အခန်း (၁၄၆၄)
Vol. 99 Ch. 1464
စူးရှရှ ရယ်မောသံကြီး တစ်ခုသည် နတ်ဆိုးဂိတ်တံခါးကြီးဆီမှ ထွက်ပေါ်လာပြီးသည့်နောက် အထက်နယ်မြေ တစ်ခုလုံးကို ပွက်လောရိုက်စေခဲ့တော့၏။ ဤအရာသည် မိုးကောင်းကင်အဆင့် ဂိုဏ်းကြီးဆယ်ခုနှင့် တခြားသော မွန်းစတားမျိုးနွယ်စု အားလုံး၏ ညအိမ်မက်ဆိုးပင် ဖြစ်နေသည်လား။
သိုင်းကျင့်ကြံသူများ အားလုံးသည် ၎င်းတို့ ပူးပေါင်းကာ ဖျက်ဆီးခဲ့ရသည့် နတ်ဆိုးမျိုးနွယ်စုများအကြောင်းကို ပြန်လည်ကာ စဉ်းစားလိုက်မိကြ၏။ နတ်ဆိုးဘိုးဘေးသည် ပြန်လည်ကာဖြင့် အသက်ဝင်လာတော့မည်လား။
နယ်မြေဟောခန်း
အဓိကဟောခန်း၏ အပြင်ဘက်တွင် များပြားလှသော ကျင့်ကြံသူများသည် မျက်မှောင်ကုတ်ကာ ရပ်လျက် ရှိနေ၏။
“ပေါ်လာပြီ။ အထက်နယ်မြေက ဘယ်တော့မှ ထပ်ပြီး ငြိမ်းချမ်းမှာ မဟုတ်တော့ဘူး”
“ဒါဆိုရင် အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းကိုလည်း သတင်းပေးလိုက်ရတော့မလား။ သူတို့အနေနဲ့ တစ်စုံ တစ်ယောက်ကို စေလွှတ်ပြီးတော့ တားဆီးခိုင်းမလား မသိဘူး”
“နတ်ဆိုးရေစက်နယ်မြေက ကောင်းကင်နဲ့ မြေကြီးရဲ့ မူလအရင်းအမြစ်နဲ့ ဆက်စပ်နေတဲ့ နေရာပဲလေ။ ဒီလိုမျိုး လွယ်လွယ်ကူကူသာ တားဆီးနိုင်မယ်ဆိုရင် အစောကြီးကတည်းက တည်ရှိနေမှာတောင် မဟုတ်ဘူး”
……..
နတ်ဆိုးဘိုးဘေး ပြန်လည်ရှင်သန်လာမည့် အခြေအနေသည် အလွန်အရေးကြီးသည့် ပြဿနာတစ်ခုအဖြစ် တည်ရှိ လာခဲ့၏။ သို့ပေမဲ့ နယ်မြေဟောခန်းသည် မလိုအပ်သည့် စီစဉ်မှုများကို ပြုလုပ်ရန် မလိုအပ်ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူများသည် ကြိုတင်ကာ ပြင်ဆင်ခဲ့ပြီးသား ဖြစ်၏။ ပြန်လည်ရှင်သန်နိုင်မည့် အခွင့်အရေး တည်ရှိနေသည်ဆိုလျှင်တောင်မှ မည်သူမှသည် သွားရောက်ကာ တားမြစ်နိုင်လိမ့်မည် မဟုတ်ချေ။
“သခင်”
ဆန်းကြယ်လှသော နန်းတော်ကြီးအတွင်းမှာတော့ ခါးကုန်းကုန်းနှင့် အဘိုးအိုတစ်ယောက်သည် လေးနက် တည်ကြည်စွာဖြင့် ပြောလိုက်၏။ “နတ်ဆိုးဘိုးဘေးက ပြန်ပြီးရှင်သန်လာတော့မှာလား”
ဧကရီလင်းရောင်က ပြောလိုက်သည်။ “ထင်မှတ်ထားတဲ့အတိုင်းပဲကိုး။ အဲကောင်လေး ဝင်သွားပြီဆိုရင် ကျိန်းသေပေါက် ပြောင်းလဲမှုတွေ ဖြစ်လာတာပဲ”
နတ်ဆိုးရေစက်နယ်မြေသည် လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းတည်းက တည်ရှိနေသည့်အရာဖြစ်၏။ ဤအတောအတွင်း အကြိမ်ပေါင်းများစွာ ဖွင့်လှစ်ပြီး အကြိမ်ပေါင်းများစွာ ပြန်လည်ပိတ်ခဲ့၏။ သို့ပေမဲ့ ကြီးမားသည့် ပြောင်းလဲမှုဟူ၍ တစ်ခုကလေးမှ မရှိခဲ့ချေ။
ယခု ကျွင်းချောင်ရှောင်း ဝင်သွားသည့်အချိန်မှာတော့ နတ်ဆိုးဘိုးဘေးကြီးသည် ပြန်လည်ကာ ရှင်သန်လာခဲ့၏။ ဤအရာသည် တိုက်ဆိုင်လွန်းသည် ဆိုလျှင်တောင်မှ များလွန်းနေ၏။
“ရှုပ်ထွေးမှု”
ဧကရီလင်းရောင်က ပြောလိုက်သည်။ “အထက်နယ်မြေတစ်ခုလုံး မကြာခင်မှာ ရှုပ်ယှက်ခတ်ကုန် တော့မယ်”
“ဒါဆိုရင် နယ်မြေဟောခန်းကတော့ တကယ့်ကို ခေါင်းကိုက်စရာ ဖြစ်လာမှာပဲ” ခါးကုန်းကုန်းနှင့် အဘိုးအိုက ပြောလိုက်၏။
“ဒါတင် မကသေးဘူး”
ဧကရီလင်းရောင်က ပြောလိုက်သည်။ “မိုးကောင်းကင်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက ငြိမ်ငြိမ်သက်သက်နဲ့ ထိုင်နေမှာ မဟုတ်ဘူးလေ။ ဒီတော့ နတ်ဆိုးဘိုးဘေးလို စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာတာက တစ်လောကလုံးကို ဘေးဒုက္ခကြီး ကျိန်းသေပေါက် ဖြစ်စေမှာပဲ”
....
နတ်ဆိုးမြို့
ယုစီနန်သည် လေထဲတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူ၏ မျက်ခုံးများသည် တင်းတင်းကျပ်ကျပ်နှင့် မျက်မှောင် ကုတ်လျက် ရှိနေတော့၏။ သူသည် အသံကို ကြားရုံသာမက အခြားသောသူများထက် ပိုမိုကာပင် သေသေချာချာ ကြားနေရတော့၏။ အထူးသဖြင့် အထဲတွင် ပါဝင်သော စွမ်းအင်များ အားလုံးသည် သူ၏စိတ်တစ်ခုလုံးကိုပင် သက်ရောက်စေခဲ့၏။ သူသည် ရုတ်တရက်ထကာ အော်ဟစ်လိုက်မိ၏။ “နတ်ဆိုးဘိုးဘေး အသက်ရှင်စဉ်တုန်းက ဘယ်လောက်တောင် အားကောင်းလိုက်မလဲ”
ဝှစ် ဝှစ် ဝှစ်
ကောင်းကင်ယံတွင် တည်ရှိနေသည့် ကြီးမားလှသည့် သံမဏိဂိတ်တံခါးကြီးသည် အလင်းတန်းများနှင့် တောက်ပ လျက်ရှိနေပြီး ဆန်းကြယ်လှသည့် နတ်ဆိုးအော်ရာများသည် ထိုနေရာမှ ထွက်ပေါ်လျက် ရှိနေပြီး တစ်လောကလုံး ကိုပင် လွှမ်းမိုးတော့မလို ဖြစ်နေသည်။
ဝှစ်
ယုစီနန်သည် သူ၏ လက်များကို ဖြန့်ကားလိုက်၏။ တည်နေရာစိတ်ဝိညာဉ်သည် အောက်သို့ ကျဆင်းလာပြီး သည့်နောက် အကောင်အထည်ဖြစ်တည်လာကာ ကြီးမားလှသည့် သံမဏိဂိတ်တံခါးကြီးဆီမှ ထွက်ပေါ်လာသည့် အလင်းတန်းများကို ကာကွယ်ရန်အတွက် နတ်ဆိုးမြို့ကြီး တစ်မြို့လုံးကို လွှမ်းခြုံလိုက်တော့၏။ သူသည် နတ်ဆိုး မြို့ထဲသို့ ရောက်ရှိလာခဲ့၏။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးကျင့်ကြံသူများသည် ရှုပ်ယှက်ခတ်သည့် ကိစ္စရပ်များ ကို ပြုလုပ်မှာကို စိုးရိမ်မိသောကြောင့်ပင်။
လက်ရှိအချိန်မှာတော့ နတ်ဆိုးဘိုးဘေးသည် ပြန်လည်ရှင်သန်လု မတတ်ပင် ဖြစ်နေတော့၏။ နတ်ဆိုးသတ်ဖြတ်သူဆိုသည့် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သူတစ်ယောက်အနေဖြင့် နတ်ဆိုးကျင့်ကြံသူများကို တားဆီးရန် ဆိုသည်မှာ သူ၏အလုပ်ပင် ဖြစ်ပေတော့သည်။ အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုသည်ကတော့ သူစဉ်းစားနိုင်သည့်အရာတစ်ခု မဟုတ်ချေ။
ဝှစ် ဝှစ်
တည်နေရာအတားအဆီးတစ်ခု ဖြစ်တည်လာပြီးသည့်နောက် အလင်းတန်းများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့ သွားတော့၏။ ပြီးသည့်နောက် ထိုအလင်းတန်းများသည် ကြီးမားလှသည့် အော်ရာကို ထုတ်ဖော်လာခဲ့တော့၏။ ထိုထုတ်ဖော်လာသည့်အော်ရာများသည် ယုစီနန်၏ အားအင်ထက် မည်သို့မှ အားမနည်းလှချေ။
ခဏလောက် ကြာပြီးသည့်နောက် ဂုဏ်သိက္ခာထည်ဝါလွန်းလှသော အဘိုးအိုဆယ်ယောက်တို့သည် မတူညီသည့် ဝတ်စား ဆင်ယင်မှု ပုံစံအမျိုးမျိုးဖြင့် ကြီးမားလှသည့် သံမဏိဂိတ်တံခါးကြီး၏ အပြင်ဘက်တွင် ပေါ်လာကြ၏။ ၎င်းတို့၏ မျက်လုံးများသည် စူးရှလွန်းလှ၏။
“အားကောင်းလိုက်တာ”
ယုစီနန်သည် ရုတ်တရက် တုန်လှုပ်သွားမိတော့၏။ ဤလူများ၏ အားအင်အဆင့်သည် မည်မျှဖြစ်သည်ကို သူမသိရှိချေ။ သို့ပေမဲ့ အစစ်အမှန် ရှာဖွေခြင်းအဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိနေမည်မှာ သေချာသည်။
ဆွစ် ဆွစ်
ထိုအချိန်မှာပဲ အလင်းတန်းနှစ်ခုသည် အမြန်ဆုံးနှုန်းဖြင့် ပျံသန်းရောက်ရှိလာခဲ့၏။
“ကြီးမြတ်သူတုံးကု၊ မာဆာတိုကီတာနို”
အဖြူရောင်ဆံပင်နှင့် အဘိုးအိုသည် ပေါ့ပေါ့ပါးပါး လှမ်းကာပြောလိုက်သည်။ “ခင်ဗျားတို့ ဘာလို့ ဒီကိုရောက်လာတာလဲ”
ယုစီနန်သည် တုန်လှုပ်သွားမိ၏။
“ဘာ”
ကြီးမြတ်သူတုံးကုသည် မကျေမနပ်ဖြင့် လှမ်းကာ ပြောလိုက်သည် “ဒါက အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းရဲ့ တည်နေရာမလို့ ဒါကြောင့် ကျုပ်တို့လို လွတ်လပ်တဲ့ ကျင့်ကြံသူတွေ စိတ်ရှိတဲ့အတိုင်း သွားလာခွင့် မရှိဘူးလို့ ဆိုလိုချင်တာလား”
“အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းလား”
ယုစီနန်၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့၏။ ဤ ဆယ်ယောက်သည် အလွန်အားကောင်းလှသည်မှာ အံ့အားသင့်စရာတော့ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် မိုးကောင်းကင်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ စွမ်းအားမြင့် ကျင့်ကြံသူများ ဖြစ်လို့နေခဲ့၏။
ထိပ်တန်း တစ်ကိုယ်တော် ကျင့်ကြံသူများနှင့် မိုးကောင်းကင်ဂိုဏ်းကြီးများမှ စွမ်းအားမြင့်ကျင့်ကြံသူများ...
သေးငယ်လှသော နတ်ဆိုးမြို့လေး၏ အပြင်ဘက်တွင် ဤကဲ့သို့ စွမ်းအားမြင့် ကျင့်ကြံသူများ စုဝေးရောက်ရှိလာ ခဲ့တော့၏။ သို့ပေမဲ့ ဤအရာက အစသာ ဖြစ်သေး၏။ နောက်တစ်နာရီအတွင်းမှာပဲ တစ်လောကလုံးတွင် ရှိနေသော စွမ်းအားမြင့် ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကြ၏။
၎င်းတို့အားလုံး သည် တာအိုဂိုဏ်းများဆီမှ ဖြစ်ကြပြီး ၎င်းတို့၏ အားအင်အဆင့်သည် အစစ်အမှန် ရှာဖွေခြင်းအဆင့်တွင် ရှိနေကြသည်။
နယ်မြေဟောခန်းသည် ၎င်းတို့အား ဆက်သွယ်ခဲ့သည်လား။ မဟုတ်ပေ။
အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းသည် ၎င်းတို့အား ဆက်သွယ်ခဲ့ခြင်းပင်ဖြစ်၏။ နတ်ဆိုးရေစက်နယ်မြေကြီး သည် နတ်ဆိုးဘိုးဘေးအား ပြန်လည်ရှင်သန်စေနိုင်မည့် အရာမှန်း သူတို့သိရှိပြီးဖြစ်၏။
သို့ပေမဲ့ ဤအရာကြီးသည် ကောင်းကင်နှင့်မြေကြီး၏ မူလအရင်းအမြစ်နှင့် သက်ဆိုင်နေသည့်အရာ ဖြစ်သောကြောင့် ဖျက်ဆီး၍ မရနိုင်ခဲ့ချေ။ သို့ပေမဲ့ အပြင်ဘက်တွင် စောင့်နေပြီး နတ်ဆိုးဘိုးဘေး ထွက်ပေါ်လာသည်နှင့် သတ်ဖြတ်ရန် သူတို့က စီစဉ်ထားခဲ့သည်။
ယုစီနန်၏ မျက်နှာတစ်ခုလုံးသည် နဝေတိမ်တောင်နှင့် ဖြစ်တည်လာ၏။ စီနီယာအရ ပြောဆိုရမည်ဆိုလျှင် သူသည် အထက်နယ်မြေ၏ ဒုတိယမျိုးဆက်တွင် ပါဝင်၏။ ကြီးမြတ်သူတုံးကုနှင့် မိုးကောင်းကင်ဂိုဏ်းများမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် ပထမမျိုးဆက်တွင် ပါဝင်သည့်လူများဖြစ်ကြ၏။
ယခု နတ်ဆိုးဂိတ်တံခါး၏ အပြင်ဘက်တွင် ရှိနေသော စွမ်းအားမြင့် ကျင့်ကြံသူများအားလုံးသည် အထက်နယ်မြေ၏ ပထမမျိုးဆက် စွမ်းအားမြင့် ကျင့်ကြံသူများ ဖြစ်နေကြပြီး သူ့အနေနှင့် မည်သည့်ဂုဏ်သိက္ခာ၊ အားအင်မှ မရှိနေသလိုပင် ခံစားနေမိသည်။
ထိုသို့ဆိုရမည်ဆိုလျှင် ကြီးမြတ်သူတုံးကု၏ တပည့်တစ်ယောက်ဖြစ်သော ကျွင်းချောင်ရှောင်းသည် စွမ်းအားမြင့် ကျင့်ကြံသူများ၏ ဒုတိယမျိုးဆက်ဟု သတ်မှတ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် ယုစီနန်နှင့် တူညီသည့်မျိုးဆက်တွင် ရှိနေသည်ဟု ဆိုရမည်။ တစ်ဖက်လူအား အစ်ကိုကြီးဟု ခေါ်ဆိုခြင်းမှာ မှားယွင်းလှခြင်း မရှိချေ။
“အင်မော်တယ်ဂိုဏ်းတွေရဲ့ တည်နေရာ မဟုတ်ဘူးဆိုပေမဲ့ နတ်ဆိုးဘိုးဘေးက ပြန်ပြီး ရှင်သန်တော့မယ်လေ။ အပြင်လူတွေအနေနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာသွားသင့်တယ်” အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
“ဟမ့်”
မာဆာတိုကီတာနိုသည် နှာခေါင်းကို ရှုံ့ကာဖြင့် ပြောလိုက်၏။ “ကျုပ်တို့ ပြဿနာလာရှာမှာကို စိုးရိမ်နေ တာလား”
သူနှင့် ကြီးမြတ်သူတုံးကုတို့သည် အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် ပြဿနာဖြစ်ရမည်ကို စိုးရွံ့ သည်ဆိုသော်လည်း တစ်ဖက်လူများနှင့် ဆုံတွေ့လာမည်ဆိုပါက ကျိန်းသေပေါက် ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။ ကျင့်ကြံခြင်းအဆင့်အရဆိုလျှင် သူတို့သည် တစ်ဖက်လူများထက် မည်သို့မှ အားမနည်းလှချေ။ သူတို့ အားနည်း နေသည်မှာ လူအင်အား နည်းပါးနေခြင်းသာဖြစ်သည်။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဤရောင်းရင်းနှစ်ယောက်တို့သည် အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ ကျွမ်းကျင်သူများနှင့် ယှဉ်ပြိုင်နိုင်လောက်သည့် စွမ်းအင်ကို ပိုင်ဆိုင်သည်။ သို့ပေမဲ့ အဖွဲ့လိုက် တိုက်ခိုက်ရမည် ဆိုပါက သူတို့သည် အရေအတွက်များသောကြောင့် ရှုံးနိမ့်မှာ သေချာ၏။
ဆွစ် ဆွစ်
ခဏလောက်ကြာပြီးသည့်နောက် များပြားလှသော မွန်းစတားမျိုးနွယ်များမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် ပျံသန်းရောက်ရှိလာ၏။ ထိုအထဲတွင် မိုးကြိုးကြံ့မျိုးနွယ်၊ ရေခဲဖီးနစ်မျိုးနွယ်နှင့် တခြားသော မျိုးနွယ်များလည်း ပါဝင်နေ၏။ ယခင်တုန်းက နတ်ဆိုးကလန်အား ဖျက်ဆီးခဲ့သည့်လူများသည် မိုးကောင်းကင်ဂိုဏ်းကြီး ဆယ်ဂိုဏ်း တင်မဟုတ်ပေ။ များပြားလှသော မွန်းစတားမျိုးနွယ်များလည်း ပါဝင်လျက်ရှိ၏။ ထို့ကြောင့် နတ်ဆိုးဘိုးဘေး ပြန်လည်ရှင်သန်လာတော့မည့်အချိန်တွင် ၎င်းတို့အားလုံးသည် ငြိမ်ငြိမ်သက်သက် ထိုင်မနေနိုင်ခဲ့ကြချေ။
သားရဲဥများအတွက် များပြားလှသော သားရဲမျိုးနွယ်များသည် အင်မော်တယ်တောင်၏ထိပ်တွင် စုဝေးရောက်ရှိ ခဲ့ဖူးကြ၏။ ထိုမြင်ကွင်းသည် အလွန်ပင် အုတ်အော်သောင်းနင်း ဖြစ်စေခဲ့၏။ ရောက်ရှိလာသည့် လူစာရင်း ကလည်း အလွန်တရာ ပိုမိုအားကောင်းခဲ့၏။ အများစုသည် အမြူတေပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်လို့နေကြ၏။
သို့ပေမဲ့ ယခု ကြီးမားလွန်းလှသော နတ်ဆိုးဂိတ်တံခါး၏ အရှေ့တွင် စုဝေးနေကြသည့် မွန်းစတား ကလန်များမှ ကျင့်ကြံသူများမှာတော့ အစစ်အမှန် ရှာဖွေခြင်းအဆင့်တွင်ပင် တည်ရှိနေကြ၏။ ၎င်းတို့ထဲမှ တစ်ယောက်သည်ပင်လျှင် ကုန်းရှန့်အား လွယ်လွယ်ကူကူနှင့် အနိုင်ယူနိုင်စွမ်း ရှိနေသည်။
ယုစီနန်သည် လက်ရှိအခြေအနေတွင် ညီငယ်လေးတစ်ယောက်ကဲ့သို့ ဖြစ်တည်နေ၏။ ထို့ကြောင့် သူ၏ တည်နေရာ အတားအဆီးကြီးအား ပြန်လည်ရုတ်သိမ်းကာဖြင့် တွေးလိုက်မိ၏။ “ငါ နည်းနည်း သိမ်ငယ်သလိုတောင် ခံစားနေရတယ်။ ထားလိုက်တော့။ ထားလိုက်တော့”
သူသည် နတ်ဆိုးမြို့ထဲသို့ ပြန်လည် ဆင်းသက်ပြီးနောက် အခေါင်းကြီးကို ကျောပေါ်သို့တင်ကာဖြင့် အသုဘခန်းဆောင်မှ ဖမ်းဆီးထားသည့် လူများကို ဆွဲခေါ်ကာ ပြန်လည်ထွက်ခွာသွားခဲ့တော့သည်။ သူ့အနေနှင့် သူ့ကဲ့သို့သော အဆင့်ဖြင့် ဤတည်နေရာမျိုးတွင် ဝင်ရောက်တိုက်ခိုက်ရန် အရည်အချင်းမရှိချေ။
.........
နတ်ဆိုးရေစက်နယ်မြေ၏ အတွင်းဘက်….
ဆန်းကြယ်လှသည့် နန်းတော်ကြီးတစ်ခုအတွင်းတွင်တော့ ရောင်မုန့်ယဉ် သည် သေတ္တာကို အသာကိုင်ကာဖြင့် ပုလ္လင်ပေါ်တွင် ထိုင်လျက်ရှိနေ၏။ ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးတွင် ရှိနေသည့် နံရံနှင့် ကြမ်းခင်းများ အားလုံးတွင် ရှိနေသော အရေးအကြောင်းများသည် ပိုမိုကာဖြင့် ထင်ပေါ်လာခဲ့၏။
ကျွင်းချောင်ရှောင်းသည် ထိုအရာအား တားဆီးလိုက်ချင်၏။ သို့ပေမဲ့ နောက်ကျသွားပြီဖြစ်သည်။
ဗွက် ဗွက် …။
သွေးရေကန်ထဲတွင် ရှိနေသော နတ်ဆိုးသွေးများသည် ပြင်းပြင်းထန်ထန်နှင့် ဆူပွက်လျက် ရှိနေ၏။ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ရှိနေသော မျဉ်းကြောင်းများအတိုင်း ပုလ္လင်ဆီသို့ စီးဆင်းလျက် ရှိ၏။ ပြီးသည့်နောက် ချိတ်ဆက် ထားသည့်အတိုင်း ရောင်မုန့်ယဉ်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်နေ၏။ ရောင်မုန့်ယဉ်၏ မျက်ခုံးနှစ်ခုကြားတွင် ရှိနေသော လခြမ်းပုံသဏ္ဍာန်သည် ပိုမိုကာ လင်းလက်တောက်ပလာ၏။
ဝှစ် ဝှစ်
တစ်ချိန်တည်းမှာပဲ အမဲရောင်အလင်းတန်းများသည် ဝိညာဉ်များကဲ့သို့ နံရံများဆီမှ ထွက်ပေါ်လာပြီး သွေးကန် ထဲသို့ ခုန်ဆင်းလျက်ရှိနေ၏။ ပုလ္လင်၏အထက် တည်နေရာတွင် အနီရောင်အလင်းတန်းများသည် တဖြည်းဖြည်း ထင်ရှားကာဖြင့် ထွန်းလင်းတောက်ပလာခဲ့သည်။
“သွေးသည် ငါ၏ခန္ဓာ၊ ဝိညာဉ်သည် ငါ၏စိတ်”
လေးနက်သည့်အသံတစ်ခုသည် နန်းတော်တွင် ပေါ်ပေါက်လာ၏။ ထိုအရာသည် လီချင်းယန်နှင့် တခြားသော သူများ၏ သွေးကိုပင် ဆူပွက်စေ၏။
“အစ်ကိုကြီး”
ကုကျောင်းရှစ်က ထအော်လိုက်သည်။ “နတ်ဆိုးဘိုးဘေးက ဒီမိန်းကလေးရဲ့ ခန္ဓာကိုယ်ကို အသုံးပြုပြီး တော့ ပြန်လည်ရှင်သန်ချင်နေတာလား”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာဖြင့် အော်ဟစ်လိုက်သည်။ ပြီးနောက် သူသည် ရောင်မုန့်ယဉ်ဆီသို့ လှမ်းကာသွားခဲ့၏။ နတ်ဆိုးဘိုးဘေး ပြန်လည်ရှင်သန်လာမည်လား၊ မရှင်သန်လာဘူးလား ဆိုသည်ကို သူဂရုမစိုက်ချေ။ သို့ပေမဲ့ သူ့တပည့်၏ ခန္ဓာကိုယ်ကို အသုံးပြု၍ တစ်ဖက်လူသည် ပြန်လည်ရှင်သန်ရန် ပြုလုပ်နေသည်ကို မည်သို့မှ ခွင့်ပြုပေးလိမ့်မည် မဟုတ်ချေ။
ဆွစ်
ရှောင်ရှစ်နှင့် ရှောင်ဟော့တို့သည်လည်း သူ၏ဖေဖေရှေ့တွင် ရှိနေသော နတ်ဆိုးအော်ရာများ အားလုံးကို လျင်လျင်မြန်မြန်ဖြင့် ဖြေရှင်းလျက်ရှိနေ၏။
ကျွင်းချောင်ရှောင်းသည် ပုလ္လင်အနားသို့ ချဉ်းကပ်လာပြီးသည့်နောက် ရောင်မုန့်ယဉ်ကို အသာလှမ်းဆွဲကာဖြင့် အောက်သို့ ဆွဲချလိုက်၏။ သို့ပေမဲ့ သူ့အနေနှင့် ဤနေရာမှ ထွက်ခွာသွားရန် ပြင်လိုက်သည့်အချိန်မှာပဲ ကြီးမားလွန်းလှသော စုပ်ယူခြင်းစွမ်းအင်တစ်ခုသည် ရုတ်တရက် ထင်ပေါ်လာခဲ့သည်။
ဖောက်
ကုန်းရှန့်သည် မည်သို့မှ မရုန်းထွက်နိုင်တော့ချေ။ ထို့ကြောင့် ရုတ်တရက် ပုလ္လင်ပေါ်သို့ ရောက်ရှိသွားခဲ့၏။
ဆွစ် ဆွစ်
ထိုအချိန်မှာပဲ သွေးကန်ထဲရှိ နတ်ဆိုးသွေးများသည် အပြင်ဘက်သို့ ထွက်ပေါ်လာ၏။ ကြက်သွေးရောင်ကဲ့သို့ ဝိညာဉ်များသည် ကောင်းကင်ယံထက်တွင် စုဝေးလာပြီးနောက် အောက်သို့ တစ်ခုပြီးတစ်ခု ခုန်ဆင်းလာသည်။
“မဟုတ်ဘူး”
ကုကျောင်းရှစ်၏ အမူအရာသည် ချက်ချင်းပဲ ပြောင်းလဲသွား၏။ “အစ်ကိုကြီးကိုပါ သက်ရောက်ကုန်ပြီ”
“ဂိုဏ်းချုပ်”
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသော သူများသည် ထိတ်လန့်တကြားဖြင့် ထကာ အော်လိုက်၏။ သို့ပေမဲ့ နန်းတော်ထဲတွင် အသံတစ်ခုသည် ရုတ်တရက် ထင်ပေါ်လာခဲ့သည်။ “ဘာလို့ ငါ့ရဲ့ ပုလ္လင်ပေါ်မှာ လမ်းမှန်ကျင့်ကြံသူတစ်ယောက်က လာပြီးထိုင်နေရတာလဲ”