← Chapters

အခန်း (၂၂၉)

Vol. 18 Ch. 229

အခန်း (၂၂၉)

Vol. 18 Ch. 229

ချုရှန်မေသည် ထိုနေ့က အဖြေကိုသိပြီးနောက် သူမ၏ အခြေအနေတစ်ခုလုံးက ချက်ချင်းပြောင်းလဲသွားခဲ့သည်။

အခန်းထဲမှာ သူမတစ်ယောက်တည်း မှိုင်မှိုင်ထွေထွေ မနေတော့ပါ။ သူမသည် တစ်နေ့တာလုံး အစာငတ်မခံတော့ပေ။

သူမသည် အရိပ်ထဲမှ ရုန်းထွက်ရန် ကြိုးစားခဲ့သည်။ တဖြည်းဖြည်းနဲ့ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

သူမ အစ်ကိုနှင့် ယောင်းမဖြစ်သူက ရုတ်တရက် သူမဖြတ်ကျော်သွားနိုင်တာကို သတိပြုမိသောအခါတွင် နှစ်ယောက်စလုံးသည် အံ့သြပြီး စပ်စုချင်ခဲ့ကြသည်။

သို့သော် သူမကို အစမဖော်ဖို့အတွက် နှစ်ယောက်စလုံးက အကြောင်းပြချက်ကို မမေးရန် လေးနက်စွာ ဆုံးဖြတ်ခဲ့ကြသည်။

အဲဒီနေ့က သူလုပ်ခဲ့တဲ့ မိုက်မဲမှုကို ပြန်သတိရရင် သူမသည် အဲ့တာကို ပြောဖို့ ရင်မဆိုင်နိုင်ပါပေ။ တစ်ချိန်တည်းမှာပင် သူမက ချောင်ကျန်းမင်သည် သူမအသက်ကို ကယ်တင်ပေးခဲ့သည့်အပြင် အဲ့လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားရန် ကူညီပေးခဲ့သည့်အတွက် သူမသည် အလွန်ကျေးဇူးတင်ခဲ့သည်။

ချောင်ကျန်းမင်သည် ငွေရေးကြေးရေး အခက်အခဲနှင့် နန်ရှန်ခရိုင်တွင် ချေးငွေလျှောက်ထားလိုကြောင်း သူမ၏အစ်ကိုဖြစ်သူက ပြောသောကြောင့် ယခုတစ်ကြိမ်တွင် သူမဒီကိုလာခဲ့ခြင်းဖြစ်သည်။

ချောင်ကျန်းမင်က တံခါးလာဖွင့်တော့ လန့်နိုးလာပုံ ဟန်ဆောင်နေခဲ့သည်။ သူက ခါးကိုဆန့်ပြီး သမ်းကာ "ဟေး ရှန်‌မေ မင်းဘာလို့ ဒီကိုလာတာလဲ? ငါ ခုမှနိုးတာ။"

မကြာသေးမီနှစ်များအတွင်း တိုင်းနှင့်ပြည်နယ်အသီးသီးမှ မြို့ကြီးများသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို အားပေးရန်အတွက် အချို့သော ဒေသန္တရအစိုးရများသည် စီးပွားရေးချေးငွေများကို တက်ကြွစွာ ပံ့ပိုးပေးခဲ့သည်။ အဲဒါတွေအနက် နန်ရှန်ခရိုင်တွင် အကောင်းဆုံးချေးငွေ ဦးစားပေးမူဝါဒရှိသည်။

ဒါကြောင့် သူသည် ပြီးခဲ့တဲ့အပတ်က နန်ရှန်ခရိုင်ကိုလာပြီး နေရာတစ်ခု ငှားခဲ့သည်။ နောင်တွင် ဤနေရာတွင် ကုမ္ပဏီတည်ထောင်ရန် စီစဉ်ခဲ့သည်။

ချူရှန်မေက သူ့စကားကြားတော့ သူမမျက်လုံးတွေက တောက်ပြောင်နေတဲ့ သူ့ဆံပင်တွေကို ကြည့်လိုက်သည်။ သူမက နှုတ်ခမ်းကို ဖွဖွလေး ပြုံးလိုက်ပြီး "အစ်ကို ကျန်းမင်၊ ဆံပင်ကို ပုံသွင်းပြီး အိပ်တာလား? ဘယ်လို အကျင့်မျိုးလဲ!"

ချောင်ကျန်းမင် - "..."

သွေးများသည် အရှိန်ဟုန်ပြင်း စီးဆင်းပြီး သူ့မျက်နှာသည် ပြောင်းလိုက်သလို ချက်ချင်းနီရဲလာခဲ့သည်။

သူ့ကို ဒီလိုမြင်တော့ ချူရှန်မေက စိတ်လှုပ်ရှားကာ အရမ်းရယ်ခဲ့သည်။

နွေဦးနေရောင်ခြည်သည် အမိုးမှ ဖြာကျလာခဲ့သည်။ သူမ၏ တောက်ပသော အနီရောင်နှုတ်ခမ်းများသည် နေရောင်အောက်တွင် အတော်လေး အမြင်ကို ဖမ်းစား၍ နူးညံ့သိမ်မွေ့သော နှင်းဆီပန်းများကဲ့သို့ပင်။

ချောင်ကျန်းမင်သည် သူမ၏ ပျော်ရွှင်နေသော မျက်နှာကို စိုက်ကြည့်နေခဲ့သည်။ ထိုညက ရင်ခုန်သံက တစ်ဖန် ပြန်ရောက်လာခဲ့သည်။ သူ့အကြည့်တွေက သူမမျက်နှာပေါ်မှာ မခွာနိုင်ဖြစ်နေခဲ့သည်။

ချူရှန်မေသည် မရပ်ခင် ခဏလောက် ရယ်မောလိုက်သည်။ အနည်းငယ်ရှက်သွားပြီး "တောင်းပန်ပါတယ် အစ်ကိုကျန်းမင်။ ကျွန်မ မရည်ရွယ်ပါဘူး..."

ချောင်ကျန်းမင်က ပြုံးပြီးပြောခဲ့သည်။ "အဆင်ပြေပါတယ်။ မင်းရယ်ချင်ရင် ရယ်လို့ရပါတယ်။ မင်းပြုံးတဲ့အခါ မင်းက လှတယ်။"

ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။

ချောင်ကျန်းမင်သည် သူ့ပါးသူ ရိုက်ရန် စိတ်အားထက်သန်နေခဲ့သည်။ သူသည် သူ့စိတ်ထဲတွင် နောက်ဆုံးစာကြောင်းကို ပြောချင်ခဲ့သည်။ အပြင်မှာ ထုတ်ပြောဖို့ မဟုတ်ဘူး။

မထင်မှတ်ပဲ သူသည် သူမမျက်နှာကို ကြည့်လိုက်တော့ မသိလိုက်ဘဲ ပြောမိလိုက်ခဲ့သည်။

ချူရှန်မေ၏ ဖြူဖျော့သော မျက်နှာပေါ်တွင် နီရဲရဲ နှစ်ခု ပေါ်လာခဲ့သည်။ သူမက ချောင်းဟမ့်ပြီး "ချီးကျူးတာအတွက် ကျေးဇူးတင်ပါတယ်။ စကားမစပ်၊ ကျွန်မမှာ အစ်ကိုကျန်းမင်နဲ့ ဆွေးနွေးစရာတစ်ခုရှိတယ်။"

ချောင်ကျန်းမင်က သူမကို ဝင်ခွင့်ပြုဖို့ သူ့ခန္ဓာကိုယ်ကို အမြန်ရွှေ့လိုက်ပြီး "လာအထဲဝင်။ ငါ လက်ဖက်ရည်တစ်ခွက် ယူလာပေးမယ်။"

သူပြောသည့်အတိုင်း သူက အမြန်လှည့်ကာ မီးဖိုချောင်ဘက်သို့ ဦးတည်သွားခဲ့သည်။ မထင်မှတ်ဘဲ ခြေလှမ်းနှစ်လှမ်းလှမ်းပြီးနောက် လဲကျသွားပြီး သူ့မျက်နှာပေါ်က ကြမ်းပြင်နဲ့ ထိမိလုနီးပါး ဖြစ်သွားခဲ့သည်။

ထိုအချိန်တွင် ချောင်ကျန်းမင်သည် အပေါက်တစ်ခုပေါ်လာပြီး သူ့ကိုမျိုချသွားစေချင်ခဲ့သည်။

သူသည် သူမရှေ့မှာ အထင်ကြီးစရာ ကောင်းချင်ပေမယ့် သူက အစကတည်းက မိုက်မဲတဲ့ လုပ်ရပ်တွေကို ပြုမူနေခဲ့မိသည်။

ဒါကိုမြင်တော့ ချူရှန်မေက ရယ်ချင်လာပြန်သည်။

တစ်ယောက်နဲ့တစ်ယောက် နှစ်အတော်ကြာအောင် သိကျွမ်းလာပြီးနောက်မှာ အစ်ကိုကျန်းမင်ဟာ 'စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာ' သူမ ပထမဆုံးတွေ့ရှိခဲ့တာ ဖြစ်သည်။

မျက်နှာနီဖြင့် ချောင်ကျန်းမင်က ပြေးသွားကာ ရေတစ်ခွက်ကို ယူလာပေးခဲ့သည်။ ထို့နောက် သူက သူမနှင့် ဆန့်ကျင်ဘက်တွင် ထိုင်ပြီး "မင်း ပေါင်ချန်ခရိုင်ကို ပြန်သွားပြီလို့ မင်းအစ်ကိုဆီက ငါကြားတယ်။ မင်းဘာလို့ ဒီကို ရုတ်တရက် ရောက်လာတာလဲ? တစ်ခုခုဖြစ်လို့လား?"

ချူရှန်မေက ရေနွေးနွေးလေးကို တစ်ငုံသောက်လိုက်ပြီး "ဘာမှမဖြစ်ပါဘူး။ အစ်ကို ကုမ္ပဏီတစ်ခုတည်ထောင်ဖို့ ချေးငွေထုတ်တော့မယ်လို့ ကျွန်မအစ်ကိုဆီက ကြားခဲ့တယ်။"

ချောင်ကျန်းမင်က ခေါင်းညိတ်ပြီး "သယ်ယူပို့ဆောင်ရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး ငါ့မှာ အမြင်ကောင်းရှိတယ်။ ငါတို့ စျေးကွက်ကို အရင်ဆုံး သိမ်းပိုက်နိုင်ရင် အမြတ်အစွန်းတွေ အများကြီး ရလိမ့်မယ်!"

နှစ်သစ်ပြီးသည်နှင့် ချေးငွေလျှောက်ထားရန် သူသည် နန်ရှန်ခရိုင်သို့ အမြန်သွားခဲ့သည်။ ကုမ္ပဏီကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ ဖြစ်သည်။

ရှန်မိသားစုနှင့် ဟော်မိသားစု နှစ်ခုစလုံးက ချမ်းသာသော်လည်း သူသည် သူတို့ထံမှ ချေးရန် မတွေးခဲ့ပေ။

အခွင့်အရေးတစ်ခါ ယူလိုက်ရင်၊ အခွင့်အရေး တစ်ခုက လျော့သွားလိမ့်မည်။

ထို့အပြင် ရှန်မိသားစု ဒါမှမဟုတ် ဟော်မိသားစုပဲဖြစ်ဖြစ် သာ့ချောင်ကြောင့် ချောင်မိသားစုနဲ့ သူငယ်ချင်းဖြစ်ခဲ့သည်။ သူ ချောင်ကျန်းမင်ကြောင့် မဟုတ်ပါ။

ချူရှန်မေက ဖန်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး "ဒါက အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ။ အစ်ကိုကျန်းမင် ကျွန်မကို ကျေးဇူးပြုပြီး အသေးစိတ် ပြောပြပါလား။"

ချောင်ကျန်းမင်သည် သူမ၏ စိတ်သဘောထားက အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိခဲ့သည်။ သို့သော် သူက သိပ်ပြီး မတွေးခဲ့ပါ။

တခြားသူဆိုရင်တော့ သူသည် သတိထားနေလိမ့်မည်။ သို့သော် ချူမိသားစုအတွက် ထိုသို့ပြုလုပ်ရန်မလိုအပ်ပါ။

ချူရှန်မေသည် စကားကို နားထောင်ပြီးနောက် သူမ ပိုက်ဆံအိတ်ကို ယူကာ ဇစ်ကိုဖွင့်ပြီး အတွင်းမှ ငွေစက္ကူသုံးထုပ်ကို ထုတ်လိုက်သည်။

ပြီးတော့ သူမက "ဒီမှာ စုစုပေါင်း ယွမ်သုံးထောင် ရှိတယ်။ အစ်ကိုကျန်းမင်ရဲ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတယ်။ အစ်ကိုကျန်းမင်က ငွေရှာဖို့တွက် ဒီအခွင့်အရေးကို ပေးမှာလားလို့ ကျွန်မ တွေးမိတယ်။"

ချောင်ကျန်းမင်က သူမလက်ထဲက ပိုက်ဆံတွေကို ထိတ်လန့်တကြား ကြည့်နေခဲ့သည်။ ထို့နောက် သူမမျက်နှာကို စိုက်ကြည့်ကာ "...မင်း ဘာလုပ်နေလဲဆိုတာ မင်း သိလား?"

ချူရှန်မေ၏ နှုတ်ခမ်းက ကောက်ညွှတ်ကာ "သိပါတယ်၊ ကျွန်မ အခု အရမ်းအသိစိတ်ဝင်‌နေပါပြီနော်။ ဒီပိုက်ဆံတွေကို ဒီတိုင်းသိမ်းထားတာက ကျွန်မအတွက် အသုံးမဝင်ဘူး။ အစ်ကို့ရဲ့ ကုမ္ပဏီမှာ ကျွန်မလည်း ရင်းနှီးမြှုပ်နှံချင်တယ်။ ဒီနည်းနဲ့ဆို အစ်ကိုက ရန်ပုံငွေအတွက် စိတ်ပူစရာ မလိုဘူးပြီး ကျွန်မက သမီးကို ထောက်ပံ့ဖို့ ပိုက်ဆံရှာလို့ရတယ်"

ချောင်ကျန်းမင်၏ လည်ပင်းသည် အညှစ်ခံရသလို ခံစားရသည်။ သူသည် သူမကို အကြာကြီး စိုက်ကြည့်ပြီး စကားတစ်ခွန်းမှ မပြောခဲ့ပေ။

သူမသည် ဝန်ထုပ်ဝန်ပိုး နည်းပါးစေရန် ဒီလိုလုပ်တာကို သူသိပါသည်။

သူမက သူ့ကို ပိုက်ဆံချေးရင် သူသည် ငြင်းမှာသေချာသည်။ ချူထျန်းပိုင်က သူ့ကို ပိုက်ဆံချေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် သူက ငြင်းခဲ့သည်။

ဆွေမျိုးများနှင့် သူငယ်ချင်းများ မပြောနှင့် မောင်နှမများကြားတောင် ငွေစာရင်းကို ရှင်းရှင်းလင်းလင်း ဖြေရှင်းရမည် ဖြစ်သည်။ သူသည် ဘဏ်က‌နေ ချေးငွေယူတာက ပိုကောင်းသည်။ အနာဂတ်မှာ သူသည် ကျရှုံးခဲ့ရင်တောင် တိုင်းပြည်ကို အကြွေးပေးစရာသာလိုပြီး မျက်နှာသာပေးမှုတွေအတွက် အများကြီးပြန်ပေးဖို့ မလိုအပ်ပါ။

ယခုမူ ချူရှန်မေက သူ့ထံ ပိုက်ဆံလွှဲပေးပြီး သူ့၏ ငြင်းဆန်မှုကို တားဆီးရန် ဆင်ခြေတစ်ခု စဉ်းစားခဲ့တဲ့အတွက် သူက ဘယ်လိုမှ မရုန်းထွက်နိုင်တော့ပေ။

သူ့အကြည့်အောက်တွင် ချူရှန်မေသည် အနည်းငယ်ရှက်သွားခဲ့သည်။ သူမသည် လက်ကိုဆန့်ကာ သူမဆံပင်တွေကို ထိလိုက်ပြီး "အမှန်အတိုင်းပြောရရင် ကျွန်မ ဒီဟာကို အရင်အကြိမ်တုန်းက အစ်ကိုကျန်းမင်က ကျွန်မကို ကယ်တင်ခဲ့တာကြောင့် ကျေးဇူးတင်ချင်လို့ လုပ်ခဲ့တာပါ။ ဒါ‌ပေမယ့် ကျွန်မငွေရှာချင်နေတာတော့ အမှန်ပါ။ အခု ကျွန်မက ကလေးတစ်ယောက်ကို တစ်ယောက်တည်း ပြုစုပျိုးထောင်ရမယ့် အမျိုးသမီးတစ်ယောက်ပါ။ ကျွန်မ ယောက္ခမတွေကိုလည်း ဂရုစိုက်ပေးရမယ်။ ကျွန်မ အနာဂတ်အတွက် ပြင်ဆင်ရမှာလေ။"

အရင်ကတော့ တုကျိုးချန်က ​​ဘာကြောင့် ကိုယ့်ကိုကိုယ် သတ်သေရတယ်ဆိုတာ တွေးပြီး သူမသည် အနာဂတ်ကို ဂရုမစိုက်ခဲ့ပေ။ ယောက္ခမအိမ်သို့ ပြန်ရောက်ပြီးနောက် သူမသည် တုကျိုးချန်မရှိတော့ အပြင်လူတစ်ယောက်ဖြစ်ကြောင်း အမှန်တကယ် ခံစားခဲ့ရသည်။

လွန်ခဲ့သည့်လအနည်းငယ်တွင် သူမ၏ယောက္ခမများက သူမသည် တုကျိုးချန် သေဆုံးရခြင်းအကြောင်းရင်းဖြစ်သည်ဟု ခံစားခဲ့ကြသည်။ သူတို့၏စကားများသည် အလွန်ခါးသီးမှုနှင့် မနှစ်မျို့ဖွယ်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။ သူမကြားရတာ သိပ်အဆင်မပြေခဲ့ပေ။ အတိတ်ကဖြစ်ခဲ့ရင် သူမသည် သူတို့ကို သေချာပေါက် ပြန်ပြောမိမှာ ဖြစ်သည်။

ဒါပေမယ့် အခုတော့ သူမသည် မနေနိုင်တော့ပဲ သူမသမီးနဲ့ အတူရှိနေရမည်။

သူမသည် ကျန်ရှိသည့် ဘဝတစ်လျှောက်လုံး သူမယောက္ခမအိမ်မှာ နေမှာမဟုတ်ဘူး။ သူမ သည်းမခံနိုင်သည့်အချက်ကို ဘေးဖယ်ထားရင်တောင် ထိုကဲ့သို့သော ပတ်ဝန်းကျင်တွင် သူမသမီးကို ကြီးပြင်းမလာစေချင်ပါ။

ထို့ကြောင့် သူမသည် ငွေရှာရန် ကြိုးစားပြီး သူမကိုယ်သူမ သန်မာအောင် လုပ်ရမည်။ သူမ သန်မာလာချင်တာက သူမယောက္ခမ မိသားစုသည် သူမရှေ့မှာ အဓိပ္ပာယ်မရှိတဲ့စကားတွေ မပြောရဲအောင် ဖြစ်သည်။

ထို့ကြောင့် သူမ ဒီမှာ ရှိနေခဲ့သည်။

အစ်ကိုကျန်းမင်၏ ကြင်နာမှုကို ပြန်ပေးဆပ်သည်ဟု ဆိုသော်လည်း သူမ၏ ရည်ရွယ်ချက်မှာ အနည်းငယ် မသန့်စင်ပေ။ ဒါကိုတွေးရင်း သူမမျက်နှာပေါ်တွင် ရှက်ရွံ့မှုများ ပေါ်လွင်လာစေခဲ့သည်။

ဒါပေမယ့် ချောင်ကျန်းမင်က သူမစကားကိုကြားတော့ သက်ပြင်းတစ်ချက်ချပြီး "ဒီကိစ္စမှာ ပိုက်ဆံ ငါ လက်ခံလိုက်ပါ့မယ်။ စိတ်မပူပါနဲ့၊ အရာအားလုံးကို ငါ ဆုံးရှုံးခွင့်မပေးဘူး!"

ချူရှန်မေ အစိုးရိမ်ဆုံးက သူသည် သူမကို ငြင်းပယ်လိုက်ခြင်းပင်။ သူ့အဖြေကိုကြားတော့ သူမသည် ပြုံးစိစိနဲ့ "ဒါဆို ချမ်းသာတဲ့မိန်းမဖြစ်ဖို့ ကျွန်မ စောင့်နေမယ်!"

"သေချာတာပေါ့!" ချောင်ကျန်းမင်က ချေးငွေစာချုပ်ရေးဖို့ စာရွက်နဲ့ ဘောပင်ကို ရှာရင်း ပြောခဲ့သည်။

အစက ချူရှန်မေသည် မလိုအပ်ပါဘူးလို့ ပြောခဲ့သည်။ သူ့တောင်းဆိုမှုကြောင့် နောက်ဆုံးတွင် သူမသည် ချေးငွေစာချုပ်ကို လက်ခံခဲ့သည်။

နေ့လယ်တွင် အရာအားလုံး ပြီးစီးသွားခဲ့သည်။

ချောင်ကျန်းမင်က အပြင်ကို လှမ်းကြည့်လိုက်ပြီး အေးအေးဆေးဆေးနဲ့ "ထမင်းစားချိန်ရောက်ပြီ၊ ငါ့ကို အရမ်းယုံကြည်တဲ့အတွက် ကျေးဇူးတင်တဲ့ အနေနဲ့ မင်းကို ဧည့်ခံမယ်။"

ချူရှန်မေက တုံ့ဆိုင်းမနေဘဲ ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။ "ကောင်းပြီ၊ ကျွန်မဗိုက်ဆာနေပြီ!"

ချောင်ကျန်းမင်က သူ့ရဲ့ အပေါ်ကုတ်ကို အမြန်ကောက်ကိုင်လိုက်သည်။ တံခါးကို သော့ခတ်ပြီးနောက် နှစ်ယောက်သားသည် ထွက်သွားခဲ့ကြသည်။

———

အရင်တုန်းက စားလို့အကောင်းဆုံးနေရာက အစိုးရပိုင် စားသောက်ဆိုင် ဖြစ်သည်။ အခုတော့ လမ်းပေါ်မှာ စားသောက်ဆိုင်တွေ အများကြီးရှိနေပြီ။ ချောင်ကျန်းမင်သည် အသစ်ဖွင့်ထားသော စားသောက်ဆိုင်ကို ရွေးချယ်ခဲ့သည်။

ချူရှန်မေသည် ဒါက ဖြုန်းတီးလွန်းသည်ဟု ခံစားမိခဲ့သည်။ ကုမ္ပဏီ မတည်ထောင်ရသေးဘူး။ လောလောဆယ်တော့ ငွေကို ဂရုတစိုက် သုံးရမယ်လေ။ အဲ့တာကို ဘာလို့ ဖြုန်းတီးနေတာလဲ?

ချောင်ကျန်းမင်က သူမ 'မရပ်မနား ပြောနေတာကို" ကြည့်ပြီး သူသည် စိတ်မတိုခဲ့ပါ။ အဲဒီ့အစား သူမသည် စီးပွားရေးလုပ်တာ အရမ်းတော်တယ်လို့ သူခံစားခဲ့ရသည်။ သူ့ပါးစပ်ထောင့်တွေက မထိန်းနိုင်ဘဲ မြင့်တက်လာခဲ့သည်။

စားသောက်ဆိုင်သို့ ရောက်သောအခါ သူသည် အသားဟင်းနှစ်မျိုး၊ ဟင်းပွဲတစ်ပွဲနှင့် ဟင်းချိုတစ်ခွက်ကို မှာခဲ့သည်။

ချူရှန်မေက ထပ်ပြီး " အစ်ကိုကျန်းမင် ကျွန်မ ဆူညံပူညံလုပ်တာကို အပြစ်မတင်ပါနဲ့။ အနာဂတ်မှာ အစ်ကိုငွေရှာရင် ဘယ်လိုသုံးသုံး ကျွန်မ ဂရုမစိုက်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ အစ်ကို အရမ်းကြီး အသုံးကြမ်းမနေဘူးလား။"

သူတို့နှစ်ယောက်ပဲ ရှိတာလေ။ ဟင်းလေးပွဲက ဘာလို့လိုမှာလဲ?

ချောင်ကျန်းမင်က ပြုံးပြီး "မင်းကို ဧည့်ခံရဖို့က ရှားတယ်လေ၊ ဘယ်လိုလုပ် ငါက ဂရုမစိုက်ရမှာလဲ? စိတ်မပူပါနဲ့၊ ငါ တစ်ယောက်တည်းဆို ဒီလိုနေရာကို စားဖို့ မကြာခဏ မရောက်ဘူး။"

သူမကြောင့်မို့လို့ သူ ဒီကိုရွေးခဲ့တာ ဖြစ်သည်။

သူသည် နောက်ဆုံးစကားကို မပြောခဲ့ပါ။ ဒါပေမယ့် ချူရှန်မေက တစ်ခုခုကို ခံစားခဲ့ရသည်။ သူမသည် အောက်ကို ငုံ့ပြီး ဘာမှမပြောတော့ပေ။

လေထုသည် ခဏတာ ရှုပ်ထွေးသွားခဲ့သည်။

ထိုအချိန်တွင် တံခါးမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"စားပွဲထိုး၊ ငါတို့ စားပွဲကြီးတစ်လုံးလိုတယ်။ စုစုပေါင်း တစ်ဒါဇင်လောက်ရှိတယ်!"

စားပွဲထိုးက သူတို့ကို ချက်ချင်း ပြုံးပြကာ နှုတ်ဆက်ပြီး "ကျေးဇူးပြုပြီး ဒီလမ်းပါ။"

တစ်ဖက်မှာ လူများလွန်းပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေသောကြောင့် ချောင်ကျန်းမင်၏ အာရုံကို ပုံမှန်အတိုင်း ဆွဲဆောင်သွားခဲ့သည်။ ထို့နောက် သူသည် ရှစ်ချင်ရှင်းကိုတွေ့လိုက်ရသည်။

သူနှင့် ရှစ်ချင်ရှင်းသည် ကွာရှင်းခဲ့တာ ခုနှစ်နှစ်ကြာပြီ ဖြစ်သည်။ အဲဒီနောက်ပိုင်းမှာ မိသားစုနှစ်စုက အဆက်အသွယ် မရှိခဲ့ပေ။ သူမသည် သူမကို နောက်တစ်ကြိမ် ထပ်မတွေ့ခဲ့ပါ။ နောက်ပိုင်းတွင် သူမသည် အခြားပြည်နယ်မှာ လက်ထပ်ကြောင်း ကြားသိခဲ့ရသည်။

ဝေးကွာခဲ့တာ ခုနစ်နှစ်ကြာခဲ့ပြီ။ အခု တစ်ယောက်ကို တစ်ယောက် ပြန်တွေ့တော့ တစ်သက်လုံး ဝေးနေခဲ့သလိုပင်။

ရှစ်ချင်ရှင်းသည် အရင်ကထက် အနည်းငယ် ပိန်သွားခဲ့သည်။ သူမ၏ရုပ်သွင်သည် သိသိသာသာပင် ပျက်စီးနေခဲ့ပြီ ဖြစ်သည်။ သူမမျက်နှာက အနည်းငယ် မွဲခြောက်နေသည်။ သူမ မျက်လုံးအောက်က အမဲစက်တွေက အလွန်ကြည့်ရဆိုးသည်။

သူသည် စူးစိုက်ကြည့်လိုက်တော့ ရှစ်ချင်ရှင်းကလည်း သူ့ကို စူးစိုက်ကြည့်နေခဲ့သည်။ သူတို့အကြည့်တွေက စုံသွားခဲ့ကြသည်။

ရှစ်ချင်ရှင်း၏ ခန္ဓာကိုယ် တုန်လှုပ်သွားခဲ့သည်။ သူမသည် ဘေးနားက အမျိုးသမီးရဲ့ခြေထောက်ကို တက်နင်းမိလိုက်သည်။

အမျိုးသမီးက ဒေါသထွက်သွားပြီး "ဟဲ့ နင်ဘယ်ကိုကြည့်နေတာလဲ? နင့်မျက်လုံးတွေက ပြဖို့ပဲလား?"

ရှစ်ချင်ရှင်း၏ မျက်နှာပေါ်တွင် ရှက်ရွံ့သောအပြုံးတစ်ခုပေါ်လာသည်။ "တောင်းပန်ပါတယ်အန်တီ၊ ကျွန်မ... ကျွန်မ မရည်ရွယ်ပါဘူး!"

သူမခင်ပွန်းဟောင်းရှေ့မှာ ဒီလို ဆူပူကြိမ်းမောင်းခြင်း ခံရတာ အလွန်ရှက်စရာကောင်းတယ်လို့ ခံစားရသည်။

သူမသည် တွင်းတူးပြီး သူမကိုယ်သူမ မြေမြှုပ်ဖို့ မစောင့်နိုင်တော့ဘူး။

ချောင်ကျန်းမင်သည် သူမ၏ ကံဆိုးမှုကို စိတ်မကောင်းမဖြစ်ခဲ့ပါ။ သူ့အကြည့်တွေကို ပြန်ယူလိုက်ပြီး သူသည်‌ စောစောက မြင်ကွင်းကို မမြင်ချင်ယောင်ဆောင်လိုက်သည်။

ထိုအချိန်က သူမသည် လိမ်ညာပြီး ဝမ်အာလေးကို အပြစ်တင်ခဲ့တဲ့အတွက် သူသည် ဒေါသထွက်ခဲ့သည်။ အခုတော့ နှစ်ယောက်လုံးက ဘာမှမဆိုင်တာ ကြာပြီမို့ သူသည် အဲ့တာကို မေ့လိုက်ပြီ။

သူ့ခေါင်းကို ငုံ့နေတာ တွေ့လိုက်သော ရှစ်ချင်ရှင်းသည် စိတ်သက်သာရာ ရသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် နားမလည်နိုင်သော စိတ်ပျက်စရာတစ်ခု ရှိခဲ့သည်။

ချောင်ကျန်းမင်နှင့် ကွာရှင်းပြီးနောက် သူမ၏မိခင်အိမ်တွင် သူမ၏ဘဝသည် ဆိုးရွားခဲ့သည်။ သူမမိသားစုက သူမကို လိမ်ညာတဲ့အတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ခဲ့သည်။ အဲဒါထက်ပို၍ သူမသည် သူမခင်ပွန်းဟောင်းနှင့် ပတ်သက်မိတာကြောင့် မိသားစုသည် မျက်နှာပျက်ခဲ့ရသည်။

အနီးနားပတ်ဝန်းကျင်က လူတွေက သူမကို ထူးဆန်းတဲ့မျက်လုံးတွေနဲ့ အမြဲကြည့်ခဲ့ကြသည်။ ကောလာဟလ အမျိုးမျိုးသည် ချွန်ထက်သော ဓားကဲ့သို့ သူမကို သွေးထွက်စေခဲ့သည်။

All Chapters