← Chapters

နဂါးမိကျောင်းအရှင်သခင်

Vol. 4 Ch. 60

နဂါးမိကျောင်းအရှင်သခင်

Vol. 4 Ch. 60

ချီမင်က သေသေချာချာ မော့ကြည့်လိုက်တယ်။

သူမြင်လိုက်ရတာက သံနက်နဲ့သွန်းလုပ်ထားသလို မည်းနက်နေတဲ့ ဧရာမသတ္တဝါကြီးဖြစ်တယ်။။ သူ့ခေါင်းက နဂါးအစစ်လို နဂါးခေါင်းကြီးဖြစ်ပေမဲ့ သူ့ကိုယ်လုံးကတော့ အဆပေါင်းများစွာပိုကြီးမားတဲ့ သမိုင်းမတိုင်မီခေတ်က မိကျောင်းကိုယ်ထည်လိုမျိုးဖြစ်တယ်။

သူ့တစ်ကိုယ်လုံးမှာ စိန်ပွင့်ပုံစံအကြေးခွံတွေနဲ့ ဖုံးလွှမ်းနေတယ်။

“နင်က နတ်ဆိုးနန်းတော်ရဲ့ အရှင်တစ်ပါးပဲ!”

လုချင်းယန်က တစ်ဖက်လူကို တစ်ချက်ကြည့်ရုံနဲ့ မှတ်မိသွားပြီး အော်ဟစ်လုမတတ်ဖြစ်သွားတယ်၊ “နဂါးမိကျောင်း!”

“တကယ်ပဲ နတ်ဆိုးနန်းတော်က အရှင်တစ်ပါးပါလား။”

“နတ်ဆိုးနန်းတော်က ရူးသွားပြီလား။”

“နတ်ဆိုးနန်းတော်က ဘာလုပ်ချင်နေတာလဲ။ ငါတို့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းနဲ့ နောက်တစ်ခါ စစ်ခင်းချင်နေတာလား။”

“ခွေးမသားတွေ!”

အတွင်းစည်းဂိုဏ်းအကြီးအကဲတွေ အရမ်းကိုတုန်လှုပ်ဒေါသထွက်သွားကြတယ်။

သိထားရမှာက နတ်ဆိုးနန်းတော်ရဲ့ အရှင်သခင်ဆိုတာ နတ်ဆိုးနန်းတော်မှာ အဆင့်အတန်းမြင့်မားပြီး စွမ်းအားလည်းကြီးမားတယ်၊ အင်မော်တယ်တစ်ပါးနဲ့ နီးစပ်တဲ့အဆင့်ဖြစ်တယ်။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်အသီးသီးက အမွေခံအကြီးအကဲတွေတောင် သူ့ကိုမယှဉ်နိုင်ဘူး၊ အဆင့်တစ်ဆင့်နိမ့်ကြတယ်။

တောင်ထွတ်ဆယ့်နှစ်ခုရဲ့ တောင်ထွတ်သခင်တွေ ဒါမှမဟုတ် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ မဟာအကြီးအကဲတွေလောက်မှသာ နတ်ဆိုးနန်းတော်ရဲ့ အရှင်သခင်ကို ခုခံနိုင်မှာဖြစ်တယ်။

နတ်ဆိုးနန်းတော်ရဲ့ နဂါးမိကျောင်းအရှင်သခင်ရဲ့အသံက ရှိနေသူအားလုံးရဲ့စိတ်ထဲမှာ ပဲ့တင်ထပ်နေသလိုသူတို့နားထဲကို တန်းဝင်လာတယ်၊ “ငါနတ်ဆိုးနန်းတော်ကနေ ထွက်ခွာပြီးပြီ။ ဒါကြောင့် အခုငါလုပ်နေတာတွေက နတ်ဆိုးနန်းတော်နဲ့ မပတ်သက်ဘူး။”

“နဂါးမိကျောင်းအရှင်သခင်။” လုချင်းယန်က သက်ပြင်းကိုဖြည်းဖြည်းချင်းချပြီး သူ့ကိုယ်သူ အတင်းတည်ငြိမ်အောင်လုပ်ကာ ပြောလိုက်တယ်၊ “ရှင်ကနတ်ဆိုးနန်းတော်ကနေတောင် ထွက်ခွာပြီးတော့ ကျွန်မတို့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို စစ်ကြေညာရဲတယ်ပေါ့။ ဒီလိုလုပ်လို့ ဘာအဓိပ္ပာယ်ရှိလို့လဲ။ ရှင် တကယ်တမ်း ဘာလုပ်နေတာလဲ။”

“ဘာလို့လဲ?!”

နဂါးမိကျောင်းအရှင်သခင်ရဲ့လေသံထဲမှာ ကြီးမားတဲ့လှိုင်းဂယက်တစ်ခု ချက်ချင်းပေါ်လာတယ်။ ဒေါသနဲ့ ပြင်းထန်တဲ့သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်နေပြီး သူ လုံးဝမထိန်းနိုင်တော့ဘဲ ပတ်ဝန်းကျင်မှာ ကြောက်မက်ဖွယ် ချီစွမ်းအင်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေတယ်။

သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်လာသလိုပဲ။

“မင်းတို့မေ့နေကြပြီလား။ လွန်ခဲ့တဲ့တစ်လတုန်းကလေ။”

နဂါးမိကျောင်းအရှင်သခင်က အသံနက်ကြီးနဲ့အော်လိုက်တယ်၊ “မင်းတို့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အပြင်စည်းဂိုဏ်းစစ်ဆေးပွဲအတွင်းမှာ၊သိုင်းပညာဉာဏ်အလင်းတောင်ထွတ်ရဲ့ အမွေခံအကြီးအကဲ စုဇီရှုက ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေထဲမှာ ကောင်းကင်ဘုံအကြီးအကဲအမွေအနှစ်ထောင်ချောက်ကို ဒီဇိုင်းဆွဲပြီး မင်းတို့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းထဲမှာ ပုန်းအောင်းနေတဲ့ ချီသန့်စင်ခြင်းအဆင့် နတ်ဆိုးကျင့်ကြံသူအများအပြားကို ဖော်ထုတ်ခဲ့တယ်မလား။”

“ဒါပေမဲ့…”

“မင်းတို့သိသင့်တယ်၊ မင်းတို့ဖမ်းမိခဲ့တဲ့ နောက်ဆုံးနတ်ဆိုးကျင့်ကြံသူက နဂါးမိကျောင်းရဲ့ အမွေခံသွေးမျိုးဆက်ကို ပိုင်ဆိုင်တယ်။ သူ့နာမည်အရင်းက လုံထန်ယွင်ပဲ။ မင်းတို့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက သူ့စိတ်ဝိညာဉ်ကိုရှာဖွေမွှေနှောက်ရုံတင်မကဘူး၊ သူ့ကို အလောင်းတောင်မကျန်အောင် လုပ်ပစ်တယ်။”

“လုံထန်ယွင်က ငါ့ရဲ့ မြေးပဲ။”

လုချင်းယန် မှင်တက်သွားတယ်။

သူ ဒီလိုဖြစ်လာလိမ့်မယ်လို့ လုံးဝမထင်ထားဘူး။

ရှိနေသူအားလုံးထဲမှာ ဘယ်သူကမှ ဒီလိုအကြောင်းပြချက်မျိုးကို မမျှော်လင့်ထားဘူး။

သိသာပါတယ်။

လုံထန်ယွင်ရဲ့ နောက်ခံက မရိုးရှင်းဘူး၊နတ်‌ဆိုးနန်းတော်ရဲ့ နဂါးမိကျောင်းအရှင်သခင်ရဲ့‌‌ မြေးဖြစ်နေလို့သာ စိတ်ဝိညာဉ်ရှာဖွေပြီး ပုန်းအောင်းနေတဲ့နတ်‌ဆိုးကျင့်ကြံသူတွေအကြောင်း သတင်းအချက်အလက်တွေအများကြီးရှာတွေ့ပြီး သူတို့ကို တစ်ချက်တည်းနဲ့ ရှင်းလင်းနိုင်ခဲ့တာဖြစ်တယ်။

ဒါပေမဲ့ သူတို့နားမလည်နိုင်တဲ့အချက်တစ်ချက်ရှိတယ်။

လုံထန်ယွင်က နတ်ဆိုးအရှင်သခင်တစ်ပါးရဲ့ မြေးဖြစ်ပြီး ဒီလိုအဆင့်အတန်းနဲ့ ဘာလို့ဒီလိုအန္တရာယ်များတဲ့သူလျှိုအလုပ်မျိုးကို လုပ်ရတာလဲ။

“နောက်ထပ်ရှိသေးတယ်။”

လုံထန်ယွင်က နဂါးမိကျောင်းရဲ့ မျိုးဆက်တစ်ဦးသာသာပဲဖြစ်ပြီး သူတို့ရဲ့သွေးဆက်က မျိုးဆက်အတော်များများ ခြားနေပြီ၊ ဒါဖြင့် နဂါးမိကျောင်းအရှင်သခင်က ဘာလို့ ဒီလောက်အထိကြီးကြီးကျယ်ကျယ်လုပ်ရတာလဲ။ သူက နတ်ဆိုးနန်းတော်ကနေတောင် ထွက်ခွာပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို စစ်ကြေညာရဲတဲ့အထိပဲလား။

သေသေချာချာစဉ်းစားကြည့်ရင် စိတ်ဝင်စားစရာအချက်တချို့ကို တွေ့ရလိမ့်မယ်။

ဒါပေမဲ့ တစ်ချက်တော့ သေချာတယ်။

နဂါးမိကျောင်းအရှင်သခင်က သူ့မြေးလုံထန်ယွင်အတွက် လက်စားချေတယ်ဆိုတဲ့အကြောင်းပြချက်က အပေါ်ယံပဲဖြစ်ရမယ်။ ဒီနောက်ကွယ်မှာ သေချာပေါက် တခြားလျှို့ဝှက်ချက်တစ်ခုရှိနေရမယ်၊ ပြီးတော့ လောလောဆယ် လူတိုင်းမသိသေးတဲ့ အကြောင်းရင်းတစ်ခုလည်း ရှိနေရမယ်။

“ချီမင်!”

ဒီအချိန်မှာ နဂါးမိကျောင်းအရှင်သခင်ရဲ့အကြည့်က ချီမင်အပေါ်ကို ကျရောက်လာတယ်။ သူက ချီမင်ကို မှတ်မိနေတာ သိသာတယ်၊ “ငါ့မြေး အဖမ်းခံရတာ မင်းကြောင့်ပဲ။ ဒါကြောင့် မင်း သေကိုသေသင့်တယ်။”

“သေစမ်း!”

ဘုန်း!

သူစကားဆုံးတာနဲ့…

နဂါးမိကျောင်းအရှင်သခင်က မဆိုင်းမတွ တိုက်ခိုက်တော့တယ်။ ဆွေးနွေးဖို့ အချိန်မရှိဘူး။ ဒါမှမဟုတ် ပြောရရင် သူက ဒီနေရာမှာ သေဖို့အသင့်ပြင်လာပြီးသားပဲဖြစ်တယ်။

သူက သေဖို့အသင့်ပဲ။

ဒီလိုရန်သူမျိုးနဲ့ စကားပြောတာတွေက အသုံးမဝင်တော့ဘူး။

သေတဲ့အထိ တိုက်ခိုက်ဖို့ပဲရှိတယ်!

ဘာပဲဖြစ်ဖြစ်၊ ဒါက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းဖြစ်တယ်။

နဂါးမိကျောင်းအရှင်သခင်ဖြစ်တဲ့ သူက စွမ်းအားကြီးပေမဲ့၊ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို တိုက်ရိုက်တိုက်ခိုက်ရဲပြီး ကောင်းကင်ဉာဏ်အလင်းဂိုဏ်းစုဝေးပွဲကို ဖျက်ဆီးဖို့တောင် မဆိုင်းမတွလုပ်ရဲတဲ့အတွက် သူက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို လုံးဝအပြစ်ပြုပြီးသားဖြစ်နေပြီ။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အထက်ပိုင်းကလူတွေ တုံ့ပြန်လာတာနဲ့။

အဲဒီအချိန်ကျရင် နဂါးမိကျောင်းအရှင်သခင် သေချာပေါက်သေရမှာဖြစ်တယ်။

ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ သူသာ တစ်ခုခုလုပ်ချင်တယ်ဆိုရင် ရှိနေတဲ့သူဘယ်သူမှ သူ့ကို မတားနိုင်ဘူး။

ခြိမ်း!!!

ဒီအချိန်မှာ ချီမင်ရဲ့အမြင်အာရုံထဲမှာ ကောင်းကင်တစ်ခုလုံး မှောင်မည်းသွားတယ်။ ဟင်းလင်းပြင်က အလွန်ကြီးမားတဲ့ဖိအားဒဏ်ကိုခံရပြီး လျင်မြန်စွာချိုင့်ဝင်သွားကာ ပြိုကျလုနီးပါးဖြစ်သွားတယ်။

အလွန်ကြီးမားတဲ့ ကောင်းကင်ကိုဖုံးလွှမ်းလောက်တဲ့ မိကျောင်းလက်သည်းကြီးတစ်ခုပေါ်လာတယ်။

အဲဒါက ချီမင်အပေါ်ကို တိုက်ရိုက်ကျရောက်လာတယ်။

နဂါးမိကျောင်းအရှင်သခင်က ချီမင်ကို သတ်ချင်နေတာဖြစ်တယ်။

ရည်ရွယ်ချက်က ရှင်းနေတယ်။

ပြီးတော့…

နဂါးမိကျောင်းအရှင်သခင် ပုန်းအောင်းနေတုန်းက ချီမင်နဲ့ တခြားတောင်ထွတ်ဆယ့်တစ်တောင်ထွတ်က အမွေခံတပည့်တွေရဲ့တိုက်ပွဲကို အစအဆုံးမြင်ခဲ့ပြီးပြီ။ သူက ချီမင် သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ကျွမ်းကျင်နေမှန်း သိတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ ယန်လီတစ်ယောက်ရှိနေတာနဲ့တင် လုံလောက်ပြီ။ နောက်တစ်ယောက် ထပ်ရှိလို့မဖြစ်ဘူး။ မဟုတ်ရင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက တောင်ပိုင်းဒေသရဲ့ ခေါင်းဆောင်ဖြစ်သွားလိမ့်မယ်။

ချီမင်ကိုသတ်ဖို့က နဂါးမိကျောင်းအရှင်သခင်ရဲ့ ပထမဆုံးပန်းတိုင်ဖြစ်တယ်။

“ဂျူနီယာမောင်လေး!” လုချင်းယန် တုန်လှုပ်စွာအော်လိုက်တယ်။

ဝှစ်! ဝှစ်! ဝှစ်!!!

လုချင်းယန်က ချက်ချင်း လက်ဟန်တွေဖွဲ့စည်းလိုက်တယ်။ ကိုးရောင်ခြယ်အလင်းတန်းတွေ ထွက်ပေါ်လာပြီး မရေမတွက်နိုင်တဲ့လက်ဟန်တွေအဖြစ်ဖွဲ့စည်းပြီးကောင်းကင်ကို ပစ်လွှတ်လိုက်တယ်။

ဒါတင်မကဘူး၊ လုချင်းယန်က ကာကွယ်ရေးဓမ္မရတနာတွေ၊ ဒိုင်းတွေ၊ အဆောင်တွေ၊ အိုးကြီးတွေ စတာတွေကို တစ်ခုပြီးတစ်ခု ပစ်ထုတ်လိုက်တယ်။ အဲဒါတွေက ကောင်းကင်ကိုတက်သွားပေမဲ့ နဂါးမိကျောင်းအရှင်သခင်ရဲ့တိုက်ကွက်ကို မခံနိုင်လိုက်ဘူး။

ဘန်း ဘန်း ဘန်း!!!

အဲဒီရတနာတွေ တိုက်ရိုက်ကြေမွသွားတယ်။

“ကောင်းကင်ဘုံကိုးထပ်မျက်နှာပြင်!”

ဘုန်း!

နောက်ဆုံးမှာ လုချင်းယန်အော်လိုက်တယ်။ သူက သူ့ရဲ့ကိုယ်ပိုင်ဓမ္မရတနာဖြစ်တဲ့ကောင်းကင်ဘုံကိုးထပ်မျက်နှာပြင်ကို ပြတ်ပြတ်သားသားထုတ်ယူလိုက်တယ်။ ကိုးရောင်ခြယ်အလင်းက အဲဒါကိုဝန်းရံထားပြီး ကောင်းကင်ကိုဖုံးလွှမ်းနေတဲ့ ဧရာမမျက်နှာပြင်ကြီးတစ်ခုလို နဂါးမိကျောင်းအရှင်သခင်ကို ရင်ဆိုင်လိုက်တယ်။

“အိုး။” နဂါးမိကျောင်းအရှင်သခင်က လုချင်းယန် ရုတ်တရက်ထုတ်ဖော်လိုက်တဲ့စွမ်းအားကို အံ့ဩသွားသလို ခပ်တိုးတိုးရေရွတ်လိုက်တယ်။

ဘုန်း!

ကျယ်လောင်တဲ့အသံကြီးတစ်ခု ထွက်ပေါ်လာတယ်။

နဂါးမိကျောင်းအရှင်သခင်ရဲ့တိုက်ကွက်က တကယ်ပဲ တားဆီးခံလိုက်ရတယ်။

ဂျွတ်! ဂျွတ်!

ဒါပေမဲ့ လုချင်းယန်ရဲ့ကောင်းကင်ဘုံကိုးထပ်မျက်နှာပြင်မှာ အက်ကြောင်းတွေပေါ်လာတယ်။ သူ့ရဲ့ကိုယ်ပိုင်ဓမ္မရတနာ ပျက်စီးသွားပြီသူ့ရဲ့အခြေခံအုတ်မြစ် ဒဏ်ရာရသွားတယ်။

ဝေါ့!!!

လုချင်းယန် သွေးအန်ထုတ်လိုက်ပြီး ပြင်းထန်စွာဒဏ်ရာရသွားတယ်။

“စီနီယာအစ်မ!!!” ချီမင်အော်လိုက်တယ်။

“ပြေး! ပြေးတော့!”

ဝှီး!

လုချင်းယန်က လက်ဝှေ့ယမ်းလိုက်တော့ အမိန့်အမှတ်တံဆိပ်တစ်ခု ပျံထွက်လာပြီး ချီမင်ရဲ့ရင်ဘတ်ထဲကို နက်နက်ရှိုင်းရှိုင်းစိုက်ဝင်သွားတယ်။ သူက ထပ်အော်တယ်၊ “ဒါက တစ်ခါသုံး နေရာရွှေ့ပြောင်းတိုကင်ပဲ။ အမြန်အသက်သွင်းလိုက်။ ဒါက မင်းကို နေရာရွှေ့ပေးနိုင်တယ်။”

“ဒါပေမဲ့ စီနီယာအစ်မကရော…” ချီမင်က ပြောတယ်။

“မြန်မြန်လုပ်!”

ဝေါ့!!!

လုချင်းယန် နောက်တစ်ခါ သွေးတစ်ပွက်အန်ထုတ်လိုက်တယ်။ သူ လုံးဝမခံနိုင်တော့ဘူး။

“!!!”

ချီမင်က အံကြိတ်ပြီး ချီစွမ်းအင်ကို အဲဒီထဲထိုးသွင်းကာ တစ်ခါသုံး နေရာရွှေ့ပြောင်းတိုကင်ကို အသက်သွင်းလိုက်တယ်။ ဟင်းလင်းပြင်လှိုင်းဂယက်က ချီမင်ရဲ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားနဲ့ ပေါင်းစပ်သွားတယ်။

ဝှီး!

ချီမင် နေရာရွှေ့ပြောင်းခံနေရပြီ။

“အိပ်မက်မက်နေလိုက်။” နဂါးမိကျောင်းအရှင်သခင်ရဲ့လေသံက အေးစက်နေတယ်။

“သူ့ကိုတားကြ!”

“အမွေခံတပည့်ချီကို သွားခွင့်ပေးလိုက်!”

“ပေါက်ကွဲ! ပေါက်ကွဲ! ပေါက်ကွဲ!”

ခြိမ်း!!!

ချက်ချင်းပဲ ထန်ချန်လင်း၊ ချီချင်းနဲ့ တခြားတောင်ထွတ်တွေက အတွင်းစည်းဂိုဏ်းအကြီးအကဲတွေ အမြန်လက်ကနေအဆောင်လက်နက်တွေကို တစ်ခုပြီးတစ်ခုပစ်ထုတ်လိုက်ကြတယ်။ သူတို့က အဲဒီလက်နက်တွေကို တိုက်ရိုက်ဖောက်ခွဲလိုက်ပြီး နဂါးမိကျောင်းအရှင်သခင်ကို ခဏလောက်တားဆီးဖို့ ကြီးမားတဲ့အဖျက်စွမ်းအားနဲ့ အင်အားကို ထုတ်လွှတ်လိုက်တယ်။

ဝှီး!

ချီမင်ကို နေရာရွှေ့ပြောင်းတိုကင်က နေရာရွှေ့ပြောင်းပေးလိုက်တယ်။

“မင်းတို့အားလုံး သေသင့်တယ်!”

ခြိမ်း!!!

နဂါးမိကျောင်းအရှင်သခင် လုံးဝဒေါသပေါက်ကွဲသွားတယ်။ သူက အရမ်းကိုကြောက်မက်ဖွယ်ကောင်းတဲ့စွမ်းအားကို ထုတ်ဖော်လိုက်တယ်။ သူက အတွင်းစည်းဂိုဏ်းအကြီးအကဲအားလုံးကို ပြင်းထန်စွာဒဏ်ရာရစေနိုင်တဲ့ ပြိုင်ဘက်ကင်းတည်ရှိမှုတစ်ခုဖြစ်တယ်။

“အား!!!”

ဝေါ့!!!

တောင်ထွတ်ဆယ့်နှစ်ခုက အတွင်းစည်းဂိုဏ်းအကြီးအကဲတွေ အဆက်မပြတ်အော်ဟစ်လိုက်ကြတယ်။

“နဂါးမိကျောင်းအရှင်သခင်။”

“မင်း အရမ်းမောက်မာလွန်းနေပြီ။”

“ရပ်လိုက်!”

…

ဝှီး! ဝှီး!

ဒီအချိန်မှာ ဖုန်းဇီမု၊ စုဇီရှုနဲ့ ကောင်းကင်တက်လှမ်းခြင်းတောင်ထွတ်က အမွေခံအကြီးအကဲနှစ်ယောက် အမြန်ဆုံးအချိန်အတွင်းမှာ ရောက်လာပြီး နဂါးမိကျောင်းအရှင်သခင်ကို တားဆီးလိုက်ကြတယ်။

အမွေခံအကြီးအကဲလေးယောက် ဆင်းသက်လာကြတယ်။

ဖုန်းဇီမုက ချီမင်ရဲ့ဆရာပဲ။ သူက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစု‌ဝေးပွဲကို အမြဲတမ်းအာရုံစိုက်နေတာမို့ ပုံမှန်မဟုတ်တာကိုတွေ့တာနဲ့ ချက်ချင်းရောက်ချလာနိုင်တာဖြစ်တယ်။

စုဇီရှုက လုံထန်ယွင်ရဲ့အထောက်အထားမှန်ကို သိနေတော့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစု‌ဝေးပွဲကိုအာရုံစိုက်နေတာဖြစ်တယ်။

ကောင်းကင်ချိတ်ဆက်တောင်ထွတ်နဲ့ ကောင်းကင်တက်လှမ်းတောင်ထွတ်အတွက်ကတော့…

ဒီတောင်ထွတ်နှစ်ခုက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစု‌ဝေးပွဲကျင်းပတဲ့နေရာနဲ့ အရမ်းနီးကပ်နေလို့ဖြစ်တယ်။

“စုဇီရှု။”

နဂါးမိကျောင်းအရှင်သခင်ရဲ့အကြည့်က တစ်ဖက်လူကို စိုက်ကြည့်နေပြီး ပြင်းထန်တဲ့သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်နေတယ်၊ “မင်းအသက်ကိုအဆုံးသတ်လိုက်၊ ငါချက်ချင်းထွက်သွားမယ်။ မဟုတ်ရင် ဒီမှာရှိနေတဲ့လူတိုင်း သေရလိမ့်မယ်။”

“နဂါးမိကျောင်းအရှင်သခင်။” စုဇီရှုရဲ့အကြည့်က အေးစက်ပြီး မကြောက်မရွံ့ဖြစ်နေတယ်၊ “မင်းက သေလမ်းရှာနေတာပဲ။”

“မင်းဒဏ်ရာတွေ ဘယ်လိုနေလဲ။”

ဖုန်းဇီမုက လုချင်းယန်ကိုပွေ့ထားပြီး ကုသဆေးလုံးတစ်လုံးကျွေးလိုက်တယ်။ အဲဒီအခါမှ လုချင်းယန်ရဲ့ဖြူဖပ်ဖြူရော်မျက်နှာပေါ်မှာ သွေးရောင်လေးနည်းနည်းပေါ်လာတယ်။

“ဆရာ… ဆရာ။”

လုချင်းယန်က သွေးတစ်ပွက်ထပ်အန်ထုတ်ပြီး ပြောတယ်၊ “ကျွန်မ… ကျွန်မ လောလောဆယ်တော့ မသေလောက်သေးပါဘူး။ ဒါပေမဲ့ဂျူနီယာမောင်လေးက တစ်ခါသုံး နေရာရွှေ့ပြောင်းတိုကင်ကို သုံးသွားတယ်။ သူ ဘယ်ကိုနေရာရွှေ့သွားမှန်း ကျွန်မမသိဘူး။”

“ပြီးတော့ မထွက်သွားခင် သူက နတ်ဆိုးကျင့်ကြံသူတွေနဲ့ တစ်ကိုယ်‌‌တော်ကျင့်ကြံသူတွေ စိမ့်ဝင်နေတယ်လို့ ပြောသွားတယ်။”

“သူ့အခြေအနေက အရမ်းအန္တရာယ်များတယ်။”

“ကောင်းပြီ။” ဖုန်းဇီမုက ပြောတယ်၊ “မင်းဒဏ်ရာကိုအရင်ကုလိုက်။ ချီမင် ဘာမှမဖြစ်လောက်ပါဘူး။”

“ဟုတ်ကဲ့။” လုချင်းယန်က ခေါင်းညိတ်တယ်။

“နဂါးမိကျောင်းအရှင်သခင်။” ကောင်းကင်ချိတ်ဆက်တောင်ထွတ်က အမွေခံအကြီးအကဲက ပြောလိုက်တယ်၊ “မင်း တကယ်ပဲ အရမ်းသတ္တိကောင်းတာပဲ။ မင်းက နက်နဲတဲ့ကျင့်ကြံမှုအဆင့်နဲ့ နတ်ဆိုးနန်းတော်အရှင်သခင်တစ်ပါးဖြစ်နေရင်တောင်မှ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို တစ်ယောက်တည်းလာရဲတာက သေလမ်းရှာတာနဲ့ ဘာကွာလို့လဲ။”

“ရယ်စရာပဲ။” ဖုန်းဇီမုက အသံနက်ကြီးနဲ့အော်လိုက်တယ်၊ “နဂါးမိကျောင်းအရှင်သခင်၊ မင်း ဒီနေ့ ဒီနေရာမှာ သေချာပေါက်သေရလိမ့်မယ်။”

“မင်းတို့ လောက်နဲ့လား။” နဂါးမိကျောင်းအရှင်သခင်က နှာခေါင်းရှုံ့လိုက်တယ်။

“တိုက်ခိုက်ကြ!”

“ကောင်းကင်ချိတ်ဆက်ပုံရိပ်!”

“ကြာပန်းစိမ်းတာအို!”

“ကောင်းကင်ဘုံကိုးထပ်နတ်ဘုရားတောင်!”

ဘုန်း! ဘုန်း! ဘုန်း!

အမွေခံအကြီးအကဲသုံးယောက် ပူးပေါင်းပြီး သူတို့ရဲ့အပြင်းထန်ဆုံးနည်းလမ်းတွေကို တိုက်ရိုက်သုံးကာ နဂါးမိကျောင်းအရှင်သခင်ကို တိုက်ခိုက်လိုက်ကြတယ်။ သူက အမွေခံအကြီးအကဲတွေထက် အရမ်းစွမ်းအားကြီးနေတော့ အမွေခံအကြီးအကဲသုံးယောက်ရဲ့တိုက်ကွက်တွေကို ရင်ဆိုင်ရတာတောင် သက်တောင့်သက်သာရှိနေပုံပေါ်တယ်။

ဝေါ့!!!

မကြာခင်မှာပဲ ကောင်းကင်ချိတ်ဆက်တောင်ထွတ်က အမွေခံအကြီးအကဲ ဒဏ်ရာရသွားတယ်။

“တောင်ထွတ်သခင်တွေ မကြာခင်ရောက်လာကြတော့မှာပဲ။” ဖုန်းဇီမုက အော်တယ်၊ “ငါတို့ ခဏလောက်ထပ်ပြီး ကြံ့ကြံ့ခံထားကြရအောင်။”

“ဟုတ်ပြီး။”

“နားလည်တယ်။”

“ငါတို့ နဂါးမိကျောင်းအရှင်သခင်ကို ချုပ်ထားရမယ်။ သူ့ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခွင့်ပေးလို့မဖြစ်ဘူး။ မဟုတ်ရင် ဒီကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစု‌ဝေးပွဲတကယ်ပဲ ပျက်စီးသွားလိမ့်မယ်။”

“ဟုတ်ကဲ့!”

အမွေခံအကြီးအကဲလေးယောက် အပြန်အလှန်စကားပြောရင်း အော်ဟစ်လိုက်ကြတယ်။

ဒီအချိန်မှာ တစ်ဖက်မှာတော့ ချီမင်ကို တစ်ခါ‌ နေရာရွှေ့ပြောင်းတိုကင်က ကောင်းကင်ဘုံဉာဏ်အလင်းမြို့အပြင်ဘက်ကို နေရာရွှေ့ပေးလိုက်တယ်။ သူ တုန်လှုပ်နေရာကနေ သတိပြန်ဝင်လာတော့ သူ့ကိုယ်သူ မှောင်မည်းထူထပ်တဲ့တောအုပ်တစ်ခုထဲမှာ တွေ့လိုက်ရတယ်။

“ဒါက…”

တွေးလိုက်ပြီး ချီမင် တစ်ခုခုစဉ်းစားမိသွားတယ်။ သူက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမြို့ကနေ ထွက်ခွာခဲ့ပေမဲ့ ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားကို ထိန်းချုပ်နိုင်သေးပြီး သူဘယ်ရောက်နေမှန်း နားလည်နိုင်သေးတယ်။

“ငါ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးရဲ့ နယ်နိမိတ်အပြင်ကို မရောက်သေးဘူး။” ချီမင်က ပြောတယ်။

ဘုန်း! ဘုန်း! ဘုန်း!!!

ကောင်းကင်မှာ ကြီးမားတဲ့ပေါက်ကွဲသံနဲ့ တခြိမ်းခြိမ်းမြည်ဟိန်းသံတွေ ထွက်ပေါ်လာတယ်။

ချီမင် မော့ကြည့်လိုက်တယ်။

အရမ်းကြီးမားတဲ့ကိုယ်ထည်တစ်ခုက သူ့ရဲ့နတ်အစွမ်းကို ထုတ်ဖော်နေတာကို ခပ်ရေးရေးမြင်နိုင်ပြီး ပတ်ဝန်းကျင်မှာ မရေမတွက်နိုင်တဲ့ရုပ်ပုံတွေက တစ်ဖက်လူကို တိုက်ခိုက်နေကြတယ်။ တိုက်ပွဲက အထူးသဖြင့် ပြင်းထန်နေတယ်။

တိုက်ပွဲရဲ့နောက်ဆက်တွဲဂယက်က ပျံ့နှံ့လာတယ်။

နေရာတော်တော်များများ တိုက်ပွဲရဲ့နောက်ဆက်တွဲဂယက်ကြောင့် ပျက်စီးသွားတယ်။

တောင်ထွတ်တော်တော်များများ ပြိုကျသွားတယ်။

All Chapters