ငါတို့ အဲ့ဒါတွေ ယူသင့်လား
Vol. 45 Ch. 673
ဖုန်းယွီ ထိုကဲ့သို့ မေးခွန်းမေးလာသည့်အခါ လီတကျွင်းနှင့် ကျုံးချင်ရှန့် အံ့အားသင့်သွားသည်။ ဖုန်းယွီသည် ‘သန်မာခြင်း’အုပ်စုတွင် ရင်းနှီးမြုပ်နှံချင်နေသည်လော။
ကျုံးချင်ရှန့် မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်က ကုမ္ပဏီ သေးသေးလေး တစ်ခုဖြစ်ပြီး ရင်းနှီးမြုပ်နှံရန် ထိုက်တန်ပါ၏လော။ ဂျယ်လီ ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုသာ ဖြစ်ကာ ဟန်ကျူး တစ်ခုတည်းတွင်ပင် ထိုကဲ့သို့သော ကုမ္ပဏီ များစွာရှိနေပေသည်။ ဂျယ်လီ လုပ်ရသည်မှာ မည်သို့ ထူးခြားပေသနည်း။
ဖုန်းယွီသည် ဤ ‘သန်မာခြင်း’အုပ်စု သို့တည်းမဟုတ် လီတကျွင်းကို စိတ်ဝင်စားသွားသည်လော။ လီတကျွင်းသည် အလွန် အလုပ်ကြိုးစားပေသည်။ မိမိတို့မှ ကန်ထရိုက်တာများ ရှာဖွေနေကြောင်း သူသိထားပေသည်။ ဆိုလိုသည်မှာ သူ့ထံတွင် အဆက်အသွယ် အနည်းငယ် ရှိနေပေသည်။ သို့ရာတွင် ဤသည်ကလွဲ၍ အခြားသော ခိုင်မာသည့် အရည်အချင်းများ မရှိချေ။
ကျုံးချင်ရှန့်သည် ဖုန်းယွီမှာ ရင်းနှီးမြုပ်နှံရန် ကြိုက်တတ်သည်ကို သိထားပေသည်။ သို့ရာတွင် ဤကဲ့သို့ ရင်းနှီးမြုပ်နှံမှုမျိုး မလိုအပ်ချေ။ ဤကုမ္ပဏီနှင့် ပတ်သက်၍ အထူးတလည် ဘာမှ မရှိချေ။
လီတကျွင်း စိတ်ရှုတ်ထွေးစွာဖြင့် ဖုန်းယွီကို ကြည့်လိုက်သည်။ ထိုလူ မည်သည်ကို ဆိုလိုသနည်း။ မိမိအား ကူညီရန် ကြိုးစားနေကြောင့် မည်သည့်အတွက် ခံစားနေရသနည်း။ ယခင်က တွေ့ခဲ့ဖူး၍လော။
“ဆရာ.. …..”
“ကျုပ်နာမည် ‘ဖုန်း’ပါ…”
“မစ္စတာဖုန်း .. ဘာကိုဆိုလိုတယ်ဆိုတာ ကျုပ်နားမလည်ဘူးဖြစ်နေတယ်..”
လီတကျွင်း ပြန်ပြောလိုက်သည်။
“မင်း ငါတို့ဆီလာပြီး ကန်ထရိုက်ဖြစ်ချင်နေတာလေ.. ဒီတော့ မင်းကုမ္ပဏီက သိပ်မကောင်းသေးဘူး.. မင်းကုမ္ပဏီဟာ အဆပေါင်းများစွာ တိုးလာတယ်လို့ မင်းပြောနေပေမယ့် ချင်ရှန့် ပြောတာ အမှန်ပဲ.. မင်းကုမ္ပဏီ အရင်တုန်းက သေးသေးလေးပဲလေ.. ဂျယ်လီဈေးကွက် အရမ်းကောင်းလာပြီး အဲ့ဈေးကွက်ထဲမှာ အားလုံး ငွေရှာနေကြတယ်.. အဲ့ဒါကြောင့် မင်းကုမ္ပဏီ အလုပ်ရနေတာ ပုံမှန်ပါပဲ..”
“မဟုတ်သေးဘူး.. ငါ့ကုမ္ပဏီက အကြွေးတွေများနေတော့ နည်းနည်း ခက်နေတယ်.. ဒါပေမယ့် လီဟဟရဲ့ အမှာစာတွေ မထိခိုက်စေရဘူးဆိုတာ အာမခံပါတယ်..”
ဖုန်းယွီ လက်ဝှေ့ယမ်းပြကာ..
“အဲ့ကိစ္စ ငါစိတ်မပူပါဘူး.. ငါပြောချင်တာက မင်းကုမ္ပဏီမှာ ငွေနည်းနေရင် ငါရင်းနှီးမြုပ်နှံလို့ရတယ်.. အဲ့လိုရင်းနှီး မြုပ်နှံပြီးသွားရင် လီဟဟ လိုပဲပေါ့.. မင်းကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုတွေ၊ စီမံခန့်ခွဲမှုတွေမှာ ဝင်နှောက်ယှက် မှာမဟုတ်ဘူး.. မင်းက ကုမ္ပဏီ တာဝန်ခံပဲ.. ငါ့အတွက် အမြတ်ဝေစုရရင် ပြီးတာပဲ..”
လီတကျွင်း အံ့ဩတကြီးဖြင့် ကျုံးချင်ရှန့်ကို ကြည့်လိုက်သည်။ ကျုံးချင်ရှန့်လည်း ခေါင်းညိတ်ပြကာ..
“မန်နေဂျာဖုန်းက ငါတို့ လီဟဟရဲ့ အဓိကရှယ်ယာရှင် ဖြစ်ပြီး ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုနဲ့ စီမံခန့်ခွဲမှုတွေကို ဘယ်တုန်းကမှ အနှောက်အယှက် မမေးခဲ့ဘူး.. မင်းစိတ်ချလို့ရတယ်..”
“မစ္စတာဖုန်း.. အာ.. မန်နေဂျာဖုန်း.. ‘သန်မာခြင်း’အုပ်စုကို ညီနောင် နည်းနည်းနဲ့ တည်ထောင်ထားတာပါ.. ကျုပ်တာဝန်ယူထားပေမယ့် ကျန်တဲ့သူတွေနဲ့ ဆွေးနွေးဖို့ လိုပါသေးတယ်..”
“ဒါပေါ့.. ခင်ဗျား လုပ်သင့်တာပေါ့.. အားလုံး ဆုံးဖြတ်ချက် ချပြီးရင် ပြောပါ.. ဒီဖုန်းနံပတ်ကနေ ဆက်သွယ်လို့ ရတယ်.. မင်း ငါ့ကို ဘယ်လောက်ထိ ရင်းနှီးမြုပ်နှံစေချင်တာပဲ ဖြစ်ဖြစ် မင်းစိတ်ကျေနပ်စေရမယ်..”
ဖုန်းယွီ ယုံကြည်မှု အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
(၁)သန်း (၂)သန်းမျှ တန်သည့် စက်ရုံငယ်လေးတွင် ရင်းနှီးမြုပ်နှံမှု မည်မျှ လိုမည်နည်း။ ပမာဏ များများ လိုချင်ပါက ‘သန်မာခြင်း’အုပ်စုကို ထိန်းချုပ်နိုင်မည် မဟုတ်ချေ။
လီတကျွင်း ထွက်သွားသည့်အခါ အတွေးများဖြင့် ခြာခြာလည် ဖြစ်နေဆဲပင်။ ကြွေးမြီများ ဆိုးရွားလာသဖြင့် ကုမ္ပဏီ၏ ငွေသားစီးဆင်းမှု ပြဿနာများကို ဖြေရှင်ရန် ရန်ပုံငွေများ အရေးပေါ် လိုအပ်နေပေသည်။ သူ့အကြွေး ဆပ်နိုင်ရန် ငွေရှာနေစဉ် လီဟဟသည် စားသောက်ဆိုင်တစ်ခု၌ ကန်ထရိုက်ရှာနေကြောင်း လူတစ်ယောက်မှ အသိပေးလာပေသည်။ ထို့ကြောင့် စာချုပ် သေးသေး တစ်ခု ရယူရေး ကြိုးစားကြည့်ရန် သူရောက်လာခြင်းပင်။ ဤအကြပ်အတည်းကို ကျော်လွှားနိုင်ရန် သူ့ကုမ္ပဏီ ဝင်ငွေတိုးရန် လိုအပ်ပေသည်။
သို့ရာတွင် ကျုံးချင်ရှန့်သည် လီတကျွင်း၏ လက်ရှိကုမ္ပဏီ အရွယ်အစားအရ ငြင်းပယ်နေစဉ် မစ္စတာဖုန်း ရောက်လာခြင်းဖြစ်သည်။ သူသည် ကျုံးချင်ရှန့်အား ‘သန်မာခြင်း’အုပ်စု အခွင့်အရေးရရန် စည်းရုံးပေးခဲ့ပေသည်။
ဤသည်မှာ အမှာစာကြီး မဟုတ်သော်လည်း ကုမ္ပဏီ၏ ငွေသားစီးဆင်းမှု ပြဿနာများကို ဖြေရှင်းရန် လုံလောက်ပေသည်။ ထိုဖောက်သည်၏ အကြွေးကို နောက်လတွင် ပြန်ဆပ်နိုင်ပေလိမ့်မည်။ အကြွေးများ ကျေသည်နှင့် လီဟဟ၏ စာချုပ် မရှိလျှင်ပင် ဂျယ်လီထုတ်လုပ်ရန်သာ အာရုံစိုက်နေကြပြီး ကုမ္ပဏီလည်း အမြတ်အစွန်း ရလာမည် ဖြစ်သည်။
သို့ရာတွင် ယခုအချိန်၌ မစ္စတာဖုန်းသည် သူတို့ ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံချင်နေပေသည်။ သူသည် မိမိတို့ လိုအပ်သည့် ပမာဏကို ရင်းနှီးမြုပ်နှံနိုင်သည်ဟုပင် ပြောထားပေသည်။ မည်သည့်အတွက် သူဤကဲ့သို့ လုပ်ချင်နေ ပါသနည်း။
လီတကျွင်းသည် ကျုံးချင်ရှန့်နှင့် အမြင်တူပေသည်။ ဂျယ်လီသာရှိပေသည်။ သူကဲ့သို့ ထုတ်ကုန်တူ ကုမ္ပဏီ အများအပြား ရှိနေပေသည်။ လီဟဟ ပင် ဂျယ်လီထုတ်လုပ်နိုင်သလို အသေးစား စက်ရုံ အနည်းငယ် ဝယ်ယူနိုင်ပေသည်။ မစ္စတာဖုန်း သူ့ကုမ္ပဏီကို မည်သည့်အတွက် ရွေးချယ်ခဲ့သနည်း။
ဂျယ်လီတွင် သစ်သီးများထည့်၍ မိတ်ဆက်မည် ဖြစ်ကြောင်း ကြားသည်နှင့် မစ္စတာဖုန်းသည် ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံရန် ဆုံးဖြတ်ခဲ့သည်လော။ သို့ရာတွင် ဂျယ်လီအတွင်း အသီးအနှံများ ထည့်ခြင်းသည် ထုတ်ကုန်၏ သက်တမ်း တိုစေမည်ဖြစ်ပြီး ထိုထုတ်ကုန်အသစ်ကို ဈေးကွက်မှ မည်သို့ တုံ့ပြန်မည်ကို သူ့အနေဖြင့် သေချာမသိ သေးချေ။
ထို့အပြင် ဤထုတ်ကုန်အသစ်သည် သုတေသန အဆင့်တွင် ရှိနေဆဲ ဖြစ်သည်။ အဆင်သင့် မဖြစ်သေးသဖြင့် မှန်ကန်တိကျသည့် အရသာနှင့် ပုံသဏ္ဍာန် မရနိုင်သေးပေ။ ဤသည်ကို မစ္စတာဖုန်းအား အသိပေးသင့်သည်လော။
မိမိ နှုတ်ဆိတ်နေပါက ‘သန်မာခြင်း’အုပ်စုသည် ရင်းနှီးမြုပ်နှံမှု ရနိုင်မည် ဖြစ်ပြီး ဘဏ်ချေးငွေအတွက် စိတ်ပူစရာ မလိုတော့ချေ။ သို့ရာတွင် လိမ်လည်ရာ ကျပေလိမ့်မည်။ အကယ်၍ မစ္စတာဖုန်းသည် အမှန်တရားသိရှိသွားပါက ပြင်းထန်သော အကျိုးဆက်များ ရှိလာနိုင်ပေသည်။
မိမိအနေဖြင့် မစ္စတာဖုန်းအား ပြောပြလိုက်ပါက မစ္စတာဖုန်း၏ အထင်ကြီးမှု ရနိုင်သော်လည်း ရင်းနှီးမြုပ်နှံမှု ဆုံးရှုံး သွားနိုင်ပေသည်။ ‘သန်မာခြင်း’အုပ်စုသည် ဤပုံစံအတိုင်း ဆက်လက်တည်ရှိနေမည် ဖြစ်ပြီး တရုတ်နိုင်ငံတွင် ထိပ်တန်း ဂျယ်လီထုတ်လုပ်သူ ဖြစ်လာစေရေး အိပ်မက်မှာ ရေစုန်မျောရပေတော့မည်။
လီတကျွင်း အကျပ်ရိုက်နေပေသည်။
**********
“မန်နေဂျာဖုန်း.. မင်း ဘာလို့ ဒီကုမ္ပဏီ သေးသေးလေးမှာ ရင်းနှီးမြုပ်နှံချင်နေရတာလဲ.. တကယ်လို့ မင်းသာ ဂျယ်လီထုတ်လုပ်ဖို့ စဉ်းစားနေတယ်ဆိုရင် ငါတို့တွေ ဂျယ်လီ စက်ရုံတစ်ခု ဒါမှမဟုတ် စက်ရုံကြီး တစ်ခုမှ ရင်းနှီး မြုပ်နှံလို့ရတာပဲ.. အဲ့ ‘သန်မာခြင်း’အုပ်စုက အရမ်းသေးတဲ့အပြင် အလားအလာ မရှိဘူး..”
လီတကျွင်း ထွက်သွားပြီးနောက် ကျုံးချင်ရှန့် မေးလိုက်တော့သည်။
“အဲ့အတွက် စိတ်မပူပါနဲ့.. မင်းမှာ ငွေပိုရှိရင် အဲ့ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံလို့ရတယ်.. တခြား ဂျယ်လီ ကမ္ပဏီတွေ ငါစိတ်မဝင်စားဘူး..”
ဖုန်းယွီသည် ကျုံးချင်ရှန့်အား အနာဂတ်ကို လွှမ်းမိုးရန် ကြိုးစားနေခြင်းဖြစ်ကြောင်း မပြောနိုင်ပေ။ နောင်တွင် မူလ လမ်းကြောင်းမှ သွေဖယ်ကာ ကွင်းဆက် အကျိုးသက်ရောက်မှုများ မဖြစ်စေလိုချေ။ ဖုန်းယွီသည် လီတကျွင်းကို စိတ်ဝင်စားပြီး သူ့ကုမ္ပဏီကို စိတ်ဝင်စားခြင်းဖြစ်သည်။
ဂျယ်လီသည် (၈၀)ခုနှစ် နောက်ပိုင်းတွင် ပေါ်လာပြီး ဖုန်းယွီ၏ ယခင်ဘဝတွင် လီတကျွင်းသည် သူ့စက်ရုံကို ယမန်နှစ်က စတင်ခဲ့ပေသည်။ ဂျယ်လီပေါ်လာပြီး (၈)နှစ် အကြာတွင် သူ့ကုမ္ပဏီသည် ကမ္ဘာ့ နံပတ်တစ် ဂျယ်လီ ကုမ္ပဏီ ဖြစ်လာခဲ့သည်။ အာရှတွင် သူ့ဈေးကွက်ဝေစုသည် (၅၀)ရာခိုင်နှုန်း ကျော်ပေသည်။ ဤသည်က လီတကျွင်း၏ စွမ်းရည်ဖြစ်ပေသည်။
ထို့အပြင် ‘သန်မာခြင်း’အုပ်စုသည် ၎င်းတို့၏ အမှတ်တံဆိပ်များကို စီမံခန့်ခွဲရာတွင် အားကောင်းခဲ့ပေသည်။ ယခင်က ‘သန်မာခြင်း’အုပ်စုသည် လူကြိုက်အများဆုံး ကလေး အစားအစာ အမှတ်တံဆိပ်ြဖစ်ပေသည်။ ‘သန်မာခြင်း’ အုပ်စုမှ ထုတ်လုပ်သည့် ထုတ်ကုန်တိုင်းသည် လူကြိုက်များခဲ့ပေသည်။
‘သန်မာခြင်း’အုပ်စု ဂျယ်လီ၊ စီစီ ဂျယ်လီ၊ အချစ် ဂျယ်လီ၊ မင်းအချစ် ဂျယ်လီ စသည်တို့သည် ‘သန်မာခြင်း’အုပ်စု အောက်ရှိ နာမည်ကြီး အမှတ်တံဆိပ်များ ဖြစ်ပေသည်။
မင်းအချစ် နို့လက်ဖက်ရည်သည် အသင့်စား ထုတ်ကုန်များမှ အုန်းဂျယ်လီ အဖြစ်သို့ ပြောင်းလဲခဲ့ပေသည်။ ဤသည်ကလည်း သူတို့၏ ဖန်တီးမှုတစ်ခုပင်။ ပီလောပီနံ အလုံးများ မပါဘဲ အရသာနှင့် ပုံသဏ္ဍာန် ပြောင်းလဲကာ ကလေးငယ်များသည် ဂျယ်လီကို အလွယ်တကူ မျိုချနိုင်ပေသည်။ ဤအချိုရည်သည် အဟာရ တန်ဖိုး ပိုရုံမျှမက ကလေးငယ်များတွင် ပုလဲဓတ် စိမ့်ဝင်မှုကို မိဘများ စိုးရိမ်ပူပန်စရာ မလိုခဲ့ကြချေ။
ဤသည်က ‘မင်းအချစ်’ ရေပန်းစားလာရသည့် အကြောင်းအရင်းများထဲမှ တစ်ခု ဖြစ်ပေသည်။
‘သန်မာခြင်း’ အုပ်စုသည် သူတို့၏ အမှတ်တံဆိပ်များကို တည်ဆောက်ကာ ဖောက်သည်များကို ဆွဲဆောင်ရာတွင် ကောင်းမွန်ပေသည်။ ထို့အပြင် ခိုင်မာသော ဖြန့်ဖြူးရေး လမ်းကြောင်းကို တည်ဆောက်နိုင်ခဲ့ပေသည်။ ကြော်ငြာတွင် ကြီးကြီးမားမား ရင်းနှီးမြုပ်နှံခဲ့ပြီး ‘သန်မာခြင်း’အုပ်စု၏ ရောင်းအားကို လျင်မြန်စွာ တိုးလာနိုင် စေသည်။
ဤ အောင်မြင်မှု အားလုံးသည် လီတကျွင်းသည် အရည်အချင်းရှိသော ခေါင်းဆောင် တစ်ယောက်ဖြစ်ကြောင်း သက်သေပြခဲ့ပေသည်။ အလွန်နှိမ့်ချသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး မီဒီယာများရှေ့တွင် ပေါ်လာခဲပေသည်။ ဤသည်က ဖုန်းယွီနှင့် အတူတူသာပင်။
“မန်နေဂျာဖုန်း.. မင်း ဒီကုမ္ပဏီကို တကယ်ကြီး စိတ်ဝင်စားနေတာလား..”
ကျုံးချင်ရှန့် မေးကြည့်လိုက်သည်။ သူ့အနေဖြင့် မည်သည့်အကြောင်းအရင်းကိုမှ ရှာမတွေ့ချေ။
ဖုန်းယွီ ရယ်မောကာ..
“မင်း ငါ့ကို သိတာကြာပါပြီ.. ငါ့မှာ ရင်းနှီးမြုပ်နှံမှု မကောင်းခဲ့တာ တွေ့ဖူးလို့လား..”
ကျုံးချင်ရှန့်၏ မျက်နှာ ပြောင်းလဲသွားသည်။ မှန်ပေ၏။ ဖုန်းယွီသည် ဆိုးရွားသည့် ရင်းနှီးမြုပ်နှံမှု လုပ်သည်ဟူ၍ မည်သည့်အခါတွင်မှ မကြားဖူးချေ။ ဆိုလိုသည်မှာ ဤကုမ္ပဏီသည် ရင်းနှီးမြုပ်နှံရန် အမှန်တကယ် ထိုက်တန်ပေသည်။
သို့ရာတွင် မည်သည့်အတွက် ထိုကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံသင့်သနည်း။ လီဟဟ အနေဖြင့် ‘သန်မာြခင်း’အုပ်စုကို ဝယ်ယူစေပြီး ထိုကုမ္ပဏီအား သူတို့၏ လုပ်ငန်းခွဲတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ ထိုသို့ ပြုလုပ်သည်က ရလဒ်များ ပိုကောင်းလာနိုင်ပေသည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)