အခန်း (၁၄၇၂)
Vol. 99 Ch. 1472
လှပလွန်းသော တောနက်တစ်ခုတည်းမှာတော့ ကျွင်းချောင်ရှောင်းသည် ကျောက်တုံးကြီးတစ်ခုပေါ်တွင် တစ်ယောက်တည်း ထိုင်လျက်ရှိ၏။ အဝေးက ကြည့်ရှုလိုက်သည်ဆိုသည်နှင့် သူသည် သင်္ချိုင်းကုန်းသို့ ခြေတစ်ဖက် လှမ်းလျက်ရှိနေသော အဘိုးအိုကြီးတစ်ယောက်ကဲ့သို့ စိတ်ဓာတ်တကျဖြစ်နေသည့် ပုံပန်းသွင်ပြင်မျိုးပင်။
သူ၏ အမျိုးအစားသုံးခုစီမှ အမှတ်များသည် အလုံးစုံ ပြောင်သလင်းခါသွားခဲ့၏။ ဤအရာသည် သူ့အား ကြီးကြီးမားမား ထိခိုက်စေခဲ့၏။ နတ်ဆိုးမြို့ထဲမှ ထွက်ခွာခဲ့သည့်မှာ ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သူသည် စိတ်ပိုင်းဆိုင်ရာအရ အလုံးစုံပြိုလဲလျက်ရှိနေ၏။ ယနေ့ခေတ်ကြီးတွင် ဤကဲ့သို့သော အမှတ်များကို ရှာဖွေရန် လွယ်ကူလှသည်မဟုတ်ချေ။ မျက်စိတစ်မှိတ်ချင်း ထိုအရာတွေအားလုံး ပြောင်သလင်းခါသွားသည်ကို သိရှိသွားပြီး သည့်နောက် သူသည် အမှန်ပင် စိတ်ဓာတ်ကျလျက်ရှိနေ၏။
“ဒုတိယစီနီယာအစ်ကို”
ရောင်မုန့်ယဉ်သည် ကြက်တောင်ပံကင်တစ်ခုအား အသာကိုက်ဝါးပြီးနောက် ပါးစပ်တွင် ပေနေသော ဆီများကို သုတ်ကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်က မစားမသောက်ဘဲ နေတာ ရက်အနည်းငယ်ကြာနေပြီ။ သူပိန်သွားမှာတောင် စိုးရိမ်ရတယ်။”
“စီၤနီယာအစ်ကို သူ့ကိုစကားသွားပြောမလား။” စုရှောင်မိုက မေးလိုက်၏။
“မင်း သွားပါလား။”
“သွားတာပေါ့။”
စုရှောင်မိုသည် အရှေ့ဆီသို့ အသာလှမ်းသွားလိုက်၏။ သို့ပေမဲ့ သူဘာမှမပြောလိုက်ရပေ။ အနားသို့ ကပ်လာသည့် အချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ရုတ်တရက်လှည့်ကာဖြင့် စုရှောင်မို၏ လည်ပင်းကို လှမ်းကာညှစ်လိုက်၏။ ပြီးနောက် အော်ဟစ်လိုက်သည်။ “ငါမင်းကို သတ်မယ်။”
သူသည် တကယ်ပင် စိတ်ဓာတ်ကျလျက်ရှိနေ၏။ မြင်မြင်သမျှ လူတိုင်းအားလုံးအား စနစ်ဟု ထင်မှတ်လျက်ရှိနေ၏။
“ဂိုဏ်း.. ဂိုဏ်းချုပ် ကျုပ်..ကျုပ်ပါ။”
စုရှောင်မို၏ အလောတကြီး အော်ဟစ်သံကို ကြားရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရုတ်တရက် သတိ ပြန်ဝင်သွား၏။ ထို့ကြောင့် စုရှောင်မိုအား ခပ်ဝေးဝေးဆီသို့ ကန်ထုတ်လိုက်တော့၏။ ပြီးနောက် ကျောက်တုံးကြီးတစ်ခု ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာဖြင့် မျက်နှာကို အုပ်ကာလျက် အော်ဟစ်လျက်ရှိသည်။ “ငါ့ရဲ့အမှတ်တွေ။ ငါ့ရဲ့အမှတ်တွေ ကုန်ပြီ။”
“အင်း”
စနစ်သည် သက်ပြင်းချလိုက်မိ၏။ “လက်ခံသူကို ဒီလိုကြီးကြီးမားမား ထိခိုက်စေမယ်ဆိုတာကို သိရင် ငါလုံးဝကပ်ဘေးဖြေရှင်းခြင်းလုပ်ဆောင်မှုကို အသက်သွင်းခဲ့မှာမဟုတ်ဘူး။”
“အဲလုပ်ဆောင်မှုအကြောင်းကို ငါ့ကို မပြောစမ်းနဲ့။”
ကျွင်းချောင်ရှောင်းသည် ရင်ဘတ်ကို အုပ်ကိုင်ကာ အော်ဟစ်လိုက်သည်။ “ငါ့နှလုံးသားတွေ နာလိုက်တာ။”
စနစ်က ပြောလိုက်၏။ “လက်ခံသူအနေနဲ့ အမှတ်တွေ အကုန်လုံးပြောင်သလင်းခါသွားတယ်ဆိုရင်တောင် ကြီးမားတဲ့ အကျိုးကျေးဇူးကို ရရှိခဲ့တာပဲလေ။”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည်။ “ဒီလောက်များတဲ့ ဂိုဏ်းစုဆောင်းမှတ်နဲ့ ဂိုဏ်းအောင်မြင်မှုအမှတ်တွေ ကုန်သွားတာလေ။ အကျိုးကျေးဇူး နည်းနည်းမှ မပေးဘူးဆိုရင် ငါဘယ်လိုအသက်ဆက်ရှင်ရတော့မှာလဲ။ အဲ့အကြောင်းကို နောက်မှ ပြောလို့မရဘူးလား။ ငါရခဲ့တာဆိုလို့ ခန္ဓာကိုယ်တစ်ခုရယ်၊ ရှောင်ရှစ်နဲ့ ရှောင်ဟော့တို့ အားအင်အဆင့်တိုးတက်သွားတာပဲရှိတယ်။ ဒါပေမဲ့ ကုန်ဆုံးသွားတာက ဂိုဏ်းစုဆောင်းမှတ် သိန်း ၅၀ ကျော်ကွ၊ သိန်း ၅၀ကျော်၊ ဒါကို ဘယ်လိုမှ မခံနိုင်ဘူး။”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျလျက်ရှိနေ၏။ ထို့အပြင် သူရရှိခဲ့သည်မှာ ရောင်မုန့်ယဉ်တစ်ယောက် သန္ဓေနတ်ဆိုး သူတော်စင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ပြီး ရှောင်ဟော့ နှင့် ရှောင်ရှစ်တို့သည် ဆယ်ကျော်သက် အရွယ်ကဲ့သို့ အသွင်ပြောင်းလဲခဲ့ခြင်းပင်ဖြစ်၏။ ထိုအရာများလေးများသည် သူ့အတွက် ဆုံးရှုံးမှုဟု သတ်မှတ်ရမည်။
အမှန်ပင်ဖြစ်တော့၏။ စတိုးဆီသို့ သွားရောက်၍ ဤမျှ များပြားလှသော ဂိုဏ်းစုဆောင်းမှတ်များကို အသုံးပြုမည်ဆိုလျှင် သူ၏ တပည့် တစ်ယောက်နှင့် စိတ်ဝိညာဉ် နှစ်ကောင်အတွက် ပိုမို၍ အကျိုးကျေးဇူးများ ဖန်တီးပေးနိုင်မှာ သေချာ၏။
“ငါ့အထင်အရဆိုလျှင်”
စနစ်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ဘာဆုလာဘ်မှ မရဘူးဆိုလျှင်တောင်မှ လက်ခံသူနဲ့ တပည့်တွေအားလုံးရဲ့ အသက်ကို ကယ်တင်ခဲ့နိုင်တယ်။”
ကျွင်းချောင်ရှောင်းသည် ထိုအရာကိုတော့ မငြင်းပယ်ချေ။ အားလုံးသောသူများ၏ လုံခြုံရေးအတွက် ဤအမှတ်များ အားလုံးကို လဲလိုက်ခြင်းဆိုသည်မှာ ကောင်းမွန်သည့်အရာပင်ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် သက်ပြင်းချကာ ပြောလိုက်သည် “ကြည့်ရတာ ငါ့ရဲ့ ခန့်မှန်းချက်တွေ မှားနေတယ်နဲ့ ထင်တယ်။”
ပြီးတော့ စနစ်က ပြောလိုက်၏။ “လက်ရှိအချိန်မှာ လက်ခံသူက ကျောက်ရုပ်ထုကလန်ရဲ့ သွေးမျိုးဆက်ကို နိုးထ နိုင်ခဲ့တယ်လေ။ ဒါကြောင့် ဘယ်လိုပဲကြည့်ကြည့် ဒီအလဲအထပ်က ထိုက်တန်ပါတယ်။”
ကျောက်ရုပ်ထုမျိုးနွယ်အကြောင်းကို ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ လေးနက်သွားမိတော့၏။ “ငါက ဘယ်လိုလုပ် အဲ့သွေးမျိုးဆက်ရှိနေရတာလဲ။”
ကုန်းရှန့်အနေနှင့် ဝန်မခံချင်ဘူးဆိုလျှင်တောင်မှ သူသည် လူသားတစ်ယောက်ဖြစ်သည်ကိုတော့ ကောင်းကောင်း သိ၏။ ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ သွေးမျိုးဆက်ကို နိုးထနိုင်တယ်ဆိုသည်မှာ တကယ့်ကို နားလည်လက်ခံ၍ မရနိုင်သည့်အရာပင်ဖြစ်လေသည်။
တစ်ခုပဲရှိသည်။ သူသည် အစောကြီးကတည်းက လူသားမဟုတ်ခဲ့ခြင်းပင်။
“ငါနားလည်ပြီ။”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် နားလည်သွားမိ၏။ “ငါက ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့ စွန့်ပစ်ခြင်းခံရတဲ့ မင်းသားတစ်ပါးဖြစ်နေတာကိုး။ မျိုးနွယ်စု တစ်ခုလုံးက ငါ အသက်ရှင်ပြီး ပြန်လာမှာကို စောင့်မျှော်နေကြတယ်။”
“………..”
စနစ်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိသည်။ “ဝတ္ထုတွေ ရေးပြန်ပြီကွာ။”
ကျွင်းချောင်ရှောင်းအနေနှင့် သူ၏ အဖေသည် မိုးကောင်းကင်အင်ပါယာဖြစ်ပြီး သူ၏ အမေသည် မိုးကောင်းကင် ဧကရီမတစ်ပါးဖြစ်ကာ သူသည် တစ်လောကလုံး၏ မြှောက်စားချီးမြှင့်မှုကိုခံရသည့် ကောင်းကင်၏ သားတော်တစ်ပါး ဟု စိတ်ကူးယဉ်ခဲ့ဖူး၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ကျောက်ရုပ်ထုမျိုးနွယ်၏ သွေးမျိုးဆက်ကိုသာ နိုးထနိုင်ခဲ့သည်။ သူ စိတ်ကူးထားသည်နှင့် အနည်းငယ်ခြားနားနေသည်ဆိုလျှင်တောင်မှ လက်ခံနိုင်သေးသည့် ဘောင်အတွင်းမှာတော့ တည်ရှိနေသေး၏။
ထွီ
စနစ်သည် မည်သို့မှ မနေနိုင်ဘဲ တံတွေးပင် ထထွေးလိုက်မိသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ငါ့ အနေနဲ့ ဝတ္ထုတွေ ရေးနေတယ်လို့ မင်း ထင်ချင်ထင်လိမ့်မယ်။ ဒါဆိုရင် ဘာလို့ သွေးမျိုးဆက်က နိုးထလာတယ် ဆိုတဲ့ အကြောင်းကို ရှင်းပြစမ်း။”
“ဒါက အရမ်းရိုးရှင်းတယ်လေ။”
စနစ်က ပြောလိုက်သည်။ “လက်ခံသူက နတ်ဆိုးအော်ရာတွေရဲ့ လွှမ်းမိုးခြင်းကို ခံနေရတဲ့အချိန်မှာ ကျောက်ရုပ်ထုကြီးက အပြင်ဘက်ကို ရောက်ရှိလာတယ်။ ပြီးတော့ သူ့ဘာသာ လက်ခံသူရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားခဲ့တယ်။”
“ဒါက”
“ဒါကြောင့်ပဲ လက်ခံသူက ကျောက်ရုပ်ထုမျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို နိုးထနိုင်ခဲ့တာလေ။ ဒီတော့ အကြောင်းအရာကို ပြောရမယ်ဆိုရင် ကျောက်ရုပ်ထုကြီးနဲ့ပဲ သက်ဆိုင်နေမှာပေါ့။”
“ကျောက်ရုပ်ထုကြီးဟုတ်လား။”
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် သိုလှောင်လက်စွပ်ထဲသို့ ဝင်ကာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ အထဲတွင် တော့ ကျောက်ရုပ်ထု မရှိတော့ချေ။
စနစ်က ပြောလိုက်၏။ “ငါ မမှားဘူးဆိုရင် အဲ့ ကျောက်ရုပ်ထုကြီးထဲမှာ ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့ သွေးမျိုးဆက်တည်ရှိနေတာပဲ။ ဒီလိုမျိုးအရေးအကြောင်းကိစ္စရပ်ကြီးမှာ လက်ခံသူနဲ့ အောင်အောင်မြင်မြင် ပေါင်းစပ်သွားနိုင်ခဲ့တာပဲဖြစ်မယ်။”
“မင်းဆိုလိုတာက”
“ဟုတ်တယ်။ လက်ခံသူအနေနဲ့ အခုကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်နေပြီဆိုပေမဲ့ ပြောရ မယ်ဆိုရင် တကယ့် ကျောက်ရုပ်ထုမျိုးနွယ်တစ်ယောက်တော့ မဟုတ်ဘူး။ သူတို့ရဲ့ သွေးမျိုးဆက်ကို အမွေဆက်ခံတဲ့လူတစ်ယောက်ပဲ ဖြစ်မယ်။”
“……….”
စနစ်၏ သုံးသပ်ချက်သည် အကျိုးအကြောင်း ဆီလျော်လွန်းလှ၏။ ထိုအရာသည် ကျွင်းချောင်ရှောင်းအား ဆွံ့အ စေခဲ့သည်။
“အင်း။”
သူသည် သက်ပြင်းချကာ ပြောလိုက်၏။ “ငါ့အနေနဲ့ အရမ်းကို အားကောင်းလွန်းတဲ့ နောက်ခံမျိုးကို ပိုင်ဆိုင်ဖို့အတွက် ဘာလို့အဲ့လောက်ခက်ခဲနေရတာလဲ။”
……..
စနစ်၏ သေသေချာချာ နှစ်သိမ့်ပေးမှုအောက်မှာတော့ ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့ သွေးမျိုးဆက်ကို ရရှိခဲ့ခြင်း သည် ထိုက်တန်သည့်အရာဖြစ်ကြောင်း နားလည်လိုက်မိ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း၏ ဆိုးရွားနေသည့် စိတ်အခြေအနေသည် ပြန်လည်ကာ တိုးတက်လာခဲ့သည်။
ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့ သွေးမျိုးဆက်ကို ရရှိရန်အတွက် ရှိရှိသမျှသော အမှတ်များအားလုံးကို ဆုံးရှုံးခဲ့ရသည် ၊ လဲလှယ်ခဲ့ရသည်ဆိုသည်မှာ အလွန်အကျိုးအမြတ်များသည်ဟု ဆိုရမည်။ ထို့အပြင် သွေးမျိုးဆက်ဆိုသည်မှာ လွယ်လွယ်ကူကူနှင့် အမွေဆက်ခံနိုင်သည့်အရာမျိုးလည်း မဟုတ်ချေ။ ထို့အပြင် အတိတ်တုန်းကသာဆိုလျှင် သူသည် ကျောက်ရုပ်ထုကြီးကို ထုတ်ဖော်အသုံးပြုသည့်အခါမျိုး၌ စွမ်းရည်၏ ဝါးမြိုမှုကို ခံရပြီး သူ၏ စိတ်များသည် လွတ်ကင်း သွားခဲ့၏။
ယခု ကျောက်ရုပ်ထုသွေးမျိုးဆက်ကို အမွေဆက်ခံပြီးသည့်နောက် ကြမ်းတမ်းပြီး ရက်စက်လွန်းလှသည်ဆိုသော် လည်း သူ၏ အတွေးများကို ထိန်းချုပ်နိုင်ပြီး အပြစ်ကင်းစင်သူများကို နာကျင်မှုမဖြစ်စေခဲ့ပေ။
“ဒါက ငါ့ရဲ့ ဝှက်ဖဲဖြစ်လာပြီပဲ။”
ကျွင်းချောင်ရှောင်းသည် ကြိတ်ကာ ပြောလိုက်၏။ “သွေးမျိုးဆက်ကို နိုးထနိုင်ခဲ့တာ တကယ့်ကို ကောင်းမွန်တာပဲ။”
“အခု ဆုံးရှုံးတာရှိသေးလား။”
“မရှိဘူး။ ကြီးမားတဲ့ အကျိုးအမြတ်ပဲ ရှိတော့တယ်။”
ဖျောက်
ကျွင်းချောင်ရှောင်းသည် ကျောက်တုံးပေါ်မှ ခုန်ချလိုက်၏။ ပြီးနောက် လက်ဖျောက်တီးကာဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။ “ကောင်လေးတို့။ ဂိုဏ်းဆီကို ပြန်ကြမယ်။”
ခဏလောက်စဉ်းစားပြီးသည့်နောက်မှာတော့ သူသည် လန်းဆန်းတက်ကြွလျက်ရှိနေ၏။ ဂိုဏ်းချုပ်တစ်ယောက် စိတ်ဓာတ်ကျနေရာမှ ပြန်လည်ကောင်းမွန်လာသည်ကို မြင်ရသည့်အချိန်မှာတော့ လီချင်းယန်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ ပြီးနောက် ကြိတ်ကာ ပြောလိုက်၏။ “ဂျူနီယာညီလေးစု အကန်ခံလိုက်ရတာ အလဟာသ မဖြစ်ဘူးပဲ။”
“ညီလေး ….. ဂိုဏ်းဆီကို ပြန်ရာလမ်းမှာ တားမြစ်တည်နေရာတစ်ခုခုရှိနေလား။”
“ရှိတယ်။ အများကြီးရှိတယ်လေ။”
“ဒါဆိုရင် သွားကြည့်ရအောင်။”
လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောသူများအားလုံး၏ မျက်လုံးများသည် လင်းလက်သွားခဲ့ကြ၏။ ဤတစ်ကြိမ် ဂိုဏ်းချုပ်သည် သူတို့အား တားမြစ်တည်နေရာတစ်ခုဆီသို့ ခေါ်ဆောင်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် အထဲ၌ သိုင်းပညာအရင်းအမြစ်များ ကြီးကြီးမားမားရရှိမှာ သေချာ၏။
…
ရောင်မုန့်ယဉ်တစ်ယောက် သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို လက်ခံရရှိခဲ့တဲ့ အချိန်ကို ပြန်သွားရမည်ဆိုလျှင် ရှေးပလ္လင်တည်ရှိရာ သွေးရေကန်ကြီး၏ ဘေးတစ်ဖက်ရှိ နံရံတွင် ကြီးမားသည့် အမဲရောင်အရိပ်ကြီး ထင်ပေါ်လာခဲ့သည်။
“ငါတို့အနေနဲ့ နတ်ဆိုးရေစက်နယ်မြေကို မှီခိုပြီး အရှင့်ကို ပြန်လည်အသက်သွင်းဖို့ မတတ်နိုင်ခဲ့ဘူး ဆိုပေမဲ့ တခြား ပြန်လည်ရှင်သန်နိုင်တဲ့ နည်းလမ်းတွေကိုတော့ လုပ်လို့ရသေးတယ်။”
အရှေ့ဘက်တွင် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အကြီးအကဲ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက် နေခဲ့၏။
“ဘာပဲပြောပြော ငါတို့က အရှင့်ရဲ့လက်ကျန်ဝိညာဉ်ကို အောင်အောင်မြင်မြင်နဲ့ ပြန်လည် ယူဆောင်လာနိုင်ခဲ့တယ်လေ။ ဒီအရာကို နတ်ဆိုးသွေးတွေထဲမှာ သန့်စင်ထားနိုင်မယ်ဆိုရင် အထက်နယ်မြေတစ်ခုလုံး အိပ်မက်ဆိုးတွေမက်ရမယ့် အခြေအနေမျိုးကို တစ်နေ့ရောက်ရှိလာမှာသေချာတယ်။”
တခြားသော အမဲရောင်ဝတ်စုံနှင့်အကြီးအကဲများသည်လည်း စိတ်လှုပ်ရှားလျက်ရှိနေကြ၏။ ၎င်းတို့သည် အနာဂတ် တွင် ဖြစ်ပေါ်လာမည့် အကြောင်းအရာများကို စိတ်ကူးယဉ်လျက်ပင်ရှိနေသေးသည်။
“ဒါပေမဲ့”
အရှေ့ဘက်တွင်ရှိနေသော အကြီးအကဲသည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။
“စည်းခတ်ခံထားရတဲ့ နတ်ဆိုးနယ်မြေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ရှာဖို့လိုတယ်။ ဒါမှ အထဲမှာ ရှိနေတဲ့ နတ်ဆိုးစစ်သည် သန်းချီကို ငါတို့ ခေါ်ဆောင်လာနိုင်မှာလေ။ နတ်ဆိုးအရှင်ကို ပြန်လည်ရှင်သန်လာအောင် ကူညီဆောင်ရွက်ခြင်းက သာလျှင် အထက်နယ်မြေမှာ ကြီးမားတဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်နိုင်မယ့်အရာပဲ။”
“ဒါပေမဲ့ စည်းခတ်ထားတာကို ဖြေမယ့်နည်းလမ်းကို နယ်မြေဟောခန်းတစ်ခုတည်းကပဲ သိတာလေ။ ကျင်းဟောင်သာ ဒီကိစ္စကို မြန်မြန်ရှာဖွေတွေ့ရှိမယ်ဆိုရင် အနှေးနဲ့အမြန်ဆိုသလို ငါတို့ လုပ်နိုင်မှာပဲ။”
“ဒီကောင်လေးက လက်ရှိအချိန်မှာ ကုကျောင်းရှစ်ကို စုံစမ်းနေတယ်လေ။ သူ့ကိုယ်သူ နယ်မြေဟောခန်းရဲ့ အဖွဲ့ဝင် တစ်ယောက်လို့တောင် ထင်နေပြီလားမသိဘူး။ ဒီလောက်အကြာကြီး သူလျှိုလုပ်နေတာဆိုတော့ သူ့ကိုယ်သူ လူကောင်းတစ်ယောက်လို့ ထင်နေတာလည်းဖြစ်နိုင်တာပဲ။ အမိန့်ကို မြန်မြန်ပေးလိုက်။”
“ဖြစ်နိုင်သမျှ နတ်ဆိုးနယ်မြေကို ခတ်ထားတဲ့စည်းကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုကိုရှာဖို့။ မဟုတ်ရင် ခေါင်းနဲ့လူနဲ့ တွဲပြီး ပြန်မလာခဲ့နဲ့။”
…
တောင်တစ်ခု၏ ထိပ်မှာတော့ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး စစ်ရထားတစ်ခုပေါ်တွင် ထိုင်လျက်ရှိနေသည့် ကျင်းဟောင်သည် အမိန့်ကို လက်ခံရရှိခဲ့၏။ သူသည် စိတ်ဓာတ်တကျနှင့် ပြောလိုက်မိ၏။ “စည်းကို ချိုးဖြတ်နိုင်တဲ့ နည်းလမ်းကို လွယ်လွယ်ကူကူနဲ့ ရှာဖွေတွေ့ရှိမယ်ဆိုရင် ဒီလောက်အကြာကြီး နယ်မြေ ဟောခန်းမှာ သူလျှို ဘာလို့လုပ်နေရမှာလဲ။”
ဟူး ဟူး
ထိုအချိန်မှာပဲ ထူးဆန်းသည့်အသံတစ်ခုသည် အဝေးဆီမှ ဖြစ်တည်လာ၏။ ကျင်းဟောင်သည် ထိုအရာဆီမှ သတင်း အချက်အလက်များကို ရရှိခဲ့၏။ ထို့ကြောင့် အေးစက်စက်ဖြင့် ပြောလိုက်မိ၏။ “ဒီကောင် တကယ်ပဲ တားမြစ်တည်နေရာထဲကို ဝင်သွားရဲတာကိုး။ အင်း။ အဲမှာ ထပ်ပြီး သေသွားဖို့ပဲ မကြောက် ဘူးလားမသိဘူး။”
ဝှစ်
စစ်ရထားသည် ကောင်းကင်ယံထက်တွင် ပျံသန်းသွားခဲ့၏။ သူသွားနေသည့် တည်နေရာသည် ကျွင်းချောင်ရှောင်းတစ်ယောက် တပည့်များကို ခေါ်ဆောင်သွားခဲ့သည့် တားမြစ်တည်နေရာပင် ဖြစ်လေသည်။