← Chapters

ကွမ်းချိုက် စီမံကိန်း

Vol. 45 Ch. 663

ကွမ်းချိုက် စီမံကိန်း

Vol. 45 Ch. 663

လျိုယုံဟောက် မျက်မှောင်ကြုတ်လိုက်သည်။ ဖုန်းယွီ မည်သည်ကို ဆိုလိုသနည်း။ ဤသည်မှာ မိမိ မိသားစု ကိစ္စဖြစ်ပေသည်။ သူနှင့် မည်သို့ သက်ဆိုင်သနည်း။ သို့ရာတွင် ဤဖုန်းဘွီသည် New Hope အုပ်စု တွေ့ကြုံ နေရသည့် အကြီးဆုံး ပြဿနာကို မီးမောင်းထိုးပြနေပေသည်။ ညီအစ်ကို (၄)ယောက်သည် ဤကုမ္ပဏီကို အတူတကွ တည်ထောင်ခဲ့သော်လည်း အစုရှယ်ယာများကို ရှင်းရှင်းလင်းလင်း ခွဲဝေမထားသဖြင့် ကုမ္ပဏီကို စီမံခန့်ခွဲသည့်အခါ ပြဿနာ သိသိသာသာ ရှိနေပေသည်။

(၁၉၉၂)ခုနှစ်တွင် လျိုယုံဟောက်သည် ဤပြဿနာကို မြင်ကာ ကုမ္ပဏီကို စီမံခန့်ခွဲရန်အတွက် ပြင်ပမှ လူကို ငှားရမ်းခဲ့ပေသည်။ သို့ရာတွင် မိသားစု စီးပွားရေး၌ အကြီးမားဆုံး ပြဿနာသည် ညီအစ်ကိုများ အမြင်မတူခြင်းပင်။ ထို့အပြင် ၎င်းတို့အားလုံးသည် အိမ်ထောင်သည်များဖြစ်ကာ မိသာစုကိုယ်စီရှိပြီး ဤကုမ္ပဏီ၏ အနာဂတ် အမွေ ဆက်ခံမှုနှင့် ပြဿနာများ ရှိနေပေသည်။ ဤသည်မှာ လက်ရှိ ရင်ဆိုင်နေရသည့် ပြဿနာများပင်။

ညီအစ်ကို (၄)ယောက်သာ ရှိပါက ဤပြဿနာများကို အမြတ်ဆုံး ဖြေရှင်းနိုင်မည်ဖြစ်သည်။ သို့ရာတွင် ယခုမူ မိသားစု (၄)ခုရှိနေပေသည်။ ဤသည်မှာ လျိုယုံဟောက်အတွက် ခေါင်းကိုက်စရာပင်။

“ဒီကိစ္စ ငါကောင်းကောင်း ထိန်းနိုင်ပါတယ်.. ကျုပ်အတွက် စိတ်ပူစရာ မလိုပါဘူး..”

လျိုယုံဟောက် ပြန်ဖြေသည့် လေသံတွင် စိတ်တိုသံများ ပါလာပေသည်။

“ကျုပ်က ကုမ္ပဏီ စီမံခန့်ခွဲဖို့ အဆင်မပြေဘူး.. အဖေလဲ အတူတူပဲ.. ဒါကြောင့် ရင်းနှီးမြုပ်နှံမှုတွေ အများကြီးလုပ်ပြီး ဘယ်ကုမ္ပဏီကိုမှ စီမံခန့်ခွဲမှု မလုပ်ခဲ့ဘူး.. ခင်ဗျားကို အကြံပေးချင်တာက စောစော လမ်းခွဲဖို့ပဲ.. နောက်ပိုင်းဆို ညီအစ်ကိုတွေကြားက ဆက်ဆံရေး ယိုယွင်းလာနိုင်တယ်.. အနိမ့်ဆုံးအဆင့် လုပ်သင့်တာကတော့ ရှယ်ယာတွေ သေချာခွဲပြီး ဈေးကွက်ခွဲဖို့ပေါ့.. ဒါပေမယ့် ခင်ဗျားက ရှယ်ယာအများစု ပိုင်သင့်တယ်.. ခင်ဗျားမရှိရင် New Hope အုပ်စုဆိုတာ ရှိမှာ မဟုတ်ဘူး..”

ဖုန်းယွီစကားများကို လျိုယုံဟောက် ကြားနေပေသည်။ ဤသည်ကို သူလုပ်ချင်နေခြင်းပင်။ ညီများနှင့် ပြတ်ပြတ်သားသား မပြောထားပါက လုပ်ငန်းပိုကြီးလာသည့်အချိန်တွင် လမ်းခွဲရန် ခက်ခဲပေလိမ့်မည်။ အနည်းဆုံး သူ့ညီများသည် ယခုအချိန်ထိ နားထောင်နေကြဆဲပင်။ နောက်ထပ် နှစ်နည်းနည်းကြာလာပါက ကလေးများ အားလုံး ကြီးပြင်းလာကြပြီး ပြောင်းလဲသွားကြပေလိမ့်မည်။

ထို မန်နေဂျာဖုန်း ဆိုသူသည် သူ့ကုမ္ပဏီများကို စီမံခန့်ခွဲမှု မလုပ်ခဲ့သလော။ ဤသည်က ထူးဆန်းလွန်းပေသည်။ မည်သည့် သူဌေးသည် သူ့လုပ်ပိုင်ခွင့်ကို တခြားတစ်ယောက်ထံ လွှဲပေးထားသနည်း။ သို့ရာတွင် လျိုချွမ်ကျစ်သည် မန်နေဂျာဖုန်း၏ လုပ်ငန်းများအားလုံး ကောင်းမွန်ကြောင်း ပြောထားပေသည်။ ဤသည်ကပင် သူ့လျို့ဝှက်နည်း တစ်ခုပေလော။

ထို အဆင့်မြင့် စီမံခန့်ခွဲရေး ဝန်ထမ်းများ၏ စကားများကိုသာ နားထောင်၍ ကိုယ်တိုင် ဆုံးဖြတ်ချက် ချခြင်းများ အားလုံး ရပ်ဆိုင်းသင့်ပြီလော။

“မန်နေဂျာဖုန်း.. မင်းအကြံပေးတဲ့အတွက် ကျေးဇူးပါ.. ငါစဉ်းစားလိုက်မယ်..”

“မစ္စတာလျူ ကွမ်းချိုက် စီမံကိန်း တည်ထောင်ဖို့ လုပ်နေတယ် ကြားထားတယ်.. ကျုပ် ပါဖို့ အရည်အချင်း ပြည့်လားမသိဘူး..”

ဖုန်းယွီ ပြုံးရင်း မေးလိုက်သည်။

ဖုန်းယွီ လျူယုံဟောက် ဤစီမံကိန်းကို အခြားသော စွန့်ဦးတီထွင်သူ (၉)ယောက်ဖြင့် စတင်ခဲ့သည်။ ဤစီမံကိန်း သည် တရုတ်နိုင်ငံရှိ ဆင်းရဲနွမ်းပါးသူများကို ကူညီရန် ဖြစ်သည်။ အထူးသဖြင့် ကျေးလက်တောရွာရှိ လူများစွာကို ကူညီပေးခဲ့ပေသည်။

လျိုယုံဟောက်သည် တရုတ်တိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်နှင့် အမျိုးသား ပြည်သူ့ကွန်ဂရက် အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပေသည်။ ကျန် လုပ်ငန်းရှင် (၉)ဦးသည်လည်း ထို့အတူသာပင်။ ဤကွမ်းချိုက် စီမံကိန်း ထူထောင်ရခြင်းမှာ သူ့အနေဖြင့် အကြောင်းပြချက်များ ရှိကောင်း ရှိနိုင်သော်လည်း ဖုန်းယွီမှာမူ ဆင်းရဲနွမ်းပါး ဒေသများကို ကူညီက ပရဟိတ လုပ်ငန်းများ လုပ်ကိုင်လိုကြောင်း စိတ်ရင်းမှန်ဖြင့် ယုံကြည်မှုအပြည့် ပူးပေါင်းချင်ပေသည်။

ကွမ်းချိုက်စီမံကိန်းသည် လူသန်း(၈၀)ကို ဆင်းရဲတွင်းမှ လွတ်မြောက်ရေး၊ အစိုးရ၏ (၇)နှစ်ကြာ အစီအစဉ် (၁၉၉၄-၂၀၀၀)ကို ပံ့ပိုးကူညီရန် တည်ထောင်ထားခြင်းဖြစ်သည်။ ကွမ်းချိုက် စီမံကိန်း၏ ရည်ရွယ်ချက်မှာ ဆင်းရဲမွဲတေမှု ပပျောက်ရေး ဖြစ်သည်။ ၎င်းတို့သည် ပုဂ္ဂလိက လုပ်ငန်းများ ဖြစ်ပြီး ကျေးလက်နှင့် ဆင်းရဲနွမ်းပါးသော ဒေသများတွင် ရင်းနှီးမြုပ်နှံခဲ့ကြပေသည်။

သာမန်လူတန်းစားများ အမြင်အရ ဤကွမ်းချိုပ် စီမံကိန်းသည် ဆင်းရဲနွမ်းပါးသော ဒေသများတွင် စီးပွားရေးအရ ရင်းနှီးမြုပ်နှံရန် စီးပွားရေးသမားများကို တောင်းဆိုခြင်းဖြစ်သည်။ ဤသည်မှာ ဒေသအတွင်းရှိ ပြည်သူများကို ထောက်ပံ့ကူညီခြင်း သို့တည်းမဟုတ် သက်သာချောင်ချိရေး ပေးခြင်းမျိုး မဟုတ်ချေ။ ရင်းနှီးမြုပ်နှံမှုများ အားလုံး ပြန်ရမည်ဖြစ်ပေသည်။ သို့ရာတွင် အမြတ်အစွန်းမှာမူ အလွန်းနည်းပါးခြင်း သို့တည်းမဟုတ် အမြတ်အစွန်းမြင်ရရန် အချိန်အလွန် ကြာမြင့်ပေလိမ့်မည်။

ဖုန်းယွီသည် ကွမ်းချိုက် စီမံကိန်းကို စိတ်ဝင်စားသဖြင့် ကွမ်းချိုက် စီမံကိန်းသည် ပညာရေးကို အလေးပေးပေသည်။ ဤသည်မှာ ဖုန်းယွီ၏ အတွေးနှင့် တူညီနေပေသည်။ ဖုန်းယွီသည် ကွမ်းချိုက် စီမံကိန်းတွင် ပါဝင်ချင်ပေသည်။ အမြတ်ထွက်မည် ဆိုပါက အနောက်ဘက် ပြည်နယ်များတွင် စက်ရုံများ ထူထောင်ရန် စိတ်ဝင်စားမည် မဟုတ်ချေ။

နောင်တွင် ကွမ်းချိုက် စီမံကိန်းအဖွဲ့သည် ကုလသမဂ္ဂထံမှပင် ဆုများ ရရှိမည် ဖြစ်ပေသည်။

ဖုန်းယွီသည် ကွမ်းချိုက် စီမံကိန်းတွင် ပါဝင်ချင်ကြောင်း ကြားလိုက်သည့်အခါ လျိုယုံဟောက် အံ့ဩသွားသည်။ အများအားဖြင့် စီးပွားရေးသမားများသည် အမြတ်အစွန်းကိုသာ ဦးစားပေးသူ အဖြစ် သိမြင်ထားရပေသည်။ သို့ရာတွင် ဤမန်နေဂျာဖုန်းသည် မတူကွဲပြားနေသည်လော။

“ပြဿနာမရှိပါဘူး.. စီမံကိန်းနဲ့ ပတ်သက်ပြီး မင်းကို အကြံပေးမယ်.. ဒါပေမယ့် စီမံကိန်းကနေ ပြန်ရမယ့် ငွေက မမြင့်သလို အချိန်တော်တော် ကြာတယ်ဆိုတာ မင်းသိထားရဲ့လား.. ပြီးတော့ နှစ်တိုင်း နှစ်တိုင်း ငွေ ဒါမှမဟုတ် ထောက်ပံ့ရေး ပစ္စည်းတွေ လှူဒါန်းရမယ်.. ပါချင်တာ သေချာရဲ့လား..”

လျိုယုံဟောက် သေချာ ရှင်းပြလိုက်သည်။

လျိုယုံဟောက်အနေဖြင့် ဖုန်းယွီသည် အနောက်ဘက် ပြည်နယ်များမှ ငွေရျာရန် အစိုးရနှင့် အလုပ်လုပ်နေသည်ဟု ထင်မြင်ကာ ၎င်းတို့၏ ရည်ရွယ်ချက်ကို မေ့သွားလေသည်။ အားလုံးမှာ အမြတ်ရရန် စိတ်မဝင်စားသော်လည်း ဤ စီမံကိန်း၏ ရည်ရွယ်ချက်မှာ ထိုကဲ့သို့ မဟုတ်ချေ။ စီမံကိန်းမှာ ဆင်းရဲနွမ်းပါးသူများကို ကူညီရန်နှင့် ဒေသကို ပြောင်းလဲရန်ဖြစ်သည်။

ဤအစီအစဉ်သည် (၃)နှစ်မှ (၅)နှစ်အထိ ကြာနိုင်ပေသည်။ နှစ်(၃၀)မှ နှစ်(၅၀)ထိလည်း ကြာနိုင်ပေသည်။ ဖုန်းယွီသည် ငယ်လွန်းနေသေးသည်။ ဤမျှ ကိုယ်ချင်းစာစိတ် ရှိနိုင်မည်လော။

“စီချွမ်ပြည်နယ်မှာ ထိုင်ဟွာကုနတိုက် တော်တော်များများ ရှိမယ်ဆိုတာ ကျုပ် မှတ်မိတယ်.. သတိထားမိမလား တော့မသိဘူး.. ကျုပ်တို့ မိသားစုက နှစ်တိုင်း တော်တော်များများ လှူဒါန်းပါတယ်.. ဒါပေမယ့် ခင်ဗျားတို့နဲ့ မတူတာက ပညာရေးကိုပဲ အာရုံစိုက်ထားတယ်.. အဲ့ဒေသတွေရဲ့ မိလ္လာယဉ်ကျေးမှုကိုပါ သေချာ ဂရုစိုက်မယ်လို့ ကြားထားတယ်.. ခင်ဗျားတို့က ကျုပ်တို့ထက် အများကြီး သာပါတယ်..”

ကျန်းမင်မှလည်း..

“မန်နေဂျာဖုန်းက ဒီနှစ်ပိုင်းတွေမှာကိုပဲ ယွမ်သန်း(၁၀၀)ကျော် လှူဒါန်းထားသေးတယ်..”

ကျန်းမင်သည် ဖုန်းယွီ တက္ကသိုလ်များသို့ လှူဒါန်းသည့် သုတေသန ရန်ပုံငွေပေးခြင်းတွင် ပါဝင်ခဲ့ပေသည်။ သေချာသည်မှာ ယွမ်သန်း(၁၀၀)ကျော်ပေသည်။

လျိုယုံဟောက် ပါးစပ် အဟောင်းသားဖြစ်သွားတော့သည်။

“ဘယ်လောက်…. ယွမ် သန်း(၁၀၀)ကျော်လား…”

ဖုန်းယွီသည် ငွေအများအပြား လှူဒန်းချင်နေသည်လော။ နောက်ကွယ်မှ ရည်ရွယ်ချက်သည် မည်သည်နည်း။

ဖုန်းယွီသည် ကျန်းမင် ကြားဝင်နှောက်ပေးသည်ကို ကျေနပ်သော်လည်း မကြည်မသာ မျက်နှာပေးဖြင့်..

“ကျန်းမင်.. ခင်ဗျား ဘာလို့ အဲဒါတွေ ပြောရတာလဲ.. မစ္စတာလျူနဲ့ သူ့မိတ်တွေ လုပ်တာကမှ တကယ့် ပရဟိတ အစစ်ဗျ..”

“မန်နေဂျာဖုန်း .. ခင်ဗျား ဘာလို့ ဒီလောက် ငွေတွေ အများကြီး လှူရတာလဲ..”

လျိုယုံဟောက် စိတ်ဝင်တစား မေးလာပေသည်။ ဖုန်းယွီသည် ရည်ရွယ်ချက်မရှိဘဲ ငွေကြေးများစွာ လှူဒါန်း လိမ့်မည်ဟု လုံးဝ မယုံကြည်ချေ။ ဖုန်းယွီသည် အောင်မြင်သော စီးပွားရေးသမား တစ်ဦးဖြစ်ပြီး မည်သည့် စီးပွားရေး သမားမှ အကျိုးမရှိသည့်အလုပ် မလုပ်ကြချေ။

“နာမည်ကျန်ဖို့နဲ့ မိဘတွေ စိတ်ချမ်းသာရေးပေါ့ဗျာ.. ဆင်းရဲတဲ့ ဒေသက ကလေးတွေကို ဘေးကင်းကင်းနဲ့ ကျောင်း တက်စေချင်တယ်.. ထိုင်ဟွာ စာသင်ကျောင်းတွေမှာ ပညာသင်နေတဲ့ ကျောင်းသားတွေကို နောင်အနာဂတ် တိုင်းပြည်အတွက် အကျိုးပြုစေချင်တာ..”

ဖုန်းယွီ အလေးအနက် ပြန်ဖြေလိုက်သည်။

“မန်နေဂျာဖုန်း.. တကယ်ကို ရက်ရောတာပဲ.. မင်း လုပ်ရပ်တွေကို ငါ လေးစားပါတယ်..”

လျိုယုံဟောက် ဤသည်ကိုသာ ပြောနိုင်တော့သည်။

“ဒါဆိုရင်… မစ္စတာလျို ကွမ်းချိုက် စီမံကိန်းမှာ ပါဝင်ဖို့ မကန့်ကွက်ဘူးမို့လား..”

“ဒါပေါ့.. ဘာငြင်းစရာရှိလဲ.. တစ်ယောက်ယောက်က ငြင်းဝံ့ရင်ကိုပဲ ကျုပ်ကိုယ်တိုင် ကိုယ်ထိလက်ရောက် လုပ်မိလိမ့်မယ်… နောက်နေ့တွေမှ အသေးစိတ်အချက်အလက်တွေ မင်းနဲ့ ကျုပ် ဆွေးနွေးကြတာပေါ့.. စကားလဲ ပြောရတာ ကောင်းတယ်.. ဒီနေ့တွေ့ရတာ တော်တော် ပျော်ရတယ်..”

လျိုယုံဟောက် အော်ပြောလိုက်သည်။

လျိုချွမ်ကျစ်မှာမူ သူတို့နှစ်ယောက် ပျော်ရွှင်စွာ စကားပြောနေကြသည်ကို မြင်ရသည့်အခါ အံ့ဩသွားတော့သည်။ သို့ရာတွင် ၎င်းတို့ မည်သည့် ကိစ္စပြောနေကြသနည်း။ မင်ရှန်ဘဏ်၏ အစုရှယ်ယာ လုပ်ငန်းအကြောင်း ပြောဆို ကြသင့်သည် မဟုတ်ပေလော။ ဘဏ်အတွက် ကွန်ပျူတာစနစ်နှင့် ဆော့ဖ်ဝဲ တပ်ဆင်ခြင်းဆိုင်ရာ စာချုပ်ကို လီနိုဗိုမှ ရရှိနိုင်ရန် မိမိစောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။ သူတို့သည် ကွမ်းချိုက် စီမံကိန်းအကြောင်း တခြားရက်များ တွင် စိတ်ကြိုက် ပြောဆိုနိုင်ပေသည်။

“လျို.. မန်နေဂျာဖုန်း.. ဘဲကင်တွေ ပိုင်းပေထားတယ်.. ပူတုန်းလေး စားလိုက်ကြရအောင်လား.. အေးသွားရင် အရသာ ပြောင်းသွားလိမ့်မယ်…”

လျိုချွမ်ကျစ် စကားဝိုင်းကို ဝင်ဖြတ်လိုက်သည်။

“ဒီ ချွမ်ကျွီသဲ အကြောင်း ပြောရရင် တစ်ယောက်ယောက် ဒီမှာ ရင်းနှီးမြုပ်နှံထားတယ်ဆိုပြီး သတင်းတွေ တော်တော် ထွက်နေတယ်.. ဒါပေမယ့် တော်တော် ကောင်းနေတဲ့ပုံပဲ..”

လျိုယုံဟောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ခင်ဗျား ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်..”

လျိုယုံဟောက် အံ့ဩသွားမိသည်။ မိမိမှာ ချွမ်ကျွီသဲအား ချီးကျူးနေခြင်းဖြစ်သည်။ ဖုန်းယွီနှင့် မည်သို့ သက်ဆိုင် သနည်း။

လျိုချွမ်ကျစ် ဆက်ပြောလိုက်သည်။

“မန်နေဂျာဖုန်းက ချွမ်ကျွီသဲမှာလဲ ရှယ်ယာတွေ အများကြီး ပိုင်ထားတယ်လေ..”

အာ.. မန်နေဂျာဖုန်းသည် လုပ်ငန်းအမျိုးမျိုးတွင် မည်သို့ ပါဝင်နေသနည်း။ သူသည် စက်ယန္တရားနှင့် လျှပ်စစ် လုပ်ငန်းများတွင် လုပ်ကိုင်နေသည်ဟု ပြောထားဖူးပေသည်။ ဤဘဲကင်သည် စက် သို့တည်းမဟုတ် လျှပ်စစ် ပစ္စည်း ဖြစ်နေ၍လော။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters