← Chapters

အခန်း (၁၄၆၃)

Vol. 99 Ch. 1463

အခန်း (၁၄၆၃)

Vol. 99 Ch. 1463

အမဲရောင်ဝတ်စုံဝတ် အဘိုးအိုသည် ပေါ်ပေါက်လာပြီးသည့်နောက် သူ၏စွမ်းအင်များကို အသုံးပြုကာဖြင့် ရောင်မုန့်ယဉ်ကို လွှမ်းခြုံလိုက်၏။ ပြီးနောက် သူမကို ခေါ်ဆောင်သွားရန် ပြင်ဆင်ခဲ့တော့သည်။

ကျွင်းချောင်ရှောင်းသည် မည်သို့မှ မနေနိုင်တော့ဘဲ အရှေ့ဆီသို့ အသာလှမ်းလျှောက်လိုက်တော့၏။ သူသည် အိမ်မက်ဖြစ်စေ၊ အစစ်အမှန်တရားဖြစ်စေ သူ၏တပည့်တစ်ယောက်အား တခြားသူများ ခေါ်ဆောင်သွားခြင်းကို မည်သို့မှ ခွင့်ပြုလိမ့်မည် မဟုတ်ချေ။ သူ့အား ပိုမို၍ အံ့အားသင့်စေသည်မှာ သူသည် အိမ်မက်ထဲသို့ ဝင်ရောက် လာခဲ့သည် ဖြစ်သော်လည်း ဘေးမှ ကြည့်ရှုနေသည့်လူတစ်ယောက်တင် မဟုတ်ဘဲ တစ်ဖက်လူအား အမှန်ပင် ထိတွေ့ ရိုက်နှက်လို့ ရနေ၏။ ဤအရာသည် အမှန်ပင် မည်သည့်အရာကို ဆိုလိုသနည်း။ သူနှင့် အဘိုးအိုတို့သည့် အစစ်အမှန် ဖြစ်သည်ဟု ဆိုလိုခြင်းပင် ဖြစ်ပေလိမ့်မည်။

“မင်း... ဘယ်လိုဖြစ်ပြီးတော့ တခြားသူရဲ့ အိမ်မက်ထဲကို ဝင်လာနိုင်တာလဲ” အမဲရောင်ဝတ်စုံနှင့်လူ၏ စကားလုံး များသည် ကျွင်းချောင်ရှောင်းမှာ ရောင်မုန့်ယဉ်၏ အိမ်မက်ထဲသို့ ဝင်ရောက်နေသည်ဖြစ်ကြောင်းကို သေချာ သိရှိ နိုင်ခဲ့၏။ သူသည် မည်သည့်စကားမှ မဆိုဘဲ ထပ်မံကာ ရိုက်နှက်တော့သည်။

“ဟမ်” မျက်နှာတစ်ခုလုံး ရောင်ကိုင်းလျက်ရှိနေသည့် ကုကျောင်းရှစ်အား ကြည့်ရှုပြီးသည့်နောက် ကုန်းရှန့်၏ မျက်နှာပေါ်တွင် ရှက်ရွံ့သည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့၏။ သူသည် ကုကျောင်းရှစ် အား အလျင်အမြန်ပဲ တည့်မတ်ပေးလိုက်ပြီးနောက် သူ့တပည့်များ ဘေးတွင် အသာထိုင်ခိုင်းလိုက်၏။ မည်သည့် ပြဿနာမှ မဖြစ်ခဲ့သည့် ပုံပန်းသွင်ပြင်မျိုး ဟန်ဆောင်လျက် ရှိနေ၏။

“ဂိုဏ်းချုပ်... ကျွန်မ အခုလေးတင် အိမ်မက်ဆိုးတွေ မက်နေတယ်” ရောင်မုန့်ယဉ်သည် သူမ၏ မျက်ရည်များကို အသာသုတ်ကာဖြင့် ပြောလိုက်၏။ သူမကို ကြည့်ရသည်မှာ အလုံးစုံ ပြန်လည်ကောင်းမွန်လာသည့်ပုံ မပေါ်ဘဲ သူမ၏ လေသံသည်ကလည်း အလွန်ဝမ်းနည်းလျက် ရှိနေ၏။

“ဒါက အိမ်မက်လေးတစ်ခုပါပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်း အများကြီး စဉ်းစားမနေနဲ့”

စနစ်က ပြောလိုက်၏။ “လက်ခံသူ ခုနတုန်းက ရိုက်ခဲ့တဲ့ အမဲရောင်ဝတ်စုံနဲ့လူက တပည့်တွေ အကုန်လုံး အိမ်မက်ထဲကို ဝင်ရောက်အောင် ပြုလုပ်ခဲ့တဲ့ အဓိက လက်သည်ပဲ ဖြစ်မယ်”

“ဆိုးတာပဲ”

ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်မိသည်။ “သူ လွတ်သွားပြီလေ”

တပည့်များကို အိမ်မက်ထဲသို့ ခေါ်ဆောင်ခဲ့ပြီးသည့်နောက် ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံရသည့် ပုံပန်းသွင်ပြင်မျိုးကို ပြသခဲ့သည်။ ထို့အပြင် ရောင်မုန့်ယဉ်အား ခေါ်ဆောင်သွားရန်ပင် ပြင်ဆင်ခဲ့၏။ ထို့ကြောင့် တစ်ဖက်လူများသည် အမှန်ပဲ အကြံအစည်တစ်ခု ရှိနေမှာ သေချာ၏။

ရွှီး ရွှီး

ထိုအချိန်မှာပဲ နတ်ဆိုးကျင့်ကြံသူများသည် အနောက်ဘက်ဆီမှ လိုက်မီလာခဲ့၏။ ၎င်းတို့သည် ချွင်းချက် မရှိလှချေ။ အားလုံးသောသူများသည် နတ်ဆိုးအော်ရာများ၏ လွှမ်းခြုံမှုကို ခံရပြီးသည့်နောက် သတိပျောက်ကွယ်သွားကုန် ကြ၏။ တည်နေရာထဲတွင် မတ်မတ်ရပ်လျက်ရှိနေပြီး ၎င်းတို့၏ မျက်လုံးများ သည်လည်း မှုန်မှိုင်းသွားခဲ့၏။

ကျွင်းချောင်ရှောင်းသည် ထိုသူတို့အားလုံးကို လျစ်လျှူရှုထားခဲ့၏။ ပြီးသည့်နောက် ကုကျောင်းရှစ်နှင့် သူ၏တပည့် များဆီသို့ ပြန်လာလိုက်ပြီးသည့်နောက် မီးစိတ်ဝိညာဉ်နှင့် မိစ္ဆာစိတ်ဝိညာဉ်တို့၏ စွမ်းအင်များကို အသက်သွင်းကာ ဖြင့် ၎င်းတို့၏စိတ်ကို ထိန်းချုပ်လျက်ရှိနေသည့် နတ်ဆိုးအော်ရာများအားလုံးကို ပျောက်ကွယ်ရန် ကြိုးစားတော့ သည်။

ဟူး ဟူး ဟူး

ခဏလောက် ကြာပြီးသည့်နောက် အားလုံးသောသူများသည် အိမ်မက်ထဲမှ လွတ်မြောက်လာခဲ့ကြပြီး အသက်ကို ပြင်းပြင်းရှူနေကြတော့၏။ ၎င်းတို့အားလုံးသည် တူညီသည့်အိမ်မက်ထဲတွင် ရောက်ရှိနေကြ၏။ ပထမဦးဆုံး ၎င်းတို့သည် ငှက်များ တေးဆိုပြီး ပန်းများဖူးပွင့်လျက်ရှိနေသည့် တောအုပ်ထဲသို့ ရောက်ရှိနေကြပြီး များပြားလွန်း လှသော စွမ်းအားမြင့် ကျင့်ကြံသူများသည် ပေါ်ပေါက်လာခဲ့ကြ၏။ ထို့ကြောင့် ၎င်းတို့သည် အပြင်းအထန် တိုက်ခိုက်နေခဲ့ကြ၏။

အထူးသဖြင့် ကုကျောင်းရှစ်ပင် ဖြစ်၏။ သူသည် သားရဲတစ်ရာကျော်တို့အား တစ်ယောက်တည်း တိုက်ခိုက်ခဲ့ရ၏။ အဆုံးသတ်တွင် ရိုက်နှက်ခံရပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် နာကျင်သည့် ခံစားချက်များကို ရရှိခဲ့သည်။

“အင်း”

အိမ်မက်ထဲမှ ပြန်လည်လွတ်မြောက်လာခဲ့ပြီးသည့်နောက် သူသည် မျက်နှာကို အုပ်ကိုင်ကာ ပြောလိုက်၏။ “နာလိုက်တာ”

“ဂိုဏ်းတူဦးလေး…. ဘာလို့ မျက်နှာတစ်ခုလုံး ယောင်ကိုင်းနေရတာလဲ” စုရှောင်မိုက မေးလိုက်သည်။

လီချင်းယန် နှင့် ရှောင်ကျီတို့သည့် တပြိုင်နက်တည်း လှမ်းကာကြည့်ရှုလိုက်၏။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ ဇဝေဇဝါ အရိပ်အယောင်များ တည်ရှိနေ၏။ အိမ်မက်ထဲတွင် ၎င်းတို့အားလုံးသည် နတ်ဆိုးသားရဲများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။ သို့ပေမဲ့ အစစ်အမှန် အခြေအနေဆီသို့ ပြန်လည်ရောက်ရှိလာသည့်အချိန်တွင် ၎င်းတို့၏ ခန္ဓာကိုယ်မှာ ပြောင်းလဲမှု တစ်ခုမှ မရှိခဲ့ချေ။

အဘယ်ကြောင့် ဂိုဏ်းတူဦးလေးသည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့သနည်း။ ကြည့်ရှုရသည်မှာ ရှိရှိနေသမျှသော သားရဲများအားလုံးကို မျက်နှာနှင့် ဝင်ရောက်ကာ တိုက်ခိုက်ခဲ့သည့် ပုံပန်း သွင်ပြင်မျိုးပင် ပေါ်ပေါက်နေ၏။

“မဟုတ်သေးပါဘူး”

ကုကျောင်းရှစ်က စဉ်းစားလိုက်မိသည်။ “ဘာလို့ ဒဏ်ရာရတဲ့လူက ငါတစ်ယောက်တည်း ဖြစ်နေရတာလဲ”

ကျွင်းချောင်ရှောင်းသည် မကြားချင်ယောင် ဆောင်ထားတော့၏။ ပြီးသည့်နောက် အခုမှ ဝင်ရောက်လာခဲ့ကြသည့် နတ်ဆိုးကျင့်ကြံသူအဖွဲ့အား လှမ်းကာ ကြည့်ရှုလိုက်သည်။ “လူတွေ အကုန်လုံးက အိမ်မက်ထဲကို ရောက်ရှိသွားခဲ့ကြ တယ်”

ဘုတ်

ရုတ်တရက်ဆိုသလိုပဲ နတ်ဆိုးကျင့်ကြံသူတစ်ယောက်သည် မြေပေါ်သို့ လဲကျသွား၏။ ၎င်း၏ မျက်လုံးများသည် အသိအာရုံများ ပျောက်ကွယ်သွားကုန်၏။

ကုကျောင်းရှစ်က ပြောလိုက်သည်။ “သေသွားပြီပဲ”

ဝှစ် …။

ထိုအချိန်မှာပဲ အမဲရောင်အလင်းတန်းတစ်ခုသည် ထိုသူ၏ အလောင်းဆီမှ ထွက်ပေါ်လာခဲ့၏။ ပြီးသည့်နောက် ဘေးတစ်ဖက်တွင် ရှိနေသော ကျောက်နံရံကြီးတစ်ခုနှင့် ပေါင်းစပ်ကာ ပျောက်ကွယ်သွားကုန်၏။

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ မျက်မှောင်ကုတ်လိုက်မိ၏။ အမဲရောင်ဝတ်စုံနှင့် အဘိုးအို ရိုက်နှက်ခံရပြီးသည့်နောက် တစ်ဖက်လူသည်လည်း ဤကဲ့သို့သော ပုံစံမျိုးနှင့် ပျောက်ကွယ်သွားခဲ့၏။

ဘုတ် ဘုတ်

များပြားလှသော နတ်ဆိုးကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ လဲကျကုန်ကြပြီး ၎င်းတို့၏ အသက်များသည် ပျောက်ကွယ်ကုန်ကြ၏။ အမဲရောင်အလင်းတန်းများသည် ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာကြပြီး ဝိညာဉ်များကဲ့သို့ပင် ဘေးတစ်ဖက်တွင် ရှိနေသော နံရံကြီးနှင့် သွားရောက် ပေါင်းစပ်တော့သည်။

“နားလည်ပြီ”

ကုကျောင်းရှစ်သည် အချိန်အတော်ကြာ လေ့လာ ကြည့်ရှုပြီးသည့်နောက် ပြောလိုက်၏။ “ဒါက နတ်ဆိုးတာအိုရဲ့ နည်းလမ်းတစ်ခုပဲလေ။ ဒါကို အိမ်မက်ဝိညာဉ်နှုတ်ခြင်းလို့ ခေါ်တယ်။ ခုနတုန်းက အလောင်းတွေဆီကနေ ထွက်ပေါ်လာတဲ့ အမဲရောင်အလင်းတန်းတွေက သူတို့ရဲ့ ဝိညာဉ်တွေပဲ”

“ဒါအမှန်ပဲ”

ထိုအချင်းအရာကို ကြားပြီးနောက် ကျွင်းချောင်ရှောင်း၏ မျက်နှာတစ်ခုလုံးသည် အေးစက်သွားခဲ့၏။ ရောင်မုန့်ယဉ်၏ အိမ်မက်ထဲတွင် အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည် သူမကို ခေါ်ဆောင်သွားရန် ပြင်ဆင်ခဲ့၏။ ထိုအရာသည် သူမ၏ ဝိညာဉ်ကို ခေါ်ဆောင်သွားခြင်း ဖြစ်ပေလိမ့်မည်။ ကံကောင်းစွာဖြင့် သူသည် ဤတည်နေရာ တွင် တည်ရှိနေခဲ့၏။ ထို့ကြောင့် အချိန်မီတားဆီးနိုင်ခဲ့၏။ သူ၏ တပည့်မသည်သာ တစ်ဖက်လူ၏ အနောက်သို့ လိုက်ပါသွားသည်သာဆိုပါက သေဆုံးသွားမှာ သေချာသည်။

“ဘယ်လောက် ဆိုးယုတ်လိုက်တဲ့ နည်းလမ်းလဲ” သူ၏ တပည့် သေဆုံးတော့မည် အခြေအနေမျိုးသို့ ရောက်ရှိ သွားသည် ဖြစ်ကြောင်းကို နားလည်ပြီး ကျွင်းချောင်ရှောင်းသည် အလွန်တရာ ဒေါသထွက်လျက် ရှိနေ၏။

“ဒါပေမဲ့”

ကုကျောင်းရှစ်က ပြောလိုက်သည်။ “အိမ်မက်ဝိညာဉ်နှုတ်ခြင်းဆိုတာ နတ်ဆိုးကျင့်ကြံသူတွေ အပေါ်ပဲ အလုပ်ဖြစ်တာ။ သာမန်ကျင့်ကြံသူတွေကတော့ အိမ်မက်ထဲကို ဝင်ရောက်ရုံလောက်ပဲ။ သူတို့ရဲ့ ဝိညာဉ်တွေက ထုတ်ယူခြင်း ခံရမှာ မဟုတ်ဘူး”

ဘုတ် ဘုတ်

နတ်ဆိုးကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ လဲကျနေကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်မှ ဝိညာဉ်များသည်လည်း အပြင်ဘက်သို့ ထွက်ခွာလာခဲ့သည်။

ကျွင်းချောင်ရှောင်းသည် ထိုအရာကို တားဆီးချင်မိ၏။ သို့ပေမဲ့ အမဲရောင်ဓာတ်သဘာဝများကို သူသည် ထိတွေ့ ကိုင်တွယ်၍ မရချေ။ ထို့ကြောင့် တစ်ဖက်လူများ အသက်ဆုံးရှုံးနေသည်ကို ဤအတိုင်း ထိုင်ကာ ကြည့်ရှုနေရ၏။

“သွားကြရအောင်။ ရှေ့ကို ဆက်သွားကြမယ်”

သူတို့အနေဖြင့် နတ်ဆိုးရေစက်နယ်မြေထဲသို့ ဝင်ရောက်ပြီး အမွေအနှစ်ကို ရှာဖွေရန် လာခဲ့သည်ဆိုမှတော့ သေဆုံးရန် ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကုန်းရှန့် အနေဖြင့် တစ်ဖက်လူများကို သနားညှာတာစိတ် ထားမနေတော့ချေ။ ပထမဦးဆုံး တခြားသူများကို ကူညီမည်ဆိုပါက စွမ်းအင်များသည် ကုန်ဆုံးမှာ သေချာ၏။ ဒုတိယအားဖြင့် တစ်ဖက်လူများသည် အရေအတွက် များပြားလွန်းလှသည်။

“အစ်ကိုကြီး”

ကုကျောင်းရှစ်သည် လှမ်းလျှောက်လာပြီးနောက် ပြောလိုက်၏။ “အိမ်မက်ဝိညာဉ်နှုတ်ခြင်း ဆိုတာက ရိုးရှင်းလှတဲ့ အရာတစ်ခု မဟုတ်ဘူး။ ဒါက တခြားသူတွေ အမွေအနှစ်ကို ရရှိဖို့အတွက် ခက်ခဲအောင် ပြုလုပ်ထားတဲ့ ပုံပန်းသွင်ပြင်မျိုးတော့ မဟုတ်ဘူး။ မဟုတ်ရင် တခြားသူတွေရဲ့ ဝိညာဉ်တွေကို ယူဆောင်နေစရာ မလိုဘူးထင်တယ်”

“ဆိုလိုတာက ဒီထက်နက်နဲတဲ့ အကြောင်းအရာတစ်ခု ရှိနေမယ်လို့ ဆိုလိုတာလား”

“ပုံပြောတဲ့လူ ပြောခဲ့တာကတော့ နတ်ဆိုးဘိုးဘေးက နတ်ဆိုးရေစက်ကို ဖွင့်လှစ်ထားခဲ့တယ်ဆိုတာက သူ့ရဲ့ ပြန်လည် ရှင်သန်နိုင်တဲ့ နည်းလမ်းတစ်ခုကို ဖန်တီးထားခဲ့တာတဲ့။ အခု အိမ်မက်ဝိညာဉ်နှုတ်ခြင်း နည်းလမ်းက ရှိနေပြီဆိုတော့ ဖြစ်နိုင်တာက ….”

“နတ်ဆိုးကျင့်ကြံသူရဲ့ ဝိညာဉ်တွေကို စုစည်းပြီးတော့ သူ့ကို ပြန်လည်ရှင်သန်အောင် လုပ်ချင်တာလား”

“အမှန်ပဲ”

“……….”

ကျွင်းချောင်ရှောင်းသည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ပြီးနောက် ပြောလိုက်သည်။ “ဒီလို ဆိုရင် အခု အမွေအနှစ် အခွင့်အရေးတွေကို လာပြီးရှာဖွေတဲ့ ကျင့်ကြံသူတွေ အကုန်လုံးက သေဆုံးရမယ့်လူ တွေပေါ့”

ပြောနေတုန်းမှာပဲ သူတို့သည် လှိုဏ်ခေါင်း၏ အဆုံးဘက် တည်နေရာဆီသို့ ရောက်ရှိလာခဲ့သည်။

တခြားတစ်ဖက် တွင်တော့ ကျယ်ဝန်းလှသော တည်နေရာကြီးတစ်ခု တည်ရှိနေသော မြင်ကွင်းကို မြင်ရပြီးသည့်နောက် သူတို့ အားလုံးသည်ဆွံ့အသွားခဲ့ကြ၏။

ဤတည်နေရာကြီးသည် နန်းတော်ကြီးတစ်ခုကဲ့သို့ ဆင်တူလှ၏။ မြေတည်နေရာ တစ်ခုလုံး၌ အဆင့်မြင့်ကျောက်ပြားများနှင့် ခင်းကျင်းထားခဲ့၏။ ဘာမှန်းမသိသည့် နတ်ဆိုးသားရဲ ဦးခေါင်းများသည် နံရံပေါ်တွင် တည်ရှိနေကြ၏။ ၎င်းတို့ အားလုံးသည် ပါးစပ်ကြီးကို ဟလျက်ရှိနေပြီး အနီရောင် ရေများကို ပန်းထုတ်လျက် ရှိနေ၏။ ထိုရေများသည် ညှီစို့စို့နှင့် နံဟောင်လွန်းလှသည်။

“သွေးတွေပဲ”

ကုကျောင်းရှစ်က ပြောလိုက်၏။ “ဒါက နတ်ဆိုးကျင့်ကြံသူတွေရဲ့ သွေးတွေပဲ”

အဘယ်ကြောင့် သူ့အနေနှင့် ဤမျှလောက် သေချာနေရသနည်း။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံထားသည့် သိုင်းကျင့်ကြံသူများ၏ သွေးထဲတွင် နတ်ဆိုးချီများ တည်ရှိနေ၏။ ထို့ကြောင့် တစ်ချက် ကြည့်ရှုလိုက်သည်နှင့် ထိုအရာကို အာရုံခံ၍ ရရှိနိုင်၏။

နန်းတော်၏ နံရံတွင် တည်ရှိနေသည့် နတ်ဆိုးသားရဲဦးခေါင်းသည် စုစုပေါင်း ဆယ်ခု တည်ရှိ၏။ ၎င်းတို့သည် ပါးစပ်ကြီးများကို ဟကာဖြင့် သွေးများကို သွန်ထုတ်လျက် ရှိနေ၏။ ဤမြင်ကွင်းသည် ကြည်ရှု့ရသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။

“သွေးတွေက နွေးထွေးနေတုန်းပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါက သေထားတာ မကြာသေးလို့ပဲ”

ဟယ်ဝူတီသည် နတ်ဆိုးသားရဲဦးခေါင်း ဆယ်ခုကို သေသေချာချာ ကြည့်ရှုကာ ပြောလိုက်၏။ “အစောပိုင်းတုန်းက မြင်ခဲ့ရတဲ့ ကျောက်တံခါးဆယ်ခုမှာလဲ အခုလို ပုံပန်းသွင်ပြင်မျိုးတွေ ရှိတယ်လေ။ ဖြစ်နိုင်တာက”

သူ့အနေနဲ့ ဆက်၍ မပြောချေ။ အားလုံးသောသူများသည် ဤသွေးများ မည်သည့်နေရာက ရောက်ရှိလာသည်ဖြစ်ကြောင်းကို တွေးမိလိုက်ကြသည်။

ဗွက် ဗွက်

နတ်ဆိုးကျင့်ကြံသူများ၏ သွေးများသည် ဤသားရဲဦးခေါင်းများ၏ ပါးစပ်ထဲမှ စီးဆင်းလာခဲ့ပြီးသည့်နောက် ရေကန်ထဲသို့ ရောက်ရှိသွား၏။ ပြီးသည့်နောက် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း အလယ်ဗဟို တည်နေရာထဲရှိ ကြီးမားလှသည့် သွေးကန်ထဲသို့ ရောက်ရှိကုန်၏။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများ အားလုံးသည် ထိုအချင်းအရာကို သိရှိပြီးသား ဖြစ်ကြ၏။ ၎င်းတို့သည် ကြီးမားလွန်းလှသော သွေးကန်ကြီးကို မြင်ရသည့်အချိန်မှာတော့ ပျို့အန်လုမတတ်ပင် ဖြစ်နေတော့ သည်။

ကျွင်းချောင်ရှောင်းသည် အရှေ့ဆီသို့ လှမ်းလျှောက်ပြီးနောက် အနောက်ဘက်အရပ်တွင် ထူးခြားလွန်းသော ပစ္စည်းများ တပ်ဆင်ထားသည့် ပုလ္လင်ကြီးတစ်ခုကို မြင်လိုက်ရတော့သည်။ ထိုပုလ္လင်ကြီးပေါ်တွင် ရှုပ်ထွေးလှသည့် အရေးအကြောင်းများကို ရေးထိုးထား၏။ ထို့အပြင် သပ်ရပ်လွန်းလှသော သေတ္တာလေး တစ်ခုကလည်း တည်ရှိလို့နေ၏။

“အစ်ကိုကြီး”

ကုကျောင်းရှစ်က ပြောလိုက်သည်။ “ဒီပုလ္လင်က တော်တော်ကြီးကို ဈေးကြီးမယ့်ပုံပဲ။ မထွက်သွားခင် မှာ ယူသွားရအောင်”

“အင်း… ငါလည်း ဒါကို တွေးနေတာပဲ” ၎င်းတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုပြီးသည့် နောက် တောက်ပစွာ ပြုံးလိုက်ကြ၏။

“ဂိုဏ်းချုပ်” ထို

အချိန်မှာပဲ လီချင်းယန်က အော်ဟစ်လိုက်သည်။ “ဂျူနီယာညီမလေးက အပေါ်ကို တက်သွားပြီ”

ကျွင်းချောင်ရှောင်းနှင့် ကုကျောင်းရှစ်တို့သည် အလျင်အမြန်ဖြင့် အသာလှမ်းကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ရောင်မုန့်ယဉ် သည် ပုလ္လင်၏ ရှေ့တည့်တည့်တွင် မတ်တပ်ရပ်လျက် ရှိနေ၏။ ပြီးနောက် သူမသည် သေတ္တာကို အသာလှမ်းယူ လိုက်ပြီးသည့်နောက် ပုလ္လင်ပေါ်သို့ တက်ကာ ထိုင်လိုက်၏။ သူမ၏ မျက်နှာတစ်ခုလုံးသည် တွေဝေ ငေးငိုင်လျက်ရှိပြီး မျက်လုံးများသည်လည်း နီရဲလျက် ရှိနေ၏။

…………

ဟူး ဟူး

အပြင်ဘက်လောကတွင်တော့ တင်းတင်းကျပ်ကျပ် ပိတ်ထားသော သံမဏိတံခါးကြီးသည် ရုတ်တရက် တုန်ခါလာသည်။

ကြီးမြတ်သူတုံးကုသည် အလျင်အမြန်ဖြင့် မော့ကာကြည့်လိုက်၏။

မာဆာတိုကီတာနိုကလည်း အပေါ်သို့ မော့ကြည့်လျက်ရှိ၏။ ပြီးနောက် လက်ကိုအသာဝှေ့ယမ်းပြီးသည့်နောက် စစ်တုရင်ခုံတစ်ခုလုံးကို ဖျက်ဆီးလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ဘာဆက်လုပ်ကြမလဲ”

ဟား ဟား ဟား ဟား

သံမဏိတံခါးကြီးဆီမှ စူးရှသည့် ရယ်မောသံကြီးတစ်ခုသည် ထွက်ပေါ်လာပြီး ကောင်းကင်ယံတစ်ခုလုံးကိုပင် ပျံ့နှံ့ကုန်၏။ “အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်း၊ ပြီးတော့ အဓိကဂိုဏ်းတွေ အကုန်လုံး မင်းတို့ရဲ့ အိမ်မက်ဆိုးက ရောက်လာပြီ”

“ကောင်းကင်ဘုံ”

ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့သည် တပြိုင်နက်ထကာ ရေရွတ်လိုက်မိသည်။ “နတ်ဆိုးဘိုးဘေးက ပြန်ပြီးရှင်သန်လာတော့မှာပဲ”

ဇွီ ဇွီ

ထိုအချိန်မှာပဲ အနီရောင်သရဖူကို ဆောင်းထားသည့် ကြိုးကြာတစ်ကောင်သည် အဝေးဆီမှ ပျံသန်းလာပြီးသည့် နောက် သတင်းအချက်အလက်တစ်ခုကို လာရောက်ကာ ပေးပို့၏။ မာဆာတိုကီတာနို၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်သွား၏။

“ခင်ဗျားရဲ့တပည့် ကျွင်းချောင်ရှောင်းက သူ့ရဲ့တပည့်တွေကို ခေါ်ပြီးတော့ နတ်ဆိုးရေစက်နယ်မြေထဲကို ဝင်သွားတယ်ဆိုတဲ့ သတင်းကို ကြားခဲ့တယ်”

“ဘာ”

ကြီးမြတ်သူတုံးကုသည် မျက်လုံးများ ပြူးထွက်သွား၏။ ပြီးသည့်နောက် သူသည် ဒေါသတကြီးဖြင့် ထကာ အော်ဟစ်လိုက်၏။ “သူက နတ်ဆိုးကျင့်ကြံသူမှ မဟုတ်တာ။ အဲဒီနေရာကို ဘာသွားလုပ်ရတာလဲ”

All Chapters