← Chapters

အခန်း (၂၂၄)

Vol. 18 Ch. 224

အခန်း (၂၂၄)

Vol. 18 Ch. 224

လမ်းဘေး အစားအသောက် ဆိုင်လေးမှ ထွက်သွားသည်နှင့် တပြိုင်နက် တုန်းဝမ်၏ မျက်နှာပေါ်ရှိ အပြုံးသည် အငွေ့ပျံသွားခဲ့သည်။ သူမ၏ တစ်ကိုယ်လုံးသည် အလွန်အေးစက်သော အငွေ့အသက်များ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

လမ်းသွားလမ်းလာများက သူမကို ဤကဲ့သို့မြင်လိုက်သောအခါ အားလုံးသည် ရှောင်သွားကြသည်။

ခေါက်ဆွဲဆိုင်ကို ရောက်တဲ့အခါ ချန်ချောင်ချောင်က သူ့သား လင်ယောင်ဇူနဲ့ ထွက်လာခဲ့သည်။

တုန်းဝမ် ထွက်သွားပြီးပြန်လာတာကိုမြင်တော့ ချန်ချောင်ချောင်သည် ခဏလောက် အေးခဲသွားခဲ့သည်။ ထို့နောက် သူမသည် ဒေါသတကြီး ဆူပူကြိမ်းမောင်းပြီး “ကောင်မစုတ်လေး နင်ပြန်လာရဲသေးတယ်နော် ငါ… အူးးး…”

ခဏနေတော့ ချောင်တုန်းဝမ်သည် သူမ လည်ပင်းကို လှမ်းညှစ်လိုက်သောကြောင့် သူမသည် စကားမပြောနိုင်တော့ပေ။

ချောင်တုန်းဝမ်သည် သူမကို ပြင်းပြင်းထန်ထန် တွန်းလိုက်သည်။

ချန်ချောင်ချောင်၏ နောက်ကျောက နံရံကို ရိုက်မိသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမ၏ ဦးခေါင်းနောက်ဘက်တွင် စူးရှသော နာကျင်မှုတစ်ခု ပေါ်လာခဲ့သည်။

" နင်... ဝူး..." သူမ ဒေါသတွေ ပေါက်ကွဲသွားခဲ့သည်။

သူမသည် ပြန်လုပ်ချင်ခဲ့သည်။ ဒါပေမယ့် ပိန်ပါးပြီး အားနည်းသည့် ကလေးမလေးသည် ဒီလောက် သန်မာလာလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့ပေ။

မှန်ပါသည်။ အဘွားရဲ့ သဘာဝလွန် ခွန်အားကို သာ့ချောင်က အမွေဆက်ခံခဲ့သည့်အပြင် ချောင်တုန်းဝမ်လည်း အဲ့တာကို အမွေဆက်ခံခဲ့သည်။

သူမရဲ့ ခွန်အားက သာ့ချောင်လောက် မသန်မာတာကြောင့်ပင်။ ပိုအရေးကြီးတာက သူမသည် အဲ့တာကို ဘယ်သူ့ကိုမှ မပြောခဲ့ပေ။ ယခုအချိန်အထိ ချန်ချောင်ချောင် သာလျှင် ဤလျှို့ဝှက်ချက်ကို တွေ့ရှိရန် 'ကံကောင်း' ခဲ့သည်။

ဒီလှုပ်ရှားမှုကို အနီးနားက လူတွေကြားတော့ အားလုံး ဝိုင်းဖွဲ့သွားခဲ့ကြသည်။

"ဘာဖြစ်နေတာလဲ? ဒီကလေးမလေးက ပိန်ပြီး အားနည်းနေတဲ့ပုံလေးကို ဘယ်လိုလုပ် ကြမ်းတမ်းနိုင်တာလဲ?"

"ဟေး၊ မင်း စကားမပြောတာ ပိုကောင်းတယ်။ လည်ပင်းညှစ်ခံရတဲ့ သူက ကလေးမလေးရဲ့ အမေတဲ့။"

"သူ့အမေကို ဒီလို ပြုမူနေတာလား? ဒါက လူရောဟုတ်ရဲ့လား?"

ချောင်တုန်းဝမ်သည် အခြားသူများ သူမကို ဘယ်လိုထင်မြင်ပြီး သူတို့ ဘာပြောလဲဆိုတာကို ဂရုမစိုက်ပါ။

သူမသည် ‌ချန်ချောင်ချောင်ကို မည်းမှောင်နေသော မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်ပြီး "ရှင့်ကို ကျွန်မ သတိပေးတယ်၊ ရှင် ကျွန်မတို့ရဲ့ ချောင်မိသားစုနဲ့ နောင်မှာ ဝေးဝေးနေတာ အကောင်းဆုံးပဲ။ ရှင် နောက်တစ်ခါ နီးနီးကပ်ကပ် ထပ်လာရဲရင် ရှင် တခြားကောင်နဲ့ ဖောက်ပြန်ခဲ့တာကို တစ်မြို့လုံးကို ကျွန်မ ကြေညာလိုက်မယ်!"

"အိုး... နင်လုပ်ရဲလား?" ချန်ချောင်ချောင်သည် သူမ၏ လည်ချောင်းကို ဆုပ်ကိုင်ထားတာက အနည်းငယ် ဖြေလျော့သွားသလို ခံစားလိုက်ရသည်။ သူမသည် ချက်ချင်းပဲ ပြန်ပြောလိုက်သည်။

ချောင်တုန်းဝမ် - " ရှင်တောင် မျက်နှာပျက်မှာကို မကြောက်တာ ကျွန်မက ဘာလို့ မပြောရဲရမှာလဲ။ တခြားကောင်တွေကို မြူဆွယ်ခဲ့တာ ငါမဟုတ်ဘူးလေ!"

ချန်ချောင်ချောင်၏ မျက်နှာသည် နီမြန်းလာပြန်သည်။

အခြေအနေကို ကြည့်ကာ လာဖြေရှင်းပေးချင်ကြသည့် ဖြတ်သွားဖြတ်လာ အနည်းငယ်သည် ချောင်တုန်းဝမ်၏ စကားကို ကြားသောအခါ ချက်ချင်းရပ်သွားခဲ့ကြသည်။

တခြားကောင်နဲ့ ဖောက်ပြန်ခဲ့တာလား?

ထွီ၊ ကလေးက သူ့ကို သူ့အမေအဖြစ် အသိအမှတ်မပြုတာ အံ့သြစရာမရှိပါဘူး။ သူမက ဒီလို အရှက်မဲ့တဲ့ လုပ်ရပ်ကို လုပ်ခဲ့တာကြောင့်ပဲလေ။

ချန်ချောင်ချောင်သည် လမ်းသွားလမ်းလာများက သူမအား လက်ညှိုးထိုးပြနေတာကို မြင်သောအခါ သူမသည် ရှက်ရွံ့ထိတ်လန့်သွားသည်။ သူမသည် ချောင်တုန်းဝမ်ကို သွားများကြိတ်ကာ စိုက်ကြည့်နေခဲ့သည်။

ချောင်တုန်းဝမ်၏ မျက်နှာသည် အစမှအဆုံး အေးစက်နေခဲ့သည်။ "ပြီးတော့ ကျွန်မ အမေ့ရဲ့ အဆင့်အတန်းကို သုံးပြီး ဘာမှလုပ်ဖို့ မကြိုးစားနဲ့။ မဟုတ်ရင်... ရှင် ကျွန်မကို အရင်က ဘယ်လို ဆက်ဆံခဲ့လဲ အဲဒီအတိုင်း ရှင့်ရဲ့သားကို ကျွန်မ နှစ်ဆပြန်လုပ်ပြမယ် !"

ချန်ချောင်ချောင်က အခု တကယ်ကို ထိတ်လန့်နေပြီ ဖြစ်သည်။

ချောင်ကျန်းမင် အိမ်ကနေ အဝေးကို သွားတိုင်း သူမသည် ချောင်တုန်းဝမ်ကို ရိုက်လေ့ရှိသည်။ သူမသည် အများအားဖြင့် မမြင်နိုင်သော ခန္ဓာကိုယ်ရှိ နေရာများကို အထူးရွေးချယ်ခဲ့သည်။

ထိုအချိန်က ဝမ်အာလေးသည် စကားပင် မပြောနိုင်ဘဲ လူများနှင့် ထိတွေ့ရသည်ကို မကြိုက်ပေ။ ဒါကြောင့် အရိုက်ခံရတာရင်တောင် သူမသည် မပြောခဲ့ပါ။

သူမသည် သူ့သားကို တကယ်လုပ်ရင် လက်ရှိ ယောင်္ကျား သူ့ကို သတ်မှာ သေချာသည်။

"ကျွန်မ ပြောတာကို ရှင်နားလည်လား?" ချောင်တုန်းဝမ်က အေးစက်စွာ မေးလိုက်သည်။

ချန်ချောင်ချောင်က ခပ်မြန်မြန် ခေါင်းညိတ်ပြခဲ့သည်။

နောက်ဆုံးတွင် ချောင်တုန်းဝမ်သည် သူမကို အေးစက်စက် ကြည့်ပြီး မျက်နှာတည်ဖြင့် လှည့်ထွက်သွားခဲ့သည်။

သူမထွက်သွားပြီးနောက် ချန်ချောင်ချောင်၏ ခြေထောက်များ ပျော့ပြောင်းလာပြီး ဖြူဖျော့သောမျက်နှာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ဘေးမှာပုန်းနေတဲ့ လင်ယောင်ဇူက တိုင်နောက်ကနေ ချန်ချောင်ချောင်ဆီကို ပြေးသွားခဲ့သည်။ သူ့ခြေထောက်ကို ဆန့်ထုတ်ပြီး သူသည် သူမကို ကန်လိုက်သည်။ "အရူး။ မင်းအပြင်မှာ ရန်ဖြစ်တယ်လို့ ငါ့အဖေကို ပြန်ပြောပြမယ်!"

ချန်ချောင်ချောင်သည် ရင်ဘတ်ကို အကန်ခံလိုက်ရသည်။ သူမသည် နာကျင်စွာ မောဟိုက်လာခဲ့သည်။

ဒီအချိန်မှာ သူမသည် နာကျင်မှုကို ဂရုမစိုက်နိုင်တော့ပါ။ သူမသည် သူမ သားကို ချော့ပြီး သူ့အဖေကို ဘယ်တော့မှ မပြောဖို့ ပြောခဲ့သည်။

လင်ယောင်ဇူသည် ပြဿနာကို အခွင့်ကောင်းယူကာ အရုပ်များ ဝယ်ခိုင်းခဲ့သည်။

တကယ်တော့ ‌ချန်ချောင်ချောင်သည် ကိုယ်ပိုင်ရန်ပုံငွေ အချို့ကို လျှို့ဝှက်ထားခဲ့သည်။ သူမ သား၏ ပါးစပ်ကို ပိတ်ရန်အတွက် သူမသည် အဲ့တာကို ခွင့်ပြုခဲ့သည်။

အရုပ်ကိုဝယ်ပြီးသောအခါ သူမသည် သူမသားအား သူတို့ ပြန်ရောက်ရင် အရုပ်ကို သူမက ပေးချေခဲ့သည့်ဟု ဘယ်သောအခါမှ မပြောရန် သတိပေးခဲ့သည်။ အဲ့ဒီအစား လမ်းပေါ်ရှိ ကြင်နာတဲ့ လူတစ်ဦးက ပေးကမ်းခဲ့သည်ဟု ပြောခိုင်းခဲ့သည်။

လင်ယောင်ဇူက ကျေကျေနပ်နပ် သဘောတူခဲ့သည်။ သို့သော် သူတို့ပြန်ရောက်သောအခါ သူသည် ပြောခဲ့သည်။

ချန်ချောင်ချောင်သည် အရိုက်ခံရပြန်သည်။ ကျန်တဲ့ လျှို့ဝှက်ရန်ပုံငွေကိုလည်း သိမ်းခံခဲ့ရသည်။

အဲဒါက နောက်ဖြစ်မယ့် ကိစ္စတစ်ခု ဖြစ်သည်။

ချောင်တုန်းဝမ်သည် သူမ၏ အိတ်ကပ်ထဲမှ လက်ကောက်ကို ထုတ်ယူပြီး သာ့ချောင်ထံသို့ တည်ငြိမ်သော အမူအရာဖြင့် ပြန်သွားခဲ့သည်။

သာ့ချောင်သည် သူမ ပြန်ရောက်လာသည်ကို မြင်သောအခါ သက်သာရာရသွားခဲ့သည်။ သူမ ပြန်မလာရင် သူသည် သူမကိုရှာဖို့ လိုက်သွားလိမ့်မည်။

—

ဆောင်းကုန်ပြီ နွေဦးရောက်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်ဝက်ကုန်သွားခဲ့သည်။

လွန်ခဲ့သည့် ခြောက်လအတွင်း များစွာဖြစ်ပျက်ခဲ့သည်။

တစ်ခုက ချူမိသားစုမှာ တစ်ခုခုဖြစ်သွားတာ ဖြစ်သည်။ ဒါပေမယ့် အပျက်အစီးတွေနဲ့ တွေ့ခဲ့တာ ချောင်တုန်းဝမ်ရဲ့ မွေးစားမိဘတွေတော့ မဟုတ်ဘူး။ အဲ့တာက ချူရှန်မေ ဖြစ်သည်။

ချူရှန်မေသည် တုကျိုးချန်နှင့် ခရိုင်တွင် လက်ထပ်ခဲ့သည်။ တုမိသားစု၏ အခြေအနေများသည် ချူမိသားစုလောက် မကောင်းသော်လည်း အဆင့်အတန်းတူသော အိမ်ထောင်ရေးဟု သတ်မှတ်ခဲ့သည်။

ထို့အပြင် တုကျိုးချန်သည် ဖိုဝါဒနှင့် နီးစပ်သော အရာမဟုတ်ပေ။ သူသည် ချူရှန်မေ၏ စိတ်သဘောထားကို အလွန်ခံနိုင်ရည်ရှိခဲ့သည်။

ထို့ကြောင့် အကြင်လင်မယားသည် အလွန် လိုက်ဖက်ညီစွာ နေထိုင်ခဲ့ကြသည်။ ကလေးများနှင့် ပတ်သက်၍ ချို့ယွင်းချက်အချို့ရှိခဲ့သည်။ ရှစ်နှစ်မှာ သူတို့သည် သမီးတစ်ယောက်သာ မွေးခဲ့သည်။

တုကျိုးချန်သည် မိသားစုတွင် တစ်ဦးတည်းသော သားဖြစ်သောကြောင့် ချူရှန်မေ၏ ယောက္ခမများက သူတို့ကို သားတစ်ယောက် မွေးခိုင်းခဲ့သည်။

တကယ်တော့ ချူရှန်မေက နောက်ထပ် ကလေးယူတာကို မကန့်ကွက်ပါဘူး။ ဒါပေမယ့် ကိုယ်ဝန်မရတော့တာကို သူမ ဘာလုပ်နိုင်မှာလဲ?

ထိုအချိန်တွင် ယောင်းမက ကျန်းမာရေး မကောင်းသောကြောင့် သူမ အစ်ကိုနဲ့ ယောင်းမက ကလေးမမွေး နိုင်ခဲ့ပေ။ ချောင်မိသားစုမှ ပေးသော ပန်းခြောက်များကို စားသုံးပြီးနောက်တွင် သူမ ယောင်းမ၏ ကျန်းမာရေးသည် အလွန်ကောင်းမွန်လာပြီး တစ်နှစ်မပြည့်မီတွင် ကိုယ်ဝန်ရှိလာကြောင်း ကြားသိခဲ့ရသည်။

သူမနှင့် တုကျိုးချန်တို့ နှစ်ယောက်စလုံးသည် ကျန်းမာခဲ့သည်။ ဒါပေမယ့် သူမ ယောက္ခမတွေရဲ့ ပါးစပ်ကို ပိတ်ဖို့အတွက် ချောင်အိမ်ကို ရက်ရက်ရောရော လက်ဆောင် တစ်ခုဝယ်ပေးခဲ့ပြီး ပန်းခြောက်တွေ ပြန်တောင်းဆိုခဲ့သည်။ ဒါတောင် သူမသည် ကိုယ်ဝန်မရခဲ့ပေ။

ယောက္ခမတွေက ပြင်းပြင်းထန်ထန် ဖိအားပေးနေပေမယ့် တုကျိုးချန်က သူမကို ဖိအားတွေကို ခံနိုင်ရည်ရှိအောင် ကူညီပေးခဲ့သည်။ သူက သူမကို သမီးတစ်ယောက်နဲ့ လုံလောက်တယ်လို့ ပြောခဲ့သည်။ ကလေးတွေ များလွန်းတာက သူမကို အနာဂတ်တွင် အလုပ်တွေ အများကြီး လုပ်ရလိမ့်မည်ဟု ဆိုခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် သူမသည် သူက သူမအတွက် စိတ်ဆင်းရဲပေးပြီး ငဲ့ညှာပေးခဲ့သည်ဟုသာ တွေးမိခဲ့သည်။ အခု သတင်းဆိုးတစ်ခု ရောက်လာချိန်မှာတော့ သူဘာကိုဆိုလိုခဲ့လဲဆိုတာကို သူမ လုံးဝ နားလည်သွားခဲ့သည်။

တုကျိုးချန် သေသွားပြီ ဖြစ်သည်။

သံလမ်းပေါ်မှာ သတ်သေခဲ့သည်!

သတင်းကြားတော့ သူမသည် ချက်ချင်းပဲ မူးလဲသွားခဲ့သည်။ နောက်ပိုင်း နိုးလာတော့ သူမသည် အဲ့တာကို မယုံချင်ခဲ့ပေ။

ဘာကြောင့်လဲ ဆိုတော့ အရင်က သူတို့လင်မယားသည် ငြင်းခုံပြီး အငြင်းပွားတာမျိုး မရှိခဲ့‌ပေ။ ပြီးတော့ သူ့လုပ်ငန်းခွင်မှာ သူသည် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးကောင်းသည်။ တစ်နည်းဆိုရသော် သူ့ကိုယ်သူ သတ်သေရန် အကြောင်းမရှိပေ။

ဒါပေမယ့် သူသေသွားခဲ့ပြီ။ သူ့အသားတွေနဲ့ သွေးတွေက ပြန့်ကျဲနေခဲ့သည်။ အလောင်းတစ်လောင်းတောင် ပြန်မရခဲ့ပေ။

တုမိသားစုရဲ့ ကောင်းကင်ကြီး ပြိုကျသွားခဲ့သည်။ သူမ ယောက္ခမလည်း ခဏလောက် နေမကောင်းဖြစ်သွားခဲ့သည်။

သူမ ကောင်းကင်ကြီးလည်း ပြိုကျသွားခဲ့သည်။ လဝက်အတွင်း သူမသည် အရိုးစုတစ်ခုလို ပိန်သွားခဲ့သည်။

တုကျိုးချန်က ဘာကြောင့် သေကြောင်းကြံချင်တာလဲဆိုတာ သူမစိတ်ထဲ ခက်ခက်ခဲခဲ ရုန်းကန်နေခဲ့ရသည်။ သူမသည် အဆုံးမရှိသော ဥမင်လိုဏ်ခေါင်းထဲသို့ ၀င်သွားခဲ့သည်။ ဒီပြဿနာကို သူမ မဖြေရှင်းရင် သူမ ဘဝက ဘယ်တော့မှ သူ့အလိုလို အဆင်ပြေသွားမှာ မဟုတ်ပေ။

ချူထျန်းပိုင်သည် သူ့ညီမအတွက် စိတ်မကောင်းဖြစ်ခဲ့သည်။ ထို့ကြောင့် သူသည် တုအိမ်သို့သွားကာ ခဏလောက် အိမ်မှာနေရန် သူမကို ပြန်ခေါ်သွားဖို့ ပြောခဲ့သည်။

တုမိသားစု၏ လူကြီးနှစ်ယောက်သည် နှစ်ဝက်အတွင်း အသက်အရမ်း ကြီးသွားခဲ့သည်။ သူတို့သည် သူတို့ချွေးမကို အငြိုးထားခဲ့ကြသည်။

ချူထျန်းပိုင်က ဘယ်လိုပဲ ရှင်းပြနေပါစေ သူတို့သည် မယုံဘူး။ သူတို့သည် သူမက လိမ်နေတယ်လို့ ထင်ခဲ့ကြသည်။ လင်နဲ့မယားကြား ပဋိပက္ခကြောင့် မဟုတ်ရင် တုကျိုးချန်က ဘာလို့ ရုတ်တရက် ဒီလိုလုပ်သွားရမှာလဲ?

ယောက္ခမ၏ သံသယကြောင့် ချူရှန်မေသည် ပိုပိုပြီး စိတ်ဓာတ်ကျလာခဲ့သည်။

တုမိသားစုက ချူမိသားစုကို ချူရှန်မေအား ခေါ်သွားခွင့်ပေးခဲ့ပေမဲ့ မြေးမလေးကို တုမိသားစုမှာ နေခဲ့ခိုင်းသည်။

အရင်က သူတို့သည် ဒီမြေးလေးကို သိပ်ဂရုမစိုက်ကြပါ။ အခု သူတို့သားလေး ဆုံးပါးသွားတော့ မြေးမလေးက သူတို့သားလေးရဲ့ တစ်ဦးတည်းသော သွေးရင်းဖြစ်သွားသည်။ ဘာပဲဖြစ်ဖြစ် သူတို့အဲ့တာကို ထိန်းသိမ်းထားရမည်။

ချူထျန်းပိုင်က ဘာမှမတတ်နိုင်ခဲ့ပေ။ အခု အရေးကြီးဆုံးက ချူရှန်မေ မြန်မြန်နေကောင်းလာဖို့ ဖြစ်သည်။ သူ့တူမနဲ့ ပတ်သက်တာကတော့ နောက်မှ ဆွေးနွေးလို့ရပါသည်။

ထို့ကြောင့် နွေဦးပွဲတော်မတိုင်မီ ချူရှန်မေကို သူမ၏ မိခင်အိမ်သို့ ပြန်ခေါ်သွားခဲ့သည်။

ချောင်မိသားစုသည် ချူမိသားစု၏ အဖြစ်အပျက်ကို သိပြီးနောက် ချောင်ကျန်းမင်သည် ဖြည့်စွက်စာများစွာကို ချက်ချင်းဝယ်ယူခဲ့သည်။ နောက်တော့ သူသည်

သူ့သမီး ချောင်တုန်းဝမ်နဲ့အတူ နန်ရှန်ခရိုင်သို့ ကားစီးသွားခဲ့ကြသည်။

သူတို့မထွက်ခင်မှာ သာ့ချောင်က ကျောက်စိမ်းပုတီးနှစ်လုံးအား ဆေးထဲကို တိတ်တဆိတ်ထည့်ခဲ့သည်။

နောက်ထပ် အဖြစ်အပျက်တစ်ခုကတော့ ဝမ်အန်နာပင်။

ဟော်ကျန့်ချန်နှင့် ဝမ်အန်နာတို့သည် မြို့တော်မှ ထွက်ခွာပြီးနောက် မိီနိုင်ငံသို့ မပြန်ခဲ့ကြပေ။ အဲ့ဒီအစား သူတို့သည် ရှန်းကျန်းတွင် အခြေချခဲ့သည်။ သို့ပေမယ့် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရင်လို ဘယ်တော့မှ ပြန်မရနိုင်တော့ပါ။

ရှန်းကျန်းသို့ရောက်ပြီးနောက်တွင် သူတို့သည် အရင်က အိမ်ခြံမြေခွဲဝေမှုနှင့် ပတ်သက်၍ မကြာခဏ စကားများရန်ဖြစ်ခဲ့ကြသည်။ အခြေအနေက ကွာရှင်းပြတ်စဲလိုသည်ထိ ရောက်သွားခဲ့သည်။

ဒီလိုအခြေအနေမှာ ဟော်ကျန့်ချန်ရဲ့ နှလုံးသားက အေးစက်နေခဲ့သည်။

ကလေးနှစ်ယောက်အတွက် ဝမ်အန်နာဘက်မှာ ရပ်တည်ဖို့ မရွေးချယ်သင့်ဘူးလို့ သူခံစားခဲ့ရသည်။

ဒါပေမယ့် နောင်တရတာက အသုံးမဝင်တော့ပေ။ သူသည် ကွာရှင်းလိုလျှင်ပင် သိုက်ရှုဖန်လို မာနကြီးသောလူက သူ့ကို ပြန်လက်ခံမှာ မဟုတ်ပေ။

အဲဒီနေ့မှာပဲ သူတို့သည် ရန်ဖြစ်ခဲ့ပြန်သည်။ ရုတ်တရက် ဝမ်အန်နာက သွေးမအန်ခင် ထအော်ခဲ့သည်။

သူသည် ‌ဒေါသထွက်နေပေမယ့် သူမကို ဆေးရုံကို ချက်ချင်း ပို့ခဲ့သည်။

စစ်ဆေးချက် ရလဒ်များသည် အလွန်ကြောက်စရာကောင်းခဲ့သည်။ ဝမ်အန်နာသည် ရင်သားကင်ဆာ အလယ်အလတ်အဆင့် ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ခွဲစိတ်ဖို့ ဆရာဝန်က ချက်ချင်း ခွဲစိတ်တာကို လုပ်‌ဆောင်ရန် အကြံပေးခဲ့သည်။

မဟုတ်ရင် ကင်ဆာဆဲလ်တွေ ပြန့်နှံ့သွားတဲ့အခါ သမားတော် ဟွာထို့ ပြန်လည်မွေးဖွားလာရင်တောင် သူမအသက်ကို ဘယ်သူမှ ကယ်တင်နိုင်မှာ မဟုတ်ပေ။

ဟော်ကျန့်ချန်သည် ဤအရာကြောင့် စိတ်ထိခိုက်သွားခဲ့သည်။

ဝမ်အန်နာ၏ ကိစ္စများသည် ဟော်မိသားစုကို မသက်ရောက်ခဲ့ပေ။

ဟော်မိသားစု သိသွားပြီးနောက်တွင်တော့ သူတို့သည် စိတ်မကောင်း မဖြစ်ခဲ့ကြပါ။ ဒါပေါ့၊ သူတို့လည်း သူမကို စာနာစိတ်မရှိကြပေ။

သူတို့မျက်လုံးထဲမှာတော့ ဝမ်အန်နာသည် လမ်းမှာ တွေ့တဲ့ သူစိမ်းတစ်ယောက်နဲ့ မခြားနားပါဘူး။

သူမ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သူတို့နဲ့ ဘာမှမဆိုင်ပါပေ။

ဟော်မိသားစုကို မထိခိုက်သောကြောင့် ဤကိစ္စသည် ချောင်မိသားစုအတွက် ပို၍ပင် အကျိုးသက်ရောက်မှု နည်းပါးပါသည်။

ချောင်မိသားစုသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဝင်ငွေကောင်းခဲ့သည်။ ဒီနှစ်မှာတော့ ချောင်ယွဲ့မင်နဲ့ ချောင်ဟုန်းရှတို့ နှစ်ယောက်စလုံးက နှစ်သစ်ကူးအတွက် ပြန်လာမယ်လို့ ပြောခဲ့ကြသည်။ ထို့ကြောင့် ချောင်မိသားစုသည် ကြီးမားသော ပြန်လည်ဆုံဆည်းမှုအတွက် တက်ကြွစွာ ပြင်ဆင်ထားခဲ့ကြသည်။

တစ်နေ့မှာတော့ အန်းပင်းသည် ​​ပြတင်းပေါက်ကို လျှောက်သွားပြီး ပြတင်းပေါက်မှာ ပျားတစ်ကောင်ကို တွေ့ခဲ့သည်။ သူလမ်းလျှောက်လိုက်သည်နှင့် ပျားသည် ပြေးထွက်သွားခဲ့သည်။

ပျားက ပျံသွားပေမယ့် အဝါရောင်စပါးနဲ့ တူတဲ့ အပိုင်းအစလေးတစ်ခု သူနေခဲ့သော နေရာတွင် ကျန်နေခဲ့သည်။

အန်းပင်းသည် အနားကပ်လာကာ ထိုကောက်ညှင်းစေ့ကို ကောက်ယူပြီး သူသည် တွေးမနေဘဲ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ဒီအချိန်မှာ တုန်းယွင်လေးက အဲ့နေရာကို သွားပြီး မေးခဲ့သည်။ "အစ်ကို မင်းဘာစားလိုက်တာလဲ?"

အန်းပင်းက ကျန်တစ်ဝက်ကို သူမကို ပြလိုက်ပြီး "ငါ ဝတ်ရည်စားနေတာ။ ​​နည်းနည်းကျန်သေးတယ် နင် စားချင်လား?"

ချောင်အန်းကျဲသည် လက်ထဲတွင် စာအုပ်တစ်အုပ်ကိုင်လျက် တုန်းယွင်လေး၏ နောက်သို့ လျှောက်သွားခဲ့သည်။ ဒါကိုကြားတော့ သူက အဲ့တာကို လှမ်းကြည့်လိုက်သည်။ "ဝမ်းကွဲအစ်ကို၊ ဒါ ဝတ်ရည်မဟုတ်ဘူး၊ အဲဒါ ပျားချီး!"

အန်းပင်း - "...ဒါက ပျားချီး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ပေါက်ကရ မပြောနဲ့။ ဝတ်ရည်ဆိုတာ သိသာပါတယ်ပြီး ပျားက အခုလေးတင် အဝေးကို ပျံသွားတာ!"

ချောင်အန်းကျဲက သူ့လက်ထဲက စာအုပ်ကိုဖွင့်ပြီး စာမျက်နှာတစ်ခုကို ရှာကာ သူ့ကို ပေးလိုက်သည်။ "အစ်ကို ကိုယ်တိုင် ဖတ်လိုက်။"

ချောင်အန်းကျဲသည် ချောင်မိသားစုတွင် စာဖတ်ခြင်းကို အနှစ်သက်ဆုံးဖြစ်သည်။ လူတိုင်းက သူ့ကို ဉာဏ်ကောင်းတဲ့ ကလေးလေးဆိုပြီး ခေါ်ကြသည်။ အဲ့တာက သူသည် ထူးဆန်းသော ဗဟုသုတအချို့ကို သိရှိတာကြောင့် ဖြစ်သည်။

လူအနည်းငယ်သာ အင်းဆက်စွယ်စုံကျမ်းပါ နိဒါန်းကို ဖတ်ရှုခဲ့ကြသည်။ ဆောင်းရာသီတွင် နေထိုင်ပြီးနောက် ပျားများသည် အဝါရောင် စပါးကဲ့သို့ အရာများကို စွန့်ထုတ်ကြသည်။ ဤအရာများသည် ဝတ်ရည်မဟုတ်ဘဲ သူတို့၏ မစင်များဖြစ်သည်။

အန်းပင်း၏ ပါးစပ်ထောင့်များ လှုပ်ယမ်းသွားခဲ့သည်။ သူသည် အဲ့တာကို အခု စားရုံမက အရင်ကလည်း အများကြီးစားခဲ့သည်။

ဒါဆို... သူ ဒီတစ်နှစ်ပတ်လုံး စားနေတာတွေက မစင်တွေလား?

တုန်းယွင်လေးသည် အမွှာများကို ပြန်ဆွဲခေါ်ပြီး ရွံရှာသလိုကြည့်ကာ "အစ်ကို မင်းညစ်ပတ်လိုက်တာ!"

All Chapters