အခန်း (၁၄၆၉)
Vol. 99 Ch. 1469
အပြင်ဘက်လောကကြီးမှာတော့ မူလအားဖြင့် ခန့်ညားပြီး ထည်ဝါလွန်းလှသော သံမဏိဂိတ်တံခါးကြီးသည် နတ်ဆိုးချီများ၏ ထောက်ပံ့မှု လွတ်ကင်းသွားသည့်အချိန်မှာတော့ ၎င်းတံခါးကြီး၏ အပေါ်တွင် ရှိနေသော ပုံပန်း သွင်ပြင်များသည် တဖြည်းဖြည်းနှင့် မှေးမှိန်ပြီး အသက်ကင်းမဲ့လာခဲ့၏။
“ဘာကြောင့် လှုပ်ရှားမှု မရှိရတာလဲ”
“ကြည့်ရတာ နတ်ဆိုးဘိုးဘေးရဲ့ ပြန်လည်ရှင်သန်မှုက ကျရှုံးသွားပြီနဲ့တူတယ်”
“ဒါဆိုရင် အကောင်းဆုံးပေါ့။ ဒါက အကောင်းဆုံးပဲ”
အားလုံးသောသူတို့သည် ဆွေးနွေးလျက် ရှိနေကြ၏။ ထိုအချိန်မှာပဲ ကြီးမားလှသည့် သံမဏိဂိတ်တံခါးကြီးသည် ရုတ်တရက် တုန်ခါလာခဲ့ပြီး အောက်ခြေမှ ဖြည်းညှင်းစွာ ပွင့်လာခဲ့၏။
“တံခါးပွင့်လာပြီပဲ”
များပြားလှသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများနှင့် မွန်းစတား မျိုးနွယ်များ အားလုံးသည် သတိအနေအထားဖြင့် ဖြစ်သွားခဲ့ကြ၏။ ၎င်းတို့သည် စွမ်းအင်အမျိုးအစားအစုံကို စုစည်း၍ အသင့်အနေအထား ပြင်ဆင်ထားကြ၏။ အထဲမှ မည်သည့်အရာ ထွက်လာမည်ကို သူတို့ မသိကြချေ။ သို့ပေမဲ့ နတ်ဆိုးဘိုးဘေး သည်သာ ပြန်လည်ရှင်သန်လာမည်ဆိုပါက ၎င်းတို့အနေဖြင့် ကြမ်းတမ်းလှသည့်တိုက်ပွဲကို တိုက်ခိုက်ရန် ပြင်ဆင် ထားခဲ့ကြသည်။
ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့သည်လည်း လေးနက်လျက် ရှိနေကြ၏။ လက်ရှိအချိန်မှာတော့ ၎င်းတို့၏ အထင်တွင် အထဲမှ တံခါးကြီး ပွင့်လာသည်နှင့်တပြိုင်နက် ဘေးအန္တရာယ်ကပ်ဘေးကြီးသည် ကျဆင်း လာတော့မည်ဟု တွေးထင်ထားခဲ့ကြ၏။
ဝှစ် ဝှစ် ဝှစ် ….။
ထိုတံခါးအက်ကွဲကြောင်းဆီမှ နတ်ဆိုးအော်ရာများသည် အပြင်ဘက်ဆီသို့ ထွက်ပေါ်လာ၏။ တိုက်ပွဲတိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိနေသည့် ကျွမ်းကျင်သူများ၏ မျက်လုံးထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ ဤလွတ်လပ်သော နယ်မြေသည် နတ်ဆိုးဘိုးဘေးကြီး ဖန်တီးခဲ့ခြင်း ဖြစ်သောကြောင့် အလွန်အားကောင်း လှသော နတ်ဆိုးအော်ရာများ ရှိရမှာဖြစ်၏။ အဘယ်ကြောင့် ယခုထွက်ပေါ်လာသော အော်ရာများသည် သာမန်ဆန်နေရသနည်း။
အဘယ်ကြောင့်ဆိုသော် ဤနတ်ဆိုးအော်ရာများသည် အလုံးစုံသန့်စင်ခြင်းကို ခံထားရ သောကြောင့်ပင်။
ဘုန်း
ထိုအချိန်မှာတော့ ကြီးမားလှသော သံမဏိဂိတ်တံခါးကြီးသည် ရုတ်တရက် အလုံးစုံ ပွင့်သွားခဲ့၏။ များပြားလှသော ဂိုဏ်းများနှင့် မွန်းစတားကလန်များဆီမှ ကျွမ်းကျင်သူများ အားလုံးသည် အနီးအနားတွင် စုဝေးလျက် ရှိနေကြပြီး ရုတ်တရက် စိုးရွံ့လာမိကြ၏။
သို့ပေမဲ့ အရင်ဆုံး ထွက်ပေါ်လာသည်မှာ ကျွင်းချောင်ရှောင်းနှင့် သူ၏တပည့်များပင် ဖြစ်နေသည်။
ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ အားလုံးသောသူများ၏ အမူအရာများသည် အေးခဲသွား၏။ အချိန်တို အတွင်းတွင် ၎င်းတို့သည် များပြားလှသည့် ဖြစ်နိုင်ချေနှုန်းထားများကို တွေးထားခဲ့ကြ၏။ သို့ပေမဲ့ သာမန်ကျင့်ကြံသူများသည် ပေါ့ပေါ့ပါးပါးဖြင့် အရင်ဆုံး လှမ်းလျှောက်ထွက်လာလိမ့်မည်ဟု သူတို့တစ်ခါမှ မထင်ခဲ့ဖူးချေ။
“တပည့်” ကြီးမြတ်သူတုံးကုသည် ပျော်ရွှင်စွာဖြင့် အော်လိုက်၏။
နတ်ဆိုးရေစက်နယ်မြေထဲမှ လှမ်းလျှောက်ထွက်လာသော ကျွင်းချောင်ရှောင်းသည် ရုတ်တရက် အံ့အားသင့် သွားသည်။ “ဆရာ ဘာလို့ ဒီနေရာကို ရောက်နေတာလဲ”
“မင်းကြောင့်ပေါ့”
ကြီးမြတ်သူတုံးကုသည် ရုတ်တရက် ထအော်လိုက်၏။ “နေအုံး... ဒီကောင့်ရဲ့ အသားအရည်က တစ်ခုခု မှားယွင်းနေတာပဲ”
ကြီးမြတ်သူတုံးကုသည် တစ်စုံတစ်ခုကို တွေးတောလိုက်မိ၏။ ထို့ကြောင့် ထိတ်လန့် တုန်လှုပ်သွားမိသည်။ “ကျောက်ရုပ်တုကလန်လား”
ဤကလန်သည် သတ်ဖြတ်မှုစွမ်းအင် အားအကောင်းဆုံးသော ကလန်ကြီးသုံးခုထဲမှ တစ်ခုဖြစ်ပြီး ထိုအရာ သက်ဝင်သွားသည်ဆိုသည်နှင့် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ကျောက် ကဲ့သို့သော ပုံပန်းသွင်ပြင်မျိုး ဖြစ်တည်လာခဲ့၏။
များပြားလှသော ဂိုဏ်းများမှ ကျွမ်းကျင်သူများသည်လည်း အံ့အားတသင့်ဖြင့် ကြည့်ရှုလျက် ရှိနေ၏။ သာမန် ကျင့်ကြံသူတစ်ယောက်သည် နတ်ဆိုးရေစက် နယ်မြေထဲမှ လှမ်းလျှောက်ထွက်လာခြင်းဆိုသည်မှာ အလွန် ထူးဆန်းနေလှပြီဖြစ်၏။ သို့ပေမဲ့ အဘယ်ကြောင့် ကျောက်ရုပ်တုမျိုးနွယ်ကလန် ရောက်ရှိလာရ သနည်း။ ထို့အပြင် ကြီးမြတ်သူတုံးကု၏ တပည့်လည်း ဖြစ်လို့နေသေးသည်။
ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သည် ကြီးမြတ်သူတုံးကု၏ တပည့် ဖြစ်နေသည် မဟုတ်ပါလား။ အောက်နယ်မြေဆီမှ အထက်နယ်မြေဆီသို့ အတင်းထိုးတက်လာခဲ့သည့် လူငယ်လေးသည် ကျောက်ရုပ်တုမျိုးနွယ်ကလန်ဆီမှ ဖြစ်နေသည်လား။ များပြားလှသော သတင်းအချက်အလက်များကြောင့် ရှိရှိနေသမျှသော လူများအားလုံးသည် နဝေတိမ်တောင်နှင့် ဖြစ်မိနေကြ၏။
သို့ပေမဲ့ ဤအရာသည် အဓိက အချက်တော့ မဟုတ်ပေ။ အဓိကအချက်မှာ များပြားလှသော သာမန်ကျင့်ကြံသူများ ၏အလယ်တွင် တည်ရှိနေသော မိန်းကလေးငယ်လေးပင်ဖြစ်၏။ သူမသည် သာမန်နတ်ဆိုး ကျင့်ကြံသူများနှင့် ခြားနားလျက်ရှိနေသည့် အော်ရာမျိုးကို ထုတ်ဖော်လျက် ရှိနေ၏။ ထို့ကြောင့် အားလုံးသောသူတို့သည် မျက်မှောင် ကုတ်မိသွားကြသည်။
“တစ်စုံတစ်ခုကတော့ မဟုတ်သေးဘူး” မာဆာတိုကီတာနိုသည် အေးစက်စက် ပြောလိုက်၏။
ကြီးမြတ်သူတုံးကုသည်လည်း ရောင်မုန့်ယဉ်ကို ကြည့်ရှုလိုက်၏။ ပြီးနောက် တွေးလိုက်မိသည်။ ဒီကောင်မလေး ရဲ့နတ်ဆိုးချီတွေက ပိုပြီး ထူးဆန်းနေတယ်။ ဖြစ်နိုင်တာက သူမက နတ်ဆိုးရေစက်နယ်မြေထဲမှာရှိတဲ့ အမွေအနှစ် ကို ဆက်ခံခဲ့တာလား မသိဘူး။
“သန္ဓေနတ်ဆိုးသူတော်စင် ခန္ဓာကိုယ်”
အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲတစ်ယောက်သည် ခဏလောက် စဉ်းစား ပြီးနောက် ပြောလိုက်သည်။ “ဒီကောင်မလေးက နတ်ဆိုးဘိုးဘေးရဲ့ ခန္ဓာကိုယ်ကို အမွေဆက်ခံခဲ့တာပဲ”
ဟူး ဟူး ဟူး
ချက်ချင်းပဲ တခြားသော အင်မော်တယ်ဂိုဏ်းများမှ ကျင့်ကြံသူများသည်လည်း ၎င်းတို့၏ ကျင့်ကြံဆင့်များကို ထုတ်ဖော်ကာ သတိအပြည့်ဖြင့် ရောင်မုန့်ယဉ်ကို စူးစိုက်ကြည့်လျက်ရှိ၏။ နတ်ဆိုးဘိုးဘေးကြီးသည် ပြန်လည် ရှင်သန်လာသလားဆိုသည်ကို သူတို့ မသိချေ။ သို့ပေမဲ့ ၎င်း၏ ခန္ဓာကိုယ်အား တစ်စုံတစ်ယောက်သည် အမွေအနှစ် အဖြစ် ဆက်ခံရယူခဲ့၏။ ထို့ကြောင့် ကြီးမားလှသည့် အန္တရာယ်ပေးနိုင်မှုအဖြစ်ကတော့ တည်ရှိနေသေး၏။ ၎င်းတို့ အနေဖြင့် ထိုအရာကို ကျူပင်ခုတ်၊ ကျူငုတ်ပါမကျန် ရှင်းလင်းပစ်မှ ဖြစ်ပေလိမ့်မည်။
“ငါတို့က ဒုက္ခရောက်ပြီပဲ”
ကုကျောင်းရှစ်သည် စိတ်ဓာတ်တကျနှင့် ဖြစ်မိနေ၏။ အစစ်အမှန် ရှာဖွေခြင်းအဆင့် ကျွမ်းကျင်သူများသည် အလွန်များပြားစွာ တည်ရှိနေ၏။ အကယ်၍ သူတို့သာ တိုက်ခိုက်သည်ဆိုပါက အကျိုးဆက်သည် ခန့်မှန်း၍မရသည့် အခြေအနေဆီသို့ ရောက်ရှိသွားနိုင်၏။ နတ်ဆိုးရေစက်နယ်မြေထဲမှ လုံလုံခြုံခြုံနှင့် ထွက်ခွာလာခဲ့ပြီးသည့်နောက် အရာအားလုံး ပြီးဆုံးသွားပြီဟု သူက တွေးထင်ခဲ့၏။ သို့ပေမဲ့ မထင်မှတ်ထားသည်မှာ ပိုမိုကြီးမားလှသည့် ပြဿနာကြီးသည် အပြင်ဘက်တွင် စောင့်မျှော်နေခြင်းပင်။
များပြားလှသော ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများသည် တပြိုင်နက်တည်းမှာပဲ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့် များကို ထုတ်ဖော်လိုက်၏။ ထိတွေ့ကိုင်တွယ်၍ မရနိုင်သည့်အော်ရာများသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်း သွားခဲ့၏။
လီချင်းယန်နှင့် တခြားသောသူများသည် အသက်ရှူရန်ပင် ခက်ခဲသွားခဲ့ကြ၏။ သူတို့အနေနှင့် ယခုမှ အမြူတေ အသွင်ပြောင်းလဲခြင်း ပထမအဆင့်သာ တည်ရှိနေသေး၏။ အဘယ်သို့သော အစွမ်းအစနှင့် အစစ်အမှန် ရှာဖွေခြင်း ကျွမ်းကျင်သူများကို ရင်ဆိုင်နိုင်မည်နည်း။
“အစ်ကိုကြီး”
ကုကျောင်းရှစ်သည် အသံပို့လွှတ်လိုက်တော့၏။ “နောင်ဘဝမှာ ကျုပ်ကိုက သေဖော်ရှင်ဖက် ညီအစ်ကိုတွေပဲ လုပ်ကြရအောင်”
သူ့အနေနှင့် သေဆုံးရန် ပြင်ဆင်ထားခဲ့ပြီးဖြစ်၏။ ပြန်လည်မွေးဖွားရန်ပင် ပြင်ဆင်ထားပြီး ဖြစ်၏။ သူသည် ပြန်လည်မွေးဖွားနိုင်သော စိတ်ဝိညာဉ်ကို ပိုင်ဆိုင်သည် ဖြစ်သောကြောင့် အချိန်မရွေး ပြန်လည်ကာ မွေးဖွားနိုင်စွမ်းရှိ၏။ သို့ပေမဲ့ သူ၏အစ်ကိုကြီးမှာတော့....
“မင်းဘာလုပ်ချင်လို့လဲ”
အလုံးစုံ ကျောက်ရုပ်တုကလန်၏ စွမ်းအင်များကို အသက်ဝင်လျက်ရှိနေသေးသည့် ကျွင်းချောင်ရှောင်း၏ စကားလုံးများသည် အေးစက်လျက် ရှိနေ၏။ ဤကဲ့သို့သော ပုံပန်းသွင်ပြင်မျိုးသည် အဆုံးထိ ဖြစ်တည်သွားမည်ဆိုပါက ကုန်းရှန့်ဆိုသည့် ဇာတ်ကောင်သည် အလုံးစုံ ပျောက်ကွယ်သွားနိုင်စွမ်း ရှိ၏။
“ကောင်လေး”
အင်မော်တယ်အဆင့်ဂိုဏ်းမှ ကျွမ်းကျင်သူတစ်ယောက်က ပြောလိုက်သည်။ “မင်းနောက်မှာ ရှိနေတဲ့ ကောင်မလေး က နတ်ဆိုးဘိုးဘေးရဲ့ ခန္ဓာကိုယ်ကို အမွေဆက်ခံခဲ့တာပဲ။ ဒီတော့ သူမက အထက်နယ်မြေတစ်ခုလုံးကို ကြီးမားတဲ့ ဘေးအန္တရာယ်တွေကို သယ်ဆောင်လာနိုင်လိမ့်မယ်”
“အဲဒီတော့ ….”
“သူမကို သတ်လိုက်လေ။ ဒါဆိုရင် ဘေးအန္တရာယ်တွေ အကုန်လုံး အဆုံးသတ်သွားလိမ့်မယ်”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်သွား၏။ သူက ပြောလိုက်၏။ “ကျုပ်တပည့်ကို ထိခိုက်နာကျင် အောင်ပြုလုပ်တဲ့ ဘယ်သူ့ကိုမဆို ကျုပ်က သူ့ရဲ့အရိုးတွေကို တဖြောင်းဖြောင်းနဲ့ ချိုးပစ်မယ်”
“.......”
ကုကျောင်းရှစ်သည် ဆွံ့အသွားမိ၏။ လက်ရှိအခြေအနေတွင် များပြားလွန်းလှသော အစစ်အမှန်ရှာဖွေခြင်း ကျွမ်းကျင်သူများ တည်ရှိနေ၏။ ၎င်းတို့၏ အော်ရာသီးသန့်နှင့်ပင် သူတို့အား ချုပ်နှောင်နိုင်စွမ်း ရှိနေကြ၏။ သို့ပေမဲ့ သူ၏အစ်ကိုကြီးသည် ဤကဲ့သို့ မောက်မာလှသော စကားလုံးများကို ထုတ်ဖော်ပြောဆိုလျက် ရှိနေသေး၏။ အံ့အားသင့်စရာ ကောင်းလှချေသည်။
အင်မော်တယ်အဆင့်ဂိုဏ်းမှ ကျွမ်းကျင်သူသည် တည်ကြည်သော မျက်နှာအနေအထားဖြင့် ပြောလိုက်၏။ “ကြီးမြတ်သူတုံးကု… ခင်ဗျားတပည့်က နတ်ဆိုးတွေကို ကူညီကာကွယ်ပေးတော့မှာလား”
“ဟမ့်”
ကြီးမြတ်သူတုံးကုက ပြောလိုက်သည်။ “ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်အနေနဲ့ သူ့ရဲ့တပည့်ကို ကာကွယ်ပေး တယ်ဆိုတာ မှားယွင်းလို့လား”
လက်ရှိအခြေအနေမှာတော့ သူနှင့် မာဆာတိုကီတာနိုတို့သည် တည်နေရာ ပြောင်းလဲသွားခဲ့ကြပြီဖြစ်၏။ သူတို့ သည် ကျွင်းချောင်ရှောင်း၏ အရှေ့တွင် မတ်မတ်ရပ်လျက်ရှိနေပြီး သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်ကာ အတားအဆီးတစ်ခုအဖြစ် ဖန်တီးထားခဲ့၏။ တစ်ဖက်ဆီမှ ကျဆင်းလာခဲ့သည့် အော်ရာများ အားလုံးကို သူတို့သည် တားဆီးပေးထား၏။
ဟုတ်ပေသည်။ ဂိုဏ်းချုပ်တစ်ယောက်သည် သူ၏တပည့်ကို ကာကွယ်ပေးရမည်ဖြစ်သလို ဆရာတစ်ယောက်သည် လည်း သူ၏တပည့်ကို ကာကွယ်ပေးရမှာဖြစ်၏။ ထိုမှသာလျှင် ဆရာဆိုသည့်အဓိပ္ပာယ်သည် ပိုမိုကာ အဓိပ္ပာယ် ပြည့်ဝမည်ဖြစ်သည်။
ဆိုရိုးစကားတစ်ခုကရှိ၏။ တူညီသည့်သူများသည်သာ တူညီသည့်နေရာတွင် နေထိုင်ခွင့် ရှိကြသည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းတွင် ဤကဲ့သို့သော ဆရာတစ်ယောက် ရှိနေသည်ဆိုသည်မှာ အံ့အား သင့်စရာတော့ မဟုတ်တော့ချေ။ သူသည်လည်း ဤကဲ့သို့သော လူမျိုးဖြစ်နေသောကြောင့်ပင်။
“အင်း”
မာဆာတိုကီတာနိုသည် သက်ပြင်းချလိုက်၏။ သူ၏ရောင်းရင်းသည် တပည့်အတွက်နှင့် အင်မော်တယ် အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် စီစဉ်လျက်ရှိ၏။ မိတ်ဆွေရောင်းရင်းတစ်ယောက် အနေဖြင့် သူသည် ထိုအရာကို ငြင်းပယ်၍ မရနိုင်ခဲ့ချေ။ ငြင်းလည်း ငြင်းပယ်မည် မဟုတ်ချေ။
စကားအနည်းငယ်အတွင်းမှာပဲ သူသည် ဤဂိုဏ်းအပေါ်ထားသည် ခံစားချက်များကို ထုတ်ဖော်ပြသခဲ့ပြီးဖြစ်၏။ ထို့အပြင် ဆရာနှင့်တပည့် ပတ်သက်မှု၊ သူငယ်ချင်း ရောင်းရင်းများကြားတွင် ရှိသော ပတ်သက်မှု ထိုအရာများ အားလုံးသည် ခိုင်မြဲလွန်းလှချေသည်။
........
ရောင်မုန့်ယဉ်သည် သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို အမွေဆက်ခံပြီးပြီဖြစ်ကြောင်း အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းလုံးက သိရှိခဲ့ကြ၏။ ဤအရာသည် ကျွင်းချောင်ရှောင်းအတွက် အကြီးမားဆုံးသော ပြဿနာ ကြီးတစ်ခုပင် ဖြစ်တော့သည်။ ယခင်သားရဲဥ၏ ပြဿနာထက် မသေးကွေးလှချေ။
သံသယရှိစရာ မလိုချေ။ လက်ရှိအခြေအနေမှာ ကြီးမြတ်သူတုံးကုသည် ပြဿနာများကို ဝင်ရောက်ကာ ခေါင်းခံလျက် ရှိနေပြန်၏။ သူသည် လက်ရှိအခြေအနေမှာတော့ ပြဿနာများကို လိုလိုချင်ချင်နှင့် ခေါင်းခံရုံသာမက သူ၏တပည့်အား အဆုံးစွန်အထိ ကာကွယ်ရန်လည်း စဉ်းစားထားသေးသည်။
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများအားလုံး၏ မျက်နှာများသည် မဲမှောင် သွားခဲ့၏။
“ကြီးမြတ်သူတုံးကု”
စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် လေးလေးနက်နက် ပြောလိုက်သည်။ “ဒီမိန်းကလေးက သန္ဓေနတ်ဆိုး ခန္ဓာကိုယ်ကို အမွေဆက်ခံခဲ့တဲ့ လူတစ်ယောက်ပဲ။ သူသာ အရွယ်ရောက်သွားမယ် ဆိုရင် လောကကြီးတစ်ခုလုံးကို ကြီးမားတဲ့ ကပ်ဘေးကြီးအဖြစ် သယ်ဆောင်လာလိမ့်မယ်။ ခင်ဗျားနဲ့ မာဆာတိုကီတာနို တို့က နတ်ဆိုးတွေကို ကူညီနေကြတာလား”
“လောကကြီးတစ်ခုလုံးကို ကပ်ဘေးကြီးရောက်လာမယ်။ ကပ်ဘေးသင့်စေမယ်ဆိုတာ ခင်ဗျားရဲ့ပါးစပ်က ထွက်လာတဲ့ ခင်ဗျားရဲ့စကားပဲလေ။ အနာဂတ်ကို ခန့်မှန်းနိုင်တဲ့ စွမ်းရည်မျိုး ခင်ဗျားမှာ ရှိနေတယ်လို့ ထင်လို့လား” ကြီးမြတ်သူတုံးကုသည် ပေါ့ပေါ့ပါးပါးဖြင့် ပြန်မေးလိုက်၏။
မာဆာတိုကီတာနို ကပြောလိုက်သည်။ “နတ်ဆိုးရေစက် နယ်မြေဆိုတာက ကောင်းကင်နဲ့မြေကြီးရဲ့ မူလနဲ့ သက်ဆိုင် နေတဲ့အရာပဲလေ။ ဆိုလိုတာ ကောင်းကင်ရဲ့တာအိုက အသိအမှတ်ပြုထားရဲ့ အရာပဲ။ အခု နတ်ဆိုးဘိုးဘေးရဲ့ ခန္ဓာကိုယ်ကို သူမ လက်ခံရရှိသွားပြီးဆိုတာက ကောင်းကင်တာအိုက ချမှတ်ထားတဲ့ ကိစ္စရပ်တစ်ခုလည်း ဖြစ်နိုင်တယ် မဟုတ်လား။ ဘာလို့ ခင်ဗျားတို့က ဒီကိစ္စကို အတင်းကြီး တွန်းအားပေးနေရတာလဲ”
“ဟမ့်”
အင်မော်တယ်ဂိုဏ်းဆီမှ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “နတ်ဆိုးဘိုးဘေးက အသက်ရှင်စဉ်တုန်းက နတ်ဘုရားလျှို့ဝှက်နယ်မြေအဆင့်ကို ရောက်ရှိခဲ့တာလေ။ ဒီတော့ သူ့အနေနဲ့ ကောင်းကင်ရဲ့တာအိုကို ငြင်းပယ်နိုင်စွမ်း ရှိနေတာ မဟုတ်ဘူးလား”
“ဟား ဟား ဟား ဟား”
ကြီးမြတ်သူတုံးကုသည် ရယ်မောကာ ပြောလိုက်၏။ “တကယ်လို့ အဲလူကသာ နတ်ဘုရား လျှို့ဝှက်နယ်မြေ တတိယအဆင့်ကို ချိုးဖြတ်ရောက်ရှိမယ်ဆိုရင် ခင်ဗျားတို့တွေအနေနဲ့ နတ်ဆိုးဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးနိုင်မယ်လို့ ထင်နေလို့လား။ လက်ရှိအခြေအနေမှာ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ခုက တည်ရှိ နေနိုင်အုံးမယ်လို့ ထင်နေတာလား”
တဖက်လူ၏ စကားများကို ကြားလိုက်ရသည့်အချိန်မှာတော့ နတ်ဆိုးဘိုးဘေးသည် အသက်ရှိစဉ်က နတ်ဘုရား လျှို့ဝှက်နယ်မြေတတိယအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့သည် မဟုတ်ကြောင်း ကုကျောင်းရှစ် ကောင်းကောင်း နားလည်သွားမိ၏။ မဟုတ်ပါက အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းသည် ဤတည်နေရာတွင် တည်ရှိနေ လိမ့်မည် မဟုတ်တော့ချေ။
“လိုရင်းကို ပြောရအောင်... ဒီနတ်ဆိုးတွေက သေကိုသေရမယ်။ ဘယ်သူမှ သူမကို ကာကွယ်ပေးလို့မရဘူး” အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့သည့် စိတ်ပိုင်းဖြတ်လိုက်ကြတော့၏။ ၎င်းတို့အားလုံးသည် နတ်ဆိုး ဘိုးဘေးခန္ဓာကိုယ်ကို အမွေဆက်ခံသည့်လူအား ရှင်းလင်းပစ်ရန် စဉ်းစားဆုံးဖြတ်လိုက်ကြ၏။
ဟုတ်ပေသည်။ ဤကဲ့သို့သော ကိစ္စရပ်များသည် သူတို့အတွက်ပင် သူတို့ ပြုလုပ်ခဲ့သည့်အရာမျိုး မဟုတ်ပေ။ တစ်လောကလုံးအား တည်ငြိမ်အေးချမ်းစေရန် ပြုလုပ်ချင်သည့် ရည်ရွယ်ချက်သာရှိသည်။
သို့ပေမဲ့ သူတို့ပြုလုပ်မည်ဆိုခြင်းကို တစ်လောကလုံးက လက်ခံနိုင်ပါ့မလား ဆိုသည်ကလည်း တည်ရှိနေသေးသည်။ ထို့ကြောင့် အင်မော်တယ်ဂိုဏ်းမှ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် များပြားလှသော မွန်းစတား ကလန်နှင့် အဓိက ဂိုဏ်းများအားလုံးကို လှမ်းကြည့်ကာ ပြောလိုက်၏။
“အားလုံးပဲ။ မဲပေးကြရအောင်”
“ကျုပ်ထင်တာတော့ နတ်ဆိုးဘိုးဘေးက ပြန်ပြီး မရှင်သန်လာသေးဘူး။ ဒီတော့ ပြဿနာကြီးမှာ မဟုတ်ဘူး။ ဒီတော့ ကောင်မလေးကို ခက်ခဲအောင် မလုပ်တာ ပိုကောင်းမယ်”
“အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ကိစ္စရပ်တွေ အများကြီး တည်ရှိနေတာပဲ။ ဒီတော့ ကိုယ့်သဘောနဲ့ကိုယ် ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာ မသုံးသပ်တာ ပိုကောင်းမယ်”
“ဂိုဏ်းချုပ်ကျွင်းရဲ့ အမူအကျင့်ကို ကျုပ်တို့နတ်ဘုရားခရီးနှင်သူကလန်က ကောင်းကောင်းသိတာပေါ့။ တကယ်လို့ ဒီကောင်မလေးကသာ အနာဂတ်မှာ ကြောက်မက်ဖွယ်ရာကောင်းလှတဲ့ နတ်ဆိုးဖြစ်လာမယ်ဆိုရင်တောင်မှ ဂိုဏ်းချုပ်ကျွင်းရဲ့ သင်ကြားပြသမှုအောက်မှာ သူမက လုံးဝကို အသွင်ပြောင်းလဲသွားမှာ သေချာတယ်”