← Chapters

အဒေါ့ဖ် စိတ်ပျက်ခြင်း

Vol. 45 Ch. 666

အဒေါ့ဖ် စိတ်ပျက်ခြင်း

Vol. 45 Ch. 666

အာရှ Carrefour ဥက္ကဋ္ဌ အဒေါ့ဖ်သည် စားပွဲပေါ်ရှိ အစီရင်ခံစာကို ဖတ်ကြည့်ပြီး စိတ်ပျက်လာသည်။

မည်သို့ ဖြစ်သနည်း။ တရုတ်တွင် ထိုကဲ့သို့ ကုမ္ပဏီမျိုး မည်သည့်နေရာမှ ရောက်လာသနည်း။ ဤကုမ္ပဏီသည် ကုန်တိုက်ခွဲများစွာဖြင့် ကုန်တိုက် လုပ်ငန်းအုပ်စု တည်ထောင်ခဲ့သည်။

အဒေါ့ဖ်သည် ဤကုမ္ပဏီမှ ကုန်တိုက်နေရာများကို မငှားဘဲ အရောင်းစင်တာများကို မည်သည့်အတွက် ဝယ်လိုက်ကြောင်း နားမလည်နိုင်ချေ။ ၎င်းတို့သည် ကုန်တိုက်ကို အဓိကရည်မှန်းချက်အဖြစ် အသုံးပြု၍ မဟာကုန်တိုက်အုပ်စု ထူထောင်ခဲ့ကြသည်။ ဤသည်မှာ Carrefour ၏ ပုံမှန်အလေ့အကျင့်တစ်ခု မဟုတ်ပေလော။

အဒေါ့ဖ်သည် ထိုင်ဟွာ ကုန်တိုက်လုပ်ငန်းစုကို စုံစမ်းစစ်ဆေးရန် လူတစ်ယောက် စေလွှတ်ခဲ့သည်။ ထို ကုန်တိုက်သည် Carrefour နှင့်ဆင်တူကာ လည်ပတ်မှုပုံစံ၊ ဝင်ငွေအရင်းအမြစ်၊ စီမံခန့်ခွဲမှု စသည်တို့သည်ပင် ထပ်တူနီးပါး ဖြစ်နေပေသည်။

လက်ရှိခေတ် Carrefour သည် နောင်နှစ်များလောက် မကြီးမားသေးချေ။ Carrefour တွင်လည်း နေ့စဉ် အရောင်းမြှင့်တင်ရေးများ ရှိသော်လည်း ထိုင်ဟွာကုန်တိုက်နှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်တော့ချေ။

ထိုင်ဟွာကုန်တိုက်၏ ထုတ်ကုန်များသည် ကွဲပြားပေသည်။ ၎င်းတို့၏ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက် များသည် Carrefour ထက် ပိုသာပေသည်။

Carrefour သည် တရုတ်ဈေးကွက်ကို ကနဦးပိုင်းတွင်သာ သုတေသန ပြုခဲ့ပေသည်။ ပြင်သစ်နှင့် တရုတ်အစိုးရ တို့သည် ရင်းနှီးမှုမရှိကြဘဲ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ခပ်များများမရှိချေ။ ဤသည်မှာ ဂျာမနီနှင့် တရုတ် ဆက်ဆံရေးကြောင့် ဖြစ်နိုင်ပေသည်။ ပြင်သစ်နှင့် ဂျာမနီတို့သည် ယခင်က သဟဇာတဖြစ်သော ဆက်ဆံရေးမျိုး မရှိခဲ့သည်ကို တစ်ကမ္ဘာလုံး သိကြပေသည်။

သို့ရာတွင် ယခုအခါ၌မူ ပြင်သစ်နှင့် တရုတ်အကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာကာ Carrefour သည် ဈေးကွက် စမ်းသပ်ရန် လာမည့် (၂)နှစ်အတွင်း တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ပေသည်။ သို့ရာတွင် ၎င်းတို့ နောက်ကျနေပြီဖြစ်ကြောင်း သိလိုက်ရပေသည်။ သင့်လျော်သည့် နေရာများ ရှာဖွေနေချိန်တွင် ထိုင်ဟွာကုန်တိုက် ရုတ်တရက် ပေါ်လာပေသည်။

ဤထိုင်ဟွာ ကုန်တိုက်လုပ်ငန်းစုသည် ရူးသွပ်လွန်းပေသည်။ ဤမျှလောက် များပြားသည့် မဟာကုန်တိုက်ကြီးများ နှင့် မဟာကုန်တိုက်ခွဲများကို မည်သို့သောသူက တစ်ပြိုင်နက်တည်း တည်ထောင်မည်နည်း။ အရှုံးပေါ်မည်ကို မစိုးရိမ်ကြသည်လော။

Carrefour သည် ထိုင်ဟွာကုန်တိုက်၏ နောက်ခံကို ဖော်ထုတ်ကြည့်ရာ ဟောင်ကောင်၏ မဟာလူသားလီပင် ရှယ်ယာများ ပါဝင်ကြောင်း တွေ့လိုက်ရသည်။ မဟာလူသားလီသည် ကမ္ဘာတစ်ဝှမ်း လူသိများသော စီးပွားရေး သမားတစ်ယောက်ဖြစ်ပေသည်။ သူသည် အာရှတွင် အလွန်ဩဇာကြီးကာ မဟာသူဌေးကြီး တစ်ယောက်ဖြစ်သည်။

မဟာလူသားလီသည် ဤလုပ်ငန်းတွင် တစ်ဦးတည်းသော ရှယ်ယာရှင် မဟုတ်ချေ။ လုပ်ဖော်ကိုင်ဖက်များ ရှိနေပေသည်။ ၎င်းတို့အထဲမှာ တစ်ယောက်သည် တရုတ်ပြည်မှ သူဌေးကြီးပင်။ ဤကုမ္ပဏီ၏ ဘဏ္ဍာရေး ကျောထောက်နောက်ခံသည် ခိုင်မာကာ ရန်ပုံငွေအတွက် စိုးရိမ်စရာမရှိချေ။ တရုတ်နိုင်ငံရှိ အိမ်ခြံမြေမှာလည်း ဈေးပေါပေသည်။ ကုန်တိုက်ကြီးတစ်ခု တည်ထောင်ရန် ရန်ပုံငွေ များစွာ မလိုအပ်ချေ။

ထိုင်ဟွာကုန်တိုက်၏ အတိုင်းအတာနှင့် ထုတ်ကုန်များအပေါ် အခြေခံ၍ ကုန်တိုက်ခွဲ တစ်ခုစီသည် တည်ထောင်ရန် အနည်းဆုံး ယွမ် သန်း(၂၀၀)လိုအပ်ကြောင်း Carrefour မှ သိရှိထားပေသည်။ Carrefour သည် တရုတ်နိုင်ငံသို့ ချက်ချင်း မဝင်ရောက်ရသည့် အကြောင်းအရင်း တစ်ခုလည်း ဖြစ်ပေသည်။

ဤသည်မှာ ကြီးမားသည့် ရင်းနှီးမြုပ်နှံမှု တစ်ခုဖြစ်ပြီး Carrefour သည်ရလဒ်များကို ခန့်မှန်း၍ မရချေ။ အလွန် အန္တရာယ် များပေသည်။

သို့ရာတွင် ထိုင်ဟွာ ကုန်တိုက်လုပ်ငန်းစု စတင်တည်ထောင်သည့် အရင်းအနှီးမှာ မမြင့်မားဘဲ ကုမ္ပဏီထဲသို့ ရန်ပုံငွေများ စုပြုံထည့်ခဲ့လျှင်ပင် မများနိုင်ချေ။ ကုန်တိုက်ခွဲတစ်ခုစီသည် ယွမ်သန်း(၂၀၀)ကုန်ကျပါက ကုန်တိုက်ခွဲ (၂၀)သည် ကန်ဒေါ်လာ သန်း(၅၀၀)ကုန်ကျမည် ဖြစ်သည်။ ဤသည်မှာ လက်ရှိငွေလွှဲနှုန်းအပေါ် အခြေခံ တွက်ချက်ထားခြင်းပင်။ ယမန်နှစ်က ငွေလဲနှုန်းကို အခြေခံပါက ထို့ထက် ပိုများပေလိမ့်မည်။

ဤသည်မှာ ကြီးမားသည့် ရင်းနှီးမြုပ်နှံမှု တစ်ခု ဖြစ်ပေသည်။

သို့ရာတွင် ထိုင်ဟွာကုန်တိုက် ဈေးကွက်ပေါ်ရှိ ထုတ်ကုန်များအားလုံးသည် အကြွေးစနစ်ဖြင့် ဖြစ်ကြောင်း အဒေါ့ဖ် မသိခဲ့ချေ။ ၎င်းတို့ လိုအပ်သည်မှာ အပ်ငွေအနည်းငယ် ထားရှိရန်နှင့် လကုန်တွင် ပေးသွင်းသူအား ပေးချေရန် ဖြစ်သည်။ ကုန်တိုက်ခွဲတစ်ခု တည်ထောင်ရန် ယွမ်သန်း(၂၀)ပင် မကုန်ကျချေ။ သို့မဟုတ်ပါက ထိုင်ဟွာကုန်တိုက်၏ ကနဦးရင်းနှီးမြုပ်နှံမှုသည် မဟာကုန်တိုက်ကြီး (၂၀)တည်ဆောက်ရန် မလုံလောက်နိုင်ပေ။

ကနဦးရင်းနှီးမြုပ်နှံမှုသည် မဟာကုန်တိုက်ကြီး (၂)တည်ဆောက်ရန် သို့တည်းမဟုတ် ထုတ်ကုန်များ တင်နိုင်ရန် ရန်ပုံငွေ အလုံအလောက်ရှိမည် မဟုတ်ချေ။

ထိုင်ဟွာကုန်တိုက်များသည် တရုတ်အစိုးရထံမှ ပံ့ပိုးကူညီမှုများ ရှိနေသည်ဟု အဒေါ့ဖ်အနေဖြင့် သံသယရှိနေ ပေသည်။ ထိုသို့မဟုတ်ပါက ထိုကုန်တိုက်များ ဖွင့်ပွဲအခန်းအနားသို့ အမျိုးသားရုပ်မြင်သံကြားလိုင်းတွင် မည်သည့် အတွက် ဖော်ပြမည်နည်း။ တရုတ်အစိုးရသည် မည့်သည့်အချိန်ကတည်းက စီးပွားရေးသမားများအတွက် အခမဲ့ ကြော်ငြာပေးခဲ့သနည်း။

ထိုင်ဟွာကုန်တိုက်များ ဖွင့်လှစ်ပြီးနောက် အလွန်ရေပန်းစား နာမည်ကြီးလာသည်။ အဒေါ့ဖ်ပင် ဤသည်ကို မျှော်လင့်မထားဘဲ ထိုသို့ ကျော်ကြားမှု၏ နောက်ကွယ်မှ အကြောင်းအရင်းကို နားမလည်နိုင်ခဲ့ချေ။ နှစ်အနည်းငယ်ကြာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည့် ခေတ်နောက်ကျနေသည့် နိုင်ငံသည် ဤကဲ့သို့ ဝယ်ယူနိုင်စွမ်းအား မြင့်မားလာခဲ့ခြင်းပင်။

အဒေါ့ဖ်သည် တရုတ်လူမျိုးများ ဝင်ငွေမြင့်မားသော်လည်း လူဦးရေများကာ လူစုလူဝေးများတွင် တရုတ်လူမျိုးများ ပါဝင်လိုကြောင်း အဒေါ့ဖ် မသိခဲ့ချေ။

ကုန်တိုက်သည် လူစည်ကားရာ နေရာတစ်ခု ဖြစ်ပေသည်။ ဈေးဝယ်သူများသည် ထိုဆိုင်တွင် လွတ်လပ်စွာ သွားလာနိုင်ပြီး ကုန်တိုက်အကူများသည် ၎င်းတို့ကို ဆွဲထုတ်မည်မဟုတ်ချေ။ ထိုနေရာတွင် လျှော့ဈေးများလည်း ရနိုင်သည့် အကြောင်းပြချက်များကြောင့် ဈေးဝယ်သူများကို ဆွဲဆောင်သွားတော့သည်။

ထိုင်ဟွာကုန်တိုက်မှ အရောင်းမြှင့်တင်ရေး ကြေငြာတိုင်းတွင် လူအုပ်ကြီး ရှိနေပေလိမ့်မည်။ လက်ရှိ အရောင်းမြှင့် တင်ရေးဆောင်ပုဒ်သည် ဈေးဝယ်သူများကို ဆွဲဆောင်ရန် လုံလောက်ပေသည်။

***...ထိုင်ဟွာမှာ ဈေးဝယ်ပါ.. ဝင်ငွေ ပိုရလိမ့်မည်..***

(ဈေးသက်သာခြင်း၊ လျှော့ဈေးရခြင်းတို့ကြောင့် အသုံးစရိတ် အပိုထွက်လာမည်ကို ဆိုလိုခြင်းဖြစ်သည်။ #ဘာသာပြန်ဆိုသူ)

ထိုင်ဟွာကုန်တိုက်ရှိ ပစ္စည်းများသည် ဈေးသက်သာပေသည်။ အကယ်၍ မိသားစုတိုင်းသည် ထိုင်ဟွာကုန်တိုက်မှာ စားသောက်ကုန်များ ဝယ်ပါက ၎င်းတို့ သက်သာသွားသည့် ပမာဏမှာ လစာတိုးသည်နှင့် ညီမျှပေသည်။

ဤဆောင်ပုဒ်သည် ဝင်ငွေမြင့်မားသော ဈေးဝယ်သူများကို ဆွဲဆောင်ခဲ့ပေသည်။ ၎င်းတို့အနေဖြင့် အနည်းငယ် လမ်းခရီးပိုသွားရခြင်း၊ လိုင်းကားစီးကာ ထိုင်ဟွာကုန်တိုက်များသို့ ဈေးဝယ်သွားခြင်းမှာ တစ်နာရီကျော် ကြာပေသည်။

*..နေ့စဉ်ရောင်းအား.. နေ့စဉ်လျော့ဈေး..*၊ *.တိကျသော ဈေးနှုန်းနှင့် ပစ္စည်းမျိုးစုံ.* စသည့် ဆောင်ပုဒ်များစွာ ရှိနေပေသေးသည်။ ‘ထိုင်ဟွာတွင် ဈေးဝယ်ကြည့်ရတာ နေလို့အရမ်းကောင်းတယ်’ ဆိုသည်မှာ သတင်းစာနှင့် ရေဒီယိုများမှ ကြော်ငြာများ ဖြစ်သည်။ ထိုင်ဟွာကုန်တိုက်မှလည်း လူစုလူဝေးများသော နေရာများတွင် လက်ကမ်း ကြော်ငြာများ ပေးဝေကာ ကားမှတ်တိုင်များတွင်လည်း ပေးဝေလေ့ ရှိပေသည်။

တစ်လအတွင်း ထိုင်ဟွာကုန်တိုက်များ တည်ရှိရာမြို့မှ နေထိုင်သူ အားလုံးနီးပါးသည် ထိုင်ဟွာကုန်တိုက် အကြောင်း သိသွားကြပေသည်။ ထိုင်ဟွာကုန်တိုက်ခွဲများ မရှိသည့် မြို့များမှ နေထိုင်သူများပင် ကုန်တိုက်များ အကြောင်း သိနားလည်နေကြပေသည်။ ဤသည်မှာ ကုန်တိုက်သတင်းများ မြင်နေရ ကြားနေရ၍ ဖြစ်ပေသည်။

အဒေါ့ဖ် နောင်တရနေပေသည်။ အကယ်၍ တရုတ်နိုင်ငံတွင် ကုန်တိုက်များ တည်ထောင်ရန် လွယ်ကူမည်ကို သိထားပါက နေရာများ စောစီးစွာ ရှာဖွေမိပေလိမ့်မည်။ ယခုအချိန်တွင် Carrefour မှ တရုတ်နိုင်ငံတွင် ဆိုင်ခွဲ အနည်းငယ်ရှိနေပြီ ဖြစ်သည်။ ထိုင်ဟွာကုန်တိုက် ခွဲရုံးအချို့၏ နေရာသည် သူ့လက်ခွဲများ တည်ရှိရာ နေရာများ၌ ရှိနေသဖြင့် ပို၍ စိတ်ပျက်စေပေသည်။

အဒေါ့ဖ်အနေဖြင့် တရုတ်နိုင်ငံတွင် ၎င်း၏ပြိုင်ဖက်သည် Walmart သာဖြစ်လိမ့်မည်ဟု ထင်မြင်ထားခဲ့သည်။ သို့ရာတွင် ထိုင်ဟွာကုန်တိုက်သည် ပို၍ သိသာထင်ရှားသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်ပေသည်။

အဒေါ့ဖ်သည် ပြည်တွင်း စီးပွားရေး လုပ်ငန်းတစ်ခုတွင် နိုင်ငံခြားကုမ္ပဏီများထက် အားသာချက်များ ရှိကြောင်း သိထားပေသည်။ သူ့အနေဖြင့် ဒေသယဉ်ကျေးမှုနှင့် မရင်းနှီးဘဲ အစိုးရ၏ မူဝါဒများသည် ဒေသခံများကို အကာအကွယ် ပေးမည်သာပင်။

ယခုအခါ Carrefour အနေဖြင့် တရုတ်နိုင်ငံအတွင်း ထိုးဖောက်ဝင်ရောက်ရန် ပို၍ ခက်ခဲလာပေပြီ။ တရုတ် ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက် နိုင်ခဲ့လျှင်ပင် ရလဒ်မှာ အခြားနိုင်ငံများကဲ့သို့ မဟုတ်ချေ။

ဤထိုင်ဟွာ ကုန်တိုက် လုပ်ငန်းစုသည် မဆိုစလောက်လေး မဟုတ်ချေ။ အဒေါ့ဖ်အနေဖြင့် ထိုင်ဟွာကုန်တိုက်သည် တရုတ်ဈေးကွက်ကိုသာ ပစ်မှတ်ထားပါစေဟုသာ မျှော်လင့်ထားနိုင်တော့သည်။ နိုင်ငံရပ်ခြားတွင် ချဲ့ထွင်ပါက Carrefour အတွက် အားကောင်းသော ပြိုင်ဘက် ဖြစ်လာပေလိမ့်မည်။ ၎င်းတို့သည် Carrefour တိုးချဲ့မှုအတွက် အတားအဆီးများထဲမှ တစ်ခုဖြစ်သည်။

အဒေါ့ဖ်လည်း သူ့ဌာနချုပ်သို့ သတင်းပို့လိုက်သည်။ Carrefour သည် မည်သည့်အချိန်တွင် တရုတ်ဈေးကွက် အတွင်း ဝင်ရောက်သင့်သည် သို့တည်းမဟုတ် မည်သည့် အချိန်ထိ စောင့်ဆိုင်းမည်ကို ဌာနချုပ်မှသာ ဆုံးဖြတ် နိုင်ပေလိမ့်မည်။ အကယ်၍ ထိုင်ဟွာကုန်တိုက်များ ပိုမိုချဲ့ထွင်လာပါက Carrefour သည် တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် အခွင့်အရေး လက်လွတ်သွားပေလိမ့်မည်။ သို့ရာတွင် အရာအားလုံးမှာ အဆင့်မြင့် စီမံခန့်ခွဲသူများ အပေါ်တွင်သာ မူတည်မည်သာပင်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters