ဤကုမ္ပဏီများသည် အရည်အချင်း ပြည့်မီပါသလား
Vol. 45 Ch. 664
လျိုချွမ်ကျစ်၏ ဝင်နှောက်မှုမှ လျိုယုံဟောက်သည် ဤတွေ့ဆုံပွဲ၏ ရည်ရွယ်ချက်ကို ပြန်လည် သတိရသွား စေပေသည်။ ဤတွေ့ဆုံဆွေးသည် မင်ရှင် ဘဏ်ထူထောင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် ဖြစ်သည်။ ကွမ်းချိုက် စီမံကိန်း အကြောင်း စကားစပ်မိ၍ မေ့သွားခြင်း ဖြစ်ပေသည်။
“မန်နေဂျာဖုန်း.. မင်းလုပ်ငန်းတွေ ဒီလောက် အောင်မြင်နေလိမ့်မယ်လို့ ငါတကယ်ကို ထင်မထားမိဘူး..”
“အဲ့လောက်ကြီးလဲမဟုတ်ပါဘူး.. နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ ယှဉ်လိုက်ရင် ကျုပ် လုပ်ငန်းတွေက ဘာမှကို မဟုတ်ဘူး.. အရမ်း ကွာခြားလွန်းတယ်..”
“မန်နေဂျာဖုန်းရဲ့ ကုမ္ပဏီတွေတောင် မအောင်မြင်ဘူးဆိုရင် ကျုပ်တို့ ဆိုရင်ရော.. မင်း နိမ့်ချလွန်းနေပါပြီ.. ချွမ်ကျစ်က မင်းကို မင်ရှန် ဘဏ်အကြောင်း ပြောထားတယ်မို့လား.. မင်းအမြင်ကရော ဘယ်လိုလဲ..”
“အဲ့ လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံလို့ရတယ်.. ဒါပေမယ့် ကျုပ်မှာ မေးစရာ တစ်ခုရှိတယ်.. ဘဏ်ကို ဘယ်သူ စီမံခန့်ခွဲ မှာလဲ..”
ဖုန်းယွီ ပြန်မေးလိုက်သည်။
ဖုန်းဘွီ ဘဏ်လုပ်ငန်းနှင့် အလွန်ရင်းနှီးသူကို သိထားပေသည်။ ဤသည်မှာ လီကျယ်ခိုင် ဖြစ်ပေသည်။ ကနေဒါတွင် ရှိစဉ်က ဘဏ်တစ်ခုတွင် အလုပ် လုပ်ဖူးပေသည်။
“ဘဏ်ရဲ့ စီမံခန့်ခွဲရေး အပိုင်းအတွက် စိတ်ပူစရာ မလိုဘူး.. အဓိက ရှယ်ယာရှင်က တရုတ် အသက်အာမခံ ကုမ္ပဏီ ဖြစ်လိမ့်မယ်.. ငါတို့က ဒီလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံယုံပဲ..”
ဤသည်မှာ ဖုန်းယွီ ယခင်ဘဝနှင့် အတူတူသာပင်။ ၎င်းသည် အစိုးရပိုင်မဟုတ်သည့် ဘဏ်ဖြစ်သော်လည်း အကြီးမားဆုံး အစုရှယ်ယာရှင်မှာ အစိုးရပိုင် လုပ်ငန်း တစ်ခု ဖြစ်နေတုန်းပင်။ ဤဘဏ်သည် ပွင့်လင်း မြင်သာမှု ပိုမိုပေါ်လွင်သည့် အစုရှယ်ယာ ဘဏ်တစ်ခုသာ ဖြစ်ပေသည်။
မင်ရှန် ဘဏ်သည် ဖုန်းယွီ ယခင်ဘဝ၌ အတော်လေး အောင်မြင်သောကြောင့် ကောင်းမွန်သည့် ကိစ္စတစ်ခု ဖြစ်သည်။ (၁၉၉၈)ခုနှစ် နောက်ပိုင်းတွင် ထိုဘဏ်သည် လျှင်မြန်စွာ ကြီးထွား လာခဲ့ပေသည်။ ထိုကာလတွင်း တရတ်နိုင်ငံ၏ ဘဏ်အားလုံးနီးပါး လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်လာသည့် အချိန်ကာလ ဖြစ်ပေသည်။
သို့ရာတွင် မင်ရှန်ဘဏ်၏ တိုးတက်မှုကို အဟန့်အတား ဖြစ်စေမည့် ပြဿနာတစ်ခု ရှိနေပေသည်။ ယနေ့ခေတ် ဘဏ်များ၏ တိုးတက်မှုကို ကန့်သတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် မူဝါဒ များလွန်းလှပေသည်။ ၎င်းတွင် ထောက်ပံ့ရေး၊ ရန်ပုံငွေနှင့် အိမ်ရာချေးငွေများ ပါဝင်ပေသည်။ အစပိုင်းတွင် မင်ရှန်ဘဏ်သည် ဤငွေများကို ကိုင်တွယ်ခွင့် မရဘဲ ဘဏ်၏ တိုးတက်မှုကို ကန့်သတ်ထားပေသည်။
မင်ရှန်ဘဏ်သည် ကျန်အစိုးရဘဏ်များကဲ့သို့ လည်ပတ်တော့မည် ဆိုပါက ဖွံ့ဖြိုး တိုးတက်မှုမှာ အလွန် ပိုကောင်းလာမည် ဖြစ်ပေသည်။
တရုတ် အသက်အာမခံ ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ အကြီးမားဆုံး အသက်အာမခံ ကုမ္ပဏီ ဖြစ်လာမည် ဖြစ်ပြီး နောင်တွင် ကမ္ဘာ့ တာန်ဖိုး အမြင့်ဆုံး အာမခံ ကုမ္ပဏီ ဖြစ်လာမည် ဖြစ်သည်။ ကုမ္ပဏီတွင် ရန်ပုံငွေ များစွာ ရှိပေသည်။ ဤကုမ္ပဏီသည် အစုရှယ်ယာရှင် တစ်ယောက်အနေဖြင့် မင်ရှန်ဘဏ်သည် ခိုင်မာသော ဘဏ္ဍာရေး ဆိုင်ရာ ကျောထောက် နောက်ခံ ရှိမည် ဖြစ်သည်။ လာမည့်နှစ်တွင် တရုတ်နိုင်ငံ၏ အာမခံ လုပ်ငန်းကို အကောင်အထည် ဖော်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ အာမခံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့် ဆောင်ရွက်နိုင်ပေ လိမ့်မည်။ တရုတ် အသက်အာမခံ ကုမ္ပဏီသည် အမြတ်အစွန်းများ သိသိသာသာ တိုးလာပေလိမ့်မည်။
အာမခံနှင့် ဘဏ်လုပ်ငန်းကို ပေါင်းစပ်ခြင်းသည် နိုင်ငံရပ်ခြားတွင် အောင်မြင်သော ပုံစံ တစ်ခုဖြစ်ပေသည်။ ဘဏ်များသည် ချေးငွေထုတ်ပေးရန်နှင့် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန်အတွက် ဖောက်သည်များသည် အာမခံများ သုံးရမည် ဖြစ်သည်။ ပြန်လည်ပေးဆပ်ငွေများကို အာမခံတောင်းဆိုခြင်းများကိုလည်း ပေးဆောင်ရန် သုံးနိုင်ပေသည်။ ဘဏ်များမရှိပါက ကုမ္ပဏီမှ အာမခံကြေး မည်သို့ ပြုလုပ်ကြမည်နည်း။ အတိုးအတွက် ဘဏ်တွင် အပ်ထားကြမည်လော။
တရုတ်အစိုးရသည် အာမခံလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေလိုပြီး မင်ရှန်ဘဏ်ကို သွယ်ဝှိက်သောနည်းဖြင့် ဖွံ့ဖြိုးတိုးတက်ရန် ခွင့်ပြုခဲ့သည်။ ထိုဘဏ်ကို ထူထောင်မည့် လုပ်ငန်းရှင်များကြောင့် မဟုတ်ချေ။
“ဒီဘဏ်အတွက် ကနဦး ရင်းနှီးမြုပ်နှံငွေက ဘယ်လိုလဲ.. ဒီလုပ်ငန်းအတွက် ကုမ္ပဏီ ဘယ်နှစ်ခု လိုလဲ.. ပြီးတော့ ကျုပ်တို့ ပိုင်နိုင်တဲ့ အစုရှယ်ယာ အများဆုံး ပမာဏကရော ဘယ်လောက်ရှိလဲ..”
ဖုန်းယွီ ဆက်တိုက် မေးလိုက်သည်။
ချုပ်ကိုင်ထားသည့် အစုရှယ်ယာများ ရယူရန် သို့တည်းမဟုတ် အဓိက ရှယ်ယာရှင်ဖြစ်ရန် မဖြစ်နိုင်ချေ။ သို့ရာတွင် ဖုန်းယွီသည် ဤဘဏ်တွင် ရင်းနှီးမြုပ်နှံရန် ကုမ္ပဏီများစွာ သုံးနိုင်ပြီး ဒါရိုက်တာ ဘုတ်အဖွဲ့တွင် နေရာ အများအပြား သိမ်းပိုက်နိုင်ပေသည်။ သူ့အနေဖြင့် ဘဏ်အပေါ်တွင် ဩဇာသက်ရောက်နိုင်ပေသည်။
ဖုန်းယွီသည် ဘဏ်၏ လုပ်ငန်းကိစ္စများ ဝင်ရောက် စွက်ဖက်လိုခြင်း မရှိသည့်အပြင် အစိုးရကလည်း ထိုသို့ လုပ်ခွင့် ပေးမည် မဟုတ်ချေ။ သို့ရာတွင် တခြားလူများအား ဘဏ်နှင့် လုပ်ချင်ရာလုပ်ခွင့် မပေးလိုသကဲ့သို့ အကြံပြုချက် များကိုလည်း နားထောင်မည် မဟုတ်ချေ။
“ကနဦး မှတ်ပုံတင်ထားတဲ့ အရင်းအနှီးက ယွမ် (၁၀)ဘီလီယံ၊ အများဆုံး အစုရှယ်ယာ ပိုင်ဆိုင်နိုင်မှုက (၄၉)ရာခိုင်နှုန်း.. ဒါပေမယ့် အနာဂတ်မှာ ရှယ်ယာတွေ ရောင်းတာနဲ့ ပတ်သက်ပြီး ကန့်သတ်ထားတဲ့ စည်းမျဉ်း မရှိဘူး.. ကုမ္ပဏီ အရေအတွက် ကန့်သတ်ချက် မရှိပေမယ့် အနည်းဆုံး ကုမ္ပဏီ (၁၀)ခုကနေ (၂၀)လောက် လိုချင်တာ.. အဲ့လိုနည်းနဲ့မှ စွန့်စားရတဲ့ပြဿနာ နည်းသွားနိုင်မယ်လေ..”
လျိုယုံဟောက် သေချာ ရှင်းပြပေးသည်။
ယွမ် (၁၀)ဘီလီယံငွေ ဆိုသည်မှာ ဖုန်းယွီအတွက် ဘာမှ မဟုတ်ပေ။ သို့ရာတွင် ယခုအချိန်၌ အများကြီး ရင်းနှီးမြုပ်နှံရန် မထိုက်တန်ချေ။ ဖုန်းယွီသည် သူ့ကိုယ်ပိုင် ရုရှားရန်ပုံငွေ၊ အမေရိကန် ရန်ပုံငွေနှင့် သူ့ကိုယ်ပိုင် ငွေထဲမှပင် ယွမ် (၁၀)ဘီလီယံ အလွယ်တကူ ထုတ်သုံးနိုင်ပေသည်။
သို့ရာတွင် တရုတ်၏ လက်ရှိစီးပွားရေး အခြေအနေနှင့် မင်ရှန်ဘဏ်၏ ပြိုင်ဘက် အရေအတွက်အရ ဘဏ်၏ အမြတ်အစွန်း လျော့နည်းစေပေလိမ့်မည်။ သို့ရာတွင် ဘဏ်သည် ပုံမှန် လည်ပတ်နေပါက ငွေဆုံးရှုံးနိုင်ခြေ နည်းပါး မည်ဖြစ်ပေသည်။
ဘဏ်များတွင် ရင်းနှီးမြုပ်နှံခြင်းသည် နောင်အနားဂတ်အတွက် ဖြစ်သည်။ ဖုန်းယွီသည် မင်ရှန်ဘဏ်၏ အဓိက ရှယ်ယာရှင် ဖြစ်လာပါက ၎င်း၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုနှင့် အရင်းအနှီး မြှင့်တင်ရန်အတွက် ပို၍ လွယ်ကူလာမည် ဖြစ်သည်။ ထို့အပြင် ဘဏ်လုပ်ငန်းသည် အစိုးရနှင့် နီးကပ်စွာ ဆက်စပ်နေပေသည်။ ဖုန်းယွီသည် အစိုးရ၏ မူဝါဒများကို ကိုယ်တိုင်ကိုယ်ကျ သတင်းရယူနိုင်ပေလိမ့်မည်။ ဤသည်က ရင်းနှီးမြုပ်နှံမှုများအပေါ် သိသိသာသာ သက်ရောက်မှု ရှိပေလိမ့်မည်။
ဖုန်းယွီသည် ထိုစီးပွားရေးလုပ်ငန်းရှင်များသည် ဤလုပ်ငန်းတွင် ပါဝင်ခဲ့ခြင်းမှာ အစိုးရ၏ အနာဂတ် အစီအစဉ်များနှင့် ဦးတည်ချက်များ သိရှိခြင်း ဖြစ်သည်ဟု သံသယရှိနေပေသည်။ အဘယ့်ကြောင့် ဟူမူ ဘဏ်လုပ်ငန်းသည် ယခုအချိန်တွင် အမြတ်အစွန်းရသော လုပ်ငန်းမဟုတ်သောကြောင့် ဖြစ်သည်။ သို့ရာတွင် နောင်အချိန် ဘဏ်စာရင်းဝင်ရန်နှင့် စီမံခန့်ခွဲမှုများ မိတ်ဆက်လိုက်ပါက အမြတ်အစွန်း ရရှိမည် ဖြစ်ပေသည်။
“မစ္စတာလျို… ပါဝင်မယ့် တခြား သူဌေးတွေ .. ဒါမှမဟုတ် ကုမ္ပဏီတွေနဲ့ မိတ်ဆက်ပေးလို့ရမလား.. ဟောင်ကောင် စီးပွားရေး လုပ်ငန်းရှင်တွေရော ပါလို့ရမလား..”
ဖုန်းယွီ မေးလိုက်သည်။
“ဟောင်ကောင်က စီးပွားရေးသမားတွေလား.. မရနိုင်ဘူးထင်တယ်.. ဟောင်ကောင်က တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်း ဆိုပေမယ့် လက်ရှိ မူဝါဒတွေမှာ နည်းနည်းလေး ကွာခြားနေသေးတယ်.. တစ်နိင်ငံတည်း စနစ်(၂)ခုနဲ့.. ပြီးတော့ ဟောင်ကောင်က တရုတ်နိုင်ငံကို ပြန်မရောက်သေးဘူး.. လုပ်ငန်းရှင်က ရုတ်တရက် နိုင်ငံသား ခံယူလိုက်ရင် ဘယ်လိုလုပ်မလဲ..”
“ငါတို့နိုင်ငံမျာ နိုင်ငံခြား ဘဏ်တွေ ရှိတယ်လေ..”
“ဒီ မင်ရှန်ဘဏ်က မတူဘူးလေ.. တရုတ် အသက်အာမခံ ကုမ္ပဏီ ပါတယ်.. ဘယ်နိုင်ငံခြား ရန်ပုံငွေမှ လွှမ်းမိုးနိုင်မှာ မဟုတ်ဘူး.. စီးပွားရေးသမားတွေ ဒါမှမဟုတ် လုပ်ငန်းအုပ်စုရှင်ကြီးတွေကို အကြံပေးချင်ရင်တော့ ကောင်းပါတယ်.. ဒါပေမယ့် ကုမ္ပဏီတွေက သန့်ရှင်းပြီး ငွေကြေး အလုံအလောက် ရှိမှ ရမယ်.. အရေးအကြီးဆုံးက အဲ့ကုမ္ပဏီတွေဟာ တရုတ်ကုမ္ပဏီတွေ ဖြစ်ရမယ်..”
“ကုမ္ပဏီတွေမှာ ဟောင်ကောင်က ရှယ်ယာရှင်တွေ ရှိနေရင်ရော ရလား.. အဓိကရှယ်ယာရှင်ကတော့ တရုတ်ပဲ.. အဲလိုဆိုရင်ရော ခွင့်ပြုနိုင်လားမသိဘူး..”
“အဲဒါတော့ ဖော်ပြထားတာ မရှိဘူး.. ငါ မေးပြီး ပြန်ဖြေပေးမယ်လေ.. ဘယ်ကုမ္ပဏီတွေလဲ..”
လျိုယုံဟောက် ပြန်မေးရတော့သည်။
“ပမ့်မြို့တော် ယန္တရား ကုမ္ပဏီ၊ လေနှင့်မိုး လျှပ်စစ်၊ အိုက်ဝါ လျှပ်စစ်၊ လေနှင့်မိုး အိမ်သုံးပစ္စည်း၊ အဲ့ဒါတွေ အပြင် လီဟဟ အုပ်စု၊ အိုက်ဝါ မင်းဆိုးလေး၊ ထိုင်ဟွာကုန်သွယ်ရေး၊ ထုင်ဟွာ စိုက်ပျိုးရေး ပစ္စည်း၊ ထိုင်ဟွာကုန်တိုက် အုပ်စု၊ ပမ့်မြို့တော် ဆေးဝါးလုပ်ငန်း၊ လေနှင့်မိုး သယ်ယူပို့ဆောင်ရေး၊ ချွမ်ကျွီသဲအဖွဲ့ တွေ..”
လျိုယုံဟောက်သည် ပထမဆုံး ကုမ္ပဏီ အနည်းငယ် ကြားရပြီး ထိုကုမ္ပဏီများတွင် ဖုန်းယွီ၏ ရှယ်ယာများ ရှိကြောင်း သူသိထားပေသည်။ ဖုန်းယွီသည် ရှယ်ယာများကို ထိန်းချုပ်ထားနိုင်သည်။ ကုမ္ပဏီ၏ အမည်များ ပြောပြနိုင်ပေသည်။ လေနှင့်မိုး၊ အိုက်ဝါ၊ ထိုင်ဟွာ စသည့် ကုမ်ပဏီများသည် ဖုန်းယွီနှင့် ဆက်စပ် နေရပေလိမ့်မည်။ သို့ရာတွင် ကုမ္ပဏီ ဤမျှ အများကြီး ရှိမည် မထင်မိချေ။
လျိုယုံဟောက် ဖုန်းယွီတွင် ပမ့်မြို့တော် စက်ယန္တရားကုမ္ပဏီတွင် ရှယ်ယာ ပါရှိကြောင်း သိထားပေသည်။ သို့ရာတွင် လီဟဟ အုပ်စု၊ ပမ့်မြို့တော် ဆေးဝါးကုမ္ပဏီတို့သည် ဖုန်းယွီနှင့် ဆက်စပ်နေသည်လော။
လျိုယုံဟောက်သည် လီဟဟ၏ ကျန်းချင်ရှန် ကုမ္ပဏီကို ဖွံ့ဖြိုးအောင် လုပ်ဆောင်ခြင်းအတွက် သဘောကျခဲ့သည်။ လီဟဟသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး တရုတ်နိုင်ငံ၏ ထိပ်တန်း ကုမ္ပဏီများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။ ဖုန်းယွီသည် ထိုကုမ္ပဏီတွင် ရှယ်ယာများ ရှိနေသည်လော။ ကျန်းချင်ရှန်းသာ သိပေလိမ့်မည်။
ပမ့်မြို့တော် ဆေးဝါးကုမ္ပဏီကို ပြီးခဲ့သည့် နှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ၎င်းထုတ်လုပ်သည့် လုပ်ငန်းများ သည် အလွန်ရေပန်းစားပြီး အမြတ်အစွန်း များစွာ ရနိုင်ပေလောက်သည်။ ဖုန်းယွီနှင့် ပတ်သက်နေပြန်သည်။
ဖုန်းယွီသည် မည်သည့်အတွက် ကုမ္ပဏီအများအပြား အကြံပြုနေရသည်နည်း။ သူသည် ထိုကုမ္ပဏီများအားလုံးကို လုပ်ငန်းတွင် ပူးပေါင်းကာ ဒါရိုက်တာ ဘုတ်အဖွဲ့တွင် ထိုင်ခုံရချင်နေသည်လော။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)