လုချင်းယန်
Vol. 3 Ch. 37
“မင်းက ချီသန့်စင်ခြင်းအဆင့် ခြောက်မှာပဲ ရှိသေးတာကိုအခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်ရှိတဲ့ ဝိညာဉ်သားရဲတစ်ကောင်ကိုထိန်းချုပ်နိုင်ခဲ့တယ်လို့ကြားတယ်။ ဒီလို ထူးချွန်တဲ့ အရည်အချင်းမျိုးက သားရဲထိန်းကျောင်းသူ လမ်းစဉ်ကို ကျင့်ကြံဖို့ အရမ်း သင့်တော်တယ်။”
အကြီးအကဲဝူက ဆက်ပြောလိုက်တယ်။ “တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ရွှေရောင်အမြစ်တောင်ထွတ်ကသားရဲထိန်းကျောင်းခြင်းအပိုင်းမှာ အတော်ဆုံးပဲ၊ ပြီးတော့ ငါကိုယ်တိုင်ကလည်း အတော်ဆုံး သားရဲထိန်းကျောင်းသူတွေထဲက တစ်ယောက်ပဲ။”
“ဒါကြောင့် မင်းက ငါ့တပည့် ဖြစ်သင့်တယ်။ သားရဲထိန်းကျောင်းခြင်းတာအိုကိုငါသေချာသင်ပေးနိုင်တယ်။”
အကြီးအကဲဖုန်းက မျက်လုံးတွေ နီရဲသွားပြီး ကျိန်ဆဲလိုက်တယ်။ “ပေါက်တတ်ကရတွေ! ချီမင်ရဲ့ တကယ့်အရည်အချင်းက သားရဲထိန်းကျောင်းခြင်းအပိုင်းမှာ လုံးဝမဟုတ်ဘူး။ ပြီးတော့ သားရဲထိန်းကျောင်းသူဖြစ်တာက ဘာကောင်းတာမှတ်လို့လဲ။ ချီမင်က ဓားတာအို လမ်းစဉ်ကိုလျှောက်ပြီးဓားအင်မော်တယ်ဖြစ်အောင် ကျင့်ကြံသင့်တယ်။”
“ဓားတစ်ချက်နဲ့ နတ်ဘုရားအားလုံး ဦးညွှတ်ရစေရမယ်။”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။” စုဇီရှုက ပြုံးပြီးပြောတယ်။ “ချီမင်က အစေခံတန်းလျားမှာ သုံးနှစ်တိတိ နေခဲ့တာ။ ဒီနေ့ သူ့ရဲ့ထူးခြားတဲ့ အရည်အချင်းတွေကို မပြခင်အထိ သုံးနှစ်လုံးလုံး သည်းခံခဲ့တယ်။ ဒီကလေးရဲ့ စိတ်နေစိတ်ထားက တော်တော်ကောင်းမှန်း သိနိုင်တယ်။ သူ့ရဲ့စိတ်ဓာတ်ကလည်း မာကျောတယ်။ သူ့ရဲ့ ကောင်းမွန်တဲ့ အရည်အချင်းနဲ့ပေါင်းလိုက်ရင် သူက သ်ိုင်းပညာဉာဏ်အလင်းတောင်ထွတ်ကိုဝင်ပြီးခန္ဓာကိုယ်သန့်စင်ခြင်းနဲ့ကိုယ်ခံပညာကို ကျင့်ကြံသင့်တယ်။”
“ပါးစပ်ပိတ်ထား။” အကြီးအကဲဖုန်းကပြောလိုက်တယ်။ “ချီမင်က ငါတို့ တိမ်စိမ်းတောင်ထွတ်ရဲ့ တပည့်ကွ။ မင်းတို့နှစ်ယောက်လုံး သူ့ကိုလုလို့မရဘူး။”
“ဒါကတော့ ချီမင်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်သေးတာပေါ့။” အကြီးအကဲဝူက ပြောတယ်။
“ငါ့အထင်တော့ ချီမင်ကသိုင်းပညာဉာဏ်အလင်းတောင်ထွတ်ကိုပဲ သွားသင့်တယ်၊ အဲ့ဒါက သူနဲ့ အလိုက်ဖက်ဆုံးပဲ။” စုဇီရှုက ဆက်ပြောလိုက်တယ်။
ချက်ချင်းပဲအနည်းဆုံးအခြေတည်ဝိညာဉ်အဆင့်ရှိကြတဲ့ အကြီးပိုင်း ပုဂ္ဂိုလ်တွေဖြစ်တဲ့ အမွေခံ အဆင့်အကြီးအကဲသုံးဦးက ချီမင့်ကို သူတို့တပည့်အဖြစ် လက်ခံဖို့ လူအားလုံးရှေ့မှာတကယ့်ကိုအချင်းချင်း ငြင်းခုံနေကြတော့တယ်။
ရိုးရိုးသားသားပြောရရင် လူတိုင်း ကြက်သေသေသွားကြတယ်။
သူတို့ရဲ့ အံ့ဩမှင်သက်နေတဲ့ မျက်နှာတွေကို ဘာစကားလုံးနဲ့မှ ဖော်ပြလို့မရတော့ဘူး။ သူတို့လုပ်နိုင်တာဆိုလို့ ချီမင့်ကို လေးစားအားကျမှုတွေ၊ မနာလိုမှုတွေနဲ့ ကြည့်နေဖို့ပဲ ရှိတော့တယ်။
“စီနီယာအစ်ကိုချီက တအားတော်လွန်းတာပဲနော်။ သူ့ကြောင့်နဲ့ အမွေခံအဆင့်အကြီးအကဲသုံးယောက်လုံး ဒီလိုမျိုး ငြင်းခုံနေကြရတယ်လို့။”
ကျန်းရှစ်ချန်းနဲ့ တခြားသူတွေက ချီးကျူးလိုက်ကြတယ်။
“ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေထဲမှာ စီနီယာအစ်ကိုချီရဲ့ လုပ်ဆောင်မှုတွေကို မင်းတို့ မမြင်ဖူးတာမှ မဟုတ်တာ။ သူကိုလုံးဝကို ယှဉ်နိုင်သူမရှိဘူး။ နတ်ဆိုးသားရဲတွေကို သတ်နတ်ဆိုးကျင့်ကြံသူတွေကို ချေမှုန်းခဲ့တာ။ အမွေခံအဆင့်အကြီးအကဲတွေက သူ့ကို အသိအမှတ်ပြုတာက အရမ်း သဘာဝကျပါတယ်။”
“ဟုတ်တယ် ဟုတ်တယ်။”
“အမွေခံအဆင့်အကြီးအကဲတွေရဲ့ ဒီလိုပုံစံမျိုးကို ကံကောင်းပြီး မြင်ရလိမ့်မယ်လို့ မထင်ထားဘူး။”
“ဒါတွေအားလုံးစီနီယာအစ်ကိုချီရဲ့ ကျေးဇူးကြောင့်ပဲ!”
လူတိုင်းကအားပေးလိုက်ကြတယ်။
အဲ့ဒီအချိန်မှာပဲ၊ အကြီးအကဲဝူ၊ အကြီးအကဲစု၊ နဲ့ အကြီးအကဲဖုန်းတို့ ရုတ်တရက် တစ်ပြိုင်နက်တည်း ခေါင်းလှည့်လာကြတယ်။ သူတို့အကြည့်တွေက ချီမင်ဆီ ကျရောက်လာပြီး သူတို့မျက်လုံးတွေက သတ်ဖြတ်လိုတဲ့ အရိပ်အယောင်တွေနဲ့ နည်းနည်းတောင် နီရဲနေကြတယ်။ “ချီမင်၊ မင်းကိုယ်တိုင် ရွေး!”
“!!!”
ချီမင်ရဲ့ မျက်ခုံးတွေ တွန့်သွားတယ်။ အကြီးအကဲဖုန်းတို့က အခြေတည်ဝိညာဉ်အဆင့် ဒါမှမဟုတ် အဲ့ဒီ့ထက်မြင့်တဲ့ အဆင့်က အကြီးပိုင်း ပုဂ္ဂိုလ်ကြီးတွေဖြစ်တယ်။ ဒီအခြေအနေကနေချီမင့်အပေါ် သက်ရောက်တဲ့ ဖိအားက အရမ်းကို ကြီးပြီး သူ့အပေါ်က ဖိအားကို အဆပေါင်းများစွာ တိုးသွားစေတယ်။ သူ့လက်ဖဝါးတွေမှာ ချွေးတွေ စို့လာတယ်။
ရှင်းနေတာကတော့၊ ချီမင် ဘယ်သူ့ကိုပဲ ရွေးရွေး၊ ကျန်တဲ့နှစ်ယောက်ကို စိတ်မချမ်းသာ ဖြစ်စေမှာဖြစ်တယ်။
ဒါပေမဲ့ ချီမင်ကတော့ ဒါကို လုံးဝ ဂရုမစိုက်ပါဘူး။
ချီမင်က ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီး သူ့စိတ်ကို အမြန်ငြိမ်အောင် ထိန်းလိုက်တယ်။ သူက လေးစားတဲ့ အမူအရာနဲ့ပြောလိုက်တယ်။ “တပည့်က အမွေခံအဆင့်အကြီးအကဲသုံးဦးလုံးရဲ့စေတနာကို အရမ်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အပြင်စည်းဂိုဏ်း စစ်ဆေးပွဲက အခု ပြီးသွားပြီဆိုတော့တပည့်တွေကို အရင်ဆုံး ဆုလာဘ်တွေပေးလို့ ရမလားခင်ဗျာ။”
အကြီးအကဲဖုန်းတို့က ဒေါသထွက်ရမလို ရယ်ရမလို ဖြစ်သွားပြီး တင်းမာနေတဲ့ အငွေ့အသက်တွေလည်း တော်တော်လေး လျော့ကျသွားတယ်။ “ဟေ့ကောင်လေး၊ ဒါက သာမန် အပြင်စည်းဂိုဏ်း စစ်ဆေးပွဲ ဆုလာဘ်လေးတွေပဲ။ မင်းသာ အမွေခံအဆင့်တပည့် ဖြစ်သွားရင် ဒီဆုလာဘ်တွေက ပြောပလောက်မှာတောင် မဟုတ်တော့ဘူး။”
“ဒါဆိုလည်း၊ ဒီအပြင်စည်းဂိုဏ်း စစ်ဆေးပွဲရဲ့ ရလဒ်တွေကို ကြေညာလိုက်ကြတာပေါ့။” အကြီးအကဲဖုန်းက ပြန်ပြောလိုက်တယ်။
အတွင်းစည်းဂိုဏ်း အကြီးအကဲတွေထဲက တစ်ယောက်ကရှေ့ထွက်လာတယ်။ သူမမှာ နုနယ်တဲ့ မျက်နှာ၊ လှပတဲ့ ရုပ်ရည်နဲ့ ဆွဲဆောင်မှုရှိပြီး ဖမ်းစားနိုင်တဲ့ ကိုယ်လုံးကိုယ်ပေါက် ရှိတယ်။ သူမရဲ့ ဖြောင့်စင်းနေတဲ့ ကျောက်စိမ်းလို ခြေတံတွေက သွယ်လျပြီး ဖြူဖွေးနေတယ်။ သူမကတော့တိမ်စိမ်းတောင်ထွတ် ရဲ့ အတွင်းစည်းဂိုဏ်း အကြီးအကဲ လုချင်းယန် ဖြစ်တယ်။
“ဒီတစ်ခေါက် အပြင်စည်းဂိုဏ်း စစ်ဆေးပွဲမှာနတ်ဆိုးကျင့်ကြံသူတွေရဲ့ ဝင်ရောက်နှောင့်ယှက်မှုကြောင့်ရယ်၊ ပြီးတော့ အစေခံတပည့်တွေထဲမှာ ဘယ်သူမှ ဝိညာဉ်ဆေးပင် တစ်ပင်မှ ပြန်ယူမလာနိုင်ဘဲတိမ်စိမ်းတောင်ထွတ်က ချီမင် တစ်ယောက်တည်းသာ ဝိညာဉ်ဆေးပင် အမြောက်အများကို ပြန်ယူလာနိုင်ခဲ့တဲ့ အချက်တွေကြောင့်ရယ်၊”
လုချင်းယန်က တန်းပြောလိုက်တယ်။ “ဒါကြောင့်၊ ကျင်းပဖို့ကျန်သေးတဲ့အပြင်စည်းဂိုဏ်း စစ်ဆေးပွဲရဲ့ တိုက်ပွဲကွင်းပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပြီးတိမ်စိမ်းတောင်ထွတ်က ချီမင့်ကိုပဲ ဒီအပြင်စည်းဂိုဏ်း စစ်ဆေးပွဲရဲ့ ပထမနေရာအဖြစ် တိုက်ရိုက် ရွေးချယ်လိုက်ပါတယ်။”
“ကျန်တဲ့ အစေခံတပည့်တွေကိုတော့ အဆင့် သတ်မှတ်ပေးမှာ မဟုတ်ပါဘူး။”
“ထင်တဲ့အတိုင်းပဲ!”
“စီနီယာအစ်ကိုချီပထမရတာပဲ။”
“ဒါကတော့ သေချာနေတာပဲ။”
“အဲ့ဒီ့အပေါ်မှာ သံသယဖြစ်စရာ မရှိပါဘူး။”
“စီနီယာအစ်ကိုချီ ပထမရတယ်ဆိုရင် ကျွန်တော့်မှာ ကန့်ကွက်စရာ မရှိပါဘူး။”
“တကယ်ပဲစီနီယာအစ်ကိုချီက ပထမ ဖြစ်သင့်တာပါ။”
အစေခံတပည့်အားလုံး ခေါင်းညိတ်လိုက်ကြတယ်။ လုချင်းယန်ရဲ့ ကြေညာချက်ကို ဘယ်သူမှ ကန့်ကွက်မယ့်သူ မရှိဘူး။ သူတို့အားလုံး အရမ်းကို သဘောတူကြတယ်လို့တောင် ပြောလို့ရတယ်။
“ဂုဏ်ယူပါတယ် စီနီယာအစ်ကိုချီ။”
ထန်ပင်း၊ ကျူးယွီတိ နဲ့ ကျန်တဲ့သူတွေက သူ့ကို ဂုဏ်ပြုစကား ပြောကြတယ်။
“ကျေးဇူးတင်ပါတယ်။” ချီမင်က ပြုံးပြီး ပြန်ပြောလိုက်တယ်။
“ချီမင်၊ ရှေ့ထွက်ခဲ့။” လုချင်းယန်က ဆက်ပြောတယ်။
ချီမင်က အမြန်ရှေ့ထွက်ပြီး လုချင်းယန်ရဲ့ ရှေ့မှာ ရပ်လိုက်တယ်။
အနားရောက်သွားမှ ချီမင်က အကြီးအကဲ လုချင်းယန်ရဲ့ ကိုယ်လုံးကိုယ်ပေါက်က ဘယ်လောက်တောင်လှကြောင်း နောက်ဆုံးတော့ သိလိုက်ရတယ်။ အထူးသဖြင့် သူမရဲ့ ရင်ဘတ်ကအလှက ချောင်ချိတဲ့ အဝတ်အစားတွေကို ဖောက်ထွက်လုနီးပါးပဲ။
သူမရဲ့နှင်းလိုဖြူဖွေးတဲ့အသားအရေကိုတောင် မြင်နေရတယ်။
ဒါ့အပြင်၊ လုချင်းယန်ရဲ့ ကိုယ်ပေါ်မှာ သင်းပျံ့တဲ့ ရနံ့လေးတစ်ခု ရှိနေတယ်။ ဒါက ရေမွှေးတို့၊ မန္တာန်တို့ကြောင့် လုံးဝမဟုတ်ဘူး။ ဒါက လုချင်းယန်ရဲ့ ထူးခြားတဲ့ ကိုယ်သင်းရနံ့ပဲ။
လုချင်းယန်က ပြုံးလိုက်တယ်။ “ဒါ မင်းအတွက် ဆုလာဘ်ပဲ။”
“ကျေးဇူးတင်ပါတယ် အကြီးအကဲ။”
ချီမင်က လုချင်းယန်ဆီက အဆင့်နိမ့် သိုလှောင်အိတ်ကို ယူလိုက်ပြီး စစ်ဆေးကြည့်လိုက်တယ်။ ဒီအဆင့်နိမ့် သိုလှောင်အိတ်ထဲမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၆,၀၀၀၊ ထိပ်တန်းအဆင့် ချီသန့်စင်ခြင်းအဆင့်ရတနာ နှစ်ခု၊ နဲ့ ထိပ်တန်းအဆင့် ချီသန့်စင်ခြင်းအဆင့်သိုင်းနည်းစနစ် နှစ်ခု ပါဝင်တယ်။
တစ်နည်းအားဖြင့် ပြောရရင်...
အပြင်စည်းဂိုဏ်း စစ်ဆေးပွဲရဲ့ ထိပ်ဆုံးသုံးယောက်စာ ဆုလာဘ်တွေအားလုံးကို ချီမင် တစ်ယောက်တည်း ရသွားတာပဲ။
“ဘယ်လိုလဲ။ ကျေနပ်ရဲ့လား။” လုချင်းယန်က ပြုံးပြီး မေးလိုက်တယ်။
ချီမင်က ပြောလိုက်တယ်။ “ကျေနပ်ပါတယ်၊ ကျေနပ်ပါတယ်၊ အရမ်း ကျေနပ်ပါတယ်။ ကျေးဇူးတင်ပါတယ် အစ်မကြီး။”
“ဟီးဟီးဟီး...”
လုချင်းယန်က ပါးစပ်ကို လက်နဲ့အုပ်ပြီး ခပ်တိုးတိုး ရယ်လိုက်တယ်။ ဒါပေမဲ့ သူမက သူ့ကို အပြစ်မတင်ဘူး။ အဲ့ဒီအစား သူမက “ဘယ်လိုတောင်အပြောချိုချို ပြောတတ်ရတာပဲ။” လို့ ပြောလိုက်တယ်။
လူတိုင်းသိထားသင့်တာကတော့ လုချင်းယန်က ကြည့်လိုက်ရင် အရမ်းနုပျိုပြီး လှပပေမဲ့ သူမကအတွင်းစည်းဂိုဏ်းက မဟာအကြီးအကဲ တစ်ယောက် ဖြစ်တယ်။ သူမကအခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံမှု ရှိပြီး အမှန်တကယ်အသက်က၃၅၈ နှစ်တောင် ရှိနေပြီ။
ဒါကချီမင်ရဲ့ အဘွားလို့ ခေါ်လို့ရလောက်တဲ့ အသက်ပဲ။
ချီမင်က ချိုသာတဲ့အသံနဲ့ ပြောလိုက်တယ်၊ “အစ်မ၊ ကျွန်တော့်ဆီမှာ ‘ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေ’ ကနေ ရလာတဲ့ ဝိညာဉ်ဆေးပင်တွေ အများကြီးရှိတယ်။ ဂိုဏ်းကို ပြန်ရောင်းလို့ရမလားဟင်။”
လုချင်းယန်က ပြုံးပြီးပြောတယ်၊ “ရတာပေါ့ကွယ်။ မင်းက အပြင်စည်းဂိုဏ်းစစ်ဆေးမှုမှာ ပထမရထားတာပဲ။ ‘ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေ’ ကနေ ယူလာတဲ့ ဝိညာဉ်ဆေးပင်အားလုံးကို ဂိုဏ်းက မူလဈေးနှုန်းအတိုင်း ဝယ်ယူပေးမှာပါ။”
“ကျေးဇူးတင်ပါတယ် အစ်မ။”
ရှူး! ရှူး! ရှူး!
ချီမင်ရဲ့ မျက်လုံးတွေ အရောင်လက်သွားတယ်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်တာနဲ့ သိုလှောင်အိတ်ငယ်တွေ တစ်လုံးပြီးတစ်လုံး ထွက်လာပြီး လုချင်းယန်ရဲ့ ရှေ့မှာ ချထားလိုက်တယ်။ တောင်ပူစာငယ်လေးတစ်ခုလောက်တောင် စုပုံနေတယ်။
“ဒါတွေအကုန်ပဲ။” ချီမင်က အပြစ်ကင်းတဲ့ပုံစံနဲ့ လုချင်းယန်ကို ကြည့်ပြီး ပြောလိုက်တယ်။
“ဒါ ငါ့ရဲ့ အဆင့်နိမ့် သိုလှောင်အိတ်ပဲ…”
ရှုယီရဲ့ နှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။
“ငါ့ဟာရောပဲ။” လူဟိုင်ရှန်းက ပြောလိုက်တယ်။
“ငါ့ဟာလည်း ပါတယ်…”
“ငါရောပဲ…”
“တောက်!”
“အခုမှ သတိရတော့တယ်၊ ငါတို့ရဲ့ ဝိညာဉ်ဆေးပင်တွေကို စီနီယာအစ်ကိုချီ ယူသွားတာကို။ စီနီယာအစ်ကိုချီက ငါတို့ကို ကူညီဖို့ အများကြီး ကြိုးစားပေးတယ်လို့ တကယ် ထင်နေခဲ့တာ။ သူက အစကတည်းက ငါတို့ရဲ့ ဆေးပင်တွေကို ယူချင်နေခဲ့တာပဲ။”
“ကျစ်စ့်။”
“ဟုတ်သားပဲ၊ ဘယ် ငတုံးက စီနီယာအစ်ကိုချီက စဉ်းစားပေးတတ်တယ်လို့ ပြောလိုက်တာလဲ။ ငါ့ကိုတောင် လမ်းလွဲအောင် လုပ်သွားသေးတယ်။”
“…”
အစေခံ တပည့်တွေကမကျေမနပ် ဖြစ်နေကြတယ်။
“အဲ…”
စုယုက လည်ပင်းကိုပုပြီး ထောင့်တစ်နေရာကို အမြန်သွားပုန်းလိုက်တယ်။ ‘ဟမ့်၊ ဦးနှောက်မရှိတဲ့ လူတွေကစီနီယာကိုချီ ဘယ်လောက် ကြီးမြတ်ပြီးမြင့်မြတ်ဆိုတာ နားလည်ကြတာ မဟုတ်ဘူး။ မင်းတို့နဲ့ ပြိုင်ပြောနေဖို့စိတ်မကူးထားဘူး။’
“ကောင်းပြီလေ။”
လုချင်းယန်က ခေါင်းညိတ်လိုက်တယ်။ “ဘယ်လောက်များလဲ။ မင်းအတွက် ငါ တွက်ပေးမယ်။”
“စုစုပေါင်း ‘ချီသန့်စင်ခြင်း’ အဆင့်နိမ့် ဝိညာဉ်ဆေးပင် ၁၃၈၀ ပင်၊ အလယ်အလတ်က ၆၉၂ပင် အဆင့်မြင့် ၂၂၀ပင်၊ ပြီးတော့ ထိပ်တန်းအဆင့် ၃၅ပင်ရှိပါတယ်။”
ချီမင်က မနက်တုန်းက အတိအကျ တွက်ထားပြီးသားမို့ ချက်ချင်း ပြန်ဖြေလိုက်တယ်၊ “’အခြေခံတည်’ဆောက်အဆင့် ဝိညာဉ်ဆေးပင် တစ်ခုမှ မပါပါဘူး။”