← Chapters

အခန်း (၁၄၅၃)

Vol. 98 Ch. 1453

အခန်း (၁၄၅၃)

Vol. 98 Ch. 1453

ပြိုင်စံရှားဂိုဏ်း၊ နဂါးကျောရိုးတောင်ထွတ် …….။

ကုကျောင်းရှစ်သည် သူ၏ အိပ်ယာပေါ်တွင် ခြေချိတ်ထိုင်လျက်ရှိပြီး ၎င်း၏ မျက်နှာပေါ်တွင် အလွန်လေးနက်သည့် မျက်နှာသွင်ပြင်မျိုးနှင့် ဖြစ်လို့နေခဲ့၏။ သူသည် တွေဝေးငေးငိုင်လျက် ရှိနေ၏။

မည်သည့်ကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံရမည်မှန်း မသိတော့ချေ။ လက်ရှိအချိန် သူ၏ဘေးဘက်တွင် များပြားလှသည့် သိုင်းကျင့်ကြံခြင်း နည်းစနစ်များ တည်ရှိနေသည်။ ထိုအရာများသည် သက်တန့်ရောင်စဉ်ကျမ်း၊ နှလုံးသားအလင်း ကျမ်းစာ၊ ကောင်းကင်လက်ဝါးရိုက်ချက်နှင့် အရိပ်တစ်ထောင် ကိုယ်ပွားနည်းစနစ်တို့ပင်ဖြစ်သည်။

ယခင်တုန်းကသာဆိုလျှင် သူသည် တပည့်များ တာဝန်ပြီးမြောက်ရန် ကူညီပေးရသည် ဖြစ်သောကြောင့် ဂိုဏ်း၏ သိုင်းကျင့်ကြံခြင်း နည်းစနစ်များကို လေ့လာရန် အခွင့်အရေး မရရှိခဲ့ချေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် အဆင့်ချိုးဖြတ်ရောက်ရှိခဲ့ပြီဖြစ်၏။ ထို့ကြောင့် အချိန်များ အားလပ်သွားခဲ့ပြီး သိုင်းကျင့်ကြံခြင်းနည်းစနစ်များကို ကြည့်ရှုနိုင်ရန် အချိန်များ အားလပ်လာခဲ့၏။ ထို့ကြောင့် သူအနေနှင့် ကျင့်ကြံခြင်းကို ပိုမိုပြုလုပ်နိုင်စွမ်း ရှိလာခဲ့တော့၏။

“အဆင်ပြေတာကို ကောက်ယူလိုက်တော့မယ်”

ကုကျောင်းရှစ်သည် မျက်လုံးကို စုံမှိတ်ထား၏။ ပြီးသည့်နောက်မှာ တော့ သက်တန့်ရောင်စဉ်ကျမ်းအား ရွေးချယ်လိုက်မိသည်။ “ဒါက ကြည့်ရတာ သာမန်ပဲလေ”

သူသည် အကြွင်းအကျန် ကျမ်းစာအား ကောက်ယူပြီးနောက် သေသေချာချာ ဖတ်ရှုလေ့လာလိုက်မိ၏။ သူ၏ မျက်နှာ အမူအရာများသည် တဖြည်းဖြည်းနှင့် လေးနက်လာခဲ့သည်။

“ချီးတဲ့မှ”

တစ်နာရီလောက် ကြာပြီးသည့်နောက် ကုကျောင်းရှစ်သည် အံ့အားသင့် တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “ဒီသိုင်းနည်းစနစ်က အရမ်းကို စွမ်းအားမြင့်တာပဲ”

ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက် သူသည် သက်တန့်ရောင်စဉ်ကျမ်း ခုနှစ်တွဲလုံးကို နားလည်သွားခဲ့ပြီ ဖြစ်၏။ တောင်တစ်ခု၏ ထိပ်ပေါ်တွင် မတ်မတ်ရပ်လျက်ရှိပြီး လက်နှစ်ချောင်းနှင့် သက်တန့်ရောင်စဉ်များအား စုစည်းလိုက်၏။ ပြီးနောက် အဝေးရှိတောင်တစ်ခုပေါ်သို့ လက်ညှိုးညွှန်လိုက်သည့်အချိန်မှာတော့ သက်တန့် ရောင်စဉ်ကဲ့သို့ လင်းလက်သော အလင်းတန်းများသည် အဝေးဆီရှိ ပစ်မှတ်ကို သွားထိမှန်တော့သည်။

“ဟမ်”

လီချင်းယန်နှင့် တခြားသောသူများသည် ခေါင်းမော့ကာ ကြည့်ရှုလိုက်၏။ ကောင်းကင်ယံတွင် ဖြစ်ပေါ် လာသောအလင်းတန်းများကို ကြည့်ရှုပြီးသည့်နောက် အံ့အားသင့် တုန်လှုပ်လျက်ရှိနေကြ၏။ “ဒါ သက်တန့် ရောင်စဉ်ကျမ်းလား”

အားလုံးတို့သည် အဆင့်နိမ့် နယ်မြေမှာကတည်းက ထိုသိုင်းကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံခဲ့ပြီးပြီဖြစ်၏။ သို့ပေမဲ့ အထက်နယ်မြေကို ရောက်ရှိလာပြီးသည့်နောက် ရှားရှားပါးပါးသာ အသုံးပြုခွင့် ရရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်လက်ဝါးရိုက်ချက်ကိုသာလျှင် အစားထိုး အသုံးပြုနေသောကြောင့်ပင်။ သို့ပေမဲ့ ယခု သူတို့၏ ဂိုဏ်းတူဦးလေး အသုံးပြုလိုက်သည့်အချိန်တွင် အလွန်အားကောင်းလျက် ရှိနေသည်ကို မြင်လိုက်ကြသည်။

“ညီလေး”

ကျွင်းချောင်ရှောင်းသည် အသာလျှောက်လာပြီးနောက် အံ့အားတသင့်ဖြင့် မေးလိုက်သည်။ “ဘာလို့ ခုနတုန်းက မင်းအသုံးပြုလိုက်တဲ့အချိန်မှာ ဒီသိုင်းနည်းစနစ်က အရမ်းအားကောင်းသွားရတာလဲ”

“အရမ်းနက်နဲတဲ့ သိုင်းပညာက ဒီလောက်အားမကောင်းသင့်ဘူးလား” ကုကျောင်းရှစ်သည် ဇဝေဇဝါဖြင့် ပြန်မေး လိုက်၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သက်တန့်ရောင်စဉ်ကျမ်းဆိုတာက ငါတို့ဂိုဏ်းရဲ့ နှစ်ဆွေးနေတဲ့ သိုင်း နည်းစနစ်တစ်ခုလေ။ အခု မင်းရဲ့လက်ထဲမှာတော့ အရမ်းအားကောင်းတဲ့ စွမ်းအင်တွေကို ဖြစ်တည်စေနိုင်တယ်။ မင်းက တကယ့်ကို ပါရမီရှင်ပဲ”

“အစ်ကိုကြီး... ကျုပ်ကို မစပါနဲ့”

ကုကျောင်းရှစ်က ပြောလိုက်သည်။ “ဒါကို အစ်ကိုကြီးလုပ်ရင်လည်း ဒီအတိုင်း ဖြစ်မှာပဲ မဟုတ်လား”

“......”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်၏။ သူသည် ကောင်းကင်နှင့် မြေကြီးထဲတွင် ရှိနေသော သက်တန့်ရောင်စွမ်းအင်များနှင့် ဆက်သွယ်ပြီးသည့်နောက် သူ၏လက်ချောင်းပေါ်တွင် သက်တန့်ရောင် အလင်းတန်းများ စုဝေးလာခဲ့သည်။ သူ၏ မျက်နှာပေါ်တွင်တော့ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်လာခဲ့သည်။ ထိုအချိန်မှာတော့ သူ စုစည်းလျက်ရှိနေသော အလင်းစွမ်းအင်များသည် အားကောင်းလွန်းလှချေပြီး ယခင်ကနှင့် မတူညီဘဲ ခြားနားလျက် ရှိနေသည်ကို ကောင်းကောင်းခံစားမိနေ၏။

မဟုတ်သေးပေ။ သူသည် သက်တန့်ရောင်စဉ်ကျမ်းအား လွန်ခဲ့သည့် နှစ်ပေါင်းအနည်းငယ်ကတည်းက နားလည် တက်ကျွမ်းခဲ့သည်မဟုတ်ပါလား။ ယခု စုစည်းလိုက်သည့် စွမ်းအင်အလင်းများသည် အဘယ်ကြောင့် ပိုမိုကာ အားကောင်းလာခဲ့ရသနည်း။ ဖြစ်နိုင်သည်မှာ သူ၏ ကျင့်ကြံခြင်းအဆင့် တိုးမြင့်သွားခဲ့သည့်ကြောင့်လား။

“နေအုံး”

အလင်းတန်းများနှင့် ချိတ်ဆက်လျက်ရှိနေသည့် သူ၏ အစစ်အမှန်ကျန်းချီများနှင့် စိတ်ဝိညာဉ်စွမ်းအင် များသည် ပိုမိုကာ အားကောင်းလျက်ရှိနေသည်ကို အံ့အားသင့်ဖွယ် သိရှိလိုက်ရ၏။ “ဒါမျိုး အရင်က မဖြစ်ဖူးပါဘူး”

ဝှစ်

လက်ချောင်းများကို ယမ်းခါလိုက်ပြီးသည့်နောက် အလင်းတန်းတစ်ခုသည် ပျံသန်းထွက်ခွာသွားသည်။

ဘုန်း

ဂိုဏ်း၏ အပြင်ဘက် တည်နေရာတွင် ရှိနေသော တောင်ငယ်လေးတစ်ခုသည် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်တည် သွား၏။

“ငါနားလည်ပြီ”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် နားလည်သွားမိ၏။ “သက်တန့်ရောင်စဉ်ကျမ်းက ပိုပြီးအားကောင်းတဲ့ စွမ်းအင်အရင်းအမြစ်တွေရဲ့ ထောက်ပံ့မှုနဲ့ဆိုရင် ပိုပြီး အားကောင်းလာခဲ့တာပဲ”

ဤအရာကို ဟယ်ဝူတီသည် အစောကြီးကတည်းက သိရှိပြီးဖြစ်၏။ ဂိုဏ်းချုပ်နှင့် ကုကျောင်းရှစ်တို့ ၎င်းတို့၏ စွမ်းအင်များကို ထုတ်ဖော်ပြသနေသည့်အချိန်တွင် သူသည် တစ်ချက်ကလေးမှ စိတ်လှုပ်ရှားမှု မဖြစ်ခဲ့ပေ။ သူက တွေးလျက်ပင် ရှိနေသေး၏။ “အထက်နယ်မြေရဲ့ အစစ်အမှန်စွမ်းအင်တွေနဲ့ဆိုရင် သက်တန့်ရောင်စဉ်ကျမ်းက ပိုပြီးတော့ အားကောင်းလွန်းတယ်။ ဒါက သက်တန့်ရောင်သူတော်စင် ဖန်တီးခဲ့တဲ့ သိုင်းနည်းစနစ် ပီသပါပေတယ်”

အထက်နယ်မြေရှိ သိုင်းကျင့်ကြံခြင်း နည်းစနစ်များသည် အောက်နယ်မြေတွင် စွမ်းအားပြည့် ထုတ်ဖော်၍ မရခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် နေရာပတ်ဝန်းကျင်နှင့် စွမ်းအင်အရင်းအမြစ်သည် မထောက်ပံ့နိုင်သောကြောင့်ပင်။ ယခု အားကောင်းလွန်းလှသော အစစ်အမှန် စိတ်ဝိညာဉ်နှင့် ကျန်းချီများ၏ ထောက်ပံ့မှုကို ရရှိခဲ့ပြီ ဖြစ်သောကြောင့် သက်တန့်ရောင်စဉ်ကျမ်းသည် ကြီးကြီးမားမား တိုးတက်ပြောင်းလဲသွားခဲ့သည်။

...........

သက်တန့်ရောင်စဉ်ကျမ်း၏ စွမ်းအင်များကို စမ်းသပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲသို့ ပြန်လာလိုက်၏။ ပြီးနောက် ကျမ်းစာခုနှစ်ခုလုံးကို ထုတ်ယူလိုက်သည်။ ဤအရာများသည် မူရင်းကျမ်းစာများ ဖြစ်၏။ တပည့်များနှင့် ကုကျောင်းရှစ်တို့ အသုံးပြုသည်မှာ မိတ္တူများသာဖြစ်ကြ၏။ ဤနှစ်ခုကြားရှိ ကွာခြားချက် သည် မူရင်းကျမ်းစာမှာ ထူးခြားလွန်းလှသော စွမ်းအင်များ ပါဝင်လျက်ရှိပြီး အလွန်နက်နဲလွန်းလှသည့် အဓိပ္ပာယ် များလည်း ပါဝင်လျက် ရှိနေခြင်းပင်။ ထိုအရာကို ကျွင်းချောင်ရှောင်းသည် ရရှိခဲ့ကတည်းက သိရှိခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ သူ၏အဆင့်သည် နိမ့်ပါးလွန်းသောကြောင့် ထိုအရာ၏ ဆန်းကြယ်မှုကို မကြည့်ရှုနိုင်ခဲ့ချေ။

လက်ရှိအခြေအနေမှာတော့ လုံလောက်သည့်အားအင်အဆင့်ကို ပိုင်ဆိုင်နေပြီဖြစ်သောကြောင့် သူ့အနေနှင့် သေသေချာချာ ဂရုထား၍ ကြည့်ရှုရန် စဉ်းစားလိုက်မိတော့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ အဖြေရှာ၍ မရခဲ့ချေ။

“မဖြစ်ဘူး။ မဖြစ်ဘူး။ ဒီအကြွင်းအကျန်ထဲမှာ ရှိတဲ့ စွမ်းအင်တွေက အရမ်းကို နက်နဲလွန်းတယ်။ တစ်စုံတစ်ယောက်ကို သွားရှာပြီးတော့ သေသေချာချာ ကြည့်ရှုခိုင်းမှ ဖြစ်လိမ့်မယ်”

သက်တန့်ရောင်စဉ်ကျမ်းအား အဆုံးစွန်အထိ သိရှိနားလည်သူသည် ဟယ်ဝူတီပင် ဖြစ်တော့၏။ သို့ပေမဲ့ ကုန်းရှန့် မှာတော့ ပထမဦးဆုံး သူရရှိခဲ့သည့် ကျမ်းစာသည် ဟယ်ဝူတီဆီမှ ဖြစ်ကြောင်းကို မသိရှိခဲ့ပေ။ ထို့ကြောင့် ခဏလောက် စဉ်းစားပြီး သူသည် နှင်းဆီဧကရီ၏ အိပ်ဆောင်ဆီသို့ သွားကာမေးလိုက်သည်။

“ဒီသက်တန့်ရောင်စဉ်ကျမ်းထဲမှာ ဘာလျှို့ဝှက်ချက်တွေ ရှိလဲဆိုတာ ကျွန်မလည်းမသေချာဘူး။ ဒါကို ဘယ်လိုရ လာတာလဲ”

“တခြားဂြိုဟ်တွေဆီ သွားပြီးတိုက်ခိုက်တဲ့အချိန်မှာ ရခဲ့တာလေ”

“........”

ကျွင်းချောင်ရှောင်းသည် ဖြူမဲညီနောင်တို့ကို ရှာဖွေကာဖြင့် သက်တန့်ရောင်စဉ်ကျမ်းအကြောင်းကို မေးမြန်းခဲ့၏။ သို့ပေမဲ့ ဘာတစ်ခုကိုမှ တိတိကျကျ မသိရှိခဲ့ချေ။ တိတိကျကျ ပြောရမည်ဆိုလျှင် ဤကျမ်းစာထဲတွင် နက်နဲလှသည့် အဓိပ္ပာယ်များ ပါဝင်လျက်ရှိနေသည်ကို ကောင်းကောင်းသိ၏။ သို့ပေမဲ့ ထိုလျှို့ဝှက်ချက်ကို အဖြေရှာ၍ မရနိုင်ခဲ့ချေ။

“ပိုပြီးတော့ နက်နဲလေ။ ပိုပြီးတော့ ရှုပ်ထွေးလေပါလား”

ကျွင်းချောင်ရှောင်းသည် အလွန်အားကောင်းလွန်းသည့် အော်ရာများ ထုတ်ဖော်နေသည့် အကြွင်းအကျန်ကျမ်း ခုနှစ်ခုကို ကြည့်ရှုလျက်ရှိ၏။ ပြီးနောက် သူက ပြောလိုက်သည်။ “တစ်နေ့ ဒီအရာကို ဖြေရှင်းနိုင်မယ်ဆိုရင် ကြီးမားတဲ့ အရာတစ်ခုခု ရရှိမှာ သေချာတယ်”

သက်တန့်ရောင်စဉ်ကျမ်းသည် အလွန်အားကောင်းသည့် အခြေအနေတစ်ခုကို ရောက်ရှိသွားခဲ့၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေဖြင့် တပည့်များအား ထိုအရာကို ကြိုးစားလေ့ကျင့်ရန် မှာကြားလိုက်သည်။ ကျန်းချီများကို အသုံးပြုပြီး ထိုနည်းစနစ်ကို ထုတ်ဖော်တိုက်ခိုက်မည်ဆိုလျှင် ပိုမို၍ အားကောင်းနိုင်ကြောင်းကို မှာကြားခဲ့၏။

“ဂိုဏ်းချုပ်”

တစ်ရက်မှာတော့ လျှိုဝမ်ရှစ်သည် သူ့ဆီသို့ ရောက်ရှိလာကာ ပြောလိုက်သည်။ “မုန့်ယဉ်က အခုတလော ထူးထူးဆန်းဆန်းတွေ လုပ်နေတယ်”

“ဘာတွေ ထူးဆန်းတာလဲ”

“သူမက တစ်ခါတစ်လေ အိပ်ပျော်နေရင်းနဲ့လည်း အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတယ်။ တစ်ခါတလေ ကောင်းကင်နဲ့မြေကြီးရဲ့ နတ်ဆိုးလမ်းစဉ်တွေ အကြောင်းကိုလည်းပြောတယ်။ တစ်ခါတလေ နတ်ဆိုးလမ်းစဉ်ရဲ့ ထာဝရတည်ရှိသူတစ်ယောက် အကြောင်းလည်း ပြောနေသေးတယ်”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မျက်မှောင်ကုတ်မိလိုက်၏။ အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေတွင် ကျင့်ကြံစဉ်က သူမ၏ အနောက်ဘက်တွင် ဖြစ်တည်လာခဲ့သည့် ကြီးမားလှသည့် အမဲရောင်အရိပ်ကြီးကို ပြန်လည် သတိရသွားမိ၏။

လျှိုဝမ်ရှစ်သည် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်မိသည်။ “သူမကို ကြည့်ရတာ ရူးတော့မလား မသိဘူး”

“အရမ်းကြီး တွေးမနေနဲ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ငါ သူမကို သွားကြည့်လိုက်အုံးမယ်”

ပြောပြီး သည့်နောက် သူသည် အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေဆီသို့ သွားလိုက်၏။ အထဲသို့ လျှောက်ဝင်ဝင်ခြင်းမှာပဲ ရောင်မုန့်ယဉ်သည် ထိုင်လျက်ရှိနေပြီး နတ်ဆိုးအော်ရာများ ထုတ်ဖော်လျက် ရှိနေသည်ကို မြင်လိုက်ရ၏။ သူမ၏ နောက်ဘက်တွင်တော့ ကြီးမားလှသည့် အမဲရောင်အရိပ်ကြီးက စုစည်းလျက် ရှိနေ၏။

သူမက တီးတိုးရေရွတ်နေသည်။ “ကောင်းကင်နဲ့ မြေကြီးရဲ့ အန္တိမ ဖြစ်တည်ခြင်းတရား၊ နတ်ဆိုးလမ်းစဉ်ရဲ့ ထာဝရ တည်ရှိသူ”

ဘုန်း …..။

ကျွင်းချောင်ရှောင်းသည် ထိုအမဲရောင်အရိပ်ကြီးအား လက်သီးဖြင့် ထိုးလိုက်၏။ ချက်ချင်းပဲ ထိုအရာကြီးသည် ပျောက်ကွယ်သွား၏။ သူက ဆူငေါက်လိုက်မိသည်။ “မင်းက ကိုယ်ပိုင်အသိစိတ်ရှိတဲ့ ဝိညာဉ်တစ်ခုဖြစ်တယ်ဆိုရင် ငါ့တပည့်ရဲ့ ခန္ဓာကိုယ်ထဲက အခုထွက်သွားတော့”

“ဂိုဏ်းချုပ်”

ရောင်မုန့်ယဉ်သည် မျက်လုံးကို ဖွင့်လိုက်၏။ ပြီးနောက် တိကျခိုင်မာသည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “နတ်ဆိုးတည်နေရာတစ်ခုကို ကျွန်မသွားချင်တယ်”

“ဘာကြောင့်လဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

“ဘာလို့လဲဆိုတော့”

ရောင်မုန့်ယဉ်သည် ခဏလောက် ရပ်တန့်ကာဖြင့် ပြောလိုက်၏။ “မမြင်ရတဲ့ အားအင် တစ်ခုက ကျွန်မကို ဆွဲခေါ်နေသလို ခံစားရတယ်”

“နတ်ဆိုးတွေရဲ့ တည်နေရာက အရင်ကတည်းက ဖျက်ဆီးခံလိုက်ရပြီလေ။ ရှိကော ရှိသေးလို့လား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

“ရှိတယ်” ကုကျောင်းရှစ်က ပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် နောက်ကိုလှည့်ကာဖြင့် အံ့အားတသင့် မေးလိုက်မိသည်။ “ဘယ်တုန်းက ရောက်နေတာလဲ”

“အခုပဲလေ”

ကုကျောင်းရှစ်သည် ရောင်မုန့်ယဉ်အား ကြည့်ရှုလိုက်၏။ ပြီးနောက် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “အစ်ကိုကြီး... အစ်ကိုကြီးတပည့်က ပုံမှန်မဟုတ်ဘူး။ ကျုပ်သာ မမှားဘူးဆိုရင် သူမက နတ်ဆိုး မျိုးနွယ်တွေရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်တာ ဖြစ်နိုင်တယ်”

စနစ်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ဒီကောင်က မောက်မာဝံ့ကြွားလွန်းတဲ့ ပြန်လည်မွေးဖွားနိုင်တဲ့လူ မဟုတ်လား။ ဘယ်လိုဖြစ်ပြီးတော့ ဂိုဏ်းထဲကို ရောက်ပြီးတဲ့အချိန်မှာ မတူညီတဲ့ လူတစ်ယောက်လို ပြောင်းလဲ သွားရတာလဲ”

“နတ်ဆိုးမျိုးနွယ်တွေက အရင်ကတည်းက ဖျက်ဆီးခံလိုက်ရပြီဆိုပေမဲ့ သူတို့ရဲ့ တည်နေရာကတော့ တည်ရှိနေ သေးတယ်။ အထဲကိုသာ ဝင်သွားမယ်ဆိုရင် သူမရဲ့ သွေးမျိုးဆက် နိုးထနိုင်ပြီး အားအင်အဆင့်ကလည်း ပိုပြီး ကောင်းလာမှာ သေချာတယ်” ကုကျောင်းရှစ်က ပြောလိုက်၏။

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “နတ်ဆိုးတည်နေရာက ဘယ်နေရာမှာလဲ”

“အရင်တုန်းက အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းလုံးက စုစည်းပြီးတော့ နတ်ဆိုးတည်နေရာကြီး တစ်ခု လုံးကို စည်းခတ်ခဲ့တယ်။ နေရာဒေသက ဘယ်နေရာမှာလဲဆိုတာ ဘယ်သူမှ မသိဘူး” ကုကျောင်းရှစ်က ပြောလိုက်သည်။

“........”

ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွားမိ၏။ “ဘာမှ မပြောတာကမှ ဟုတ်အုံးမယ်”

“ဒါပေမဲ့”

ကုကျောင်းရှစ်က ပြောလိုက်သည်။ “ဒီစည်းခတ်ခံထားရတဲ့ နတ်ဆိုးတည်နေရာက ဘယ်နေရာမှာရှိလဲ ဆိုတာကို သိနိုင်တဲ့ ဆန်းကြယ်လှတဲ့ အဖွဲ့အစည်းတစ်ခုကတော့ ရှိနေသေးတယ်”

“ဘာအဖွဲ့အစည်းလဲ”

“အသုဘခန်းဆောင်လေ”

“ဟိုးအရင်ကတည်းက နယ်မြေဟောခန်းနဲ့ ဆက်တိုက် တိုက်ခိုက်နေတဲ့ အဖွဲ့အစည်း တစ်ခုလား”

“အမှန်ပါပဲ”

“သူတို့က ဘယ်မှာလဲ”

“မသိဘူး”

“........”

“ဂိုဏ်းချုပ်”

ထိုအချိန်မှာပဲ လီချင်းယန်၏ အသံသည် သူ၏နားထဲတွင် ထင်ပေါ်လာခဲ့၏။ “ထွက်လာခဲ့အုံး။ အပြင်မှာ ဖြစ်နေတဲ့ ပြောင်းလဲမှုကြီးကို လာကြည့်ပါအုံး”

ကျွင်းချောင်ရှောင်းနှင့် ကုကျောင်းရှစ်တို့သည် လျှို့ဝှက်နယ်မြေထဲမှ အလျင်အမြန်ပဲ လျှောက်ထွက်လာကြ၏။ ပြီးသည့်နောက် အရှေ့ဘက် ကောင်းကင်ယံတွင် အမဲရောင်တိမ်လိပ်များ တလိပ်လိပ်နှင့် စုဝေးလာပြီး ကြီးမား လှသည့် လေဝဲကြီးဖြစ်တည်လာသည်ကို မြင်လိုက်ရ၏။ ထိုအရာကို အဝေးက ကြည့်ရှုမည်ဆိုလျှင် ကြီးမား လှသည့် လေဆင်နှာမောင်းကြီး ဖြစ်တည်လာသည်နှင့်ပင် ဆင်တူလွန်းလှသည်။

………..

“ထပ်ပြီးပေါ်လာပြန်ပြီပဲ”

ထူးခြားလှိုဏ်ဂူ၏ အပြင်ဘက်မှာတော့ ကြီးမြတ်သူတုံးကုသည် ထူးဆန်းသည့် ပတ်ဝန်းကျင်ပြောင်းလဲမှုကြီးဖြစ်တည်နေသည်ကို ကြည့်ရှုလိုက်၏။ သူသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်မိ၏။ “ဒီကောင်က တကယ်တမ်း ပြန်ပြီးရှင်သန်လာမယ်လို့ ထင်နေတာလား”

“နတ်ဆိုးမျိုးနွယ်တွေ ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ ပြန်လည်ဖြစ်တည်လာမယ်လို့ အားလုံးက သတ်မှတ်ထား ခဲ့ကြတာပဲလေ။ ဒါပေမဲ့ သူ့အနေနဲ့ အတင်းကြီး ဒီအရာကြီးကို ပြောင်းလဲချင်တယ်ဆိုရင် ကောင်းကင်ရဲ့တာအိုကို ဆန့်ကျင်တာနဲ့ တူတူပဲ မဟုတ်လား” မာဆာတိုကီတာနိုက ပြောလိုက်၏။

“ဒီတစ်ကြိမ်မှာ နတ်ဆိုးရဲ့ ပြန်လည်ဖြစ်တည်လာခြင်းက မီးထဲကို တိုးဝင်ချင်တဲ့ ပိုးဖလံတွေကို ဆွဲဆောင်သလို ဖြစ်တော့မှာပဲ။ ခင်ဗျားရဲ့တပည့်ကလည်း အပျော်သဘောအနေနဲ့ ဝင်ပြီးတော့ မပါလောက်ပါဘူးနော်”

“ဒီကောင်လေးရဲ့ အားအင်အဆင့်က အရမ်းကို နည်းပါးတယ်လေ။ ကိုယ့်ရဲ့အကန့်အသတ်ကို ကိုယ်သိပြီးတော့ သေလမ်းရှာတဲ့ ကိစ္စရပ်မျိုး လုပ်မှာ မဟုတ်လောက်ပါဘူး”

All Chapters