ငါ့စိတ်တွေ
Vol. 45 Ch. 671
အားလုံး ဖုန်းယွီကို ကြည့်နေကြသည်။ သို့ရာတွင် စားပွဲတစ်ဖက်တွင် သူ့ကို သံသယများဖြင့် ကြည့်နေပြီး အခြား တစ်ဖက်တွင် ရူးသွပ်စွဲလမ်းစွာ ကြည့်နေခြင်းဖြစ်သည်။ ဝမ်သောင်ကျွင်းပင်လျှင် ဖုန်းယွီ၏ အသံမှာ ကြောက်စရာ ကောင်းကြောင်း သိသော်လည်း သူရေးထားသည့် သီချင်းမှာ အလွန်ကောင်းမွန်ပေသည်။ နယင်းနှင့် နန်ကော တို့သည် ဖုန်းယွီ၏ သီချင်းများကို သီဆိုကာ အလွန်ကျော်ကြားလာပေသည်။
ဖုန်းယွီသည် ဓားတစ်ချောင်းသုံး၍ ပန်းကန်လုံး ခေါက်လိုက်သည်။
“မင်းရဲ့ အချစ်ဟာ… နို့လက်ဖက်ရည်လိုပဲ.. ရင်ထဲနွေးလို့ … ခံစားလို့ ကောင်းလွန်းတယ်.. ကမ္ဘာကြီးတောင် ပြောင်းလဲသွားမယ်.. အချစ်တွေ ညှိုးနွမ်းသွားမှာ ကြောက်စရာမရှိတော့ဘူး…
အချစ်ကို နောက်တနည်းပြောရရင်… ချစ်တယ်ဆိုတာ စကားလုံးပဲမဟုတ်ဘူး… စိုးရိမ်စိတ်တွေ များလာပါစေ အချစ်ရဲ့ ဖြစ်တည်မှုက မရှုတ်ထွေးပါဘူး..
ဈေးဝယ် ထွက်ကြမယ်… ဆုံနေကျ ညသန်းခေါင်(၁၂)နာရီ ငါလွမ်းတယ်.. မင်းအချစ်တွေကို မမောနိုင် မပမ်းနိုင် ငါအမြဲတမ်းတနေမယ်.. နေတိုင်း စောင့်နေမယ်.. နင့်ကို ချစ်မိခဲ့တာ ငါဝမ်းသာမိဆုံး…
စိတ်အချေအနေဆိုတာ မင်းအပေါ်မူတည်ပါတယ်.. အခုကစ မယိုင်သော စိတ်နဲ့.. သက်ထက်ဆုံးတိုင် အတူဖြတ်သန်း ကြမလား.. ဖြေလိုက်စမ်းပါ… စိတ်အခြေအနေဆိုတာ မင်းအပေါ်မူတည်ပါတယ်.. ငါ့အချစ်အတွက် ဘာမေးခွန်းမှ မချန်နဲ့.. လက်တွေ့နဲ့ ဖြေသွားမယ်.. ငါတို့က ဒီလိုပဲ.. နှစ်လွှာတစ်ရွက် စွယ်တော်လို….”
ဖုန်းယွီသည် သီချင်းစာသား အနည်းငယ် ပြောင်းလဲကာ စီးပွားဖြစ် သုံးနိုင်ပေသည်။ ပထမဆုံး စာကြောင်းတွင် ‘လက်ဖက်ရည်သောက်ခြင်း’ ဖြစ်သော်လည်း ဖုန်းယွီမှ နို့လက်ဖက်ရည်သောက်ခြင်း’ဟု ပြောင်းလဲ ထားလိုက်သည်။
ဖုန်းယွီသည် ပထမ တစ်ကြောင်း သီဆိုချိန်တွင် စုန့်ဝမ် မျက်နှာ ပြောင်းလဲသွားသည်။ ဖုန်းယွီ၏ အသံသည် သီချင်း ဆိုရန် လုံးဝ မသင့်လျော်ချေ။ သို့ရာတွင် ဖုန်းယွီ၏ သီဆိုမှုတွင် ခံစားချက်များ ပါရှိကာ ထိုသီချင်း အလွန်ကောင်း ကြောင်း ခံစားနေမိသည်။
ထိုသီချင်း၏ စာသားများမှာ ထူးထူးခြားခြား မဟုတ်သကဲ့သို့ တေးသွားသည်လည်း မရှုတ်ထွေးချေ။ ထိုသီချင်းမှာ ယောက်ျားတစ်ယောက်၏ ချစ်ချင်း မေတ္တာကို ဖော်ကျူးထားခြင်း ဖြစ်ပေသည်။
ဖုန်းယွီအနားရှိ လီနကို ကြည့်လိုက်စဉ် ၎င်းတို့နှစ်ယောက်စလုံး ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများအပေါ် အခြေခံကာ ထိုသီချင်း ရေးထားကြောင်း သိလိုက်ရသည်။ သို့ရာတွင် ထိုသီချင်းကို ဖုန်းယွီ အမှန်တကယ် ရေးခဲ့သည်လော။
ဤသည်မှာ ဟာသတစ်ခုဆိုလျှင် လီန၏ မျက်လုံးအတွင်းမှ နှလုံးသား ပုံရိပ်များ တစ်မျိုးပြောင်းသွားပေလိမ့်မည်။ ဤသီချင်း စာသားများမှနေ၍ ဖုန်းယွီသည် သူ့အပေါ် မည်မျှချစ်သည်မှာ ထင်ရှားကြောင်း လီနမြင်နေရပေသည်။
ဖုန်းယွီသည် ကျားလေးများရှေ့တွင် ဤသီချင်းကို ဆိုသည့်အတွက် လီန ရှက်နေပေသည်။ ဤသီချင်းကို လူအများ ရှေ့တွင် မည်သည့်အတွက် ဆိုလိုက်ရသနည်း။ အိမ်ရောက်မှ ဆိုလျှင် မဖြစ်နိုင်သည်လော။
ဖုန်းယွီ သီချင်းဆုံးသွားသည်နှင့် လီန လက်ကို ဆုပ်ကိုင်လိုက်သည်။ လီန မျက်နှာမှာ ရဲတွတ်နေပေပြီ။ အဓိပ္ပါယ်မဲ့ အောက်စိုက်ကြည့်ကာ ငြိမ်နေပေသည်။
မိမိသီချင်း မည်သို့ ဖြစ်သနည်း။ မိမိ အသံမကောင်းသော်လည်း ခံစားချက်များကို ဤသီချင်းတွင် ထည့်သွင်းကာ အခြားသော တီးမှုတ်ခြင်းများပင် မလုပ်ခဲ့ချေ။ ထိုသီချင်းကို ယခင်ဘဝက KTV တွင် လေ့ကျင့်ခဲ့ဖူးပေသည်။ ပြဿနာ မရှိသင့်ချေ။
ယခုမူ လက်ခုပ်သံများ မည်သည့်နေရာတွင်နည်း။
“ဖျောင်း… ဖျောင်း… ဖျောင်း…”
ဝမ်သောင်ကျွင်းမှာ ဖုန်းယွီနှင့် အတူကြီးပြင်းခဲ့ပြီး ဖုန်းယွီအကြည့်မှ လက်ခုပ်သံများ တောင်းဆိုနေကြာင်း ချက်ချင်း သိရသဖြင့် ချက်ချင်း လက်ခုပ်ထတီးလိုက်ခြင်း ဖြစ်သည်။
စုန့်ဝမ်နှင့် ကျားလေးတို့သည် ထိတ်လန့်နေရာမှ ပြန်လည်ကောင်းလာပြီး လက်ခုပ်ထတီးကြတော့သည်။ ထိုသီချင်း အလွန်ကောင်းသည်ကို ဝန်ခံရပေလိမ့်မည်။ ဤသီချင်းကို အနည်းငယ် တီးဖြတ်လိုက်ယုံနှင့် အမိုက်စား ဖြစ်သွား ပေလိမ့်မည်။
“မစ္စတာဖုန်း.. ဒီသီချင်း မင်းရေးထားတာလား..”
စုန့်ဝမ် စိတ်ထဲတွင် အဖြေသိနေသော်လည်း မသေချာပေ။ ဤသီချင်းသည် အလွန်းကောင်းလွန်းသဖြင့် ဂီတ နောက်ခံမရှိသော စီးပွားရေးသမား တစ်ယောက်က မည်သို့ရေးနိုင်မည်နည်း။
“မင်း သူ့ကို မယုံကြည်ဘူးပေါ့လေ.. နယင်း အကြောင်း ကြားဖူးလား.. ဒီကောင် သူတို့အတွက် သီချင်း ရေးပေးထားတဲ့သူ.. မင်းတို့တွေ အားလုံးပဲ သီချင်းရေးတတ်တယ်လို့ တကယ်ကြီးထင်နေတာလား..”
ဝမ်သောင်ကျွင်း ကြားဖြတ်၍ တွယ်တော့သည်။
“ငါ.. အဲ့သဘော ပြောတာ မဟုတ်ပါဘူး.. ငါမေးချင်တာက မစ္စတာဖုန်း ဒီသီချင်း ကျားလေးတွေကို တကယ်ကြီး ပေးချင်နေတာလား.. သူ အလေးအနက် ပြောတာလား သိချင်တာ..”
သီချင်းက ကောင်းလွန်းနေပေသည်။
မစ္စတာဖုန်း ရေးထားသည့် သီချင်း(၂)ပုဒ်မှာ ထိုင်ဝမ်တွင် အလွန်နာမည် ကြီးခဲ့ပေသည်။ မစ္စတာဖုန်းသည် တကယ့် ဉာဏ်ကြီးရှင်ပင်။ စီးပွားရေး လုပ်နိုင်ယုံမျှမက သီချင်းရေးရာတွင်လည်း ထူးချွန်သူ ဖြစ်ပေသည်။
ဤသီချင်း တစ်ပုဒ်တည်းနှင့်ပင် စီးရီးခွေ တစ်ခု ထုတ်ရကျိုး နပ်ပေလိမ့်မည်။ နောက်ထပ် ပုံစံတူ သီးချင်းများရေးရန် တစ်ယောက်ယောက်ကို ခိုင်းရပေလိမ့်မည်။ ကျားလေးများသည် ယခုထက် ပို၍ နာမည်ကြီးလာမည်မှာ သေချာပေသည်။
“ငါကိုများ ဟာသကြိုက်တဲ့သူနဲ့ တူတယ်မြင်နေလား.. ဒီသီချင်း သူတို့ကို ပေးမယ်လို့ ပြောပြီးမှတော့ ငါ့စကား ငါတည်တယ်… နံပတ်တွေနဲ့ ဂီတသင်္ကေတတွေပဲ သိတာ.. မင်းအတွက် ငါရေးထားပေမယ့် မင်းကို တစ်ယောက်ယောက် ဆုတ်ဖြဲနိုင်တယ်.. ပထမပိုင်းပဲ ဆိုထားတာ.. ဒုတိယပိုင်းလဲ အတူတူပဲ.. ဘယ်လိုလဲ.. ဒီသီချင်း ကျားလေးတွေနဲ့ လိုက်ရဲ့လား..”
စုန့်ဝမ်ထံမှ မည်သည့် ဖြေကြားချက်မှ မပေါ်ခင် ကျားလှလေးမှ ဝင်၍..
“ဒီသီချင်း ကျုပ်တို့နဲ့ အရမ်း လိုက်တယ်.. ဒီလောက် လှတဲ့ သီချင်းပေးလို့ မန်နေဂျာဖုန်းကို ကျေးဇူးတင်ပါတယ်.. သီချင်းရဲ့ ပထမဆုံး စာကြောင်းက ဒီနို့လက်ဖက်ရည်လုပ်ငန်းနဲ့ အရမ်းကို လိုက်တဲ့ပုံပဲ..”
ကျားလှလေး စပ်စုလိုက်သည်။ ဤသီချင်းသည် ယခင်ကတည်းက ရေးထားလောက်ပေသည်။ သို့ရာတွင် မစ္စတာဖုန်းသည် နို့လက်ဖက်ရည် သောက်ဖူး၍လော။ ဤသီချင်းကိ မကြာမှီကမှ ရေးထားသည် ဆိုပါက မစ္စတာဖုန်း မဆိုသင့်ချေ။ မစ္စတာဖုန်းသည် ဤသီချင်းကို အဆိုကျင့်ခဲ့ကြောင်း သိသာပေသည်။ ဤသည်က ထူးဆန်းလွန်းလှပေသည်။
မည်သို့ပင်ဖြစ်စေ ဤသီချင်းသည် သူတို့အဖွဲ့ ဆိုပုံဆိုပေါက်နှင့် လိုက်ဖက်ပေသည်။ ကျားလေးများသည် ဤသီချင်း ဖျော်ဖြေလိုက်ပါက ပရိသတ် ပိုမိုများပြားနိုင်ပေသည်။ ဖုန်းယွီသည် တကယ့် ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်က အစောပိုင်၌ သူတို့အနေဖြင့် သံသယ မဝင်သင့်ချေ။
“ငါ အားတဲ့အချိန် ဒီသီချင်းရေးထားတာ.. စာသားနည်းနည်းတော့ ဟိုပြောင်း ဒီပြောင်း လုပ်ဖူးတာပေါ့.. မင်းပြော လိုက်တာက ဒီလုပ်ငန်းနဲ့ သင့်တော်တယ်ဆိုတာ ငါလဲအတူတူပဲ.. မင်းတို့တွေ ဒီသချင်းကို ပြင်ဖို့ တစ်ယောက်ယောက် ခိုင်းပြီး ဒီကြော်ငြာမှာ သုံးမယ်လေ..”
ဖုန်းယွီ ပြန်ဖြေလိုက်သည်။
အကျင့်စာရိတ္တကောင်းမွန်သည့် ကျားလေးများကြောင့် ဖုန်းယွီ ဤသီချင်းကို မှတ်မိခြင်းဖြစ်သည်။ ကျားလေးများ အဖွဲ့ခွဲထွက်ပြီးနောက် ဤသီချင်းကို ကျားနပ် (ပါးနပ်ခြင်း) တစ်ယောက်တည်း သီဆို အောင်မြင် နာမည်ကြီးလာ ခြင်းဖြစ်သည်။
“စိတ်မပူနဲ့ မန်နေဂျာဖုန်း.. ဒီညပဲ ဒီသီချင်းရေးဖို့ တစ်ယောက်ခေါ်လိုက်မယ်.. ဒီသီချင်းကို တတ်နိုင်သမျှ အမြန်ဆုံး အသံသွင်းသွားမယ်.. ဒါပေမယ့် ဒီသီချင်းရဲ့ ရပိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့်တွေ အတွက်ကရော ဘယ်လိုလဲ..”
“အားလုံး မလိုပါဘူး.. ဒီသီချင်းက သူတို့အတွက် လက်ဆောင်လို့ ပြောပြီးသာကို.. ငါတို့အတွက် ပိုကောင်းအောင်သာ သီချင်းတွေ ဆိုကြပါစေ..”
ဖုန်းယွီ သူ့လက်ဝှေ့ယမ်းပြလိုက်သည်။ သီချင်းတစ်ပုဒ်အတွက် အခကြေးငွေမှာ မည်မျှ ရှိနိုင်မည်နည်း။
ညစာ စားပြီးနောက် ဖုန်းယွီသည် လီနနှင့်အတူ မပြန်မှီ စာရွက်တစ်ရွက်ထုတ်ကာ စာသားနှင့် ဂီတသင်္ကေတများ ချရေးပေးလိုက်သည်။
ကားအတွင်းရောက်သည့်အခါ လီနသည် မည်သည့်စကားမှ မပြောဘဲ ဖုန်းယွီကိုသာ ချစ်စဖွယ် ညှို့မျက်ဝန်းဖြင့် ကြည့်နေပေသည်။
“ဘာလို့ အဲ့လိုကြီး ကြည့်နေတာလဲ.. ကျားလေးတို့နဲ့ တွေ့ရတာ ပျော်ရဲ့လား..”
ဖုန်းယွီ မေးလိုက်သည်။
“ဒါပေါ့.. ဒါပေမယ့် နင်ရေးထားတဲ့ သီချင်းနားထောင်ရတာ ပိုပျော်တယ်.. နင့်သီချင်း အရမ်းကောင်းတာပဲ.. သီချင်းဆိုလဲ ပိုကောင်းလာတယ်..”
“ကျားလေးတွေထက် ပိုကောင်းလို့လား..”
ဖုန်းယွီ ရှက်ရှက်ဖြင့် မေးလိုက်သည်။
“သူတို့ထက် သာတာပေါ့..”
လီနမျက်လုံးထဲတွင်မူ ဖုန်းယွီမှာ အလွန်ပြီးပြည့်စုံနေပေသည်။ သူ့ အကြိုက်ဆုံးကြယ်ပွင့်များဖြစ်သည့် ကျားလေး များသည်ပင် ဖုန်းယွီကို နှိုင်းယှဉ်၍မရချေ။ ထို့အပြင် ဖုန်းယွီသည် သီချင်းများ မည်သို့ရေးရမည်ကို သိနေပေသည်။ ကျားလေးများအတွက် သီချင်းများကို သူတို့ကိုယ်တိုင် ရေးထားသည်မှာ ဘယ်နှယ့်ပုဒ် ရှိမည်နည်း။
ဖုန်းယွီ ရယ်မောကာ..
“နင် လိမ်ပြောတဲ့ မျက်နှာလေးကို ငါအရမ်း သဘောကျတယ်..”
“ဟွင့်….”
လီန ဖုန်းယွီမျက်နှာကို လက်သီးစုပ် နုနုလေးဖြင့် အသာထိုးလိုက်သည်။
“ဟား.. ဟား.. နောက်မှ နင့်အတွက် သီချင်း ထပ်ဆိုပြမယ်..”
********
“… ငါ့စိတ်တွေ အားလုံး မင်းအတွက်ပဲ…”
ဖုန်းယွီ ဂစ်တာတီးရင်း သီချင်းဆိုပြနေပေသည်။ လီနသည်လည်း ဖုန်းယွီဆိုနေခြင်းကို သံယောင် လိုက်ရင်း အလွတ် ကျက်နေပေသည်။
“နောက်တစ်ခေါက်လောက်..”
“ရတယ်လေ.. နောက်တစ်ခေါက်ပေါ့…”
သီချင်းကို နောက်တစ်ကြိမ် တီးဆို ဆိုကာ ဂစ်တာချလိုက်သည့်အချိန်တွင် လီန အသံထွက်လာပြန်သည်။
“ဒီသီချင်း ငါအရမ်းကြိုက်တယ်.. နောက်တစ်ခေါက်လောက်..”
ဖုန်းယွီ သူ့လက်သူ ပြန်ကြည့်လိုက်သည်။ ဂစ်တာကို ပြန်ကောက်ကိုင်လိုက်သော်လည်း လက်ချောင်းများ အလွန် နာကျင်နေပေသည်။ သို့ရာတွင် လီနမျက်နှာ မြင်ရသည့်အခါ အံကြိတ်၍ သီချင်းဆိုပြန်သည်။
သီချင်းပြီးသွားသည့်အခါ လီန စကားမစခင် ဖြတ်၍..
“ငါ လက်ချောင်းတွေ အရမ်းနာနေပြီ.. ငါ တီးရင်းနဲ့ ဆိုနေရတာလေ… ဒီသီချင်း ငါဘယ်လို သင်ပေးရမလဲ..”
လီန ဖုန်းယွီ လက်ချောင်းလေးများကို နှိပ်နယ်ပေးရင်းဖြင့်..
“ဒါဆိုလဲ ရပ်လိုက်ရအောင်လေ.. လက်ချောင်းတွေ နာနေတာကို ဘာလို့ မပြောတာလဲ..”
“ဒီသီချင်း နင်အရမ်း နားထောင်ချင်နေတာလေ.. ဘာဖြစ်လို့လဲဆိုတော့ ငါ့စိတ်တွေအားလုံး နင့်အပေါ်ပဲ မူတည်လို့ လေ..”
ဖုန်းယွီ စကားဆုံးသည်နှင့် လီနကို ဆိုဖာပေါ်မှ ပွေ့ချီကာ အိပ်ခန်းသို့ လျှောက်သွားလိုက်သည်။ စိတ်အခြေအနေ ပိုကောင်းမည့် တစ်ခုခု လုပ်ချင်နေသည် မဟုတ်ပေလော..။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)