ဘဏ်စနစ် ထည့်သွင်းမည်လော
Vol. 45 Ch. 661
“အဘိုးကြီးလီ.. ဆောင်းဦးရာသီနဲ့ အမျိုးသားနေ့ အားလပ်ရက်တွေအတွက် ဈေးဝယ်ကတ်တွေ ဝယ်သင့်တယ် ထင်လား… ငါတို့ကုမ္ပဏီမှာ အရန်ငွေရှိသေးလား..”
“ကောင်းပါတယ်.. ဒါပေမယ့် ငါတို့ စက်ရုံတွေ ရှိတဲ့ မြို့တွေမှာ ထိုင်ဟွာကုန်တိုက်တွေ မရှိဘူး.. အလုပ်သမားတွေ သုံးနိုင်မှာမဟုတ်ဘူး..”
လီမင်သဲ ပြန်လည်ဖြေလိုက်သည်။
“အဲ့ကိစ္စ မင်းဘာသာမင်း ကြည့်ရှင်းလိုက်ကွာ.. ဘာပြောပြော ငါတို့ အလုပ်သမားတွေ ပုံမှန်အတိုင်း ပစ္စည်းတွေ ရတာ မပျော်ကြဘူးကြားတယ်.. တခြားကုန်တိုက်က အလုပ်သမားတွေကို ဈေးဝယ်ဘောက်ချာတွေ ပေးကြတယ်.. စိတ်ပူစရာတော့ မလိုပါဘူး.. လာမယ့်နှစ် ငါတို့စက်ရုံတွေ ရှိတဲ့မြို့တွေမှာ ထိုင်ဟွာ ကုန်တိုက်တွေ ပေါ်လာတော့မယ်.. ပမ့်မြို့တော် တာဝန်ခံက မင်းကိုစကားပြောခွင့် ပေးလိမ့်မယ်.. မင်း သူ့ကို ကျန်တဲ့ ကုန်မ္ပဏီတွေ အကြံပေးလိုက်ပေါ့..”
ဖုန်းယွီသည် ဤဈေးဝယ်ကတ်များကို သေချာပေါက် ထောက်ပံ့မည်ဖြစ်သည်။ သူ့ကုမ္ပဏီများအားလုံးမှ အလုပ်သမားများကို အားလပ်ရက် လက်ဆောင်များအဖြစ် ပေးမည်ဖြစ်ပြီး ထိုလက်ဆောင်များအစား ဈေးဝယ် ကတ်များ အစားထိုးပေးမည်ဖြစ်သည်။ ယခု အထိက ဦးစားပေးမှာ ထိုင်ဟွာ ကုန်တိုက်အတွက် ငွေစုရန် ဖြစ်သည်။ ဤနည်းဖြင့် ထိုင်ဟွာ ကုန်တိုက်သည် ယခုနှစ်ကုန်တွင် ချေးငွေပမာဏ မြင့်မြင့်မားမား ရနိုင်ပေလိမ့်မည်။
ယခုခေတ်တွင် ဘဏ်ချေးငွေရယူရန် ချိတ်ဆက်မှုများနှင့် လွန်ခဲ့သော (၃)လတွင် ငွေသား စီးဆင်းမှုတို့ လိုအပ်ပေသည်။
ယခုမူ ဖူကွမ်းကျန့်နှင့် ကျန်လူများ သင့်တော်သည့် နေရာများ လိုက်ရှာကြပြန်သည်။ ဖုန်းယွီမှာ မည်သည့် အလုပ်မှ မရှိတော့ချေ။ ပေကျင်းရုံးချုပ်တွင်သာ ထိုင်ရန် လိုအပ်ပေသည်။ ထိုင်ဟွာ ကုန်တိုက်တွင် ပြဿနာ တစ်ခုခု ရှိပါက သူဖြေရှင်းရပေလိမ့်မည်။
ဖုန်းယွီတွင် ကုမ္ပဏီ အများအပြား ရှိမှန်း ဒု-အထွေထွေမန်နေဂျာ သိနေကာ ဈေးဝယ်ကတ်များ ဝယ်ရန် ကြိုတင် စာရင်းသွင်းနိုင်ရေး ရောက်လာခဲ့သည်။ ငွေများ ဘဏ်အကောင့်အတွင်း ဝင်လာပါက ဘဏ်များမှ မှတ်တမ်း တင်ထားပေလိမ့်မည်။ ဤသည်မှာ အခြားကုမ္ပဏီများအတွက် စံနမူနာဖြစ်ပြီး ဈေးဝယ်ကတ်များ ရောင်းချမှုကို တိုးမြှင့်ပေးမည် ဖြစ်သည်။
ဖုန်းယွီသည်လည်း သဘောတူလိုက်ပေသည်။ ဤအချိန်အတွင်း သူ့အလုပ်သမားများသည် အကျိုးခံစားခွင့် ကောင်းကောင်းနှင့် သက်သာချောင်ချိရေးများ ရရှိနေကြသည်။ ဤသည်မှာ တရုတ်နိုင်ငံအတွင်း အကောင်းဆုံး မဟုတ်သော်လည်း ထိပ်တန်း ကုမ္ပဏီအနည်းငယ်မှ တစ်ခု ဖြစ်နိုင်ပေသည်။ ဖုန်းယွီသည်လည်း ပြဿနာ တစ်ခုကို သဘောပေါက်သွားသည်။ သူ့ကုမ္ပဏီများသည် တရုတ်ပြည်အနှံ့ ပြန့်ကျဲနေပေသည်။ မြို့စွန်မှ စက်ရုံများ အတွက် အဆင်မပြေချေ။ သို့ရာတွင် ကွမ်ကျုံးရှိ စက်ရုံလည်း အပါအဝင်ပင်။ အလုပ်သမားများသည် ထိုင်ဟွာ ကုန်တိုက် ဈေးဝယ်ကတ်ကို မည်သို့ အသုံးပြုကြမည်နည်း။
ထိုင်ဟွာကုန်တိုက်သို့ သွားရောက်ရန် ရှန်ကျန်း သို့တည်းမဟုတ် ကွမ်ကျုံးသို့ ရထားဖြင့် အသွားအပြန် လုပ်ရမည်လော။
သို့ရာတွင် ဖူကွမ်းကျန့်သည် ကွမ်းကျုံးတွင် သင့်တော်သည့် နေရာတစ်ခု စတင်ရှာဖွေနေပေသည်။ ကွမ်ကျုံး၏ လူဦးရေတိုးလာမည်ဖြစ်ပြီး နောင်တွင် ထိပ်တန်း စက်မှုမြို့တော် ဖြစ်လာလိမ့်မည်ဟု သူယုံကြည်ပေသည်။
စက်ရုံအလုပ်သမားများ၏ ဘဝသည် ခက်ခဲ ကြမ်းတမ်းခဲ့ပြီး အများစုမှာ ငတ်ပြတ်နေပေသည်။ ဈေးပေါသည့် ပစ္စည်းများ စုဆောင်းရသည်ကို နှစ်သက်ကြပေသည်။ (၁၀)ဆင့်၊ ဆင့်(၂၀)သက်သာရေးအတွက် ခရီးဝေးသို့ ဈေးဝယ်ထွက်ကြမည် မဟုတ်ချေ။
ဖုန်းယွီ ဖုန်းကောက်ဆက်လိုက်သည်။
“မန်နေဂျာလျို.. ကျုပ် ဖုန်းယွီပါ.. ခင်ဗျား ပေကျင်းမှာပဲလား.. ကျုပ်တစ်ခုလောက် မေးချင်လို့ပါ.. ဆောင်းဦးပေါက်နဲ့ အမျိုးသားနေ့ အားလပ်ရက်တွေမှာ လီနိုဗို အနေနဲ့ ဝန်ထမ်းတွေကို လက်ဆောင်ပေးဖို့ ရှိလား..”
“အာ.. ဆောင်းဦးပွဲတော်မှာ လမုန့်နဲ့ သစ်သီးတွေ.. အမျိုးသားနေ့ အားလပ်ရက်မှာ အစားအသောက်တွေ ဝေပေးမှာ.. တခါတလေတော့ ငွေပေးတာပေါ့..”
လျိုချွမ်ကျစ် ပြန်ဖြေလိုက်သည်။ ဖုန်းယွီ မိမိအား ဤကိစ္စမေးမြန်းနေသည့်အတွက် အံ့ဩသွားရသည်။
“လမုန့်လား.. သူတို့တွေ စားရတာကြိုက်တယ်ပေါ့..”
ဖုန်းယွီ ပြန်မေးလိုက်သည်။
“ကြိုက်တယ် မကြိုက်ဘူးဆိုတာထက် ဒါက ထုံးစံတစ်ခုပဲလေ.. ဆောင်ဦးပွဲတော်မှာ လမုန့်နဲ့ နဂါးလှေပွဲတော်မှာဆို ထမင်းထုပ်တွေ စားရမှာပဲလေ..”
“ကျုပ် ဆိုလိုတာက ငွေသား.. ဒါမှမဟုတ် ထိုင်ဟွာ ဆေးဝယ်ကတ်တွေ လက်ဆောင်ပေးရင် ပိုကောင်းမယ် မထင်ဘူးလား.. အလုပ်သမားတွေ သူတို့ကိုယ်တိုင် လမုန့် သွားဝယ်စားလို့ရတယ်.. ပြီးခဲ့တဲ့လ ဘဏ္ဍာရေး အစီရင်ခံစာ ကျုပ်ဖတ်ကြည့်သေးတယ်.. ကျုပ်တို့ ကုမ္ပဏီ အရမ်းကောင်းနေတယ်.. ဝန်ထမ်းတွေကို ဒီထက် ပိုကောင်းကောင်းလေး ဆက်ဆံမှ ဖြစ်မယ်..”
“မန်နေဂျာဖုန်း.. ထိုင်ဟွာကုန်တိုက် ရှယ်ယာတွေ မင်းပိုင်ထားတယ်ဆိုတာ ငါသိပါတယ်.. မင်း ဈေးဝယ်ကတ်တွေ ရောင်းချင်တာမို့လာ.. အဲ့လိုပဲ ပြောလိုက်စမ်းပါ.. ဝေ့နေစရာ မလိုပါဘူးကွာ.. ကျန်တဲ့သူတွေနဲ့ ဆွေးနွေးပြီး ဈေးဝယ်ကတ်တွေ ဝယ်ပေးမယ်.. အော.. မင်း အခု ပေကျင်းရောက်နေလား.. မင်းအားရင်း ကုမ္ပဏီကို လာလို့ရမလား.. ငါမင်းနဲ့ ဆွေးနွေးစရာ တစ်ခုရှိနေလို့..”
“အဆင်ပြေပါတယ်.. ဒီနေ့ နေ့လည် သင်ခန်းစာမရှိဘူး.. ကျုပ် ကုမ္ပဏီကို လာလို့ရတယ်..”
*********
ဖုန်းယွီအနေဖြင့် လီနိုဗိုသို့ သွားခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ချေ။ သူ့အနေဖြင့် ထိုနေရာသို့ မသွားလိုချေ။ လျိုချွမ်ကျစ်မှာ အလွန် ပေသီးခေါက်လွန်းလှသည်။ ဖုန်းယွီအတွက် ရုံးခန်းတစ်ခုပင် ခွဲပေးမထားချေ။
ဖုန်းယွီသည်လည်း ထိုနေရာတွင် အလုပ်မလုပ်လိုချေ။ လစဉ်အစည်းအဝေးပင် မတက်ချေ။ အစည်းအဝေးခန်းရှိ နှစ်စဉ် ဘဏ္ဍာရေး အစီရင်ခံစာကို ကြည့်ရှုရန် ပေကျင်း လီနိုဗိုသို့ တစ်ကြိမ်သာ ရောက်ဖူးပေသည်။ ထို့နောက် ချက်ချင်း ပြန်ခဲ့လိုက်သည်။ ထိုနေရာရှိ ဝန်ထမ်း အများစုအနေဖြင့် ဖုန်းယွီသည် ဤကုမ္ပဏီ’ အကြီးဆုံး ရှယ်ယာရှင် မှန်းပင် မသိကြချေ။ သူ့ကို လျိုချွမ်ကျစ်၏ ဆွေးမျိုးဟုသာ ထင်မှတ်နေကြပေသည်။
ဖုန်းယွီ ပေကျင်းလီနိုဗိုသို့ ရောက်လာသည်။ ဧည့်ကြိုကောင်တာမှ ဆီးကြိုလိုက်သည်။
“မစ္စတာဖုန်း..”
လက်ဖက်ရည် တစ်ခွက်ယူကာ အစည်းအဝေးခန်းသို့ ထွက်လာခဲ့လိုက်သည်။ သူ့အနေဖြင့် ဤကုမ္ပဏီ၏ အကြီးဆုံး ရှယ်ယာရှင်တစ်ယောက်ဖြစ်ကြောင်း မဏ္ဍပ်တိုင် တက်ပြနေမည် မဟုတ်ချေ။
“မန်နေဂျာဖုန်း ရောက်လာပြီလား.. မင်းမှာ ငွေပို ရှိသေးလား..”
အခန်းအတွင်း ဝင်လိုက်သည်နှင့် လျှိုချွမ်ကျစ် တမ်းမေးတော့သည်။
ဖုန်းယွီလည်း လျိုချွမ်ကျစ်အား စိတ်ဝင်တစားကြည့်ကာ..
“ဘာဖြစ်လို့လဲ.. ကုမ္ပဏီ ငွေပြတ်သွားလို့လား.. ပြီးခဲ့တဲ့လက ဘဏ္ဍာရေး အစီရင်ခံစာလဲ ကျုပ်ဖတ်ပြီးပါပြီ.. ကောင်းနေတာပဲကို.. ရှယ်ယာတွေ ပြန်ရောင်းမယ့် တစ်ယောက်ယောက် ရှိနေလို့လား.. ဘယ်လောက်ရောင်း မှာလဲ.. ကျုပ်ဝယ်လိုက်မယ်လေ..”
ဖုန်းယွီအနေဖြင့် မည်သူမဆို လီနိုဗိုရှယ်ယာများ ရောင်းချပါက ဝယ်ယူမည်သညပင်။ လီနိုဗို ကွန်ပျူတာ လုပ်ငန်းသည် ကောင်းမွန်လာပြီး နောင်နှစ်တွင် Win95 (ကွန်ပျူတာထိန်းချုပ်စနစ်မော်ဒယ်အမည်) ကိုမိတ်ဆက်ပြီးနောက် ကွန်ပျူတာ သုံးစွဲရ ပို၍ လွယ်ကူသွားပေလိမ့်မည်။ ထိုအချိန်၌ ကမ္ဘာတစ်ဝှမ်းလုံးတွင် ကွန်ပျူတာ ရေပန်းစားလာချိန် ဖြစ်သည်။ အစိုးရ အဖွဲ့အစည်းများ၊ ဘဏ်များ၊ ကုမ္ပဏီများသည်လည်း ကွန်ပျူတာ အမြောက်အများ ဝယ်ယူကြပေလိမ့်မည်။ ဤသည်မှာ လီနိုဗိုအနေဖြင့် တရုတ်ကွန်ပျူတာ ဈေးကွက်ကို သိမ်းပိုက်ရန် အခွင့်အရေး ဖြစ်ပေသည်။
ထို့အပြင် လီနိုဗို ကွန်ပျူတာ များတွင် ဖုန်းယွီ ယခင်ဘဝတွင်ထက် စော၍ Optical Drive များ ပါရှိနေပေသည်။ ဤသည်မှာ သာမန် CD Drive မဟုတ်ချေ။ လီနိုဗို ကွန်ပျူတာများကို VCD Drive များ တပ်ဆင်ထားပေသည်။ ထိုသို့သော အပြင်အဆင်များကြောင့် လီနိုဗို ကျွန်ပျူတာများကို မုန့်ရောင်းသကဲ့သို့ ရောင်းချနိုင်လာပေလိမ့်မည်။
ဤအချိန်သည် လီနိုဗို၏ တောက်ပဆုံး အချိန်ဖြစ်ပေသည်။ မည်သို့သောသူသည် ရှယ်ယာများ မည်သည့်အတွက် ရောင်းချချင်နေသနည်း။
“ရှယ်ယာ ရောင်းချင်လို့ မဟုတ်ပါဘူး.. အစိုးရပိုင်မဟုတ်တဲ့ ဘဏ်တစ်ခု ထူထောင်ချင်တဲ့ လုပ်ငန်းရှင် နည်းနည်း ရှိနေတယ်.. တစ်ယောက်ဆို ကျုပ်မိတ်ဆွေလေ.. သူ မင်းကို ဆက်သွယ်ခိုင်းလို့.. မင်းနဲ့ပူးပေါင်းချင်နေတာ.. မင်းစိတ်ဝင်စားလား..”
ဘဏ်တစ်ခု ဖွင့်မည်လော။ ထိုလူများ ရူးနေပေပြီ။
သို့ရာတွင် ဖုန်းယွီ ယခင်ဘဝက တရုတ်နိုင်ငံတွင် အစိုးရပိုင်မဟုတ်သည့် ဘဏ်တစ်ခု တည်ထောင်ခဲ့ကြောင်း ရုတ်တရက် သတိရမိလိုက်သည်။ ဤဘဏ် ဖြစ်နိုင်သည်လော။
“ကျုပ် စိတ်ဝင်စားပါတယ်.. ဒါပေမယ့် ဒီပူးပေါင်း ဆောင်ရွက်ကြမယ့်သူတွေက ဘယ်သူတွေလဲဆိုတာ ကျုပ်ကို ပြောလို့ရမလား.. ပြီးတော့ သူတို့တွေရဲ့ အတည်ပြုချက် ရနိုင်များ.. အထက်လူကြီးတွေကရော သဘောတူမှာလား..”
“ဗဟို အစိုးရကတော့ ထောက်ခံတယ်.. မဟုတ်ရင် မင်းကို ငါ ဘာလို့မေးမှာလဲ.. ဒါကို အကြံပြုတဲ့သူတွေက စီးပွားရေး လုပ်ငန်း အသိုင်းအဝိုင်းမှာ လူသိများတယ်.. အဲ့ဒါတွေက New Hope အုပ်စုရဲ့ လျိုယောင်ဟို၊ China Life Insurance ကုမ္ပဏီ၊ Giant Interactive အုပ်စုက ရှီသဲကျူ နဲ့ ကျန်တဲ့သူတွေ ပေါ့..”
လျိုချွမ်ကျစ် ရှင်းပြလိုက်သည်။
“ဒါဆို ကျုပ်အကြောင်း ဘယ်လိုသိသွားလဲ..”
ဖုန်းယွီသည်လည်း သိချင်နေပေသည်။ လျိုချွမ်ကျစ် ပြောသည့် လူများတွင် သူတွေ့ဖူးသည်မှာ ရှီသဲကျူ သာ ဖြစ်သော်လည်း တစ်ယောက်နှင့်တစ်ယောက် စကားပင် မပြောဘူးကြချေ။
“တကယ်တော့ လူကျစ်ချမ်းနဲ့ လျိုယုံဟောက် ငါ့ဆီလာကြတာ.. သူတို့နဲ့ ပူးပေါင်းဖို့ လီနိုဗိုကို ဖိတ်ချင်နေတဲ့အပြင် ဘဏ်ဆော့ဖ်ဝဲနဲ့ စနစ်တွေ ဂရုစိုက်ဖို့ပေါ့.. ဒါပေမယ့် အခုက လီနိုဗိုအတွက် အရမ်း အရေးကြီးနေတဲ့ အချိန်လေ.. ငါတို့ ရန်ပုံငွေတွေအားလုံး ကုမ္ပဏီထဲမှာ ပြန်ပြီး ရင်းနှီးမြုပ်နှံထားတော့ ရန်ပုံငွေ အပိုမရှိဘူး.. ခက်တာက ဒါ အခွင့်အရေးကောင်း တစ်ခုလို့ ငါထင်တယ်.. အဲ့ဒါကြောင့်ပဲ ငါကိုယ်တိုင် သူတို့ကို အကြံပေးလိုက်တာ.. ငွေရေး ကြေးရေးအရဆို မင်းက ဒီအထဲမှာ အချမ်းသာဆုံးဖြစ်လိမ့်မယ် ထင်တယ်..”
လျိုချွမ်ကျစ် ဖုန်းယွီထံတွင် ငွေကြေး မည်မျှ ရှိမည်ကို မှန်းဆနေပေသည်။ သူ့ထံ၌ အချက်အလက် ကိန်းဂဏန်း တစ်ခုမှမရှိသော်လည်း ဖုန်းယွီသည် မိုက္ခရိုဆော့ဖ်၏ တတိယအကြီးဆုံး ရှယ်ယာရှင် ဖြစ်ကြောင်း သိထားပေသည်။
ဖုန်းယွီသည် တရုတ်နိုင်ငံ တစ်ဝှမ်းရှိ စက်ရုံများနှင့် ကုမ္ပဏီများကို ပိုင်ဆိုင်ထားပေသည်။ အဆက်အသွယ် အများအပြား ရှိနေပေလိမ့်မည်။ ဖုန်းယွီသည် ဤလုပ်ငန်းတွင် ပါဝင်ပါက ဘဏ်သည် အဆင်ပြေပြေဖြင့် ဖွံ့ဖြိုး တိုးတက်လာနိုင်မည် ဖြစ်ပေသည်။ ဤသည်မှာ လျိုချွမ်ကျစ် ဖုန်းယွီအား ဖုန်းဆက်ခေါ်ရသည့် အကြောင်းအရင်း ဖြစ်တော့သည်။
“ဘဏ်နာမည် ဘယ်လိုပေးထားလဲ..”
“တရုတ် မင်ရှန့်ဘဏ်..”
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)