ဒီမှာငြိမ်ငြိမ်လေးနေ
Vol. 015 Ch. 1460
ဟောက်ထျန်းမြို့၏ အစွမ်းထက်အင်အားစုဖြစ်ဖြစ် သေးငယ်သော အင်အားစုဖြစ်ဖြစ် အားလုံးသည် တစ်စုပြီးတစ်စု ရှေ့ထွက်လာကြသည်။ ထိုအချိန်တွင် ကောင်းကင်နတ်တံခါးဂိုဏ်းကို ဟောက်ထျန်းမြို့၏ ကောင်းကင်နတ်တံခါးဟု မည်သည့်အတွက် ပြောကြကြောင်း လူအများက စတင်နားလည်လာကြသည်။
အကြောင်းမှာ ကောင်းကင်နတ်တံခါးဂိုဏ်း ခေါင်းဆောင်၏ စကားလုံးများက လူအများကို လှုံ့ဆော်နိုင်ပေသည်။ ယခင်က ကောင်းကင်နတ်တံခါးအတွက် ဂူကလန်ကို သေစေခဲ့ပြီး ဂူတုံးလျှို တစ်ယောက်သာ ကျန်ရစ်စေခဲ့သည်။ ယခု သူတို့သည် တူညီသော အခြေအနေ၌ တစ်ဖန် ကျရောက်နေပြီဖြစ်ကာ သူတို့က အကုန် သေဆုံးသည့် အချိန်ရောက်မှသာ စစ်ပွဲအား ရပ်တန့်လိမ့်မည် ဖြစ်သည်။
ထိုသည်က ဂူထျန်းရှင်း ခေတ်အခါ၌ ဟောက်ထျန်းမြို့ရှိ လူများ မည်မျှ ဂုဏ်ရောင် ထွန်းပြောင်ခဲ့သလဲဆိုသည်နှင့် ထိုအချိန်က ဟောက်ထျန်းမြို့သည် မည်မျှ အောင်မြင်ခဲ့သည် ဆိုခြင်းကို သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။ သူတို့ မည်သည့်နေရာကို သွားသည်ဖြစ်စေ ကောင်းကင်နတ်တံခါး၏ အဖွဲ့ဝင်တစ်ယောက်အဖြစ် ဂုဏ်ယူကြရသည်။
ကောင်းကင်နတ်တံခါးက ပျက်စီးသွားခဲ့လျှင် လောကကြီး၌ ဟောက်ထျန်းမြို့ တည်ရှိတော့မည် မဟုတ်ပေ။ ဟောက်ထျန်းမြို့သည် ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် ကောင်းကင်အာဏာစက် ပြည်ထောင်တို့၏ အုပ်ချုပ်မှုကို ခံကြရလိမ့်မည် ဖြစ်သည်။ ထို့နောက်တွင် သူတို့က လက်ပါစေများ ဖြစ်လာပြီး အင်အားစုများသည် ယနေ့ကဲ့သို့ အဆင့်အတန်းမျိုး ရှိတော့မည် မဟုတ်သလို သူတို့က ကောင်းကင်နတ်တံခါး၏ အဓိကအင်အားစုအဖြစ် ဝင်ရောက်ရန် အခွင့်အရေးလည်း ရှိတော့မည် မဟုတ်ပေ။ ကောင်းကင်အာဏာစက် ပြည်ထောင်သည် တော်ဝင်မျိုးနွယ်ဖြစ်သည့်အတွက် သူတို့ မျိုးနွယ်တွင်း ဝင်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
ထိုသည်က သူတို့သည် ဂူတုံးလျှို၏ အနာဂတ်အတွက် မျှော်လင့်ချက်နှင့် ဆုံးဖြတ်ချက်တို့အား မြင်လိုက်ရသည့်အတွက် သူ့ကြောင့် တိုက်ခိုက်ပေးခြင်းလည်း ဖြစ်သည်။
သူက အမှန်တကယ်ပင် အချိန်ကို ပြောင်းလဲနိုင်ပြီး ကောင်းကင်နတ်တံခါးဂိုဏ်းကို ကယ်ဆယ်ကာ ဟောက်ထျန်းမြို့အား ကောင်းကင်အာဏာစက်ဘုံတွင် ထိပ်တန်းသို့ ပြန်လည်ရောက်ရှိစေမည်လည်း ဖြစ်သည်။
ထို့ပြင် ယခုတွင် ဂူတုံးလျှိုသာမကဘဲ ဂူတုံးလျှို၏ ညီငယ်လေး ရီဖူရှင်းသည်လည်း ထူးချွန်လှပေသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်သခင်တို့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြသည်။ အားလုံး၏ ယုံကြည်မှုနှင့် စည်းလုံးခြင်းက အလွန် အစွမ်းထက်ပေသည်။ အားလုံးသော လူများက တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာသည့်အခါ သူတို့သည် မဟာလမ်းစဉ်နှင့် တစ်သားတည်းဖြစ်စေသော အစွမ်းထက် အင်အားများကို ထုတ်ဖော်နိုင်စေသည်။ သူတို့၏ စွမ်းအားများက အဆုံးမဲ့ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းပြီး ထွက်ခွာရန် ပြင်ဆင်နေသည့် ကောင်းကင်အာဏာစက် ပြည်ထောင်အိမ်ရှေ့စံပင် မြင်တွေ့နိုင်ပေသည်။
ရီထျန်းယွိအနီးရှိ များပြားလှသော တန်ခိုးရှင်များသည် ဟောက်ထျန်းမြို့ရှိ အင်အားစုများက သူတို့၏ အနီးဝန်းကျင်တွင် တပ်ဖြန့်ထားကြပြီး သူတို့ကို တိုက်ခိုက်ရန် ရည်ရွယ်ချက်အား သိသိသာသာ ပြသခြင်း မရှိပေ။
သို့သော် စစ်ပွဲက စတင်လိုက်သည်နှင့် သူတို့က ရီထျန်းယွိအား တစ်ခုခု လုပ်ကြမည်မှာ အသေအချာပင် ဖြစ်သည်။
ကောင်းကင်အာဏာစက်ဘုံ၏ အဓိကအင်အားစုနှစ်ခုက ပူးပေါင်း၍ ကောင်းကင်နတ်တံခါးကို တိုက်ခိုက်ရန် လာကြသည်ဖြစ်ရာ ဤမုန်တိုင်းက အမှန်တကယ် စစ်ပွဲဖြစ်ပေါ်လာစေပေလိမ့်မည်။
ကောင်းကင်နတ်တံခါးတွင် တိတ်ဆိတ်မှုက ကြီးစိုးနေပြီး လူတိုင်း၏ နှလုံးသားများကို ဖိနှိပ်နိုင်သော လေထုက လွှမ်းခြုံထားသည်။
ထို အစွမ်းထက် ထိပ်တန်းအင်အားစုများက မတူညီသည့် နေရာများတွင် ရပ်ကာ ဖြစ်ပျက်နေသည့် အရာရာကို စောင့်ကြည့်နေကြသည်။ ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်က ကောင်းကင်နတ်တံခါးကို ဖိအားပေးတိုက်ခိုက်ချင်ပါက သူတို့သည်လည်း ပြင်းထန်သည့် အရှုံးကို ခံစားကြရလိမ့်မည် ဖြစ်သည်။ အင်အားစုနှစ်ခုလုံးက ကောင်းကင်နတ်တံခါးကို အမြစ်ပြတ်သုတ်သင်နိုင်လျှင်ပင် သူတို့သည်လည်း အကြီးအကျယ် ဆုံးရှုံးရပေလိမ့်မည်။
ထို့ပြင် ကောင်းကင်နတ်တံခါးအတွင်း၌ အဓိကတိုက်ပွဲနေရာဖြစ်သည့် နတ်ဝင်္ကပါတစ်ခု ရှိသည်။
ဤစစ်ပွဲက မဖြစ်ပွားသည်လည်း ဖြစ်နိုင်ပေသည်။
“မင်းက ကောင်းကင်နတ်တံခါး ပျက်စီးရမယ်ဆိုရင်တောင် သူ့ကို တကယ် ကာကွယ်ချင်နေတာလား” ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်က မေးလိုက်သည်။ သူ၏ အသံက အေးစက်နေပြီး ကောင်းကင်ထက်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေကာ သူ၏ ပြင်းထန်သော စွမ်းအားများက သူ့ကို အချိန်မရွေး ရိုက်ခတ်တော့မလိုပင် ဖြစ်သည်။
“ထပ်ပြောဖို့ လိုသေးတာလား။ ကောင်းကင်နတ်တံခါးက တစ်ယောက်တည်း ကျန်တဲ့ထိ တိုက်ခိုက်တာကို ရပ်တန့်မှာ မဟုတ်ဘူး။” ကျန်းကလန်ခေါင်းဆောင်က တုံ့ပြန်လိုက်သည်။ “ပြီးတော့ ခင်ဗျားက ကောင်းကင်နတ်တံခါးကို ဖျက်ဆီးပစ်နိုင်မှာ သေချာရဲ့လား။ တကယ်လို့ ကောင်းကင်နတ်တံခါးက ပျက်စီးခဲ့ရင်တောင် ခင်ဗျားဘက်မှာလည်း ဆုံးရှုံးမှုများနိုင်တာပဲ”
“ကျုပ်က ဂူတုံးလျှို တစ်ယောက်ကိုပဲ လိုချင်တာ” ခရမ်းရင့်ကောင်းကင်နန်းတော်သခင်၏ အသံထဲတွင် မိုးကြိုးစွမ်းအားများ ပါဝင်နေပြီး တန်ခိုးရှင်တိုင်း၏ နားစည်များကို တုန်ခါနေစေသည်။
“ကျုပ်က ဂူတုံးလျှို ခင်ဗျားဆီ ပေးလိုက်မယ်။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ကောင်းကင်အာဏာစက် ပြည်ထောင်အိမ်ရှေ့စံနဲ့ ခရမ်းရင့်ကောင်းကင်နန်းတော်ရဲ့ မဟာလမ်းစဉ် အထွတ်အထိပ်ခန္ဓာပိုင်ရှင်ကို ဒီမှာ ထားသွားမလား” ဟွားကလန်ခေါင်းဆောင်ကလည်း ပြောလိုက်သည်။ တစ်ယောက်တည်းတဲ့လား။
သူတို့က ဤသူအား မည်သို့ လက်လွှဲပေးနိုင်မည်နည်း။
ပြည်ထောင်ဘုရင်ကရော ကောင်းကင်အာဏာစက် ပြည်ထောင်အိမ်ရှေ့စံကို လက်လွှဲပေးနိုင်မည်လား။
ခရမ်းရင့်ကောင်းကင်နန်းတော်သည်ရော သူတို့၏ မဟာလမ်းစဉ် အထွတ်အထိပ် ခန္ဓာပိုင်ရှင် ကျန်းယွမ်ကို လက်လွှဲပေးနိုင်ပါမည်လား။
“ခင်ဗျားက တိုက်ခိုက်ချင်တာလား မတိုက်ခိုက်ချင်တာလား” သူတို့ တိတ်ဆိတ်နေသည်ကို မြင်ကာ ဝမ်ကလန်ခေါင်းဆောင်က မေးလိုက်သည်။
ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်က သူ့အား လှမ်းကြည့်လိုက်ပြီးနောက် အေးစက်စွာ ပြောသည်။ “ကောင်းကင်နတ်တံခါးက သူတို့ရဲ့ အတိတ်က ကတိကို မတည်ဘဲ ဂူကလန်မျိုးဆက်ကို ကောင်းကင်နတ်တံခါးဂိုဏ်းဆီ ပြန်ခေါ်လာခဲ့တယ်။ မင်းတို့ အရင်က ဘာလုပ်ခဲ့လဲဆိုတာ အမြဲ သတိရနေသင့်တယ်။”
ထိုစကားများ ပြောပြီးနောက် ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီး၏ လွှမ်းမိုးနိုင်သော အသက်ဓာတ်များက လျင်မြန်စွာ ပျက်ပြယ်သွားသည်။ နတ်အလင်းများက ပျက်ပြယ်သွားသည့်အခါ ကောင်းကင်မှ ပုံရိပ်က အဝေးသို့ ထွက်ခွာသွားသည်။
တစ်ချိန်တည်းမှာပင် မိုးကြိုးအလင်းများလည်း ပျောက်ကွယ်သွားပြီး ခရမ်းရင့်ကောင်းကင်နန်းတော်သခင်လည်း ထွက်ခွာသွားပေသည်။
ထိုထိပ်သီးပုဂ္ဂိုလ်နှစ်ဦးက ချက်ချက်း ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်တွင် ဟောက်ထျန်းမြို့ တစ်မြို့လုံးက စိတ်ပေါ့ပါးသွားကာ လူတိုင်း၏ နှလုံးသားများကလည်း သက်သောင့်သက်သာ ဖြစ်သွားကြသည်။
နောက်ဆုံး၌ သူတို့က စစ်မက်ဖြစ်ပွားရန် အသင့်ဖြစ်နေခဲ့ခြင်း မဟုတ်ခဲ့ပေ။
သူတို့သည်လည်း လွန်ခဲ့သည့် နှစ်များက အရာမျိုး တစ်ဖန်ထပ်ဖြစ်ကာ ကောင်းကင်အာဏာစက် ပြည်ထောင်၏ အင်အားကို အားနည်းသွားစေမည့် အဖြစ်မျိုးအား ကြောက်ရွံ့ပေသည်။ ထိုသို့ဖြစ်ပါက သူတို့သည် ကြီးစွာသော နစ်နာမှု ဖြစ်ပေါ်လာကာ ထိုအချိန်၌ အခြားအင်အားစုများက ဤအဖြစ်မှ အကျိုးအမြတ်များ ရရှိသွားပေလိမ့်မည်။
ထိုအချိန်က တိုက်ပွဲသည် ကောင်းကင်အာဏာစက်ပြည်ထောင်ကို အထွတ်အထိပ်မှနေ၍ ကျဆင်းသွားစေသော်လည်း ဤနှစ်များအတွင်းတွင် အခြားသော အင်အားစုများထက် အနည်းငယ် ပို၍ အားကောင်းနေဆဲ ဖြစ်သည်။ သို့သော် ထိုသို့သော စစ်ပွဲမျိုးသာ ထပ်ဖြစ်ပါက ကောင်းကင်အာဏာစက် ပြည်ထောင်သည် ယင်းကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
ထိုအချက်များကို ကြည့်ပါက ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်သည် ကောင်းကင်နတ်တံခါးကို အရဲစွန့်၍ လာခြိမ်းခြောက်ကြည့်ခြင်း သက်သက်သာ ဖြစ်လေသည်။
ယခင်တိုက်ပွဲ ပြီးနောက် ပြည်ထောင်ဘုရင်နှင့် နန်းတော်သခင်တို့ ထွက်ပေါ်လာခဲ့သော်လည်း အဆုံး၌ အရာအားလုံးသည် ကစားပွဲ၏ အပိုင်းအစများသာ ဖြစ်ပေသည်။ ကောင်းကင်နတ်တံခါးသာ တစ်ကြိမ်ရှုံးနိမ့်သွားလျှင် အကျိုးဆက်က မတွေးဝံ့စရာပင် ဖြစ်သည်။
သို့သော် ဤကစားပွဲအတွင်း၌ ဂူတုံးလျှိုနှင့် ကောင်းကင်နတ်တံခါးနှစ်ဖက်လုံးက ခိုင်မာအားကောင်းသည့် ဆုံးဖြတ်ချက်ကို ပြသခဲ့ကာ ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ကောင်းကင်နန်းတော်ကို ဟောက်ထျန်းမြို့မှ မောင်းထုတ်နိုင်ခဲ့သည်။
သူတို့၏ ခန္ဓာကိုယ်က လေထဲသို့ လျင်မြန်စွာ ရောက်ရှိသွားကာ နှစ်ဖက်လုံး၏ တန်ခိုးရှင်များက ဒီရေကဲ့သို့ ပြန်ဆုတ်ခွာသွားကြပြီး မကြာခင်၌ ကောင်းကင်တွင် ပျောက်ကွယ်သွားသည်။
ဤမုန်တိုင်းကြီးကလည်း အဆုံးသတ်သို့ ရောက်သွားခဲ့ပုံပေါ်သည်။
သို့သော် ယနေ့သည် အစသာ ဖြစ်ပုံပေါ်သည်။ နောက်ပိုင်း၌ ကောင်းကင်အာဏာစက်ဘုံတွင် အတွင်းပဋိပက္ခများ ဖြစ်ပေါ်လာပေလိမ့်မည်။ အနည်းဆုံး နှစ်ဖက်ကြားမှ ထိပ်တိုက်တွေ့ဆုံမှုသည် ပြင်းထန်မည်ဖြစ်ကာ ဂူတုံးလျှိုနှင့် ရီထျန်းယွိ၏ တိုက်ပွဲအကြားတွင် ထိပ်သီးအင်အားစုနှစ်ခုကြားမှ ထိပ်တိုက်တွေ့ရမည့် ရန်ငြိုးကို တရားဝင်ကြေညာခဲ့သည်။
ဤမုန်တိုင်းက မည်သည့်အချိန်၌ ဖြစ်ပေါ်လာမည်ကို မည်သူကမှ တိတိကျကျ မသိရှိသော်လည်း လူတိုင်းက နောက်ဆုံးရလဒ်သည် ကောင်းကင်အာဏာစက်ဘုံ၏ နယ်မြေ အာဏာသက်ရောက်မှုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိမည်အား သိရှိပေသည်။
ကောင်းကင်အာဏာစက်ဘုံ၏ ဤ ပြောင်းလဲမှုက မှော်ဝိဇ္ဇာ၏ ဟောပြောချက်အတိုင်းပေလား။
သို့သော် ကောင်းကင်နတ်တံခါး၏ လူများမှာ ထိုနေရာ၌ပင် ရှိနေသေးသည်။ ဟောက်ထျန်းမြို့မှ တန်ခိုးရှင်များသည် လှေကားဆီသို့ မော့ကြည့်လိုက်ကြသည်။ ကျန်းကလန်ခေါင်းဆောင်က ရှေ့သို့ လျှောက်လာပြီး လူအများအား နှုတ်ဆက်ကာ ပြောလိုက်သည်။ “အဲဒီအချိန်တုန်းက တိုက်ပွဲမှာ ကျန်းကလန်၊ ဟွားကလန်နဲ့ ဂူကလန်ကြား သဘောတူညီမှုတစ်ခု ရှိခဲ့တယ်။ ဂူကလန်က အမြစ်ဖြတ်ချေမှုန်းမှုနဲ့ ရင်ဆိုင်ရပြီး ကျုပ်က ဂူထျန်းရှင်းကို ကတိပေးခဲ့တယ်။ အနာဂတ်မှာ အခွင့်အရေး ရှိခဲ့ရင် ဘယ်လိုပေးဆပ်မှုမျိုးပဲ လုပ်ရလုပ်ရ ကောင်းကင်နတ်တံခါးဂိုဏ်းရဲ့ ဂုဏ်ရောင်ကို ပြန်ပြီး ထွန်းလင်းစေရမယ်ဆိုပြီးတော့ပေါ့။ အဲဒီအချိန်တုန်းက ဂူထျန်းရှင်း သူတစ်ယောက်တည်း ထွက်သွားလို့ရပေမဲ့ ကောင်းကင်နတ်တံခါးရဲ့ လုံခြုံရေးအတွက် သူ ကိုယ်တိုင် ရွေးချယ်မှုလုပ်ခဲ့တယ်။ အခု ကျုပ်လည်း ကိုယ်ပိုင် ရွေးချယ်မှု လုပ်ခဲ့ပြီးတော့ ဒါကို ဘယ်တော့မှ နောင်တရမှ မဟုတ်ဘူး”
“နတ်တံခါးမြို့က ဒီကိစ္စမှာ ဝင်မပတ်သတ်ချင်တဲ့ လူတွေ ရှိခဲ့ရင်လည်း မင်းတို့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပေးမှာပါ။ ကောင်းကင်နတ်တံခါးနဲ့အတူ တိုက်ခိုက်ဖို့ ဆန္ဒရှိတဲ့လူတွေအတွက်ကတော့ ကောင်းကင်နတ်တံခါး အထွတ်အထိပ်ကို ပြန်ရောက်လာတဲ့ အချိန်မှာ ကောင်းကင်နတ်တံခါးရဲ့ ထူးခြားလမ်းစဉ်ကို ဘယ်လိုဆက်ခံရမလဲဆိုတာကို ပြောင်းလဲ ဆုံးဖြတ်ပေးပါ့မယ်” ကျန်းကလန်ခေါင်းဆောင်က ကျယ်လောင်စွာ ပြောလိုက်သည်။ ဟောက်ထျန်းမြို့၏ အားလုံးသော လူများက သူ၏ အသံကို ကြားနိုင်ကြပေသည်။
လူအများတို့သည် ထိုစကားတို့ကြောင့် စိတ်လှုပ်ရှားသွားခဲ့သည်။ ယနေ့သည် ကောင်းကင်နတ်တံခါးအတွက် အပြောင်းအလဲ ဖြစ်ပေလိမ့်မည်။
ပျက်စီးခြင်းလား ပြန်လည်မွေးဖွားခြင်းလား ဆိုသည်ကတော့ မသိရှိရသေးပေ။
“ဒီနေ့ ဒီနေရာမှာ ကောင်းကင်အာဏာစက်ဘုံရဲ့ တခြားအင်အားစုတွေက လူတွေလည်း အများကြီး ရောက်နေတာကို မြင်မိတယ်။ တကယ်လို့များ ကောင်းကင်နတ်တံခါးနဲ့ မိတ်ဆွေဖြစ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ကြိုဆိုပါတယ်” ကျန်းကလန်ခေါင်းဆောင်က ဆက်ပြောလိုက်သည်။ ထိုတန်ခိုးရှင်များက လက်ကိုဆုပ်၍ အရိုအသေပြုကာ နှုတ်ဆက် ထွက်ခွာသွားလေသည်။ မည်သူကမှ ကောင်းကင်နတ်တံခါးသို့ မသွားလိုကြပေ။
အခြေအနေက တင်းမာနေခဲ့ပြီး နတ်တံခါးကို ဝင်ရန်မဆိုထားနှင့် သူတို့၏ အပြုအမူလေးတချို့ကပင် အလွယ်တကူ အထင်လွဲမှားမှုကို ဖြစ်ပေါ်စေလိမ့်မည်။ သူတို့က ပါဝင်ပတ်သတ်လိုခြင်း မရှိပေ။
ရီဖူရှင်းနှင့် သူ့လူများသာလျှင် အကြောက်တရားမရှိဘဲ နတ်တံခါးဆီသို့ လျှောက်သွားခဲ့သည်။
နတ်ဆင်ကလန်သည် သူ့နောက်ခံအဖြစ် ရှိနေပေးသော်လည်း သူက နတ်ဆင်ကလန်မှ တန်ခိုးရှင်တစ်ဦး မဟုတ်ပေ။ ထို့ကြောင့် သူက နတ်ဆင်ကလန်၏ ရပ်တည်မှုကို ကိုယ်စားပြုနိုင်ခြင်း မရှိပေ။ သို့သော် ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်သည် သူ့ကို ထိခိုက်စေလိုနေပေမဲ့ သူတို့သည် နတ်ဆင်ကလန်၏ အဆင့်အတန်းကို ထည့်သွင်း စဉ်းစားကြရပေသည်။
“ကျေးဇူးတင်ပါတယ် စီနီယာ” ရီဖူရှင်းက ကျန်းကလန်ခေါင်းဆောင်ထံ လျှောက်သွားကာ အရိုအသေပြုလိုက်သည်။
သူ၏ ကျေးဇူးတင်မှုက သူ့အစ်ကိုသုံး ကိုယ်စား ဖြစ်သည်။ ကောင်းကင်နတ်တံခါးဂိုဏ်းသာ ဆုံးဖြတ်ချက် မပြတ်သားခဲ့ပါလျှင် သူတို့က အစ်ကိုသုံးအား လုံးဝ အလွတ်ပေးကြလိမ့်မည် မဟုတ်ပေ။ ထိပ်သီးပုဂ္ဂိုလ်ကြီးများ ပေါ်ပေါက်လာပြီး ကောင်းကင်နတ်တံခါးအား ခြိမ်းခြောက်ဆွဲဆောင်ကာ သူ့ကို လက်လွှဲပေးရန် တောင်းဆိုခဲ့သည်။ ကောင်းကင်နတ်တံခါးသာ ဆုံးဖြတ်ချက် မခိုင်မာခဲ့ပါက အစ်ကိုသုံးက ဘေးကင်းလိမ့်မည် မဟုတ်ပေ။
“ဒီ မိတ်ဆွေလေးရီက ကောင်းကင်အာဏာစက် ပြည်ထောင်ရဲ့ တန်ခိုးရှင်ကိုးယောက်ကို ရှုံးနိမ့်စေခဲ့တယ်။ ကျုပ်ကသာ အရင်ဆုံး ကျေးဇူးတင်သင့်တဲ့သူပါ” ကျန်းကလန်ခေါင်းဆောင်က ပြုံးကာ ပြောလိုက်သည်။ သူက ဂူတုံးလျှို၌ ဤသို့သော ညီလေး ရှိသည်ကို ဝမ်းမြောက်မိသည်။ ဤလူငယ်၌ ထူးခြားသာလွန်သည့် အရည်အချင်းများရှိပြီး တစ်နေ့တွင် ကျိန်းသေ အထွတ်အထိပ်၌ ရပ်တည်နိုင်မည် ဖြစ်သည်။
“နတ်တံခါးကို ပြန်ကြစို့” ကျန်းကလန်ခေါင်းဆောင်က ပြောလိုက်ပြီး တစ်အုပ်စုလုံးသည် နတ်တံခါးသို့ ဦးတည်လိုက်ကြသည်။ ရီဖူရှင်းနှင့် ဂူတုံးလျှိုက အတူတူ လျှောက်နေခဲ့ကြ၏။
“ဒီနေ့ပြီးသွားတော့ မင်း ပိုပြီး ဂရုစိုက်ရလိမ့်မယ်” ကျန်းကလန်ခေါင်းဆောင်က သူ့အား သတိပေးလိုက်သည်။ ကောင်းကင်အာဏာစက် ပြည်ထောင်က ရီဖူရှင်းအား ထင်သာမြင်သာ မည်သည့်အရာမှ မလုပ်ရဲသော်လည်း ကောင်းကင်အာဏာစက်ဘုံက အလွန် ကျယ်ပြန့်လှသည်။ များပြားလှသော လူများလည်း ရှိနေကာ ချဉ်းကပ်ရန်အတွက် ထူးခြားသည့် နည်းလမ်းတို့အား အသုံးပြုနိုင်ပေသည်။
“ကျွန်တော် နားလည်ပါတယ်” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒီအချိန်အတောအတွင်း မင်း ကောင်းကင်နတ်တံခါးမှာ ကျင့်ကြံနိုင်ပါတယ်” ကျန်းကလန်ခေါင်းဆောင်က ပြောလိုက်သည်။
“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး ငြင်းပယ်ခြင်းမပြုခဲ့ပေ။
သူ၏ ထူးခြားလမ်းစဉ် ကျင့်ကြံခြင်းကို တည်ငြိမ်အောင်လုပ်ရန်မှာ အချိန်ခဏ လိုအပ်နေသေးပေသည်။
“ကျုပ် မြင်ရသလောက်တော့ မင်းနဲ့ ဗြဟ္မာ့သန့်စင် ကောင်းကင်က ချင်းဟယ်တို့ သာမန် မဟုတ်သလိုပဲ။ မင်းသာ ဗြဟ္မာ့သန့်စင်ကောင်းကင် အရှင်မဆီကနေ အကာအကွယ် ရခဲ့ရင် ကောင်းကင်အာဏာစက် ပြည်ထောင်နဲ့ ခရမ်းရင့်ကောင်းကင်နန်းတော်က မင်းကို ထိရဲမှာ မဟုတ်ဘူး။” ဘေးမှ ဟွားကလန်ခေါင်းဆောင်က ဝင်ပြောလိုက်သည်။
ကျန်းကလန်ခေါင်းဆော်သည် ဂူတုံးလျှိုက လက်မထပ်ချင်ဟု သူ့အား ပြောပြခဲ့ဖူးသည်။ ထို့ကြောင့် သူက ဂူတုံးလျှိုအား ဖိအားပေးမည် မဟုတ်သော်လည်း လူအများကြား၌ ရီဖူရှင်းနှင့် ချင်းဟယ်တို့၏ ကောလာဟလများက ပျံ့နှံ့နေခဲ့သည်။ သူတို့က အချင်းချင်း မေတ္တာသက်ဝင်၍ စုံဖက်သွားခဲ့လျှင် ထိုသည်က ရီဖူရှင်းနှင့် ဂူတုံးလျှိုအတွက် အကူအညီဖြစ်ရန် မျှော်လင့်ချက် ဖြစ်လာပေလိမ့်မည်။
ယခင်က ကောင်းကင်အာဏာစက် ပြည်ထောင်သည်လည်း ဗြဟ္မာ့သန့်စင်ကောင်းကင်နှင့် ထိမ်းမြားမင်္ဂလာ ပြုချင်ခဲ့ကြသည်။
သူတို့ဘေးမှ ရှားရှင်းယွန်သည် ထိုစကားလုံးများကို ကြားသည့်အခါ တောင့်ခနဲ ဖြစ်သွားခဲ့သည်။ သူမ၏ တောက်ပသော မျက်လုံးများက ပြောင်းလဲသွားသည်။
သူမက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူသည် ထူးခြားသော လူတစ်ယောက်ဖြစ်ရန် မွေးဖွားလာသူ ဖြစ်ကာ အခြားသူများကို နောက်တွင် ချန်ထားပစ်ခဲ့နိုင်သည်။ သူတို့ အင်ပါယာရှားဘုံ၌ ရှိစဉ်က သူမက သူ့အား ကူညီနိုင်စွမ်းရှိသော်လည်း ယခုတွင် သူမသည် လက်အောက်ငယ်သား တစ်ယောက်လိုသာ ပြုမူနေနိုင်ပေသည်။
သူ့အနီးတွင် သူမ ဖြစ်စေ ချင်းဟယ်ဖြစ်စေ ကောင်းမွန်သည့် သူများ အမြဲ ရှိနေလိမ့်မည်။
အနာဂတ်၌ သူ့အနီးတွင် ကောင်းမွန်သည့် အမျိုးသမီးများ ပို၍ပင် များပြားလာပေဦးမည်။
သူမသည် အစကတည်းက မည်သည့် စိတ်ကူးမှ မထားရှိခဲ့သင့်ပေ။
အချို့သော လူများ၏ ကံတရားက လွဲချော်မှုများ ဖြစ်နေတတ်သည်။
“ချင်းဟယ်နဲ့ ကျွန်တော်က မိတ်ဆွေတွေပါပဲ။ ကောလာဟလတွေက ပြောသလို မဟုတ်ရပါဘူး။” ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။
“ဒီလိုဆိုတော့လည်း ထားလိုက်ကြတာပေါ့။ ဒါပေမဲ့ ချင်းဟယ်က ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ နံပါတ်တစ်နတ်မိမယ် တစ်ယောက်အနေနဲ့ ဘက်စုံထူးချွန်တယ်” ဟွားကလန်ခေါင်းဆောင်က ရေရွတ်လိုက်သည်။ ရီဖူရှင်းက မည်သည့်စကားမှ မဆိုပေ။ သူနှင့် ချင်းဟယ်၏ ဆက်ဆံရေးက အလွန် ဝေးကွာနေပြီး သူ့တွင် ထိုသို့သော အတွေးမျိုး လုံးဝ မရှိပေ။
လူအုပ်ကြီးက တဖြည်းဖြည်း လျော့ပါးလာပြီး မကြာခင်၌ လူများအားလုံး ထွက်ခွာသွားသည်။ ရှားရှင်းယွန်သည် တိမ်ပင်လယ်ရှိရာသို့ တစ်ယောက်တည်း ဦးတည် လျှောက်သွားနေခဲ့သည်။
ရီဖူရှင်းသည် ဂူတုံးလျှို နှင့် စကားပြောနေရင်း ရှားရှင်းယွန်က ထိုဘက်သို့ လျှောက်သွားကာ နတ်တံခါးအထက် တောင်စွန်း၌ ရပ်တန့်လိုက်သည်အား သတိပြုမိလိုက်ပေသည်။ သူမက ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်ကာ တိမ်ပင်လယ်များအား ကြည့်ရှုနေသည်။
“ဘာဖြစ်နေတာလဲ” ရီဖူရှင်းက မေးလိုက်သည်။
“အင်ပါယာရှားဘုံကို ပြန်သွားချင်တယ်” ရှားရှင်းယွန်က တိုးညင်းစွာ ပြောလိုက်သည်။
“ကောင်းပြီလေ” ရီဖူရှင်းက အပြုံးနှင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။ ရှားရှင်းက ရီဖူရှင်းအား မော့ကြည့်လိုက်သည်။ ဒီအကောင်ကတော့...
“မင်း အခု ပြန်သွားဖို့ စီစဉ်နေဆာလား။ ပြန်ဖို့ ဘယ်လို အစီအစဉ်ရှိလဲ” ရီဖူရှင်းက ရှားရှင်းယွန် သူ့အား အေးစက်စွာ စိုက်ကြည့်နေသည်ကို မြင်သောအခါ အပြုံးနှင့် မေးလိုက်သည်။
ရှားရှင်းယွန် အေးခဲသွားခဲ့သည်။ ရုတ်တရက် သူမက ပြဿနာရပ်အား သတိပြုမိသွားသည်။ သူမက မည်သို့ ပြန်သွားနိုင်မည်နည်း။
သူမ၏ ကျင့်ကြံဆင့်မျှနှင့် ပြန်သွားနိုင်စွမ်းရှိပါမည်လား။
ကောင်းကင်အာဏာစက်ဘုံသည် အထွတ်အထိပ် ရန်ဟောင်ဘုံ ကိုးဘုံမှ တစ်ခု ဖြစ်ပြီး သူမကိုယ်တိုင် သွေးနဂါးဘုံသို့ ပြန်သွားနိုင်ရန်ပင် ခက်ခဲလှမည် ဖြစ်သည်။
ရီဖူရှင်း၏ မျက်နှာထက်မှ အပြုံးကို မြင်သည့်အခါ ရှားရှင်းယွန်သည် သူ့အား အစိမ်းလိုက်ဝါးစားမတတ် စူးဝါးစွာ ကြည့်လိုက်သည်။
ရီဖူရှင်းက ပြုံးရင်း ပခုံးတွန့်ကာ ပြောလိုက်သည်။ “ဒီကနေ အင်ပါယာရှားဘုံကို ဘယ်လောက်ထိ ဝေးမလဲ ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ မင်းသမီး ဒီမှာပဲ နေသင့်တယ်လို့ အကြံပေးချင်တယ်”
ရီဖူရှင်းက ရှားရှင်းယွန်၏ ပခုံးကို ပုတ်လိုက်ပြီးနောက် အဝေးသို့ လမ်းလျှောက် ထွက်သွားခဲ့သည်။ သူထွက်သွားသည်ကို ကြည့်ကာ ရှားရှင်းယွန်က အေးစက်စွာ ပြောလိုက်သည်။ “ရီဖူရှင်း.. ဒီအကောင်စုတ်”
“ဒါကို မင်းသမီးက ပထမဆုံးအကြိမ် သတိပြုမိတာလား” ရီဖူရှင်းက ဂရုမစိုက်စွာ ပြောရင်း ထွက်ခွာသွားသည်။ ပြန်သွားခဲ့သည့် ပုံရိပ်ကို ကြည့်ရင်း ရှားရှင်းယွန်သည် ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။
***