အခန်း (၁၄၅၅)
Vol. 98 Ch. 1455
ဗလတောင့်တောင့်နှင့်လူများသည် အဘယ့်ကြောင့် လမ်းကို တားဆီးထားရသနည်း။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် တစ်ခြားသောအဖွဲ့တစ်ခုနှင့်တိုက်ခိုက်နေ၏။ ထို့ကြောင့် အနှောင့်အယှက်မဖြစ်စေရန်အလို့ငှာ ဤလမ်းကို ပိတ်ပင်တားဆီးထားခြင်းပင်ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် သိုသိုသိပ်သိပ်နေတတ်သည့် ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်၏။ ထို့ကြောင့် မည်သည့် ပြဿနာကိုမှ မရှာဘဲနှင့် အသာလှည့်ထွက်သွားရန် ပြင်ဆင်ခဲ့သည်။
သို့ပေမဲ့ သူနှင့်လိုက်ပါလာခဲ့သော ကုကျောင်းရှစ် မှာတော့ ထိုကဲ့သို့သော စိတ်ကူးစိတ်သန်းမရှိချေ။
သူ၏ အစ်ကိုကြီးအား သူ၏ရှေ့တွင် ရိုင်းပြစွာ ပြောဆိုသည်ဆိုပါက သူသည် ကျိန်းသေပေါက် သွားရောက်ရိုက်နှက် မှာဖြစ်၏။ ထို့ကြောင့် လမ်းကိုတားဆီးထားခဲ့ကြသော ဗလခပ်တောင့်တောင့်နှင့်လူများအား အနောက်ဘက်သို့ လွင့်စင်သွားအောင် တိုက်ခိုက်ခဲ့သည်သာမက အထဲတွင် ရန်ဖြစ်လျက်ရှိနေသည့်လူများကိုပါ ဝင်ရောက်ကာ ရိုက်နှက်တော့၏။ ပြီးသည့်နောက် လဲပြိုလျက်ရှိနေသည့် လူများအားလုံး၏ ရှေ့တွင် မတ်မတ်ရပ်ပြီးသည့်နောက် လျှပ်စစ် ဆေးပြင်းလိပ်ကြီးကို ထုတ်ကာ ဖွာ၏။ “အစ်ကိုကြီး အခု ဖြတ်သွားလို့ရပါပြီ။”
“…….”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ယင်လျက်ရှိနေသည်။ သူ၏ ညီငယ်လေးသည် အမှန်ပင် ဆိုးသွမ်းလှသည့် သစ္စာဖောက်တစ်ယောက်ပင်ဖြစ်၏။ နယ်မြေဟောခန်းနှင့်လည်း ယခင်တုန်းက အပြင်းအထန် တိုက်ခိုက်ခဲ့ဖူး၏။ ထို့ကြောင့် ၎င်း၏ စိတ်သည် တင်းမာခက်ထန်လွန်းလှချေ၏။
ဆိုရိုးစကားရှိ၏။ ပျော့ပြောင်းမှုသည် မာကျောမှုကို ကြောက်ရွံ့နေ၏။ သို့ပေမဲ့ မာကျောမှုသည် ကျိုးကြောင်းမဆီ လျော်သည့်အရာကို ကြောက်လန့်တတ်သည်။
ကုကျောင်းရှစ်သည် လမ်းကိုတားဆီးပြီး ရန်ဖြစ်လျက်ရှိနေသည့် အဖွဲ့ နှစ်ဖွဲ့ လုံးကို ဝင်ရောက်ကာ ရိုက်နှက်ခဲ့၏။ ထို့ကြောင့် လမ်းပေါ်တွင် ရှိနေသော တခြားသောသိုင်းကျင့်ကြံသူများသည် သူ့အား ကြောက်လန့်တကြားဖြင့် နောက်ဆုတ်သွားခဲ့ကြ၏။
“ဒီလူက ဘယ်သူလဲ။ ကြမ်းတမ်းလှချည်လား။ ကြည့်ရတာ တကယ့်ကို ကြမ်းတမ်းတဲ့ အမူအကျင့်ကို ပိုင်ဆိုင်တဲ့ လူတစ်ယောက်ပဲ။”
“ရှုပ်ထွေးဂိုဏ်းနဲ့ ချောက်နက်ဂိုဏ်းရဲ့ တပည့်တွေက ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရတယ်။ ဒီကိစ္စကို သူတို့ လက်လွှတ်ပေးမှာမဟုတ်ဘူး။”
“ဒါဆိုရင် ပွဲကြီးပွဲကောင်းကြည့်ရပြီပဲ။”
နတ်ဆိုးရေစက်တည်နေရာသည် ဖွင့်လှစ်ရန် အချိန်အချို့ လိုအပ်နေသေး၏။ ထို့ကြောင့် နတ်ဆိုးမြို့ထဲတွင် ရှိနေသော သိုင်းကျင့်ကြံသူများအားလုံးသည် ပျင်းရိနေသည့်အချိန်၌ ပွဲကြီးပွဲကောင်းကို ကြည့်ရှုရန် မျှော်လင့်လျက်ရှိနေ၏။
မကြာခင်မှာပဲ ပွဲကြီးပွဲကောင်း ရောက်ရှိလာခဲ့တော့၏။ ရှုပ်ထွေးဂိုဏ်းနှင့် ချောက်နက်ဂိုဏ်းတို့၏ အကြီးအကဲများသည် ရောက်ရှိလာခဲ့ပြီးသည့်နောက် တစ်ပြိုင်နက်တည်းမှာပဲ စားသောက်ခန်း၏ အရှေ့တွင် မတ်တပ် ရပ်ကာဖြင့် အော်ဟစ်လျက်ရှိနေ၏။
၎င်းတို့ဂိုဏ်းသားများသည် တစ်ယောက်နှင့်တစ်ယောက် တည့်လှသည် မဟုတ်ပေ။ မီးနှင့်ရေကဲ့သို့ပင် တွေ့သည်နှင့် ဆော်ကြ၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် ၎င်းတို့၏ စိတ်ထဲတွင်ရှိနေသော ရန်ငြိုးများကို ဖယ်ရှားကာဖြင့် ယခုမှ စားသောက်ခန်းထဲသို့ ဝင်သွားခဲ့သောလူများကို အတူတူ ပစ်မှတ်ထားလျက်ရှိ၏။ ထို့ကြောင့် ဂိုဏ်းတစ်ခုကြားတွင် ရှိသော ရင်းနှီးမှုသည် ပြိုင်စံရှားဂိုဏ်းကြောင့် ပိုမိုကာ အားကောင်းသွားခဲ့သည်ဟု ဆိုရမည်။
“အခု ငါတို့ဂိုဏ်းက လူတွေကို ရိုက်နှက်ခဲ့တဲ့လူတွေ အခုထွက်ခဲ့စမ်း။” ကြမ်းတမ်းလှသည့် ပုံပန်းသွင်ပြင်ရှိသော သက်လတ်ပိုင်းလူသည် လေးလေးနက်နက်နှင့် အော်ဟစ်လိုက်၏။
“အမြုတေအသွင်ပြောင်းခြင်းအဆင့်ပဲ။ ဒါက ပြဿနာကြီးပဲ။ ခပ်ဝေးဝေးကို ရှောင်ကြရအောင်။”
ဖြတ်သွားဖြတ်လာလူများသည် သူတို့ကိုပါ ပြဿနာတက်မည်စိုးသောကြောင့် ခပ်ဝေးဝေးဆီသို့ နောက်ဆုတ်သွားခဲ့ ကြ၏။ အနီးအနားလမ်းပေါ်တွင် လူသူတစ်ယောက်မှ မရှိဘဲ ကင်းရှင်းသွားခဲ့၏။ အခြေအနေတစ်ခုလုံးသည် တင်းမာ ခက်ထန်လျက်ရှိနေသည်။
ကျွီ
ထိုအချိန်မှာပဲ စားသောက်ခန်းအား ပိတ်ထားသည့်တံခါးသည် ရုတ်တရက် ပွင့်လာ၏။
ဖောက် …..။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် အမဲရောင်ဝတ်စုံများကို ဝတ်ဆင်ကာဖြင့် အပြင်ဘက်သို့ လှမ်းလျှောက်လာ၏။ သူတို့သည် တန်းစီကာ ရပ်လျက်ရှိနေပြီး လက်များကို ပိုက်ထားကြသည်။
ဟူး ဟူး ……။
လမ်း၏ အခြားတစ်ဖက်ဆီမှာ လေအေးများ တိုက်ခတ်လျက်ရှိနေပြီး ဖုန်များ၊ သစ်ရွက်များသည် လေပေါ်တွင် လွင့်မျောလာခဲ့၏။ တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေသော လမ်းပေါ်မှာတော့ ၎င်းတို့ ၅ ယောက်သည် လူတစ်ရာ လောက်နီးပါးကို မျက်နှာချင်းဆိုင်ထား၏။
လီထျန်းထျန်းသည် ဤနေရာတွင် မရှိသည်မှာ ဆိုးဝါးလှချေ၏။ မဟုတ်ပါက ဤကဲ့သို့ ကြည့်ကောင်းလှသည့် မြင်ကွင်းကို ဓာတ်ပုံရိုက်ထားမှာ သေချာသည်။
ကျွတ် ….။
ဂိုဏ်းတစ်ခုမှ သိုင်းကျင့်ကြံသူများသည် နှာခေါင်းရှုံ့လိုက်ကြ၏။ သူတို့သည် ဟန်ထုတ်သည့် လူတော်တော်များများကို မြင်ဖူးခဲ့၏။ သို့ပေမဲ့ ဤမျှလောက် ဟန်ထုတ်ကြမ်းသည့်လူများကိုတော့ တစ်ခါမှမမြင်ဖူးခဲ့ချေ။
“အကြီးအကဲ”
သိုင်းကျင့်ကြံသူများထဲမှ တစ်ယောက်က ပြောလိုက်၏။ “လုပ်သွားတဲ့လူက သူတို့တော့မဟုတ်ဘူး။ အသက် ၁၂ နှစ်၊ ၁၃ နှစ်လောက်ပဲရှိတဲ့ လူငယ် တစ်ယောက်ပဲ။”
သက်လတ်ပိုင်းလူသည် ထူးမခြားနားသလို ပြောလိုက်သည်။ “မြန်မြန်။ ပြဿနာရှာခဲ့တဲ့ကောင်ကို လွဲပေး။ ဒါမှမဟုတ်ရင် ….”
သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့်ပြည့်နှက်လျက်ရှိ၏။ “ဒီမှာရှိတဲ့ လူတွေအကုန်လုံး သေရမယ်။”
“ဟမ့်”
ကျွင်းချောင်ရှောင်း၏ အသံသည် စားသောက်ခန်း၏ ဒုတိယအဆင့်ဆီမှ ထွက်ပေါ်လာခဲ့၏။ “တော်တော်အပြောကြီးတာပဲ။”
မြို့ထဲသို့ ဝင်ဝင်ပြီးချင်းမှာပဲ ကုကျောင်းရှစ်သည် ပြဿနာကို ရှာခဲ့ပြီဖြစ်၏။ သို့ပေမဲ့ ကုန်းရှန့်ဆိုသည်မှာ ပြဿနာကို ကြောက်လန့်တတ်သည့် လူတစ်ယောက်မဟုတ်သည်ကို မမေ့လျော့သင့်ပေ။ ဂိုဏ်းတစ်ခုသည် သူ့အား လာရောက် ကာ ပြဿနာရှာသည်ဆိုပါက သူသည် အဆုံးထိ ကျိန်းသေပေါက် လိုက်ပါသွားမှာဖြစ်၏။ ထို့ကြောင့် ပျင်းရိလေးကန်စွာဖြင့် အမိန့်ပေးလိုက်တော့သည် “ဒီစိတ်တိုချင်စရာကောင်းတဲ့ ယင်ကောင်လို ကောင်တွေကို ရှင်းပလိုက်တော့။”
“ကောင်းပါပြီ။”
လီချင်းယန်နှင့် တစ်ခြားသောလူများသည် သံပြိုင်အော်ဟစ်လိုက်ကြ၏။ ပြီးနောက် တစ်ပြိုင်နက်တည်း သူတို့၏ အမဲရောင်ဝတ်စုံများကို ချွတ်လိုက်တော့၏။ အထဲတွင်တော့ ဖက်ရှင်ကျနလှသည့် ဂိုဏ်း၏ ဝတ်စုံသည် ပေါ်ပေါက် လာခဲ့၏။ ဂိုဏ်းဝတ်စုံပေါ်တွင် ပြိုင်စံရှားဂိုဏ်းဟု ရေးထိုးထား၏။
“ပြိုင်စံရှားဂိုဏ်း” တစ်စုံတစ်ယောက်သည် ထအော်လိုက်မိသည်။
“ဒါက ကြီးမြတ်သူတုံးကုရဲ့ တိုက်ရိုက်တပည့် ခေါင်းဆောင်လုပ်နေတဲ့ ဂိုဏ်းလား။”
“ဒါအမှန်ပဲ။”
“ချီးတဲ့မှ။ ပြဿနာတက်ပြီ။”
ဆိုရိုးစကားတစ်ခုရှိ၏။ တာအိုလက်ခံရရှိခဲ့သော လူတစ်ယောက်အနေနှင့် ၎င်း မွေးမြူထားသည့် ကြက်များ၊ ခွေးများ ပင်လျှင် ကောင်းကင်ပေါ်သို့ တက်လှမ်းနိုင်ပေ၏။ ကုန်းရှန့်သည် အံ့အားသင့်စရာကောင်းလှသော ဆရာ တစ်ယောက်ကို ပိုင်ဆိုင်၏။ ထို့ကြောင့် သာမန်ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် သူ၏ ဂုဏ်သိက္ခာသည် ကြီးမားလွန်း လှချေ၏။
သူတို့ရှေ့တွင် ရှိနေသော လူငါးယောက် မည်သူဖြစ်သည်ကို သတိပြုမိပြီးသည့်နောက် ရှုပ်ထွေးဂိုဏ်းနှင့် ချောက်နက်ဂိုဏ်းတို့မှ သိုင်းကျင့်ကြံသူများသည် ထိတ်လန့်ကြောက်ရွံ့သွားခဲ့ကြ၏။ ၎င်းတို့သည် စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လျက်ရှိသည်။
“သွားပြီ။ သွားပြီ။ ငါတို့တော့ သံတိုင်ကို သွားကန်မိနေပြီပဲ။”
လင်းဝေအစစ်အမှန်ဂိုဏ်းသည်ပင်လျှင် ကြီးမြတ်သူတုံးကုအား ပြဿနာမရှာရဲချေ။ သူတို့ကဲ့သို့ နတ်ဆိုးဂိုဏ်းလေး နှစ်ခုအနေနှင့် အဘယ်မျှ သွား၍ ပြဿနာရှာမည်နည်း။ ထို့ကြောင့် လီချင်းယန်နှင့် တစ်ခြားသောသူများအားလုံး ဝတ်ဆင်ထားသည့် ဝတ်စုံများကို အတည်ပြုပြီးသည့်နောက် ၎င်းတို့သည် အမှန်ပင် ထိတ်လန့်ကြောက်ရွံ့သွားခဲ့ကြ၏။ သူတို့ဘာလုပ်ရမည်နည်း။
ဝှစ် ဝှစ်
အားလုံးစဉ်းစားလျက်ရှိနေတုန်းမှာပဲ ရီရှင်းချန်သည် ကျွဲရိုင်းကြီးတစ်ခုကဲ့သို့ပင် အသွင်ပြောင်းလဲသွားပြီးသည့်နောက် အရှေ့ဆီသို့ ထိုးတက်သွားခဲ့၏။ ၎င်းသည် အမြုတေအသွင်ပြောင်းခြင်း အဆင့် တစ် စွမ်းအားမြင့်ကျင့်ကြံခြင်းကို ထုတ်ဖော်ကာဖြင့် တစ်ဖက်ဂိုဏ်းများမှ ထိတ်လန့်နေလျက်ရှိနေသည့် ဂိုဏ်းအကြီးအကဲနှစ်ယောက်ဆီသို့ တိုးဝင်ကာ တိုက်ခိုက်တော့သည်။
ဘုန်း
ဘုန်း ဘုန်း
မြို့ထဲတွင်တော့ တိုက်ပွဲကြီးသည် စတင်ဖြစ်တည်လာခဲ့၏။ ၁၀ မိနစ်လောက် ကြာပြီးသည့်နောက်မှာတော့ နတ်ဆိုး ဂိုဏ်းမှ သိုင်းကျင့်ကြံသူ ၁၀၀ ကျော်တို့သည် စားသောက်ခန်း၏ ရှေ့တွင် ဝမ်းဗိုက်များကို အုပ်သူကအုပ်၊ မြေပေါ်တွင် လဲလျောင်းသူက လဲလျောင်းနှင့် အော်ဟစ်နေကြ၏။ တစ်ချို့ဆိုလျှင် သေချင်ယောင်ပင် ဆောင်နေကြသည်။
လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောသူများအားလုံးသည် ငရဲပြည်မှ ဆင်းသက်လာသည့် နတ်ဆိုးများကဲ့သို့ပင် ဖြစ်နေ၏။
“ကြမ်းတမ်းလွန်းတယ်။ အကြင်နာတရားကင်းမဲ့လိုက်တာ။”
အဝေးတစ်နေရာတွင် ပုန်းအောင်းနေသည့် ဖြတ်သွားဖြတ်လာလူများအားလုံးသည် စိတ်ထဲမှ ကြိတ်ကာ အော်ဟစ်လျက် ရှိနေ၏။ သူတို့ မြင်နေရသည့်တိုက်ပွဲကို ကြည့်ရှုပြီးသည့်နောက် ပြောချင်စရာတစ်ခွန်းသာ ရှိသည်။ အဆုံးမဲ့ ဖိနှိပ်ခြင်းနှင့် အဆုံးမဲ့ ရက်စက်ခြင်းပင်ဖြစ်သည်။
ဖောက်
ကြည့်ကောင်းလွန်းလှသော ကျွင်းချောင်ရှောင်းသည် စားသောက်ခန်းထဲမှ ထွက်လျှောက်လာပြီးသည့်နောက် ရှောင်ကျီပြင်ဆင်ပေးသည့် ထိုင်ခုံကြီးတွင် ထိုင်ချလိုက်၏။ သူသည် လက်များကို ယှက်ကာဖြင့် ပြောလိုက်၏။ “ဒီလူတွေအားလုံးကို ကြိုးချည်ထားလိုက်။ သူတို့ရဲ့ ဂိုဏ်းက ငွေပေးပြီး ရွေးလိမ့်မယ်။”
“ကောင်းပါပြီ။”
လီချင်းယန်နှင့် တစ်ခြားသောသူများသည် လူတစ်ရာကျော်တို့ကို ကြိုးနှင့် ချည်ထားပြီး စားသောက်ဆိုင်၏ အထဲတွင် ခဏတာ ချုပ်နှောင်ထားခဲ့တော့၏။ သူတို့အားလုံးသည် သိုလှောင်လက်စွပ်များကို ယူဆောင်ကာဖြင့် အရင်ဆုံး စစ်ဆေးကြည့်ရှုလိုက်သည်။ ပြုလုပ်ခဲ့သမျှ အရာအားလုံးသည် အလွန်ကျွမ်းကျင်လွန်းလှပြီး အကြိမ်ဖန်များစွာ ပြုလုပ် ထားခဲ့သည့်ပုံလည်း ပေါက်နေ၏။
“အစ်ကိုကြီး”
ကုကျောင်းရှစ်က ပြောလိုက်သည်။ “ဒီနေရာမှာ ကျုပ်သာဆိုရင် အားလုံးကို တစ်ခါတည်းသတ်ဖြတ်ပစ်လိုက်တယ်။”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါရမ်းကာ ပြောလိုက်၏။ “အားလုံးက တူညီတဲ့ လမ်းစဉ်ကို လျှောက်လှမ်းနေကြတာလေ။ ဒီတော့ အချင်းများမှုဆိုတာက ရှောင်လွဲလို့ ရတာ မဟုတ်ဘူး။ တစ်ခါတစ်လေ အရမ်းကြီးမလွန်တာပိုကောင်းပါတယ်။”
“နားလည်ပါပြီ။”
ကုကျောင်းရှစ်သည် ထိုကဲ့သို့ ပြောလိုက်သည်ဆိုသော်လည်း စိတ်ထဲမှာတော့ ရေရွတ်လျက်ရှိနေ၏။ “ငါ့ရဲ့ အစ်ကိုကြီးက နည်းနည်း ကြင်နာတရားတွေနဲ့ ပြည့်နှက်လွန်းနေတယ်။”
လမ်းဘေးတွင် ဖြစ်ပွားခဲ့သည့် ရန်ပွဲတစ်ခုဖြစ်သောကြောင့် ရှုပ်ထွေးဂိုဏ်းနှင့် ချောက်နက်ဂိုဏ်းတို့ နှိပ်စက်ရိုက်နှက်ခံ လိုက်ရသည့်သတင်းသည် နတ်ဆိုးမြို့တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။
အထူးသဖြင့် ပြိုင်စံရှားဂိုဏ်းမှ တပည့်ငါးယောက်တို့သည် ဤတည်နေရာဆီသို့ ရောက်ရှိလာပြီး တိုက်ခိုက်ခဲ့သည် ဆိုသည့်သတင်းသည် ကြီးမားသည့်ကိစ္စရပ်ကြီးတစ်ခုဖြစ်သွားခဲ့သည်။
“ဟား ဟား ဟားဟား နတ်ဆိုးဂိုဏ်းနှစ်ခုကတော့ သံတိုင်ကို သွားကန်မိတာပဲ။ ထိုင်ခုံမှာ ထိုင်နေတဲ့ လူငယ်က ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းလို့ ကျုပ်ကြားတယ်။ သူရဲကောင်းတွေဆိုတာ ငယ်ရွယ်စဉ်ကတည်းက အစွမ်းအစပြခဲ့ကြတာပေါ့။ နယ်မြေဟောခန်းတောင်မှ စီနီယာတုံးကုရဲ့ တိုက်ရိုက်တပည့်ကို ပြဿနာမရှာရဲဘူးလေ။ ဒီကောင်တွေက ဘာမို့လို့လဲ။ ငါတို့အနေနဲ့ အပြင်မှာရှိနေတဲ့ အမဲရောင်ဝတ်စုံဝတ်လူတိုင်းကို ပြဿနာမရှာကြဖို့ မှာထားကြ။ တစ်ဖက်လူက ဘယ်သူဖြစ်လဲဆိုတာကို သေသေချာချာ သိသေးတာမဟုတ်ဘူး။ ပြဿနာသွားရှာမနေနဲ့။ အကုန် ပြဿနာတက်ကုန်မယ်။”
အားလုံးသည် တိုင်ပင်ဆွေးနွေးလျက်ရှိနေတုန်းမှာပဲ ရှုပ်ထွေးဂိုဏ်းနှင့် ချောက်နက်ဂိုဏ်းတို့ဆီမှ ကိုယ်စားပြုသူများ သည် စားသောက်ခန်းဆီသို့ ရောက်ရှိလာပြီး လေးလေးစားစားဖြင့် ပြန်ပေးငွေများကို ပေးအပ်ရန် ပြင်ဆင်ကြတော့သည်။
“အားလုံးပဲ။”
စားသောက်ခန်း၏ အပြင်ဘက်တွင် ထိုင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လူတစ်ယောက်ကို ယွမ်စိတ်ဝိညာဉ်ကျောက်တုံး ၁ သိန်းကျတယ်။”
“ဟမ်”
ဂိုဏ်းနှစ်ခုဆီမှ အထက်ပိုင်းအကြီးအကဲများသည် ဆွံ့အသွားခဲ့ကြ၏။
ဘေးတစ်ဖက်တွင် မတ်တပ်ရပ်လျက်ရှိ နေသော ကုကျောင်းရှစ်သည်လည်း ဆွံ့အသွားမိသည်။ ယွမ်စိတ်ဝိညာဉ်ကျောက်တုံး ၁ သိန်း။ လူတစ်ရာဆိုလျှင် သိန်း ၁၀၀ တိတိ ရမှာ ဖြစ်သည်။
“ကောင်းကင်ဘုံ။ ငါ့အစ်ကိုကြီးက ရက်စက်လိုက်တာ။”
“ဟုတ်ပြီ။” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
“ဒီငွေတွေက ခင်ဗျားတို့အတွက် များရင် များနေလိမ့်မယ်။ ဒါပေမဲ့ နတ်ဆိုးနယ်မြေက ဖွင့်လှစ်တော့မယ်လေ။ အဲအချိန်မှာ လူအင်အား များများစားစား ခေါ်သွားမယ်ဆိုရင် ရနိုင်တဲ့ အခွင့်အရေးကလည်း အများကြီးဖြစ်မှာ မဟုတ်လား။”
“……….” ဂိုဏ်းနှစ်ခုဆီမှ အထက်ပိုင်းအကြီးအကဲများ၏ မျက်နှာများသည် ပျက်ယွင်းသွားခဲ့ကြသည်။
ကျွင်းချောင်ရှောင်းသည် ထပ်ကာ ပြောလိုက်၏။ “ဒီတစ်ကြိမ်ကို လွဲချော်သွားမယ်ဆိုရင် နောက်ထပ် နှစ်ပေါင်း ၁၀၀ အထိ စောင့်ရမှာနော်။”
“ဂိုဏ်းချုပ်ကျွင်း ….. နည်းနည်းလေး ဈေးလျှော့ပေးလို့ရမလား။ ကျုပ်တို့ဂိုဏ်းဆီမှာ အဲဒီလောက် ပိုက်ဆံများများ မရှိပါဘူး။”
“ရတာပေါ့။”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကျုပ်တို့က ဘာပဲပြောပြော ဂိုဏ်းထောင်ထားတဲ့ လူတွေပဲလေ။ ခင်ဗျားတို့ကို ၉ ရာခိုင်နှုန်း လျှော့ပေးလိုက်မယ်။ တကယ်လို့ ဒါကိုမှ ပိုက်ဆံမရှိဘူးဆိုလို့ရှိရင် အကြွေးစာချုပ်ရေးသွားပေါ့။”
“၉ ရာခိုင်နှုန်းဟုတ်လား။”
ဖြတ်သွားဖြတ်လာမှ သိုင်းကျင့်ကြံသူများသည် မျက်လုံးများ ချာချာလည်သွားမိသည်။ “ဒါကို ဈေးလျှော့ပေးတယ်လို့တောင် ပြောလို့ရသေးလို့လား။”
နတ်ဆိုးရေစက် တည်နေရာသည် မကြာခင်မှာ ဖွင့်လှစ်တော့မှာ ဖြစ်၏။ ထို့အပြင် ပြိုင်စံရှားဂိုဏ်းသည် လူပေါင်း များစွာတို့ကို ထိန်းသိမ်းထားခဲ့၏။
ခက်ခက်ခဲခဲ ဆုံးဖြတ်ပြီးသည့်နောက် ရှုပ်ထွေးဂိုဏ်းနှင့်ချောက်နက်ဂိုဏ်းတို့သည် ယွမ်စိတ်ဝိညာဉ်ကျောက်တုံး ၃ သန်း ဆီကို ထုတ်ယူပြီးသည့်နောက် လက်ကျန်အတွက် အကြွေးစာချုပ်ကို ရေးသားထားခဲ့ရသည်။
အရာအားလုံးဖြေရှင်းပြီး သည့်နောက် ကျွင်းချောင်ရှောင်းသည် ထိုသူများအားလုံးကို လွှတ်ပေးကာ ပြောလိုက်၏။
“ပျော်ရွှင်တဲ့ ပူးပေါင်းဆောင်ရွက်မှုပါပဲ။”
ဂိုဏ်းနှစ်ခုဆီမှ အထက်ပိုင်းအကြီးအကဲများသည် သွေးအန်လုမတတ်ပင်ဖြစ်သွား၏။
သူ၏ အစ်ကိုကြီးသည် အချိန်တိုအတွင်းမှာပဲ ယွမ်စိတ်ဝိညာဉ်ကျောက်တုံး ၆ သန်းတိတိကို ရှာဖွေနိုင်ခဲ့သည်ကို မြင်ရသည့်အချိန်မှာတော့ ကုကျောင်းရှစ်၏ မျက်လုံးများသည် လင်းလက်တောက်ပလျက်ရှိ၏။ သူကတွေးလိုက်မိသည်။ “ငါ ဒါကို သင်ယူရမယ်။ ငါ ဒါကို တကယ်သင်ယူမှဖြစ်မယ်။”