← Chapters

စစ်ဆေးမှုပြီးပြီ။ အမွေခံအဆင့်အကြီးအကဲသုံးယောက်ရဲ့တပည့်တစ်ယောက်အတွက်ယှဉ်ပြိုင်မှု

Vol. 3 Ch. 36

စစ်ဆေးမှုပြီးပြီ။ အမွေခံအဆင့်အကြီးအကဲသုံးယောက်ရဲ့တပည့်တစ်ယောက်အတွက်ယှဉ်ပြိုင်မှု

Vol. 3 Ch. 36

ချီမင်နဲ့ တခြားသူတွေ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ ပြီးတော့ စစ်ဆေးပွဲတိုကင်ထဲကို ဝိညာဉ်စွမ်းအင်တွေကိုအတူတူတစ်ချိန်တည်း ထည့်ပြီး အထဲက တယ်လီပို့တံဆိပ်ကို အသက်သွင်းလိုက်ကြတယ်။

ဝှန်! ဝှန်! ဝှန်!

မျက်စိတစ်မှိတ်အတွင်းမှာပဲ သိသာထင်ရှားတဲ့အာကာပြင်လှိုင်းတစ်ခု ပေါ်လာတယ်။ ချီမင်နဲ့တစ်ခြားသူ‌တွေကိုတို့တစ်ကိုယ်လုံးကို လွှမ်းခြုံနိုင်တဲ့ကြည်လင်ပြီး‌‌ဖောက်ထွင်းမြင်ရတဲ့အလင်းတစ်ခုက ဝန်းရံသွားတယ်။ သူတို့တစ်ယောက်ချင်းစီကအလင်းတန်းတွေအဖြစ် ပြောင်းသွားပြီးကောင်းကင်ဘုံ လျှို့ဝှက်ဆန်းကြယ်နယ်မြေထဲကနေ ပျောက်ကွယ်သွားကြတယ်။

သူတို့ကတိုက်ရိုက် တယ်လီပို့(နေရာကူးပြောင်းမှု)နဲ့ ထွက်သွားကြတာဖြစ်တယ်။

မြင်ကွင်း ပြောင်းလဲသွားတယ်။

ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေရဲ့အပြင်ဘက်၊ ချိုင့်ဝှမ်းရဲ့ အလယ်ဗဟိုမှာ၊ အစေခံတန်းလျားဆယ့်နှစ်ခုက အကြီးအကဲတွေ အတူတကွ ပေါင်းပြီး လျှို့ဝှက်နယ်မြေရဲ့ဝင်ပေါက်ကို ပြန်ဖွင့်လိုက်ကြတယ်။ အဲ့ဒီမှာအပြာနက်ရောင် ဝဲဂယက်တစ်ခုပေါ်လာတယ်။

အပြာနက်ရောင် ဝဲဂယက်ထဲကနေ အလင်းတန်းတွေ ထွက်ပေါ်လာကြတယ်။ သူတို့က တောင်ထွတ် ဆယ့်နှစ်ခုက အစေခံတပည့်တွေဖြစ်ကြတယ်။ သူတို့ လေထဲက‌နေ ဖောက်ထွက်လာပြီး ချိုင့်ဝှမ်းအစွန်းက‌နေဆင်းသက်လာကြတယ်။

ချီမင်လည်း သူတို့ထဲမှာ ပါတယ်။

သူက ရှုရုန်ဘေးမှာ တည်တည်ငြိမ်ငြိမ်ပဲ ရပ်နေတယ်။

သိပ်မကြာခင်မှာပဲ၊ ရှောင်ဖန်း၊ ကျောင်းယုရှန်း ထန်ပင်း၊ နဲ့ ကျူးယွီတိတို့တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြတယ်။ သူတို့က ရှူရုန်ကို အရင်အ‌ကြောင်းပြန်လိုက်ပြီးတော့မှ၊ ချီမင်ကို လက်သီးဆုပ်ပြီး အရိုအသေပေးလိုက်ကြတယ်။

ဆယ်မိနစ်လောက်ကြာတော့။

ဝုန်း

အကြီးအကဲ ဆယ့်နှစ်ယောက်လုံး သူတို့ရဲ့ နည်းစနစ်ကို တပြိုင်တည်း ရပ်လိုက်ကြတယ်။ ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေထဲမှာ ကျန်နေတဲ့ အစေခံတပည့်တွေ အကုန်လုံး ထွက်လာကြတယ်။ ဝင်သွားတုန်းက လူ ၁၂၀ ရှိပေမယ့်ပြန်ထွက်လာတော့ ၇၈ ယောက်ပဲ ကျန်တော့တယ်ထိခိုက်ကျဆုံးမှုကတကယ်မနည်းဘူး။

“ဒီတစ်ခေါက် ထိခိုက်ကျဆုံးမှုက အရင်ထက် အများကြီး ပိုများသွားတယ်။”

ရှူရုန်က တယ်လီပို့နည်းစနစ်ကို ရပ်လိုက်ပြီးနောက်၊ ချီမင်တို့အဖွဲ့ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ ပြီးတော့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး ချီမင်တို့ကို မေးလိုက်တယ်၊ “ဒါက ကောင်းကင်ဘုံလျှို့ဝှက်နယ်မြေထဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့်များလား?”

တိမ်စိမ်းတောင်ထွတ်က ချီမင်အပါအဝင် အစေခံတပည့် ဆယ်ယောက်ထဲမှာ ငါးယောက်ပဲ အသက်ရှင်လျက် ပြန်ရောက်လာကြတယ်။

ကျန်းဝမ်ရွှီး၊ လော့စန်း၊ ချန်မင်း၊ ဝမ်တာဖူနဲ့ ရှုချူတို့ အားလုံး သေသွားတယ်။

ဘယ်လိုသေသွားလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရဘူး။

ကျူးယွီတိက ခေါင်းညိတ်ပြီး ပြောလိုက်တယ်။ “ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေထဲကို နတ်ဆိုးကျင့်ကြံသူတွေ ခိုးဝင်လာကြတယ်။ ဒါ့အပြင် နတ်ဆိုးသားရဲတွေ လည်း စုဝေးနေကြတယ်။ နောက်ဆုံးမှ စီနီယာအစ်ကိုချီကအခြေအနေကို ပြောင်းပြန်လှန်မပေးခဲ့ရင် ငါတို့အားလုံးအဲ့နေရာထဲမှာ သေကုန်ကြမှာ သေချာသလောက်ပဲ။”

ရှုရုန် အံ့အားသင့်သွားပြီး မေးလိုက်တယ်၊ “အဲ့ဒီလိုမျိုး ဖြစ်ခဲ့တယ် ဟုတ်လား။ ချီမင်ဘာတွေ ဖြစ်ခဲ့တာလဲ။”

ချီမင်က ပြန်ပြောလိုက်တယ်၊ “အကြီးအကဲ ရှု၊ ကျွန်တော်က ဘာမှဝင်ပြောလို့ မကောင်းပါဘူး။ အမွေခံအဆင့် အကြီးအကဲတွေ ထွက်လာတာကို အရင်စောင့်ကြရအောင်ပါ။ အရာအားလုံးကို သူတို့ပဲ ဆုံးဖြတ်ကြပါလိမ့်မယ်။”

“ဒါကတော့...”

ရှုရုန် တော်တော်လေး အံ့အားသင့်သွားတယ်။ ဒီကိစ္စမှာ အမွေခံအဆင့်အကြီးအကဲတွေပါ ပါဝင်ပတ်သက်နေလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ ဒီလို တွေးလိုက်တော့ ရှုရုန်လည်း ဆက်မမေးရဲတော့ဘူး။

“မင်းပြောတာ မှန်တယ်။ ငါ ထပ်မမေးတော့ပါဘူး။” ရှုရုန်က ခေါင်းညိတ်လိုက်တယ်။

ကျန်တဲ့ တောင်ထွတ် ဆယ့်တစ်နေရာမှာ..

တခြား အစေခံတန်းလျားတွေက အကြီးအကဲတွေကသူတို့ရဲ့ သက်ဆိုင်ရာ အစေခံတပည့်တွေကို မေးမြန်းနေကြရင်း အကြောင်းအရာ တော်တော်များများကို သိသွားတယ်။ အထူးသဖြင့် ချီမင်က အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့် ရှိ တဲ့ဝိညာဥ်သားရဲတစ်ကောင်ကို ထိန်းချုပ်နိုင်ပြီး နတ်ဆိုးသားရဲ ရာကျော်ကို သတ်ဖြတ်ပစ်တယ်။သူတို့ မအံ့သြဘဲ မနေနိုင်တော့ဘူး။

“တိမ်စိမ်းတောင်ထွတ်မှာ တကယ်ကို ဒီလို ပါရမီရှင်မျိုး ရှိနေတာပဲ။”

“သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ချီသန့်စင်ခြင်းအဆင့် ခြောက်ကို ရောက်နေတာတင် မကဘူး၊ အခြေခံတည်‌ဆောက်ခြင်းအစောပိုင်းအ‌ဆင့်ရှိတဲ့ဝိညာဥ်သားရဲကိုပါ ထိန်းချုပ်နိုင်သေးတယ်။ သူကမွေးရာပါ သားရဲထိန်းချုပ်သူပဲ။”

“ဟုတ်တယ်။”

“…”

အကြီးအကဲတွေလည်း ထပ်ခါထပ်ခါ အံ့အားသင့်သွားကြတယ်။

အပေါ်ဘက်မှာတော့၊ အခုအချိန်မှာ ခမ်းနားကြီးကျယ်တဲ့ အဆောက်အအုံထဲမှာ ရောင်စုံအလင်းတန်းတွေ ပေါ်ထွက်လာပြီး အတွင်းစည်းဂိုဏ်းရဲ့ အကြီးအကဲတွေ ပေါ်ထွက်လာကြတယ်။

ဝိညာဉ်စွမ်းအင် ချီဓာတ်တွေနဲ့ မြူခိုးတွေက သူတို့ကို ဝန်းရံထားတာကြောင့် သူတို့ရဲ့ မျက်နှာတွေက ဝေဝါးနေတယ်။ ဝေဝါးနေတဲ့ ပုံရိပ်တွေကိုပဲ မြင်နိုင်တယ်။

ဝေဝါးနေတဲ့ ပုံရိပ်တွေအရ အတွင်းစည်းဂိုဏ်း အကြီးအကဲ စုစုပေါင်း ဆယ့်နှစ်ယောက် ရှိတယ်ဆိုတာ သိနိုင်တယ်။

အမျိုးသားတွေရော အမျိုးသမီးတွေပါ ပါဝင်တယ်။

အသေးစိတ်ကိုတော့ မသိရဘူး။

ဒါပေမယ့်...

အတွင်းစည်းဂိုဏ်းအကြီးအကဲတွေရဲ့ ကိုယ်ပေါ်က ထွက်နေတဲ့ စွမ်းအားအရှိန်အဝါက အရမ်းပြင်းထန်ပြီး ချီမင်တို့ရဲ့ စိတ်ကူးနိုင်စွမ်းထက်တောင် ကျော်လွန်နေပြီ။ သူတို့ဆီက ယိုစိမ့်ထွက်လာတဲ့ အရှိန်အဝါလေးနဲ့တင် ချီမင်တို့ အသက်မရှုနိုင်တော့ဘဲ မတ်တပ်တောင် မရပ်နိုင်ကြတော့ဘူး။

“အမွေခံအဆင့်အကြီးအကဲသုံးဦးကို အရိုအသေပြုပါတယ်ခင်ဗျာ။”

နောက်တစ်ခဏမှာပဲ၊ အတွင်းစည်းဂိုဏ်းအကြီးအကဲ ၁၂ ယောက်လုံး တစ်ပြိုင်နက်တည်း ဦးညွှတ်ပြီး ခမ်းနားကြီးကျယ်တဲ့ အဆောက်အဦးကြီးဘက်ကို လှည့်ပြီး တညီတညွတ်တည်း နှုတ်ဆက်လိုက်ကြတယ်။

“အမွေခံအဆင့်အကြီးအကဲသုံးဦးကို အရိုအသေပြုပါတယ်ခင်ဗျာ။”

သူတို့နောက်ကနေ ချက်ချင်းပဲ၊ ချီမင်အပါအဝင် အစေခံတပည့် ၇၈ ယောက်လုံးလည်း တစ်ပြိုင်နက် ဦးညွှတ်ပြီး တညီတညွတ်တည်း ဂါဝရပြုလိုက်ကြတယ်။

အကြီးအကဲဖုန်းက ပြုံးလိုက်တယ်။ သူ့အကြည့်က ရှိနေတဲ့လူအားလုံးကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ ချီမင်ဆီမှာ ရပ်သွားတယ်။ သူ့မျက်နှာပေါ်က အပြုံးက ပိုပြီးတောင် ကျယ်ပြန့်သွားသေးတယ်။ ချီမင်ရဲ့ လုပ်ဆောင်ချက်ကို သူတော်တော်လေး သဘောကျကျေနပ်နေမှန်း သိသာတယ်။ “တော်တယ်။”

အကြီးအကဲဖုန်းက စုဇီရှုကို လှမ်းကြည့်ပြီး မေးလိုက်တယ်။ “အကြီးအကဲစု၊ ခင်ဗျားပဲ သူတို့ကို ပြောလိုက်ပါလား။”

“ကောင်းပြီလေ။”

အကြီးအကဲစုကတော့ မျက်နှာသေနဲ့ပဲ။ သူရှေ့တစ်လှမ်းထွက်ပြီး ရှိနေတဲ့လူအားလုံးကို အပေါ်စီးကနေ ကြည့်လိုက်တယ်။ အကြီးအကဲစုရဲ့ သြဇာအရှိန်အဝါက အနည်းငယ် ပြင်းထန်နေပုံရတာကြောင့် ဘယ်သူမှ အသက်ကို ကျယ်ကျယ်မရှုရဲကြဘူး။

အကြီးအကဲစုက ပြောလိုက်တယ်။ “ကျင်းလန်၊ ဟိုနတ်ဆိုးကျင့်ကြံသူကို ခေါ်ခဲ့။”

“ဟုတ်ကဲ့။”

ကျင်းလန်က နောက်ကနေ ရုတ်တရက်ပေါ်လာပြီး လူတွေရှေ့မှာ ရပ်လိုက်တယ်။ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်တာနဲ့ အသက်ရှင်ကျန်ခဲ့တဲ့ နောက်ဆုံးနတ်ဆိုးကျင့်ကြံသူကို ပစ်ထုတ်လိုက်တော့ မြေကြီးပေါ် လဲကျသွားတယ်။

ဒီတစ်ခါတော့ ဝတ်ရုံက ချော်ကျသွားပြီဖြစ်တယ်။

အဲဒီ နတ်ဆိုးကျင့်ကြံသူရဲ့ ရုပ်အမှန်က လူတိုင်းရှေ့မှာ ပေါ်သွားတယ်။

အတိအကျ ပြောရရင်၊ ဒါက နတ်ဆိုးသွေးနှောနေတဲ့ လူသားတစ်ယောက်ပဲ။

ပိုရှင်းအောင်ပြောရရင်၊ ဒီနတ်ဆိုးကျင့်ကြံသူရဲ့ ဘိုးဘေးမျိုးရိုးထဲမှာ နတ်ဆိုးတစ်ကောင်နဲ့ အိမ်ထောင်ပြုခဲ့တဲ့ ဘိုးဘေးတစ်ယောက်ရှိခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ မျိုးဆက်တွေရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးသွေး ပါလာပြီး ဒီကျင့်ကြံသူရဲ့ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းက နတ်ဆိုးပုံစံ ပြောင်းသွားတာဖြစ်တယ်။

ကျောရိုးကနေ အကြေးခွံတွေ ဖုံးနေတဲ့ အနက်ရောင် အမြီးတစ်ခု ထွက်လာတယ်။ မိကျောင်းအမြီးလိုလို၊ မြွေအမြီးလိုလိုနဲ့ ပြောရခက်တယ်။

“ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေမှာ ဖြစ်ခဲ့တာတွေ အကုန်လုံး ငါတို့ သိပြီးပြီ။”

စုဇီရှုက ပြောတယ်။ “အခြေအနေအတိအကျကိုတော့ မင်းတို့ကို ငါ အကြီးအကဲက ထပ်ရှင်းပြနေစရာ မလိုတော့ပါဘူး။ ကံကောင်းလို့ပဲဖြစ်ဖြစ်၊ စွမ်းအားရှိလို့ပဲဖြစ်ဖြစ် မင်းတို့အားလုံး အသက်ရှင်ကျန်ခဲ့မှတော့ ငါ ထပ်ပြီး မမေးတော့ဘူး။”

စုဇီရှုက အမိန့်ပေးလိုက်တယ်။ “ကျင်းလန်၊ သူ့ကို သတ်လိုက်။”

“ဟုတ်။” ချင်းလန်က ခေါင်းညိတ်လိုက်တယ်။

ရှပ်!

ကျင်းလန်က လက်ညှိုးထပ်ထိုးလိုက်တယ်၊ အစိမ်းရောင်အလင်းတန်းတစ်ခုက အဲ့ဒီနတ်ဆိုးကျင့်ကြံသူပေါ် တန်းတန်းမတ်မတ် ကျရောက်သွားတယ်။ အဲဒီနတ်ဆိုးကျင့်ကြံသူက အော်ဟစ်ဖို့ အချိန်တောင်မရလိုက်ခင်မှာပဲ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြာအဖြစ် ပြောင်းလဲသွားတယ်။

မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားတယ်။

ရှင်းနေတာကတော့၊ အမွေခံ အဆင့်အကြီးအကဲ စုဇီရှုက ဒီကိစ္စဟာ သူနဲ့သက်ဆိုင်ပြီး သူကိုယ်တိုင် စီစဉ်ခဲ့တာဖြစ်ကြောင်း လုံးဝကို အရိပ်အမြွက်ပြနေပြီ။ ဒါပေမဲ့ သူက ရှင်းပြဖို့တော့ ဘာရည်ရွယ်ချက်မှ မရှိဘူး။

သူက တော်တော်လွှမ်းမိုးနိုင်စွမ်းရှိပြီး အကျိုးသင့်အကြောင်းသင့် မပြောတတ်တဲ့ပုံပဲ။

ဒါပေမဲ့လည်း ချီမင်တို့အုပ်စုက ဘာမှဝင်မပြောနိုင်ကြဘူး။

စုဇီရှုက နက်နဲလွန်းတဲ့ ကျင့်ကြံမှုအဆင့်ရှိတဲ့ အမွေခံအဆင့် အကြီးအကဲတစ်ယောက်ဖြစ်ပြီး၊ ချီမင်တို့ကတော့ သာမန် အစေခံတပည့်လေးတွေပဲ။ သူတို့ စမ်းသပ်မှုကို အောင်မြင်ပြီးပြီဆိုပေမဲ့လည်း စုဇီရှုနဲ့ ယှဉ်လိုက်ရင်တော့ ဘာမှမဟုတ်သေးဘူး။

စုဇီရှုရဲ့ အကြည့်က ချီမင်ဆီ ကျရောက်လာပြီး သူက ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ်။ “ချီမင်၊ ကျင်းလန်ဆီက ကြားရသလောက်တော့ မင်းရဲ့ အလားအလာနဲ့ အရည်အချင်းက တကယ်ကို မဆိုးဘူးပဲ။ ရင်းနှီးထိုက်တဲ့သူပဲတဲ့။”

“ဘယ်လိုလဲ။”

“တိမ်စိမ်းတောင်ထွတ်ကို စွန့်ပြီး ငါ့တပည့် ဖြစ်ချင်လား။ မင်းကို အမွေခံအဆင့်တပည့် ဖြစ်ခွင့် ငါပေးနိုင်တယ်။”

ချီမင် ကြောင်သွားတယ်။ စုဇီရှုက ဒီလိုပြောလိမ့်မယ်လို့ သူ မထင်ထားဘူး။ “ကျွန်တော်...”

ပတ်ဝန်းကျင်မှာ လူအားလုံး လှည့်ကြည့်လာကြတယ်။

အစေခံတပည့် ၇၈ ယောက်၊ အစေခံအဆင့်အကြီးအကဲ ၁၂ ယောက်၊ အတွင်းစည်းဂိုဏ်း အကြီးအကဲ ၁၂ ယောက်၊ ပြီးတော့ ကျင်းလန်တို့ရဲ့ အကြည့်တွေအားလုံးမှာ ချီးကျူးမှုတွေနဲ့ မနာလိုမှုတွေ ပြည့်နေတယ်။

အမွေခံအဆင့်တပည့်ဆိုတဲ့ နေရာက သာမန်လူတွေ ရနိုင်တဲ့ အဆင့်အတန်းမျိုး မဟုတ်ဘူး။

သူတို့အားလုံးကို သေချာဂရုတစိုက် ရွေးချယ်ထားတာ။

တစ်ယောက်ချင်းစီတိုင်းကလူတွေထဲကနဂါးတွေလိုပဲ၊ သူတို့မှာ ထူးကဲတဲ့ အရည်အချင်းနဲ့ ကြောက်မက်ဖွယ်‌ကံကြမ္မာကောင်းတွေ ရှိကြတယ်။

ဒီလိုတောင် ပြောလို့ရတယ်...

အမွေခံအဆင့်တပည့်တိုင်းဟာ လမ်းခုလတ်မှာ မသေသွားသရွေ့ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေ အသေအချာ ဖြစ်လာကြမှာဖြစ်တယ်။

ကျင်းလန်ကတော့ အားအကျဆုံးပဲ။

ဘာပဲဖြစ်ဖြစ်၊ သူက စုဇီရှုရဲ့ အမည်ခံတပည့်တစ်ယောက်ဖြစ်တယ်။ သူက အမြဲတမ်း စုဇီရှုရဲ့ အမွေခံအဆင့်တပည့် ဖြစ်ချင်ခဲ့တာ၊ ဒါပေမဲ့ အခွင့်အရေး မရခဲ့သလို၊ ဖြစ်ဖို့အတွက် စံသတ်မှတ်ချက်တွေနဲ့လည်း တစ်ခါမှ မကိုက်ညီခဲ့ဘူး။

အကြီးအကဲဖုန်းက မျက်မှောင်ကြုတ်ပြီး ရှေ့ထွက်လာတယ်။ သူက လေသံပြတ်နဲ့ အော်လိုက်တယ်။ “စုဇီရှု ချီမင်က ငါအရင်ကတည်းက သဘောကျထားတဲ့ တပည့်ကွ။ ပြီးတော့ ချီမင်က တိမ်စိမ်းတောင်ထွတ််က လာတာ။”

“မင်းက ငါ့ရှေ့မှာတင် ငါ့တပည့်ကို လုဖို့ ကြိုးစားနေတာလား။”

“အဟွတ်. အဟွတ်...”

အဲ့ဒီအချိန်မှာပဲ၊ အကြီးအကဲဝူက ခပ်ဖွဖွ ချောင်းဟန့်ပြီး ရှေ့ထွက်လာတယ်။ သူက ပြုံးပြီး ချီမင်ကို ကြည့်ရင်း ပြောလိုက်တယ်။ “ချီမင်၊ အကြီးအကဲစုနဲ့ အကြီးအကဲဖုန်းတို့က မဆိုးပေမဲ့လို့၊ ငါ့အထင်တော့ မင်းက ငါ့ကို ဆရာတင်ပြီး ရွှေရောင်မြစ်တောင်ထွတ် ကို လာပြီး၊ ငါ့တပည့် ဖြစ်သင့်တယ်။ မင်း စိတ်ပျက်ရမှာ မဟုတ်ဘူးလို့ ငါယုံတယ်။”

All Chapters