ဖုန်းကွယ်ဓားတောင်ထွတ်
Vol. 4 Ch. 50
ချီမင်က သူ့ရဲ့လှုပ်ရှားမှုကို ဖြည်းဖြည်းချင်း ရပ်လိုက်တယ်။ သူ့ကိုယ်ပတ်လည်က ဓားချီနဲ့ ဓားဆန္ဒတွေကတဖြည်းဖြည်း ပျောက်ကွယ်သွားပြီးကျန်နေတဲ့ ဓားဆန္ဒအငွေ့အသက်လေးပဲ ရှိတော့တယ်။ တိမ်စိမ်းလွင့်မြောဓားကိုလည်း သူ့ရဲ့ သိုလှောင်အိတ်ထဲ ထည့်လိုက်တယ်။
“ဆရာ၊ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲက စတော့မှာလား?”
ချီမင်က “ကျွန်တော် အတိအကျ ဘာလုပ်ရမှာလဲ?” လို့ မေးလိုက်တယ်။
“စိတ်မပူပါနဲ့။” အကြီးအကဲဖုန်းက ပြောလိုက်တယ်။ “မင်း ဘာမှလုပ်စရာ မလိုဘူး။ အဲ့ဒီအချိန်ကျရင် တပည့်ရွေးချယ်တာတွေ၊ အကဲဖြတ် စီစဉ်တာတွေကို အပြင်စည်းဂိုဏ်းနဲ့ အတွင်းစည်းဂိုဏ်း အကြီးအကဲတွေကပဲ လုပ်လိမ့်မယ်။ မင်းက အပေါ်ကနေ ကြီးကြပ်ဖို့ ရှိနေပေးရုံပဲ။”
“မကြောက်နေဖို့သတိထား။ တိမ်စိမ်းတောင်ထွတ်ကို အရှက်ရအောင် လုပ်ရင်တော့ ငါ မင်းကို သေချာပေါက် အပြစ်ပေးမယ်။”
“ကျွန်တော် နားလည်ပါပြီ။”
ချီမင်ရဲ့ မျက်နှာအမူအရာ နည်းနည်း ပြောင်းသွားတယ်။ သူ့ကို အလှပြရုပ်လိုမျိုး လိုချင်နေတာလား။ သူက “ကျွန်တော်တိမ်ပြိုတောင်ထွတ်မှာ နေခဲ့တဲ့ အချိန်အတွင်းမှာ အခြေခံအားဖြင့် ကျင့်ကြံနေခဲ့တာပဲ။ ဒါကြောင့် ပြင်ဆင်စရာ ဘာမှ မရှိပါဘူး။ အချိန်မရွေး ထွက်ခွာနိုင်ပါတယ်။” လို့ ပြောလိုက်တယ်။
“ဒါပေမဲ့…”
အကြီးအကဲဖုန်းက ခဏလောက် စဉ်းစားပြီး “မင်း သတိတော့ ထားရဦးမယ်။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲစတိုင်းမှာ နတ်ဆိုးဂိုဏ်းတွေနဲ့ နတ်ဆိုးကျင့်ကြံသူတွေက အခြေအနေကို လာရှုပ်ကြတာမျိုး အနည်းနဲ့အများ ရှိတတ်တယ်။” လို့ ပြောတယ်။
“ဒါ့အပြင် ကြာပန်းနက်နတ်ဆိုးအရှင်ကလည်း မင်းကို ဖမ်းဖို့ ဆုငွေထုတ်ထားသေးတယ်။”
“ဟုတ်ကဲ့။” ချီမင်က ခေါင်းညိတ်ပြီး “ကျွန်တော် သေချာပေါက် သတိထားပါ့မယ်။ အန္တရာယ်ရှိတဲ့ အခြေအနေထဲ မရောက်အောင် နေပါ့မယ်။” လို့ ပြောလိုက်တယ်။
“အရမ်းကောင်းတယ်။” အကြီးအကဲဖုန်းက “ချင်းယန်၊ မင်း ချီမင်ရဲ့ လုံခြုံရေးကို ကာကွယ်ပေးရမယ်နော်။” လို့ ပြောတယ်။
“ကျွန်မဂျူနီယာမောင်လေးကို သေချာပေါက် ဂရုစိုက်ပါ့မယ်။” လုချင်ယန်က ပြုံးပြီး ပြောလ်ိုက်တယ်။
“ကျေးဇူးတင်ပါတယ်စီနီယာအစ်မ။” ချီမင်က ပြောလိုက်တယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့ မနက်ရောက်လာတယ်။
“ မောင်လေး၊ သွားဖို့ အချိန်ရောက်ပြီ။”
ဝှီး!
တိမ်ပြိုတောင်ထွတ်ရဲ့ အပေါ်မှာ လုချင်းယန်က ခမ်းနားကြီးကျယ်တဲ့ လေသင်္ဘောယာဉ်ကြီးနဲ့ ရောက်လာတယ်။ ဒီယာဉ်ကြီးက လေထဲမှာ လွင့်မျောနေတဲ့ ခမ်းနားတဲ့ အဆောက်အဦးကြီး တစ်ခုလိုဖြစ် နေတယ်။တိမ်ပြိုတောင်ထွတ် ထိပ်ပိုင်းနဲ့ မီတာ ဆယ်ဂဏန်းလောက်ပဲ ကွာတော့တယ်။ သူ့မှာ စုစုပေါင်း အထပ် ငါးထပ် ပါပြီးတော့ အရောင်က အဝါနက်ရောင် ဖြစ်နေတယ်။ အစီအရင်ပုံစံတွေနဲ့ အလှဆင်ထားပြီးတော့ ကြည်လင်တဲ့ အလင်းကာတစ်ခုက ယာဉ်တစ်ခုလုံးကို ဖုံးလွှမ်းထားတယ်။
ယာဉ်ကြီးက အမြင့် မီတာ ၃၀ နဲ့ အကျယ် မီတာ ၁၀ လောက် ရှိတယ်။
တကယ့်ကို အံ့ဩစရာ မြင်ကွင်းတစ်ခုလိုပဲ။
လုချင်းယန်က သင်္ဘောဦးမှာရပ်ရင်း တိမ်ပြိုတောင်ထွတ်ကို ငုံ့ကြည့်နေတယ်။
“လာပါပြီ၊ စီနီယာအစ်မ။”
ချီမင်က မနက်အစောကြီးကတည်းက တိမ်ပြိုဂူစံအိမ်ရဲ့အရှေ့မှာ စောင့်နေတယ်။ ဟော့ချန်ချင်း၊ မဟာနတ်ဆိုးလင်းနို့ နဲ့ သွေးမိစ္ဆာနတ်ဆ်ိုးသရဲတို့ကိုလည်း ချီမင်က ခေါ်လာလိုက်တယ်။ ဒါပေမဲ့ သူတို့အားလုံးက ဝိညာဉ်သားရဲ ထည့်တဲ့နေရာတွေနဲ့ သိုလှောင်အိတ်ထဲမှာပဲ ရှိနေပြီး အပြင်ကိုတော့ ထုတ်မပြထားဘူး။
ရှုး!
ချီမင်က ခုန်တက်လိုက်တာ မီတာဆယ်ဂဏန်းလောက် မြင့်တက်သွားတယ်။ သူက တိမ်ပြိုတောင်ထွတ်ထိပ်ကနေ သင်္ဘောပေါ်ကို တန်းခုန်တက်လိုက်ပြီး ကုန်းပတ်ပေါ်မှာ တည်တည်ငြိမ်ငြိမ် ရပ်လိုက်တယ်။
သူက သူ့ရဲ့ခွန်အားနဲ့၊ အားပြင်းတဲ့ ဝိညာဉ်စွမ်းအင် လှိုင်းထမှုမျိုးတွေကို ထုတ်မပြထားဘူး။ ဒီလိုဆိုတော့ လုချင်းယန်ပဲဖြစ်ဖြစ်၊ အကြီးအကဲဖုန်းပဲဖြစ်ဖြစ် ချီမင်ရဲ့ ကျင့်ကြံဆင့်ကို အလွယ်တကူ ခန့်မှန်းလို့ မရနိုင်ဘူး။
ဝိညာဉ်ရှာဖွေခြင်း ပညာရပ်ကို သုံးကြည့်မှပဲ သူတို့ သိနိုင်လိမ့်မယ်။
“အမွေခံတပည့် ချီ၊ နှုတ်ဆက်ပါတယ်။”
ပတ်ဝန်းကျင်မှာ အတွင်းစည်းဂိုဏ်း အကြီးအကဲ နှစ်ယောက်၊ အပြင်စည်းဂိုဏ်း အကြီးအကဲ ဆယ့်နှစ်ယောက်နဲ့ ဒီအကြီးအကဲတွေရဲ့ သားသမီးတွေ၊ အစေခံတွေ၊ လက်အောက်ငယ်သားတွေလည်း ရှိနေတယ်။ ချီမင်က ဖြစ်သလို ဝေ့ကြည့်လိုက်တော့ လူ ၃၀ လောက် တွေ့လိုက်ရတယ်။
“အကြီးအကဲတို့၊ နှုတ်ဆက်ပါတယ်ခင်ဗျာ။”
ချီမင်က လက်နှစ်ဖက်ကိုဆုပ်ရင်း အရိုအသေပေးရင်း ပြန်နှုတ်ဆက်လိုက်တယ်။ “ကျွန်တော်က အမွေခံတပည့် ဖြစ်တာ မကြာသေးဘူးဗျ။ အချိန်နည်းနည်းပဲ ရှိသေးတော့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲအကြောင်း သိပ်မသိသေးဘူး။ အကြီးအကဲတို့ နားလည်ခွင့်လွှတ်ပေးကြဖို့ မျှော်လင့်ပါတယ် ခင်ဗျာ။”
“အမွေခံတပည့်ချီကယဥ်ကျေးလွန်းနေပါပြီ။”
“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲကို သုံးနှစ်တစ်ကြိမ် ကျင်းပတာပါ။ အဓိကကတော့ အရည်အချင်းရှိတဲ့ တပည့်တချို့ကို ဂိုဏ်းထဲဝင်ဖို့ ရွေးချယ်ပြီး သွေးသစ်လောင်းတာပေါ့။”
“ဒါပေမဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းထဲ တကယ်ဝင်ခွင့်ရတဲ့သူက သိပ်မများပါဘူး။ အများစုကတော့ အစေခံတပည့်တွေပဲ ဖြစ်လာကြတာ။”
“ကမ္ဘာပေါ်မှာ ပါရမီရှင်တွေက ဒီလောက်မှ မပေါတာပဲလေ။”
“…”
အကြီးအကဲတွေက စကားစမြည် ပြောလိုက်ကြတယ်။
“ မောင်လေး။” လုချင်းယန်က သူ့ဘေးက မျက်နှာသေးသေးနဲ့ လူလတ်ပိုင်းအမျိုးသားကို လက်ညှိုးညွှန်ပြရင်း ချီမင်ကို ပြောလိုက်တယ်။ “မိတ်ဆက်ပေးရဦးမယ်။ ဒါက အတွင်းစည်းဂိုဏ်း အကြီးအကဲ ထန်ချန်လင်းတဲ့။”
“အကြီးအကဲ ထန်၊ နှုတ်ဆက်ပါတယ်ခင်ဗျာ။”
ချီမင်က လက်နှစ်ဖက်ဆုပ်ပြီး အရိုအသေပေးဦးညွှတ်လိုက်တယ်။
“အဟမ်း အဟမ်း။”
ထန်ချန်လင်းက ဖွဖွ ချောင်းဟန့်လိုက်ပြီး ပြောတယ်။ “အမွေခံတပည့် ချီက အပြင်စည်းဂိုဏ်း စစ်ဆေးပွဲတုန်းက အရမ်းထူးချွန်ခဲ့တယ်လို့ ကြားထားတာ ကြာပါပြီ။ မင်းမှာ အရည်အချင်းကောင်းတွေ ရှိရမယ်။ အကြီးအကဲဖုန်းရဲ့ အမွေခံတပည့် ဖြစ်လာနိုင်မှတော့ အနာဂတ်မှာ သေချာပေါက် ထွန်းတောက်လာမှာပဲ။ မင်းအမြုတေဖွဲ့စည်းနိုင်ပြီး အခြေတည်ဝိညာဉ်အဆင့်ကို သေချာပေါက် ရောက်နိုင်မှာပါ။”
“အကြီးအကဲ ထန်က အားနာစရာတွေ ပြောနေတာပဲ။” ချီမင်က ပြောလိုက်တယ်။
“ဒါက အတွင်းစည်းဂိုဏ်း အကြီးအကဲ ချီချင်း ပါ။” လုချင်းယန်က နောက်ထပ် ဝဝဖိုင့်ဖိုင့် အတွင်းစည်းဂိုဏ်း အကြီးအကဲနဲ့မိတ်ဆက်ပေးလိုက်တယ်။
“အင်း။” ချီချင်းက ခပ်အေးအေးပဲ ခေါင်းညိတ်ပြလိုက်တယ်။
အပြင်စည်းဂိုဏ်း အကြီးအကဲ ဆယ့်နှစ်ယောက်ကိုတော့ ချီမင်ကို မိတ်ဆက်ရုံလောက်ပဲ မိတ်ဆက်ပေးလိုက်တယ်။ သိပ်ပြီး အပြန်အလှန် စကားပြောဆိုတာမျိုး မရှိကြဘူး။
“သွားကြစို့။”
မိနစ်အနည်းငယ် ကြာတော့။
ဝှီး!
လုချင်းယန်က လက်ဝှေ့ယမ်းပြီး သင်္ဘောရဲ့ အစီအရင်ကို အသက်သွင်းလိုက်တယ်။ သင်္ဘောတစ်စီးလုံး အလင်းတန်းတစ်ခုလို ဖြစ်သွားပြီး ချက်ချင်းပဲ အဲ့ဒီနေရာကနေ ပျောက်ကွယ်သွားတယ်။ ချီမင်က သူ့ဘေးက မြင်ကွင်းတွေဟာ မျက်စိတောင် လိုက်မမီနိုင်တဲ့ အရှိန်နဲ့ နောက်ကို ကျန်နေခဲ့တာကို တွေ့လိုက်ရတယ်။
“မြန်လိုက်တာ။” ချီမင်က ရေရွတ်လိုက်တယ်။
ဆယ်မိနစ်လောက် ကြာတော့၊ သင်္ဘောက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲ ကျင်းပတဲ့နေရာကို ဆင်းသက်လာပြီး ကောင်းကင်မှာ ရပ်တန့်လိုက်တယ်။ တိမ်တွေ၊ မြူခိုးတွေ ဝိုင်းရံနေတာက နတ်ဘုံနတ်နန်းတစ်ခုလိုဖြစ်နေတယ်။
ရှေ့တည့်တည့်ကို ချီမင် မော့ကြည့်လိုက်တော့ အင်မတန်ကြီးမားတဲ့ ကောင်းကင်ပျံ မြို့တော်ကြီးတစ်ခုကို တွေ့လိုက်ရတယ်။
ကောင်းကင်ပျံ မြို့တော်ကြီးရဲ့ တည်ဆောက်ပုံအတိအကျကတော့... စုစုပေါင်း ရဲတိုက် ဆယ့်နှစ်လုံး ရှိပြီး တစ်လုံးစီက နေရာ ဆယ့်နှစ်ခုမှာ ရှိနေကြတယ်။ ကျန်တဲ့နေရာတွေကတော့ အင်မတန် ပြန့်ပြူးတဲ့ မြေနေရာတွေချည်းပဲဖြစ်တယ်။
ကောင်းကင်ပျံ မြို့တော်ကြီးရဲ့ အောက်ခြေမှာ ကြီးမားတဲ့ စက်ဝိုင်းပုံ အစီအရင်ချပ်ပြားကြီးတစ်ခု ရှိနေတယ်။ သူ သေချာ အကဲခတ်ကြည့်လိုက်တော့ အဲ့ဒီ ချပ်ပြားပေါ်မှာ နက်နဲလှတဲ့ အစီအရင် ပုံစံအမျိုးမျိုးရရှုပ်ထွေးစွာနဲ့ယှက်ဖြာနေတာကို တွေ့ရတယ်။
ဒါ့အပြင်၊ ရဲတိုက် ဆယ့်နှစ်လုံးက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ် ဆယ့်နှစ်ခုကို ကိုယ်စားပြုနေတယ်။
ဝှီး! ဝှီး! ဝှီး!!!
သိပ်မကြာခင်မှာပဲ၊ ချီမင်က တခြား သင်္ဘောတွေ တစ်စီးပြီးတစ်စီး ပျံသန်းလာပြီး ကောင်းကင်ပျံ မြို့တော်ကြီးရဲ့ ပတ်ပတ်လည်မှာ ရပ်တန့်သွားကြတာကို မြင်လိုက်ရတယ်။ ဒါတွေက ကျန်တဲ့ တောင်ထွတ် ဆယ့်တစ်နေရာက သင်္ဘောတွေပဲ ဖြစ်တယ်။
နာရီဝက်တောင် မကြာလိုက်ဘူး၊ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ် ဆယ့်နှစ်ခုလုံး ရောက်လာကြတယ်။
“ဂျူနီယာမောင်လေး။” လုချင်းယန်က ပြောတယ်၊ “ဒါက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲ ကျင်းပတဲ့နေရာပဲ။ သူ့ကို ကောင်းကင်ဘုံဉာဏ်အလင်း မြို့တော်လို့ ခေါ်တယ်။ ငါတို့ သင်္ဘောအောက်က ရဲတိုက်ကတော့ တိမ်စိမ်းတောင်ထွတ် ခံတပ်ပေါ့။”
“ကျန်တဲ့ ရဲတိုက် ဆယ့်တစ်လုံးကတော့ တခြား တောင်ထွတ် ဆယ့်တစ်နေရာကို ကိုယ်စားပြုတာပဲ။”
“အင်း။” ချီမင်က ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြလိုက်တယ်။
“ဒါက တိမ်စိမ်းစုဝေးပွဲအမှတ်တံဆိပ်ပဲ။” လုချင်းယန်က လုံးဝ စိမ်းစိမ်းစိုစိုအရောင်ရှိတဲ့ ဆဌဂံပုံ အမှတ်တံဆိပ်တစ်ခုကို ထုတ်ပြီး ချီမင်ကို ကမ်းပေးလိုက်တယ်။ သူမက ဆက်ပြောတယ်၊ “အချိန်ကျရင် မင်းက ဒီ တိမ်စိမ်းစုဝေးပွဲအမိန့်အမှတ်တံဆိပ်ကို ကိုင်၊ မင်းရဲ့ ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲ စတင်ပြီလို့ ကြေညာရမယ်။”
“ကျန်တဲ့ တောင်ထွတ် ဆယ့်တစ်နေရာက အမွေခံတပည့်တွေလည်း သူတို့ အမှတ်တံဆိပ်တွေကို အသက်သွင်းပြီးတာနဲ့ ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းစမ်းသပ်ခြင်း လမ်းကြောင်းကို ဖွင့်နိုင်လိမ့်မယ်။ ပွဲကို လာတက်တဲ့ လူတိုင်းက အဲ့ဒီ စမ်းသပ်ခြင်းလမ်းကြောင်းရဲ့ စစ်ဆေးမှု ငါးခုကို ဖြတ်ကျော်ပြီးမှ နောက်ဆုံး ကောင်းကင်ဘုံဉာဏ်အလင်း မြို့ကို ရောက်လာကြမှာ။”
“ရှင်းရဲ့လားဂျူနီယာ မောင်လေး?”
“အင်း။” ချီမင်က ထပ်ခေါင်းညိတ်ပြပြီး “ရှင်းပါတယ်။” လို့ ပြောလိုက်တယ်။
သိထားသင့်တာက ချီမင်ဟာ သူ့ရဲ့ အရင်ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေကို အမွေဆက်ခံထားတာဆိုတော့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲရဲ့ စမ်းသပ်မှု ငါးခုအကြောင်းကို တော်တော်လေးကိုရှင်းရှင်းလင်း လင်းသိနေပြီးသားဖြစ်တယ်။
ခြုံပြောရရင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစု ဝေးပွဲရဲ့ စမ်းသပ်မှု ငါးခုက အကြိမ်တိုင်း မတူပေမဲ့ အနှစ်သာရကတော့ အတူတူပဲဲဖြစ်တယ်။ အဓိကကတော့ အရည်အချင်း ငါးမျိုးဖြစ်တဲ့ ဝိညာဉ်အမြစ်၊ ကိုယ်ခန္ဓာ၊ နားလည်နိုင်စွမ်း၊ အခြေခံ၊ နဲ့ ကံကြမ္မာ တို့ကို စစ်ဆေးတာပဲ။
“သွားတော့။” လုချင်းယန်က ပြောတယ်၊ “စိတ်လှုပ်ရှား မနေနဲ့နော်။”
“မဖြစ်ပါဘူး။” ချီမင်က ပြုံးလိုက်တယ်။ သူက အမှတ်တံဆိပ်ကို ကိုင်ပြီး ရှေ့ကို လျှောက်သွားတယ်။ သင်္ဘောဦးမှာ ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို တည်ငြိမ်စွာ ဝေ့ကြည့်လိုက်တယ်။ သူ့အကြည့်တွေထဲမှာ တုန်လှုပ်မှု အရိပ်အယောင်တောင် မရှိဘူး။ သင်္ဘောပေါ်က အကြီးအကဲတွေရဲ့ အကြည့်တွေအားလုံးကတော့ ချီမင်ဆီ ကျရောက်နေတယ်။
“တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့်၊ ချီမင်!”
ချီမင်က အသက်ပြင်းပြင်းရှူ၊ ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်ပြီး လက်ထဲက တိမ်စိမ်းစုဝေးပွဲအမိန့်အမှတ်တံဆိပ်ထဲ ထိုးသွင်းလိုက်ကာ ကျယ်လောင်စွာ နဲ့ကြွေးကြော်လိုက်တယ်။ “ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲ အခု စတင်နိုင်ပါပြီ။”
ဝှုန်း!!!
တိမ်စိမ်းစုဝေးပွဲအမှတ်တံဆိပ်က ချီမင်ရဲ့ လက်ထဲကနေ ကောင်းကင်ဆီ တဟုန်ထိုး တက်သွားပြီး အရပ်မျက်နှာအားလုံးကို ထွန်းလင်းတောက်ပစေတဲ့ တိမ်တိုက်စိမ်းတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။
“တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့်...”
“ချီမင်? အေး ဟုတ်သားပဲ။ အပြင်စည်းဂိုဏ်း အကဲဖြတ်ပွဲတုန်းက ဖုန်းကျီမု လက်ခံလိုက်တဲ့ အမွေခံတပည့်ပဲ။”
“အချိန်ဘယ်လောက် ကြာသေးလို့လဲ? သူ အခြေခံတည်ဆောက်ခြင်းအဆင့်တောင် ရောက်ပုံမပေါ်သေးဘူး။”
“တိမ်စိမ်းတောင်ထွတ်က သူ့လိုကောင်လေးကို ဦးဆောင်ခိုင်းပြီး မျက်နှာမပျက်မှာ မကြောက်ဘူးလားမသိဘူး။”
“စိတ်ဝင်စားဖို့တော့ ကောင်းတယ်။”
“…”
တခြားသင်္ဘောတွေပေါ်က အကြီးအကဲတွေရဲ့ တီးတိုးသံတွေ ထွက်ပေါ်လာတယ်။
“ဖုန်းကွယ်ဓားတောင်ထွတ်ရဲအမွေခံတပည့်၊ ဖူချန်ရွှယ်။”
ဝှီး!
ဖုန်းကွယ်ဓား တောင်ထွတ်ရဲ့ သင်္ဘောပေါ်မှာ အနက်ရောင် ဝတ်ရုံနဲ့ လူငယ်တစ်ယောက် ရှိနေတယ်။ သူက ဖုန်းကွယ်ဓားစုဝေးပွဲအမိန့်အမှတ်တံဆိပ်ကို ကိုင်ပြီး အသက်သွင်းလိုက်တယ်။ အမှတ်တံဆိပ်က လေထုကို ထိုးခွင်းတက်သွားပြီး ဓားအိမ်နဲ့တကွ ကြီးမားတဲ့ ဓားကြီးတစ်လက်အဖြစ် ပုံပေါ်လာတယ်။ အဲ့ဒီဓားက လေထဲမှာ ရပ်နေတုန်း သူက ကြွေးကြော်လိုက်တယ်၊ “ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲအခု စတင်နိုင်ပါပြီ။”