှာရှိတဲ့ ပစ္စည်းတွေကို ဝယ်ယူရုံသာမက ဂိုဏ်းရဲ့ အဆောက်အအုံတွေကို ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာအောင် ပြုလုပ်ဖို့လည်းအခွင့်အရေးတွေ ရှိနိုင်တယ်”
အောက်နယ်မြေတုန်းက ဂိုဏ်းသည် ပိုမိုကာ အဆင့်မြှင့်တင်လာရန်အတွက် တခြားသောအရာများကို အာရုံစိုက်ပြီး ဂိမ်းဆာဗာခိုးရန်လည်း လိုအပ်ခဲ့၏။ သို့ပေမဲ့ အထက်နယ်မြေဆီသို့ ရောက်ရှိလာသည့်အချိန်မှာတော့ ထိုအရာများသည် လုံးဝမလိုတော့ချေ။ အားလုံးသော သူများသည် အတူတကွ ပူးပေါင်းကာဖြင့် အလုပ်ကြိုးစားရန် လိုအပ်နေ တော့သည်။
“တပည့်တွေရဲ့ ပစ္စည်းလဲလှယ်စက် (စတိုး) ကို အဆင့်မြှင့်တင်နိုင်ဖို့အတွက် ဘယ်လောက်လောက် ကုန်ကျနိုင်လဲ”
“ဆယ်သန်းပါ”
ကျွင်းချောင်ရှောင်း၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်သွား၏။ ပြီးနောက် သူက ပြောလိုက်မိသည်။ “ဂိုဏ်းအောင်မြင်မှု အမှတ်နဲ့ ဂိုဏ်းစုဆောင်းမှတ်တွေက အတူတူ ရှာဖွေရ ခက်ခဲတဲ့အရာတွေကြီးပဲလေ”
စနစ်က ပြောလိုက်သည်။ “ဒါက အရမ်းများတယ် ထင်ရင် ဂိုဏ်းရဲ့ဂုဏ်သိက္ခာအမှတ်တစ်သောင်းကို အသုံးပြု ပြီးတော့ ပြောင်းလဲလို့ ရနေသေးတယ်လေ”
“တော်စမ်း” ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်၏။
.............
တပည့်များအတွက် စတိုးသည် ဂိုဏ်းအောင်မြင်မှုအမှတ်ကို အသုံးပြုပြီးသည့်နောက် အဆင့်မြှင့်တင်ခြင်းကို ပြုလုပ်နိုင်၏။ ထို့ကြောင့် ဂိုဏ်းသားများအနေဖြင့် အချိန်ရှိသည်ဆိုပါက တာဝန်များကို အမြန်ဆုံး ပြုလုပ်နိုင်ရန် ကျွင်းချောင်ရှောင်းက အမိန့်ပေးခဲ့သည်။
“ဘာတွေကို စဉ်းစားနေတာလဲ” နှင်းဆီဧကရီသည် အပြင်ဘက်ဆီမှ လျှောက်ဝင်လာခဲ့၏။
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် သတိဝင်သွားတော့၏။ သူသည် တစ်စုံတစ်ခုကို ပြောရန်ပြင်လိုက်သည့် အချိန်မှာပဲ သူမ၏ အသံကို ကြားလိုက်ရတော့သည်။ “တံခါးခေါက်လိုက်သေးတယ်။ ရှင်က ပြန်ထူးတဲ့အသံကို မကြားလို့လေ”
ဟုတ်ပေသည်။ ကုန်းရှန့်အနေနှင့် သူပြောချင်သည့်စကားများကို ပြန်လည်ကာ မျိုသိပ်လိုက်ရ၏။ တံခါးမခေါက်ဘဲ နှင့် ဘာလို့ဝင်လာရသလဲဟု ပြောဆိုရန် ပြင်ဆင်နေခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူက ပြောလိုက်တော့၏။ “တပည့်တွေအနေနဲ့ လစဉ်လတိုင်း လုံလောက်တဲ့ တာဝန်တွေကို ပြည့်စုံနိုင်မလား။ မပြည့်စုံနိုင်ဘူးလား ဆိုတဲ့ အကြောင်းအရာကို ကျုပ်စဉ်းစားနေတာလေ”
“ဒါဆိုရင် ယောက်ျားက ဒါနဲ့ ပတ်သက်ပြီး ဖြေရှင်းစရာတွေ ရှိနေသေးတယ်”
“ဘာကို ဖြေရှင်းရမှာလဲ” ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါဖြစ်သွားမိ၏။
နှင်းဆီဧကရီက ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းကို ရောက်လာကတည်းက ကျွန်မသုံးသပ်မိသလောက်ဆိုရင် ဒါက ဂိုဏ်းတစ်ခုနဲ့ မတူဘူး။ မိသားစုကြီးတစ်ခုနဲ့ ပိုပြီးတော့ ဆင်တူနေတယ်”
“ဒါက အမှန်ပဲ”
ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်မိ၏။ “ကျုပ်မြင်ချင်နေတဲ့ အကြောင်းအရာကလည်း ဒီလိုအရာတွေပဲလေ”
သံမဏိအရိုးဂိုဏ်း သို့မဟုတ် လက်ရှိ ပြိုင်စံရှားဂိုဏ်း ဘာပဲဖြစ်ဖြစ် သူသည် အတင်းကာရော တွန်းအားပေးသည့် ကိစ္စရပ်များကို ပြုလုပ်လိမ့်မည် မဟုတ်ချေ။ ဂိုဏ်းထဲတွင် ရှိနေသည့် လူအားလုံးအား မိသားစုကဲ့သို့ ဆက်ဆံသည်။ သူသည်မိဘဖြစ်ပြီး ဂိုဏ်းထဲတွင်ရှိသော တပည့်များအားလုံးသည် ကလေးများဖြစ်၏။ ၎င်းတို့ ကြီးပြင်းလာသည်အထိ သေသေချာချာ ဂရုစိုက် စောင့်ရှောက်သွားမှာ ဖြစ်သည်။
နှင်းဆီဧကရီက ပြောလိုက်သည်။ “ဒီလိုရက်စက်လွန်းတဲ့ လောကကြီးထဲမှာ တပည့်တွေအနေနဲ့ ကြမ်းတမ်းလှတဲ့ ပတ်ဝန်းကျင်မှာ အသားကျနေထိုင်နိုင်ဖို့ လိုအပ်နေသေးတယ်။ သူတို့အနေနဲ့ အတောင်ပံကို ရဲရဲဖြန့်ပြီး ကောင်းကင်ကြီးအပေါ် ပျံတက်သွားနိုင်ဖို့ အစွမ်းအစတွေ ရှိဖို့ လိုအပ်နေသေးတယ်။ အိမ်မှာပဲ နေပြီးတော့ ထမင်း လာခွံ့ကျွေးတာကို အဆင်သင့်လာစားနေတဲ့ ကလေးငယ်တွေ ဖြစ်လို့ မဖြစ်ဘူးမို့လား”
“ခင်ဗျား ဘာကိုဆိုလိုတာလဲ” ကျွင်းချောင်ရှောင်းက မျက်မှောင်ကုတ်ကာ မေးလိုက်၏။
နှင်းဆီဧကရီသည် အရှေ့သို့ လှမ်းလျှောက်လာပြီးသည့်နောက် ပြောလိုက်သည်။ “ရှင် ကျွန်မရဲ့ အတိတ်တုန်းက ဖြစ်ပျက်ခဲ့သမျှတွေကို သိချင်သေးလား”
“မသိချင်ဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“ဒါပေမဲ့ ရှင်မသိချင်ဘူးဆိုတာက ပါးစပ်ကပြောတဲ့အရာပဲ ဖြစ်လိမ့်မယ်”
နှင်းဆီဧကရီသည် အရှေ့သို့ တစ်လှမ်း တက်လိုက်၏။ တစ်ဖက်လူသည် သဘောတူညီခဲ့သည်ဖြစ်စေ။ သဘောမတူညီခဲ့သည်ဖြစ်စေ သူမသည် ဝိညာဉ် မျိုးနွယ်များ၏ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီးသည့်နောက် တစ်ဖက်လူနှင့် ပေါင်းစပ်လိုက်လေ၏။
ဤတစ်ကြိမ်မှာတော့ သူတို့နှစ်ယောက်သည် ပေါင်းစပ်သွားခဲ့၏။ ကျွင်းချောင်ရှောင်း၏ ဆံပင်များသည် အစိမ်းရောင်အဖြစ်သို့ ပြောင်းလဲမသွားချေ။ ထိုအစား သူ၏ ဝိညာဉ်သည် တည်နေရာတစ်ခုကို ဖြတ်သန်းပြီးနောက် နက်မှောင်လှသည့် တည်နေရာကြီးတစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။
ထိုတည်နေရာကြီးထဲတွင် ဆယ်နှစ်နီးပါးခန့် ရှိသော ကလေးငယ် အများအပြားသည် ၎င်းတို့၏ စိတ်ရှိသလောက် အားကုန်ထုတ်ကာ တိုက်ခိုက်လျက် ရှိနေသည်။ ထိုသူတို့အားလုံးသည် အားကောင်းလှသည်တော့ မဟုတ်ချေ။ သို့ပေမဲ့ ရူးရူးမူးမူး တိုက်ခိုက်ခြင်းကို ပြုလုပ်နေကြ၏။ အလယ်တည်နေရာတွင်တော့ စင်မြင့်တစ်ခု တည်ရှိနေပြီး ထိုအပေါ်တွင် အစားအစာများ တည်ရှိနေ၏။
ဝိညာဉ်ပုံစံတစ်ခုအဖြစ် တည်ရှိနေသော ကျွင်းချောင်ရှောင်းသည် တည်နေရာတစ်ခုတွင် မတ်တပ်ရပ်လျက် ရှိနေပြီး ပွဲကြည့်ပရိသတ်တစ်ယောက်ကဲ့သို့ တည်ရှိနေ၏။ ဆံပင်များ ပွစာကျဲလျက်ရှိပြီး ထောင့်တစ်ခုတွင် မတ်တပ်ရပ်လျက်ရှိနေသည့် မိန်းကလေးကို ရှာဖွေတွေ့ရှိသည့်အချိန်မှာတော့ သူသည် ရင်းနှီးသလို ခံစားနေမိ၏။ သူမသည် နှင်းဆီဧကရီနှင့် ဆင်တူလွန်းလှသည်။ ထို့ကြောင့် ထကာ ရေရွတ်လိုက်မိ၏။ “ဒါက ခင်ဗျားရဲ့သမီးလား”
“ဒါက ကျွန်မ ငယ်ငယ်တုန်းကလေ”
“........”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ ပြီးနောက် ပြောလိုက်၏။ “ခင်ဗျား ငယ်ငယ်တုန်းက ဖြစ်ခဲ့တဲ့ မှတ်ဉာဏ်တွေဆီ ကျုပ်ကို ခေါ်လာတာလား”
“ဟုတ်တယ်”
“.......”
ကျွင်းချောင်ရှောင်းသည် ဆွံ့အလျက် ရှိနေတော့၏။
စနစ်က ပြောလိုက်၏။ “ကြည့်စရာရှိတာ ဆက်ပြီးတော့ကြည့်”
ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီ ငယ်ငယ်လေးအား ဆက်လက်ကာ ကြည့်ရှုလျက်ရှိ၏။ သူမသည် တခြားသော သူများနှင့် မရောထွေးဘဲ သီးခြားဆိုသလိုပဲ ခပ်ဝေးဝေး တည်နေရာတွင် မတ်တပ်ရပ်လျက် ရှိနေသည်။
ဘုန်း ဘုန်း
ကလေးများ အားလုံးသည် အစားအစာအတွက် ရူးရူးမူးမူး တိုက်ခိုက်လျက် ရှိနေ၏။
“အနိုင်ရတဲ့လူ မရှိဘူးလား”
အထက်ဆီမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ “ဒါဆိုရင် မနက်ဖြန်အထိ စောင့်ပြီးမှ စားကြတာပေါ့”
ဝှစ်
စင်မြင့်ပေါ်တွင် ရှိနေသော အစားအစာများ အားလုံးသည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့၏။
နောက်တစ်ရက်မှာတော့ ကလေးများသည် အရှေ့ဆီသို့ ဆက်ကာ တိုးလျက်ရှိနေ၏။ အမှောင်တည်နေရာကြီး ထဲမှာတော့ ဆယ်ကျော်သက်များ အားလုံးသည် ပြင်းပြင်းထန်ထန်နှင့် တိုက်ခိုက်လျက် ရှိနေ၏။ တချို့သော သူများသည် အစားအစာကို ရရှိခဲ့သည် ဆိုသော်လည်း တော်တော်များများသည် အစာငတ်မွတ်မှုကြောင့် သေမလိုပင် ဖြစ်နေကြသည်။
“ဒါက ရက်စက်လွန်းတယ်”
“ဒီနေရာမှာ အသက်မရှင်နိုင်ဘူးဆိုရင် ဒီထက်ပိုပြီး ရက်စက်လွန်းတဲ့ လောကကြီးထဲမှာ ဘယ်လို ရပ်တည်နိုင်မှာလဲ”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် ဘာလို့ နောက်မှာ ရပ်ပြီးတော့ ကြည့်နေရတာလဲ”
“ဘာလို့လဲဆိုတော့ ကျွန်မက မဆာလို့လေ”
“.........”
ဤကဲ့သို့သော အကြောင်းပြချက်သည် ကျွင်းချောင်ရှောင်းအား ဘာတစ်ခုမှ မပြောဆိုနိုင်လောက်အောင်ပင် ပါးစပ် ပိတ်သွားစေခဲ့၏။ သို့ပေမဲ့ တိုက်ပွဲအနည်းငယ်ကို ရင်ဆိုင်ပြီးနောက် နှင်းဆီဧကရီသည် ရုတ်တရက် လှုပ်ရှားမှုကို ပြုလုပ်ခဲ့၏။ သူမသည် အတွေ့အကြုံရှိသော မိန်းကလေးအနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်။ ထို့အပြင် အသက်တူညီလှသော ယောက်ျားများထက်ပင် ပို၍ ကြမ်းတမ်းလွန်းလှ၏။ သူမသည် တခြားသောသူများ၏ မျက်လုံးများကို လိုက်ထိုးခြင်း၊ ပေါင်ခွကြားကိုကန်ခြင်း၊ တခြားသော မဖွယ်မရာကိစ္စရပ်များကို ပြုလုပ်ပြီး တခြားသူများကို အနိုင်ယူနိုင်ခဲ့၏။
“………”
ကုန်းရှန့်သည် ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်သွားသည်အထိ ကြောက်လန့်သွားမိသည်။ “အနာဂတ်မှာ ခင်ဗျားကို ကျုပ် သေချာဂရုစိုက်မှ ဖြစ်တော့မယ်”
နှင်းဆီဧကရီသည် အလွန်အားကောင်းလွန်းလှ၏။ ထို့ကြောင့် အစားအစာအတွက် ယှဉ်ပြိုင်တိုက်ခိုက်ရသည့် တိုက်ပွဲတွင် နောက်ဆုံးအနိုင်ရရှိသူ ဖြစ်လာခဲ့၏။ ပြီးသည့်နောက် မှတ်ဉာဏ်များသည် အရှေ့ဆီသို့ မြန်မြန် ဆန်ဆန်ဆက်ကာ သွားခဲ့တော့၏။ သူမသည် တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ပြီး အဆုံးသတ်တွင် အနိုင်ရရှိခဲ့၏။
ဝှစ်
ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီနှင့် သီးခြားစီ ဖြစ်တည်သွားခဲ့၏။ အမှန်တရားကို နားလည်ပြီးသည့်နောက် သူသည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
“အဲမှာ ဘယ်လောက်ကြာအောင် နေခဲ့ရတာလဲ”
“တစ်နှစ်”
“တကယ်လို့ အစားအစာတွေ မရခဲ့ရင်ကော ဘယ်လိုလုပ်မလဲ”
“သေရမှာပေါ့”
ကျွင်းချောင်ရှောင်းသည် အချိန်အတော်ကြာ ထပ်မံတိတ်ဆိတ်ငြိမ်သက်သွားပြန်၏။ ပြီးနောက် သူမကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျားရဲ့ မှတ်ဉာဏ်တွေကို ကြည့်ရှုပြီးတဲ့နောက်မှာ လူတွေက ရက်စက် လှတဲ့လောကကြီးထဲမှာ နေထိုင်ဖို့အတွက် ပြန်ပြီးတော့ ရက်ရက်စက်စက်နဲ့ နေထိုင်ရှင်သန်ရမယ်ဆိုတာကို ကျုပ် နားလည်သွားမိသလိုပဲ”
“အင်း... သဘာဝတရားကြီးကိုက အသက်ရှင်နေထိုင်ဖို့အတွက် ရက်စက်တဲ့ ကိစ္စတွေကို မဖြစ်မနေ ပြုလုပ်ရမှာလေ။ ဒါက လောကကြီးက ချမှတ်ထားတဲ့ နိယာမသဘောတရားပဲ”
“.......”
“ယောက်ျား... ရှင်က ရှင့်ရဲ့တပည့်တွေကို အရမ်းကြီး ဂရုစိုက်လွန်းအားကြီးတယ်။ အန္တရာယ်တွေကို သူတို့သာ ရင်ဆိုင်ရပြီဆိုရင် ဘယ်လိုလုပ်မလဲ။ သူတို့အနေနဲ့ မိုးတွေ၊ လေတွေကို ဖြတ်သန်းဖူးတဲ့ အတွေ့အကြုံ မရှိဘဲနဲ့ အထက်နယ်မြေကြီးမှာ ဘယ်လိုမျိုး ရှင်သန်ကြီးထွားအောင် နေထိုင်ကြမလဲ”
“တပည့်တွေအနေနဲ့ လစဉ်လတိုင်း ချမှတ်ထားတဲ့ တာဝန်တွေကို ပြည့်စုံအောင် ကြိုးစားရင်း ပိုပြီးတော့ ရက်ရက်စက်စက်နဲ့ ရဲရဲဝံ့ဝံ့ ပြုလုပ်ဖို့ လိုတယ်ဆိုပြီးတော့ ဆိုလိုချင်နေတာလား”
“အမှန်ပါပဲ” နှင်းဆီဧကရီသည် မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
“ဒါပေမဲ့”
ကျွင်းချောင်ရှောင်းသည် ခဏရပ်တန့်ကာ ပြောလိုက်၏။ “ကျုပ် အနေနဲ့ ကျုပ်ရဲ့တပည့်တွေကို ဝိညာဉ် မျိုးနွယ်တွေ ပြုလုပ်သလို နည်းလမ်းမျိုး အသုံးပြုမှာ မဟုတ်ဘူး။ ဒီထက်ပိုပြီးတော့ ငြင်သာတဲ့ နည်းလမ်းနဲ့ နားလည်နိုင်စေတဲ့ နည်းလမ်းတွေ အကုန်လုံး ကျုပ်ဆီမှာ ရှိနေသေးတယ်လေ”
နှင်းဆီဧကရီက ပြောလိုက်သည်။ “ယောက်ျားအနေနဲ့ ဒါကို မှီငြမ်းဖို့အတွက်ပဲ ပြောနေတာပါ”
ပြောပြီးသည့်နောက် သူမသည် လှည့်ကာ ထွက်ခွာသွားခဲ့၏။
“နေအုံး”
ကျွင်းချောင်ရှောင်းသည် သူမကို တားဆီးလိုက်၏။ ပြီးနောက် လှမ်းကာ ပြောလိုက်သည်။ “တကယ်တော့ ခင်ဗျား ငယ်ငယ်လေးတုန်းက အရမ်းကို ချစ်ဖို့ကောင်းတယ်”
နှင်းဆီဧကရီသည် တံခါးပေါက်ဝတွင် ရပ်တန့်လျက် ရှိနေတော့၏။ ခဏကြာပြီးသည့်နောက် အနောက်ကို လှည့်ကြည့်ကာ ပြုံး၍ မေးလိုက်၏။ “ယောက်ျား... ကျွန်မကို ချီးကျုးနေတာလား”
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် မရှိတော့ချေ။
သူ ဘယ်မှာလဲ။ သူ ဘယ်ရောက်သွားလဲ။
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲမှ ပျောက်ကွယ်သွား၏။ သူသည် အဓိကဟောခန်း၏ အထဲတွင် ရောက်ရှိလို့နေ၏။ နီရဲနေသည့်မျက်နှာကို အသာပွတ်သပ်ကာဖြင့် ရင်ထဲတွင် ကြိတ်ကာ အော်ဟစ်လျက် ရှိနေတော့သည်။ “ငါ ဒီလောက် ရှက်စရာကောင်းတဲ့စကားတွေ ဘယ်လိုလုပ်ပြီး ပြောထွက်ခဲ့တာလဲ”