အခန်း (၁၄၅၆)
Vol. 98 Ch. 1456
ကျွင်းချောင်ရှောင်းသည် တကယ်ပဲ သနားညင်သာလွန်းလှ၏။ သူသည် ဂိုဏ်းနှစ်ခုတွင် ရှိနေသော သိုင်းကျင့်ကြံသူများကို မသတ်ဖြတ်ခဲ့ချေ။ သို့ပေမဲ့ သူ၏နှလုံးသားသည် စိတ်ဆိုးစိတ်ယုတ်များနှင့် ပြည့်နှက်နေ၏။
လူတစ်ယောက်လျှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း တောင်းယူနေပြီး အချိန်အနည်းငယ်အတွင်းမှာပဲ စိတ်ဝိညာဉ်ကျောက်တုံး ခြောက်သန်းကို ရှာဖွေနိုင်ခဲ့သည်။
ကုရှောင်းရှစ်သည် ထိုအရာကို နားလည်သွားမိ၏။ ငွေရှာရန် မည်မျှလွယ်ကူကြောင်းကိုလည်း နက်နက်နဲနဲ နားလည်သွားမိ၏။ သူသည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်၏။ "အစ်ကိုကြီး ကျုပ်ဒီနေ့မှာ သေချာသင်ယူနိုင်ခဲ့ပြီ"
ကျွင်းချောင်ရှောင်းသည် ကုရှောင်းရှစ်၏ ပုခုံးပေါ်သို့ လက်တင်ကာ ပြောလိုက်သည်။ "ငါ့ဆီကနေ သင်ယူထား အနာဂတ်မှာ မင်းဘယ်တော့မှ ပိုက်ဆံပြတ်တောက်မှာ မဟုတ်ဘူး"
"ကောင်းပါပြီ"
ကုကျောင်းရှစ်၏ မျက်လုံးများသည် ဝင်းလက်သွားခဲ့၏။ သူသည် ငွေကြေးကို စိတ်ဝင်စားတတ်သည့် လူတစ်ယောက် မဟုတ်သော်လည်း ဤမျှလွယ်ကူသည့် အရာကို မြင်ရသည့်အချိန်မှာတော့ ကျိန်းသေပေါက် စမ်းသပ်ချင်မိ၏။
ဟင်း …..။
စနစ်သည် သက်ပြင်းချလိုက်မိသည်။ "လမ်းချော်တဲ့သူ နောက်တစ်ယောက်တော့ ထပ်ရောက်လာပြန်ပြီ။ အဲလမ်းက ချော်ပြီးရင် ဘယ်တော့မှ လမ်းမှန်ပေါ် ပြန်ရောက်တော့မှာ မဟုတ်ဘူး။ လက်ခံသူက တကယ့်ကို လိမ်ညာလှည့်ဖျားတတ်တဲ့ လူတစ်ယောက် ပီသပါပေတယ်"
ဂိုဏ်းတစ်ခုသည် ပြန်ပေးငွေများကို ပေးအပ်ပြီးနောက် နတ်ဆိုးမျိုးနွယ်တစ်ခုလုံးသည် ပြန်ပြီးတော့ ငြိမ်းချမ်းသွားကြ၏။
တိုက်ခိုက်တတ်သည့် ဂိုဏ်းသားများ အနည်းငယ် တည်ရှိနေသည် ဆိုသော်လည်း ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်းသားများ အား ရန်စမိပြီး စိတ်ဝိညာဉ် ကျောက်တုံးများ ငွေညစ်ခံရမည် စိုးသောကြောင့် ရန်ပွဲများ နည်းပါးသွားခဲ့သည်။
သို့ပေမဲ့ နောက်တစ်ရက်မှာတော့ သူ၏အစ်ကိုကြီးထံမှ အကြံညဏ်ကောင်းများ ရရှိခဲ့သော ကုလေမ်းတွင် တွေ့ရသော နတ်ဆိုး ကျင့်ကြံသူနှစ်ယောက်ကို တားဆီးကာဖြင့် သူ၏ နှာခေါင်းကို လက်ဖြင့်ညွှန်ပြာ ခပ်မာမာ ပြောလိုက်သည်။ "လာ …. ငါ့ကိုထိုး"
"……."
နောက်မှ လိုက်ပါလာခဲ့သော လီချင်းယန်နှင့် စုရှောင်မိုတို့သည် လဲကျလုမတတ် ဖြစ်သွားခဲ့၏။ ဂိုဏ်းတူဦးလေးသည် ထူးဆန်းလွန်းလှချေ၏။
နတ်ဆိုးကျင့်ကြံသူ နှစ်ယောက်တို့သည်လည်း အံ့ဩသွားကြ၏။ သူတို့သည် ပြိုင်စံရှားဂိုဏ်းမှဖြစ်ကြောင်း သိရှိပြီးဖြစ်၏။ မတိုက်ခိုက်ရဲကြချေ။ အလျင်အမြန်ဖြင့် ထွက်ပြေးရန် လမ်းကြောင်းကို စဉ်းစားကြတော့သည်။
ဖောက် ဖောက်
ကုကျောင်းရှစ်သည် ၎င်းတို့၏ ပုခုံးများကို လှမ်းဆွဲကာ ပြောလိုက်၏။ "မင်းတို့ ငါ့ကို မရိုက်ဘူးဆိုရင် ငါမင်းတို့ကို ရိုက်မယ်"
ဤအရာမှာ ရမ်းကားပြီး ကြမ်းတမ်းလွန်းလှ၏။
"အစ်ကိုကြီး"
နတ်ဆိုးကျင့်ကြံသူတစ်ယောက်သည် ငိုမလို လေသံဖြင့် ပြောလိုက်သည်။ "ကျုပ်တို့ ခင်ဗျားကို တစ်ခါမှ ရန်မပြုဖူးပါဘူး။ ဟုတ်တယ်မလား"
"ပေါက်ကရတွေ မပြောနဲ့"
ကုကျောင်းရှစ်သည် အလျင်အမြန်ပဲ အော်လိုက်၏။ "ကျုပ်ကို ထိုးစရာရှိတာထိုး"
ဤကဲ့သို့ ထူးဆန်းလှသည့် တောင်းဆိုမှုကို ကြားရသည့်အခါမှာတော့ နတ်ဆိုးကျင့်ကြံသူနှစ်ယောက်တို့သည် ရွေးချယ်စရာ မရှိတော့ချေ။ ထို့ကြောင့် ၎င်းတို့၏ လက်သီးများကို မြောက်ကာဖြင့် တစ်ဖက်လူ၏ ရင်ဘတ်အား ဖြည်းဖြည်းချင်း ထိုးနှက်လိုက်ကြသည်။
ဖောက် ဖောက်
ကုရှောင်းရှစ်သည် အနောက်သို့ ဆုတ်ခွာသွား၏။ ပြီးနောက် သူ၏ရင်ဘတ်ကို ဆုတ်ကိုင်ကာ ပြောလိုက်၏။ "ပြန်ထန်လွန်းတဲ့ ကျန်းချီတွေပါလား။ မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လိုမှ ငါ့ထက် မနိမ့်ဘူး"
"…...."
လီချင်းယန်၏ အမူအရာတစ်ခုလုံးသည် နဝေတိမ်တောင် ဖြစ်လျက်ရှိ၏။
စုရှောင်မိုသည် မည်သို့မျှ မနေနိုင်ဘဲ စိတ်ထဲမှာကြိတ်ကာ ရေရွတ်နေမိသည်။။ ဂိုဏ်းတူဦးလေးရဲ့ သရုပ်ဆောင်စွမ်းရည်က တကယ့်ကို မျက်စိနောက်စရာ ကောင်းတယ်။ သူသာ သူလျိုသွားလုပ်မယ်ဆိုရင် တစ်မိနစ်အတွင်း ပေါ်သွားနိုင်တယ်။
"မဟုတ်ဘူး။ မဟုတ်ဘူး"
ကုရှောင်းရှစ်သည် နာကျင်ဟန်ဆောင်ပြီးနောက် ပြောလိုက်၏။ "ကျုပ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီ။ စိတ်ဝိညာဉ် ကျောက်တုံးတစ်သိန်းစီပေးကြ။”
သူသည် ကျွင်းချောင်ရှောင်း၏ ငွေတောင်းသည့် မျက်နှာအမူအရာမျိုးကို သေချာလေ့လာနိုင်ခဲ့သည့်အပြင် မိမိကိုယ်တိုင် စိတ်ကူးဉာဏ်ဖြင့် ထပ်မံကာ အဆင့်မြင့်တင်ခြင်းကိုလည်း ပြုလုပ်ခဲ့၏။ ငွေညစ်တောင်းဆိုသည့် နေရာတွင်လည်း အကြောင်းပြချက်ကောင်းကောင်းကို ရှာဖွေထားခဲ့သည်။
ထိုအရာသည် ဆေးဖိုးဝါးခပင် ဖြစ်၏။ တစ်ချို့သော သူများသည် ထိုကိစ္စမျိုးတွင် ပါရမီ ထူးချွန်လှချေ၏။
ကြောင်တောင်တောင်နိုင်လှသော ကျင့်ကြံသူနှစ်ယောက်တို့သည် ချက်ချင်းပဲ သူတို့အား ငွေညစ်နေခြင်း ဖြစ်ကြောင်း နားလည်သွားမိသည်။ "အစ်ကိုကြီး … ကျုပ်တို့ဆီမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ အဲလောက်အများကြီး မရှိပါဘူး"
ကုရှောင်းရှစ်သည် ပစ်မှတ်ရွေးမှု မှားယွင်းခဲ့၏။ ဤကျင့်ကြံသူ နှစ်ယောက်သည် မည်သည့်ဂိုဏ်းမှ မဟုတ်သလို မည်သည့်နောက်ခံမှလည်း မရှိကြချေ။ စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းဆိုသည်မှာ မဖြစ်နိုင်သည့် ကိစ္စရပ်ပင် ဖြစ်၏။
"ဘယ်လောက်လောက် ရှိလဲ"
"ယွမ် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ထောင်လောက်ပဲ ရှိပါတယ်။”
“ဒါဆို မြန်မြန်ထုတ်ပေးတော့။ ဒီနေရာမှာ တစ်ခါတည်း သေသွားချင်လို့လား"
"ရော့ပါ။ ရော့ပါ"
နတ်ဆိုး ကျင့်ကြံသူနှစ်ယောက်တို့သည် ၎င်းတို့အိတ်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူကာဖြင့် ကမ်းပေးကာ မြန်မြန်ဆန်ဆန်ပဲ ထွက်ခွာသွားခဲ့ကြ၏။ "လောကကြီးက ရက်စက်လိုက်တာ"
ကုကျောင်းရှစ်သည် ရယ်မောလိုက်မိသည်။ "ငွေကြေးက တကယ့်ကို ရှာရလွယ်ကူတာပဲ"
ရီရှင်းချန်နှင့် စုရှောင်မိုတို့သည် အမှန်ပင် စိတ်ဓာတ်ကျလျက်ရှိ၏။
"အနည်းဆုံး ဂိုဏ်းချုပ်က ငွေညစ်တဲ့နေရာမှာ အနည်းဆုံး အကြောင်းပြချက်ကောင်းကောင်းကို ရှာဖွေနိုင်တယ်။ ဂိုဏ်းတူဦးလေးက တကယ့်ကို ကြမ်းတမ်းလွန်းတယ်။ ဗလာကြီး ငွေသွားညစ်နေတာနဲ့ အတူတူပဲ"
…….
"အား … ငါ့ခြေထောက် "
ကုကျောင်းရှစ်သည် ခြေထောက်ကို ဆုပ်ကိုင်ကာဖြင့် မြေပြင်တွင် လူးလိမ့်လျက် ရှိနေသည်။ သူ၏ ပုံပန်းသွင်ပြင်သည် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရသည့် ပုံစံမျိုးပင် ဖြစ်သည်။
ကြည့်ရှုနေသည့် သိုင်းကျင့်ကြံသူများသည် အနောက်ဘက်ဆီသို့ ခပ်ဝေးဝေး ဆုတ်ခွာသွားကြ၏။ ၎င်းတို့သည် သွေးအန်လုမတတ်ပင် ဖြစ်နေကြ၏။
ကုရှောင်းရှစ်၏ အရှေ့မှာတော့ အသက် သုံးနှစ်မှ ငါးနှစ်အရွယ် ကလေးတစ်ယောက် တည်ရှိနေပြီး ၎င်း၏ လက်ထဲတွင်တော့ သကြားချိုလုံးကို တုတ်ထိုးထားသည့် တုတ်သေးလေးကိုကိုင်ထား၏။ ၎င်းသည် မျက်လုံးအပြူးသားဖြင့် ကြည့်ရှုလျက် ရှိနေသည်။
"သူ ကျုပ်ကိုရိုက်တယ်"
လက်ဖက်ရေဆိုင်တွင် ရေနွေးကြမ်းသောက်လျက် ရှိနေသည့် လီချင်းယန် နှင့် စုရှောင်မိုတို့သည် အလျင်အမြန်ပဲ ခေါင်းကို တစ်ဖက်ဆီသို့ လည့်လိုက်ကြ၏။ ၎င်းတို့၏ ပုံပန်းသွင်ပြင်များသည် ဤလူကို မသိဘူးဟူသော သဘောမျိုးပင်။
"အမှိုက်လေး …. ဘာတွေကြည့်နေတာလဲ။ မြန်မြန် ကျုပ်ကို ပိုက်ဆံပေးတော့"
အီး … အီး ….. ကလေးသည် ကြောက်လန့်လွန်းသောကြောင့် မျက်ရည်အဝိုင်းသားဖြင့် ငိုယိုလျက်ရှိနေ၏။
မနက်ပိုင်း အချိန်အတောအတွင်းမှာပဲ ကုကျောင်းရှစ်သည် လူနှစ်ဆယ်ကျော်တို့ဆီမှ ငွေကြေးများကို တောင်းခံခဲ့သည်။ အသက်အရွယ်ကြီးမားသည့် လူများမှစ၍ ကလေးသူငယ်များပင် ပါဝင်လျက်ရှိနေသည်။
စားသောက်ဆိုင်အတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် ပြတင်းပေါက်၌ မတ်တပ်ရပ်လျက် ရှိနေပြီး အပြင်ဘက် ရှိ အမဲရောင်တိမ်လိပ်များကို ကြည့်ရှုလျက်ရှိနေသည်။ သူသည် ပြောလိုက်မိသည်။ "ဒါကြီးက ပွင့်တော့မှာလား"
"မကြာခင်ပေါ့"
ရောင်မုန့်ယဉ် က ပြောလိုက်သည်။ "ကျွန်မ ဒါကို ခံစားလို့ရနေတယ်"
"သြော်"
ကျွင်းချောင်ရှောင်းသည် အနည်းငယ် အံ့အားသင့်သွားခဲ့၏။
ကျွီ
ထိုအချိန်မှာပဲ တံခါးသည် ပွင့်သွားခဲ့၏။ ကုကျောင်းရှစ်သည် စိတ်လှုပ်ရှားစွာဖြင့် ဝင်လာပီး အလောသုံးဆယ်ဖြင့် စားပွဲပေါ်ရှိ ရေနွေးကြမ်းကို ကောက်မော့လိုက်၏။ ပြီးနောက် သွားဖြီးကာ ရယ်မောလိုက်သည်။ "အစ်ကိုကြီး …. ကျုပ်ပိုက်ဆံရှာလာနိုင်ခဲ့ပြီ"
"ဘယ်လောက်လဲ"
"ယွမ် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းကနေ သုံးသိန်းနီးပါးပေါ့"
ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူစွာဖြင့် ပြုံးလိုက်မိသည် "ညီငယ်လေး မင်းက တကယ့်ကို ပါရမီရှိတာပဲ"
"ဂိုဏ်းချုပ်"
ထိုအချိန်မှာပဲ လီချင်းယန်သည် အသံပို့လွှတ်လိုက်၏။ "စားသောက်ဆိုင်တစ်ခုလုံး ဝိုင်းခံထားရပြီ"
ဟမ်
ကျွင်းချောင်ရှောင်းသည် ပြတင်းပေါက်ဆီမှ အလျင်အမြန်ပဲ အောက်ကို ငုံ့ကြည့်လိုက်သည့် အချိန်မှာတော့ အောက်တည်နေရာတစ်ခုလုံးတွင် လူများ ပြည့်နှက်လျက်ရှိနေသည်ကို မြင်လိုက်ကြရသည်။
ထိုသူများထဲတွင် အသက်အရွယ်ကြီးမားလှသော အိုကြီးအိုမများအပြင် ငယ်ရွယ်လှသည့် ကလေးသူငယ်များလည်း ပါဝင်လျက်ရှိနေ၏။ ၎င်းတို့ အားလုံးသည် စားသောက်ဆိုင်၏ အပေါ်ထပ်ကို စူးစိုက်ကြည့်ရှုနေ၏။
"ဘာတွေ ဖြစ်ကုန်တာလဲ" ကုန်းရှန့်သည် အနည်းငယ်ဆွံ့အလျက်ရှိနေသည်။
မနက်တုန်းက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာအားလုံးကို စုရှောင်မိုက ပြောပြလိုက်၏။
ကုကျောင်းရှစ်သည် အခြားသူများထံမှ အတင်းငွေညစ်ခဲ့ကြောင်းကို သိရှိပြီးနောက် ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် ပြောလိုက်မိသည်။ "ညီငယ်လေး မင်းကတော့ တကယ့်ကို ပြဿနာရှာခဲ့ပြန်ပြီပဲ။ ချီးတဲ့မှ"
"သူတို့က ပြဿနာရှာရဲတယ်ပေါ့ ဟုတ်လား"
ကုကျောင်းရှစ်သည် ပြတင်းပေါက်မှ ခုန်ချရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ပဲ တားထားလိုက်သည်။
သူသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ "အားလုံးပဲ ကျုပ်တို့ဂိုဏ်းရဲ့ တပည့်က မှားတာပါ။ သူ့အစား ကျုပ်ကပဲ တောင်းပန်ပါတယ်။ ယူထားခဲ့တဲ့ စိတိဝိညာဉ်ကျောက်တုံးတွေကို ပြန်ပေးပါ့မယ်"
အပြင်ဖက်တွင် စုစည်းလျက်ရှိနေသော သူများသည် အားကောင်းလှသည် မဟုတ်ချေ။ ထို့ကြောင့် လီချင်းယန်နှင့် အခြားသောသူများသည် ထိုသူများကို လက်တစ်ချောင်းတည်းနှင့် သွားရောက်ကာ ရှင်းလင်းနိုင်စွမ်း ရှိလို့နေ၏။ ထို့ပေမဲ့ ကုန်းရှန့်သည် မဖွယ်မရာများကို ပြုလုပ်တတ်သည့် လူတစ်ယောက်လည်း မဟုတ်ချေ။ ထို့ပြင် ပြိုင်စံရှားဂိုဏ်းသည် မိစ္ဆာဂိုဏ်းတစ်ခုလည်း မဟုတ်ချေ။
ထို့ကြောင့်ပင်လျှင် အားလုံးသောသူများကို သေသေချာချာနှင့် တောင်းပန်ခဲ့ခြင်းပင် ဖြစ်၏။ မတရားခံရသည့် လူများသည် ပိုက်ဆံကိုပြန်ရပြီးနောက် ရှုပ်ရှုပ်ထွေးထွေးများကို မပြုလုပ်ရဲကြတော့ချေ။ ထို့ကြောင့် အလျင်အမြန်ပဲ ထွက်ခွာသွားခဲ့ကြ၏။
"ညီငယ်လေး"
အခန်းဆီသို့ ပြန်ရောက်ပြီးနောက် ကျွင်းချောင်ရှောင်းသည် သေသေချာချာနှင့် အကြံပေးလိုက်သည်။ "လူကြီးလူကောင်းတွေဆိုတာ သင့်တော်တဲ့ နည်းလမ်းနဲ့ပဲ ငွေကိုညစ်ထုတ်တာလေ။ အနာဂတ်မှာ ဒီလိုမသင့်တော်တဲ့ နည်းလမ်းတွေကို မလုပ်ပါနဲ့တော့။ မဟုတ်ရင် ဒီသတင်းတွေသာ ပျံ့နှံ့သွားမယ်ဆိုရင် ပြိုင်စံရှားဂိုဏ်းနဲ့ ငါ့ဆရာရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်နိုင်တယ်"
"နားလည်ပါပြီ"
ကုကျောင်းရှစ်သည် အရှက်မဲ့စွာဖြင့် ေ"နောက်တစ်ကြိမ်ကျရင် သေသေချာချာ ဂရုစိုက်ပါမယ်"
..........
နောက်တစ်နေ့မှာတော့ ….
နတ်ဆိုးမြို့၏ လမ်းမပေါ်တွင် မနေ့ကထက် လူသူကင်းရှင်းလျက် ရှိနေ၏။ သိုင်းကျင့်ကြံသူ တော်တော်များများသည် ၎င်းတို့၏ အိပ်ခန်းထဲတွင် ပုန်းအောင်းနေကြပြီး အပြင်ဖက်သို့ မထွက်ရဲကြချေ။ ပြိုင်စံရှားဂိုဏ်းမှ ဓားပြများ လာရောက်ပြီး ငွေညစ်မည်ကို စိုးရိမ်သောကြောင့်ပင်။
ဝှစ် ဝှစ် …။
မြို့၏ အနောက်တောက်ဘက်တွင်တော့ လေပွေကဲ့သို့သော အရာကြီးသည် တစ်ဖြည်းဖြည်း မြန်ဆန်လာပြီး တံခါးတစ်ချပ်ကဲ့သို့ ဖြစ်တည်လာ၏။
"ဒါက နတ်ဆိုးဂိတ်တံခါးလား" ကျွင်းချောင်ရှောင်းက တွေးလိုက်မိသည်။
ဤနတ်ဆိုးတည်နေရာဝင်ပေါက်သည် ကြီးမားလှသည့် အမဲရောင် တံခါးကြီး တစ်ချပ်ဖြစ်ကြောင်း ကုကျောင်းရှစ်က ပြောပြထားခဲ့သည်။ ထိုအရာကြီး ပေါ်ပေါက်လာသည်နှင့် အထဲတွင်ရှိနေသော ပစ္စည်းများကို ဝင်ရောက်ယူငင်နိုင်သည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်၏။
"ဂိုဏ်းချုပ်"
ရောင်မုန့်ယဉ် က ပြောလိုက်သည်။ "ဒီထဲမှာ ရှိတဲ့ စွမ်းအင်တွေက အထဲကို ဆွဲခေါ်နေသလို ခံစားနေရတယ်"
သူမ တစ်ယောက်တည်း မဟုတ်ချေ။ နတ်ဆိုးဂိတ်တံခါးကြီး ပေါ်ထွက်လာပြီးနောက် အထဲတွင်ရှိနေသော နတ်ဆိုးကျင့်ကြံသူများသည်လည်း ထိုအရာကို ခံစားမိကြ၏။ နတ်ဆိုးမြို့ထဲသို့ ဝင်ရောက်ရန် အလိုဆန္ဒများသည်လည်း ပိုမိုကာ အားကောင်းလာခဲ့ကြ၏။
"ဂိုဏ်းချုပ်"
လီချင်းယန်က အသံပို့လွှတ်လိုက်သည်။ "ဂိုဏ်းတူဦးလေးက တခြားလူတွေနဲ့ ရန်ဖြစ်နေပြန်ပြီ"
"မဖြစ်နိုင်ပါဘူး"
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျ ဖြစ်သွားမိ၏။ "ဒီကောင် ငွေသွားညစ်ပြန်ပြီလား မသိဘူး"
ဟားဟားဟား
စနစ်က ပြောလိုက်သည်။ "လက်ခံသူရဲ့ ညီငယ်ကတော့ တကယ့်ကို ပြဿနာကောင်ပဲ"