အခန်း (၁၄၅၄)
Vol. 98 Ch. 1454
သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု ….။
“ဒါက အထူးရတနာတစ်ခုခု ဖြစ်တည်လာခဲ့တာလား။”
ပြိုင်စံရှားဂိုဏ်းထဲတွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် အရှေ့ဘက်ကောင်းကင်ယံဆီသို့ စူးစိုက်ကာ ကြည့်ရှုလိုက်သည်။ ဤတည်နေရာကြီးတစ်ခုလုံးသည် ဓာတ်သဘာဝများနှင့် ပြည့်နှက်လျက်ရှိနေပြီး ဘာမှန်းမသိသည့် အခြေအနေ တစ်ခုဆီသို့ ပြောင်းလဲရောက်ရှိလာသည်ကို မျက်ဝါးထင်ထင် မြင်နေရ၏။
သူ၏ မျက်လုံးများသည် တောက်ပလာခဲ့ သည်။ ပျော်ရွှင်မှုနှင့် သေလမ်းရှာရခြင်းကို နှစ်သက်တတ်သည့် လူတစ်ယောက်ဖြစ်သည်မို့ သူသည် ဤကဲ့သို့သော အခွင့်အရေးမျိုးကို ဘယ်တော့မှ လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။
“အစ်ကိုကြီး”
ကုကျောင်းရှစ်က ပြောလိုက်သည်။ “ဒါက အထူးရတနာတစ်ခု မွေးဖွားလာတာမျိုးမဟုတ်ဘူး။ နတ်ဆိုးရေစက်ကို ဖွင့်လှစ်တာပဲ။”
“နတ်ဆိုးရေစက်ဟုတ်လား။” ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါဖြစ်သွားမိ၏။
ကုကျောင်းရှစ်က ရှင်းပြလိုက်သည်။ “လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀၀၀ ကျော်တုန်းက နတ်ဆိုးမျိုးနွယ်တွေရဲ့ နတ်ဆိုးဘိုးဘေးက သေဆုံးသွားခဲ့တယ်။ သူက မသေဆုံးခင်မှာ သူ့ရဲ့ ထူးခြားတဲ့ စွမ်းအင်တွေကို အသုံးပြုပြီး လွတ်လပ်တဲ့ တည်နေရာတစ်ခုကို ဖွင့်လှစ်ခဲ့တယ်။ အဲဒီ တည်နေရာထဲမှာတော့ သူအသက်ရှိစဉ်က စုဆောင်းခဲ့သမျှ အရာအားလုံးကို သိမ်းဆည်းထားခဲ့တယ်။ ဒါကြောင့်လည်း အဲတည်နေရာကို နတ်ဆိုးရေစက်တည်နေရာလို့ ခေါ်ကြတယ်။”
…
နတ်ဆိုးအင်ပါယာသည် နတ်ဆိုးတောင်ကြားထဲတွင် သူ၏ သိုင်းပညာနှင့်ပတ်သက်သည့် အရင်းအမြစ်များ အားလုံးကို သိမ်းဆည်းထားခဲ့သည်ကို ပြန်လည်သတိရပြီးသည့်နောက် ကျွင်းချောင်ရှောင်းက တွေးလိုက်၏။
“နတ်ဆိုးလမ်းစဉ်ကို လျှောက်လမ်းတဲ့လူတွေက မသေခင်မှာ ဒီလိုမျိုးအရာတွေကို ဖွက်ထားတတ်တဲ့ အမူအကျင့်တွေ ရှိနေတာလား။ အနာဂတ်မျိုးဆက်သစ်တွေကို တကူးတကသွားပြီး ရှာဖွေရတာကို နှစ်သက်တဲ့ စိတ်ကူးစိတ်သန်းရှိနဲ့ လူတွေများ ဖြစ်နေမလား မသိဘူး။”
ကုကျောင်းရှစ်က ထပ်ကာ ပြောလိုက်သည်။ “နှစ်စဉ် နှစ်တစ်ရာတိုင်း နှစ်တစ်ရာတိုင်းမှာ နတ်ဆိုးရေစက်က ဖွင့်လှစ်တယ်လေ။ အဲအချိန်ကျရင် တစ်လောက လုံးမှာ ရှိနေတဲ့ နတ်ဆိုးကျင့်ကြံသူတွေအကုန်လုံးက ဒီနေရာကို လာပြီးတော့ သေဆုံးကြတယ်။”
“သေဆုံးကြတာ ဟုတ်လား။”
“နယ်မြေဟောခန်းရဲ့ သုတေသနပြုလုပ်ချက်အရဆိုလျှင် အထဲကို ဝင်သွားပြီးတော့ ပြန်ထွက်လာနိုင်တဲ့ သိုင်းကျင့်ကြံသူဆိုတာ ၁၀ ယောက်ထက် မကျော်ဘူးလေ။ ဒါကြောင့် ဒီတည်နေရာကို နတ်ဆိုးသေခြင်း ချောက်ကမ်းပါးလို့လည်း ခေါ်တယ်။”
“အင်း ….. အသက်ရှင်ကျန်ခဲ့တဲ့ လူတွေက အနာဂတ်မှာ ပိုပြီးတော့ အားကောင်းလာခဲ့ကြတာမျိုးလား။”
“မဟုတ်ပါဘူး။”
ကုကျောင်းရှစ်က ပြောလိုက်သည်။ “သူတို့ကလည်း ဘာမှန်းမသိတဲ့ သေဆုံးခြင်းတရားတွေနဲ့ သေဆုံးခဲ့ကြတာ။ တစ်ချို့ဆိုရင် စိတ်တွေဖောက်ပြီး တော့ ရူးတောင် ရူးသွားကြတယ်။”
ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိ၏။ “ဒါဆိုရင် အဲထဲကို ဘာသွားလုပ်ကြတာလဲ။”
“ကြားတာတော့ နတ်ဆိုးဘိုးဘေးရဲ့ စိတ်ဆန္ဒက အဲဒီအထဲမှာ တည်ရှိနေတယ်လေ။ အဲဒီအရာကို အမွေဆက်ခံ နိုင်ပြီဆိုရင် နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကို အမွေဆက်ခံတာနဲ့ တူညီတယ်။ သူသာ အမိန့်ပေးလိုက်မယ်ဆိုရင် လောကကြီးမှာ ရှိနေတဲ့ နတ်ဆိုးကျင့်ကြံသူတွေ အကုန်လုံးက သူ့ရဲ့ စကားကို နားထောင်ရလိမ့်မယ်။” ကုကျောင်းရှစ်က ပြောလိုက်သည်။
“သြော် … ဒီလိုကိုး။”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် စိတ်ဝင်စားသွားမိ၏။
“ဟုတ်တယ်။”
ကုကျောင်းရှစ်က ထပ်ပြောလိုက်သည်။ “နောက်ထပ် အခြားတစ်ခုကိုလည်း ကြားဖူးသေးတယ်။ နတ်ဆိုးရေစက်ရဲ့ ကုန်းမြေတွေမှာ နတ်ဆိုးဘိုးဘေးကြီး ချန်ထားခဲ့တဲ့ ပြန်လည်ရှင်သန်နိုင်တဲ့ အခွင့်အရေးတစ်ခု ကျန်ရှိခဲ့တယ်တဲ့။”
“သေဆုံးပြီးတဲ့အချိန်မှာ လူတွေက ပြန်လည်ရှင်သန်နိုင်တာလား။”
ကျွင်းချောင်ရှောင်းသည် ပထမတုန်းက အနည်းငယ်အံ့အားသင့်သွားမိ၏။ သူ၏ ရှေ့တွင် ရှိနေသော သူ၏ ညီငယ်လေး ကိုမြင်ရပြီးသည့်နောက် ချက်ချင်းပဲ နားလည်သွားခဲ့မိ၏။
လောကကြီးတွင် သိပ္ပံပညာဖြင့် နှိုင်းယှဉ်ဆက်စပ်စဉ်းစား၍ မရနိုင်သည့်အရာမျိုးလည်း တည်ရှိနိုင်သေး၏။ သူ၏ ညီငယ်လေးသည် အောက်နယ်မြေတွင် သေဆုံးခဲ့သည်ဆိုပေမဲ့ လက်ရှိအခြေအနေမှာတော့ မတူညီသည့် ခန္ဓာကိုယ်၊ မတူညီသည့် ပုံပန်းသွင်ပြင်မျိုးဖြင့် ပြန်လည်ရှင်သန်နေသည် မဟုတ်ပါလား။
ကုကျောင်းရှစ်က ပြောလိုက်သည်။ “အစ်ကိုကြီး နတ်ဆိုးမျိုးနွယ်၏ နတ်ဆိုးဘိုးဘေးကြီးက တတိယအဆင့်ကို ဝင်ရောက်ပြီးပြီလို့ ကြားခဲ့တယ်လေ။ သူ့အနေနဲ့ ပြန်လည်ရှင်သန်နိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။”
ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်နှင့် ပြောလိုက်၏။ “ဒါ နည်းနည်း အထင်ကြီးစရာတော့ ကောင်းတယ်။”
တတိယအဆင့်ဆိုသည်မှာ နတ်ဘုရားအဆင့်ကို ဆိုလိုသည်။ အထက်နယ်မြေ၏ စနစ်တွင် နောက်ဆုံးအဆင့်ဟုလည်း သတ်မှတ်နိုင်စွမ်းရှိသည်။ ဤအဆင့်ကို ချိုးဖြတ်ရောက်ရှိသည့်လူများသည် သေခြင်းနှင့် ရှင်ခြင်းတရားကို ကျော်လွန်နိုင်မည်ဖြစ်ပြီး ကောင်းကင်တာအို၏ တားဆီးမှုကို အကန့်အသတ်ထဲတွင် မရှိတော့ချေ။
“ဒါကတော့ မဟုတ်သေးဘူး။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“အင်မော်တယ်ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှာ လျှို့ဝှက်ကျွမ်းကျင်သူတွေရှိတယ်။ ကောင်းကင်အဆင့် လျှို့ဝှက်ကျွမ်းကျင်သူ တွေ ရှိတယ်။” ကုကျောင်းရှစ်က ပြောလိုက်၏။
“ဟုတ်ပြီ။”
ကျွင်းချောင်ရှောင်းသည် ထပ်မံကာ မေးလိုက်သည်။ “အခု နတ်ဆိုးရေစက်တည်နေရာကြီးက ပွင့်သွားတာကို အင်မော်တယ်ဂိုဏ်းကြီး ၁၀ ဂိုဏ်းက ဒီတိုင်း ထိုင်ကြည့်နေတော့မှာလား။ နတ်ဆိုးအင်ပါယာ ပြန်ပြီး ရှင်သန်လာနိုင်တာကို မျှော်လင့်တကြီးနဲ့ စောင့်နေတာလား။”
“ပထမတုန်းက ကျုပ်လည်း ဒါကို ဇဝေဇဝါ ဖြစ်မိတယ်လေ။ ဒါပေမဲ့ နတ်ဆိုးရေစက် တည်နေရာကြီး ဆိုတာက အထက်နယ်မြေနဲ့ မူလအရင်းအမြစ်နဲ့ ဖန်တီးထားတဲ့အရာပဲ။ ဒါကြောင့် ဒါကို အတင်းကြီး တွန်းအားပေးပြီး ဖျက်ဆီးမယ်ဆိုရင် အထက်နယ်မြေရဲ့ အခြေခံတစ်ခုလုံးက ယိုင်နဲ့သွားလိမ့်မယ်။ ဒါကြောင့် အင်မော်တယ်ဂိုဏ်းကြီး ၁၀ ဂိုဏ်းက အလျင်စလို မပြုလုပ်ရဲတာပေါ့။” ကုကျောင်းရှစ်က ပြောလိုက်သည်။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “တကယ့်ကို ကြမ်းတဲ့လူပဲ။”
“အစ်ကိုကြီး နတ်ဆိုးမျိုးနွယ်တွေအကြောင်းကို ကြားဖူးလား။”
“ဒါနဲ့ ညီငယ်လေး မင်း နတ်ဆိုးမျိုးနွယ်တွေအကြောင်းကို ဒီလောက်သိနေတာဆိုတော့ ဘယ်နေရာကနေ ကြားခဲ့တာ လဲ။”
“အင်း … ပုံပြင်ပြောတဲ့လူတွေဆီကလေ။”
“….…”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ယင်သွား၏။
“အစ်ကိုကြီး”
ကုကျောင်းရှစ်က ပြောလိုက်သည်။ “အသုဘခန်းဆောင်ကို ဘယ်နေရာမှာ ရှိတယ်ဆိုတာကို မေးခဲ့တယ်မဟုတ်လား။”
“သူတို့ဘယ်မှာ ရှိတယ်ဆိုတာကို သေချာပြောနိုင်လား။”
“အဲဒီအမှောင်ထဲမှာ ရှိနေတဲ့ အမှောင်ဂိုဏ်းက ဒီနတ်ဆိုးရေစက်တည်နေရာထဲကို မဖြစ်မနေ သွားကြလိမ့်မယ်။”
“သြော်” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။
ရောင်မုန့်ယဉ်၏ လက်ရှိအခြေအနေသည် ပုံမှန်မဟုတ်လှချေ။ သူမ၏ ခန္ဓာကိုယ်ထဲတွင် မတည်ငြိမ်သည့် စွမ်းအင်များလည်း တည်ရှိနေနိုင်၏။ ထို့ကြောင့် သူ့တပည့်၏ လုံခြုံရေးအတွက် သူသည် ဖြစ်နိုင်သမျှ ဤအရာကို ခန္ဓာကိုယ်ထဲမှ ထုတ်ပစ်ရန် လိုအပ်နေသည်။
အသုဘခန်းဆောင်သည် နတ်ဆိုးမျိုးနွယ်များ၏ ဌာနခွဲတစ်ခုပင်ဖြစ်တော့၏။ ထို့ကြောင့် နတ်ဆိုးတည်နေရာ မည်သည့်နေရာတွင် ရှိမည်ကို ကောင်းကောင်းသိ၏။ သူသည်သာ ၎င်းတို့ကို ဖမ်းချုပ်၍ မေးမြန်းနိုင်မည်ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
“သွားကြရအောင်။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နတ်ဆိုးရေစက် တည်နေရာဆီကိုပေါ့။”
စနစ်က ဆွံ့အသွားမိ၏။ “လက်ခံသူ သိုသိုသိပ်သိပ်နေမယ်လို့ ဆုံးဖြတ်ထားတယ်မဟုတ်လား။ အခုတော့ ပြဿနာထပ်ပြီး ရှာပြန်ပြီ။ ကြီးမြတ်သူ တုံးကုကတော့ အပြစ်လာတင်တော့မယ်နဲ့ တူတယ်။”
“ကျုပ်တို့သွားလို့မရဘူး။”
“ဘာလို့လဲ။”
“နတ်ဆိုးကျင့်ကြံသူ မဟုတ်လို့လေ။”
“………”
“သန့်စင်တဲ့ နတ်ဆိုးကျင့်ကြံသူတွေကသာ အဲလမ်းကို ဦးဆောင်ပြီး ဝင်ခွင့်ရှိတယ်။ ဒီအတိုင်း ကျုပ်တို့ဘာသာ ကျုပ်တို့ ဝင်လို့ မရဘူး။”
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ ရောင်မုန့်ယဉ်သည် အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေထဲမှ ထွက်လျှောက်လာ၏။ သူမသည် အပြင်အဝေးတစ်နေရာတွင် စုစည်းလျက်ရှိနေသည့် အမဲရောင်တိမ်များနှင့် ဖြစ်တည်နေသည့် လေဝဲကဲ့သို့သော အရာကြီးကို ကြည့်ရှုကာ ပြောလိုက်၏။ “အဲဒီကို သွားချင်တယ်။”
ကျွင်းချောင်ရှောင်းသည် ခဏလောက်စဉ်းစားလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ကောင်းပြီလေ။”
……..
ဟူး ဟူး
လေပွေပုံစံကဲ့သို့ဖြစ်တည်နေသော အမဲရောင်တိမ်များသည် အရှေ့ဘက်တည်နေရာတွင် စုဝေးလျက်ရှိပြီး စက်ကြီး တစ်ခုကဲ့သို့ ဖြေးဖြေးချင်း လှည့်ပတ်လျက်ရှိနေ၏။ ထူးခြားလှသည့် နတ်ဆိုးချီများသည် ဤတည်နေရာမှ ထွက်ပေါ် နေပြီး စွမ်းအင်တစ်မျိုးနှင့် လွှမ်းခြုံထားသောကြောင့် လောကတွင်ရှိနေသည့် နတ်ဆိုးကျင့်ကြံသူများအားလုံးကို ဆွဲဆောင်လျက်ရှိနေ၏။
……….
အမဲရောင် ယစ်ပူဇော်သည့် တည်နေရာကြီးတစ်ခုထဲမှာတော့ ………
တပွက်ပွက်ဆူလျက်ရှိနေသည့် သွေးရေကန် ကြီး၏ လေးဘက်လေးနံနားတွင် ထိုင်လျက်ရှိနေသည့် အမဲရောင်ဝတ်စုံဝတ် အကြီးအကဲ လေးယောက်တို့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများဖြစ်တည်လာခဲ့၏။
“နတ်ဆိုးရေစက်တည်နေရာ ဖွင့်လှစ်သွားပြီဆိုတော့ ဘိုးဘေးကြီးပြန်လည်ရှင်သန်နိုင်ဖို့ အခွင့်အရေးက ပေါ်လာနိုင် တယ်။”
တစ်စုံတစ်ယောက်သည် စိုးရိမ်ပူပန်စွာဖြင့်ပြောလိုက်သည်။ “နယ်မြေဟောခန်းက ဝင်ရှုပ်မှာကို ကြောက်ရတယ်။”
“ဟမ့်”
ခေါင်းဆောင်သည် နှာခေါင်းကို ရှုံ့လိုက်၏။ “အဲဒီဟောခန်းက အထက်နယ်မြေရဲ့ မူလအရင်းအမြစ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အရာမျိုးကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးလေ။ သူတို့အနေနဲ့ အကူအညီကင်းမဲ့စွာနဲ့ ထိုင်ကြည့်နေဖို့ပဲ ရှိတယ်။ ငါတို့ရဲ့ ဘိုးဘေးကြီးက ပြန်လည် ရှင်သန်လာရမယ်။”
“အင်း ….. ဟုတ်ပြီ။ ဒါဆိုရင် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်အသစ်ကို ရှာဖွေတွေ့ရှိပြီလား။”
“ရှာနေတုန်းပဲလေ။”
“အမိန့်ထုတ်ပြန်လိုက်။ သေသေချာချာ ရှာမနေနဲ့တော့။ နတ်ဆိုးရေစက်တည်နေရာကိုပဲ သွားကြရအောင်။ အဲလူက ကျိန်းသေပေါက် အဲတည်နေရာကို လာမှာသေချာတယ်။”
“ကောင်းပါပြီ။”
ကောင်းကင်ပေါ်တွင်တော့ အမဲရောင်တိမ်လိပ်များသည် စုစည်းလျက်ရှိနေ၏။ နတ်ဆိုးချီများသည် လောကကြီးတစ်ခုလုံးကို ပျံ့နှံ့လျက်ရှိနေပြီး အထက်နယ်မြေကြီးတစ်ဝက်လောက်သည် ရှုပ်ထွေးသည့် အခြေအနေမျိုးဆီသို့ ရောက်ရှိလာခဲ့၏။
တစ်ချို့သောအဓိကဂိုဏ်းများသည် သတိအနေအထားနှင့်ဖြစ်နေပြီး နတ်ဆိုးရေစက်တည်နေရာကြီး ဖွင့်လှစ်ခြင်း သည် နတ်ဆိုးကျင့်ကြံသူများအတွက် ကြီးမားလှသည့် ပွဲလမ်းသဘင်ကြီးနှင့် ဆင်တူနေသည်ကို ကောင်းကောင်း သိ၏။ မည်ကဲ့သို့သော ပြဿနာများဖြစ်ပွားမည်နည်းကို မည်သူမှ ကောင်းကောင်းမသိနိုင်ချေ။
အထက်နယ်မြေသည် များပြားလှသော ကျင့်ကြံသူများကို စေလွှတ်ပြီးသည့်နောက် နတ်ဆိုးကျင့်ကြံသူများ သွားလာ လှုပ်ရှားမှုတိုင်းကို သေသေချာချာ စောင့်ကြည့်လျက်ရှိ၏။ ၎င်းတို့သည် မထင်မှတ်ဘဲ ပြဿနာ ရှာဖွေလာမည် ကို စိုးရိမ်မိနေကြ၏။
နတ်ဆိုးကျင့်ကြံသူများသည် နတ်ဆိုးဘိုးဘေးကြီး ဖွင့်လှစ်လိုက်သည့် လွတ်လပ်သော တည်နေရာထဲသို့သာ ဝင်ရောက်ခွင့်ရှိသည်ဆိုသော်လည်း များပြားလှသည့် တစ်ကိုယ်တော်ကျင့်ကြံသူများအားလုံးသည် ဤတည်နေရာသို့ ရောက်ရှိလာပြီး ပွဲကြည့်ခြင်းကို ပြုလုပ်ကြသည်။
နတ်ဆိုးဘိုးဘေးကြီး အတိတ်တုန်းက ချန်ထားခဲ့သည့် အကြောင်းအရာများအကြောင်းကို ဆွေးနွေးရင်းနှင့် ဤကိစ္စသည် အခုတလော စိတ်ဝင်စားစရာအကောင်းဆုံးကိစ္စတစ်ခုဖြစ်လာ၏။
နတ်ဆိုးမြို့
ဤမြို့သည် လက်ရှိ နတ်ဆိုးရေစက်တည်နေရာကြီး ဖြစ်ပွားလာသည့်တည်နေရာနှင့် အနီးဆုံးတွင် ရှိနေ၏။ ဤအရာသည် ယခင်တုန်းက သာမန်မြို့တစ်ခုဖြစ်ခဲ့ဖူးပြီး လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်တုန်းက နတ်ဆိုး ဘိုးဘေးသည် ထူးခြားသည့် စွမ်းရည်ကို အသုံးပြုပြီးတော့ ဤအနီးအနားတွင် လွတ်လပ်သောတည်နေရာတစ်ခုကို ဖွင့်လှစ်ခဲ့၏။ ထို့ကြောင့် နတ်ဆိုးကျင့်ကြံသူများသည် ဤတည်နေရာအား နတ်ဘုံနတ်နန်းဟု သတ်မှတ်လိုက်ကြသည်။
ထို့ကြောင့် နတ်ဆိုးမြို့ဟုပင် နာမည်ပြောင်းလဲခဲ့တော့၏။ ဤမြို့ထဲတွင် နေထိုင်ကြသည့် ၈၀ ရာခိုင်နှုန်းသော သိုင်းကျင့်ကြံသူများသည် နတ်ဆိုးကျင့်ကြံသူများဖြစ်၏။ မြို့ထဲတွင် များပြားလှသော စီးပွားရေးလုပ်ငန်းများ ရှိသည် ဆိုသော်လည်း ဤတည်နေရာတွင်ရှိသော သိုင်းကျင့်ကြံခြင်း၊ လျှို့ဝှက် သိုင်းကျမ်းများအားလုံးသည်လည်း နတ်ဆိုးကျင့်ကြံခြင်းနှင့် ပတ်သက်နေသည့် အရာများသာဖြစ်တော့၏။
နတ်ဆိုးကျင့်ကြံသူများသည် ထူးခြားသည့် ကိုယ်ရည်ကိုယ်သွေးနှင့် အမူအကျင့်များကို ပိုင်ဆိုင်တတ်ပြီး စိတ်တိုတတ်သော အမူအကျင့်လည်းရှိ၏။ ထို့ကြောင့် မြို့ထဲတွင် တစ်ယောက်နှင့် တစ်ယောက် စူးစိုက်ကြည့်လိုက်သည်ဆိုသည်နှင့် ရန်ပွဲများ ဖြစ်ပွားကြသည်။
ယခု ကျယ်ပြောလှသော အဓိကလမ်းကြီးထဲတွင်တော့ များပြား လှသည့်တည်နေရာထဲတွင်ရှိနေသော လူများသည် အင်္ကျီလက်များကို လိမ့်တင်ကာဖြင့် ဖြတ်သွားဖြတ်လာလူများကို ကြည့်ရှုနေကြ၏။ ၎င်းတို့သည် တစ်ခြားသောသူများကို စူးစိုက်ကြည့်ကာ ရန်စောင်သောအကြည့်ဖြင့် ရှိနေကြ၏။
“ဂိုဏ်းချုပ်”
နတ်ဆိုးကျင့်ကြံသူနှစ်ယောက်ကို ဖြတ်လျှောက်လာခဲ့သော လီချင်းယန်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “နတ်ဆိုးမြို့က တကယ့်ကို ရှုပ်ထွေးနေတာပဲ။”
“ဒါက သာမန်ပဲလေ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ပြီးတော့ ဒီနေရာက နတ်ဆိုးကျင့်ကြံသူတွေ စုစည်းတဲ့နေရာမဟုတ်လား။”
ကောင်းကင်ယံတွင်ဖြစ်တည်နေသော လေဝဲကြီးပေါ်ပေါက်လာခဲ့သည်မှာ လဝက်နီးပါးခန့် ကြာခဲ့ပြီးနောက် နတ်ဆိုးမြို့ဆီသို့ သူ၏ လူများကို ခေါ်ဆောင်ကာ လာခဲ့သည်။
သူနှင့်အတူ သူ၏ သေဖော်ရှင်ဖက်ညီအစ်ကို ကုကျောင်းရှစ်အပြင် ဂိုဏ်း၏ အဓိကလက်ရွေးစင်တပည့် ၅ ယောက်ဖြစ်သော လီချင်းယန်၊ စုရှောင်မို၊ ရှောင်ကျီ၊ ရီရှင်းချန်နှင့် ဟယ်ဝူတီတို့လည်း ပါဝင်လာခဲ့၏။ ထို့အပြင် ရောင်မုန့်ယဉ်လည်းပါဝင်၏။ သူတို့ဂိုဏ်း၏ ဂျူနီယာ ညီမလေးအတွက် စီနီယာအစ်ကိုများသည် သူမအား အလယ်မှာထားကာ ကာကွယ်ပေးထားကြ၏။
“အစ်ကိုကြီး”
ကုကျောင်းရှစ်က ပြောလိုက်သည်။ “နတ်ဆိုးရေစက်တည်နေရာက ဖွင့်ဖို့အချိန်နည်းနည်းလိုအပ်သေးတယ်။ ဒီတော့ စားသောက်ခန်းတစ်ခုခုကိုရှာပြီး အေးအေးဆေးဆေး အရင်နားကြရအောင်။”
ကျွင်းချောင်ရှောင်းသည် ခေါင်းညိတ်လိုက်၏။ ပြီးသည့်နောက် လမ်းပေါ်တွင် ရှိနေသော စားသောက်ခန်း တစ်ခုဆီသို့ ဦးတည်ရန် ပြင်နေသည့်အချိန်မှာပဲ ဗလတောင့်တောင့်နှင့် သိုင်းကျင့်ကြံသူအနည်းငယ်တို့ တားဆီးခြင်းကို ခံထားရ၏။
“ဒီတည်နေရာက ပိတ်ထားတယ်။ ဒီတော့မြန်မြန်ထွက်သွားကြ။”
ဘုန်း
ရုတ်တရက် ပေါက်ကွဲသည့်အသံကြီးတစ်ခု ထွက်ပေါ်လာ၏။ ကြွက်သားအမြောင်းမြောင်းနှင့် တောင့်တင်းလှသည့် လူများသည် ပေတစ်ရာခပ်ဝေးဝေးဆီသို့ လွင့်စင်သွားခဲ့ကြ၏။ ၎င်းတို့သည် အလွန်တရာ နာကျင်စွာဖြင့် ဝမ်းဗိုက်ကို ဖိနှိပ်ကာ မြေပေါ်တွင် လူးလိမ့်နေကြ၏။
ဝှစ် ဝှစ်
ကုကျောင်းရှစ်သည် တိုက်ခိုက်လိုက်သည့်ပုံပန်းသွင်ပြင်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။ သူ၏ ညာဘက်လက်တွင်တော့ ပြင်းထန်လွန်းသော စွမ်းအင်လှိုင်းများသည် စုစည်းလျက်ရှိနေတုန်းပင်။ သူ၏ အမဲရောင်ဆံနွယ်များသည်လည်း လေထဲတွင် လွင့်မြောလျက်ရှိနေပြီး မျက်လုံးများသည် အေးစက်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ “မှတ်ထား။ ငါ့ အစ်ကိုကြီးနဲ့ စကားပြောတဲ့အချိန်မှာ ယဉ်ယဉ်ကျေးကျေးပြောရမယ်။”
“………”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့၏။ “ဒီကောင့်ရဲ့ ပြဿနာရှာနိုင်စွမ်းက ငါနဲ့ နှိုင်းယှဉ်လို့တောင် ရနေတာပဲ။”