အခန်း (၁၄၅၀)
Vol. 98 Ch. 1450
ငယ်စဉ်ကတည်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်တတ်သည့် အတွေ့အကြုံကို ရရှိခဲ့သောကြောင့် နေရာအနှံ့တွင် တိုက်ခိုက်တတ်သည့် နှင်းဆီဧကရီဟူ၍ ဖြစ်လာခဲ့ခြင်းပင် ဖြစ်၏။
ပြိုင်စံရှားဂိုဏ်းရှိ တပည့်များမှာတော့ ဆန့်ကျင်ဘက်ပင် ဖြစ်၏။ ၎င်းတို့သည် အစားအစာအတွက် ဘယ်တုန်းကမှ တိုက်ခိုက်ခဲ့ခြင်း မရှိချေ။
၎င်းတို့အနေဖြင့် သိုင်းပညာကို စတင်ထိတွေ့သည့်အချိန်၌ ပြိုင်စံရှားဂိုဏ်းသို့ ဝင်ရောက်ခဲ့ရခြင်းမှာ အလွန်တရာ ကံကောင်းလွန်းလှချေ၏။ များပြားလှသော သိုင်းပညာအရင်းအမြစ်များကို ရရှိခဲ့ပြီး မိသားစုကြီးတစ်ခုထဲသို့ ဝင်ရောက်နေထိုင်ရခြင်းနှင့်ပင် ဆင်တူလှသည်။
နှင်းဆီဧကရီမှာ အမှန်ပင် မနာလိုဖြစ်ခဲ့၏။ သို့ပေမဲ့ သူမယောကျာ်း၏ ကာကွယ်မှုအောက်တွင် အစဉ်အမြဲနေလို့မရကြောင်း ကောင်းကောင်းနားလည်၏။ ထို့ပြင် လေနှင့်မိုးကို မခံစားဖူးသော ကလေးငယ်များ သည် မည်ကဲ့သို့ အတောင်ပံကို ဖြန့်ကျက်ကာ ကောင်းကင်ပေါ်တွင် ပျံသန်းနိုင်တော့မည်နည်း။
ဤအမျိုးသမီး၏ ရည်ရွယ်ချက်ကို ကျွင်းချောင်ရှောင်း နည်းမလည်သည်မဟုတ် နားလည်၏။
သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းသည် ဝိညာဉ်မျိူးနွယ် မဟုတ်ချေ။ ပိုမိုအားကောင်းလာရန် အလို့ငှာ ရက်စက်တတ်သည့် ကိစ္စများကို ပြုလုပ်ရန် မလိုအပ်ချေ။ လူသားမဆန်သည့် ကိစ္စများကို ပြုလုပ်စရာမလိုဟု သူ့အနေဖြင့် သတ်မှတ်ထား၏။ ကုန်းရှန့်အနေဖြင့် တပည့်များ ဤကဲ့သို့သော အခြေအနေမှ ပြန်လည်ပြောင်းယူမည်ဆိုလျှင် များပြားလှသော အခြေအနေများကို ဖန်တီးပေးနိုင်စွမ်း ရှိသည်။
ဥပမာဆိုလျှင် သေခြင်းရှင်ခြင်း လျို့ဝှက်နယ်မြေ ….။ ထိုအရာသည် သေဆုံးသည့် အခြေအနေအထိ ရောက်ရှိနိုင်သည်ဆိုသော်လည်း အတွေ့အကြုံကိုသာ ရရှိခြင်းဖြစ်၏။ အစစ်အမှန်သေဆုံးခြင်းမျိုး မဟုတ်ပေ။ ထို့ပြင် ဤအမျိုးသမီး၏ ရည်ရွယ်ချက်သည် ဤရက်စက်လွန်းလှသော လောကကြီးထဲတွင် တပည့်များအနေဖြင့် ရှင်သန်ရပ်တည်ရန် ဖြစ်ပြီး မည်သူမဆို အလုပ်ကြိုးစားရန်ပင် ဖြစ်သည်။
"အမိန့်ပေးလိုက်တော့"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "အပြင်စည်းတပည့်များအနေနဲ့ အဆင့်နိမ့်ကြယ်တာဝန်များကို အမြန်ဆုံး ဆယ်ခုပြည့်အောင် ပြုလုပ်ရမယ်။ အတွင်းစည်းတပည့်တွေကတော့ အလယ်အလတ်အဆင့် တာဝန်တွေကို ငါးခုပြည့်စံအောင် လုပ်ရမယ်။ လက်ရွေးစင် တပည့်တွေ အကုန်လုံးကတော့ အဆင့်မြှင့်တာဝန် တစ်ခုကို ပြည့်စုံအောင် အမြန်ဆုံးလုပ်ရမယ်"
"ကောင်းပါပြီ"
တာဝန်ခွဲဝေခြင်း အဆောင်ကို တာဝန်ယူထားသော အဘိုးကြီးကုသည် ချက်ချင်းပဲ အမိန့်ပေးလိုက်၏။ ဤသတင်းသည် ဂိုဏ်းတစ်ခုလုံးကို ပြန့်နှံ့ပြီးနောက် တပည့်များသည် ၎င်းတို့၏ အားအင်များကို အစွမ်းကုန် ထုတ်ဖော်ကာ တာဝန်များကို ပြုလုပ်ကြသည်။
ယခင်တုန်းက ဂိုဏ်းတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာရန်အတွက် ကျွင်းချောင်ရှောင်းတစ်ယောက်တည်းကသာ တာဝန်ယူ ပြုလုပ်ခဲ့၏။ လက်ရှိအခြေအနေမှာတော့ ဂိုဏ်းတာဝန်များသည် အစဉ်အမြဲရှိနေသောကြောင့် ဂိုဏ်းမှလူများသညိ ဂိုဏ်းကို အတူတကွ ဆွဲ၍တင်နေကြသည်ဟူ၍ပင် အဓိပ္ပာယ်သက်ရောက်နေ၏။
ကုန်းရှန့်သည် တစ်ယောက်တည်း မဟုတ်တော့ချေ။ သူ၏နောက်တွင် တပည့်တစ်သိန်းကျော်က တည်ရှိလို့နေသည်။
"ဆိုးလိုက်တာ"
စနစ်က ပြောလိုက်၏။ "လက်ခံသူအနေနဲ့ အဆင့်မြှင့်သေခြင်းရှင်းခြင်းနယ်မြေ မရှိတာ ဆိုးတာပဲ။ မဟုတ်ရင် တပည့်တွေနဲ့ ရက်စက်တဲ့ လေ့ကျင့်ခန်းတွေကို ပိုပြီးတော့ လုပ်လို့ရနိုင်တယ် ….."
ကျွင်းချောင်ရှောင်းသည် မထူးခြားသလို ပြောလိုက်သည်။ "သူတို့တွေအနေနဲ့ တာဝန်ကို အချိန်ကိုက် ပြုလုပ်နိုင်ပြီဆိုရင် ငါကလည်း ဂိုဏ်းစုဆောင်းမှတ်တွေကို အချိန်ပြည့်ရနေမယ်လေ။ ဒါဆိုရင် ဝယ်လို့မရတဲ့ ပစ္စည်းဆိုတာ မရှိနိုင်ဘူးမဟုတ်လား"
စနစ်က ပြောလိုက်၏။ "မင်းရဲ့မိန်းမက မင်းကို ညဏ်အလင်းပေါက်အောင် ပြုလုပ်ခဲ့တာပဲ"
ငယ်စဉ်တုန်းက နှင်းဆီဧကရီကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို သူကပြန်ပြီးတွေးလိုက်မိသည်။ "ဒါက သူ့ရဲ့ကလေးဘဝက အရိပ်ဆိုးတွေလား"
"အင်း …. ဒါက ကလေးဘဝက အရိပ်ဆိုးတွေဆိုရင် ယောက်ျားတစ်ယောက်အနေနဲ့ မင်းက သူမရဲ့အနာဂတ်ကို ပိုပြီးတော့ တောက်ပအောင် ပြုလုပ်ပေးသင့်တယ် မဟုတ်လား" စနစ်က ပြောလိုက်သည်။
"..."
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။
“အင်း ….. သောက်ပေါတွေလို လုပ်မနေနဲ့ ။ ယောက်ျားဆိုတာ ကိုယ့်တာဝန်ကိုယ်ယူရတယ်" စနစ်သည် ထပ်ကာပြောလိုက်သည်။
"ချီးတဲ့မှ"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "မင်းကိုယ်မင်း အကြီးအကဲဝေလို့များ ထင်နေလား"
.........
ညရောက်လာ၏။ နှင်းဆီဧကရီသည် ပြတင်းပေါက်ကို အသာမှီကာဖြင့် လင်းထိန်သော လမင်းကြီးကို လှမ်းမျှော်ကြည့်လျက် ရှိနေ၏။ သူမ၏ ကလေးဘဝက မှတ်ညဏ်များကို ကျွင်းချောင်ရှောင်းအား ပြသရာ၌ တချို့သော အစိတ်အပိုင်းများကိုသာ ပြသခဲ့ခြင်း ဖြစ်၏။ သူမနှင့် အစားအစာအတွက် ယှဉ်ပြိုင်ခဲ့သူများသည် တူညီသည့် မျိုးနွယ်မှ ဖြစ်ပြီး အချို့ဆိုလျှင် တော်တော်များများမှာ သွေးချင်းနီးစပ်နေသည့် မောင်နှမများ ဖြစ်ကြောင်းကို ကျွင်းချောင်ရှောင်းက မသိရှိခဲ့ချေ။ အသက်ရှင်ရန် အလို့ငှာ သူတို့သည် မဖြစ်မနေကို တိုက်ခိုက်ခဲ့ရ၏။
နောက်တစ်ရက်မှာတော့ နှင်းဆီဧကရီသည် မျက်နှာသစ် ရေမိုးချိုးပြီးနောက် အပြင်သို့ လျှောက်ထွက်လိုက်၏။ တံခါးကို တွန်းဖွင့်ပြီးသည့်နောက် သူမ၏ခြေရင်းတွင် နှင်းဆီပန်းတစ်ပွင့် ရှိနေကြောင်း မြင်လိုက်ရ၏။ သူမ၏ အမူအရာသည် ရုတ်တရက် ဆွံ့အသွားသည်။
"ဒါက ဘာကိုဆိုလိုတာလဲ" သူမသည် အသာမော့ကြည့်ကာဖြင့် မေးလိုက်၏။
ဘေးတစ်ဖက်ရှိ အမိုးပေါ်တွင် လှဲလှောင်းလျက် ရှိနေသော ကျွင်းချောင်ရှောင်းသည် ပျင်းရိစွာဖြင့် ပြောလိုက်သည်။
“ခင်ဗျားက ငယ်ငယ်တုန်းက အနောက်က ကျောက်အိုးထဲမှာ ပေါက်နေတဲ့ နှင်းဆီပန်း တစ်ပွင့်ကိုတောင်မှ အငတ်ခံပြီး ကာကွယ်ပေးထားခဲ့တယ်။ ဒါကြောင့် ခင်ဗျားရဲ့ စိတ်ဝင်စားမှု၊ ချစ်မြတ်နိုးမှု အကြောင်းကို ကျုပ်သေသေချာချာ သိသွားပြီ။ အခြားအဓိပ္ပာယ်တော့ မရှိပါဘူး"
"ဒီလိုအသေးစိတ်ကလေးကအစ ရှင်သတိပြုမိတယ်ပေါ့" နှင်းဆီဧကရီသည် ရယ်မောလိုက်မိ၏။
ဆွစ်
ကျွင်းချောင်ရှောင်းသည် အမိုးပေါ်မှ ခုန်ချလိုက်၏။ ပြီးသည့်နောက် သူ၏လက်နှစ်ဖက်ကို သူ၏အိပ်ကပ်ထဲသို့ ထည့်ကာ အသာလှမ်းလျှောက်ထွက်သွားသည်။
"ကျွင်းချောင်ရှောင်း"
နှင်းဆီဧကရီက အော်ပြောလိုက်၏။ "ရှင်က ဂိုဏ်းချုပ်တစ်ယောက်လေ။ နှင်းဆီတစ်ပွင့်တည်း ပေးတာကတော့ ကပ်စီးနည်းလွန်းတာပဲ"
ဟမ့်
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားခဲ့၏။ သူကပြောလိုက်သည်။ "ခင်ဗျားအတွက် နှင်းဆီပန်းခင်းတစ်ခု ပြုလုပ်ပေးစေချင်တာလား"
"အင်း … အဲလိုဆိုလည်း ကောင်းတာပေါ့"
"ခင်ဗျားရဲ့ အိမ်မက်ထဲမှာပဲ ရမယ်"
ထိုနေ့မှာပဲ စွန်းပုကုန်းသည် ၎င်း၏ အဖွဲ့သားများကို ဦးဆောင်ကာဖြင့် ဆေးဟောခန်းမဆောင်တစ်ခုလုံးတွင် နှင်းဆီပန်းမျိုးစေ့ကို လိုက်လံရှာဖွေတော့၏။ နေ့ဝက်လောက် ရှာဖွေပြီးနောက် သူတို့သည် နှင်းဆီပန်းမျိုးစေ့ကို တစ်ခုတစ်လေမှတောင် ရှာမတွေ့ခဲ့ချေ။
အဆုံးသတ်မှာတော့ မိုးဆွေဟောခန်းမှ လူများကို စေလွှတ်၍ အပြင်ဖက်သို့ သွားဝယ်ခိုင်းခဲ့ရသည်...။
ဂိုဏ်းချုပ်၏ အမိန့်ကြောင့် တပည့်များသည် တာဝန်များကို ပိုမိုတက်ကြွစွာ ပြုလုပ်နေကြ၏။ ထို့ကြောင့် နေ့စဉ်နေ့တိုင်း ၎င်းတို့သည် တာဝန်များကို လက်ခံပြီး ပြည့်စုံအောင် ပြုလုပ်ကြ၏။ ဂိုဏ်းစုဆောင်းမှတ်များနှင့် အောင်မြင်မှုအမှန်များသည် တဖြည်းဖြည်းခြင်း တိုးတက်လာခဲ့၏။
“ဒင် … ဆေးဟောခန်းသည် ခရမ်းရောင်ဖီးနစ်ငှက်အပင်အား အောင်မြင်စွာ စိုက်ပျိုးခဲ့၏။ ဟောခန်း သီးသန့်တာဝန်သည် ပြည့်စုံစေခဲ့သည်။ ဂိုဏ်းစုဆောင်းမှတ် တစ်ထောင်၊ ဂိုဏ်းအောင်မြင်မှုအမှတ် တစ်ထောင်၊ ဂိုဏ်းဂုဏ်သိက္ခာအမှတ် တစ်ရာကို ရရှိသည်။
"ချီးတဲ့မှ"
ကျွင်းချောင်ရှောင်းသည် အံ့အသင့်စွာဖြင့် ပြောလိုက်၏။ "ဆုလာဘ်တွေက အမှန်ကို မြှင့်မားလွန်းတာပဲ"
ထိုအရာသည် အမှန်ပင် မြှင့်မားလွန်းလှ၏။ ဟောခန်းမဆောင်တစ်ခု၏ သီးသန့်တာဝန် ဖြစ်သည်မို့ အကန့်အသတ်ဖြင့်လည်း ရှိနေသေး၏။ ထို့အပြင် နေ့စဉ်နေ့တိုင်း ပြုလုပ်ရန်အတွက် ခက်ခဲလှသော အရာတစ်ခုလည်း ဖြစ်သည်။
သို့ပေမဲ့ တပည့်များသည် လွန်ခဲ့သည့် လအတွင်း ဂိုဏ်းတာဝန်များကို အောင်မြင်ခဲ့သောကြောင့် အားလုံးသောသူများသည် ဂိုဏ်းစုဆောင်းမှတ်များနှင့် ဂိုဏ်းအောင်မြင်မှု အမှတ်များကို ရယူပေးခဲ့ကြပြီး လက်ရှိအချိန်တွင် တစ်သန်းနီးပါးခန့်ပင် ဖြစ်နေ၏။
"တစ်လကို တစ်သန်း။ တစ်နှစ်ကို ဆယ်သန်း"
ကျွင်းချောင်ရှောင်းသည် သူ၏လက်များဖြန့်ကာ ရေတွက်လျက် ရှိနေ၏။ သူသည် ပျော်ရွှင်လွန်းသောကြောင့် မေ့မြောလုမတတ်ပင် ဖြစ်နေ၏။
စနစ်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ "လက်ခံသူရဲ့ သင်္ချာစွမ်းရည်က တစ်စုံတစ်ခု မှားယွင်းနေတယ်လို့ ဘာလို့ခံစားနေရတာလဲ..."
ကျွီ
နှစ်လခန့် ကြာမြင့်ပြီးနောက် နှင်းဆီဧကရီသည် သူမ၏ တံခါးကို တွန်းကာဖွင့်လိုက်၏။ သူမ၏ အခန်းေလေပြေတစ်ချက် တိုက်ခတ်သွားသည်နှင့် နှင်းဆီပန်း ရနံ့များသည် လေထုထဲတွင် ပြည့်နှက်ကာ သင်းကြိုင်နေစေသည်။
သူမသည် ဤအပင်ကို အမှန်ပင် ကြိုက်နှစ်သက်၏။ ထို့ကြောင့် သူမ၏ ယောကျာ်းသည် ခြံဝန်းတစ်ခုလုံး အပြည့် နှင်းဆီပန်းများအား စိုက်ပျိုးပေးခဲ့၏။
ဤအရာသည် ဘာဖြစ်သနည်း။ ဂိုဏ်း၏ ဝင်ငွေများကို အသုံးပြု၍ ဖွန်ကြောင်ခြင်းပင် ဖြစ်သည်။ ကံကောင်းစွာဖြင့် ယွမ်သခင်လေးသည် လင်းယွမ်မြို့ရှိဆေးဆိုင်အား လည်ပတ်အောင် ကြိုးပမ်းနေ၏။ မဟုတ်ပါက သေသေချာချာ စာရင်းမှတ်သားကာဖြင့် ဂိုဏ်းချုပ်ကို ဒဏ်ငွေဆောင်ခိုင်းမှာ သေချာသည်။ ဂိုဏ်းထဲတွင် ရှိနေသော တပည့်များ၏ လုပ်အားကို အသုံးပြု၍ ဖွန်ကြာင်သည့် ကိစ္စကို ပြုလုပ်ခဲ့သေးသည်။
ခြံဝန်း၏ အဝင်ဝတွင် မတ်တပ်ရပ်လျက် ရှိနေသော ကျွင်းချောင်ရှောင်းက မေးလိုက်၏။ "ခင်ဗျား စိတ်ချမ်းသာပြီလား"
နှငိးဆီဧကရီက ပြောလိုက်သည်။ "ဘာလို့ ရုတ်တရက်ကြီး ကျွန်မအပေါ် ကောင်းနေရတာလဲ"
"ဘာလို့လဲဆိုတော့ ခင်ဗျားက ပြိုင်စံရှားဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်မို့လို့လေ။ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ခင်ဗျားကို တောက်ပတဲ့ အနာဂတ်တွေ ပေးရမှာပေါ့။ ဒါက တာဝန်ဝတ္တရားပဲ" ကျွင်းချောင်ရှောင်းသည် ဟန်ပါပါဖြင့် ပြောလိုက်၏။
"......"
စနစ်သည် ပြောလိုက်မိသည်။ "တူညီတဲ့ စကားလုံးကို တူညီတဲ့ ပါးစပ်က ထွက်လာတာပဲ။ ဒါပေမဲ့ ဘာလို့ အရမ်းတည့်တိုးဆန်တယ်လို့ ခံစားနေရတာလဲ"
ခွီ …
နှင်းဆီဧကရီသည် ပါးစပ်ကို ဖုံးကွယ်ကာဖြင့် ရယ်မောလိုက်၏။ ပြီးနောက် ပြောလိုက်၏။ "ကလေးဆန်လိုက်တာ"
"ချီးတဲ့မှ"
သူသည် သန့်စင်မြေများကို အသုံးပြုခဲ့သည်သာမက တောဝက်ရိုင်းများကိုပါ အကူအညီတောင်းခံ၍ သူမအတွက် နှင်းဆီခင်းကို ဖန်တီးပေးခဲ့၏။ သို့ပေမဲ့ သူမသည် သူအား ကလေးဆန်သည့်ဟု ပြောဆိုခဲ့၏။ ကောင်းမွန်လှသည့် ရည်ရွယ်ချက်အတွက် ဤကဲ့သို့ ဆက်ဆံခံရသည်လား။
သို့ပေမဲ့ နှင်းဆီဧကရီသည် အရှေ့ကို လမ်းလျှောက်ထွက်လာပြီးနောက် ပြုံးကာပြောလိုက်သည်။ "ကျွန်မ အရမ်းကြိုက်တယ်"
သူမသည် ကျွင်းချောင်ရှောင်းထက် အနည်းငယ်သေးသောကြောင့် သူ၏ရှေ့မှာတော့ ကလေးလေး တစ်ယောက်လို ခံစားနေမိ၏။ "ကျွန်မ ရှင့်ကို ဖက်လို့ရလား"
“ဒင် …. အထူးတာဝန် ပြည့်စုံသည်။ တာဝန်အား အချိန်ကာလကို တွက်ချက်နေသည်။"
“ဒင် … အထက်ပိုင်းအကြီးအကဲများနှင့် ဂိုဏ်း၏ တပည့်များသည် သက်ဆိုင်သည့် တာဝန်များကို သုံးလအတွင်း ပြည့်စုံခဲ့သည်။ ထို့ကြောင့် သက်မှတ်ထားသော အခြေအနေနှင့် ကိုက်ညီသွားခဲ့၏။ အထူးတာဝန်၏ ပြည့်စုံမှုနှုန်းသည် ငါးရာရာခိုင်နှုန်း ဖြစ်၏။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် သိန်းနှစ်ဆယ်ကို ရရှိသည်။
“ဒင် …. ဂိုဏ်းစုဆောင်းမှတ် ငါးဆယ်ခြောက်သိန်းလေးသောငိး"
“ဒင် ….. လက်ခံသူသည် အထက်နယ်မြေ၏ လျို့ဝှက်တာဝန်ကို ပြည့်စုံစေခဲ့၏။ ထို့ကြောင့် အဆင့်မြှင့်သေခြင်းရှင်ခြင်း လျှို့ဝှက် နယ်မြေကို ဝယ်ယူခွင့် ၊ ကောင်းကင်ချပ်ဝတ် ဖော်မြူလာ တစ်ခုကိုဝယ်ယူခွင့်၊ ဂိုဏ်း၏ လုပ်ဆောင်နိုင်မှုကို အဆင့်မြှင့်တင်နိုင်ခွင့်၊ စည်းဓားမော့ကြီးအား အဆင့်မြှင့်တင်နိုင်သည့် ကျောက်တုံးတစ်ခု"
သတိပေးသံများသည် သူ၏နားထဲတွင် ဆက်တိုက်ဆိုသလို ပေါ်ထွက်လာ၏။ ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားခဲ့၏။
အထူးတာဝန်သည် လွန်ခဲ့သည့် တစ်လကတည်းက ပြည့်စုံသွားခဲ့ပြီ ဖြစ်၏။ သို့ပေမဲ့ တပည့်များနှင့် များပြားလှသော ဟောခန်းမများသည် အလုပ်များကို ဆက်တိုက်ဆိုသလို ပြုလုပ်နေ၏။ ထို့ကြောင့် ဖုံးကွယ်ထားသော ပြည့်စုံမှုနှုန်းသည် တဖြည်းဖြည်း တိုးတက်လာပြီး နောက်ဆုံးမှာတော့ ငါးရာရာခိုင်နှုန်းသို့ပင် ရောက်ရှိခဲ့သည်။
ထိုအရာသည် အထူးတာဝန်ပြည့်စုံမှုနှုန်း၏ မှတ်တမ်းသစ် ပင်ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ အထူးတာဝန်ပြည့်စုံမှုနှုန်း သည် နှစ်ရာရာခိုင်နှုန်း ပြည့်စုံပြီးနောက် တစ်သန်းကို ပေးခဲ့၏။ ယခု အထူးတာဝန်မှာတော့ ငါးရာရာခိုင်နှုန်း ပြည့်ဝသွားသည် ဆိုလျှင်တောင်မှ နှစ်သန်းကိုသာ ပေးလေ၏။
စနစ်က ရှင်းပြလိုက်သည်။ "ဒါက အကန့်အသတ်တစ်ခုအနေနဲ့ ပေးတာနေမှာပေါ့..."
ကျွင်းချောင်ရှောင်း၏ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းသွားခဲ့၏။ "နေအုံး။ နှင်းဆီဧကရီက ဘာလို့ ငါ့ရင်ခွင်ထဲ ရောက်နေရတာလဲ၊ ငါအာရုံပျောက်နေတဲ့ အချိန်ကို အခွင့်အရေးယူပြီး အသားယူနေတာလား"
ကျွင်းချောင်ရှောင်းသည် သူမကို ခပ်ဝေးဝေးသို့ တွန်းပစ်ရန် ကြံရွယ်လိုက်သည့် အချိန်မှာပဲ သူ၏ဒန်ထျန်ထဲတွင် ရှိနေသော စွမ်းအင်နှစ်ခုသည် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့၏။ အဆုံးမဲ့သော စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
“ဒင် … လက်ခံသူသည် အမြူတေပြောင်းလဲခြင်း အဆင့်လေးကို ချိုးဖျက်ရောက်ရှိခဲ့၏။ "
“ဒင် … လက်ခံသူသည် အမြူအတေပြောင်းလဲခြင်း အဆင့်ငါးကို ချိုးဖျက်ရောက်ရှိခဲ့၏။ "
“ဒင် …. လက်ခံသူသည် အမြူတေပြောင်းလဲခြင်း အဆင့်ခြောက်ကို ချိုးဖျက်ရောက်ရှိခဲ့သည်"
"ချီးတဲ့မှ"